ခေတ်နှင့်လူ @ သော်တာဆွေ



ခေတ်နှင့်လူ။ လူနှင့်ခေတ်သည် အညမညဖြစ်၍ သဟဇာတ ပြုနေကြသည်။ ခေတ်သည် သက်မဲ့မဟုတ်။ သူ့ခေတ်သူ့အခါတွင် ဤခေတ်၏ ပုံသဏ္ဌာန်အတိုင်း လိုက်နာကျင့်သုံးရသည်။ ခေတ်၏စကားကို နားထောင်ရသည်။ လူကို ခေတ်က ရှေ့ဆောင်သွားသည်။ စင်စစ်ကား ဤခေတ်ကို လူကပင် ဖန်တီး အသက်သွင်းပေးထားခြင်း ဖြစ်သည်။ ဥပမာ ကာလယန္တရားကို ခေတ်ပေါ်ပုံသဏ္ဌာန် တည်ဆောက်၍ စီးနင်း လိုက်ပါကြသည်နှင့် တူသည်။ သို့သော် ဤယန္တရားသည် ဟောင်းမြင်း၍ လူများစုက မကြိုက် မနှစ်သက်သောအခါ (ဝါ) သူ့ထက်သာသော ပုံသဏ္ဌာန်တစ်မျိုးကို တွေ့မြင်လာကြသောအခါ ဤလူများစုကပင် အဟောင်းကို ဖျက်ဆီးပစ်လိုက်ကြပြီး အသစ်တစ်မျိုး စီမံ ဖန်တီးကြပြန်သည်။ တကယ်တော့ ခေတ်ကို လူများကသာ ပိုင်ဆိုင်သည်။ လူများကသာ ဖန်တီးနိုင်သည်။ လူများစု၏ အင်အားပေါ်မှာသာ တည်သည်။

ယခုအခါ မြန်မာပြည်တွင် ခေတ်ဟောင်းကို တိုက်ဖျက်ပစ်၍ ခေတ်သစ်ကို တည်ဆောက်နေကြသည်။ မြန်မာပြည်သည် လွတ်လပ်ရေးရပြီးမှ လူထုစိတ်ကြိုက် ခေတ်ကို တည်ဆောက်ရသည်မှာ သည်ဟာ ပထမဖြစ်သည်။ ဟိုယခင်ကမူ နယ်ချဲ့၏ အမွေဆိုး စနစ်ဟောင်းဖြင့်သာ ခေါင်းဆောင်ကြီးများက သက်သာစွာ စခန်းသွားခဲ့ကြသည်။ သည်လို အဟောင်းကို တိုက်ဖျက်၍ အသစ်ကို တည်ဆောက်နေရသော ခေတ်ပြောင်းကာလတွင် အရာရှိပိုင်းကလူရော၊ လုပ်သားပြည်သူများရော အရိပ်သုံးပါးကို နားလည်သင့်သည်။ ခေတ်အခြေအနေကို သုံးသပ်သင့်ပေသည်။ ရွှေစင်တစ်ပဲ လည်မှာဆွဲမိသော ဝိဒေဟရာဇ်မင်းကြီး၏ ပုတ်သင်ညိုလို မဖြစ်သင့်။

ကိုဘအေးနှင့် မလှဌေတို့သည် ဤခေတ်ပြောင်းကာလမှာ ဆိုရှယ်လစ်စနစ်၏ ဦးတည်ချက်ဖြစ်သော တောသူတောင်သား လယ်သမား၊ အလုပ်သမား ကောင်းစားရေးတွင် အောင်မြင်စပြုနေသော ဒေသတစ်ခုမှာ လယ်ယာလုပ်သားအနေဖြင့် အကျိုးထူးခံစားရသော အိမ်ထောင်တစ်ခု ဖြစ်လေရာ ရှေးယခင် ခေတ်အဆက်ဆက်က မကြုံဘူးသောငွေများ စုဆောင်းမိကြကြောင်း ဖော်ပြခဲ့သည်။ ခြံမြေဝယ်၍ တဲကုပ်ငယ်ဖျက်ပြီး အိမ်ကြီးဆောက်ဖို့ပင် ကြံစည်နေကြသည်။ သို့ရှိစဉ် မမျှော်လင့် မတွေးထင်အပ်သော ရတနာပုံကြီး ဆိုက်လေ၍ အခြေအနေသည် ကြီးစွာသော ပြောင်းလဲခြင်းကြီးကို ဖြစ်သွားသည်။ ခေတ်ဟောင်းက လယ်မြေပိုင်ရှင်ကြီး၏ ခြံကြီးအိမ်ကြီးကို အပိုင်စားရလျက် သူရင်းငှားတစ်ယောက်နှင့် လယ်ဧက ၂၀ ကျော်ကို စီမံအုပ်ချုပ်ရသည်။ ထွန်ပိုင်၊ လယ်ပိုင်၊ နွားပိုင်၊ လှည်းပိုင်တွေနှင့် ဖြစ်နေသည်။

