ပလောက်တောက်… ခွပ်တပ်
ပလောက်တောက်.. ခွပ်တပ်
အဆက်မပြတ် ရက်ကန်းလက်ခတ်သံသည် သရက်၊ ကုက္ကို၊ ဝါးရုံတွေ အစီအရီဝိုင်းကာ ရွက်အုပ်ညို မှုန်ဝေရီမှိုင်းနေသော ရွာတန်းရှည်ကြီးတစ်ခု၌ ခြံကျယ်ကြီးတစ်ခုအတွင်းရှိ ဝါးဘိုးတိုင်၊ ဝါးကြမ်းခင်း၊ သက်ငယ်မိုး၊ ထရံကာ အိမ်ကုပ်ကလေးတစ်ခုအတွင်းမှ…။
“လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်ကကြား” ဟူ၍ တင်စား ရေးဖွဲ့ကြသည်။ စင်စစ်လည်း ပတ်ဝန်းကျင် တော်တော်ကွာမှ ကြားရ၏။
ထိုအသံကြားရာသို့ လာနေသော အသက် ၂၀ အရွယ် လူငယ်တစ်ယောက်၊ လယ်ကွင်းမှ ပြန်လာသူ၊ ပုဆိုးတိုတို၊ ရှပ်အင်္ကျီလက်ပြတ်နှင့် တဘက်ထည် ခေါင်းပေါင်းလျက်။ သူ့လက်မှာ ဝဖီးသော ဖားကြီးသုံးကောင်နှင့် လက်ကောက်ဝတ်မျှရှိသော ငရံ့ခေါင်းတိုတစ်ကောင်ကို ကိုင်းပင်ရိုးတံဖြင့် ထိုးသီဆွဲကိုင်လာသည်။ ဖော်ပြပါ အိမ်ကုပ်ကလေးရှေ့ရောက်သော် အိမ်ရှေ့ပေါက်မှ တံစက်မြိတ်အောက် ခေါင်းငုံ့၍ ဝင်လိုက်သည်။
တို့ဆင်းရဲသားပေမဲ့ မလေးမစား မလုပ်ကြပါနဲ့။ တို့အိမ်ထဲဝင်ရင် ခေါင်းငုံ့ဝင်ရမယ်ဟူ၍ ဟာသ ထုတ်နိုင်သော အိမ်မျိုး။
ထိုအိမ်ကုပ်သော်လည်း ရှည်လျားသဖြင့် အတွင်းက မကျဉ်းလှပေ။ အိမ်ကို အလယ်မှ နှစ်ပိုင်းခွဲခြားလိုက်၏။ ခေါင်းရင်းပိုင်းမှာ ခါးစောင်းလောက် မြင့်သောအဆင့်နှင့် ခြေရင်းခြမ်းမှာ နွားတင်းကုပ်နှင့် ရက်ကန်းစင်။ နွားဝင် ထွက်ရန်မှာ နောက်ဖေးပေါက်ထား၏။ ရက်ကန်းစင်နှင့် နွားမြက်စင်သည် ၇ တောင်မျှခြား၍ ဘေးချင်းယှဉ်နေ၏။
မြန်မာပြည် တောရွာဒေသရှိ ယခုကာလ ရက်ကန်းစင်များသည် ရှေးယခင်ကကဲ့သို့ သေးငယ်သော လွန်းငယ်ထိုးစင်ကလေးများ မဟုတ်တော့ဘဲ ပုဆိုးတစ်ထည်ကို တစ်နံတည်းနှင့် ရက်နိုင်သော လွန်းရိုက် လက်ဆွဲစင်ကြီးများ ဖြစ်၏။ လွန်းရိုက်သံ၊ လက်ခတ်သံ ပို၍ပြင်း၏။
ရက်သူသည် ရက်ကန်းလိပ်နှင့် ဝမ်းဗိုက်နှင့် ကပ်၍ထိုင်ရကာ ခြေနင်း တုတ်နင်းခြင်း၊ လွန်းကြိုးဆွဲခြင်း၊ လက်ခတ်ငင်ခြင်းတို့ကို ခြေတစ်ဘက်စီ၊ လက်တစ်ဘက်စီဖြင့် အချက်ညီညီပြုရလေရာ…
ဖော်ပြပါ အိမ်ကုပ်ကလေးအတွင်း၌ အိမ်ရှေ့လူဝင်ပေါက်ကို ကျောခိုင်းနေသော လုံမပျိုလေးမှာ အသက် ၁၈ နှစ်မျှ ရှိ၍ တောသူမလေးပီပီ ရင်သား တင်သားများ ဖွင့်ကား လှပသူဖြစ်ရာ သည်လို ရက်ကန်းရက်စဉ် သူ၏ ခန္ဓာကိုယ်လှုပ်ရှားနေပုံကို နောက်ကနေ၍ ကိုလူပျိုတစ်ယောက် ကြည့်ရှုမည်ဆိုပါက သူငယ်မ ရှက်ရှာပေမည်။
သို့သော် ဤလုံမငယ်သည် မသိရှာသေးပေ။ သူ့မျက်စိရှေ့မှောက် ဖားသုံးကောင်နှင့် ငရံ့ခေါင်းတိုတစ်ကောင် ဘွားခနဲ ရောက်လာမှသာ “အောင်မယ်လေး အမေ့” ဟု အော်၍ နောက်ပြန်ကြည့်လိုက်တော့မှ ခဏအတွင်း အပြုံးပန်းကလေးပွင့်လာပြီး “အို ကိုကြွေ့နှယ်.. လန့်လိုက်တာ”
လူငယ်သည် သူ့လက်ကလေးနှင့် ငါးသီတံကို ရက်ကန်းစင်တိုင်၌ ချိတ်လိုက်ပြီး ရက်ကန်းခုံပေါ်မှာ မိန်းကလေးနှင့် ယှဉ်ထိုင်နေလိုက်သည်။
သည်တော့ ထိုအိမ်ကုပ်ကလေးမှ လက်ခတ်သံ ကျွန်းဖိုသားသည် ဘယ်ကမျှ မကြားရတော့ပြီ။
* * * * *
