ကျေးရွာများသို့ ဖွတ်ဘိုးအေများ ရောက်လာခြင်း
ကျေးရွာဒေသများသို့ ကိုယ်တိုင်လာရောက်ပြီး ငွေများ ရက်ရောစွာ ချေးသည်ကား ယခု တော်လှန်ရေးအစိုးရ လက်ထက်ကျမှ မဟုတ်သေး။ ဟိုယခင် ယခု တော်လှန်ရေး ကောင်စီဝင်များပင် ကလလရေကြည် သန္ဓေမတည်မီက ကျေးရွာသားများ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါ၏။
ယခု ဒီအစိုးရချေးတာ တစ်ဧက ၂၅ ကျပ်နှုန်း၊ ဟိုယခင် ချေးသူများက ဘယ်ကလိမ့်မှာတုံး၊ နို့ပြီး ယခု အစိုးရက စပါးပေါ်လျှင် ပြန်ဆပ်ရသည်။ မဆပ်လျှင် ကျွက်စီကျွက်စီ လုပ်တတ်သည်။ ယခင် ကျေးဇူးရှင်များက ဒီလိုမလုပ်ဘူးခင်ဗျာ့။ မြန်မြန်ဆပ်မှာတောင် စိုးနေသေး၊ ကြာလေကြိုက်လေဖြစ်သော ပုဂ္ဂိုလ်များပါတကား။ ၎င်းတို့ကား ချစ်တီးကုလားများ ဖြစ်ကြလေသည်။
အိန္ဒိယပြည် မဒရပ်မြို့နယ်များမှ လာရောက်သော ချစ်တီးကုလားတို့သည် မြန်မာပြည် အင်္ဂလိပ်မင်းလက်အောက် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော် ၇၀ လောက်ကပင် မြန်မာပြည်ရှိ မြို့ကြီးမြို့ငယ် အသွယ်သွယ်သို့ ဝင်ရောက်ပျံ့နှံ့ခဲ့ကြသည်။ ၎င်းတို့လုပ်ငန်းကား အပေါင်ခံ၍ ငွေတိုးချေးငှားခြင်းပင်။
ဤဝတ္ထုတစ်နေရာ၌ ဖော်ပြခဲ့သည့် တောသူတောင်သားတို့၏ လုပ်အားကို ကုပ်သွေးစုတ်ရန် ဖြစ်ကြသော ရက်ကန်းချည်ပုံပေး တရုတ်တို့သည် ဗုဒ္ဓဘာသာဝင်မျာ းလုပ်ကြကာ ရွာတွေရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက်ဥပုသ်စောင့်ခြင်း၊ လှူဒါန်းခြင်းများဖြင့် ကျေးရွာလူကြီးလူကောင်းများနှင့် မိတ်တွေသင်္ဂဟများဖြစ်ကြကာ သူတို့လုပ်ငန်းကိုတိုးချဲ့ထွင်သည်။ ချစ်တီးကုလားတို့ကား ဘာသာရေး အခြေခံကြီးသူများဖြစ်ကြ၍ ဘုန်းတော်ကြီးကျောင်းများသို့ ဦးမလှည့်ကြဘူး၊ မြို့ပေါ်ရှိ မြေစာရင်းဌာနရုံးမှ မည်သည့်ရွာတွင် မည်သူ မည်ဝါ လယ်ဧက မည်မျှရှိကြသည်ကို ကြည့်ရှုကြပြီးနောက် သူတို့နှင့် ပေါင်း၍သင်း၍ ရနေပြီဖြစ်သော ဗမာ ဒလန်တစ်ယောက်ယောက်နှင့် လယ်ပိုင်ရှင်အိမ်သို့ တိုက်ရိုက်ပင် လာရောက် မိတ်ဖွဲ့တတ်ကြလေသည်။
“ကျွန်တော်တို့က ချစ်တီးသူဌေး အာရနကြီးတိုက်က စာရေးကလေးတွေပါအစ်ကို၊ အစ်ကိုတို့လို လုပ်ငန်းကြီးကြီးလုပ်တဲ့ လူကြီးလူကောင်းတွေ အလုပ်တိုးချဲ့ဖို့ငွေများလိုရင် ကျွန်တော်တို့သူဌေးက အနည်းဆုံး အတိုးနဲ့ချေးဖို့ လွှတ်လိုက်ပါတယ် အစ်ကို၊ သူ့အကျိုးကိုယ့်အကျိုး အတ္တပရနှစ်ဝ အကျိုးရှိဖို့ပေါ့ အစ်ကို”
၎င်းတောလိုက်စာရေးခေါ် ချစ်တီးကုလားတို့ကား မြန်မာစကားကို ရေရေလည်လည် တတ်ကြပြီးဖြစ်သည်။
မိမိအိမ်ပေါ် ငွေတက်ပေးနေတယ်ဆိုတော့ မယူချင်သူ မရှားပေဘူးလားခင်ဗျာ။
“ဟေ့ မင်းတို့အနည်းဆုံးအတိုးက ဘယ်လောက်လဲကွ၊ ဆိုပါဦး” ဟု မေးလိုက်ပါအံ့။
“မများပါဘူး အစ်ကို၊ ၁၀၀ိ မှ တစ်လကို ငါးမတ်ပါ။ ချစ်တီးတိုက်တွေမှာဆိုရင် နှစ်ကျပ်ထက် မအောက်ပါဘူး အစ်ကို”
မြို့ပေါ်ချစ်တီးတိုက်တို့တွင် နှစ်ကျပ်၊ နှစ်ကျပ်ခွဲတိုး ဖြစ်နေတာလည်းမှန်၏။ ယခုမှ သူကပတ်ပျိုးမို့ အတိုးကလေးနှင့် စလုံးရေ စခြင်းဖြစ်၏။
သည်တော့ မြေပိုင်ရှင်ကြီးက…
“ဟယ်… တစ်ကျပ်တိုး မရဘူးလားကွ” ဟုဆစ်အံ့။
“ရပါတယ်အစ်ကို၊ အစ်ကိုလိုချင် ကျွန်တော်သူဌေးကို ပြောပေးမှာပေါ့” ဟု လျှော့၍လာ၏။
အကယ်၍ လယ်ရှင်က…
“အို… ငါ မင်းတို့အတိုးတွေနဲ့ မချေးချင်ပါဘူးကွာ၊ ငါ့မှာ အသုံးထွေထွေထူးထူးလည်း မရှိသေးပါဘူး”ဟု ငြင်းဆိုစေဦးတော့၊ ချစ်တီးသည် ရောက်မိမှဖြင့် လက်လွတ်မခံတော့ပေ။