ဦးမာဒင်သည် ဟိုးယခင် သမီး ခိုးရာလိုက်သွားစဉ်က ပြန်ယူသိမ်းဆည်းထားခဲ့သော ရွှေဝတ်ရွှေထည်များကို သမီးအသက် ၅၀ ကျော် ၆၀ နီးကြီးအား ထုတ်ပေးသည်။ မလှဌေးမိခင် ကွယ်လွန်သူ ဒေါ်လှမယ်၏ အဝတ်သေတ္တာများကိုလည်း ပေးအပ်သည်။

ထိုအခါ မလှဌေးတို့ သားအမိတွေမှာ ရုတ်တရက် နတ်ရေကန်ထဲ ပစ်ချလိုက်သည့်နှယ် တစ်သွေးတစ်မွေး ပြောင်းလဲသွားကြသည်။ ရွှေဝတ်ရွှေထည်များကိုကား အဘွားကြီးဘက် သက်နေပြီဖြစ်သော မလှဌေးက မဝတ်တော့ဘဲ သမီးကလေးမြခင်ကို ညွတ်နေအောင် ဆင်သည်။

ယင်းသည်ပင် သမီးကလေး မြခင်၏ ဇာတ်လမ်း တစ်ခန်းဖွင့်ခြင်းတည်း။

မြခင်သည် အရွယ်ကောင်း အချိန်ကောင်းမှာ အခြေအနေကောင်းကို ရသည်။ ခြံကျယ် ဝန်းကျယ်ကြီးထဲတွင် အိမ်ကြီးအိမ်ကောင်းမှာ နေရလျက် ဝတ်ကောင်းဆင်လှကို ဝတ်ဆင်ရန် လက်ဝတ်လက်စား ပြည့်ပြည့်စုံစုံနှင့် ဖြစ်လေတော့ အလှကျက်သရေ တက်ဖြိုးဝေသည်ပေါ့။

ယင်း၌ ဖအေ၏ သွေးပါသော ဒေါ်လှဌေး ဘဝင်ကိုင်လေသည်။ သူ့ဖခင်၏နေရာတွင် သူဝင်လေသည်။

ယခင်က တောင်ပိုင်း၌ ဆင်းဆင်းရဲရဲနှင့် သူများခြံထဲ အိမ်ကုပ်ကလေး ဆောက်နေရစဉ်က သဘောတူ ကြည်ဖြူခဲ့သော မြခင်ရည်းစား မောင်ကြွေနှင့် သဘောမတူတော့ဘူး ဖြစ်လေတော့သည်။ ဟိုယခင် မောင်ကြွေ ရှာပေးသော ဖားငါး စားနေရစဉ်က၊ မောင်ကြွေ ခပ်ပေးသောရေ သောက်သုံးနေရစဉ်က မောင်ကြွေမှ မောင်ကြွေဟဲ့၊ ခုတော့ သမီးအား ညည်းကောင်တို့နဲ့ မတန်တော့ဘူးဟု ဟန့်တားသည်။ မောင်ကြွေ လာမလည်စေရန် အမိန့်ထုတ်သည်။

သည်အခါမှာ မွန်းဘအေးကပါ မယားဘက် ခပ်ပါပါ ဖြစ်လာသည်။ သူကလည်း လယ်ပိုင်၊ မြေပိုင်၊ အိမ်ကြီးရခိုင်နှင့်ဆိုတော့ ဘဝင်ကိုင်လာပြီပေါ့။

သို့သော်လည်း လူငယ်တို့၏ ချစ်ခြင်းမေတ္တာက ရိုးသား မှန်ကန်လှပါသည်။ ဒေါ်လှဌေးသည် ဦးမာဒင်သမီး ဖြစ်သကဲ့သို့ မြခင်ကလည်း ဒေါ်လှဌေးသွေး ဖြစ်ရကား မအေ့နည်းတူပဲ မောင်ကြွေနှင့် ခိုးရာလိုက်ပြေးလေသတည်း။

