မော်မော်သည် စိတ်ပျက် လက်ပျက်နှင့်သာ လိုက်ခဲ့လေသည်။ ပြပွဲကြီးမှာ လူတွေရော၊ ဆိုင်တွေပါ စည်လှပါသည်။ ဓာတ်မီးတွေ ပွင့်နေလိုက်ကြသည်မှာ မိုးပေါ်က ကြယ်တွေ စုပြုံပြီး ဆင်းလာ နားနေသလား အောက်မေ့ရပေသည်။ ပိုးဖဲ၊ စိန်ရွှေများ အရောင်ကြောင့် လူတိုင်း၏ ဟန်သည် လှပမော်ကြွားကာ နေပေသည်။ အားလုံး ကြည့်၍ ကောင်းလှသည်။ အို တစ်ထောင့်က ထိုင်ပြီး တမေ့တမော ကြည့်နေဖို့သာ ကောင်းတော့သည်။
မော်မော်ကတော့ အားလုံးနှင့် ဆန့်ကျင်ကာ မကျေမနပ် ဖြစ်လေသည်။ မော်မော်သည် သွားစရာ လာစရာ ရှိလျှင် သူငယ်ချင်း အပေါင်းအဖော်များနှင့်သာ သွားလာမြဲ ဖြစ်ပေသည်။ မိဘများနှင့် သွားရသည်မှာ အင်မတန် ရှုပ်သည်။ နည်းနည်းမှ မလွတ်လပ်ပေ။ အရာရာမှာ သူတို့ မျက်နှာ ထားတာကိုပဲ ကြည့်ကြည့်ပြီး နေရသည်။ ယခု ပြပွဲကိုကား အိမ်သားတွေ သွားလျက်နှင့် မလိုက်ဘဲ သူငယ်ချင်းများနှင့် သွားမည်ဆိုက ဆူပူမည်ကို ကြောက်၍ လိုက်ခဲ့ရသည်။
သူ သိသည့်အတိုင်း လိုက်လာပြီး နည်းနည်းမှ မပျော်သည်ကို တွေ့ရသည်။ မပျော်သည့်ပြင် စိတ်တောင် ညစ်ရသေးသည်။ သူ့ မေမေ ၊ ဖေဖေ တို့သည် ရှေးလည်း ဆန်၍ ကပ်စေးလည်း နဲသဖြင့် အလွန်အမင်း ခွကျလေသည်။ ခု ကြည့်ပါလား၊ ပြပွဲကို ကလေးတွေ တန်းလန်း တန်းလန်းနှင့် လာသည်။ ဟိုဟာ လိုချင်၊ ဒီဟာ လိုချင် ပူဆာသည့် ကလေးက ပူဆာ၊ ငိုသည့် ကလေးက ငို၊ သူတို့ကို ပျောက်မှာစိုး၍ လက်မလွှတ်တမ်း ဆွဲထားရသေးသည်။
မော်မော် ညီမလေး အနီကတော့ တစ်မျိုး ဖြစ်သည်။ ခွကျလိုက်သည်မှာလည်း သူ့အပြင် မရှိဘူး။ မော်မော်ထက် ထွားကျိုင်းသော်လည်း အင်မတန် ကလေးဆန်သည့် အနီကို မိဘများထက် မော်မော် ကြောက်လေသည်။ အနီသည် အေးစက်စက်နှင့် ထိအောင် တိအောင် ထုနှက် တတ်သည်။
အနီသည် ကလေး အငယ်ဆုံး ကလေးကို တစ်ချိန်လုံး ချီလာသည်။ မော်မော်လောက် လှလှပပ ဝတ်စား မလာသော်လည်း အတော် သပ်သပ်ရပ်ရပ်ကား ပြင်ဆင်ထားသဖြင့် ကလေး ချီထားသည်နှင့် မလိုက်ဘဲ ဖြစ်ကာ အပျို လုပ်လွန်းသော သားသည် မအေ ပေါက်စနှင့် တူနေပေသည်။ မော်မော်က သူ့လက်ညောင်းသည်ကို သနားသော်လည်း ကူချီရမှာ ရှက်သဖြင့် မသိချင်ယောင် ဆောင်ကာ လမ်းလျှောက်နိုင်သော ကလေးကိုသာ လက်တွဲ၍ ထိမ်း၏။