“ဒါပေမယ့်အစ်ကို၊ ကျွန်တော်တို့မှာ အခုပါလာတဲ့ ငွေ ၃၀၀ ယူထားလိုက်၊ အစ်ကို ချေးတာမဟုတ်ဘူးနော်၊ ကျွန်တော်တို့က အစ်ကို့ကို ယုံလို့ အပ်ခဲ့တာ၊ နောက်တစ်ခါ ကျွန်တော်တို့လာတော့မှ အစ်ကို သုံးစရာမရှိဘူးဆိုလည်း ပြန်ပေးပေါ့”
“ဟဲ့… ဒီအတွင်း ငါသုံးမိရင်ကောကွာ အတိုးပေးနေရဦးမှာလား”
“အား… အစ်ကိုကချေးတာမှ မဟုတ်တာ၊ အစ်ကိုသုံးမိတောင် ဒီလအတွက် အတိုးမပေးရပါဘူး အစ်ကိုရယ်”
“အေး… ငွေဆိုတာ လက်ထဲရှိနေရင် သုံးမိတတ်လို့မေးရတာကွ”
“ဟုတ်ပါတယ် အစ်ကို… ကိစ္စမရှိဘူး၊ အစ်ကို အကျိုးဖြစ်ထွန်းမယ်ဆိုရင် သုံးပေါ့၊ နောက်အလိုရှိလည်း ပြောပါ၊ ကျွန်တော့်နာမည် ဆာမိခေါ်ပါတယ်၊ နောက်တစ်လကျော်ရင် ကျွန်တော်အစ်ကိုတို့အိမ် လာလည်ပါဦးမယ်၊ ဒါနှင့် အစ်ကို့ခြံထဲမှာ ငှက်ပျောပင်များ မရှိဘူးလား”
“အရှေ့ဘက်ခြံထဲမှာ ရှိပါ့ကွာ၊ ဘာလို့လဲ…”
“ကျွန်တော်တို့က ငှက်ပျောဖတ်နှင့် ထမင်းစားတယ်မဟုတ်လား အစ်ကို”
“အေး… ကြိုက်သလောက်ခုတ်သွားစမ်းကွာ၊ ဟေ့ ငဖြူ၊ ခြံထဲကို ကုလားတွေကိုလိုက်ပြလိုက်စမ်းကွာ… ဓားလည်းယူသွား”
ချစ်တီးဆွာမိသည် ဤရွာ၌ ဂုဏ်သိက္ခာသမာဓိရှိသည်ဟု ထင်ရှားသော လယ်ပိုင်ရှင် ကိုဖိုးဆင်ထံတွင် ငွေ ၃၀၀ိ လက်လွတ်စပယ်ထားခဲ့၍ ကိုဖိုးဆင်ခြံမှ ငှက်ပျောဖက်စည်းတစ်လိပ်ကို သူတို့ချစ်တီးလှည်းပေါ်တင်ကာ မြို့သို့ပြန်သွားလေသတည်း။ ပဏာမသပ်လျှိုပစ်ခဲခြင်း။
ချစ်တီးများပြန်သွားလတ်သော် ကိုဖိုးဆင်နှင့် ဇနီးမမြရင်တို့ တီးတိုးစကားပြောကြလေသည်။ စုတ်ဝင်မည်၊ လာဘ်ဝင်မည်ဟု တောရွာဒေသအလျောက် အခါအခွင့်သင့်တိုင်း ဗေဒင်မေး၍ ဟောထားတာကလည်း ရှိသည်။ လူမျိုးခြား မ စမည်ဟု ဆိုစကားလည်းရှိ၏။ ယင်းခေတ်တွင် ချစ်တီးတွေက ငွေကို အတင်းလိုက်ချေးနေချိန်ဖြစ်၍ ဗေဒင်ဆရာတွေကလည်း ဤသို့ဟောရန် သိနေသည်လည်းဖြစ်နိုင်၏။
လက်ထဲတွင် ငွေရောက်က ဘယ်သူသည် မသုံးဘဲအောင့်အည်း၍ နေနိုင်အံ့နည်း။ ဈေးရောင်းဈေးဝယ် ဝါသနာပါသော ဒေါ်မြရင်က အောက်အရပ်မှ ငါးပိများကို မှာယူရန်စိတ်ကူးရလေ၏။ ကိုဖိုးဆင်က သဘောတူလေ၏။
ငါးပိများရောက်လာပြီးနောက် အရိုင်းကို ဆန်ကွဲဆန် နှစ်ဆထိုးကာ ပြုပြင်၍ စဉ့်အိုးထဲသိပ်ပြီး လက်လီရောင်းရာ လွန်စွာ တွက်သားကိုက်လေ၏။
ယင်းသို့ရှိနေစဉ် ချစ်တီးဆွာမိသည် တစ်လလောက်ရှိသည်၌ သူ့စကားအတိုင်း ကိုဖိုးဆင်အိမ်သို့ ရောက်လာ၏။ ကိုဖိုးဆင်ကဆီးတဲ့၍ “ဟေ့ ဆွာမိရ.. တစ်လစေ့လို့ မင့်ငွေပြန်တောင်းရအောင် လာပြီလားကွ…”
ဆွာမိက ပျာပျာသလဲ “ဟာ… မဟုတ်ပါဘူး အစ်ကို၊ ကျွန်တော်ဖြင့် ဒီငွေကို သတိတောင်မရပါဘူး”ဟုဆိုပြီး သူနှင့်ပါလာသော ထမင်းချက်ကုလားအား ချစ်တီးလိုပြောလိုက်သည်၌ ထိုကုလားက သူတို့ချစ်တီးလှည်းပေါ်မှ တောင်းတစ်လုံးကိုချသည်။ ၎င်းတောင်းထဲ၌ ချက်ပြုတ်ရန် အိုးခွက်၊ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆားနှင့် ကြက်အရှင်များပါလေရာ ဒါကိုကြည့်၍ ကိုဖိုးဆင်က…
“အေး… မင်းတို့က ကြက်အရှင်လည်လှီးပြီးမှ စားကြတယ်နော်”
လူအရှင်လတ်လတ်ကိုပင် သွေးစုတ်ရန် လာရောက်ကြိုးပမ်းနေသော ချစ်တီးကုလားအား ဗမာပီပီ တရားသံပါပါလေးပြောတော့ ဆွာမိက အလွန်နှိမ့်ချသော အသံဖြင့်…
