၁။
အဆောင်သူဘဝ၏ တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာအတိုင်း ကျွန်မ၌ အခန်းဖော် အလီလီပြောင်းပြီးမှ အလှတစ်ယောက် ကျွန်မ အခန်းဖော်အဖြစ် ရောက်ရှိလာခဲ့တာဖြစ်သည်။
“ စုစုနွယ်က အေးအေးဆေးဆေးနဲ့ သပ်သပ်ရပ်ရပ် နေတတ်လို့ သမီးကိုလည်း သူ့အခန်း ပို့ပေးတာ ” ဟု အဆောင်မှူးက အလှကို ကြိုတင်စကားဦး သမ်းပေးနှင့်သည်။ အလှက ကျွန်မကို ပြုံးပြသည်။
ဖြူနုဝင်းဝါနေသည့် အသားအရေ၊ ညိုမှောင် ဖြောင့်စင်းနေသည့် ဆံနွယ်လှလှများနှင့် ကိုယ်နေဟန်ထား ကျော့ရှင်းလှပသော နှစ်ဆယ်ကျော်အရွယ် ပါးချိုင့်ပြုံးပိုင်ရှင်လေးကို ကျွန်မ မြင်မြင်ချင်း ချစ်သွားသည်။ မောင်တွေနှင့်သာ ကြီးပြင်းခဲ့ရသည့် ကျွန်မအတွက် အဆောင်သူဘဝမှာ ယခုလိုပဲ ချစ်စရာ ညီမငယ်လေးတွေ မကြာခဏ ကောက်ရလေ့ရှိပါသည်။
အလှကတော့ ကျွန်မ၏ ကောက်ရညီမလေးတွေထဲမှာ အချောအလှဆုံးဟု ဆိုကြပါစို့။
၂။
“ အလှနာမည်က လှလွန်းဆွေတဲ့။ အမေတို့ ကိုးကွယ်တဲ့ ဘုန်းဘုန်း ရွေးပေးတာ” ဟု အလှက ရှင်းပြသည်။ ရုပ်ကလေးလှပါသည်ဆိုမှ နာမည်လေးကပါ “လှလွန်းဆွေ” ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ နာမည်ကြားရုံနှင့် လူကိုပါ မြင်ဖူးချင်ပြီး၊ လူကိုတွေ့ဖူးလိုက်လျှင်လည်း “ ဒီနာမည် ပေးထိုက်ပါပေတယ်” ဟု တဖွဖွ ရေရွတ်မိချင်စရာ အလှ၏ ကုသိုလ်ကံ မဟုတ်ပါလား။
အလှ၌ ပစ္စည်းပစ္စယတွေတော့ သိပ် ထွေထွေထူးထူး ပါမလာပါ။ ပါမလာဆို လက်ဆွဲသေတ္တာကြီးတစ်လုံးမှ လွဲ၍ ဘာမှကို အပိုဆာဒါး ပါမလာတာဖြစ်သည်။ ကျွန်မကတော့ အဆောင်ရောက်နေသည်ကလည်း နှစ်ပေါက်နေပြီ ဖြစ်သည်ကတစ်ကြောင်း၊ အိမ်ထောင်မှု ပစ္စည်းလေးတွေတွေ့လျှင် မဝယ်ဘဲ မနေနိုင်အောင် ဝါသနာပါသူ ဖြစ်သည်က တစ်ကြောင်းကြောင့် လိုအပ်တာလေးတွေပဲ ဖြည်းဖြည်းစီ ဝယ်စုတာတောင် ပစ္စည်းတွေက များနေသည်။ ရေနွေးဓာတ်ဘူး၊ တံမြက်စည်း၊ အမှိုက်ခြင်း၊ ပန်းကန်စင်၊ ဘုရားစင်နှင့် ဘုရားပန်းအိုးမှအစ ထမင်းစားခေါက်စားပွဲအဆုံး ကျွန်မမှာ အကုန်ရှိသည်။
အလှကတော့ ရှင်းသည်ကမှ စောစောကပြောသလို လက်ဆွဲသေတ္တာကြီးတစ်လုံးသာ။
