ခေတ်ပြောင်းချိန် @ သော်တာဆွေ


ယင်းသို့ ရုတ်တရက် ပြောင်းသွားသော အခြေအနေကြောင့် ရတက်ပွေရသည်မှာတော့ မောင်ဘအေးနှင့် မလှဌေးတို့ သမီးရည်းစားတည်း။

ထိုအချိန်၌ သူတို့အသက်များမှာ ၁၉ နှစ်နှင့် ၂၁ နှစ် ဖြစ်ချေသည်။ ယခင်က မိဘချမ်းသာတာချင်းလည်းတူ၊ ရုပ်ချောမောလှပတာချင်းလည်း ဘက်ညီလှ၍ သူတို့နှစ်ယောက်တော့ မြေကြီးလက်ခတ်မလွဲ လက်ထက်ပွဲကြီး ကျင်းပတော့မှာပဲဟု အများက အောက်မေ့နေကြစဉ်မှာ မမျှော်လင့်ဘဲ ဘက်ညီလှသော ရွှေနဲ့မြ၊ နေနဲ့လတို့ ဂဟေပဲ့ကျသွားခြင်း ဖြစ်လေတော့သည်။

ပထမတွင်မူ ဦးမာဒင်က ဆင်းရဲသွားသောမိသားစုကို သနားသောအားဖြင့် သက်ညှာမှုများ ပြုလိမ့်မည်လားဟု မျှော်လင့်ကြသေး၏။ သို့သော် ဦးမာဒင်သည် ဤလူစားမျိုးမဟုတ်၊ မောင်ဘအေးအား အိမ်နားသို့ ရစ်သီခွင့်မပေးခြင်းဖြင့် သူ၏စိတ်သဘောကို ထုတ်ဖော်ပြောလိုက်ခြင်း ဖြစ်၏။ သည်အခြေမှာ သူ့သားစံရွေး၏စိတ်ကြိုက်လည်း ဖြစ်သွားလေ၏။ လွန်ခဲ့သောနှစ် လှည်းယာဉ်ပြိုင်ပွဲတုန်းက “ဟေ့ မင်းနဲ့ငါ ရည်းစားလုဘက်လည်း မဟုတ်ပါဘူးကွ” ဟူသော ဘအေး၏ တင်လိုက်သောစကားလည်း ရှိခဲ့သည်မဟုတ်တုံ့လော။

ကျေးရွာရှိ ကြေးရတတ်မိဘများ၏ သားသမီး အိမ်ထောင်ရေးကိစ္စမှာ ပထမ ပစ္စည်းအင်အား၊ ဒုတိယ ရုပ်ရည်နှင့် စိတ်နေသဘောထား၊ တတိယ ဆွေမျိုးအသိုက်အဝန်း။ ဤသုံးချက်တွင် ယခု မောင်ဘအေးမှာ အရေးကြီးဆုံးသော ပထမအချက်ကြီး ချွတ်ယွင်းခဲ့လေပြီ။

မလှဌေးတွင် ဦးမာဒင်ကြီး ဒေဝါလီခံခါနီး၌ တိတ်တိတ်ပုန်း နာမည်လွှဲပေးအပ်သော လယ်ဧက ၂၀ မျှပင်ရှိနေရာ သတို့သားဘက်က ဧကအစိတ်သုံးဆယ်မျှပါမှ စေ့စစ် လက်ခံပေတော့မည်။ မောင်ဘအေး လက်မှိုင်ချရတော့သည်။ သူကိုယ်တိုင်မှ ယခုအခြေတွင် နောင်တော်ကြီး ကိုဖိုးဆင်အိမ်၌ အကူသူရင်းငှားကလေး လုပ်နေရသည်။ လယ်ကိုထွန်တတ်ပြီးဖြစ်သော်လည်း ချမ်းသာသော မိဘလက်ထက်တွင် သက်သောင့်သက်သာ နေခဲ့သည်ဖြစ်၍ လယ်တစ်တုံးလုပ်ကို ပယ်ပယ်နယ်နယ် မလုပ်နိုင်သေးသဖြင့် ခေါင်းဆောင်လုပ်သူရင်းငှား မဖြစ်သေး၊ သည်နှစ်ကြိုးစားပါမှ ရှေ့နှစ်ခါ ဖြစ်နိုင်ပေမည်။

ယင်းသို့ဖြင့် မောင်ဘအေးနှင့် မလှဌေးတို့အချစ်သည် ဝေးသလိုဖြစ်၍ သွေးအေးနေခဲ့ရာမှ ဦးစံရင်ပျက်စီးပြီး တစ်နှစ်မျှအကြာ၌ မလှဌေးကို အခြားရွာက လယ်ပိုင်ရှင်သားတစ်ယောက်နှင့် ကြောင်းလမ်းသည်တွင် မောင်ဘအေးသည် မလှဌေးကို ခိုးယူထွက်ပြေးလေသတည်း။

ဦးမာဒင်က အရှက်ရ၍ သမီးကို သေခန်းဖြတ်လိုက်လေသတည်း။

သည်တွင် မောင်ဘအေးနှင့် မလှဌေးတို့ ဆင်းရဲသားအိမ်ထောင်စခန်း စလေသတည်း။

တဲအိုပျက်မှာနေ၍ ထမင်းရည်အတူ လျက်ရစေတော့ဟု တင်စားအပ်သော မလှဌေးတို့အချစ်သည် ခိုင်မြဲ၏။ လယ်လုပ်ချိန်တွင် မောင်ဘအေးက သူများအိမ် သူရင်းငှားလုပ်၍ မလှဌေးက ကောက်စိုက်လိုက်ရ၏။ ကောက်ရိတ်ချိန်မှာ ကောက်ရိတ်ရလေ၏။ လယ်လုပ်ခွင့်အားလပ်ချိန်မှာ ရက်ကန်း ရက်ရ၏။

ထိုစဉ်တွင် လယ်ကူလီလုပ်ရသည်နှင့် ရက်ကန်းရက်ရခြင်းတို့မှာ လွန်စွာ အောက်ကျနောက်ကျ နိုင်လှ၏။ ရက်ကန်းမှာ တစ်တန်းပြတ်သော်မှ ရက်ခ လေးငါးကျပ်မျှရ၍ မြို့ပေါ်ရှိ ချည်ပုံပေးတရုတ်တို့၏ စီးပွားရေးကို ဖြည့်တင်းရခြင်းသာ ဖြစ်သည်။ ကောက်စိုက်ခ၊ ကောက်ရိတ်ခတို့မှာလည်း ဘယ်တော့မှ လက်ငင်းရသည်မဟုတ်ဘဲ ဖော်ပြခဲ့သည့်အတိုင်း စပါးပေး၊ တင်းတိုးချေးတို့ဖြင့်သာ စားသောက်နေထိုင်ခဲ့ရသည်။

အင်္ဂလိပ်လက်အောက် ကျွန်သဘောက်ခေတ်တွင် တောရွာနေ ဆင်းရဲသားတို့၏ လုပ်ကိုင်စားသောက်ကြပုံကို ဖော်ပြရဦးမည်။

ကျေးရွာတွင် ငါးပိ၊ ငါးခြောက်၊ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆား စသော အခြေခံစားသုံးကုန်များ ရောင်းသော ကုန်စုံဆိုင်များရှိ၏။

ကိုဘအေးနောင်တော် ဦးဖိုးဆင်ဇနီး ဒေါ်မြရင်အိမ်မှာ ကုန်စုံဆိုင်ဖွင့်ထား၏။

ကိုဘအေးသည် ဦးဖိုးဆင်အိမ်မှာ သူရင်းငှားလုပ်ရ၏။ မလှဌေးက ကောက်စိုက်ချိန်မှာ ကောက်စိုက်၍ ကောက်ရိတ်ချိန်မှာ ကောက်ရိတ်ရ၏။ ယင်းလုပ်ခတို့ကို ရည်ညွှန်း၍ ဒေါ်မြရင်ကုန်စုံဆိုင်မှာ သူတို့ကုန်ကြွေးယူ၍ စားရ၏။ ယင်းအကြွေကား ကျသလောက်သာ ပေးဆပ်ရသည်မဟုတ်သေးချေ။ တတိတိနှင့် ယူစားခဲ့ကြွေးများကို တစ်နှစ်လျှင် တစ်ချိန်တွင် စုပေါင်း၍ စပါးပေးထားပြီး စပါးပေါ်ချိန်မှာ ပေးဆပ်ရ၏။ ‘ပေးဆပ်ရ၏’ ဆိုသည်ထက် ‘ခုနှိမ်လိုက်၏’ ဆိုသည်က ပို၍မှန်ပေသည်။ အသို့မူ မလှဌေးတို့ တတိတတိနှင့် ယူစားခဲ့သော ကြွေးစုပေါင်းလိုက်ခြင်းသည် ဥပမာ ငွေ ၆၀ိ ဖြစ်နေပေအံ့၊ ထိုခေတ် ထိုအချိန်က စပါးပေါက်ဈေး ၁၅၀ိ ဆိုအံ့၊ ငွေ ၆၀ိ သည် စပါးတင်း ၄၀ သာ ဖြစ်၏။ ယင်းကို စပါးပေးစနစ်ဖြင့် တင်းတိုးပြုလိုက်သောအခါ အများအားဖြင့် နှစ်ဆတိုးယူလေရာ ကဲ… ကိုဘအေးက ဦးဖိုးဆင်၏ ညီလည်းဖြစ်၊ ကိုယ့်အိမ် သူရင်းငှားလည်းဖြစ်မို့ ၈ တင်းတိုးပဲ ယူတယ်ထားတော့ မူရင်း ၄၀ တင်းတိုး ၃၂ နှင့် ၇၂ တင်း ဖြစ်သွားလေသည်။

ကဲ… ကိုဘအေးရဲ့ သူရင်းငှားခက တင်း ၄၀ ပဲရသဗျ၊ မလှဌေး ကောက်စိုက်ခ၊ ကောက်ရိတ်ခက ဒီအိမ်မှာ နှစ်ဆယ် အစိတ်ထက် ပိုမရနိုင်ဘူးခင်ဗျ။ သည်တော့ တစ်နှစ်လုံးလုပ်စာ ခုနှိမ်လိုက်၍မှ မကြေ။ ကြွေးဝလချီးလည်ပြီး နေပေတော့သတည်း။

လယ်လုပ်ငန်းရပ်နားချိန်တို့တွင် မလှဌေး၏ ရက်ကန်းရက်ခရတာနှင့် ကိုဘအေး၏ အခြားလုပ်ငန်းကလေးများ၊ ကျပန်းလုပ်ခြင်းဖြင့် ဝတ်ရေးစားရေးကို ဖြည့်ရသေး၏။

ယင်းသို့ဖြင့် ကိုဘအေး မလှဌေးတို့ လင်မယားသည် သားသမီးတွေ တစ်ယောက်ပြီးတစ်ယောက် မွေး၍ ခေတ်အဆက်ဆက်ကို ကျော်ဖြတ်ခဲ့ရာ ယခု တော်လှန်ရေးအစိုးရလက်ထက်ကျမှ အသက်ရှူချောင်စပြု၍ ငွေကလေး ကြေးကလေးများ လက်ထဲကိုင်ရပြီဖြစ်ကြောင်း အစ၌ ဖော်ပြခဲ့ပါ၏။ ဟိုယခင်တုန်းကမူ သူတို့လက်ထဲမှာ ငွေစများကို ကိုင်ခဲ့ရသည်မရှိချေ။ မြီရှင်၏စာရင်းမှာသာ သူတို့ဘယ်လောက်ဖိုး ယူစား၍ ငွေမည်မျှသင့်သည်ကို စပါးပေးထားကာ တင်းရေမည်မျှ ခုနှိမ်လိုက်ရသည်ဟုသာ ရှိပေမည်။ ယင်းသို့လျှင် ဆင်းရဲသားများသည် မသေရုံအသက်နှင့် အရှက်လုံရုံလောက်သာ ဝတ်ဆင်နေခဲ့ရသော ခေတ်ဖြစ်လေ၏။

ကိုဘအေးနှင့် မလှဌေးတို့သည် စုစုပေါင်း သားသမီး ၇ ယောက်မွေးခဲ့ပြီး ၃ ယောက်ပျက်စီး၍ ၄ ယောက် အဖတ်တင်ခဲ့သည့်အနက်မှ အကြီးနှစ်ယောက်က အိမ်ထောင်ကျသွားခဲ့ပြီ။ ယခု သမီးပျိုကလေး မြခင်နှင့် သားအငယ်ဆုံးလေး မောင်ထွေးတို့သာ လက်ရှိအတူတကွ နေထိုင်ကြသည်။

ယခု လက်ရှိအခြေမှာ အစကဖော်ပြခဲ့သည့်အတိုင်း ကျေးရွာဆင်းရဲသားများ အလွန်တရာ ချောင်လည်ကြ၍ ကိုဘအေးတို့လင်မယားမှာ ငွေတော်တော်များများပင် စုမိနေသဖြင့် လက်ရှိ မြေယာကွက်ကိုဝယ်ပြီး အိမ်ကြီးရခိုင်ဆောက်ရန်ပင် ကြံစည်နေပြီဖြစ်လေ၏။

အခြားသူတွေ အသစ်ဆောက်ကြသော အိမ်ကြီးများကိုကြည့်၍ စိတ်ကူးရွှင်စွာ ပြည်သူ့ဆိုင်မှ ပြန်လာခဲ့သော မြခင်သည် အိမ်ပြန်ရောက်သောအခါ၌ နွားတင်းကုပ်သိမ်းဆည်းနေသော မောင်ထွေးနှင့် ရေခပ်နေသော မောင်ကြွေကို တွေ့ရလေသည်။

ဤနေရာ၌ မြခင်ရည်းစား မောင်ကြွေ အကြောင်းကို ပြောရမည်။ မောင်ကြွေသည် မုဆိုးမဒေါ်ဖွား၏ သားဖြစ်သည်။ ရှေးကထုံးစံအတိုင်း ခေတ်အဆက်ဆက်က ဆင်းရဲခဲ့သော မျိုးရိုးဖြစ်ဘိလည်း ယခု တော်လှန်ရေးအစိုးရလက်ထက်တွင် ဖော်ပြပါ ရွာသားများကောင်းစားကြသည်။ အများနည်းတူ မောင်ကြွေတို့ အိမ်သားများလည်း ငွေကြေးရွှင်လျက် ရှိကြလေပြီ။ မောင်ကြွေအစ်မ အပျိုကြီးတစ်ယောက်နှင့် သူ့အမေဒေါ်ဖွားက ရက်ကန်းတွင် တစ်လလျှင် ချည်လေးထုပ်၊ တစ်ထုပ်လျှင် ချည်လေးထုပ်၊ တစ်ထုပ်လျှင် ၉ အုပ်၊ ပေါင်း ၁၂၆ အုပ်တန်းပြီး မှန်မှန်ပြတ်လျက်နေသည်။ မောင်ကြွေက အသက် ၂၀ ကျော်ပြီဖြစ်၍ လယ်အလုပ်ကို ကျွမ်းကျင်စွာ လုပ်တတ်ပြီဖြစ်သည့်အပြင် အချိန်အခါအလျောက် အလျဉ်းသင့်ရာအလုပ်ကို ပေါ့ပါးသွက်လက်စွာ လုပ်တတ်ပြီဖြစ်သည့်အပြင် အချိန်အခါအလျောက် အလျဉ်းသင့်ရာအလုပ်ကို ပေါ့ပါးသွက်လက်စွာလုပ်၍ မိန်းမယူရန် ငွေစုသူဖြစ်သည်။ လုပ်ငန်းကိုင်ငန်းတွင်လည်း အကွက်မြင်သူဖြစ်၏။ အားလျှင် ဖားငါးရှာတတ်သူလည်း ဖြစ်သည်။

ယခုကြည့်။ သည်ဆောင်းရာသီမှာ လယ်ထဲ ကောက်ရိတ်ကြတာနှင့်၊ အိမ်မှာ ရက်ကန်းခတ်ကြတာနှင့် လူတွေအလုပ် မအားကြသည်တွင် မောင်ကြွေသည် ရေထမ်း၍ရောင်းနေ၏။

သည်ရွာမှာ ဟိုးယခင်ခေတ်များက ရေဝယ်သုံးကြသည်ဆိုသည်မှာ ကြားမှ မကြားဘူးခဲ့။ ယခုမှ အလုပ်နှင့်လက်နှင့် မပြတ်ကြတော့၊ ငွေကြေးလည်းရွှင်ကြ၍ အိမ်မှာ အလုပ်ထိုင်လုပ်တာနှင့် ရေသွားခပ်ရသည့်အချိန်ကိုစာ၍ ရေဝယ်သုံးကြခြင်းဖြစ်သည်။ ရေထမ်းရောင်းရသူမှာလည်း ရေတွင်းနှင့် အနီးအဝေးကိုကြည့်၍ တစ်ကျပ်လျှင် ၁၀ ထမ်း၊ ၇ ထမ်း ဖြစ်လေတော့ တစ်နေ့လျှင် ဝင်ငွေသည် ၄ ကျပ်၊ ၅ ကျပ်ထက် မအောက်တော့ချေ။ မောင်ကြွေသည် လူငယ်ပီပီ သွက်လက်စွာ သွားနိုင်၊ ထမ်းနိုင်သူဖြစ်၍ ကောက်ရိတ်တာထက် ဝင်ငွေကိုက်သည်ဟု ရေထမ်းရောင်းနေခြင်း ဖြစ်၏။