“အစ်ကိုရယ်… ဒါက ကျွန်တော်တို့လူမျိုးထုံးစံဖြစ်နေတာကိုး၊ ခွင့်လွှတ်ပါနော်၊ အစ်ကိုတို့လည်း စားရအောင်လို့ ကျွန်တော် ပိုပိုမိုမို ဝယ်ခဲ့ပါတယ်”
ဇာတ်ရှိသောကုလားလူမျိုးတို့သည် လူမျိုးခြားချက်သော အစားအစာများကို လက်ဖျားနှင့်မှ မထိကြ။ ကျွန်ုပ်တို့ဗမာများကား ဘာကောင်ကြီးကပဲ ချက်ချက် ကောင်းလျှင် ဟဲကြသည်သာ။ ချစ်တီးကုလားချက်သော ကြက်သားဟင်း၊ ပဲဟင်းနှင့် ခရမ်းသီးကြော်တို့သည် တောရွာမှ ကိုဖိုးဆင်တို့အိမ်သားများ ခံတွင်းတွင် မဆလာနံ့ပြင်းပြင်းနှင့် တစ်မျိုးထူးခြားလေသည်။ ချစ်တီးဆွာမိတို့သည် မိတ်ဆွေရင်းချာဖြစ်ရန် တမင်တကာ လာရောက်ချက်ပြုတ်ကျွေးမွေးသည်ဖြစ်သော်လည်း သူတို့သည် မြန်မာလူမျိုးများနှင့် ထမင်းလက်ဆုံစား၍တော့ မဖြစ်ကြ။ သူများပန်းကန်ခွက်ယောက်ကိုလည်း မထိလို၍ သူတို့က ငှက်ပျောဖက်ထဲ စုပုံထားကြပြီး ကိုဖိုးဆင်တို့အိမ်သားမျာကို ဟင်းသတ်သတ်ခပ်၍ ပေးလေသည်။
ဆွာမိက ပျော်ပွဲစားသက်သက် လာတာပါ၊ ဟိုငွေကိစ္စ သတိတောင် မရပါဘူးဟု ဆိုသော်လည်း ငွေကျွံနေပြီဖြစ်သော ကိုဖိုးဆင်တို့ကပင် စပြောရလေသည်။
ငွေသည် ငါးပိဖြစ်လေရာ ရောင်း၍တော့မြတ်နေပါ၏။ သို့သော် အချို့အကြွေးနှင့်၊ ငါးပိကလည်း မကုန်သေးသဖြင့် ငွေရင်းမပေါ်သေးလေရာ ကိုဖိုးဆင်သည် ထမင်းစားပြီး အေးဆေးစွာ သွားကြားထိုးရင်း…
“ဆွာမိရေ… မင့်ငွေတော့ တို့ပြန်မပေးနိုင်သေးဘူးဟေ့၊ အသုံးကလေး ပြုထားသကွဲ့…”
“အာ…. အစ်ကိုကလည်း ဒါပဲပြောနေ၊ ကျွန်တော် ဒီကိစ္စလာတာမဟုတ်ပါဘူး ပြောနေမှပဲ”
“ဒါဖြင့် အဲဒီငွေ ဘယ်လိုထားမလဲ”
“ကျွန်တော် အရင်ထဲက ပြောခဲ့ပြီကော၊ တစ်လ အတိုးမယူပါဘူးလို့”
“ဒါဖြင့် အခုရှေ့တော့ ယူတော့မယ်ပေါ့၊ ဟဲ… ဟဲ”
“ဒါတော့ အစ်ကိုရယ်… ကျွန်တော်တို့မှာက ဒီအတိုးကလေးရမှ စားရတာပဲ၊ အစ်ကိုတို့က ကျွန်တော်တို့ငွေယူရင်းပြီး တစ်ရာလောက်မြတ်မှ တစ်ကျပ်လောက် အတိုးပေးရတာပါပဲ”
“ဒါဖြင့် မင်း တစ်ကျပ်တိုးနဲ့ပဲထား”
“ထားပါတယ် အစ်ကိုရယ်… ထားပါတယ်၊ အစ်ကို နောက်ထပ် လိုချင်လဲပေးဖို့ ဟောဒီမှာ ပါ ပါသေးတယ်”ဟု ငွေခေါက်ကြီး ထုတ်ပြ၏။
“အင်း… ၁၀၀ိ မှ ၁ိ တိုး၊ ကိုယ့်ရွာထဲ ရွှေပေါင်ခံတောင် ၂ ကျပ်တိုးလောက် ရနေတာ၊ နို့ပြီး စပါးပေးချေးရရင်ကော” တောသား ကြေးရတတ်တို့၏ အမြတ်ကြီးစား စိတ်ဓာတ်ဝင်လာကာ လင်မယားနှစ်ယောက် တိုင်ပင်ပြီးသကာလ ငွေ ၅၀၀ိ ပြည့်လေအောင် နောက်ထပ် ဆွာမိထံမှ ယူလိုက်လေသတည်း။
ဤကား ကျေးရွာလယ်ပိုင်ရှင်များအား ချစ်တီးကုလားက မည်သို့စတင် အပင်းသွင်းသည်ကို အကျဉ်းမျှ ဖော်ပြခြင်းဖြစ်ပါသည်။ ၎င်းအပင်းကလေး ၄-၅၀၀ိ မှသည် သူတို့၏ကြွေး အတိုးရော အရင်းပါက ထိုလယ်ရှင်၌ရှိသော လယ်များ၏ ခေတ်ပေါက်ဈေးနှင့် ညီသည်အထိ ချဲ့ထွင်ကာ ကြိုးရှည်ရှည်နှင့် မျှားထားပြီးသကာလ နောက်ဆုံးတွင် အရင်းရှင် ဥပဒေပိုက်ကွန်ဖြင့် ကျုံး၍ ဆွဲတော့မည်ဖြစ်ပေ၏။
ထိုစဉ်အခါတွင် (ဤဝတ္ထုအခြေခံရာ) ကျေးရွာကြီးတွင် ယခုကဲ့သို့ အိမ်ခြေ ၅၀၀ မကျော်သေး၊ ၃၀၀ မျှသာရှိခဲ့ရာ ဤ ၃၀၀ ခန့်တွင် ဆယ့်လေးငါးအိမ်က လယ်ပိုင်ရှင်ကြီးငယ်များဖြစ်ကြ၍ အကျန်များက လယ်ကူလီများသာဖြစ်ကြလေ၏။
ယင်း လယ်ပိုင်ရှင်ကြီးများအနက်မှ သည်ဝတ္ထုကိုအခြေခံသော လူကြီး ၃ ယောက်၏အမည်ကို ဖော်ပြမည်။
ဦးမာဒင်၊ ဦးစံရင်၊ ဦးဖိုးဆင်