ဟင်… ရှင်လှဌေးတို့ ဒေါပွလိုက်တဲ့ဖြစ်ခြင်း။ သူ့အဖေတုန်းက သူ့ကို လုပ်တဲ့အတိုင်းပဲပေါ့၊ ပါသွားတဲ့ လတ်ဝတ်လက်စားတွေ လိုက်သိမ်း၊ တစ်သက်အပြတ်ဟေ့။

“ဘယ့်နှယ်တော်၊ အရပ်က ပြောစရာဖြစ်ပြီပေါ့၊ မအေ့ခြေရာနင်းတဲ့ သမီးရယ်လို့၊ ဒီပုတ်ထဲက ဒီပဲ၊ ခြံခုန်တဲ့အမျိုး ခုန်တာပဲလို့ ဆိုကြတော့မယ်ပေါ့”

“ဒါတော့ဗျာ၊ ကလေးတွေကိုချည်း အပြစ်မဆိုပါနဲ့ဦး၊ မိဘတွေ လုပ်ပုံကလည်း ရှိသေးသကိုးဗျ။ သူတို့ချင်း ချစ်ကြိုက်နေတာပဲ၊ ပေးစားလိုက်ရင် ဘယ် ဒီလိုအကြောင်း ဖြစ်စရာရှိမလဲဗျ…”

ဖိုးထောင်တို့ ညီအစ်ကိုနှစ်ယောက်က ဒေါ်လှဌေးတို့လင်မယားကို ပြောကြသည်။

“ကိုယ့်ညီမ ဒီလိုဖြစ်တော့ ကျွန်တော်တို့လည်း ရှက်ရသဗျ။ ဒါဟာ ခင်ဗျားတို့အပြစ်ပဲ” ဟု ဖိုးဆောင်က ပြောသည်။

မလှဌေးက မျက်နှာထားစူလျက်…

“ဟဲ့… ငါ့ကိုချည်း အပြစ်တင် မနေကြနဲ့ဦး၊ ငါတို့က သဘောတူချင်ဦးတော့၊ ငါ့အဖေကြီးစိတ် နင်တို့သိတယ် မဟုတ်လား၊ ငါ့ကိုယ်ငါ အခုမှ ပြန်သိက္ခာဆယ်နေရတုန်း၊ အခု သူ့မြေးကပါ ဒီလိုဖြစ်ပြန်တယ်ဆိုတော့ ငါ့အဖေအိုကြီး သေခါနီးမှ သမီးတင်မက မြေးမကပါ ဒုက္ခပေးရာ ရောက်မနေပေဘူးလား ဖိုးဆောင်ရဲ့။ ငါ ဘယ့်နှယ်လုပ် မျက်နှာပြပါ့မလဲ၊ ဘယ်နှယ့်လုပ် အကြောင်းကြားပါ့မလဲ…”

ကိုဘအေးက သူ့နဂို အေးစက်စက်အသံဖြင့်…

“အကြောင်းမကြားပါနဲ့လေ၊ ဟိုမှာ တရားထိုင်နေတာ အနှောင့်အယှက် ဖြစ်ပါ့မယ်၊ နောက်မှ ယောက်ယားပေါ့…”

ယင်းအချိန်၌ ဖိုးမာဒင်မှာ နိဗ္ဗိန္ဒချောင်၌ သွား၍ တရားထိုင်နေသည်။

ထိုမှ ၄ ၅ လလောက်အကြာ ဖိုးမာဒင် ပြန်ရောက်လာလေ၍ သမီးဖြစ်သူက ငိုကြီးချက်မနှင့် တိုင်ပါလေသည်။ ဖိုးမာဒင် အကျိုးအကြောင်း သိသွားသောအခါ၌ လွန်စွာ ဒေါပွလေသည်။ ဖိုးမာဒင်စကား ကြားရသည်၌ မလှဌေးတို့မှာ အံ့အားသင့်သွားလေသည်။