စရောက်လာသည့် ညနေမှာ အလှ ရေချိုးမည်ဆိုတော့ ရေချိုးဆပ်ပြာဘူးနှင့် ခေါင်းလျှော်ရည်ဘူးကို သူ့သေတ္တာကြီးထဲက ထုတ်နေတာကို တွေ့ရသည်။ ပြီးတော့ ရေချိုးတဘက်လေး ထွက်လာသည်။ နောက်ထပ် ဘာတွေ ထွက်လာဦးမလဲဟု ကြည့်နေပေမဲ့ သူ့သေတ္တာကြီး ပြန်ပိတ်သွားသည်။
“ အယ်… ရေခွက်ကော ပါမလာဘူးလား အလှ။ ဒီမှာက ကိုယ့်ခွက် သူ့ခွက်နဲ့ ချိုးကြရတာ ”
ကျွန်မ မနေနိုင်စွာ လွှတ်ခနဲ ပြောမိတော့ အလှက မျက်လုံးဝိုင်းလေးနှင့်ပဲ ပြန်ကြည့်နေသည်။ ရောက်စမို့ ပစ္စည်းပစ္စယ မစုံမလင်နှင့် အခန်းဖော်အသစ်လေးကို ကျွန်မ ကူညီချင်သွားသည်။
“ ရော့... အစ်မ ဆပ်ပြာခြင်းပဲ ယူသွားလိုက်တော့။ အဝတ်ကော လျှော်ဦးမှာလား။ အဲ့ဒါဆို အဝတ်လျှော်ဇလုံပါ ယူသွားလိုက်။ အဆောင်မှာက လူများတော့ ရေချွေတာရာ ရောက်အောင် အဆောင်မှူးက ဇလုံနဲ့လျှော်ဖို့ စည်းကမ်းထုတ်ထားတယ် ညီမလေးရဲ့”
ပြောရင်းနှင့်မှ သူစီးလာသည့်ကတ္တီပါ ပုံတော်ဖိနပ်ကိုပါ သတိရသွားသည်။
“ ရေချိုးစီးဖိနပ်လည်း မဝယ်ရသေးရင် လောလောဆယ် အစ်မဖိနပ် ယူစီးထားလေ။ ဖိနပ်စင် ဒုတိယအတန်းမှာ သဲကြိုးအပြာလေးနဲ့ စင်ကြယ်ဖိနပ်ရှိတယ် ”
“ဟုတ်” ဟုဆိုကာ အလှသည် ပြုံးပြုံးလေး ထွက်သွားသည်။ အလှ၏ မေမေသည် တစ်မြို့တစ်ရွာမှာ အဆောင်နေကာ အလုပ်သွားလုပ်မည့် သမီးဖြစ်သူအတွက် ဘာမှ ထည့်သိုစီစဉ်ပေးလိုက်တာမျိုး မရှိဘူး ထင်သည်။ မန္တလေးမှာ ပေါသဖြင့် ဒီရောက်မှပဲ ဝယ်ပါစေဟု မှာလိုက်လေသလားတော့ ကျွန်မလည်း မသိပါ။
ညရောက်တော့ အလှ အိပ်ရာခင်းပြင်သည်။ ဒီတစ်ခါလည်း မျက်ခုံးပင့်မိရပြန်သည်က ကျွန်မဖြစ်သည်။
အလှတွင် ခြင်ထောင်ပါမလာပါ။
“ ဟင်... ခြင်ထောင်မပါဘဲ ဘာနဲ့အိပ်မလဲ အလှရဲ့။ ဒီမှာ ခြင်ဒီလောက်ပေါတာကို ”
“ရပါတယ်” ဟု အလှက မပွင့်တပွင့် ပြောသည်။ ကျွန်မသည် ခြင်ထောင်တစ်လုံးတည်းမှာ နှစ်ယောက်အိပ်တတ်သူ မဟုတ်ပေမဲ့ ကိုယ့်အခန်းဖော်အသစ် ရောက်စမှာ အခက်အခဲ ဖြစ်နေတော့လည်း မနေနိုင်ပါ။ သို့နှင့် “လာလာ အစ်မနဲ့ပဲ လာအိပ်လိုက်တော့။ ခြင်ထောင်မပါဘဲနဲ့တော့ ဘယ်လိုမှ အိပ်နိုင်မှာ မဟုတ်ဘူး။ ပိတ်ရက်မှ ဈေးချိုမှာ ဖြစ်ဖြစ် အစ်မလိုက်ဝယ်ပေးမယ်” ဟု ခေါ်လိုက်ရသည်။ အလှသည် “ဟုတ်” ဟုဆိုတာ စောင်ခေါက်လေးပွေ့လျက် ကျွန်မခြင်ထောင်ထဲ စွေ့ခနဲရောက်လာလေသည်။