ဦးဖိုးဆင်ကား အခုနပင် ချစ်တီးကုလားက သူ့အား ငွေအပင်းသွင်းသွားပုံကို စံပြအဖြစ်နှင့် ဖော်ပြခဲ့သူဖြစ်သည်။ ဦးစံရင်ကား သေဆုံးခဲ့လေပြီ။ ဤဝတ္ထုဇာတ်ဆောင်တစ်ဦးဖြစ်သူ ကိုဘအေး၏ဖခင်ဖြစ်သည်။ ဦးမာဒင်ကား မလှဌေး၏အဖေဖြစ်၍ ဝတ္ထုအစ၌ ကျေးရွာသမဝါယမဆိုင်ထဲတွင် ဆင်နှစ်ကောင် ဆေးပြင်းလိပ် လာဝယ်သော အဘိုးကြီးဖြစ်ကြောင်း စာဖတ်သူ ရိပ်မိကောင်းပါသည်။
သူတို့ ၃ ယောက်သည် ဟိုယခင် ကိုမာဒင်၊ ကိုစံရင်၊ ကိုဖိုးဆင်ဟု ခေါ်ရစဉ် အရွယ်တုန်းက ရွာနီးပတ်ဝန်းကျင်တွင် ကျော်ဇောထင်ရှားသော ‘တောသူဌေး’ ခေါ် မိရိုးဖလာ လူချမ်းသာမြေပိုင်ရှင်များ ဖြစ်ခဲ့ကြကုန်၏။ ဦးစံရင်သည် ဦးဖိုးဆင်ထက်ကြီး၍ သူတို့က ဆွေမျိုးတော်ကြသည်။ ထို့ကြောင့် ကွယ်လွန်သူ ဦးစံရင်သား ကိုဘအေးနှင့် ဦးဖိုးဆင်အား ‘အစ်ကိုဖိုးဆင်’ဟု ခေါ်ခြင်းဖြစ်သည်။ ဦးမာဒင်နှင့်ကား သွေးသားမစပ်ကြ။ လှူစရာမပြိုင်၊ လုပ်စရာအပြိုင်၊ စီးပွားရေးပြိုင်ကြသူများ ဖြစ်၏။ ရွာသည် ရှည်လျား၍ တောင်ဖျား မြောက်ဖျား ဘုန်းကြီးကျောင်းနှစ်ကောင်း ရှိလေရာ ကိုးကွယ်ရာမှာလည်း တစ်ကျောင်းစီ ကိုးကွယ်ကြ၏။
ချစ်တီးကုလားများ ရွာသို့ မချဉ်းကပ်မီက သူတို့သည် ရိုးရိုးမှန်မှန် ဝန်နှင့်အား၊ မြားနှင့်လေး၊ ကိုယ့်လုပ်အားနှင့်ကိုယ် ချင့်ချိန် သုံးစွဲခဲ့ကြသည်။ ချစ်တီးတွေအိမ်အရောက် ငွေစက္ကူခေါက်တွေ လာပေးကြတော့ ကိုအဝှာတို့ ဘဝင်မြင့်ကြကာ မိမိကိုယ်မိမိ ဘုန်းကံရှင်များပင် ထင်ကြလျက် လုပ်ငန်းချဲ့ထွင်ခြင်း၊ အသုံးအစားလက်ဖွာခြင်း၊ သားသမီးတို့၏ ဆင်ယင်တန်ဆာဆင်ခြင်း၊ အလှူအတန်းတွေ အားကျမခံလုပ်ခြင်း အမှုတွေကို ပြုကြလေ၏။
“ကျွန်တော်တို့သူဌေးမှာ ငွေတွေ အများကြီးရှိတယ် အစ်ကို၊ ဒါတွေ အစ်ကိုတို့သုံးပေးမှ ကျွန်တော်တို့ အတိုးကလေးရလို့ ထမင်းစားရမှာပါ အစ်ကို…”
ဘုန်းကြီးကျောင်းစာ အတော်အသင့် တတ်သည်ကလွဲ၍ ဘာမျှ အပြင်ပန်း စာပေဗဟုသုတ မရှိကြသော တောသားကြီးများ ချစ်တီးစကားကို မဟုတ်ထင်ကြကုန်သည်။ ချစ်တီးငွေကိုယူ၍ သုံးစွဲပေးခြင်းပင် သူတို့ကိုယ်သူတို့ မဟာကရုဏာရှင်ကြီးများ အောက်မေ့ကြသေးသည်။
“သူတို့ ဘင်္ဂလားတိုင်းပြည်က ငွေသာပေါပြီး အစားအသောက်က တယ်ရှားဆိုပဲကွ။ ဒါနဲ့ ဒီပြည်ရောက်ပြန်တော့လည်း ငွေသာရှိပြီး ခမျာများ ဘာမှ မလုပ်တတ်မကိုင်တတ်နဲ့ တို့လို ယုံကြည်စိတ်ချရတဲ့ လူဆီမှာ ငွေတိုးကလေး ချေးစားကြရရှာတာကွဲ့”
ချစ်တီးငွေတွေ အိမ်တိုင်ရာရောက် လာပေးနေစဉ် အချိန်တုန်းက ၁၀ နှစ်သားမျှသာ ရှိဦးမည့် မောင်ဘအေးနှင့် သူ့ဖခင် ဦးစံအေးက ပြောခဲ့ဖူးကြောင်း၊ ယခု ဦးဘအေးက ရှေးဟောင်းနှောင်းဖြစ်တွေနှင့် ပြန်ပြောလေ့ရှိသည်။
ဦးဘအေးသည် ငယ်ဇာတာကောင်းခဲ့သူဖြစ်သည်။ သူငယ်စဉ်က ဆွဲကြိုး ဒေါ်လာပြားကြီးနှင့် ရွှေခြေကျင်းလည်း ဝတ်ခဲ့ရကြောင်း၊ ရွှေနားတောင်းလည်း ပန်ခဲ့ဖူးကြောင်း သူ့နားပေါက်ကိုပြသည်။ လက်ရှိဘဝ၌ ဆင်းရဲလှသော သူ့သားသမီးများအား ရှေးဟောင်းနှောင်းဖြစ်များ ပြောပြတတ်သည်။
မှန်ပါ၏။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် ၆၀ အခါက မြန်မာလူမျိုးများသည် ရွှေဝတ်တန်ဆာများကို သမီးမိန်းကလေးတွေတွင်မက သားယောက်ျားကလေးများကိုပါ နားတောင်း၊ ဆွဲကြိုး၊ ခြေကျင်းများ ဝတ်ဆင်စေပါသည်။ ယင်းကား တောသား ကြေးရတတ်များ ဝင့်ကြွားခြင်းဖြစ်ပေသည်။ ယင်းအထာကိုသိနေသော ချစ်တီးကုလားတို့သည် လယ်ပိုင်ရှင်တို့၏ သားသမီးများ ဝတ်ရေးစားရေးပင် ဝင်၍ ခြေရှုပ်တတ်ကြသည်။