မြခင် ပြန်လာသောအခါ၌ မောင်ကြွေသည် ရေထမ်းကိုချခဲ့၍ မြခင်၏ခေါင်းပေါ်မှ ချည်ထုပ်ကို ဆီးယူသည်။ မြခင်သည် ပုဆိုးစလွယ်သိုင်းထားသော ရင်အုပ်ကားကားကြီးနှင့် ချစ်သူမျက်နှာကို ကြည့်၍ သူ့နဖူးမှ ကျသော ချွေးတို့ကို ခေါင်းဖုဖြေ၍ သုတ်သည်။ ဤစဉ်တွင် တင်းကုပ်ထဲမှ မောင်ထွေးလည်း ရောက်လာ၍ လက်ဆွဲခြင်းထဲက အထုပ်တွေဖြေသည်။ မြေပဲယိုနှင့်ပဲလှော်ကို ဝါးကြလျက် အသစ်စက်စက် ဝယ်လာခဲ့သော သူတို့အိမ်သို့ ပထမဆုံးအကြိမ် ရောက်လာသော ရေနွေးဓာတ်ဘူးကို ထူးဆန်းအံ့ဩစွာ ကိုယ်တွယ်ဖွင့်ပိတ် ကြည့်ကြသည်။

မောင်ထွေးက မေးသည်။

“အစ်မရဲ့… သူ့အထဲကို ရေနွေးဆူဆူထည့်ထားရင် တော်တော်နဲ့ အေးမသွားသလို ရေအေးအေးကို ထည့်ထားရင်ကော ကြာကြာအေးနေပါ့မလားဟင်…”

မြခင် သိပ်နားမလည်။

“မသိဘူးလေ၊ ဒါက ရေနွေးဘူးခေါ်တာပဲ၊ ရေခဲဘူးဆိုတာက သတ်သတ်ရှိတယ်…”

ဤတွင် မောင်ကြွေက…

“သူ့အအေးထည့်လည်း ရပါတယ်၊ ဒါပေမဲ့ ရေနွေးထည့်လိုက်၊ ရေအေးထည့်လိုက်ဆိုရင် ဓာတ်ပျက်သွားမလားတော့ မသိဘူးကွ…”

“ဒီလိုလေ… အခု ရေနွေးလက်ဖက်ရည်ကြမ်း ထည့်နေပြီးတော့ တစ်ခါတလေ အအေးထည့်ရင်ကော…”

“မင်းက ဘာထည့်ချင်တာတုံး”

“မြို့သွားတော့ ဖွာလူဒါ ဝယ်ထည့်လာချင်လို့”

“အား… ဒီလိုဆို တစ်ခါတလေတော့ ရမှာပေါ့ကွ…”

“ဒါဖြင့် အစ်ကိုဈေးသွားရင်လေ ယူသွားပြီး ဝယ်ထည့်ခဲ့ပါလားဗျ…၊ ကျွန်တော် ဖွာလူဒါ သိပ်ကြိုက်တာပဲ”

မြခင်က သူ့မောင်နဖူး လက်ခေါက်နှင့်ရွယ်၍….

“ဟင်း… သူဒီအကြံနဲ့ မေးနေတာကိုး” ဆိုပြီးမှ …

“နင့်အတွက် ဖွာလူဒါ မထည့်ခင် ဦးဦးဖျားဖျား ဒီနေ့ အဖေတို့အတွက် လက်ဖက်ရည်ထည့်ပြီး ထမင်းပို့ရင်းနဲ့ လယ်ထဲယူသွားရမယ်…”

“အဖေတို့ ဒီနေ့ ဘယ်သူ့လယ်ရိတ်လဲဟင်…”

“ကိုမြချောရဲ့ ဇီးချိုပင်လယ်…”

“ဟာ… ဒီလိုဆို အပြန်မှာ ဇီးသီးတွေ ယူခဲ့ရဦးမယ်”

“အေး နင်ကတော့ အစားအသောက်ပဲ တစ်မျိုးပြီးတစ်မျိုး စဉ်းစားနေ” ဟု ဆိုပြီးနောက် မြခင်သည် လမ်းမှာ စိတ်ကူးယဉ်ခဲ့သည်များကို ပြန်သတိရ၍…

“ဒါနဲ့ ကိုကြွေ၊ အခု ကိုတင်အုန်းကြီး ဆောက်နေတဲ့အိမ်ဟာ တော်တို့ ဦးလေးဝယ်ပေးတာ၊ ဒီအရောက် ၉၀၀ိ ပဲကျတယ်ဆို”

“အေးလေ… ဘာပြုလို့လဲ…”

“ကျွန်မတို့လိုချင်ရင် နောက် အဲ့ဒီအိမ်မျိုးများ ရဦးမလား…”

“ရတာပေါ့၊ ဒီထက်ဈေးချောင်အောင်တောင် ဦးလေးကို ဝယ်ပေးခိုင်းမယ်…”

“ဒါဖြင့် အဖေ့ကို ညကျပြောကြည့်မယ်…”

“အေးကွာ၊ ငါကိုယ်တိုင် ဦးလေးတို့ဆီ သွားဝယ်ခိုင်းမယ်…”

ထိုည ၈ နာရီလောက်တွင် ကိုဘအေးတို့လင်မယား သားအမိတွေသည် ခြံမြေကိုဝယ်၍ အိမ်ဆောက်ကြရန် တိုင်ပင်နေကြစဉ် ဦးဖိုးဆင်ထံမှ ဘအေးရော၊ လှဌေးရော ခေတ္တလာကြရန် မှာလိုက်ကြောင်း သတင်းရောက်လာ၍ လင်မယားနှစ်ယောက် သွားရောက်ကြသည်။

ဦးဖိုးဆင်သည် ပက်လက်ကုလားထိုင်ပေါ် ထိုင်နေ၍ မလှဌေးတို့လင်မယားက သူ့ခြေရင်းရှိ သင်းဖြူးပေါ်၌ ထိုင်ကြကာ ကိုဘအေးက…

“ဘာကိစ္စလဲအစ်ကို၊ ကျွန်တော်လည်း အစ်ကို့ပြောစရာရှိနေတာနဲ့ အဆင်သင့်ပဲ…”

ဦးဖိုးဆင်သည် ပါးစပ်မှ ဆင်နှစ်ကောင်ကို ချွတ်လိုက်ပြီး…

အေး… မင်းတို့ပြောမှာကို ငါ မောင်ကြွေ့ဆီက သိပြီးပါပြီကွ၊ သူ နေ့ခင်းက ရေထမ်းလာရင်းနဲ့ ငါ့ကို တီးခေါက်ကြည့်သွားသကွ…”

ဤတွင် ကိုဘအေးက စိတ်စောလှစွာဖြင့်…

“ဒါဖြင့် ဘယ့်နှယ်လဲ အစ်ကို”

“အေး… ငါ အခုပြောမယ့်စကားက မင်းတို့မှာ အဲဒီပြဿနာ မပေါ်တော့ဘူး…”

ကိုဘအေးတို့မှာ နားမလည်နိုင်ကြဘဲ…

“ဘာမို့လဲ အစ်ကို”

“တကယ်လို့ မင်းတို့မှာ ဆောက်ပြီးသား အိမ်ကြီးရခိုင်နဲ့ ခြံကျယ်ကျယ်ကြီးတစ်ခု ရမယ်ဆိုရင် ငါ့မြေကိုဝယ်ပြီး ဘယ်အိမ်ဆောက်နေစရာလိုတော့မလဲ၊ ဟုတ်ဘူးလား…”

“ဟုတ်ပါတယ် အစ်ကို၊ ဒါပေမဲ့ အစ်ကိုဘာတွေလျှောက်ပြောနေတာလဲ…”

“မင်းတို့မှာ အခု အဲဒီလို အိမ်ကြီးခြံကြီးသာမက လယ်ဧက ၂၀ လည်း ရနေပြီ…”

လင်မယားနှစ်ယောက် ယုံရအခက်၊ မယုံရအခက် ရုတ်တရက် အံ့အားသင့် သွားကြကာ ကိုဘအေးမှာ မျက်လုံးပြူးသွားလျက်…

“ဟာ… အစ်ကို ဘာတွေလျှောက်ပြောနေတာလဲ၊ တောက်တီးတောက်တဲ့”

ဤတွင် အနီး၌ ဦးဖိုးဆင်သား ဖိုးဆောင်နှင့် ဖိုးထောင် ရှိနေကြရာ ဖိုးထောင်က…

“အဖေ၊ သူတို့နားမလည်သေးဘူး၊ ကျွန်တော် ရှင်းပြလိုက်မယ်”ဟုဆိုပြီး သူတို့ဆီမှာ ဖအေ့ဘက်က ညီကို ဘထွေး(ပထွေး)ဟုခေါ်သည်ဖြစ်၍…

“ဒီမှာ ပထွေး၊ ပထွေးက ဒေါ်လေးဌေးကို ခိုးပြေးတော့ရင် ကျွန်တော်တို့ မမွေးသေးဘူး ဟုတ်လား…”

ကိုဘအေးက “မင်းက ငါ့သားအကြီးဆုံး ထွန်းစိန်ထက်တောင် တစ်နှစ်ငယ်သေးတာပဲ၊ ဒါဘာဖြစ်တုံး…”

“ဘာဖြစ်ရမလဲ၊ ပထွေးတို့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာပေါ့”