“နင်တို့သမီး ဒီကောင်လေးနဲ့ မတူဘူး မတန်ဘူးလို့ ဘယ်သူက ပြောကြသလဲတဲ့ဟင်၊ ငါတို့တရားတော်နဲ့ပဲ ကြည့်ကြည့်၊ ခု ခေတ်ပြောင်းနေတာနဲ့ပဲ ကြည့်ကြည့်၊ လူတန်းစား မကွဲကြတော့ဘူးဆိုတာကို နင်တို့ဟာ အရိပ်သုံးပါးလည်း နားမလည်ကြဘူး၊ ခေတ်ကိုလည်း မသုံးသပ်တတ်ကြဘူး၊ ငါ့ခေတ်နဲ့တုန်းက ငါမိုက်ခဲ့တာကို ငါ ပြန်အဖတ်ဆယ်ရပြီ မဟုတ်လား၊ သွား ငါ့မြေးနဲ့ ငါ့မြေးသမက်ကို ခေါ်ခဲ့ကြ၊ လှည်းတပ်သွား…”

ဒေါ်လှဌေးမှာ မျက်ရည်တွေသုတ်ကာ ဝမ်းသာလုံး ဆို့သွားလေသည်။ စင်စစ် သူသည် ကောင်မလေးနှင့် ကောင်လေးကို သဘောမတူ၍ မဟုတ်ပေ၊ သူ့အဖေကြီးကို ကြောင့်ကြစိုးရိမ်မိကာ အဘိုးကြီးပြောသကဲ့သို့ ခေတ်သဘောနှင့် အရိပ်သုံးပါးကို နားမလည်မှုသာ ဖြစ်ချေ၏။

ယခု သူတို့သည် ဝမ်းသာအားရနှင့် လှည်းကိုမောင်းနှင်၍ ထွက်ခဲ့ကြသည်။ အခါရာသီမှာ မနှစ်က သူတို့ဖခင်ကြီးအိမ်သို့ ပြောင်းခဲ့ကြသော တပေါင်းလပင် ဖြစ်သည်။ လုံးဝအဆက်အသွယ် ဖြတ်ထားလင့်ကစား မောင်ကြွေတို့လင်မယားသည် ယခင်က သူတို့နေခဲ့ကြသော အိမ်ကလေးမှာပင် ဦးဖိုးဆင်၏ ခွင့်ပြုချက်ဖြင့် နေကြကြောင်း ကြားသိပြီးဖြစ်သည်။

သမီးနှင့်သမက်ကို တစ်ခါတည်း ခေါ်ခဲ့မည်။ အိမ်ကုပ်ကလေးမှ ကယ်တင်ခဲ့မည်ပေါ့။

သို့သော် ထိုခြံထဲ သူတို့လှည်း ဝင်မိသည်၌ လင်မယားနှစ်ယောက်သား မျက်လုံးတွေ ဝိုင်းဝိုင်းလည်သွားကြသည်။ အကြောင်းမှာ အရပ်ထဲမှ လူပေါင်းမြောက်မြားစွာနှင့် အိမ်သစ်ကြီးတစ်လုံးကို ဆောက်နေကြသည်။ ထိုနေ့သည် မောင်ကြွေတို့လင်မယား အိမ်တိုင်ထူကြသော နေ့ပင်တည်း။

အလို လက်တစ်ပိုက်လောက်ရှိသော ကျွန်းတိုင်ကြီးများနှင့် ၄ ပင် ၃ ပင် အိမ်ကြီးပါတကား။ ဆောက်သည့်နေရာမှာလည်း မိမိတို့ယခင်က ရည်မှန်းထားသည့် အိမ်ဟောင်းကလေး၏ ခေါင်းရင်းနားတွင်ပင်။

သူတို့လင်မယား လှည်းနှင့် ဝင်လာကြသည်ကို မြင်လျှင် လူအပေါင်းတို့သည် ဆီး၍ ကြည့်ကြလျက် နှုတ်ဆော့တတ်သော ဖိုးထောင်က စတင်၍…

“ဟဲ… ဟဲ… တစ်သတ်အပြတ်ပဲတို့ ဘယ့်နှယ် ဖြစ်လာကြတာတုံး…”ဟု ဆီးအုပ်လိုက်သည်၌ နှစ်ယောက်သား ရှက်သွေးဖြာသွားကြသည်။

မလှဌေးသည် လှည်းပေါ်မှ အမြန်ဆင်း၍ လုပ်အားကူကြသော လူ ၂၀ ကျော်ကို ကျွေးမွေးရန် ချက်ပြုတ်နေသော သမီးဆီသို့ ပြေးဖက်ကာ ငိုချင်းချ၏။