ဦးမာဒင်၊ ဦးစံရင်၊ ဦးဖိုးဆင်တို့၌ သားသမီးများစွာ ရှိလေရာ ချစ်တီးဆွာမိတို့သည် မည်သူ့သားသမီးအတွက် မည်သည့်နေရာက မြို့လာစဉ် ရွှေဘယ်လောက်သား ဝယ်ပေးလိုက်ရကြောင်း၊ ကျွန်တော်တို့ ချစ်တီးရွှေက သိပ်ကောင်းတာပဲ စသည်ဖြင့် ဟိုအိမ်ကစကား သည်ပို့၊ သည်အိမ်ကအကြောင်း ဟိုအိမ်ပြော ပြုတတ်ကြသေးသည်။ သားရှင်ပြုခြင်း၊ ဘုန်းကြီးကျောင်းတွင် ရာသီပွဲတော်အလျောက် အလှူအတန်း ပြုခြင်းများတွင်လည်း သူတို့က မြှောက်ထိုးပင့်ကော်လုပ်၍ ငွေချေးတတ်ကြသေးလေသည်။
ချစ်တီးကုလားတို့သည် နည်းမျိုးစုံစွာနှင့် တောရွာက လယ်ပိုင်ရှင်များနှင့် ရင်းနှီးအောင်ပေါင်းသည်။ သူတို့က တောသို့လာ၍ ပျော်ပွဲစားခြင်းများပြုသည်။ ချစ်တီးပွဲများတွင် လယ်ပိုင်ရှင်တို့အား ဖိတ်ကြား၍ ဧည့်စောင်ပြုသည်။ မြို့ရောက်လျှင် သူတို့တိုက်သို့ဝင်စေ၍ လက်ဖက်ရည်များ၊ မုန့်များ တိုက်ကျွေးသည်။
ယင်းသို့ ရွာများတွင် ချစ်တီးကုလားတွေဝင်၍ ခြေသွက်နေချိန်သည် သာသနာဘာသာ လွန်စွာစည်ပင်သည်ဟု ထင်စရာရှိသည်။ ပဉ္ဇင်းခံ ရှင်ပြုတွေ လှိုင်လှိုင်ဝေသည်။ ဘုရားပွဲတော်များမှာ ဇာတ်ပွဲ၊ အငြိမ့်ပွဲများနှင့် ငြိမ့်ငြိမ့်ညံသည်။ တစ်ကြိမ်သောအခါ၌ တောင်ဘက် ရွာဦးကျောင်းတွင် ဘုန်းကြီးပျံတော်မူရာ ချစ်တီးများ တော်တော်ငွေချေးလိုက်ရသည်။ သဟာနှင့် နောက်တစ်နှစ်ရောက်သော် သောက်မှန်း ကန်းမှန်းမသိသော ချစ်တီးကုလားတစ်ယောက် ရွာသို့လာစဉ် “အစ်ကိုတို့ ဒီနှစ် ဘုန်းကြီးပျံမလုပ်တော့ဘူးလား၊ လုပ်ပါဦး၊ သိပ်ကောင်းတာပဲ”ဟု ပြောမိသည်၌ စိတ်ဆတ်သော ကိုစံရင်သည် ထိုကုလားကို ဖနောင့်နှင့် ထပေါက်ဖူးသည်။ ဤသတင်းသည် ချစ်တီးတိုက်ရောက်သွားသောအခါ၌ သူဌေးအာရနကြီးကိုယ်တိုင်က ဦးစံရင်ကို ဖိတ်ခေါ်၍ တောင်းပန်သမှုပြုသည်။
ချစ်တီးကုလားလူမျိုးတို့သည် ငွေစတင်ချေးရာ၌ လွန်စွာဖြည်းညင်းညံ့သက်ကြသည်။ ကြည့်ပါ၊ ဦးဖိုးဆင်အိမ်သို့ ချစ်တီးငွေရောက်လာပုံကို နမူနာအဖြစ် ဖော်ပြခဲ့ပါသည်။ ပထမတွင် အတိုးပင် မယူလိုက်သေး။ နောက်ထပ် ၂၀၀ ကျပ်ယူ၍ ပထမ ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်ဖြစ်တော့မှ တစ်လ တစ်ကျပ်တိုးက စယူသည်။ သူတို့သည် တစ်နှစ်လျှင် တစ်ခါမျှသာ အတိုးတောင်းလေ့ရှိရာ တစ်နှစ်မြောက်သည်၌ ဦးဖိုးဆင်သည် အတိုးငွေ ၆၀ ကျပ် စတင်ပေးရလေ၏။
ကြည့်စမ်း၊ ငွေ ၅၀၀ ကျပ်ဆို တစ်နှစ်မှ အတိုး ၆၀ ကျပ် ဖြစ်လေတော့ မည်မျှသက်သာလေသနည်း။ ဦးဖိုးဆင်၏မိန်းမ ဒေါ်မြရင်က ကုန်ကလေး တောက်တိုမယ်ရ ကူးသန်းချင်တာနှင့် ရွာထဲက ဆင်းရဲသားတွေကို စပါးပေး တင်းတိုးချေးတာနှင့် လွန်စွာ တွက်သားကိုက်နေလေတော့ ပိတ်ဖြူဝတ်သော ချစ်တီးကုလားတို့သည် သူတို့အတွက် ဘိုးဘိုးအောင်သဖွယ် ဖြစ်နေရကား အတိုးမှန်မှန်ပေး၍ အရင်းကိုပြန်ဆပ်ဖို့ စိတ်မကူးကြရုံမက လုပ်ငန်းချဲ့ထွင်ရန် လယ်များကို တိုးချဲ့ဝယ်ယူ၍ လက်ထောက်ခ ချရန် ငွေကို ပို၍ပို၍သာ ချေးကြလေ၏။ ဒီယုန်မြင်၍ ဒီချုံထွင်ထားသော ချစ်တီးများကလည်း ကြိုက်လှပါသည်။
သို့သော် နောက်ထပ် ငွေလိုချင်တယ်ဆိုတော့ “အစ်ကိုရေ… ၁ကျပ်တိုးတော့မရဘူး၊ သူဌေးက ငါးမတ်တိုးမှတဲ့…”
အို… ဒီလောက်တော့ ဘာအရေးတုန်း၊ ကျိတ်လိုက်…။
ချေးငွေ တစ်ထောင်လောက်ကို ငါးမတ်တိုးဖြင့် နှစ်စဉ်မှန်မှန် အတိုးပေးနေလေတော့ ချစ်တီးများ အားမရပြန်တော့ပြီ။