သို့ပေမဲ့ နှစ်ယောက်သား ခြင်ထောင်ဝယ်ရန် ဈေးအတူသွားခွင့် မကြုံလိုက်ပါ။ အလုပ်ပိတ်ရက်ချင်း မဆုံကြသည်ကတစ်ကြောင်း၊ အလှကလည်း ဝယ်ရန်စကား စမလာသည်က တစ်ကြောင်းကြောင့် ဖြစ်သည်။ အလှသည် ခြင်ထောင်သာမက ရေချိုးခွက်၊ ဆပ်ပြာခြင်း၊ ရေချိုးစီးဖိနပ်အဆုံး ဘာတစ်ခုမှ ဝယ်ရန်ပြောမလာပါ။
အဝတ်လျှော်လျှင် ကျွန်မ ဇလုံနှင့်။ ရေချိုးလျှင် ကျွန်မ ဖိနပ်နှင့်။ အလုပ်သွားရချိန်ချင်း မတူ၍သာ နှစ်ယောက်သား တော်တော့သည်။ ထို့ကြောင့်လည်း အလှသည် အားမနာဘဲ ကျွန်မပစ္စည်းတွေကို ယူသုံးနေလေသလားဖြင့် မသိချေ။ အလှရောက်ပြီး တစ်ပတ်ဆယ်ရက်မျှ အကြာမှာပင် ကျွန်မပိုင် ပစ္စည်းအားလုံးသည် အလှပိုင် ပစ္စည်းများသဖွယ် အလှနှင့် အထူးရင်းနှီးကျွမ်းဝင်ကုန်ကြလေပြီ။
တစ်ခါကဆိုလျှင် ရုံးကသူငယ်ချင်း အဆောင်ကို အလည်လာသဖြင့် ရေချိုးစီးဖိနပ်လေးကိုစီးကာ ကျွန်မလည်း အဆောင်ရှေ့ ခုံတန်းလျားမှာ ထွက် စကားပြောနေသည်။ စကားပြောကောင်းနေတုန်း အလှက ကျွန်မတို့အနီးရောက်လာသည်။ ပြီးတော့…
“အစ်မ… အလှ ရေချိုးမလို့ အစ်မကို စောင့်နေတာ။ ဖိနပ်လေး လဲပေးပါဦး” တဲ့။
ကျွန်မမှာ ဧည့်သည်ရှေ့မှာ ကြောင်အမ်းအမ်းနှင့် ဖိနပ်လဲပေးလိုက်ရ၏။ မသိလျှင် ကျွန်မကပဲ သူများဖိနပ်ကို စည်းမရှိ ကမ်းမရှိ ယူစီးနေသူနှင့် တူမနေလေဘူးလား။
အလှသည် ကိုယ်တိုင်ကသာ ဘာမှပါမလာတာ။ အပြင်ထွက်လျှင်တော့ မီးပူကော့ရော့နေအောင် တိုက်ထားသည့် အဝတ်အစားတွေဝတ်ကာ ကျော့ကျော့မော့မော့လေး ပြင်ဆင် ထွက်သွားတတ်သည်။ အဲ့ဒါလေးတစ်ခုတော့ အလှကို ချီးကျူးမိသည်။ အဆောင်မှာ ဘယ်လိုနေနေ အပြင်ထွက်လျှင် တစ်ခါမှ ဖြစ်ကတတ်ဆန်း မထွက်။ လမ်းထိပ်လေး ထွက်တာပင် သနပ်ခါးအဖွေးသားနှင့် ထွက်တတ်ပြီး သူလိမ်းသည့် သနပ်ခါးတုံးနှင့် ကျောက်ပျဉ်ဆိုတာလည်း ကျွန်မပိုင် ပစ္စည်းတွေသာ။ မီးပူဆိုတာလည်း ကျွန်မမီးပူပင်။
လှအောင်နေတတ်သော အလှသည် အိမ်ထောင်မှုကိစ္စတွေနှင့်တော့ အကျွမ်းတဝင် ရှိပုံမရပါ။
