ဘဝဟာ တိုတောင်းလှသည်။ ပြုဖွယ်ကိစ္စများက များမြောင်လှသည်။ ဖြစ်ပြီးလျှင် ပျက်ရမည်ကို ကြိုသိနှင့်နေလည်း သံယောဇဉ်အပူမီးကြား ရုန်းထွက်ရန် ခက်လှသည်။ မချုပ်ငြိမ်းနိုင်သေးသည့် ခန္ဓာကိုယ်ကြီး ရှိနေသေးသဖြင့်လည်း အိုခြင်း၊ နာခြင်း အမှုကိစ္စများစွာကို မလွဲမသွေ ကြုံတွေ့ရဦးမည်။ အိုမင်းမစွမ်း ဖြစ်နေသည့် အမေအိုကြီးအပေါ် သူ့ရင်က ဖြစ်လာသည့် သမီးဖြစ်သူမှ ကြည်ကြည်သာသာ ရှိပါ့မလား၊ သမီးဖြစ်သူနှင့် ဆက်နွှယ် ပတ်သက်ပြီး တော်စပ်ရလေသည့် သမီး၏ လင်ယောကျင်္ားဖြစ်သူမှ ကြည်ကြည်ဖြူဖြူ ရှိပါ့မလား အရိပ်အကဲတို့ ကြည့်ကာ သက်ပြင်းမောကို ခပ်မဆိတ်ချရင်း နေဝင်ချိန်များစွာကို ကျော်ဖြတ်နေရသည်။
ချည်နဲ့နေသည့် ကိုယ်ခန္ဓာကို တစ်ဖက်သို့ စောင်းလှည့်ရန် ဖြည်းညှင်းစွာ အသာအယာ ပြုရသည်။ လှည့်နေရင်းနှင့်လည်း ချွတ်ချွတ်ချောက်ချောက် အသံကလေးများ မထွက်ပေါ်စေရန် သတိကြီးကြီး ထားရသေးသည်။ သူ့ရဲ့ လှုပ်လှုပ်ရှားရှား အသံများကြောင့် တစ်ဖက်ခန်းမှ အိပ်မောကျနေရှာသည့် သမီးတို့ ဇနီးမောင်နှံ နိုးသွားမှာလည်း စိုးမိသေးသည်။ ပူပူအေးအေး အမြဲမပြတ် ဆိုးနေတတ်သည့် ချောင်းကလည်း လည်ချောင်းတစ်လျှောက် ယားယံလာကာ ထိန်းထားသည့်ကြားမှ တဟွတ်ဟွတ်နှင့် မပြတ်တမ်း ဆိုးနေပြန်သည်။ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ရရှာသည့် သမီးတော့ သူရဲ့ ချောင်းသံကြောင့် အိပ်ရေးပျက်နေတော့မှာပဲဟု ချောင်း အဆက်မပြတ် ဆိုးနေသည့်ကြားမှ အမေငြိမ်း တွေးပူမိပြန်သည်။ သူတွေးနေလို့မှ မဆုံးသေး တစ်ဖက်ခန်းဆီမှ သမီး၏ ကျယ်ကျယ်လောင်လောင် အသံက သူ့အခန်းဘက်ဆီသို့ တိုးဝင်လို့ လာလေသည်။
“အမေတို့ကတော့ စိတ်ပျက်စရာ သိပ်ကောင်းတာပဲ။ မတည့်တာတွေ လျှောက်စားနေတော့ ဒီချောင်းက မဆိုးဘဲ ရှိပါ့မလား။ ကျွန်မမှာ တစ်နေကုန် ဆိုင်မှာ ပင်ပင်ပန်းပန်း လုပ်နေရတာ နားရတယ်လို့ မရှိဘူး။ ဒီအချိန်လေးပဲ ကောင်းကောင်း အိပ်ရတာ။ ဒုက္ခမပေးပါနဲ့လား။ တကတည်း ပြောပြန်ရင်လည်း ကျွန်မ အဆိုးပဲ ဖြစ်တော့မယ်”