မြန်မာပြည် ဆောင်းရာသီ ပြာသိုလမှာ စပါးလှိုင်လှိုင် ရိတ်သိမ်းချိန် ဖြစ်သည်။ လယ်ကွင်းပြင်အားလုံးသည် ရွှေရောင်တောက်ပကာ စပါးနှံများ မှည့်ဝင်းနေသည်။ မြောက်ပြန်လေညင်းကလည်း တဖြူးဖြူး တိုက်ခတ်၍ စပါးမှည့်နံ့ သင်းနေသည်။ ဤဝါဝင်းနေသော လယ်ကွင်းပြင်ကြီးကို အဝေးမှနေ၍ ကြည့်မည်ဆိုလျှင် ထီးထီးမားမား ရပ်တည်နေကြသော ထန်းပင်ကြီးများ၊ ညောင်ပင်ကြီးများ၊ မန်ကျည်းပင်ကြီးများနှင့် ခပ်ယှက်ယှက် ဖြစ်ကြသော ဆီးပင်၊ သနပ်ပင်၊ ဗန်းဗိုးပင် စသည်တို့ကို ဟိုတစ်ပင်သည်တစ်ပင် မြင်နိုင်ပေသည်။ ဤအပင်တို့ကို အစွဲပြု၍ လယ်ရှင်တို့က ထိုအပင်အနီး၌ ရှိသော လယ်ကွက်စုကို ထန်းသုံးပင်လယ်၊ ညောင်ပင်ကြီးလယ်၊ မန်ကျည်းပင်လယ်၊ ဗန်းဗိုးပင်လယ်၊ သနပ်ပင်လယ် စသည်ဖြင့် ခေါ်ဝေါ်ကြကုန်သည်။
ထိုနေ့၌ ၄ ၅ ဧကမျှရှိသော ဇီးကောက်ပင်လယ်သည် ကောက်ပြတ်၍ ယင်းလယ်ကွင်း ရိတ်ကြသော ဇနီးမောင်နှံသည် တံစဉ်ကောက်ကြီးများကို ပခုံးတွင် ချိတ်ကြ၍ စောစီးစွာ ရွာဆီသို့ ပြန်လာကြသည်။ ယောက်ျား၏ လက်ထဲ၌ လက်ဖက်ရည်ကြမ်းအိုးနှင့် ချိုင့်တစ်ခုပါ၍ ဇနီးသည်၏လက်ထဲမှာ ကောက်ရိုးနွယ်နှင့် ကန်စွန်းညွန့်များ ပါလာသည်။ ၎င်းတို့၏ ခမောက်အောက်ရှိ မျက်နှာများမှာ ချွေးတွေစို့နေသော်လည်း အိမ်ပြန်ရောက်က ကောက်ရိတ်ခ လုံးခနဲရကြတော့မှာမို့ အတွေးကိုယ်စီနှင့် ပြုံးယောင်သန်းနေကြသည်။ သူတို့ခြေထောက်မှာ သားရေနယ် ကောက်ရိတ်ဖိနပ်ရှည်ကြီးတွေ စီးထားကြသော်လည်း အသားကျနေပြီမို့ စစ်ထွက်ရဲဘော်ကဲ့သို့ ခြေဟန်ကျလျက်ရှိသည်။
ယခု ပြန်လာကြသည်က သူတို့လင်မယားချည်းမဟုတ်။ သူတို့ရှေ့ ရောက်သွားလိုက် တစ်ခုခုနမ်းနေခဲ့၍ နောက်ကျန်ရစ်လိုက်ဖြင့် ပါလာသော ခွေးကလေးကျားဘို။
နေလုံးသည် အနောက်ဂေါယာတွင် ထန်းတစ်ဖျားခန့် ရှိနေသေးသည်ဖြစ်၍ အခြားကောက်ရိတ်နေသူအချို့က သူတို့ပြန်လာသည်ကို မြင်လျှင်…
“ဟင်… ကိုဘအေးတို့ ဇီးကောက်ပင် ပြတ်ခဲ့ပြီထင်တယ်”
“အေးကွ… မင်းတို့ကောဟေ့”
“ကျုပ်တို့တော့ သန်ဘက်ခါလောက်မှ ကျွတ်မှာပါ။ ဟဲ… ဟဲ… ဒေါ်လှဒွေးက ပြုံးလို့။ ဘာလဲ ဘဲလူးဖက်ဝယ်ဝတ်လိုက်မယ်ပေါ့… ဟုတ်လား”
“ငါက…. အသက်ကြီးပါပြီဟယ်၊ နင့် မိန်းမသာ ဝတ်ဆင်ပါ”
ကိုဘအေးနှင့် မလှဌေးတို့ပြန်လာရာ လယ်ကန်သင်းရိုး ခြေလမ်းနှင့် လှည်းလမ်းသည် မကွာလှမ်းသည်ဖြစ်၍ ကောက်လှိုင်းတိုက်လှည်းများပေါ်မှ လုလင်ပျိုတို့၏ “တို့လယ်သမားခေတ် ရောက်ပြီ” သီချင်းကို သီဆိုသွားကြသည်များ ကြားရသည်။ ခေတ်နှင့်ညီသော ဤသီချင်းသံသည် သူတို့ နားဝင်ပီယံချို၍ ရင်ဝယ်တသိမ့်သိမ့် ပီတိစိမ့်ရသည်။
ကိုဘအေးနှင့် မလှဌေးတို့သည် ရွာသို့ ပြန်ရောက်ကြသည်၌ ပထမဦးဆုံး သွပ်မိုး ပျဉ်ထောင်အိမ်ကြီးတစ်အိမ်သို့ ဝင်၍ အိမ်ရှင်အား ဇီးကောက်ပင် လယ်ပြတ်ခဲ့ပြီဖြစ်ကြောင်း ပြောသည်။
“အစ်ကိုဖိုးဆင်ရေ… ပြတ်ခဲ့ပြီဗျ”
လယ်ရှင်သည် “အေးအေး.. ဒါဖြင့် မင်းတို့ ကောက်ရိတ်ခ တစ်ခါတည်းယူသွားကြကွ၊ ဒီဇီးကောက်ပင်လယ်က ၁၇ ကြိုး၊ ဟိုးရုံးလယ်လေးက ၃ ကြိုးနဲ့ ပေါင်း ၂၀ ဟုတ်လား”
“ဟုတ်ကဲ့”
တစ်ကြိုး ၄ ကျပ်နှုန်းဖြစ်၍ ငွေ ၈၀ိ ကို ရေတွက်နေစဉ် အခြား လူတစ်ဦး ရောက်လာကာ ကိုဘအေးတို့ ငွေကိုင်နေသည်ကိုကြည့်၍…
“အား… ကိုဖိုးဆင်၊ ဇီးကောက်ပင်လယ် ပြတ်သွားပြီလား”
ဆင် “အေးဟေ့… မွန်းမြချောရ၊ နို့ မင်းလယ်တွေကော”
“ရိတ်မယ့်လူကိုမရသေးလို့ ကိုယ့်ဟာကိုယ်ချည်း ကြဲနေရတာ သိပ်မပြတ်သေးပါဘူး ကိုဖိုးဆင်ရယ်” ဟု ဆိုပြီး ကိုဘအေးတို့ဘက်လှည့်လိုက်ကာ