နှစ်ပတ် လောက် အနှံ့ လျှောက်ပြီးသော် မောလာသဖြင့် လက်ဝှေ့ထိုးပွဲ တစ်ခုရှေ့မှာ မြက်ခင်းပေါ် ထိုင်ပြီး အပန်းဖြေ ကြလေသည်။ မော်မော်က မတ်တတ်သာ ရပ်နေ၏။ သူ့ စိတ်ကို ရိပ်မိသော အနီက တစ်ချက် ရယ်ကာ တို့တော့ ညောင်းရင် ထိုင်တာပဲ။ ဘယ်သူမှ ဂရုမစိုက်ဘူး ဟု ဆိုကာ ခြေဆင်းပြီး ပစ်ထိုင် လိုက်လေသည်။
သူတို့ ထိုင်နေရာနှင့် ခပ်နီးနီးမှာ ချင်းသုပ်ဆိုင် တစ်ဆိုင် ရှိသည်။ ဆိုင်မှာ ချင်းသုပ်ထက် စားပွဲ၊ ကုလားထိုင်ကို ရောင်းခြင်း ဖြစ်ပေသည်။ ချင်းသုပ်ကို မစားရက်အောင် အလှဆုံး ပြင်ကာ သုပ်သူက နယ်ပေးပြီး လက်မပေအောင် ဇွန်းဖြင့် စားစေခြင်းဖြင့် အပြင်မှာ တစ်မူးလောက်ကို တစ်ကျပ်နှင့် ရောင်းနေလေသည်။ ပိုက်ဆံ အရမ်းမဲ့ ပေါသူများနှင့် မိန်းမပျိုများ ပြပွဲ ခေါ်လာသည့် ငနဲ စသော သူများသာ ထိုင်စားနေသည်။
အောက်လင်းလက်ဆွဲ ဓာတ်မီးကြီးမှ လင်းလွန်းလှ၍ မော်တို့ တစ်သိုက် ထိုင်နေသည်မှာ သူတို့ ခြေရင်းမှာလို ဖြစ်အောင် ထင်ပေါ် နေလေသည်။
အမော ပြေကြသည့်အခါ ကလေးတို့မှာ ချင်းသုပ်ဆိုင်ကို မြင်လာလေ၏။ အော်ကြီးဟစ်ကျယ် ပူဆာကြ ပြန်သည်။ မေမေ ဖေဖေ တို့သည် ကလေးများကို လက်ဆွဲကာ မတန်မရာ ရောင်းသော ဆိုင်ရှေ့မှ ထွက်လာသည်။ ထို့နောက် ပွဲဈေးတန်းသို့ လျှောက်လာကာ တစ်မတ်ဖိုး ရောင်းသော မုန့်ဟင်းခါးဆိုင်မှ တစ်ထွာသာသာ ဗြက်ကျယ်သည့် ထိုင်ခုံကလေးများမှာ ငုတ်တုတ် ထိုင်ကြလေသည်။
မော်က ထိုင်လည်း မထိုင်၊ မုန့်လည်း မစားဘဲ မီးရောင်ကို ကျောပေးပြီး ရပ်သည်။ မေမေ ဖေဖေတို့က မော်မော်ကို “ စားမလား ” တစ်ခွန်းသာ မေးပြီး သူတို့ဟာ သူတို့ စားကြသည်။ အနီမှာ ပထမက မစားဘဲ နေသော်လည်း မော်မော်ကို ခွတိုက်ကာ တရှူးရှူး တရှဲရှဲ ဝင်စားလေ၏။
အနီ မုန့်စားသဖြင့် သူ ချီထားသည့် ကလေးကို မော်မော် ချီရ၏။ အင်္ကျီ ကျေမည်လည်းစိုး ချီလည်း မချီချင်သဖြင့် တွန့်ဆုတ် တွန့်ဆုတ် နေမိကာ အနီက သူ့မျက်လုံး သွားရာကို လိုက်ကြည့်ပြီး သရော်သော မျက်နှာဖြင့် “ ဟိုလူတွေက မမကို အပျိုမှန်း သိပါတယ် ” ဟု ပြော လိုက်လေသည်။
မော်မော်ကို မြင်သဖြင့် တကောက်ကောက် လိုက်လာသော ထိုလူသုံးယောက်ကို အနီက ဆိုလိုသည်။ မော်မော်သည် ရှက်လည်းရှက်၊ နာလည်း နာကာ မျက်ရည်များ ဝေလာပြီး ဘာမျှ မပြောဘဲ နှုတ်ခမ်းကို ကိုက်၍ နေလေသည်။
မော်မော်သည် သူ့ တစ်အိမ်သားလုံးကို မုန်းတီးသည်။ တစ်ခါတစ်ရံ မေမေ့ကိုတော့ ချစ်စိတ်ဝင်သည်။ သူ့ကို ဘယ်သူကမှ မချစ်၊ ဂရုမစိုက် ဟု ယုံကြည်သည်။ တစ်နေ့နေ့တော့ ငါနဲ့ တွေ့ကြဦးမှာပေါ့လေ ဟု တေးထားသည်မှာ ကြာပြီ။ သူ့ အိမ်သားများသည် သူ့အား ဂရုမစိုက်သည်ကတော့ မှန်သည်။ မေမေနှင့် ဖေဖေသည် ငွေ ငွေ ငွေ နောက်သာ လိုက်ကာ တစ်နေ့နေ့ ကုန်ဈေးတန်းက အထည်ဂိုဒေါင်မှာသာ အချိန်ကုန်သည်။ ထို့ကြောင့် သားသမီးများသည် ကိုယ့်ဟာကိုယ် နေတတ်သလို နေကြရသည်။
မော်မော်သည် သူ့အိမ်သားများကဲ့သို့ မဟုတ်ဘဲ အပေါင်းအသင်းများ ပေသည်။ ဘယ်သွားသွား တစ်ယောက်တည်း သွားရဲသည်။ မိဘများ ချောင်လည်သော်လည်း မော်မော်က အိမ်မှာ မလွတ်မလပ် ကုပ်ပြီး မနေချင်သဖြင့် ရုံးတွင် စာရေး ဝင်လုပ်ရာ သူ့ စိတ်နှင့် သူ့ ကိုယ် နေချင်သလောက် နေနိုင်ပါသည်။
မုန့်ဟင်းခါး စားပြီးသည့် အချိန်မှာ မော်မော်သည် သူတို့ကို ဘယ်လို ခွာထုတ်ရမည်ကို စဉ်းစားပြီးသား ဖြစ်၏။ ထို့ကြောင့် “ မေမေ … ဟောဟို ဘိုင်စကုတ်ပြတဲ့ဆီ သွားရအောင် ” ဟု ဆို လိုက်သည်။ သူ သွားချင်သည်ဆိုသော နေရာမှာ ပြပွဲတစ်ခုလုံးတွင် အမှောင်ဆုံး ဖြစ်၏။ ဘိုင်စကုတ်မှာ ရုံမဆောက်ဘဲ လဟာပြင်မှာ အခမဲ့ ပြသဖြင့် မီးရောင် အနည်းဆုံး နေရာကို ရွေးရပေသည်။
မေမေသည် သူတို့ ညီအစ်မ စိတ်ကောက်နေကြမှန်း သိ၍ အလိုလိုက် ချော့မော့ဖို့ စိတ်ရှိကာ “ ကိုင်း ... လာ ၊ ဘိုင်စကုတ် ကြည့်ရအောင် ဟေ့ ” ဟု ကလေးတို့ကို ခေါ်ရင်း အိမ်ပြန်တော့မည် ပြင်သော ဖေဖေ့ကို လက်မောင်းမှ ကိုင်ဆွဲ လာလေသည်။
ဘိုင်စကုတ် ကြည့်၍ တစ်ပိုင်းတောင် မကုန်ခင် မော်မော်သည် ရှေ့တိုးရင်း တိုးရင်း ပျောက်ကွယ် သွား၏။ မိဘတို့သည် “ မော်မော် - မော်မော် ” နှင့် တကြော်ကြော် အော်ပြီး ခေါ်သေးသည်။ မတွေ့ရပေ။ သူတို့သည် ပြပွဲကို တစ်ပတ်ပတ်ကာ ရှာသေးသည်။
ဘိုင်စကုတ် ပြနေရာသို့ ပြန်ရောက်သော် ကလေးတို့သည် မောပန်းနေကြပြီး အငယ်ဆုံး ကလေးနှစ်ယောက်မှာ မေမေ ဖေဖေတို့ လက်မောင်းပေါ်ဝယ် ကိုယ်စီ အိပ်ပျော်နေကြသည်။ မိဘတို့သည် ကိုယ်လက် နာနေကြလေပြီ။
“ စိန်ဂျွန်းသူနာပြုတပ် သွားတိုင်မလား။ ကလေးပျောက်တယ် ဆိုရင်တော့ အော်လန်ကြီးနဲ့ အော်ပေးတာပဲ ” ဟု မေမေက ပြောသည်။ အနီက စိတ်မကောင်း ဖြစ်မိသဖြင့် “ ရှက်စရာကြီးပါ မေမေရယ် … မမဟာ ကလေးမှ မဟုတ်ဘဲ။ သူ စိတ်ဆိုးနေဦးမယ် ” ဟု မော်မော် ဘက်က ပြော၏။ ဖေဖေက တွေဝေနေရာမှ “ သူလည်း ကလေးမှ မဟုတ်ဘဲလေ။ ပြန်တတ်သားပဲလေ။ တို့ကို ရှာမတွေ့ရင် အိမ် ပြန်မှာပေါ့။ ခါတိုင်းလည်း သူတစ်ယောက်တည်း သွားနေကျဟာ၊ ပူစရာ မရှိပါဘူး ” ဟု ဖြေ ပြော၏။
နောက်ဆုံးတွင် သူတို့ အိမ်ပြန် ကြလေသည်။ ကိုးနာရီတော့ ခွဲပြီ။ သို့သော် ပြပွဲမှာ ယခုမှ စည်၍ ကောင်းစ ရှိသေးသည်။ သူတို့မှာ လူရှင်းသည့် ခုနစ်နာရီလောက်ကတည်းက လာခဲ့ကြပါသည်။
မော်မော်သည် သူ့မိဘများ ခေါ်သံက အတင်းလွတ်အောင် တိုးရင်း သူ့နာမည်ကို လူတွေအလယ်မှာ အော်နေသည့် ရိုင်းစိုင်းမှုကို စိတ်ဆိုး နေသေးသည်။ ထို့နောက် သူခိုးမျက်စိဖြင့် မိဘများကို ရှာရင်း လျှောက်သည်။ မိဘများကို တွေ့လိုသည်ထက် ရှောင်ပြေးရအောင် သူက အရင်တွေ့မှ ဖြစ်ပေမည်။ မော်မော်သည် အတင့်ရဲကာ မီးရောင်မှာ ခပ်ကြော့ကြော့ လျှောက်လာပြီး မေမေ ဖေဖေတို့ ခုလောက်ဆို ပြန်ပြီ။
နောက်ဆုံးမှာ ဟောခနဲ ယောင်မိသည်။ စောစောက လူသုံးယောက်နှင့် သွားတိုးလေသည်။
သူတို့ကို သိတယ်လည်း ဆိုနိုင်သည်၊ မသိဘူးလည်း ဆိုနိုင်သည်။ ထို လူသုံးယောက်မှာ ဘိုင်စကုတ်ကြမ်းပိုး မည်မျှ ကျသည်ကိုတော့ မသိပေ။ မော်မော် ကြည့်သမျှ ဘယ်ရုံမှာမဆို အမြဲတွေ့သည်။ စနေ တနင်္ဂနွေ ကြည့်သူ ချင်းချင်း ဖြစ်သမို့လားတော့ မဆိုနိုင်။ ဆုံမိတတ်သည်မှာကား မော်မော်တို့က နှစ်ကျပ်ခွဲတန်း ရှေ့ဆုံးက ကြည့်မြဲမှာ သူတို့က နှစ်ကျပ်တန်း နောက်ဆုံးမှာချည်း ရှိလေသည်။
သူတို့ မှတ်မိသည်မှာလည်း အမြဲတမ်း သည်လူ သည်လူချည်း သုံးယောက်တည်း တွဲတတ်သောကြောင့် ဖြစ်သည်။ ဘိုင်စကုတ် ပြ၍ ရယ်စရာရှိလျှင် သူတို့က ပထမဆုံး နင်းကန်ပြီး ရယ်တတ်၏။ တခြားလူများလည်း သည်တော့မှ နားလည်သူက လည်၊ မလည်သူက မလည်နှင့် ရောယောင်လိုက် ရယ်ကြလေသည်။ မော်မော်တောင် နားမလည်ဘဲ သူတို့ ရယ်သဖြင့် ရယ်ရသည့် အခါမျိုး ရှိသေးသည်။
သူတို့ကလည်း စနေ၊ တနင်္ဂနွေတိုင်း ပွဲဆက်ကြည့်သူ မော်မော်ကို မှတ်မိသည်။ ဘိုင်စကုတ် မပြသေးခင်နှင့် အားလပ်ချိန်မှာ သမင်လည်ပြန် ကြည့်တတ်သည်။
သူတို့အကြောင်း သိသမျှမှာ ဒါပဲ ဖြစ်သည်။ သို့သော် မော်မော်သည် သူတို့အား အင်္ဂလိပ်ဘိုင်စကုတ် ကြည့်သူ၊ နားလည်သူများ ဖြစ်၍ ခေတ်ပညာ တတ်သူများမှန်း သိကာ အထင်ကြီးလေသည်။
မော်မော်သည် ခဏမျှ ခြေလှမ်း တုံ့နေစဉ် သူတို့အထဲမှ တစ်ယောက်က လာကာ “ ဪ …. တစ်ယောက်တည်း အဖော်ကွဲလာ သလား ” ဟု သိကျွမ်းဖူးသလို မေးသည်။
“ ဟုတ် … ဟုတ်ကဲ့ ”
“ ကျွန်တော်တို့ ကူရှာ ပေးပါ့မယ်။ မိန်းကလေးတစ်ယောက်တည်း မကောင်းပါဘူး။ လာပါ၊ မတွေ့မချင်း ကျွန်တော် စောင့်ရှောက်ပါ့မယ်။ မတွေ့လည်း အိမ် လိုက်ပို့ပါ့မယ် ”
ဤသို့ နှစ်ယောက်သား လျှောက်ခဲ့သည်။ ကျန်သည့် အဖော်နှစ်ယောက်ကား လစ်ကြလေပြီ။ မော်မော်သည် ပြပွဲကြီး ပျော်စရာ ကောင်းပုံကို သိလာလေသည်။ နှစ်ယောက်သား ရင်းနှီးလာကာ စကားတွေ ကြွယ်ကြလေ၏။ ထိုလူက သူ့ကိုယ်သူ “ ကိုမြထွန်း ကလေ ဘာညာနှင့် ပြောသဖြင့် နာမည် သိရသည်။
ကိုမြထွန်းသည် မော်မော်က ကွဲသည့် အဖော်များကို ဟိုသည် ဝင်ကြည့်ဖို့ထက် ဂရုမစိုက်သည်ကို တွေ့သဖြင့် ရှာဖို့ ဘာမှ မပြောတော့ချေ။ သူတို့ နှစ်ယောက်သည် လူညပ်သည့် နေရာများတွင် ရှောင်ရင်း တိမ်းရင်း တစ်ယောက်နှင့် တစ်ယောက် ပွေ့ဖက်မိလျက်သား ဖြစ်ရချေသည်။
လူရှင်းသည့်အခါ မော်မော်သည် ကိုမြထွန်း၏ ခါးကို သိုင်းထားသည့် မိမိလက်များကို ရုပ်လိုက်သော်လည်း သူ့ ပခုံးပေါ် က ကိုမြထွန်း၏ လက်များကား မလျှောပြေချေ။
သူတို့သည် လူတောထဲ မတိုးတော့ဘဲ မှောင်ခိုလာကာ နောက်ဆုံးတွင် ထွက်ပေါက် ဝင်ပေါက်လည်း မဟုတ်ဘဲ တစ်ဖက်က မည်းမှောင်သည့် ကွင်းပြင်သို့ ရောက်သည့် နေရာကလေးသို့ ရောက်ကာ မြက်ခင်း ပေါ် ထိုင်ကြသည်။ သည်နေရာမှာ လူလည်း မရှိ၊ မီးရောင်လည်း မလင်းသဖြင့် မော်မော်သည် မြေကြီးပေါ် ထိုင်ရမှာ မရှက်တော့ချေ။
ပြပွဲထဲမှာ အလင်းရောင်နှင့် လူတွေ၊ သည်မှာတော့ အမှောင်။ မော်မော်နှင့် ကိုမြထွန်း။ ပြပွဲမှာ အသံဗလံနှင့် လေညစ်၊ သည်မှာတော့ တိတ်ဆိတ်ခြင်းနှင့် သန့်ရှင်းလန်းဆတ်သည့် လေ။ သည် ဆန့်ကျင်ဘက် နှစ်ခုဟာ ခုလို နီးကပ်စွာ တစ်ဆက်စပ်တည်း တစ်မြေရာကွက်တည်းမှာ ရှိလိမ့်မယ်လို့ ဘယ်သူ တွေးမိပါမလဲ။