သမီးဖြစ်သူ၏ ဆူဆူအောင့်အောင့် အသံကြောင့် အမေငြိမ်းတစ်ယောက် တဟွတ်ဟွတ်နှင့် အဆက်မပြတ် ဖြစ်နေလေသည့် ချောင်းသံ မထွက်စေရန် ဘေးနားမှာ ရှိနေလေသည့် စောင်နံငယ်ပိုင်းနှင့် အသံမထွက်စေရန် ကပျာကယာ အုပ်လိုက်ရသည်။ ထမင်းဆိုင်တစ်ဖက်၊ ကလေးသုံးယောက် တစ်ဖက်နှင့် ပင်ပန်းရှာသည့် သမီးဖြစ်သူကို ကြည့်ရင်း အမေငြိမ်းစိတ်ထဲ မကောင်းလှ။ ဒီကြားထဲ သူ့လို မစွမ်းနိုင်တော့သည့် အမေအိုကြီး၏ နိစ္စဓူ၀ ကရိကထ ကိစ္စများစွာကို လုပ်ပေးရရှာသည့် သမီးဖြစ်သူ ပင်ပန်းရှာပေမပေါ့ဟု စိတ်ထဲလည်း တွေးမိသေးသည်။ တစ်ခါခါတော့လည်း စိတ်၏ စေရာအတိုင်း မလိုက်နိုင်တော့သည့် ခန္ဓာတို့ မြန်မြန် ချုပ်ငြိမ်းပါစေတော့ဟုလည်း ဆုတောင်းမိသေးသည်။
+++++++++++++++++++++++++++++++++++++++
“သမီးရယ်၊ အမေဗိုက်ဆာလို့ စားစရာလေးများ … ”
“တော်ကလည်း အလကားနေ ဆာဆာနိုင်လွန်းတယ်။ ဒီမှာ ဈေးက ရောင်းမကောင်းတဲ့ကြားထဲ။ ဟဲ့ ဖိုးသား သွားစမ်း။ ချဉ်ရည်ဟင်းနဲ့ ခူးပေးလိုက်။ အလကား အကူအညီကို မဖြစ်ဘူး”
“ဟာ အမေကလည်း ဒီမှာ ဟင်းတွေလည်း အများကြီးရှိသားနဲ့။ အဘွားကို အသားလေး၊ ဘာလေးနဲ့ ကျွေးလိုက်ပါ အမေရ”
“လျှာမရှည်စမ်းနဲ့၊ ငါ ခိုင်းတဲ့ အတိုင်းလုပ်။ နင်ပါ ထမင်းငတ်သွားမယ် ဘာမှတ်နေလဲ”
သမီးနှင့် မြေးဖြစ်သူတို့ အချီအချ ပြောနေသည့် စကားကြားရတော့ အမေငြိမ်း စိတ်ထဲ ကတုန်ကယင်ဖြစ်ကာ စိတ်ထိခိုက်သွားရသည်။ သူ့အတွက်ကြောင့် သမီးဖြစ်သူ စိတ်လက် မကြည်မသာ ဖြစ်ကာ အပြစ်တို့ ဖြစ်ရလေပြီ။ ဇရာကြောင့် အိုမင်းမစွမ်းဖြစ်ကာ သားသမီးအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ကိုယ့်ကိုယ်ကိုယ် တွေးမိတိုင်း စိတ်ပျက်လှသည်။ တကယ်ဆို သူဟာ ဘယ်သူ့ ဘယ်သူ့ကိုမှ သူ့အတွက်ကြောင့် စိတ်ငြိုငြင်မှု မပေးချင်သလို စိတ်ဒုက္ခတို့သည်လည်း မပေးလိုပေ။ သမီးဖြစ်သူ သူ့အတွက်ကြောင့် အပြစ်တစ်စုံတစ်ရာ ရရှိစေဖို့ မဆိုထားနှင့် သူ့ကြောင့် စိတ်ဆင်းရဲရမည်ကိုလည်း တွေးပူတတ်သည့်သူပင်။
“ရပါတယ် မြေးရယ်၊ အဘွား အရည်ဟင်းနဲ့ပဲ စားပါ့မယ်။ အသားတွေလည်း အဘွား မဝါးနိုင်ပါဘူး”