“ခင်ဗျားတို့ ဘယ်သူ့လယ်ရိတ်ဖို့ ပြောထားတာရှိသေးသလဲ”
အေး “ဒီအစ်ကိုဖိုးဆင် လယ်ပြီးရင် သူတို့လယ် ရိတ်ပါလို့ ပြောထားကြတဲ့လူတွေတော့ အများကြီးရှိတာပဲ”
ချော “လယ်မရွေးရသေးဘူးမှုတ်လား၊ ဒီလိုဆို ကျုပ်လည်း ပြောထားသားပဲ၊ နက်ဖြန် ကျုပ်လယ်ဆင်းကြဗျာ”
ကိုဘအေးနှင့် မလှဌေးသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြပြီး မလှဌေးက…
“နက်ဖြန်တစ်နေ့တော့ ကျွန်မတို့ နားမယ်စိတ်ကူးထားကြတယ်”
ချော “ဟား… နောက်မှ နားကြဗျာ၊ ကျုပ်လယ်တွေ တချို့ကောက်ပင်တွေ တော်တော်လဲကုန်ကြပြီ” ဟု ဆို၍ ကူညီပြောပေးစေလိုသော မျက်လုံးဖြင့် ဦးဖိုဆင်ကို ကြည့်လိုက်သည်၌ ဦးဖိုဆင်ကလည်း…
“ဘအေးတို့က ရတုန်းရခိုက် ရိတ်လိုက်ကြပါကွ” ဟု ပြောသည်၌ လင်မယားနှစ်ယောက်သည် မငြင်းသာတော့ဘဲ ခေါင်းညိတ်လိုက်ကြတော့၏။
ဦးဖိုးဆင်သည် ကိုဘအေး၏ အစ်ကိုဝမ်းကွဲတော်သည်။ ကိုဘအေးတို့က ဆင်းရဲ၍ ဦးဖိုးဆင်မှာ လယ်ပိုင်ယာပိုင်နှင့် ချမ်းသာသည်။ ယခု ကိုဘအေးတို့ အိမ်ကုပ်ကလေးဆောက်၍နေကြသော ခြံကျယ်ကြီးမှာ ဦးဖိုးဆင်ခြံဖြစ်သည်။
ကျားဘိုသည် ခြံဝသို့ရောက်သည်၌ ထုံးစံအတိုင်း တွေ့နေကျ မချစ်မြ အိမ်က အောင်နက်နှင့်တွေ့၍ တစ်ကောင့်တစ်ကောင် ဟောင်ဟိန်းလိုက်သည်။ ကျားဘိုဟောင်သံ ၃ ၄ ခါ ထွက်ပေါ်လာပြီးသည်၌ ထိုအိမ်ကလေးအထဲမှာ ရက်ကန်းလက်ခတ်သံလည်း ပြန်ပေါ်လာသည်။
ကိုဘအေးနှင့် မလှဌေးတို့ အိမ်ထဲ ဝင်ကြသောအခါ၌ လူငယ်က ရက်ဖောက်ယောက်နေသည်။ သမီးဖြစ်သူက ရက်ကန်းစင်မှ…
“ကျွန်မ ရက်ဖောက်ကုန်လုနေတာနဲ့ ကိုမောင်ကြွေ ရောက်လာတာနဲ့ အဆင်သင့်ပဲအမေ၊ သူ့ကို ရက်ဖောက်ယောက်ခိုင်းထားရတယ်” ဟု မိခင်အားပြောပြီး ဖခင်အား ရက်ကန်းစင်တိုင်၌ချိတ်ထားသော ဖားငါးတွေပြ၍…
“ဟော.. ဟိုမှာ အဖေ့အကြိုက်တွေလေ၊ ကိုမောင်ကြွေ ယူလာတာ” ဟု ပြောလိုက်သည်၌ ဖအေကြီးက ရွှင်ပျသောမျက်နှာနှင့်…
“ဟာ… ဟန်ကျတာပေါ့ကွာ၊ ချိတ်ဖားတွေက ဒီရာသီသိပ်ဆူပေါ့။ ငရံ့ခေါင်းတိုတစ်ကောင်ကကော ဘယ်လိုရခဲ့တာတုံး” ဟု ဆိုသည်၌ မောင်ကြွေက…
“ဖားတွင်းရယ်လို့ ချိတ်ရင်းဗျ၊ အထဲမှာ ဂလုတ်ဂလုတ်နဲ့ ချိတ်ဆွဲလို့လည်း မရတာနဲ့ တူးရွင်းနဲ့ တူးနှိုက်တော့ ငရံ့ခေါင်းတို ဖြစ်နေရော”
“အေး.. သူက ဟင်းခတ်ရတာပေါ့ကွာ” ဟု ဖခင်လုပ်သူက ပြောလိုက်သည်၌ မိခင်ဖြစ်သူက ပြုံး၍ သမီးမျက်နှာမှာ လွန်စွာ ရွှင်ပျသွားလေသည်။
နို့ပြီး ကိုဘအေးသည် သမီး၏ ရက်ဖောက်ဗန်းထဲ ငုံ့ကြည့်ပြီး…
“အောင်မယ်… ရက်ဖောက်တွေ အများကြီး ရှိနေသေးသားပဲကွ၊ ဒါထားပြီး မင်း ဖားတွေသွားလုပ်ချေကွာ၊ ရေနွေးဖြောတာ ကောင်းမလား၊ မီးမြိုက်တာ ကောင်းမလား”
စိတ်မပါစွာနှင့် ရက်ဖောက်ယောက်နေသော မောင်ကြွေသည် ထိုင်ရာမှ သွက်လက်စွာ ထလိုက်ကာ ဖားသီတံဆွဲယူ၍…
“ကျွန်တော်တော့ မီးမြိုက်တာ ကြိုက်တယ်ဗျ၊ မြန်လည်းမြန်တယ်၊ မီးမြိုက်နံ့ကလေးလည်း သင်းတယ်”
“ဒါဖြင့် ကောက်ရိုးပုံမှာသွားပြီး လုပ်ချေကွာ၊ ငခေါင်းတိုတော့ မီးဖုတ်၊ ဟင်းချိုချက်ဖို့ မင့်အရီးကိုပေးခဲ့”
မလှဌေးကား ထမင်းချက်မီးဖို၌ ဝင်လျက်ရှိလေပြီ။ ကိုဘအေးသည် မောင်ကြွေ ဖားသီတံဆွဲ၍ ထွက်သွားသောအခါ၌ သူ၏ နွားတင်းကုပ်ကို သိမ်းဆည်းသည်။ နွားကလေးတစ်ကောင်ထဲပါ။ ခိုင်း၍ မရသေးသော နွားပေါက်ကလေးဖြစ်သည်။ မိုးဦးကျလောက်တော့ ထမ်းပိုးကျင့် ရတန်ကောင်းပါ၏။ ရှေးနှစ်ခါတော့ အသုံးဝင်ပြီလေ။