“အစ်ကိုရေ့ ဒီနှစ်တော့ ကျွန်တော်တို့သူဌေးလည်း ငွေကျပ်လို့ အရင်းထဲကပါ ဖဲ့ဆပ်ပါတဲ့ ပြောတယ်အစ်ကို”
“ဟဲ့.. မရှိသေးဘူး”ဟုသာ ညာပြောလွှတ်လိုက်၍ ပြန်သွားကြပြီး နောက်တစ်ခေါက် ပြန်လာပြန်တော့…
“အစ်ကိုရေ့… ဒီလို အရင်းမပေးနိုင်ရင်တဲ့၊ သူဌေးကပြောတယ်၊ ငါးမတ်တိုးမထားနိုင်ဘူး၊ တစ်ကျပ်ခွဲတိုးမှတဲ့”
ကဲ… လုပ်ရပြန်တော့၏။ စာချုပ် ပြင်ချုပ်ရပြန်တော့၏။
စင်စစ်ကား ချစ်တီးသည် အရင်းသာမဟုတ်၊ အတိုးပါ မပေးနိုင်ပါစေနှင့်ဟု ဆုတောင်းနေသည်ဖြစ်ရာ တစ်နှစ်နှစ်တွင် အကြောင်းအားလျော်စွာ လယ်ယာလုပ်ငန်း စပါးအထွက်နည်း၍လည်းကောင်း၊ သာရေးနာရေး ကိစ္စရှိ၍လည်းကောင်း၊ အတိုးပါပြေလည်အောင် မဆပ်နိုင်သောအခါ၌ အတိုးရော အရင်းပါပေါင်း၍ နှစ်ထပ်တိုး ပြုလုပ်လေ၏။
ထိုအစ၌ လယ်ပေါင်စာချုပ် မလုပ်ရသေးချေ။ လူယုံတော်အဖြစ်နှင့် ကြိုးရှည်ရှည် လှန်ထားတုန်းဖြစ်၏။
အဲ… အတိုးချည်းမှန်မှန် ဆပ်နေနိုင်လျှင် အရင်းပါပြန်တောင်း၍ မပေးနိုင်က အတိုးပိုတင်ခြင်း၊ ငွေကိုလိုလျှင် ထပ်ပေးခြင်းဖြင့် နောက်ပိုင်းတွင် အတိုးက ၂ ကျပ်၊ ၂ ကျပ်ခွဲတိုးဖြစ်လာလေ၍ အတိုးပင်မှန်မှန် မဆပ်နိုင်သောအခါ၌ နှစ်ထပ်တိုးပြုလုပ်ခြင်းဖြင့် ငွေအတိုးအရင်းပွားတွေ သိပ်များလာသောအခါ လယ်ပေါင်စာချုပ်ကို ပြုလုပ်လေတော့၏။
ထိုစဉ်တွင် လယ်တစ်ဧကကို ၂၅၀ိ/-၃၀၀ိ/ ပေါက်ဈေးရှိလေရာ ချစ်တီးတို့သည် တစ်ဧကလျှင် ၁၅၀ိ-၂၀၀ိ နှုန်းထားလောက်မှန်း၍ မြေရှင်ပိုင်သော လယ်ဧက အရေအတွက်ကြည့်ကာ ချေးလေသည်။
ယင်းသို့ဖြင့် သူတို့ရစရာရှိသော ငွေအတိုးရင်းပွားသည် ထိုမြီစားပိုင် လယ်ဧကတန်ဖိုးနှင့် ကိုက်ညီသောအခါ ဘီလူးဇာတ်ကို ခင်းလေတော့သတည်း။
ရွာတစ်ရွာတွင် ချစ်တီးများဝင်မိပြီဆိုလျှင် ၁၀ နှစ်ထက် ပိုမကြာမီ ရုပ်လုံးပေါ်လေသည်။
ဖော်ပြပါရွာကြီးတွင် မြန်မာသက္ကရာဇ် ၁၂၈၀ ပြည့်လောက်(ခရစ် ၁၉၁၈) ခုနှစ်လောက်ကစပြီး ချစ်တီးများ ဝင်ရောက်ခဲ့လေရာ ၁၂၉၀ ပြည့် (၁၉၂၈) နှစ်လောက်တွင် ရွာမှာ ချစ်တီးမှုတွေနှင့် သောက်သောက်လဲသွားလေ၏။
ထိုခုနှစ်သည် စပါးဈေးကလည်း ခါတိုင်းနှစ်တွေ ၁၅၀ိ ပတ်လည်နေရာမှ ၄၀ိ-၄၅ ကျပ်အထိ ထိုးဆင်းသွားသည် မဟုတ်ပါလား။ မြန်မာပြည်အရပ်ရပ်မှာ ချစ်တီးတွေ ဗရဗွေထသော နှစ်ပေတည်း။
ဤဝတ္ထုတွင် စံအဖြစ်ဖော်ပြထားသော ဦးမာဒင်၊ ဦးစံရင်၊ ဦးဖိုးဆင်တို့ သုံးဦးအနက်မှ ဦးဖိုးဆင်သည် အငယ်ဆုံးဖြစ်၍ ကိစ္စအဝဝတွင် ဟိုလူကြီးနှစ်ယောက်ကိုကြည့်ကာ ချိန်ချိန်ဆဆ ပြုတတ်သူဖြစ်သည်။ ဦးမာဒင်နှင့် ဦးစံရင်ကား လူကြီးပိုင်းရောက်သည့်တိုင်အောင် ကာလသားစိတ်က ကုန်ကြသူများမဟုတ်သေး။ အသောက်အစား၊ အပျော်အပါးတွေနှင့် သုံးတတ်ဖြုန်းတတ်သူများ ဖြစ်ကြလေသည်။ သူတို့ကား ကာလသားကြီးများဟု ခေါ်ကြသည်။
သူသည် လယ်ယာခိုင်းနွားအပြင် လှည်းယာဉ်၊ အလှမောင်းနွား၊ နင်းနွားလည်း ဂုဏ်တုဂုဏ်ပြိုင် မွေးမြူကြသည်။ ထိုစဉ်တွင် စပါးဈေးတစ်ရာလျှင် ငွေ ၁၅၀ိ ပတ်လည်ရှိနေစဉ်၌ ခိုင်းနွားတစ်ကောင်တန်ဖိုးမှာ ၁၀၀ိ ပတ်လည်တွင်ရှိလေရာ တစ်ရာကျော်သော နွားကိုမူ ‘ရာကျော်’ဟူ၍ပင် ဝင့်ကြွားစွာ မှည့်ခေါ်တတ်ကြသည်။
တစ်ခုသောနှစ်တွင် ဦးမာဒင်၏နွားလှည်းသည် ‘ရာကျော်’ခေါ်တွင်၍ ဦးစံရင်၏နွားမှာ ‘ရွှေလရောင်’ဟူသောအမည်ဖြင့် ထင်ရှားကျော်ကြား၏။