မြေးဖြစ်သူ ထည့်ပေးလိုက်သည့် ထမင်းပန်းကန်ကိုယူရင်း အိမ်ဘက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ ထမင်းဖြူဖြူပေါ်မှာ ချဉ်ပေါင်ရည်ကျဲကျဲ ဆမ်းထားသည့် ဟင်းက မနက်ကတည်းက ဟာနေသည့် ဝမ်းကို တကြုတ်ကြုတ်မြည်အောင် ဆွဲဆောင်လေသည်။
လည်ချောင်းတစ်လျှောက် နင်နေလေသည့် ထမင်းလုတ်တွေကို ရေတစ်ခွက်နှင့် အသာအယာ မျောချနေတုန်း “အမေငြိမ်း၊ ကျွန်မ ဝင်လာခဲ့မယ်နော်” အသံပြုကာ ပန်းကန်တစ်ချပ်ကိုင်ရင်း အိမ်ထဲကို ဝင်လာလေသည့် ခေါင်းရင်းဘက်ခြံက ကလေးမလေးကို တွေ့လိုက်ရသည်။
သည်ကလေးမလေးက အမေငြိမ်းဆီကို မကြာခဏဆိုသလို မုန့်ပဲသရေစာလေးတွေ လာပို့တတ်သလို ဟင်းကောင်း ကျွေးကောင်းလေးတွေများ ချက်ပြန်ရင်လည်း တကူးတက လာပို့နေကျပင်။ အမေငြိမ်းကတော့ ကလေးမလေး လာပို့တတ်သည့် မုန့်ပဲသရေစာထက် ကလေးမလေးကိုသာ ပိုလို့ မျှော်တတ်သည်။ သူ့လို အထီးကျန်လှသည့် အမယ်အိုကြီးကို ဘွားအေရင်းတစ်ယောက်သဖွယ် ဘေးနားကနေ ပြုစုစောင့်ရှောက်ရင်း အဖော် လုပ်ပေးတတ်သည်။ တစ်ခါတစ်ခါတော့လည်း ဘဝ၏ နေဝင်ချိန်တွေကို သားသမီးတွေ၊ မြေးတွေ တရုန်းရုန်းနှင့် ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလိုလှသည်။ သူ့လိုပဲ မလွဲမသွေ ရင်ဆိုင်ရမည့် သူတွေလည်း ဘယ်လိုနေမှာပါလိမ့်။ သူ့လိုပဲ ခံစားရနေလိမ့်မည်လား၊ သူ့လိုပဲ အထီးကျန်နေလိမ့်မည်လား သက်ပြင်းရှည်ကို လေးတွဲ့စွာ ချမိလေသည်။
“အမေငြိမ်း၊ ဒီမှာ အမေငြိမ်းအတွက် ကြက်သားဟင်းလေး လာပို့တာ။ အများကြီး ချက်ထားတာ။ အမေငြိမ်း စားစေချင်လို့ တကူးတကလာပို့တာ မငြင်းနဲ့ စားရမယ်နော်။ အမေငြိမ်း ကြည့်လိုက်ရင်လည်း နေ့တိုင်းလို ဒီအရည်ကျဲကျဲ ဟင်းတွေနဲ့ပဲ စားနေတာပဲ။ ဘယ်လိုလုပ် အဟာရ ဖြစ်တော့မလဲ”
ထမင်းဖြူဖြူပေါ် အရည်ကျဲဆမ်းထားသည့် ဟင်းနှင့် စားနေသည့် အမေငြိမ်းကို ကြည့်ရင်း သနားဂရုဏာသက်စွာ ပြောနေလေသည့် ကလေးမလေး၏ မျက်ဝန်းထဲ ကြင်နာခြင်းနှင့် စာနာခြင်း အရိပ်အယောင်တို့ အထင်သား မြင်လိုက်ရသလို အဓိပ္ပာယ်တစ်ခု လက်ခနဲဖြစ်သွားသည်ကို အမေငြိမ်း နားလည်လိုက်သည်။ အိမ်ချင်းနီးကပ်စွာ ရှိနေသဖြင့်လည်း နိစ္စဓူ၀ ပြောဆိုနေကြသည်များကို မကြားချင်လည်း ကြားနေရသည်ပဲလေ။ တစ်ခါတလေတော့လည်း ဖွင့်ပြောခွင့်မသာသည့် အမှန်တရားတချို့ဟာ နာကျင်စရာ ကောင်းလှသည်။ သမီးဖြစ်သူသာ ကလေးမလေးလိုများ အမေဖြစ်သူအပေါ် ကြင်နာ နွေးထွေးလျှင်ဆိုသည့် အတွေးနှင့် အမေငြိမ်း စိတ်ထဲ ဝမ်းနည်း၊ ဝမ်းသာခြင်းကို တစ်ပြိုင်တည်း ခံစားရလေသည်။ တစ်ဆက်တည်းလည်း သမီးဖြစ်သူအပေါ် ပတ်ဝန်းကျင်က တစ်မျိုးတစ်မည် တွေးထင်ကြမည်ကိုလည်း စိုးမိပြန်သည်။
“အမေငြိမ်း အသားတွေနဲ့ မစားချင်လို့ပါကွယ်။ အဘွားကြီးဆိုတော့လည်း မဝါးနိုင်တော့ဘူး သမီးရဲ့။ စားတော့လည်း တစ်လုတ် တစ်ဆုပ်ရယ်။ ဒုက္ခရှာလို့ သမီးရယ်။ အမေငြိမ်းအတွက် နောက်ဆို ဒီလိုဟာတွေ လာမပို့ပါနဲ့ကွယ်”
သမီးဖြစ်သူကို ပတ်ဝန်းကျင်က ပြစ်တင် ပြောဆိုကြမည်ကို အမေငြိမ်း မလိုလား။ သမီးဟာ သူတို့လင်မယား နှစ်ဦး အသက်ကြီးမှ ရလေသည့် ကလေးဖြစ်၍ အလိုလိုက်ထားမိခဲ့သဖြင့် ခပ်ငယ်ငယ်ကတည်းက ဆိုးချင်သည်။ သမီးအဖေက သမီး လေးနှစ်သမီး အရွယ်ကတည်းက လူ့လောကထဲက ခပ်စောစော ထွက်ခွာသွားခဲ့၍ သူကပဲ အဖေ၊ သူကပဲ အမေအဖြစ် ရှာဖွေ ကျွေးမွေးခဲ့ရသည်။ မိန်းမသားတစ်ဦးတည်း ရုန်းကန် ရှာဖွေခဲ့ရသဖြင့်လည်း သမီးကို ရင်အုပ်မကွာ မထိန်းကျောင်းနိုင်၊ အချိန်ပြည့် သွန်သင်ဆုံးမမှု မပေးနိုင်ခဲ့သည်ကပဲ သမီးကို အခုထက် ပိုဆိုးစေရော့လေသလားဟု တွေးမိတိုင်း စိတ်တို့ မချမ်းမြေ့ ဖြစ်ရသည်။
မိဘတိုင်းဟာ ကိုယ့်ရင်က လွယ်မွေးထားသည့် သားသမီး အရည်တည် ဘဝကတည်းပဲ ကျန်းကျန်းမာမာ ရှိပါ့မလား၊ နေရထိုင်ရသည်တို့ သက်သောင့်သက်သာ ရှိပါ့မလား တွေးပူရသည်။ လူ့လောကထဲ ရောက်ရှိလာပြန်တော့လည်း ကောင်းမွန်စွာ လူလားမြောက် ကြီးပြင်းလာပါ့မလား အခါခါ တွေးပူရပြန်သည်။ သားသမီးဖြစ်သူ စိတ်လက်ကြည်သာ ရွှင်ပျမှုမရှိလျှင် မိဘတွေသည်လည်း ထပ်တူ နာကျင်ရလေသည်။ သမီးဖြစ်သူအပေါ် မေတ္တာမပျက်သလို အပြစ်တို့လည်း မမြင်ရက်။ သူ့ဆို ဆုံးမမှု နည်းခဲ့သည်သာမက ညံ့ဖျင်းခဲ့၍သာ သမီးအပေါ် ပတ်ဝန်းကျင်က အပြစ်တို့မြင်လေခြင်းဟု ယူကျုံးမရစိတ်တို့သာ အခါခါ ဖြစ်မိသည်။ ဆန်ရေထက် စုန်ရေတို့သည်သာ အဖန်ဖန် စီးဆင်းနေလိမ့်ဦးမည်မှာ မပြောင်းလဲသည့် အမှန်တရားတစ်ခုပင် မဟုတ်ပါလား။