မကြာမီ၌ ၁၅ နှစ်အရွယ် လူငယ်ကလေးတစ်ယောက် မြက်ထမ်းနှင့်ရောက်လာသည်။
ကိုဘအေးက…
“အောင်မာ… ငါ့သားလည်း ဒီနေ့ မြက်ထမ်းပြန်လာသားပဲ၊ မင်း ခုည ဟင်းကောင်းနဲ့ ထမင်းကျိတ်ရမယ်ကွ”
“ဘာဟင်းကောင်းလဲ အဖေရ”
လူငယ်သည် မြက်ထမ်းကိုချပြီး ခေါင်းက ပုဆိုးပေါင်းရွက်နဲ့ မျက်နှာချွေးသုတ်ရင်း မေးသည်။
“မင့်အကြိုက်ပဲလကွာ၊ သွားကြည့်ချေ။ နောက်ဖေး ကောက်ရိုးပုံမှာ မောင်ကြွယ် မီးမြိုက်နေတယ်”
“ခြေမရှိတဲ့ အကောင်းလား အဖေရ၊ ဒါမှမဟုတ် ပက်လက်လှန်လိုက်ရင် ယက်ကန်ယက်ကန်နေတဲ့အကောင်လား”
“အဲ့ဒါ တစ်ခုမှ မဟုတ်ဘူးကွ၊ မျက်လုံးပြူးပြူးနဲ့ ပေါင်မှာ ထိုးကွင်းတွေနဲ့ကောင်”
“ဟာ… သိပြီ” ဟုဆို၍ လူငယ်သည် ကောက်ရိုးပုံဆီသို တစ်ဟုန်ထိုးပြေးသွားလေ၏။
ခဏအကြာ၌ မီးဖိုချောင်မှ မလှဌေးက …
“ဖအေကြီးရေ… ခုန လူလေး မောင်ထွေးအသံကြားလိုက်တယ် မှတ်ပါတယ်”
“အေး… သူ မြက်ရိတ်တာ ပြန်လာပြီလေကွာ…၊ ဘာခိုင်းစရာရှိလို့လဲ”
“ဟောဒီ ငရံ့ခေါင်းတိုနဲ့ ဟင်းချိုချက်ဖို့ လဲလူရွက်ခူးခိုင်းရ ကောင်းမလားလို့…”
“ငါ ရေချိုးသွားရင်း ရင်းတိုက်ရွက်ပါ ရောခူးခဲ့ပါမယ်ကွာ၊ မင်း ငရံ့သာမီးဖုတ်ပြီး ဟင်းချိုအိုးတည်ထားလိုက်”
ထိုမှ တစ်ဆက်တည်း မလှဌေးက …
“ဟဲ့… သမီး မြခင်ရေ” ဟု ခေါ်လိုက်သည်၌ လုံမပျိုသည် ရက်ကန်းရက်ခြင်းကို ရပ်တန့်လိုက်ပြီး…
“ဘာလဲ အမေ”
“နင့်အရီး အုန်းနုအိမ်မှာ သရက်သီးပိုးတီ ရဦးမလား၊ သွားပြီး ကြည့်ဝယ်ခဲ့စမ်း”
သမီးသည် ရက်ကန်းစင်မှ ထ၍…
“ရပါတယ်… သရက်သီးပိုးတီနဲ့ ဆားစိမ်တော့ အရီးအုန်းနုအိမ်မှာ တစ်နှစ်လုံး မပြတ်ရှိနေတာပဲ…”
ထိုည သူတို့ထမင်းဝိုင်းမှာ ငရဲ့ခေါင်းတို မီးဖုတ်ခတ်သည် လဲလူနှင့် ရင်းတိုက်ရွက်ဟင်းချို၊ မိုးတွင်းက လယ်ထဲချောင်းထဲမှ ကိုယ့်ဟာကိုယ် ဖမ်းရတာနှင့် ဝယ်သင့်တာဝယ်၍ ငါးခူ၊ ငါးရံ့၊ ငါးကျည်း ချည်းသန့်သန့် လုပ်ထားခဲ့သော သုံးဦးစပ် ငါးပိရည်ချို၊ ငရုတ်သီးစိမ်းမီးအုံးနှင့် ကြက်သွန်ဖြူ ထောင်းဖျော်ကို ကစွန်းညွန့်ပြုတ်နှင့် ကောက်ရိုးနွယ်တို့လို နို့ပြီး ဖားသား ဆီပြန်နှင့် အအီပြေရန် သရက်သီးပိုးတီတို့ဖြစ်ရကား ကိုဘအေး၊ မလှဌေး၊ သားကလေး မောင်ထွေး၊ သမီးပျို မြခင်နှင့် ရွှေဧည့်သည်တို့ ၅ ယောက် စားလိုက်ကြရာ ဆန်တစ်ပြည်ခွဲချက်သည် ခွေးလေး ကျားဘိုအဖို့ ဟင်းစ ကျွေးစနှင့်မှ စားလောက်ရုံမျှ ကျန်တော့သည်မှာ သူတို့လို အလုပ်ကြမ်းသမား တောသူတောင်သားများအဖို့ အံ့ဩစရာ မဟုတ်ပါချေ။
ထမင်းစားပြီး၍ လက်ဖက်ရည်ကြမ်းသောက်ကြသည်နှင့် မောင်ထွေးက စပြောသည်။
“အဖေရေ… လက်ဖက်ရည်ကြမ်းကို အမြဲတမ်း ပူပူရအောင် ဓာတ်ဘူး ဝယ်ပါလား အဖေရ၊ ဘကြီးဆင်တို့အိမ်မှာ ထားတာမျိုးလေ…”
မောင်ကြွေ “ဟုတ်တယ်ဗျ.. ကိုစံတင်တို့ဖြင့် မိုးတွင်းက လယ်ထဲ လယ်ထွန်သွားရင်းတောင် ယူသွားကြသဗျ”
ကိုသာအေး “ဟ… မိုးရေစိုတော့ မင်းတို့ဓာတ်ဘူးက အေးမသွားဘူးလား၊ မိုးရေဒဏ် ခံနိုင်ပါ့မလားကွ”
မောင်ထွေး “အောင်မယ်လေး… အဖုံးသာ လုံအောင်ပိတ်ထား ရေထဲချထားတောင် မအေးဘူးခင်ဗျ”