“အလွမ်းသယ်သဗျ၊ ကန်စွန်းနွယ်က…” ဟု ဖိုးထောင်က အော်လိုက်ပြန်သည်၌ မောင်ခွေးကပါ…

“ဪ… တောင်းဆိုး ပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိတာ၊ ပုစွန်လုံးတော့ ဘယ်ပစ်နိုင်မလဲ၊ ငါးပိဖျော်ရတာပဲ…” ဟု ဝိုင်းတွယ်ကြသည်တွင် ဒေါ်လှဌေးသည် မျက်ရည်တွေအရွှဲသားနှင့် ပြုံးကျဲကျဲကြီးဖြစ်လျက် ထိုင်ရာမှထ၍ ခါးထောက်ကာ…

“ဟဲ့ သေခြင်းဆိုးတို့၊ ကာလနာတို့ နင်တို့က ငါ့ကိုများ နောက်စရာ အောက်မေ့နေကြသလားဟဲ့…”

“နောက်ဆရာ မဟုတ်ပါဘူးခင်ဗျာ၊ အရင်ဆရာ လက်ဦးဆရာတွေလိုပဲ သဘောထားပါတယ်၊ ခေတ်ပြောင်းကာလကြီးမှာ သားရေးသမီးရေး နမူနာယူဖို့ပေါ့…” ဟု ပြည်သူ့ဆိုင်မန်နေဂျာ ဖိုးထွန်းရှိန်ကပါ ဝင်အုပ်၍ ဝိုင်းဟားကြ၏။

မလှဌေးသည် သမီးထံမှ အကျိုးအကြောင်း သိရသည်မှာ ဤအိမ်တစ်ကွက်စာမြေကို ဦးဖိုးဆင်က သူတို့အား လက်ဖွဲ့ကြောင်း၊ မောင်ကြွေစုထားသောငွေနှင့် အိမ်ဝယ်ဆောက်ကြောင်း။

ထိုစဉ် အိမ်ဆောက်တာကို ကြည့်ရအောင်လာသော ဦးဖိုးဆင်နှင့် တွေ့ကြ၍ ကိုဘအေးတို့လင်မယားက အကျိုးအကြောင်း ပြောပြကြတော့ ဦးဖိုးဆင်က…

“အစကတည်းက ငါ ပြောသားပဲ၊ နင်တို့ကသာ ထင်နေကြတာ၊ ဒီအဘိုးကြီး စိတ်ကျ၊ တရားရနေပြီဆိုတာ ငါသိသားပဲဟ၊ သူခေတ်ကို နားလည်နေပြီ၊ နင်တို့သာ ယောင်ဝါးဝါးနဲ့ ချောက်မှန်းကမ်းမှန်း မသိဖြစ်ခဲ့ကြတာ၊ ကဲ.. ပြီးပြီးသားဟာ ထားတော့၊ ခုလိုဖြစ်ကြတော့ အားလုံးစိတ်ချမ်းသာရာ ရကြတာပေါ့လေ၊ လူ့ပြည်မှာ စိတ်ချမ်းသာဖို့က အရေးကြီးဆုံးဟ၊ ကလေးတွေ အပါခေါ်ခဲ့ဖို့ဆိုတာတော့ မဖြစ်နိုင်တော့ဘူး၊ ဒီမှာ သူတို့လည်း အိမ်ကြီးရခိုင် ဆောက်နိုင်နေပြီကပဲ၊ ဖိုးမာဒင်လည်း ကလေးတွေ ဒီအခြေအနေ ရောက်နေတယ်ဆိုတာ သိရင် ဝမ်းသာမှာပါကွာ…”

ကိုဘအေးတို့ လင်မယားသည် မိမိတို့ခေတ်တုန်းက အဖြစ်နှင့် ယခုခေတ်အဖြစ်ကို နှိုင်းယှဉ်၍ စဉ်းစားမိလေသည်။

သူတို့ အနှစ် ၄၀ ကျော် နေထိုင်ခဲ့သော အိမ်ကုပ်ကလေးမှ ယခု ကြင်စဦးမောင်နှံတို့ ဆောက်နေကြသော အိမ်ကြီးကို မော့်၍ ကြည့်လိုက်မိသည်။

ဪ… ခေတ်သည် ပြောင်းလဲခဲ့ချေပြီတကား….။


(၁၉၆၆ ခု၊ ဩဂုတ်လ မြဝတီ)

Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး