ဤလောကမြေမဟီဝယ် ဝတ္ထုတိုပေါင်းချုပ် @ သော်တာဆွေ



ဆရာသော်တာဆွေ 
အသက် ၇၆ နှစ် (၁၉၁၉ - ၁၉၉၅) 
၁၉၁၉ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ပေါင်းတည်မြို့အပိုင် ကြို့ပင်ရွာတွင် လယ်သမားကြီး ဦးဘိုးဆယ်၊ ဒေါ်လှရင်တို့မှ မွေးဖွား၏။ ၁၉၄၇၊ ဩဂုတ်လ ရှုမဝတွင် ‘ဘရန်ဒီတစ်ပုလင်း’ ဖြင့် စာပေနယ်သို့ ခြေချခဲ့၏။ ဟာသဝတ္ထုများ ဆက်တိုက်ရေးခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ‘ကြုံခဲ့ရသည်’ မှစပြီး ဘဝသရုပ်ဖော်စာပေ ရေးခဲ့သည်။ ငယ်မည်မှာ ဦးကျင်မောင်၊ နောင် ဦးကြင်ဆွေ ဖြစ်လာပြီး ‘သော်တာဆွေ’ ဟူသော ကလောင်အမည်ကို ဆရာကြီး ရွှေဥဒေါင်းအား အမှတ်ရစေရန် အမှီပြု ပြောင်းခဲ့၏။ သော်တာဆွေ၏ ဝတ္ထုရှည်များတွင် ‘ရန်အောင်ရတနာ’၊ ‘ဘွန္တောကြက်သူခိုး’၊ ‘အမြုတေ ရတနာ’၊ ‘မခင်နှင်းဆီ’၊ ‘ပပဝတီ’ တို့မှာ ထင်ရှား၏။ သူ၏ဇာတ်ကောင်များတွင် ဖြတ်စ၊ ကျော်စံကေး၊ ပေါ်ဦး၊ အေးဆွေတို့မှာ ထင်ရှားလှ၏။
ဆိုဗီယက်ယူနီယံသို့ ချစ်ကြည်ရေး စာရေးဆရာ ခရီးသည်အဖြစ် သွားဖူးသည်။ ဟာသသရုပ်ဖော် ဝတ္ထုတို/ရှည်များ ဆောင်းပါးများကို ဆက်တိုက်ရေးသားခဲ့သည်။
၁၉၆၁ - စာပေဗိမာန်ဆု
၁၉၆၉ - စာပေဗိမာန်ဆု
၁၉၇၀ တွင် အမျိုးသားစာပေဆု ရခဲ့သည်။
၄-၃-၉၅ နေ့တွင် ကွယ်လွန်သည်။

***


စာပေဆု ရွေးချယ်ရေးအဖွဲ့၏ မှတ်ချက်


ဤစာအုပ်၌ပါသော ဝတ္ထုများသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ စစ်ကြီးပြီးစ (ကက်စဘီ)ခေတ်၊ လွတ်လပ်ရေးခေတ်၊ ဖဆပလ နိုင်ငံရေး အကွဲအပြဲခေတ် ခေတ်ပြောင်း တော်လှန်ရေးခေတ်တို့တွင် နီးနီးကပ်ကပ် မြင်သိထိတွေ့ခဲ့ရသော တောနှင့်မြို့မှ ဆင်းရဲချမ်းသာ လူ့အလွှာအသီးသီးတို့၏ ဖြစ်ရပ်များ၊ ဓလေ့စရိုက်၊ အမူအကျင့်၊ အတွေးအခေါ်များကို မီးမောင်းထိုး၍ ရုပ်လုံးဖော်ပြထားသည်။ ဝတ္ထုတစ်ပုဒ်သည် ဝတ္ထုဇာတ်အိမ်တည်ဆောက်ရာ ခေတ်၊ စနစ်နှင့် လူမှုဘဝကို ကိုယ်စားပြုသော ပြယုဂ်များ ဖြစ်သည်။

ဤလောကမြေမဟီဝယ်တွင် ပါဝင်သော ဝတ္ထုတိုများသည် ခေတ်အမျိုးမျိုးမှ လူအမျိုးမျိုးတို့၏ ဘဝအမျိုးမျိုးကို ရေးဖွဲ့ထားသည့် သရုပ်ဖော် ဝတ္ထုတိုများ ဖြစ်သည်။ ရေးဖွဲ့ရာ၌ ဦးတည်ချက်ကောင်းသည်၊ ရသမြောက်သည်ဟု ဆုရွေးချယ်ရေးအဖွဲ့က မှတ်ချက်ချထားသည်။

***

“ဤလောကမြေမဟီဝယ် ဝတ္ထုတိုပေါင်းချုပ်၌ ပါဝင်သော ဝတ္ထုတိုများသည် ခေတ်အမျိုးမျိုးမှ လူအမျိုးမျိုးတို့၏ ဘဝအမျိုးမျိုးကို ရေးဖွဲ့ထားသည့် ဘဝသရုပ်ဖော် ဝတ္ထုတိုများ ဖြစ်သည်။ ရေးဖွဲ့ရာ၌လည်း ဦးတည်ချက်ကောင်းသည်။ ရသမြောက်သည်”