+++++++++++++++++++++++++++++++++++++++
ဆောင်းအကုန် နွေဦးအစပင် ရှိလင့်ကစား နေသည် အရှိန်တညီးညီး တောက်လောင်ကာ ပူပြင်းလှသည်။ နေပူစပ်ခါးမှာ ဝမ်းရေးအတွက် အလုပ်လုပ်နေရလေသည့် သူများအဖို့တော့ ပူသည်၊ အေးသည် ရွေးချယ်ခွင့်မရှိ။ ပြုမြဲအတိုင်း ပြုနေရဦးမည်သာ။ ဝမ်းမီး အပူမီးက နေ၏ အပူရှိန်ထက် အဆပေါင်းများစွာ ဆိုးဝါးလေရဲ့မဟုတ်လား ဟု အမေငြိမ်း စိတ်ထဲ တွေးမိရင်းက မနက်ခင်းကတည်းက စိမ်ထားလေသည့် အဝတ်တစ်ဇလုံကို သမီးပြန်မလာခင် လျှော်ဖို့ ပြင်ရသည်။ တော်တော်ကြာ သမီးပြန်လာလို့ အဝတ်တွေများ လျှော်မထားမိရင် သမီးစိတ်ထဲ မကြည်မလင်ဖြစ်လို့ အမေဖြစ်သူကို ပြောဆိုမိပြန်ရင်လည်း အပြစ်တို့ ရနေဦးမည်လေ။
ပူပြင်းလှသည့် နေသည် အသက်အရွယ်ကြီးရင့်နေသည့် အမေငြိမ်းကို ယိုင်နဲ့စေသည်။ လှုပ်လှုပ်ရှားရှား လုပ်မိပြန်တော့လည်း လူက မောဟိုက်လို့လာသည်။ လျှော်ဖွပ်ထားလေသည့် အဝတ်တို့ ထည့်ထားလေသည့် ရေပုံးကို မကာ ထိုင်နေရာက ထမိတော့ လူက မိုက်ခနဲဖြစ်ကာ ဦးခေါင်းတစ်ခုလုံး ချာလည်သွားလေသည်။ မျက်စိကို အသာမှိတ်ကာ အသက်ကို ဖြည်းညှင်းစွာ ရှူသည်။ ယိမ်းထိုးနေသည့် ခန္ဓာကိုယ်ကို သတိဖြင့် ထိန်းရင်း ခဏတဖြုတ်နားနေရန် အိပ်ခန်းဆီသို့ ခြေလှမ်းတို့ကို ဦးတည်စေသည်။ ဝေဒနာတို့ ခံစားနေရသည့် ကြားမှပင် သမီးနှင့် မြေးတို့၏ ပုံရိပ်တို့ကို ကွက်ခနဲ မြင်ယောင်မိသေးသည်။ အရှိန်တညီးညီးနှင့် ပူပြင်းတောက်လောင်လှသည့် အပြင်ဘက်ဆီမှာ သွားလာလှုပ်ရှားနေရသည့် သမီးတို့ မိသားစုတွေ ဘယ်လိုနေမှာပါလိမ့်ဟုလည်း တွေးပူမိပြန်သေးသည်။ အမေငြိမ်း တွေးလို့မှ မဆုံးသေး အိမ်ရှေ့ခန်းဆီက အသံကျယ်ကျယ်လောင်လောင်ဖြင့် ကလေးတွေကို ဆူပူမာန်မဲရင်း ဝင်လာသည့် သမီးဖြစ်သူ၏ အသံကို ကြားလိုက်ရလေသည်။