“အင်း… အံ့ဩစရာပဲဟေ့” ဟု ဆို၍ ကိုဘအေးသည် မလှဌေးအား မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့် ကြည့်လိုက်သဖြင့် မလှဌေးက…
“အဲဒါ တစ်ဘူး ဘယ်လောက်ပေးရသတဲ့လဲ”
မောင်ကြွေ “အကြီး၊ အငယ် အရွယ်အစားလိုက်လို့ပေါ့ အရီးရဲ့”
ဤတွင် အနီး၌ ကျုံ့ကျုံ့ကလေး ထိုင်နေသော မြခင်က…
“အခု ရွာက သမဝါယမဆိုင်မှာ ရောက်နေတာလေ အခု အဖေတို့ သောက်နေကြတဲ့ မြေအိုးတစ်လုံးစာလောက် ဝင်မယ်ပေါ့၊ ၁၇ ကျပ်တဲ့”
မောင်ထွေးက ထောက်၍ “အဲဒါ နက်ဖြန်ခါ ဝယ်ပါလားဗျ…”
မလှဌေးက မြခင်အား ကြည့်၍…
“သမီး ရက်ကန်းပြတ်တော့ ဝယ်တာပေါ့လေ…”
မြခင် “အို… အမေကလည်း ကိုယ်ဝယ်ချင်ရင် ရက်ကန်းပြတ်အောင်ပဲ စောင့်နေရဦးမှာလား၊ ကိုယ့်အိမ်မှာ ပိုက်ဆံတွေရှိနေသားပဲ…၊ သွားဝယ်လိုက်ရောပေါ့”
မလှဌေး “ဟဲ့… ကိုယ့်သေတ္တာထဲ ရောက်ပြီးသားပိုက်ဆံ ပြန်မထွက်တာ ကောင်းတာပေါ့ဟဲ့”
မြခင်က မျက်စောင်းကလေးခဲ၍…
“ဟင်း… ကျွန်မ ရက်ကန်းပြတ်ဖို့က ရက်တော်တော်လိုသေးတာ၊ ရောက်လာတဲ့ဓာတ်ဘူးက ၄-၅-၇ လုံးရယ်၊ တော်တော်ကြာ သူများဝယ်တာနဲ့ ကုန်သွားဦးမယ်”
မောင်ကြွေ “ဟုတ်တယ်ဗျ၊ ကိုမောင်သင်လေးနဲ့ မပုတို့လင်မယားကတောင် ဝယ်မယ်ပြောနေကြသေးသဗျ”
ယင်း၌ မြခင်က “ဒါဖြင့် ဒီလိုလုပ်မယ် အမေ၊ ကျွန်မ ရက်ကန်းက တစ်ဝက်သာသာ ပြီးသွားပြီ၊ ဒီတော့ မနက်ဖြန် ၁၅ အုပ်ဖြတ်ပြီးတော့ သွားပို့မယ်လေ”
“အေး… အဲဒီလိုသာလုပ်လိုက်ပါ အစ်မလေးရာ၊ အမေပြောတဲ့အတိုင်းဆိုရင် ဝယ်ဖြစ်တော့မှာ မဟုတ်ဘူး” ဟု မောင်ထွေးက တိုက်တွန်းပြောဆိုလိုက်လေသည်။
* * * * *
ထိုရွာကြီးတွင် ထိုစဉ်က ကျေးရွာ သမဝါယမက အောင်မြင်လျက်ရှိလေသည်။
ယင်းရွာ၏ ကုန်ထုတ်လုပ်ငန်းများကို ဖော်ပြရဦးမည်။ ရှေးခေတ်အဆက်ဆက်က မိရိုးဖလာ လယ်ယာမှသည် ယခု တော်လှန်ရေးအစိုးရ လက်ထက်မှာ သီးထပ်သီးညှပ်များ စိုက်ပါရန် စီမံခန့်ခွဲပေးခြင်းအားဖြင့် ဂုံလျှော်၊ ဝါဂွမ်းနှင့် ပဲမျိုးတို့ကို တိုးချဲ့ စိုက်ပျိုးကြပြီးဖြစ်သောကြောင့် ရှေးယခင်က မိုးမများလျှင် မလုပ်ရသော ကုန်းလယ်များ၊ ရွာတွင်းနှင့် ရွာနောက်ဖေးရှိ ခြံလွတ်ကြီးများမှာ ယခုအချိန် အလဟဿ မဖြစ်ကြတော့ပြီ။ သူ့အချိန် သူ့အခါနှင့် ဆီလျော်သော အသီးအပင်တို့ကို စိုက်ပျိုးကြကုန်လေသည်။
အထူးသဖြင့် ထိုရွာကြီး၌ ဖြစ်မြောက်အောင်သည်မှာ ဂုံလျှော်။ ဒေသတို့မှာ အလေ့ကျပေါက်ကြကုန်သည်။ သို့သော် ဂုံလျှော်အမျိုးအစားဟူ၍ မသိကြသေး။ ‘ပလီခါး’ ပင်ဟု ခေါ်ကြလျက် သူ့အရိုးမှ လျှော်ကိုခွဲပြီး ရေပုံးကြိုး၊ နွားကြိုး စသည်များ ကျစ်လုပ်ကြသည်။
ယင်းသို့ရှိ၍မှ တော်လှန်ရေးအစိုးရ ထွက်ကုန်စီမံရေးဌာနက “ဂုံလျှော်များကို ဝယ်ပါမည်၊ ကျေးရွာများမှာ စိုက်ပျိုးကြပါ” ဟူ၍ စိုက်ပုံစိုက်နည်းပါ ညွှန်ကြားလျက် မျိုးစေ့များ ပေးလိုက်ခြင်းဖြင့် ထိုဂုံလျှော်ပင်များ ဖြစ်မြောက်လာကြသောအခါ၌ ထိုရွာသားများ အံ့ဩရယ်မောလျက်…
“ဟ… ပလီခါးပင်တွေပါလား…” ဟု ပြောကြလေ၏။