ဤသို့လျှင် အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီက ကောက်ချက်ပေးသော ‘ဤလောကမြေမဟီဝယ်’သည် သော်တာဆွေ၏ ဘဝရုပ်ပုံလွှာများ ဖြစ်ပေရာ အနုအရင့်၊ အနီးအဝေး၊ ရောင်စုံလှသော ကားချပ်များဟု ဆိုရပေမည်။

‘အလွန် အလုပ်များသူ’ မှာ တစ်နေသာကုန်၍ ဘာမှ မလုပ်ဖြစ်တော့ဘဲ လိပ်သားနှင့် ချက်မြည်းကာ အိပ်ပျော်ခြင်းသို့ ရောက်ရသော ပါးစပ်အလုပ်သမား ကိုမောင်ချိုကဲ့သို့ လူမျိုးအား သရော်ထား၏။ ‘အလုပ်အလွန်များလှသော ကိုမောင်ချိုသည် ယင်းည အိမ်ပြန်ရောက်သည်၌ နက်ဖြန် ဘာကစပြီး လုပ်ရမည်ကို မစဉ်းစားနိုင်ဘဲ အိပ်ပျော်ခြင်းသို့ ရောက်သွားလေ၏’ ဟု ဟာသဖြင့် ဇာတ်သိမ်းထားလေသည်။

ရှေးတုန်းက သုံးနှစ်သုံးမိုး စောင့်ကြရ၏။ လက်ထပ်ဖြစ်ပြန်တော့လည်း အပေးအယူ ညှိရ၏။ ပေါင်းဖက်မိသော ကွဲသည်ဟု မရှိသလောက်။ ယနေ့ခေတ်တွင် ယနေ့လက်ထပ်၊ နက်ဖြန် ကွာရှင်းကြပုံကို ‘သူ့ခေတ်နှင့်သူ’ တွင် လှစ်ပြထားသည်။ ရှေးခေတ်၏ သမီးရည်းစား အသုံးအနှုန်းကို ဟာသကလေး နှောထားသည်။

“တစ်ယောက်နှင့်တစ်ယောက် ကိုတွေ၊ မောင်တွေ၊ မိတွေ ခေါ်ဖို့ ဝေးဘိတောင်း၊ သူတို့နာမည်မှ မခေါ်တတ်ကြသေး။ ကျွန်တော့်အမည်မှာ မောင်ထွန်းလင်းဖြစ်ရာ မအေးယဉ်က အစ်ကို့အား “မောင်ထွန်းလင်းအစ်ကို” ဟု ခေါ်၏။ အစ်ကိုက သူ့ဇနီးလောင်းအား ကျွန်တော့်ရှေ့ထားပြီး ‘မင့် မမယဉ်’ ဟုဆို၍ စကားပြော၏။ တကတည်း ကျွန်တော်မရှိ၊ သူ ဘယ်လိုပြောမည်မသိ။”

‘ခေတ်ပြောင်းချိန်’ ဝတ္ထုမှာ သတ္တဝါတို့သံသရာမူ ‘မာနနှင့်ကာလ’ ဇာတ်အိမ်ကို ပြန်လည်၍ အသေးစိတ် ထပ်မှုန်းသော ဝတ္ထုရှည်ဖြစ်လာသည်။ ချစ်တီးကုလားတို့ခေတ်နှင့် ကျေးရွာသားတို့ အညံ့ခံရပုံနှင့် ယနေ့ခေတ် တောကျေးလက် သမဝါယမအထိ ဆွဲယူထားသည်မှာ ခေတ်ကာလများစွာကို ပြယုဂ်ပြုထားသည်။ ထိုခေတ်နှင့် မိဘမေတ္တာကို ဖွဲ့စည်းထားသည်မို့ အချစ်ဝတ္ထုကောင်းတစ်ပုဒ်လည်း ဖြစ်လာသည်။

လူ့လောကတွင် ဥစ္စာသည် အပင်မဟုတ်၊ ပြောင်းလဲပျက်စီးတတ်သည်။ ထို့အတူ အလှသည် အချိန်နှင့်အမျှ အိုမင်း ရင့်ရော်တတ်၏။ ဤသဘောကို ‘ဪ- ခင်လေးရယ်’ တွင် ပြောပြထား၏။ တစ်ခေတ်တစ်ခါက ရွာ့မျက်နှာဖုံး ကွမ်းတောင်ကိုင် သမီးပျို၏ ပြောင်းလဲတတ်သော ဘဝအတိုင်း အဆင်းရဲဆုံး မိန်းမဘဝရောက်နေသည်ကို ဖော်ပြရာတွင် ‘လောကဓံ’ တရားကို သတိရစေသည်။ လူ့ဘဝဆိုသည် မမြဲသည့်သဘောကို သံဝေဂ ပွားစေ၏။