“ဟဲ့ သေနာလေးတွေ အားအားနေ ပူဆာမနေကြနဲ့ဟဲ့။ ပိုက်ဆံက တွင်းထဲက နှိုက်ထုတ်လို့ ရတာမဟုတ်ဘူး။ နေဖို့ စားဖို့တောင် မနည်းရုန်းနေရတာ။ နင်တို့ ကစားစရာ အရည်မရ အဖတ်မရတွေကို လာဝယ်ခိုင်းမနေနဲ့။ သွားကြစမ်း။ ဒီမှာ ဈေးက ရောင်းမကောင်းရတဲ့အထဲ နင်တို့တွေက တစ်မှောင့်။ ဟယ် ဒီမှာလည်း အဝတ်တွေက ဘယ်လို ဖြစ်ရတာတုန်း။ အမေတို့ကလည်းလေ၊ ဒါလေး လှမ်းလိုက်ရင် ဘာဖြစ်မှာမို့လို့ တန်းလန်းထားထား ရတာတုန်း။ အလကားနေ အိပ် အိပ် နိုင်လွန်းတယ်။ အပြင်မှာလည်း ပင်ပန်း၊ အိမ်ရောက်ပြန်တော့လည်း နားရတယ်ကို မရှိဘူး။ ငါ လည်း သေမှပဲ အေးမှာပဲ”
စူးစူးရှရှအသံနှင့်အတူ တစ်ခုခုကို ပစ်ပေါက် ကန်ကျောက်လိုက်သည့် အသံဗလံများကြောင့် အမေငြိမ်း လဲှလျောင်းနေရာ အိပ်ခန်းဆီမှ အလူးအလဲထသည်။ ရုတ်တရက် ထလိုက်၍ ခပ်စောစောကပင် မူးနောက်နေသည့် ဦးခေါင်းက ပို၍ ချာချာလည်သွားရကာ အရှိန်ဖြင့် နေရာမှာပင် ပစ်လှဲလေသည်။ ရှိသမျှ အားတို့ယူကာ ကုန်းရုန်းထသည်။ လေးလံလှသည့် ကိုယ်ခန္ဓာက နည်းနည်းမျှ မလှုပ်။ အားတင်းကာ လက်ကိုမြောက်သည် နည်းနည်းမျှ လှုပ်မရ။ ခြေကို ကြွသည် တုတ်တုတ်မျှမရွေ့။ အာခေါင်တွေ ခြောက်ကပ်ကာ စကားပြောလိုလှသည်။ အော်ခေါ်ကြည့်သည်။ စကားသံတို့ လည်ချောင်းဆီမှ ထွက်ကျမလာ။ ရင်ဟာ ထိတ်ခနဲ။ သူ မလိုလားသည့်၊ မျှော်လင့်မထားသည့် ဘဝနေဝင်ချိန်တို့ ရောက်မှန်းမသိ ရောက်လာလေပြီလား။
“သမီးရယ် အမေခေါင်းတွေ မူးလွန်းလို့ ခဏလေး လဲှနေတာပါ။ တိုးတိုးပြောပါကွယ် ပတ်ဝန်းကျင်က ကြားလို့လည်း မကောင်းပါဘူး။ တော်တော်ကြာ ငါ့သမီးလေးကို အပြစ်တွေ မြင်နေကြပါဦးမယ်”
ပြောလိုလှသည့် စကားများ၊ စိတ်ထဲက ရေရွတ်နေသည့် စကားများ သမီး နားလည်နိုင်ပါ့မလား၊ ဖွင့်ဟမရသည့် နှုတ်ခမ်းအစုံကို အားတင်း လှုပ်ရှားကြည့်ရင်း ရင်ထဲ နာကျင်လှသည်။ မောပန်းလှသည်။ လူသေကောင်နှင့်မခြား လှုပ်ရှား၍ မရတော့သည့် ခန္ဓာကိုယ်ကြီးဖြင့် ဘဝရဲ့ နေဝင်ချိန်တွေကို အိပ်ရာထက် ငြိမ်သက်စွာ ကုန်ဆုံးရချေပြီ။ အသိစိတ်ကို သတိဖြင့် ထိန်းထားလည်း ပုထုဇဉ်လူသားပီသစွာ ကြီးစွာသော ဝမ်းနည်းခြင်းတို့ ဖိစီးကာ မျက်ရည်တို့သည်သာ အခါခါ စီးကျလေတော့သည်။
+++++++++++++++++++++++++++++++++++