စင်စစ် ခြံကြိုခြံကြား၊ မြောင်းကြိုမြောင်းကြားမှ အလေ့ကျပေါက်ကြေေတာ့ ပလီခါးပင်ငယ်ငယ်။ ယခု အစိုးရက ညွှန်ကြား၍ မြေဩဇာပေးကာ ထွန်ယက် စိုက်ပျိုးလိုက်ကြတော့ ပလီခါးပင် ထွားထွားမြင့်မြင့်ကြီးတွေ။ မြန်မာပြည်မှာ ဂုံလျှော်ပင်သည် အစိုးရမျှော်လင့်တာထက် အောင်မြင်လေသည်။ အပင်တွေ ဆယ့်ကိုးပေမြင့်၍ လျှော်မှာ အလွန်ကောင်း။ အချဉ်ချွတ်ဆေးနှင့် ဆေးကြောဖွပ်လျှော်လိုက်သည့်အခါ ရွှေရောင်ယူမလား၊ ငွေရောင်ယူမလား၊ အနောက်နိုင်ငံသူများ ဆံပင်ကဲ့သို့ တောက်ပြောင်လှပလေသည်။ သဟာနှင့် ဂုံနီကြိုး၊ ဂုံနီလျှော်အဆင့်မျှ မကတော့ဘဲ ကော်ဇောရက်လုပ်ရန် နိုင်ငံခြားသို့ ရောင်းရသည်အထိ ဖြစ်လာခဲ့လေ၏။
ယင်း ဂုံလျှော်လုပ်ငန်းကား ခြံမြေရှိ၍ ထွန်ယက်စိုက်ပျိုးရမည်ထက် အပင်ကိုခုတ်ပြီး ရေထဲမှာ အပုပ်စိမ်၍ လျှော်ခွာ၊ အခွံသင်ရသည်က ပို၍ လုပ်အားလိုလေရာ ဂုံလျှော်စိုက်သူနှင့် အငှားလျှော်ခွာသူမှာ တစ်ယောက်တစ်ဝက် စားမျှသာကျနေသောကြောင့် ပိုင်ရှင်နှင့် အလုပ်သမားသည် ညီတူမျှတူ အကျိုးခံစားသမှု ပြုရလေ၏။
ဂုံလျှော်လုပ်ငန်းနှင့် လယ်ယာလုပ်ငန်းသည် နှစ်မျိုးတွဲရန် အလွန်အဆင်ပြေ၏။ ဂုံလျှော်စိုက်မည့်မြေကို နွေမှာ အမှိုက်ပုံ မီးရှို့ထားပြီးနောက် မိုးမကျမီကလေးမှာ အပေါ်ယံမြေဖွာရုံမျှ ထွန်ယက်စိုက်ပါ။ နောက်မိုးရွာ မြေစိုတော့ ဂုံနီမျိုးစေ့ ကြဲလိုက်ပေရော့။ သူ့အား ပေါင်းသင်စရာ မြေထောင်ပေးစရာ မလိုတော့။ အပင်ကျပ်မည်ဆိုရင်ဖြင့် ပင်ညှက်ကလေးတွေ ရွေးနုတ်ပစ်ရုံသာ ရှိသည်။
တော်သလင်း၊ သီတင်းကျွတ် လယ်ပြီး မိုးနှောင်းရောက်သော ကာလ၌ ဂုံနီပင်တို့ကို ခုတ်ရလေပြီ။ ကောက်မရိတ်ရမီ အလုပ်ပြတ်နေသော လယ်လုပ်သားတို့ အလုပ်တစ်စခန်း ရကြလေ၏။
ငရုတ်၊ ကြက်သွန်၊ ဝါဂွမ်းနှင့် ပဲမျိုးတို့ စိုက်ပျိုးခြင်းမှာ မိုးကုန်ပြီးနောက် ဆောင်းဦးပေါက်တွင် ဖြစ်သည်။ ပဲမျိုးတို့မှာ ယခုအခါ၌ မြန်မာပြည်အလယ်ပိုင်းတွင် ‘ဗိုလ်ကိတ်ပဲ’ သည် အလွန် ဇယားကိုက်သည်။ အကြမ်းပတမ်းခံသည်။ စင်ထိုးတိုင်ထောင်စရာ မလို။ သူ့ဟာသူ ဖြာထွက်၍ အဖုတ်ဖြစ်ကာ မြေမှ ရိုးတံတစ်တောင်လောက် အရှည်၌ ခက်လက်ဝေဖြာ၍ သီးလေသည်။ ပဲကြီး၊ ကုလားပဲတို့ထက် စား၍ချိုသည်။ စိုက်ပျိုးပြုစုမှုလည်း လွယ်သဖြင့် ဈေးလည်းချို၏။
ဤဝတ္ထု အခြေခံရွာဖြစ်သော ဖော်ပြပါ ရွာကြီးမှာ ယင်းစိုက်ပျိုးမှုများအပြင် ရက်ကန်းလုပ်ငန်းလည်း အလွန် တွင်ကျယ်သည်။ ထိုရက်ကန်းအလုပ်မှာ ခေတ်အဆက်ဆက်ကပင် သည်ရွာသားတွေ လုပ်ကိုင်ခဲ့ကြ၏။ ယောက်ျားကလေးများပင် ရက်ကန်းခတ်တတ်ကြ၏။ သို့သော် ဟိုးယခင်ကမူ မြို့ပေါ်ရှိ အရင်းရှင်ချည်ပုံပေး တရုတ်များ၏ ခေါင်းပုံဖြတ် သွေးစုတ်ရာ စားကျက်ကွင်းသာဖြစ်ခဲ့၍ ယခု တော်လှန်ရေးအစိုးရ လက်ထက်ရောက်မှ ပြည်သူပိုင်စနစ်အရ ကုန်ကြမ်းယူ ကုန်ချောသွင်းမှုကို လုပ်ကိုင်ရသည်။ သည်တော့ အလုပ်သမားတို့အကျိုး မည်မျှတိုးတက်ပါသနည်းဟူမူ (ယခု အများသုံးနေကြသည့် ပြည်တွင်းဖြစ် ဇာခြင်ထောင်ဖျင်ကို) ချည်ပုံပေး တရုတ်များလက်ထက်က တစ်အုပ်ကို ရက်ခ ၁ ကျပ်မျှသာရရာ ယခု ၃ ကျပ်နှင့် ပြား ၃၀ ရကြ၏။ တစ်အုပ်သည် ၁၀ ကိုက်၊ ရက်ကန်းတစ်တန်းမှာ ချည် ၃ ထုပ်တန်း ၂၇ အုပ်၊ ၄ ထုပ်တန်း (အတန်းကြီး) ၃၆ အုပ်ဖြစ်လေရာ မည်မျှ ဝင်ငွေကွာခြားသည်ကို အထင်အရှား မြင်နိုင်လေသည်။
ထို့ပြင် ဟိုယခင်တုန်းကလို ၄-၅ မိုင်ကွာသော မြို့သို့ စရိတ်ကုန်ခံသွား၍ တရုတ်များထံ အောက်ကျနောက်ကျ ဆက်ဆံရသည် မဟုတ်ဘဲ ကိုယ့်ရွာက သမဝါယမဆိုင်မှာသာ ကိုယ့်ရွာသားချင်း ကိစ္စပြီးရလေ၏။