“အောင်မာ ကြီးကျယ်လိုက်တာ၊ ဘာများတုံး မင့်ဟာက…”

ဖိုးဆောင်နှင့် ဦးဖိုးဆင်က ပြုံးနေကြသည်။ ဖိုးဆင်က ဆက်လက်၍…

“အဲဒီတုန်းက ပထွေးနဲ့ ဒေါ်လေးဌေး ခိုးပြေးတာကို ဟောဒီ ကျွန်တော်တို့အဖေက ဒေါ်လေးဌေးအဖေ ဦးမာဒင် သွားပြောတော့ရင် လက်မခံဘူး၊ တစ်သက်အပြတ်လို့ ပြောလွှတ်လိုက်တယ် မဟုတ်လား၊ အင်း.. နှစ် ဘယ်လောက်တောင် ကြာသွားပြီလဲဟင်၊ ဒေါ်လေးဌေး…”

မလှဌေးကစဉ်းစား၍…

“၄၀-၄၁ နှစ် ရှိသွားပြီပေါ့ကွယ်…”

“အဲဒါ အခု ကျွန်တော်နဲ့ ဖိုးဆောင်က သွားပြောတော့မှ ခင်ဗျားတို့အဖေကြီးက သဘောတူပြီတဲ့ ဆရာရေ့၊ ဒါနဲ့ ကျွန်တော်တို့က ပြောတယ်၊ သဘောတူရုံနဲ့ မပြီးသေးဘူး၊ ပစ္စည်းလေးဘာလေး လက်ဖွဲ့ဦးဆိုတော့ ဒေါ်လေးဌေးအတွက်က ရွှေတစ်ဆင်စာတဲ့၊ နို့ပြီး အိမ်နဲ့ခြံနဲ့အပြင် လယ်က ဧက ၂၀ တဲ့ခင်ဗျာ့၊ အဲဒါမလုပ်ချင်နေဦးတော့၊ လာမယ့် မိုးဦးကျဆိုရင် စိုက်ပျိုးရေးစရိတ် ၂၅၀ိ ကတော့ တိမ်တိမ်မြည်နေပြီ။ ဟီ… ဟိ… ပထွေးတို့ ၆၀ ကျော်မှ ကံပေါ်တာပေါ့…”

လင်မယားနှစ်ယောက်မှာ ဒီသားအဖတွေပြောတာ ယုံရခက် မယုံရခက် ဇဝေဇဝါဖြစ်နေကြရာ ဦးဖိုးဆင်က ဆက်လက်၍…

“အေး… ဖိုးထောင်ပြောတာ ဟုတ်တယ်ကွ၊ မင်းတို့ကို အိမ်နဲ့ခြံနဲ့ လယ်ဧက ၂၀ ပေးမယ်ဆိုတာ ညနေကပဲ ကိုမာဒင် ငါ့ကိုခေါ်ပြောတယ်၊ ဒီလယ်ကလည်း ဟိုတုန်းကတည်းက မလှဌေးနာမည် လွှဲထားတာပဲ၊ ရွှေတစ်ဆင်စာဆိုတာကလည်း ကိုမာဒင်ဟာ ဟိုတုန်းက လှဌေးဝတ်ခဲ့တာတွေကို တမင်သက်သက်ပဲ သိမ်းထားခဲ့တာတဲ့…”

မလှဌေးမှာ ရုတ်တရက် တက်သွားလေရာ ဝိုင်းဝန်းနှာနပ် ယူရသည်။ သတိရလာသောအခါ…

“အစ်ကိုပြောတာ တကယ်နော်၊ ဟုတ်လားအစ်ကို”

“သတိထား လှဌေး၊ ဟုတ်ပါတယ်၊ အဘိုးကြီး ခုမှ နောင်တရရှာတယ်၊ အခု သူ့သားအငယ်ဆုံး လှမောင်ကလည်း မယားစကား နားထောင်ပြီး သူ့ယောက္ခမဆီ သွားနေကြတော့ အဘိုးကြီးက သူရင်းငှားလေး လှကြိုင်နဲ့ နှစ်ယောက်ထဲရှိတယ်။ အဲဒါ မင်းတို့က သူ့အိမ်မှာ လာနေကြပါတော့တဲ့။ သူကတော့ မသေခင်မှာ တောရကျောင်းသွားပြီး တရားပဲ အားထုတ်နေတော့မယ်တဲ့…”

မလှဌေးမှာ မျက်ရည်တွေ တွေတွေ တွေတွေ ကျနေလေသည်။

ယင်းသို့ဖြစ်ရသည်ကား…

နံနက်ခင်းက ဦးမာဒင်သည် ပြည်သူ့ဆိုင်သို့ ဆင်နှစ်ကောင်ဆေးပြင်းလိပ် လာဝယ်ကြောင်း ဖော်ပြခဲ့၏။ ထိုစဉ်က…

မိမိ အသိအမှတ်ပြုမထားသော မြေးမကလေး မြခင်ကို မြင်လိုက်ရသည်၌ သည်အရွယ်ပင် မိမိက သမီးအဖြစ်မှ စွန့်ပစ်လိုက်သော မလှဌေးကို သတိရလှသည်။ ယင်းသို့ သေခန်းဖြတ်ပြီးမှ သမီးမျက်နှာ တစ်ခါမျှ ပြန်မကြည့်တော့သဖြင့် မလှဌေး၏ ယခုအရွယ်ကို သူ့စိတ်အမြင်ထဲဝယ် ဘယ်ပုံသဏ္ဌာန်ရှိသည်ကို မှန်းဆ၍မရ။ မိခင်နှင့်ချွတ်စွပ်တူသော မြခင်လေးကို အခုနက မြင်လိုက်ရမှ သမီးမိုက် မလှဌေး၊ မလှဌေး သင်းဒီအရွယ်က သည်အတိုင်းပါပဲလားဟဲ့….။

ဦးမာဒင်တွင် သားများရှိသည့်အနက်မှ မလှဌေးသည် တစ်ဦးတည်းသော သမီးဖြစ်၏။ မိဘစကားနားမထောင်သဖြင့် အချစ်ကြီး၍ အမျက်ကြီးလိုက်ရသော်လည်း စင်စစ်သားသမီးတို့ထုံး မုန်းတယ်ဟူ၍ကား မရှိပါချေ။ ကရုဏာဒေါသတို့သာ တဖွဖွ ထခဲ့ရသည်။ လှဌေးတို့လင်မယား သားသမီးများနှင့်ဆင်းရဲကြသည်ဟု ကြားတိုင်း ‘ဒါဟာ မိဘကျိန်စာသင့်တာပဲ၊ ငါ့စကား နားမထောင်တဲ့ သမီးမိုက် ကောင်းတယ်’ဟု တစ်ဖက်သတ်အမိန့်ချ၍ တစ်ဖက်သတ်သာ အနိုင်ယူခဲ့သည်။ စင်စစ် ရှုံးသူ၊ ခံစားနေရသူကား မိမိသာဖြစ်သည်။ မိဘက သားသမီးကို ပြတ်ပါပြီဟု စွန့်လွှတ်လိုက်သည်၌ တကယ်ပြတ်သွားသူကတော့ သားသမီးများသာဖြစ်သည်။ မိဘက ကရုဏာဒေါသနှင့် တဖွဖွ သတိရနေတတ်သည်။ သားသမီးနှင့် မိဘဆိုသည်မှာ ဘဝအရုဏ်တက်နှင့် ဘဝမွန်းလွဲပိုင်းပေကပဲ။ အိမ်ထောင်ကျ၍ မိဘက စွန့်လွှတ်လိုက်ပြီဆိုသောအခါ၌ (စွန့်လွှတ်သည် မဆိုပါနှင့်ဦး၊ သဘောတူပေးစားပြီး အိမ်ထောင်ခွဲသွားကြသည်ပဲ ထားပါဦးတော့) သားသမီးမှာ မိဘကိုပြန်ပြီး သတိရနေရန် အချိန်မရကြတော့၊ ၎င်းတို့က မွေးဖွားသော သားသမီးများသာလျှင် ၎င်းတို့၏ကဏ္ဍသစ်မှာ တွင်ကျယ်ရပေတော့သည်။ မိဘမူကား သားသမီးကိုမေ့ရန် ခဲယဉ်းလှ၏။