လှည်းမှာ နွားနှစ်ကောင် တပ်ဆင်မောင်းနှင်ရာတွင် သာမန်အားဖြင့် လက်ျာဘက်က နွာကို ‘အလှည့်နွား’၊ လက်ဝဲဘက်ကို ‘အတိုင်နွား’ဟုခေါ်ကြလျက် လှည်းယာဉ်အလှတွင်မူ လက်ဝဲဘက်နွားကို ‘နွားပြေး’၊ လက်ျာဘက်နွားကို ‘နွားနင်း’(ဝါ) ‘နွားလိုက်’ ဟု ခေါ်ကြသည်။ ဤနှစ်ကောင်အနက် နွားပြေးကလှည်းကို အပြေးသယ်ဆောင်၍ နွားနင်း (ဝါ) နွားလိုက်က စရံခြေကျလှအောင် ကြော့ကြော့မော့မော့ ပြေးရသည်။ သူကသာ နာမည်ရ၏။ နွားပြေးက သူ့ကို ထောက်ကူသူသာ ဖြစ်သည်။
ရာကျော်နှင့် ရွှေလရောင်သည် စင်စစ်အားဖြင့် ရွှေလရောင်က ရာကျော်ထက် နွားစ နွားကဲသာသည်။ ခြေနင်းခြေကျ ပို၍လှသည်။ နှစ်ဦးပြိုင်၍ မောင်းပြကြလျှင် ရွှေလရောင်ကိုသာ ပို၍ ဩဘာပေး၏။
သို့ရာတွင် တစ်ခုသော လှည်းယဉ်ပွဲ၌ ရွှေလရောင်မှာ မရှုမလှ အရေးနိမ့်ခဲ့ရသည်။
ထိုအရပ်၌ပြုလုပ်သော လှည်းယာဉ်ပြိုင်ပွဲများမှာ ဥပမာ-လှည်းယာဉ် ၁၀ စီး လာရောက်သည် ဆိုပါတော့၊ ပထမဦးဆုံး တစ်စီးစီမောင်းပြရ၍ တင်မြှောက်ထားသော သဘာပတိလူကြီးက ဂရို့ချိုး၍ အမှတ်ပေးရသည်။ နောက်ပိုင်း၌ ညံ့သောလှည်းများကို မထွက်စေ၍ ကောင်းသောလှည်းများကိုသာ ပရိသတ်ဆန္ဒအရ တလားပြီးတလား မောင်းပြစေသည်။
ထိုနေ့ပွဲမှာ စင်စစ်အကဲဖြတ်လူကြီးများက ရွှေလရောင်ကို အကောင်းဆုံးဟု ဆုံးဖြတ်ကြပါသော်လည်း များစွာသောလူထုက ရွှေလရောင်ကို အလိုမရှိ၊ ရာကျော်မှ ကြည့်ချင်သည်၊ ရာကျော်တက်ပါဟု တစ်ခဲနက် အော်ကြသဖြင့် ရာကျော်တာစားသွား၍ ရွှေလရောင်ကို မှေးမှိန်ခဲ့ရသည်။ ရာကျော်ကို ဦးမာဒင်သား စံရွေးကမောင်း၍ ရွှေလရောင်ကို ဦးစံရင်သား ဘအေးက မောင်းသည်။ ထိုစဉ်၌ သူတို့သည် လူလားမြောက်ကြလေပြီ။ ဘအေးက ရှက်သည်။ စံရွေးက လက်မ ထောင်သည်။ လူထုက အလိုမရှိဘူးပြောသောကြောင့် ဘအေးက လှည်းကိုမောင်း၍ အုပ်စုထဲမှာ ထွက်ခဲ့တော့သည်။ ထွက်ခါနီးမှ ဘအေးက…
“ဟေ့.. စံရွေးရ၊ မင်းတို့ ဒီအထိလုပ်ဖို့ မကောင်းပါဘူးကွာ၊ မင်းနဲ့ငါဟာ ရည်းစားလုဖက်လည်း မဟုတ်ပါဘူးကွ…”
ဒါကို စံရွေးက ဖျတ်ဖျတ်လူးအောင် နာသည်။ အကြောင်းမှာ ဘအေးသည် စံရွေးညီမ လှဌေးနှင့် ကြိုက်နေကြောင်း တစ်ရွာလုံးလို သိပြီးသားဖြစ်နေသောကြောင့်တည်း။
စင်စစ်တော့ ဤလှည်းပြိုင်ပွဲ၌ ညစ်သည်မှာ စံရွေးမဟုတ်ပါချေ။ သူ့အဖေ ဦးမာဒင်ကြီးသာ ဖြစ်ပါ၏။ အသို့ကမူ ဦးမာဒင်သည် ဤလှည်းပြိုင်ပွဲ၌ လာရောက်ကြည့်ကြသော လူဆူလူပူ တစ်ရာကျော်လောက်ကို ထန်းရည်အရက် ဝအောင်တိုက်ပြီး သူ့နွား ‘ရာကျော်’သာ ကောင်းကြောင်း၊ ‘ရွှေလရောင်’ ဘာမျှ အသုံးမကျကြောင်းကို အော်ဟစ်ခိုင်းထားသောကြောင့်တည်း။
ယင်းကား ဦးမာဒင်နှင့် ဦးစံရင်တို့သည် ပျော်ပွဲပြိုင်ပွဲများ၌ မည်သို့ မည်ပုံ ငွေကုန်ကြေးကျခံတတ်ကြကြောင်း အမြွမက်မျှ နာမူနာ ဖော်ပြခြင်းဖြစ်ပါသည်။ သားရေးသမီးရေး၊ လှူရေးတန်းရေးတို့၌ နှစ်ပေါင်းများစွာက ဂုဏ်ပြိုင်ခဲ့သည်များလည်း ရှိသေး၏။ ဤသုံးငွေ ဖြုန်းငွေတို့ကား စင်စစ် သူတို့လုပ်အားမှ ရသည်များမဟုတ်၊ ချစ်တီးတိုက်မှ သူတို့လယ်များကို သိမ်းယူရန် ယာယီ လှည့်ပတ်လာသော ငွေခရီးသည်များ ဖြစ်ပေသည်။ ယင်းသို့ လှည့်ပတ်လာခဲ့သော ခရီးသည်ငွေနှင့် အတိုးတို့သည် သူတို့ပိုင်လယ်များ၏ လက်ရှိပေါက်ဈေးနှင့် ကွက်တိဝင်လေသောအခါ ချစ်တီးတို့သည် (အချိန်မရွေး ပေးဆပ်ပါမည်။ မပေးဆပ်နိုင်ပါက ဤအပေါင်ခံလယ်များကို သိမ်းယူပါမည်ဟူသော အော်ဒီမံစာချုပ်အရ) အခု ချက်ချင်း ပေးဆပ်ရမည်ဟု ရုံးတင် တရားစွဲဆိုလေတော့၏။