တစ်ရက်နေ၍လည်း တံမြက်စည်း တစ်ခါလှည်းတာ မတွေ့ဖူး။ စားပြီးသား ပန်းကန်ဆိုလျှင်လည်း နောက်တစ်ခါ မစားမချင်း မဆေးပါ။ သူယူစားသည်က ကျွန်မပန်းကန်ဆိုတော့ ပန်းကန်လိုသည့်ကျွန်မက ကိုယ့်ဘာသာ ယူဆေးရသည်။ ဖုန်းဘေလ်ဖြည့်ပြီးလျှင် ဖြည့်သည့်နေရာမှာ အခွံတွေပစ်ထားခဲ့သည်။ ဖုန်းအားသွင်းပြီး အားပြည့်လျှင် ဖုန်းပဲ ဖြုတ်သွားသည်။ ဖုန်းကြိုးက ပလပ်ပေါက်မှာ တန်းလန်း။ တစ်ရှူးစက္ကူတွေကို သုံးပြီးလျှင် သုံးသည့်နေရာမှာ ပစ်ထားခဲ့သည်။ နားကြပ်တံတွေ၊ သွားကြားထိုးတံတွေဆို ကျွန်မမှာ နင်းမိတာ ခဏခဏ။ အဝတ်တွေကို ဝတ်စရာမကုန်မချင်း စုထားတတ်ပြီး အပုံကြီးဖြစ်လာမှ လျှော်သည်။ တစ်ခါတလေများဆို အလျင်မမီသဖြင့် သွားစရာရှိလျှင် မလျှော်ရသေးသည့် အဝတ်ဟောင်းပုံထဲမှ ကောက်ယူပြီး အမွှေးရည်ဖျန်းကာ မီးပူတိုက်ပြီး ဝတ်သွားတတ်သည်။ လျှော်ပြီး အဝတ်တွေကိုလည်း သတိတရ မရုတ်ပေ။ သူယူလှန်းသည်က ကျွန်မ အင်္ကျီချိတ်တွေနှင့်မို့ ချိတ်လိုအပ်သူကျွန်မကပဲ သတိတရ သွားရုတ်ပေးရသည်။
“ ထမင်းဟင်းကော ချက်တတ်လား အလှ” ဟု ကျွန်မမေးကြည့်တော့ ခေါင်းခါပြသည်။
“ ဝါသနာ မပါဘူး အစ်မရေ။ လက်သည်းရှည်တွေ ကျိုးမှာစိုးလို့ အိမ်မှာ မီးဖိုချောင် မဝင်ဘူး အစ်မ။ အမေတို့ဝင်ခိုင်းရင် ပတ်ပြေးနေတာ”
“ ဟင် အိမ်ထောင်ကျတော့ကော ဘယ်လိုလုပ်မလဲ။ အိမ်အကူ ငှားနိုင်ရင်တောင် ကိုယ်တိုင်တတ်ထားမှ စီမံပေးတတ်မှာပေါ့ အလှရဲ့”
“ ယောကျင်္ား ချက်ကျွေးခိုင်းမှာပေါ့။ သူ မချက်တတ်လည်း သူ့အမေတို့ သူ့အစ်မတို့ ရှိမှာပေါ့”
ဘုရားရေ… ဟု ရင်ဘတ်ဖိမိရသည်က ကျွန်မလေ။ ဘယ်သူမှန်း မသိသေးသည့် သူ့ယောက္ခမလောင်းနှင့် ယောင်းမအစား ကြိုတင် ရင်မောပေးမိရပါ၏။
အလှပြောနေတာတွေက တကယ်ဆိုတာကို ဈေးကနေ ကျွန်မ ဆားဝယ်လာသည့်နေ့က သိသွားပါသည်။ အလှက ဆားကိုကြည့်ပြီး “ အစ်မဝယ်လာတဲ့ဆားက ဖြူဖွေးနေတာပဲ။ ရေဆေးထားတာလား” တဲ့။ သူနောက်နေတာလားဟု ပြန်ကြည့်မိတော့ တကယ်ပြောနေတာ ဖြစ်သည်။ ကျွန်မ မအောင့်နိုင်ဘဲ ဝါးလုံးကွဲရယ်မိတော့ “ဟင် ရေဆေးလို့မရဘူးလား” ဟု ကြောင်တောင်တောင် ပြန်ထပ်မေးနေသေးသည်။
ကိုယ်တိုင်က ဘာမှ မလုပ်တတ်ပေမဲ့ စားချင်တာလေးတွေတော့ ကျွန်မကို ပူဆာတတ်သည်။