စင်စစ်ကား မိဘက သားသမီးကို ပြတ်သည်ဆိုသည်မှာ တရားနှင့်ဖြတ်ခြင်းမျိုးမဟုတ်၊ ဒေါသနှင့်ဖြတ်ခြင်းဖြစ်သောကြောင့် အကယ်ပြတ်သည် မဟုတ်ပါချေ။ ကြည့်လေ၊ ဦးမာဒင်သည် သူ့သမီး မလှဌေးအား ပြတ်သားလှပုံကို တမင်လုပ်ဆောင်ပြပုံများကတော့ မလှဌေးသည် ကိုဘအေးနှင့် ညားသွားပြီး သားဦးကလေး မောင်ထွန်းစိန်ကို မွေးဖွားသည်။ ၎င်းမောင်ထွန်းစိန်ကလေး လမ်းလျှောက်တတ်သောအရွယ်၌ ဦးမာဒင်သား စံရွေးထက် အငယ် ဖိုးခေါင်က မောင်ထွန်းစိန်ကလေးကို လမ်းမှာတွေ့၍ မိမိတူကလေးရယ်ဟု ကောက်ယူချီပွေ့သည်။ ဤအကြောင်း ဦးမာဒင်ကြားသည်၌ သားလူပျိုပေါက် မောင်ဖိုးခေါင်ကို ‘ငါ စွန့်ပစ်ထားတာ နင်က အဖက်လုပ်ရပါမည်လား’ဟု နွားကြမ်နှင့် ရိုက်နှက်သည်တဲ့။

နောက်တစ်ကြိမ်…

ဦးမာဒင်ဇနီး ဒေါ်မယ်လှသေဆုံး၍ မလှဌေးက မအေ့ အသုဘလာတာကို ဦးမာဒင်က အနားမသီရဟု သားများကို မောင်းထုတ်စေသည်တဲ့။

ယင်းတို့ကား ဦးမာဒင်က လူစွမ်းကောင်းကြီး၊ လူထူးလူဆန်းကြီး၊ လူ့မာနအိုးကြီး လုပ်ပြလိုက်ခြင်းများတည်း။ ဒါတွေကို သူ့ဟာသူ တော်လှပြီ ဟုတ်လှပြီဟု အောက်မေ့ခဲ့သည်။

သို့ရာတွင် ဦးမာဒင်သည် သေခါနီး၌ တရားဘက်လိုက်ကာ တရားထိုင်ကြည့်တော့မှ ထိုအရာများသည် ကြီးစွာသော အမှားများဖြစ်ကြောင်း မည်သူကမျှ မပြော မဟောရဘဲနှင့် သူ့ဟာသူ သိလာရတော့သည်။

အကြောင်းမှာ တရားထိုင်သောအခါ၌ သမာဓိရဖို့က လွန်စွာအရေးကြီးလှသည်။ ပိန်ဖောင်း သော်လည်းကောင်း၊ ရှူရှိုက် သော်လည်းကောင်း၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ သော်လည်းကောင်း မည်သည့်နည်းနှင့်ပဲ တရားထိုင်ထိုင် အချုပ်မှာ အတိတ်၊ အနာဂတ်၊ ပစ္စုပပ္ပန် သုံးခုရှိသည့်အနက် အတိတ်နှင့် အနာဂတ်သို့ မရောက်စေဘဲ ပစ္စုပ္ပန်တည့်တည့်မှာ စိုက်ဖို့ ကြိုးစားကြရသည်။

‘ပစ္စုပ္ပန် တည့်တည့်စိုက်ဖို့’ ဆိုသည်မှာ အတိတ်ကိုလည်း ပြန်မတွေး၊ အနာဂတ်ကိုလည်း စိတ်မရောက်မှ ဖြစ်ပေမည်။ ယင်းသို့ဖြစ်ရန်မှာ လွန်စွာခဲယဉ်းလှသည်။ စာဖတ်သူ (တရားမထိုင်ဖူးသေးသော်လည်း) စဉ်းစားကြည့်ပါ။ မိမိအားနေသောအခါ၌ အိပ်မပျော်သေးသမျှ စိတ်က မအားမနေပေ။ တစ်စုံတစ်ခုကို သတိရနေသည်။ တွေးတောနေသည်။ စဉ်းစားနေသည်သာ ဖြစ်ချေသည်။

သတိရနေသည်ဆိုသည်မှာ နောက်ကြောင်းအတိတ်ကို ပြန်လည်ကြားယောင် မြင်ယောင်နေခြင်းဖြစ်သည်။ တွေးတောစဉ်းစားခြင်းကတော့ အနာဂတ်အတွက် ကြံစည်နေခြင်းဖြစ်သည်။ ယင်းသို့ အတိတ်ကိုလည်း ပြန်မတွေး၊ အနာဂတ်ကိုလည်း မစဉ်းစားသောအခါ ပစ္စုပ္ပန်တည့်တည့်မှာ စိတ်သည်ဖြစ်၍ စိတ်မှာ ဘာအလုပ်မျှမရှိသဖြင့် လူ၏ချမ်းသာမှုကား ပြောဖွယ်ရာမရှိတော့ပြီ။ ကိုယ်ကာယက ဘာမျှမလုပ်ရသောအခါ ချမ်းသာခြင်းနှင့်စိတ်က ဘာမျှမလုပ်တော့၍ ငြိမ်းအေးချမ်းသာခြင်းကား မနှိုင်းယဉ်လောက်အောင် ကွာခြားလှပါပေသည်။ ထိုစိတ်၏ ချမ်းသာခြင်းမှတစ်ဆင့် မဂ်တရား ဖိုလ်တရားကို တက်ရသည်။

တကယ်တမ်း တရားအားထုတ်သူတို့မှာ ယင်းသို့ ပစ္စုပ္ပန်တည့်တည့်စိုက်ရန် (မိမိကျင့်သုံးနေသောနည်းဖြင့်) ကြိုးစားကြသည်ဖြစ်ရာ ဤအခါများတွင် အနာဂတ်ကို မစဉ်းစားဘဲနေဖို့က လွယ်ကူသယောင်ရှိသော်လည်း အတိတ်ကို မတွေးဘဲနေဖို့က လွန်စွာမှခဲယဉ်းလှပါ၏။ အတိတ်ဆိုသည်မှာ မိမိကပိုင်ဆိုင်သည်မဟုတ်၊ အတိတ်ကသာ မိမိကို အုပ်စိုးနေသည်။

လူတစ်ယောက်၏ဘဝတာတွင် မိမိက နစ်နစ်နာနာ ကျဆုံးခဲ့ရသည်လည်း ရှိ၏။ မိမိက လှလှပပကြီး အောင်မြင်လိုက်ရသည်လည်း ရှိ၏။ ဤနှစ်မျိုးမှ အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ မေ့နိုင်စရာခဲယဉ်းသော အကြောင်းကြီးများ ဖြစ်လေရာ တရားအားထုတ်သောအခါ၌ ဤနှစ်ခုလုံးကပင် ဒုက္ခပေးတတ်လေတော့သည်။ တရားအားထုတ်သောအခါ၌ ဒါမျိုးတွေက မေ့ထား၍မရချေ။ တရားခွင်တွင် တရားခံအား သူ၏ပြစ်မှုများကို သက်သေခံများက ထုတ်ဖော်၍ ပြောကြသကဲ့သို့ ဘွားခနဲ ပေါ်လာတတ်ကြချေသည်။ အတိတ်သည် အရိပ်ပမာ လိုက်လျက်ရှိသည် ဆိုသောစကားမှာ ဤအခါတွင် မှန်လှကြောင်း အကယ် သဘောပေါက်တော့သည်။

ဦးမာဒင်၏ အတိတ်ခရီးစဉ်တွင် လူတစ်ထောင်လျှင်လည်းကောင်း၊ တစ်သောင်းလျှင်လည်းကောင်း တစ်ယောက်မျှ လုပ်လေ့မရှိသော ပြုမူမှုကို သူလုပ်ခဲ့သည်။ သမီးအား အမွေဖြတ်စွန့်လွှတ်ရုံမက ၎င်းသမီးကမွေးသော သားဦးကလေးအား သားဖြစ်သူက သူ၏တူကလေးရယ်လို့ ကောက်ချီမိသည်ကို ကြိမ်နှင့် နာကြည်းစွာ ရိုက်နှက်ခဲ့သည်။ သမီးသည် သူ့မိခင်သေ၍ မသာလာသည်ကို မိမိက မောင်းထုတ်ခဲ့သည်။ ယင်းပြစ်မှုကြီးများကား ဦးမာဒင် တရားအားထုတ်သောအခါတွင် ဘွားခနဲ ဘွားခနဲ ပေါ်လာ၍ အလုံးကြီးဆောင့်သည်၊ တရားထိုင်ရင်း အဘိုးကြီးတန်မဲ့နှင့် ကလေးသဖွယ် မျက်ရည်စက်လက်နဲ့ ငိုကြွေးမိသည်။ ထိုအဖြစ်များကို တွေ့ကြုံခံစားရသည်၌ ဦးမာဒင်သည် မိမိသမီးအား ခွင့်လွှတ်ရုံမက တောင်းပန်မှသာလျှင် တရားထိုင်၍ ဖြောင့်တော့မည်ဟု စဉ်းစားမိလေ၏။

ထို့ကြောင့် ဖော်ပြခဲ့သည့်အတိုင်း တရားထိုင်ရန် တောရချောင်သို့ သွားခါနီး ပြည်သူ့ဆိုင်တွင် ဆင်နှစ်ကောင်ဆေးပြင်းလိပ် လာဝယ်စဉ် မြခင်လေးကို မြင်ရသည်၌ ယင်းကိစ္စကို အပြီးရှင်းမှပဲဟု ဆုံးဖြတ်ချက် ချလိုက်ကာ သူ့အား ဆေးပြင်းလိပ်များ ထုတ်ပေးနေသော ဆိုင်မန်နေဂျာအား…