သည်လို ချစ်တီးအမှုတွေ သောသောညံသည်မှာ မြန်မာသက္ကရာဇ် ၁၂၉၀-၉၁-၉၂-၉၃ ခုနှစ်များလောက်တွင် ဖြစ်လေသည်။ ကျေးရွာများမှ လယ်ပိုင်ရှင်ပေါင်းမြောက်မြားစွာ ရုံးရောက်ကြရလေသည်။ အရင်းရှင်ဥပဒေအရ ၎င်းတို့ကသာ ရှုံးကြရသည်ဖြစ်လေသည်။ မြန်မာပြည်၏ လယ်ယာမြေ တစ်ဝက်ကျော်ကျော် ချစ်တီးကုလားလက်ထဲ ရောက်ရသော ခေတ်ပေတည်း။
ဦးမာဒင်နှင့် ဦးစံရင်တို့ တရားစွဲခံရသောအခါ၌ ဦးစံရင်မှာ ချစ်တီး၏ ငွေတိုးရင်းပေါင်းသည် ပိုင်ဆိုင်သည့် လယ်ယာများသာမကတော့ဘဲ နေထိုင်သောအိမ်နှင့် ခြံကိုပါ လေလံတင်ခြင်း ခံရလေသည်။ ရုံးမှ ဒီဂရီကျ၍ နောက်တစ်နေ့၌ လေလံပစ်တော့မည်ဖြစ်သည့် ထိုနေ့ညနေ၌ ဦးစံရင်၏ အိမ်သူအိမ်သားများမှာ မျက်ရည်နှင့်မျက်ခွက် ဖြစ်ကြကာ ရယူနိုင်သည့် ပစ္စည်းဝန်စည်စလည်များကို သယ်ဆောင်လျက် တူတော်သူ ဦးဖိုးဆင်အိမ်သို့ ရွှေ့ပြောင်းလာကြလေသည်။ ဦးစံရင်ကား ငါ့မိဘလက်ထက်က တည်ဆောက်ခဲ့တဲ့အိမ်၊ ငါ မဆင်းနိုင်ပါဘူး၊ နေနိုင်သမျှတော့နေမည်ဟု ချန်ရစ်ခဲ့၍ နောက်တစ်နေ့ ရောက်သောအခါ လေလံပွဲကို ရွှေ့ဆိုင်းလိုက်ရလေ၏။
အကြောင်းမှာ ဦးစံရင်သည် ထိုအိမ်ထုပ်တန်းပေါ်တွင် ကြိုးဆွဲချကာ သူ့ကိုယ်သူ အဆုံးစီရင်လိုက်သတည်း။
“ခမျာများ ငွေသာရှိပြီး ဘာမှ မလုပ်တတ်မကိုင်တတ်နဲ့ တို့လို ယုံကြည်စိတ်ချရတဲ့ လူဆီမှာ ငွေတိုးကလေး ချေးစားရတာကွဲ့”ဟု ပြောခဲ့သူ။ “အစ်ကိုတို့ ဒီနှစ် ဘုန်းကြီးပျံမလုပ်တော့ဘူးလား” မေး၍ ကုလားအား ဖနောင့်နှင့် ထပေါက်ခဲ့သူ။ ချစ်တီးသူဌေးကြီးက တောင်းပန်ခဲ့ရသူ။ ကြားကြားသူဟူသမျှ ချစ်တီးကြွေးကို ကြက်သီးမွေးညှင်းထကြလေ၏။ သို့သော် အချိန်ကားနှောင်းခဲ့ပြီ။ မြောက်မြားစွာသော တောရွာလယ်ပိုင်ရှင်တွေ ပြုတ်ကုန်ကြလေပြီ။
ဦးဖိုးဆင်တစ်ယောက်သည် သတိတရားရကာ အချိန်မီလိုက်သေး၏။ သို့သော် သူ့တွင်ရှိသော လယ်နှင့်ကြွေးက မမျှသေး၍ ချစ်တီးက တရားမစွဲသေးသည်ကို လယ်ဧက ၂၀ ကျော်လောက်ရောင်းပြီး ချစ်တီးကြွေးဇာတ်လမ်းကို သိမ်းပစ်လိုက်ရခြင်းဖြင့် ရှိပစ္စည်းတစ်ဝက်လောက် ပဲ့သွားရသေး၏။
အရင်းရှင်စနစ်ကို တော်လှန်သည့်မျက်စိနှင့် ကြည့်မည်ဆိုလျှင် ချီးမွမ်းဖွယ်ကောင်းသည်ကား ဦးမာဒင်။ သူ့တွင် ချစ်တီးကြွေးတွေ ခေါင်ခိုက်ပြီး သူ့လယ်တွေနှင့် ချစ်တီးကြွေးက အံဝင်ခွင်ကျပြီး ချစ်တီးများက တရားစွဲတော့မည်ဟု ကြိတင်သိမြင်သည်၌ သူ့လယ်ယာခြံမြေတွေ ရှိသမျှကို သားသမီးများနာမည်တွေ အသီးသီးလွှဲအပ်ပေးကာ ချစ်တီးနှင့် ပွဲကြီးပွဲကောင်း ရင်ဆိုင်ရသောအခါ၌ ဒေဝါလီခံလိုက်ခြင်းဖြင့် ချစ်တီးများကို အနိုင်ယူလိုက်လေ၏။
“ငါ့လခွီး၊ သူတို့ငွေရင်းက ငါအတိုးတွေ နှစ်စဉ်ဆပ်နိုင်တုန်းက ဆပ်ခဲ့ရတာနဲ့ ကြေရုံမက ပိုတောင်နေပါပြီကွာ။ သူတို့ဥပဒေ စာရွက်ပေါ်မှာ ရှိတဲ့အတိုးနဲ့ မြေခံရမယ်ဆိုလည်း ခံရပါစေတော့၊ ကြွေးရှိ မြေခံရမယ်ဆိုတာက တို့ဗမာတရားကွ၊ ငွေရင်းမဟုတ်ဘဲနဲ့ သူတို့ဟာသူတို့ တိုးချင်သလောက် တိုးထားတဲ့အတိုးတွေ ကြွေးလုပ်ထားတာက ကုလားဥပဒေကွ”ဟူသော ဆောင်ပုဒ်ဖြင့် တော်လှန်ခဲ့သူဖြစ်၏။
သို့ဖြင့် ဦးမာဒင်သည် ဒေဝါလီခံသည်(လူမွဲစာခံသည်)ဟု အရင်းရှင် ဥပဒေဘောင်၌ နာမည်ဆိုးသွားသော်လည်း အခြေအနေမပျက် ရှိနေခဲ့သည်။ ဦးစံရင်သာ ဘဝဆုံးပြီးနောက် သူ၏အိမ်ထောင်မှာ တူတော်သူ ဦးဖိုးဆင်၏ ခြံထဲမှာ သင့်လျော်သော အိမ်ကလေးဆောက်ကာ ဖြစ်သလိုလုပ်ကိုင်စားသောက်ခဲ့ရလေ၏။
.jpg)

Comments
Post a Comment