“ ပျင်းလိုက်တာ အစ်မရယ်။ ဒီညသုပ်စားဖို့ ပဲခြမ်းကြော်လေးဈေးသွားရင် ဝယ်လာပါလား။ သုပ်စားရအောင်လေ။ အလှလည်း စိုက်မှာပေါ့။ ဟိုတစ်ခါ အစ်မသုပ်ကျွေးတာမျိုးလေးလေ။ ပူစီနံရွက်လေးနဲ့”
ပေါင်းစားမယ်ဟု ဆိုပေမဲ့ တကယ်ဝယ်လာလျှင် သူဘာမှ မစိုက်ပါ။ မသိယောင်ဆောင် နေတတ်သည်။ ကျွန်မကလည်း ကျွေးပါသည်။ မတွန့်တိုပါ။ သို့ပေမဲ့ ကျွန်မ ပစ္စည်းတွေကို အလှနှင့်အတူ ပူးတွဲသုံးနေရသည့်အဖြစ်ကိုတော့ စိတ်ညစ်မိသည်။ ဆပ်ပြာခြင်းတို့၊ ရေချိုးခွက်တို့ဆိုတာ ကိုယ်ပိုင်ဝယ်ထားရသည့် တစ်ကိုယ်ရည်သုံးပစ္စည်းတွေ မဟုတ်ဘူးလား။ ပြီးတော့ ခြင်ထောင်။ ရောက်စမှာ ကျွန်မကိုယ်တိုင်က ခဏတာဟု တွေးပြီး ယူသုံးရန် လောကွတ်ချော်ထားမိသည်ကတစ်ကြောင်း၊ တစ်ဖက်သားကို “ယူမသုံးနဲ့ အလှ။ အစ်မ မကြိုက်ဘူး” ဟု ပြောမထွက်သည်က တစ်ကြောင်းကြောင့်သာ ပြောရခက်နေသည်။
မအောင့်နိုင်သည့်တစ်ရက်တော့ ကျွန်မမေးကြည့်မိသည်။
“ အလှဝယ်မယ့်ပစ္စည်းလေးတွေ မဝယ်သေးဘူးလား”
“ ဘယ်ပစ္စည်းတွေလဲအစ်မ”
“ ခြင်ထောင်တို့ ဘာတို့ပေါ့ ”
အလှက နောက်နေပုံ မပေါ်သည့် အတည်အတံ့ မျက်နှာဖြင့် ကျွန်မကို ပြန်ဖြေပါသည်။
“ အပိုတွေ မဝယ်တော့ဘူးလေ အစ်မရယ်။ အခုလည်း အဆင်ပြေနေတာပဲ။ အလှ နေတတ်ပါတယ်”
ခြင်ထောင်ဝယ်တာကို အပိုဟုဆိုသော အလှသည် ညရောက်လျှင်တော့ ကျွန်မ မအိပ်ခင် ခြင်ထောင်အကျအနထောင်ကာ ခန့်ခန့်ကြီး အရင်ဝင်အိပ်နေတတ်သည်။ တစ်ခါတရံ ကျွန်မက အိပ်ရာဝင် နောက်ကျလျှင်ပင် “ အစ်မဝင်ပြီးရင် ခြင်ထောင် သေချာဖိဦးနော်။ မနေ့က အစ်မခြင်ထောင်ဖိတာ မလုံလို့ တစ်ညလုံးခြင်တဝီဝီနဲ့” ဟု ဆိုလိုက်သေးသည်။
ကျွန်မဖြင့် ဈေးသွားပြီဆိုလည်း သူ့မှာစားချင်တာမှာရသည်က အမော။
“ အစ်မရေ… အလှဖို့ ရှမ်းခေါက်ဆွဲလေးပါ ဝယ်ခဲ့ပါနော်”
လမ်းလည်းလျှောက်ရင်း ဘုရားပန်းလေးတွေလည်းဝယ်ရင်း နေ့စဉ်ဈေးသွားတတ်သော ကျွန်မက အလှ၏ မှာတော်ပုံကို မငြင်းဆန်နိုင်ပါ။ ဝယ်ပေးပြီးလျှင်လည်း မတောင်းမချင်း ပြန်ပေးရိုးထုံးစံ မရှိပေ။ ပိုက်ဆံ ပြန်တောင်းရမှာ နှုတ်ဆွံ့အသည့် ကျွန်မကလည်း ခဏခဏ မတောင်းချင်။ စိုက်ထားငွေ နည်းနေတာမျိုး၊ ကျွန်မလက်ထဲလည်း လစာထုတ်စမို့ ငွေရွှင်နေတာမျိုး ဆိုလျှင်တော့ တောင်းပျင်းတာနှင့် “နေပါစေတော့” ဟု သဘောထားလိုက်သည်။ သူက ကျွန်မထက်လည်း အငယ်မဟုတ်ပါလား။ သို့ပေမဲ့ လကုန်ခါနီးရက်တွေလို ဆိုလျှင်တော့ ကျွန်မလည်း ရှေ့မျက်နှာနောက်ထားပြီး အကြွေးကိစ္စကို သွယ်ဝိုက် သတိပေးရ၏။
“ မနေ့ကလေ အလှအတွက် အီကြာကွေး ဝင်ဝယ်ပေးရင်းနဲ့ အဲ့ဒီဆိုင်မှာ အကြွေ ကျန်ခဲ့တယ်တော့်။ မနက်ဖြန်သွားမှ သတိတရဝင်ယူရဦးမယ်”
ဒါလည်း အလှက သတိမရပေ။
“ အင်းနော် အကြွေတွေက ရှားလိုက်တာ အစ်မရယ်” ဟုပင် အလိုက်သင့် ပြန်ပြောနေသေးသည်။ တကယ် မေ့နေဆိုပါက ထိုမျှလောက်ပြောလျှင် သတိရလေပြီ။ မေ့ချင်ယောင်ဆောင်နေသူဆိုတော့ ဘာပြောပြောကို သတိမရပေ။ ဒီတော့ ကျွန်မက “ အလှ အစ်မကို တစ်ထောင် ပေးရဦးမှာနော်” ဆိုတာမျိုးနှင့် တစ်ဆင့်တိုးရသည်။ ဒါတောင် အခန့်မသင့်လျှင် “ ဟင် ပေးပြီးပြီလေ အစ်မကလည်း အဲ့နေ့ကတည်းက ချက်ချင်းပေးတာကို ”ဟု ငြင်းချင်ငြင်းသေးသည်။
ပိုက်ဆံလေးငါးရာတစ်ထောင်အတွက် ကိုယ့်ထက်အငယ်နှင့် ပြိုင်ငြင်းရအောင်ကလည်း မဟုတ်သေးရာ ကျွန်မမှာ ကသိကအောက်နှင့် “အင်း အဲ” လုပ်ကာ ပြီးလိုက်ရသည့်အခါလည်း ရှိသည်။ လောကမှာ ရှက်စရာအကောင်းဆုံးက ငွေကြေးကိစ္စ အငြင်းပွားရတာ မဟုတ်ပါလား။ ဖုန်းဘေလ်လမ်းကြုံမှာပြီး ဆုံးပေါင်းလည်း မနည်းတော့။ ကျွန်မတစ်သက် ငွေရေးကြေးရေး လက်အခက်ဆုံးသူကို ပြပါဆိုလျှင် အလှကိုသာ ပြရပေမည်။
အဆောင်လခဆိုလည်း အဆောင်မှူးက မတောင်းမချင်း မပေးဘဲ ကိုင်ထားတတ်သည်။ ကျွန်မတို့ကတော့ ပေးရမည့်အတူတူ မြန်မြန်ပေးလိုက်တော့ ကိုယ်တောင် ထိန်းသိမ်းရ သက်သာသေးသည်။ မပေးဘဲနေ၍လည်း ရသည်မှ မဟုတ်ဘဲလေ။ အပြင်ထွက်တိုင်းလည်း “ အစ်မမှာ ပိုက်ဆံအိတ်ပါတယ် မဟုတ်လား။ အဲ့ဒါဆို အလှ မယူလာတော့ဘူးနော် ” ဟု ဆိုကာ အဆောင်မှာပဲ အမြဲသော့ခတ် သိမ်းထားခဲ့တတ်သည်။ ကုန်ကျသမျှ ကျွန်မရှင်းပြီး ကျွန်မဘာသာ မေ့သည့်အခါဆိုလည်း ကျွန်မဘာသာ အရှုံးခံပေါ့။ ဒီလိုပဲ ကျွန်မတို့နှစ်ယောက်ကြားမှာ သံသရာလည်နေသည်။ အလှ၏ ပန်းနုရောင် ပိုက်ဆံအိတ်လေးကတော့ အလှ၏ မျက်နှာလေးလိုပင် သန့်ပြန့်လှပနေသည်။ အတန်ကြီး အပျက်မခံသော အလှ၏ ပိုက်ဆံလေးတွေဆိုလည်း မီးပူတိုက်ထားသလို သစ်လွင်ချပ်ရပ်နေသည်။