“မောင်ထွန်းရှိန်ရေ… မင်းဦးကြီး မောင်ဖိုးဆင်တစ်ယောက် နေထိုင်ကောင်းရဲ့လားကွ”

“ဟာ… ဘကြီးရေ့… အရင်တလောက ကြွပြီရယ်ထင်တာ၊ ငွေအား ဆေးအားနိုင်တာနဲ့ အခုတော့ ပြန်ထသေးရဲ့၊ တော်သေးသဗျာ…”

“အေးလကွာ… မောင်ဆင်လည်း ၈၀ ထဲ ရောက်ပြီပဲကွ၊ ငါလည်း ၈၅၊ အခု မောင်ဆင် ဟိုဟိုဒီဒီ လျှောက်နိုင် သွားနိုင်ရဲ့လား”

“သွားနိုင်သဗျ၊ ဘုန်းကြီးကျောင်းနဲ့ ခေါက်ကယ် ပြန်ကယ်နေတာပဲ၊ သူ ဘုရားကျောင်းဆောင်လေးတစ်ခု ဆောက်နေတယ်”

“အေးလကွာ… ဒါဖြင့် မောင်ဆင် ဒီညနေ ငါ့အိမ် ခဏမှာတယ် ပြောလိုက်စမ်းကွာ…”

“ဟုတ်ကဲ့၊ ဟော… ဟော့ဟိုမှာ သူ့မြေး မပုလာတာနဲ့ အဆင်သင့်ပဲ”


* * * * *


‘ယောက္ခမအိမ်ထက်၊ ခုမှတက်’

‘သမက်အိုကလေး တို့ပထွေး’ ဟူသော ဆောင်ပုဒ်ဖြင့် ကိုဘအေးအား ဖိုးထောင်နှင့် ဖိုးဆောင်တို့ လှည်းဖြင့် ပို့ကြသည်။ ကူညီသည်ပိုးရန် မောင်ကြွေလည်း ပါခဲ့သည်။ မလှဌေး၊ မြခင်၊ မောင်ထွေးတို့ကား ယမန်နေ့ကပင် ဦးဖိုးဆင်က သူတို့အဖေကြီးထံ ပို့ခဲ့လေပြီ။ လှည်းပေါ်တွင် ကိုဘအေးတို့၏ ဝန်ထုပ်စလည်များဖြင့် ၄ ယောက်သား ထိုင်လိုက်ကြသည်။ ဖိုးထောင်က လှည်းကိုမောင်းသည်။

ပထမတွင် ကိုဘအေးက “ငါအောက်ကပဲ ခြေကျင်လိုက်ပါ့မယ်ကွာ…၊ မင်းတို့နွားတွေ လေးနေပါ့မယ်”ဟု ပြောသည်ကို ဖိုးထောင်နှင့် ဖိုးဆောင်ကမရ။ “ဟာ… သတို့သားပဲ၊ ဘယ်မြေပြင်က ခြေကျင်လိုက်လို့ တော်မလဲဗျာ” ဟုဆိုပြီး တက်စီးခိုင်းကြသည်။ သူတို့လှည်းကိုလည်း လှည်းဦးငှက် ဆောင်ပန်းနှင့် ကက်အိမ်ရံတိုင်တို့တွင် ပန်းခက် သစ်ခက်များ စိုက်ချည်ကြ၍ “ဟင်း… ဒါ နှယ်နှယ် မအောက်မေ့ကြနဲ့၊ မင်္ဂလာလှည်းဗျ”ဟူ၍လည်း ကြွေးကြော်ခဲ့ကြသေးသည်။

ဖိုးထောင်သည် ခပ်ထုံထုံဖြစ်သော သူ့နွားတွေကို ကြိမ်နှင့်တို့မောင်းနေရာမှ…

“ပထွေးတို့ငယ်ငယ်က ရွှေလရောင်ဆိုတဲ့နွား တယ်ကောင်းတာပဲဆို၊ ကျွန်တော်တို့အဖေက ပြောပြဖူးတယ်”

ကိုဘအေးစိတ်သည် ရှေးခေတ်ဟောင်းသို့ ပြန်ပြောင်းရောက်သွားကာ ရီဝေသောမျက်လုံးများဖြင့်…

“ဟာ… အဲသလောက်ကောင်းတဲ့နွား နောက်မတွေ့တော့ဘူးကွာ၊ နွားပြေးက ကဆုန်ချပြီး သမင်ပြေး ပြေးတာကို သူက ထမ်းပိုးတန်းဦးအောင် စရံခြေကျကျ လိုက်နိုင်တယ်ကွာ၊ မင်းနှယ် တစ်ချက်ကလေးမှ မဖောက်ဘူး”

“နွားမွေး ဘာရောင်လဲ ပထွေးရ”

“နွားရွှေကွ၊ ရွှေရောင် တောက်နေတာပဲ၊ နွားရွှေ… စွေရင်စွေ မစွေရင် ပြည်တန်တဲ့နွားမျိုးပေါ့”

“အဲဒီ ပြည်တန်တဲ့နွားကို ပထွေးတို့ ဘယ်လောက်ပေးဝယ်ရတာလဲ”

“၉၅ ကျပ်ရယ်ကွ၊ ပွဲခနဲ့မှ ၉၆ ကျပ်ကျတာပဲ၊ ခုနှယ်ဆို ဒီနွားမျိုး ဘယ်တစ်ထောင်နဲ့ ရမလဲကွာ…”

“ဟိုတုန်းက နွားဈေးတွေက ခုခေတ်ဈေးနဲ့ သိပ်ကွာတာပဲနော်”

“ဟိုတုန်းက ငွေရှားတာလဲကြည့်ဦးကွ၊ စပါးဈေးက တစ်ရာ့လေးငါးဆယ်ရယ်၊ တစ်ခါတလေ စိုက်ကျလိုက်ပြီဆိုမှဖြင့် စပါးတင်း ၁၀၀ မှ ငွေ ၅၀ ကျပ် ၆၀ ကျပ်ဖြစ်သွားတယ်၊ တို့အဖေများ ပျက်စီးရတဲ့နှစ်ကဆိုရင် စပါးဈေး ၄၅ ကျပ်ရယ်…”

“အဲဒီတုန်းက လယ်ပိုင်ရှင်တွေကလည်း ချစ်တီးငွေ သိပ်ချေးကြတာပဲနော်”

“ဟာ… ချစ်တီးတွေက မချေးချင်ရင် မနေရအောင် အတင်းလာလုပ်ကြတာကွ၊ တို့အဖေကြွေးနစ်ရပုံ ပြောပြရဦးမယ်၊ တို့အဖေဟာ ကြွေး ၃၀၀၀ ကျပ် တင်နေရောဟေ့၊ ငွေတစ်ရာ တစ်လ တစ်ကျပ်ခွဲတိုးနဲ့ဆိုတော့ တစ်နှစ်တစ်နှစ်မှာ အတိုးချည်း ၅၄၀ ကျပ် ဆပ်ဆပ်နေရတယ်။ တို့က လယ်နှစ်တုံးလုပ်ဆိုတော့ ရွာထဲမှာ စပါးပေး တင်းတိုးချေးတာနဲ့ သူ့အတိုးကို မှန်မှန်ဆပ်နေနိုင်တယ်။ အဲဒီတော့ ကိုရွှေကုလားများ ဘယ့်နှယ်လုပ်သလဲသိလား၊ ဒီနှစ်တော့ ခင်ဗျား အတိုးတင်မကဘူး၊ အရင်းပါဆပ်ပါ လုပ်တယ်။ အဲဒါ အာရနကြီးတိုက်တဲ့ကွ။ အဲဒီအချိန်မှာ အာရနကြီးက မရှိဘူး၊ ရန်ကုန်သွားတယ်ဆိုလားပဲ၊ အဲဒီတော့ အဖေက မင်းတို့နဲ့ငါ စကားမပြောချင်ဘူး၊ မင်းတို့သူဌေး အာရနကြီးနဲ့မှ ငါ ပြောမယ်။ သူကပါ သည်အတိုင်းတောင်းတယ်ဆိုရင်ဖြင့် ငါ လယ်ဆယ်ဧကလောက် ရောင်းလိုက်မယ်ဆိုပြီး အဖေက စိတ်ဆိုးမာန်ဆိုးနဲ့ သူတို့ချစ်တီးတိုက်ထဲက ထွက်ခဲ့တယ်ဆိုပဲကွ၊ ဟ ဖိုးထောင်ရ၊ ချိုင့်ခွက်လည်း ကြည့်ရှုမောင်းပါဦးကွ၊ ဖင်ဆောင့်လိုက်တာ ငါ့လခွီး…”

“ပထွေးကလည်း သူဌေးသားမက် ဖြစ်ရပြီဆိုပြီးတော့ တယ်နု ပါလား ပထွေးစကား နားထောင်ရတာနဲ့ဗျာ…၊ ကဲ… ဆက်ပြောပါဦး…”