“စိတ်ကုန်တယ်၊ စိတ်ကုန်တယ်။ အလုပ်က တစ်ဖက်၊ လူမမာကြီးက တစ်ဖက်နဲ့ ပင်ပန်းလွန်းလို့ သေချင်စိတ်ပေါက်နေပြီ။ ဝဋ်ကြွေးတွေလည်း မြန်မြန်ကုန်ပါစေတော့ဟယ်”
သမီးရဲ့စကားကြောင့် အမေငြိမ်းစိတ်ထဲ ကျဉ်ခနဲဖြစ်ရသည်။ ချက်ချင်းဆိုသလို သူ့မျက်ဝန်းအိမ်ဟာ မျက်ရည်စိုင်တို့ဖြင့် ဖုံးလွှမ်းသွားသည်ကို အသိစိတ်က ခံစားမိနေသည်။ နေ့စဉ်ရက်ဆက် ဆိုသလို သူ့လို လူမမာ အမယ်အိုကြီးကို ပြစ်တင်ငြူစူနေသည့် အသံများ ကြားနေရပြန်တော့လည်း ဖြေမဆည်နိုင်ဖြစ်ရသည်။
အလင်းရောင်တို့ တိုးမပေါက်ကာ မှောင်မိုက်လွန်းပြီး အနံ့အသက်တို့ မကောင်းလှသည့် အခန်းကျဉ်းလေးထဲ သူ လှဲလျောင်းနေခဲ့ရသည်မှာ ဘယ်လောက်တောင် ကြာနေပါပြီလိမ့်။ သူ သွားလာ လှုပ်ရှားနိုင်စဉ်ကတည်းကပင် သူ့အနား ဘယ်တုန်းကမျှ ရှိမနေခဲ့ဖူးလေသည့် သားသမီး၊ မြေးတစ်စုကတော့ အခုဆို ပိုလို့သာပင် သူ့လို လူမမာ အမယ်အိုကြီးနား ဝေ့သီလို့တောင် မလာချေတော့။
ချီးသေးတို့ဖြင့်လူးကာ ဘေးဘယ်ညာလှုပ်ရှားမရနိုင်တော့သည့် ခန္ဓာက ကာလကြာမြင့်စွာ ကြမ်းပြင်နှင့် ပွန်းတိုက်မိသဖြင့် ကျောပြင်တို့ ကျိန်းစပ်နာကျင်လှသည်ထက်၊ နံစော်နေသည့် သူ့ခန္ဓာအနှံ့ ပုရွက်နီတို့ ကိုက်ခဲ၍ နာကျင်ရလေသည်ထက် သားသမီးနှင့် မြေးတို့၏ ဥပေက္ခာက ပို့လိုပင် ထိရှ နာကျင်လွန်းလှလေသည်။
သမီးအသံကြား နားစွင့်ကာ သူ့အနားများ ရောက်လာလေမလား မျှော်ရသည်။ မြေးတစ်စုအသံကြား မှန်းဆကာ မျက်ရည်တို့ ကျရသည်။ ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခသစ္စာတည်းဟူသော မမြဲသည့် သဘောကိုသာ နှလုံးသွင်းလည်း စိတ်ဟာ ပင်ပန်းမြဲ ပင်ပန်းဆဲ။ နာကျင်ဆဲ။ စိတ်ကို စိတ်ဟာ ပြန်ကုစား။ ပြုသူအသစ်၊ ဖြစ်သူအဟောင်း အဖန်ဖန် လည်ပတ်နေသည့် သံသရာ ဝဋ်ဆင်းရဲထဲ ဝဋ်ကြွေးတို့ ကျေပါစေတော့၊ သူ့ရင်က ဖြစ်သည့် သမီးဖြစ်သူ သူ့ကြောင့် အပြစ်တို့ ထပ်မရပါစေနဲ့တော့၊ မှောင်မိုက်လွန်းလှသည့် ဘဝ၏ နောက်ဆုံး နေဝင်ချိန်တို့ မြန်မြန် ကုန်ဆုံးပါစေတော့ရယ်သာ မျက်ရည်များကြားမှ အကြိမ်ကြိမ်သာ ဆုတောင်းနေမိတော့သည်။
ပန်းငုဝါဝါ
(ရသစာစဉ်၊ အတွဲ-၁၊အမှတ်-၁၀ / မှ)


Comments
Post a Comment