ကျေးရွာသမဝါယမဆိုင်
ကုန်သွယ်ရေးဌာန၏ ကျေးရွာလက်ခွဲဆိုင် ဖြစ်၏။ ဤဆိုင်ကို သမဝါယမငွေဖြင့် ပြုစုပျိုးထောင်လာခဲ့ခြင်း ဖြစ်သည်။ မူလက အခြေခံစားကုန်မျှ အစပြုခဲ့သော်လည်း ယခုမူ အဝတ်အထည်နှင့် အလှကုန်၊ ဆေးဝါးပစ္စည်းများပါ ထားရသဖြင့် ခိုင်မာလုံခြုံသော အုတ်တိုက်ဖြစ်၍နေလေပြီ။
ရှေ့ဘက်နှင့်နောက်ဘက် မျက်နှာစာနှစ်ခု ထားရှိသည်။ ကုန်ဝယ်လိုသူများက ရှေ့ဘက်မျက်နှာစာ၊ ကုန်ကြမ်းယူ၍ ကုန်ချောသွင်းလိုသူများက နောက်ဘက်၊ နံနက် ၇ နာရီတွင် ဆိုင်ဖွင့်သည်။ နေ့စဉ်ပင် ကုန်ကြမ်းယူ ကုန်ချောသွင်း၊ လုပ်ခထုတ်၊ ပစ္စည်းဝယ်ခြင်းဖြင့် မပြတ်စည်ကားလျက်ရှိသည်။ ဤဆိုင်သည် အိမ်ခြေ ၅၀၀ ကျော်၏ စုပေါင်းသမဝါယမ ဖြစ်သည်။
ဆိုင်ဖွင့်ကတည်းက နောက်မျက်နှာစာမှာ ရက်ပြီးသော အထည်သွင်းမည့်သူတွေ စီရရီရောက်လာကြရာ ခြင်ထောင်ဖျင် ၁၅ အုပ်ကို ရွက်လာခဲ့သော မြခင်မှာ သတ္တမဖြစ်သည်။ အစီအစဉ်အတိုင်း အထည်သွင်း၊ ငွေထုတ်လုပ်ကြရာ မြခင် အလှည့်ရောက်သည်၌ မန်နေဂျာလုပ်သူက…
“ဟဲ့… မြခင်ရဲ့ နင်တို့ ဒီအတန်းကျ တယ်မြန်ပါလားဟ၊ ငါ့စိတ်ထင် ချည်ထုပ်ယူသွားတာ ဆယ့်လေးငါးရက်လောက် ရှိသေးမှတ်ပါတယ်”
မြခင်က နဂိုရွှင်သော မျက်နှာကလေးနှင့် ကြည်ကြည်ကလေး ပြုံး၍ …
“တစ်တန်းလုံး ပြတ်ခဲ့သေးတာမဟုတ်ပါဘူး ဦးလေးထွန်းရှိန်ရဲ့၊ တစ်ပိုင်းတစ်စနဲ့ ဖြတ်ယူခဲ့တာ ၁၅ အုပ်ထဲပါ…”
“ဟဲ့… ဘာဖြစ်လို့ ဒီလိုဖြတ်လာတာတုံး…”
“အဖေက လက်ဖက်ရည်ကြမ်းထည့်ဖို့ ဓာတ်ဘူးဝယ်ချင်တာ၊ အမေက သူ့သေတ္တာထဲ ရောက်ပြီးသားပိုက်ဆံတော့ ပြန်မထုတ်နိုင်ဘူးဆိုလို့”
မန်နေဂျာ ကိုထွန်းရှိန်က ပြုံး၍…
“အေး အေး၊ နင်က အဲဒီလို စီမံခဲ့ရောဆိုပါတော့။ အဆင်သင့်ပဲဟေ့၊ ဓာတ်ဘူးက နှစ်လုံးတည်းရှိတော့တာနဲ့” ဟု ပြောပြီး သူနှင့်တွဲဘက် လုပ်ဖော်သို့ လှမ်း၍ “ဒီမှာ ကိုကျော်မြ၊ ဓာတ်ဘူးတော့ နောက်တစ်ခါ တစ်ဒါဇင်လောက် ကျွန်တော်တို့ ထပ်တင်ဦးမှထင်တယ်ဗျ…”
မြ “ဟုတ်တယ်၊ ကျွန်တော်လည်း အဲဒီလိုပဲ စိတ်ကူးရတယ်ဗျ…”
ကိုထွန်းရှိန်သည် လှိုက်လှိုက်လှဲလှဲ ပြုံးရယ်လိုက်ကာ…
“ဟန်ကျသဗျာ… ကျုပ်တို့ရွာသားတွေ လက်ဖက်ရည်ကြမ်း ဓာတ်ဘူးနဲ့ လယ်ကွင်းဆင်းရတယ်ဆိုတာ ဒီခေတ်မှဗျို့…”
အခြားတစ်ယောက်က “သားရေဖိနပ်ရှည်ကြီးနဲ့ ကောက်ရိတ်ရတာကောဗျ။ ဟိုတုန်းက ထန်းလျှော်ဖိနပ် မလုံမလဲနဲ့ ကြဲခဲ့ရတာ၊ အဲသည်တုန်းကဗျာ တစ်နှစ်မှာ အနည်းဆုံး တစ်ယောက်စ နှစ်ယောက်စတော့ ကောက်ရိတ်ရင်း ပိုးထိသေကြတာ ရှိတယ်မှုတ်လား။ ကဲ အခုတော့ အဲဒီအန္တရာယ်က ကင်းသွားကြပြီဗျ…”
သူတို့ရွာ၏ တိုးတက်မှုကို ဝမ်းသာအားရ ပြောဆိုကြသည်။ မြခင်သည် အထည် ၁၅ အုပ်တွက် ကျသင့်ငွေကိုထုတ်ပြီး ရှေ့မျက်နှာစာသို့ ပြောင်း၍ လိုချင်သောပစ္စည်းများကို ဝယ်သည်။
ဤနေရာတွင် ချောမောလှပသော မြခင်ကလေးကို ကြည့်ကြကာ အချို့မိန်းမတွေက ပြောဆိုနေကြသည်။
“ဒီသူငယ်မဟာ လှဌေးငယ်ငယ် သူ့အဖေကြီး အိမ်ပေါ်မှာ နေတုန်းကအတိုင်း လှတာပဲအေ့…”
“ကိုဘအေးနဲ့မလှဌေး မွေးတာထဲမှာ ဒီကောင်မလေး အချောဆုံးတော့်”