“အဲဒါနဲ့ ငါ့အဖေလမ်းမရောက်တော့ ဟိုဘက် ရာမကြီးတိုက်က ချစ်တီးတစ်ယောက်က နောက်က ဖုတ်ဖုတ် ဖုတ်ဖုတ်နဲ့ လိုက်လာသကိုး၊ အနားရောက်တော့ အစ်ကိုအစ်ကို ဘာဖြစ်တာလဲ၊ ဟိုဘက်တိုက်မှာ ဆူညံဆူညံနဲ့ ကြားရတယ်လို့မေးတော့ (အဲဒီကုလားက မူတူးတဲ့ကွ) လူချင်းမဆက်ဆံဖူးပေမဲ့ မျက်နှာသိဖြစ်နေတော့ အဖေက အကျိုးအကြောင်း ပြောပြသတဲ့ကွ။ အဲဒီအခါမှ အယ် ကိုမူတူးက အာရနကြီးတိုက်က ကုလားတွေကိုမိုက်တယ်၊ လာ အစ်ကို ကျွန်တော်တို့တိုက် လိုက်ခဲ့။ အစ်ကို လိုသလောက် ငွေယူ၊ သင်းတို့ငွေကို ချက်ချင်း ပြန်အမ်းလိုက်စမ်းပါဗျာဆိုပြီး အဖေ့အင်္ကျီ လက်ဆွဲခေါ်သွားသတဲ့ကွ…။

“ဒီတော့ အဖေကလည်း ဟိုကုလားတွေ ဒေါပွလာတာဖြစ်လေတော့ သူ့ ဘိုးဘိုးအောင် မ တယ်ထင်ပြီး ရာမကြီးတိုက်ထဲ လိုက်သွားသတဲ့ကွ၊ ရောက်လည်းရောက်ရော မူတူးက ကျွီလီမာလီ ပြောလိုက်တဲ့အခါမှာ သူတို့သူဌေးက ချက်ချင်း ငွေ ၅၀၀၀ ကျပ် ထုတ်ပေးရောတဲ့ဟေ့၊ အဖေက ဟာ… များပါတယ်၊ ဒါလောက် မလိုချင်ပါဘူးဆိုတာတောင် မရဘူးတဲ့ကွ၊ ဟိုကောင်တွေကြွေး အတိုးရော အရင်းပါဆပ်ခဲ့ပါ၊ ပိုတာ အစ်ကိုသုံးပါဆို အတင်းတွန်းပေးလိုက်တော့ အဖေကလည်းယူပြီး အာရနကြီးတိုက် ဟန်နဲ့မာန်နဲ့ သွားဆပ်လိုက်သတဲ့ကွ။

“တကယ်တော့ကွာ… တောက်၊ ကုလားတွေ သက်သက် အကွက်ဆင်လုပ်ကြတာပါ။ မြို့ပေါ်မှာ အာရနကြီးတိုက်ရယ်၊ ရာမကြီးတိုက်ရယ်လို့ ရှိနေပေမဲ့ အမှန်ကတော့ သူတို့အတူတူပဲကွ၊ တစ်ကုမ္ပဏီထဲက တိုက်ခွဲတွေ။ အဖေက ငွေ ၃၀၀၀ ကျပ်ကြွေးကို အတိုးမှန်မှန်ဆပ်နိုင်နေတာ မကျေနပ်လို့ ကြွေးချက်ချင်း ၅၀၀၀ ကျပ်တင်အောင် လုပ်လိုက်ကြတာ၊ နောက်တော့ မကြေပါဘူးကွာ၊ ငွေ ၅၀၀၀ ကျပ်ကို လယ်ပေါင်စာချုပ်လုပ်၊ တစ်စတစ်စနဲ့ တစ်ကျပ်ခွဲတိုးကနေ ၂ ကျပ်လုပ်၊ မင်းတို့စဉ်းစားကြည့်ကြစမ်း။ အဲဒါ မှန်မှန်မဆပ်နိုင်တော့ နှစ်ထပ်တိုးလုပ်၊ အတိုးပါအရင်းထဲ ပြန်ထည့်ပေါင်းပြန်သကွ၊ အဲဒီလိုနဲ့ပဲ ရှိတဲ့လယ်တွေ စုံးစုံးမြုပ်ရတော့တာပေါ့ကွာ”

“တောက် စဉ်းစားကြည့်တော့ တော်တော်အသည်းနာဖို့ ကောင်းသကွာ။ တောက လယ်ပိုင်ရှင်တွေက သူတို့ငွေ အတိုးပေးနိုင်အောင်၊ လယ်က ရတာတင်မက လယ်ကူလီဆင်းရဲသားတွေဆီက သွေးနဲ့ချွေးကို တစ်ယောက်စီ တစ်ယောက်စီက တစ်စက်စီ တစ်စက်စီ ညှစ်ယူပြီးတော့ ချစ်တီးကုလားတွေကို ပုံးလိုက်ထမ်းပို့နေရတာပါပဲ။ တွေးလေတွေးလေကွာ၊ တို့ဗမာတွေက ဖျင်း၊ ကုလားတွေက လည်ပင်းနင်း…”ဟုဆိုရင်း ကိုဘအေးမှာ စကားမဆက်နိုင်ဘဲဖြစ်သွားသည်နှင့် ဖိုးဆောင်က…

“အခုတော့ ချစ်တီးကုလားတွေ မရှိကြတော့ဘူးနော်…”

“ဒီတော်လှန်ရေးအစိုးရလက်ထက်မှာ ကိစ္စပြတ်ကြတာပါပဲကွာ၊ အရင် အစိုးရတွေ လက်ထက်မှာတုန်းက လယ်တွေ ဝေခြမ်းရေးလုပ်လိုက်ပြီး လယ်ပေါင်မြေပေါင် မခံရဘူးဆိုပေမဲ့ မြို့ပေါ်မှာ စိန်ပေါင် ရွှေပေါင်နဲ့ စားနေကြသေးသကွ။ ခုအစိုးရကြတော့ ဘာပေါင်မှမခံရဘူး၊ ဘာအတိုးမှလည်း မချေးရဘူးလို့ တစ်ချက်လွှတ်အမိန့် ထုတ်လိုက်တော့မှပဲ ချစ်တီးကုလားတွေ မျိုးပြတ်တော့တာပါပဲ။ ငါတော့ နိုင်ငံရေးနားလည်လို့မဟုတ်ပါဘူး၊ ဒီအစိုးရလုပ်ပုံတွေ သဘောကျတယ်ကွာ။ တို့ တောသူတောင်သား လယ်သမားတွေ ကောင်းစားဖို့ တကယ် သူဆောင်ရွက်တာကွ။ ကြည့်ပါလား၊ မင်းတို့ လယ်ပိုင်ရှိတဲ့ကောင်တွေ လယ်လုပ်တဲ့ကောင်တွေဆိုရင် မိုးဦးကျ စိုက်ပျိုးစရိတ် တစ်ဧက ၂၅ ကျပ်နှုန်း ရွာအရောက် လာပို့ရှာတာ…”

ဖိုးထောင် “ဒါကတော့ မှန်ပါတယ်ဗျာ၊ နို့ပေမဲ့ သူပေးတဲ့ငွေက ပျိုးနုတ်ခ၊ ကောက်စိုက်ခ၊ ကောက်ရိတ်ခတွေ ပေးရတာနဲ့ ကုန်တာပါပဲ။ နို့ပြီး စပါးပေါ်တော့ ပြန်ဆပ်ရရော…”

“ဟ ဒါကတော့ အစိုးရကချေးတဲ့ငွေ တိုင်းပြည်က ပိုက်ဆံ၊ ပြန်ဆပ်ရမှာပေါ့ကွ၊ မင်းအဖေဆီက ချေးတာတောင် မင်းပြန်မဆပ်ဘဲ နေရလို့လား…”

“ဟုတ်ပါတယ်လေ… ကျွန်တော်ဆိုလိုတာက အခုခေတ်လယ်လုပ်ရတာက အစိုးရဆီက ငွေကြိုရတယ်ဆိုပေမယ့်လို့ နောက်ဆုံးစပါးပေါ်လို့ စာရင်းရှင်းလိုက်တဲ့အခါမှာ ကိုယ်လုပ်ခနဲ့ နွားပိုင်ရှိလို့ နွားခလောက်သာ ကျန်တော့တာဗျ…”

“ဟ ဒီခေတ်ကြီးမှာ ဒီထက်အပို ဘာကျန်စရာရှိသေးသလဲ။ ခေါင်းပုံဖြတ်သွေးစုတ်မှု မရှိရဘူးလို့ ဆိုထားတယ်မဟုတ်လား။ ဟိုအရင်ခေတ်က လယ်ပိုင်ရှင်တွေ ကောင်းစားတယ်ဆိုတာက ပျိုးနုတ်ခ၊ ကောက်စိုက်ခ၊ ကောက်ရိတ်ခတွေကို လက်ငင်းမပေးဘဲ စပါးပေး တင်းတိုးတွေ ချေးရလို့ကွ…”