မော်မော်သည် ကြောက်သလိုလို ပျော်သလိုလို စွန့်စားခန်းတွေ ရင်ဆိုင် တိုးနေရသလို ဖြစ်မိသည်။ မော်မော်သည် အသက်ငယ်သော်လည်း သည်နေရာ၏ အဓိပ္ပာယ်ကို ရိပ်မိ နားလည်ပေသည်။
သူတို့ နေရာလေးမှာ လေတင်က ဖြစ်၍ တစ်ခါတစ်ရံ လေပြန်ဝှေ့လာမှ ဓာတ်စက်သီချင်း ၊ လူသံ ၊ သူသံ တို့ ကို ကြားရသည်။
ကိုမြထွန်းသည် စီးကရက် တစ်လိပ်ကို ညှိ၍ သောက်ရာ သူ့မျက်လုံးများကို လက်ခနဲ မြင်ရသည်။ မော်မော်သည် သူ့ မျက်လုံးထဲက တစ်ခုခု ဘာမှန်း မသိသော တစ်ခုခုကို ကြည့်ရင်း ချမ်းတုန် မိသလို ဖြစ်လာလေ၏။
“ ကလေးရယ် … ” ဟု ကိုမြထွန်းက ပျော့ပြောင်း ချော့မော့စွာ ခေါ်သည်။ သူသည် တစ်မော်တည်း မော်ရာက ကလေး ကလေးနှင့် ဖြစ်လာသည်ကို မော်မော် သတိထားခဲ့မိသည်။ မော်မော်ကလည်း ကိုမြထွန်းကိုဖြင့် အနှစ်နှစ် အလလက ချစ်ကြိုက်လာ သူလို ခင်မင်ရင်းနှီး မိလေသည်။
ကိုမြထွန်းက မြက်ခင်းပေါ် ကျောချ၍ လှဲလိုက်ကာ မော်မော့်ကို ပွေ့ လိုက်လေသည်။
မော်မော် အိမ်ပြန်ရောက်သော် ၁၁ နာရီ ခွဲ ပြီး ပေပြီ။
မေမေက မအိပ်ဘဲ စောင့်နေသည်။ ဖေဖေကမူ တစ်ရေးရ၍ ဆေးပြင်းလိပ် ထသောက်သည်။
အိမ်တွင်း သို့ ရောက်သည်နှင့် အပျော်စိတ် ပျောက်ကာ ဝမ်းသာပြောင်လှောင်ချင်စိတ် ပေါက်လာလေသည် ။ “ ယခုမှ မေမေတို့ ဖေဖေတို့ကို နိုင်ပြီ။ ငါမှန်း သိပလား ... ကိုင်း ... မှတ် ” ဟု စိတ်တွင်းမှ အခြောက်တိုက် ကြိမ်းလိုက်သည်။ သို့သော် သူပြုခဲ့သည့် အမှုသည် သူ့မိဘများထက် သူ့ ကို ပို၍ မှတ်စေမည်လား ဘာလားတော့ မသေချာချေ။
သူ့ ဖေဖေက ဆူမလို့လား မသိ၊ စကား ပြောရန် ပါးစပ် ဟလိုက်သည်နှင့် တစ်ပြိုင်နက် “ သိပ်တော်တဲ့ မေမေနဲ့ ဖေဖေ၊ သမီးကလေး တစ်ယောက်တည်း ပစ်ထားပြီး အိမ်ပြန် အိပ်ကြတယ် ” ဦးအောင် ပြောလိုက်ကာ သူ့ အခန်းတွင်းသို့ ဝင်၍ ပြေးလေသည်။
သူ့ မေမေက သမီးလေးသည် ငိုယိုရန် ပြေးဝင်သွားသည်ဟု ထင်လေသည်။
မော်မော်ကတော့ မှန်ထဲက ပန်းလျစွာ ပြက်ရယ်ပြု၍ ပြုံးနေသော မော်မော်ကို တစ်ချက်ကြည့်ကာ အဝတ်အစားမလဲဘဲ စားပွဲတွင် ထိုင်၍ တွေးနေလေသည်။
◾ကြည်အေး
📖 တာရာမဂ္ဂဇင်း
အတွဲ ၂ ၊ အမှတ် ၃၊ ဇူလိုင် ၊ ၁၉၄၈


Comments
Post a Comment