“ အလှက အလှကြိုက်တယ် အစ်မရေ။ ပိုက်ဆံတောင်မှ အဲ့ဒီလို အတန်ကြီးကြီးနဲ့ သစ်သစ်လွင်လွင် သန့်သန့်ပြန့်ပြန့် မြင်နေရမှ စိတ်ချမ်းသာတာ” ဟု အလှက ဆိုသည်။ ကျွန်မကတော့ ဘဏ်မှာ လစာသွားထုတ်တိုင်း ကိုယ့်တစ်လစာ အသုံးစရိတ်အပြင် အလှ ချေးလိုချေးငြား ပြန်မရ အသုံးစရိတ်လေးကိုပါ ပိုပိုသာသာ ထည့်တွက် ထုတ်ထားရသည့်အဖြစ်ကို ကျွန်မဘာသာ ပြုံးမဲ့မိရလေသည်။
ဒီမိန်းကလေးသည် ကျွန်မလို၊ တခြားသူတွေလိုပဲ ပညာနှင့် အလုပ်လုပ်သည်။ လစာရသည်။ သို့ပေမဲ့ ရှာရသမျှ ထိုငွေတွေကို တခြားသူအတွက် ကုန်ကျဖို့ အသာထား။ ကိုယ့်တစ်ကိုယ်ရေ လိုအပ်ချက်အတွက်ပင် ငွေကြေးအကုန်မခံပေ။ ထိုအထိလည်း ကျွန်မ နားလည်ပေး၍ ရသေးသည်။ ထိုမဖြစ်မနေ အခြေခံလိုအပ်ချက်များအတွက် ကိုယ့်တာဝန် ကိုယ်မယူဘဲ တစ်ပါးသူကို ပင်ပန်းစေခြင်းအတွက်တော့…။
တစ်ခါတော့ ကျွန်မသည် အလှကို လွှတ်ခနဲ မေးကြည့်မိသည်။
“ အလှမှာ ဘဝရည်မှန်းချက်ရှိလားဟင် ”
အလှသည် မဆိုင်းမတွပင်ဖြေပါသည်။
“ ရှိတာပေါ့ အစ်မရဲ့။ အလှက တစ်နေ့မှာ ကိုယ်ပိုင်စီးပွားရေး ထောင်နိုင်တဲ့ လုပ်ငန်းရှင် သူဌေးမကြီးတစ်ယောက် ဖြစ်ချင်တာ။ အဲ့ဒါကြောင့် ချွေတာသုံးပြီး ပိုက်ဆံစုနေတာ ”
ကောင်းပါသည်။ လူတိုင်းမှာ ဘဝရည်မှန်းချက် ရှိကြတာ ကောင်းပါသည်။ ထိုရည်မှန်းချက် ခရီးရောက်ဖို့ သူများစရိတ်နှင့် မဟုတ်ဘဲ ကိုယ့်စရိတ်နှင့်ကိုယ် ကုန်ကျခံလျှင်တော့ ပိုကောင်းမည်ဟု ကျွန်မထင်ပါသည်။
၃။
အခုတော့ အလှလည်း အလုပ်နှင့် ပြန်ပြောင်းသွားပြီ။ ကျွန်မလည်း နယ်မှ အမေ့အိမ် ပြန်ရောက်နေပြီ။ ခုနေခါမှာ အလှ ဘယ်ရောက်နေလဲဆိုတာ ကျွန်မ မသိပါ။ သိလည်း မသိချင်ပါ။ အရေးကြီးသည်က အလှတစ်ယောက် မျက်စိလည်လမ်းမှားပြီး မတော်တဆပဲဖြစ်ဖြစ်၊ စိတ်ကူးပေါက်ကာ တမင်သက်သက်ပဲဖြစ်ဖြစ် ကျွန်မအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် အလည်ရောက်မလာဖို့ပင်။
ကျွန်မမှာ မောင်လေးတွေရှိသည်။
ယောကျင်္ားလေးတွေက အလှကြိုက်ကြသည် မဟုတ်ပါလား။
ငွေဇင်ယော်ဦး(မိုးကုတ်)
ရွှေအမြုတေမဂ္ဂဇင်း မတ်လ 2018
.jpg)

Comments
Post a Comment