လူ့မနောသည် ရလေလိုလေ အိုတစ္ဆေဖြစ်၏။ အားမရ၊ တင်းမတိမ်၊ အလိုရမ္မက်နောက် လိုက်တတ်သည်။ ထိုသဘောကို ‘လူ့မနော’ တွင် ဒန့်သလွန်သီးသည် သော်တာဆွေနှင့် သန်းသန်း၊ ဒေါ်ကြည်စု စသော အိမ်ရှင်မတစ်သိုက်၏ အရောင်းအဝယ် ဇာတ်လမ်းကလေးဖြင့် သရော်ထားသော လူ့သဘာဝ အဖွဲ့တစ်ခု ဖြစ်၏။ (ဤဇာတ်လမ်းမှာ မြန်မာ့အသံက ဇာတ်လမ်းပမာအဖြစ် ထုတ်လွှင့်ခဲ့သည်။) လူ့အလို နတ်မလိုက်နိုင်ဆိုသော စကားကိုလည်း သက်သေပြထား၏။ လူဆိုသည်မှာ သည်လိုပါကလားဟု ကန့်လန့်ကာကားကို လှစ်ပြသလို ထင်ရှားလှပေသည်။

သော်တာဆွေသည် လူ့သဘာဝ၊ လူ့စရိုက်၊ ဘဝ အထွေထွေကို ပီသအောင် ဖွဲ့နိုင်သူအဖြစ် သူ၏ ဘဝဝတ္ထုများက သက်သေခံနေသည်။ လူ့သဘာဝကို ထင်မြင်လာအောင် လည်းကောင်း၊ လူတို့အား စိတ်ခံစားမှုတစ်ခုခုကို ငြိစွဲစေသည်အထိလည်းကောင်း၊ လောက အဖြစ်အပျက်တို့အား ထင်ရှားလေသည်အထိ လည်းကောင်း ဖွဲ့နိုင်မှသာ စာပေကောင်းတို့၏ လက္ခဏာဟု ပညာရှင်တို့ သတ်မှတ်ကုန်၏။ ထို့ကြောင့် သော်တာဆွေ၏ ‘ဘဝစာ’ တို့သည် လူ့သဘော၊ လူ့စရိုက်၊ ခေတ်အကြောင်း ပီသစွာ ဖော်နိုင်သည်ဟု ယေဘုယျဆိုနိုင်သဖြင့် စာကောင်းတို့လက္ခဏာ ရှိသည်ဟု ဆိုနိုင်အံ့ထင်ပါသည်။

သော်တာဆွေသည် စာဖွဲ့ရာတွင် ရိုးရိုးနှင့် ပီပြင်အောင် ရေးနိုင်သည်သာမက ‘ပြော’ နိုင်သည်။ စာအဖွဲ့ကြား၌ စကားပြော ထည့်သွင်းရေးရာ၌ ကျွမ်းကျင်လှ၏။ (ဤအချက်ကို မကြိုက်သူလည်း ရှိပေမည်။) စာအဖွဲ့ စကားပြောဟု မထားဘဲ စကားနှင့် စာကို နှောကာ ပြောလေ့ရှိ၏။ ဥပမာ…

“ကူလီတွေကား ၎င်း နမူနာစပါးတွေ အများကြီး ခိုးယူပြီး သူတို့ ဝေယူရန်ဖြစ်၏။ ထို့ပြင် ၎င်းတို့သည် ပေါင်ချိန် ခိုးခြင်းဖြင့်လည်း စားပေါ က်ထွင်တတ်ကြသေး၏။ x x x ထိုလယ်သမားသည် စပါးရောင်းရပါပြီတဲ့။ ရှောရှောရှူရှူပဲ ချိန်ပြုပြီးသွားပြီ။ ငွေကို ချက်ချင်း မပေးသေး။ ၃-၄-၅-၆ ရက်၊ အိုး… ကြာချင်သလောက် ကြာမည်။ အဲသည်တော့ ဒီရက်တွေ မစောင့်နိုင်တဲ့ လယ်သမား။”

သော်တာဆွေသည် ဘဝသုံးသွယ် ကူးခဲ့၏။ ဟာသ၊ စုံထောက်မှ ဘဝသရုပ်ဖော် စာရေးဆရာဖြစ်လာ၏။ ပြန်တွက်သော ဘဝ စာရေးဆရာအဖြစ် ၁၉နှစ်မျှပင် ရှိချေပြီ။ လောက၏ သက်သေကောင်းတစ်ဦးသဖွယ် အမြင်ကို အမြင်အတိုင်း ရိုးရိုးရှင်းရှင်း ဖောက်သည်ချသော သူ့စာများသည် စာဖတ်သူတို့အတွက် ယနေ့တိုင် စွဲမြဲအောင် မြဲနေဆဲ ဖြစ်လေသည်။ သူသည်လည်း ကြိုးစားနေဆဲ ဖြစ်လေသည်။


စာသုသီ 

၁၉၇၃ ခု၊ မေလ၊ ရှုမဝရုပ်စုံမဂ္ဂဇင်း။ 

Comments