“အေးလေ… ခု ကျွန်တော်တို့မှာ လယ် ၁၅ ဧကလောက် နွားတစ်ရှဉ်းလုပ်ရတယ် ဆိုပေမယ့်လို့ ကျွန်တော့်လုပ်စာ ရသလောက် တွက်ကြည့်လိုက်တော့ ဟောဒီမှာ ဘာလယ်ပိုင် ဘာပစ္စည်းအရင်းအနှီးမှ မရှိဘဲနဲ့ ကျပန်းတွေ့ရာလျှောက်လုပ်နေတဲ့ မောင်ကြွေဝင်ငွေလောက်ပဲ ရသဗျ။ သူကတောင် ကျွန်တော့်ထက် ပိုရင်ပိုဦးမယ်၊ ဟုတ်ဘူးလား မောင်ကြွေ”ဟု ကောင်ကလေးကို မေးသည်၌ မောင်ကြွေက…

“ဪ… ကိုလေးဖိုးထောင်ရဲ့၊ ဒီအစိုးရ ချထားတဲ့စီမံကိန်းကိုက ကိုယ်လုပ်ရင် လုပ်သလောက်ရမယ်။ နို့ပြီး လူတန်းစားညီရမယ်လို့ ဆိုထားတယ် မဟုတ်ဘူးလားဗျ။ လယ်ပိုင်မြေပိုင်ရှိတဲ့လူရော မရှိတဲ့လူရော လုပ်အားသာ ပဓာနပေါ့ဗျ…”

“အောင်မယ်… မင်းကလည်း ဒါတွေပါ နားလည်နေသကိုးကွ…”

“ဘယ့်နှယ် မလည်ဘဲ ရှိရမလဲဗျ၊ ကျွန်တော်လည်း ခေတ်ပြောင်းတော်လှန်ရေးကြီးမှာ ခေတ်ကိုလေ့လာနေရတဲ့ လူတစ်ယောက်ပဲဗျ…”

ဤတွင် ဖိုးဆောင်က…

“ဟေ့ ဖိုးထောင်၊ မင်းက ခုခေတ်ကောင်လေးတွေကို အထင်မသေးနဲ့နော်၊ ဒီတော်လှန်ရေးအစိုးရလက်ထက်မှာ ဟောပြောပွဲရှိတိုင်း သွားသွားနားထောင်နေကြတာကွ…”

“ဒါတင်မကပါဘူးဗျ၊ ခု ကျွန်တော်တို့ရွာမှာ စာကြည့်တိုက်လည်း ရှိနေတယ် မဟုတ်လားဗျ၊ ခုနှယ် ခက်နေတာက ခင်ဗျားတို့လို မကြီးမငယ် လူလတ်ပိုင်းတွေပဲ၊ မိဘဆီက အမွေရထားတဲ့ လယ်ကလေးတွေနဲ့ ဟိုတုန်းက လယ်ရှင်စိတ်ဓာတ်က မကုန်ကြဘူး၊ ခေတ်ကို မလေ့လာကြဘူး။ အားအားရှိ ထန်းရည်သောက်၊ အရက်သောက်၊ ကြက်တိုက်…”

“ဟေ့ ဟေ့… ကောင်လေး တော်တော့ ဘုရားဖြစ်မယ့် အုတ်ခဲကျိုးလေး”ဟု ဖိုးထောင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်၌ မောင်ကြွေက ရယ်မော၍…

“ဟဲ… ဟဲ…. ကိုလေးဖိုးထောင်က ဒေါကန်သွားသလား၊ နို့ ကျွန်တော်ပြောတာ မဟုတ်ဘူးလားလို့”

ယင်းအခိုက် ရွာတောင်ပိုင်းနှင့် မြောက်ပိုင်းအကူး အိမ်ခြေပြတ်သော လှည်းလမ်းကျပ်တစ်နေရာ ရောက်သည်တွင် လမ်းပေါ်မှာ ကန့်လန့်ဖြတ် ကြိုးတစ်ချောင်းတားထားသည်ကို တွေ့ရသည်နှင့် ဖိုးထောင်က လှည်းကို ရပ်လိုက်ရသည်။

လမ်းဘေးချုံကွယ်မှ တုတ် ဓားကိုင် လူ ၃ ယောက် ထွက်လာသည်။ ကိုဘအေးက ဒေါပွစွာ “ဟေ့ ကမြင်းမသားတွေ၊ ဘာလုပ်ကြတာလဲဟ”

ထိုလူများမှာ တစ်ရွာတည်းသား မောင်ခွေး၊ မောင်သင်လေး၊ ဗိုလ်ချိုဆိုသူများ ဖြစ်ကြ၍ မောင်သင်လေးက…

“မင်္ဂလာဆောင် ကြိုးတားကြတာဗျ”

ကိုဘအေးက…

“ဟ… နင့်အမေလင် မင်္ဂလာဆောင်လားဟ”

“မဟုတ်ဘူး၊ မြခင်တို့ အမေ့လင် မင်္ဂလာဆောင်ဗျ”

ဖိုးတောင်တို့လည်း ပြုံးမိကြ၍ ဖိုးထောင်က…

“ကိုသင်လေးရာ ကျုပ်တို့ ပထွေးလေးဟာပဲဗျာ…၊ မလုပ်ကြပါနဲ့…”

ဤတွင် မူးနေဟန်ရှိသော ဗိုလ်ချိုက…

“ဘတူ့ ပထွေးလေးပဲဖြစ်ဖြစ် ရွာမှာ ထုံးစံရှိတဲ့အတိုင်းပဲ”

“ကဲ… ဘယ်လောက်ပေးရမှာလဲ”

“ငါးဆယ်…”

“ငါးဆယ်ကြီးတောင် မများဘူးလားဗျာ၊ လျှော့ပါဦး”

“မလျှော့နိုင်ဘူး၊ ပေးရင်ပေး မပေးရင် ငါ ဟောဒီနွား ဓားနှင့်ခုတ်လိုက်မယ်”ဟု လက်ရွယ်သည်၌ ဖိုးထောင်က မျက်လုံးပြူးကာ…

“ဟာ မလုပ်ပါနဲ့ဗျာ၊ ကဲ…. ပထွေး ပေးလိုက်စမ်းပါဗျာ”

“ဟာ ငါးဆယ်ကြီးတောင် မပေးနိုင်ဘူးကွာ၊ မင်းတို့ဟာ တော်ရုံတန်ရုံပေါ့”

ဤတွင် မောင်ခွေးက စပ်ဖြဲဖြဲနှင့် သူ့သွား သံချေးတက်တွေပြဲ၍….

“ကဲ… အချင်းချင်းတွေပဲ အစိတ်လုပ်ဗျာ၊ ဦးလေးဘအေးကလည်း ဒီအစိတ်တော့ပေးလိုက်”

“ဟာ… ရော့ ရော့…”

ကိုဘအေးက စိတ်တိုစွာပေးသည်၌ ဗိုလ်ချိုက…

“ဟာ… အစိတ်တော့ နည်းတယ်”

မောင်ခွေးက…

“မနည်းပါဘူး ဗိုလ်ပုချိုရာ၊ ငွေအစိတ်ဆိုရင် ကြက်တစ်ကောင်၊ အရက် သုံးပုလင်းနဲ့ မနက်တောင် မျက်လုံးစင်းနေလိမ့်၊ လာ လာ”

ယင်းသို့ဖြင့် ကိုဘအေးဆီက ငွေအစိတ်လည်းရရော၊ ဖိုးဆောင်ရော ဖိုးထောင်ရော လှည်းပေါ်မှ ခုန်ဆင်းကြပြီး…

“ဟေ့… မောင်ကြွေရေ၊ မင်းယောက္ခမလောင်းကို မင်းပဲ သူ့ယောက္ခမအိမ် လိုက်ပို့တော့ကွာ၊ နို့ပြီး လှည်းကို ငါ့အိမ်ပြန်မောင်းပို့လိုက်ဟေ့”ဟုဆိုပြီး လာရောက် ကြိုးတားကြသူများနှင့်အတူ လိုက်ပါသွားကြလေ၏။

“အေး သောက်ကမြင်းမသားတွေ၊ နင်တို့လည်း တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဆိုတာ ငါ အစကတည်းက ရိပ်မိသားပဲ၊ သောက်ကြ မျိုကြဟေ့၊ ငါ့ငွေအစိတ်ကို နင်တို့အန်ဖတ်ဆို့အောင်”ဟု ကိုဘအေးက လှမ်းပြောလိုက်သည်၌ သူတို့ကလည်း…

“ဤသို့ပြုရ မြတ်ပုညကြောင့် သတို့သားအဘိုးကြီးနဲ့ သတို့သမီး အမယ်ကြီးတို့ အိုအောင်မင်းအောင် ပေါင်းရပါစေဗျား”ဟု ပြန်အော်ခဲ့ကြသေး။


* * * * *

Comments