“အောင်မယ် ဒီလိုတော့ မပြောကြပါနဲ့ရှင်၊ မလှဌေး သမီးကြီးတွေ လှရင်တို့ မြကြင်တို့တုန်းကလည်း သူတို့အမေလို ချောကြတာပါပဲ။ ဒါပေမဲ့ သူတို့အပျိုဖြစ်ကြတဲ့ခေတ်နဲ့ အခု မြခင်လေးအပျိုဘော်ဝင်ရတဲ့အချိန်က မတူဘူး မဟုတ်လားအေရဲ့။ ဟိုတုန်းကဆိုရင် ညည်းတို့ရော၊ ကျုပ်တို့ရော၊ ကိုဘအေးတို့ရော ဘယ်လောက်ဆင်းရဲကြသလဲ။ ဟောဒီလို (သူ့လက်ထဲမှ အထည်သွင်း၍ရသော ငွေ ၄-၅၀ိ အုပ်ကိုလှုပ်ပြ၍) ငွေစက္ကူထပ်များ ကိုင်ဖူးကြသလား”
မိန်းမတွေ အသီးသီးပင် သူတို့လက်ထဲမှ ငွေစက္ကူတွေ ကြည့်ကြကာ ခေါင်းညိတ်ကြသည်။
ထိုမိန်းမက စကားဆက်သည်။
“အဲသည်တော့ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ လှရင်တို့ မြကြင်တို့မှာ မိဘနှင့်အတူ နေပူမိုးရွာအရှောင် အလုပ်လုပ်ကြရတာပဲ မဟုတ်လား။ အခု မြခင်လေးကျတော့ မိဘကလည်း ချောင်လည်လာတော့ လယ်ထဲ၊ ချောင်းထဲ မလိုက်ရတော့ဘူး။ အိမ်မှာ ရက်ကန်းစင်ထိုင်ရရုံပဲ။ သည်တော့ ဟိုတုန်းက သူ့အစ်မတွေရုပ်နဲ့ တူနိုင်ပါတော့မလားအေ့။ နို့ပြီး ခုခေတ်မှာ ဝတ်ရတာတွေလည်း ကြည့်ဦးလေ။ နိုင်လွန်တို့၊ ဒက်ထလွန်တို့၊ ရှီးယားကော့တို့၊ ဟဲယားကော့တို့ ဟိုတုန်းကဆို ဒီလိုအထည်ချောတွေဟာ မြို့ပေါ်ကလူများနဲ့ တောက အင်မတန်ချမ်းသာမှပဲ ဝတ်နိုင်ကြတာမဟုတ်လား။ ကဲ… အခုတော့ ညည်းတို့ငါတို့ ဆင်းရဲချမ်းသာမရွေး အညီအမျှ ပြည်သူ့ဆိုင်က ထုတ်ပေးနေတာ မဟုတ်လားအေ့…”
ယင်းအခိုက် အသက် ၈၀ ကျော်ပြီဖြစ်သော်လည်း ကျန်းမာသန်စွမ်းသည့် အဘိုးကြီးတစ်ယောက် ဆိုင်ထဲရောက်လာကာ “ဟေး… မောင်ထွန်းရှိန်ရ၊ ငါသောက်နေကျ ရွှေပတ်နဲ့ ဆင်နှစ်ကောင်ဆေးပြင်းလိပ် ရှိသေးလားကွ…”
“ဟား.. ရှိပါတယ် ဘကြီးရ၊ ထိုင်ပါဦး” ဆို၍ ကိုထွန်းရှိန်က သူ့ရှေ့၌ ကုလားထိုင်တစ်လုံး ထိုးပေး၏။
ဆောင်းရာသီ ပြာသိုလ နံနက်ခင်းဖြစ်လေရာ အဘိုးကြီးကိုယ်မှာ သက္ကလပ်အနွေးထည်၊ သက္ကလပ်ခေါင်းစွပ်၊ ကျားပါးစပ် သားရေဖိနပ်တို့နှင့်ဖြစ်သည်။
ကိုထွန်းရှိန်က စာရင်းကိုင်နေရာမှ…
“ဘကြီး ဘယ်နှထုပ်ယူမလဲ…”
“၅ ထုပ်ပေးလကွာ…”
“ဘကြီး တောရချောင်သွားတော့မယ် ထင်တယ်…”
“အေး… နက်ဖြန် ငါသွားမယ်ကွာ၊ ဟိုမှာ တရားထိုင်နေရတာပဲ စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိသကွ…”
ဈေးဝယ်နေသော မြခင်လေးသည် ဤအဘိုးကြီး၏ မျက်နှာကို တိတ်တခိုး ကြည့်ပြီးနောက် သူလိုချင်တာရသည်၌ အဖော်များကို စကားကျယ်ကျယ် မပြောတော့ဘဲ ခပ်တိုးတိုးနှုတ်ဆက်ပြီး ပြန်ခဲ့လေ၏။
အဘိုးကြီးသည် မြခင်လေးထွက်သွားသည်ကို တစူးတစိုက်ကြီး ကြည့်နေလေသည်။ လွန်ခဲ့သော အနှစ်လေးဆယ်ကျော်က သူ၏တစ်ဦးတည်းသော သမီးကလေး မလှဌေးနှင့် တူလှချေ၏။
ဤတွင် အခုန မြခင်လေးတို့အကြောင်း ပြောနေကြသော မိန်းမအုပ်ထဲမှာ တီးတိုးသံ…
“အဘိုးကြီးက တရားတွေဘာတွေ ထိုင်လို့၊ စိတ်တော့ တော်တော်ကျပုံပေါ်ပြီ။ ဒါပေမဲ့ သမီးအပေါ်တော့ စိတ်မပြေသေးဘူးထင်ရဲ့”
တစ်ယောက် “သေခန်းပြတ်ဆိုတဲ့ သူ့စကားက ရှိနေတာကိုး”
အခြားတစ်ယောက် “ဒါကတော့ မာနပါပဲ”
နောက်တစ်ယောက် “တကယ် တရားရတယ်ဆိုရင် ဒီမာနကတော့ ပျောက်ရမှာပေါ့။ စွန်းလွန်းဦးဝိနယ ဟောတော်မူတယ်မှုတ်လား။ မာနရှိသမျှ တရားမရသေးလို့ပဲတဲ့”
နောက်ဆုံးတစ်ယောက်က “အေး ဒီအဘိုးကြီး တရားရတာက အရေးမကြီးဘူး။ ငါ တရားရဖို့ အရေးကြီးသကွဲ့။ အိမ်ဧည့်သည်လာလို့မှ လက်ဖက်ရည်ကရား လှလှပပ တည်စရာမရှိဘူး”ဟု ပြောပြီး “ဟေ့ မောင်ထွန်းရှိန်ရဲ့၊ နင့်ဆိုင်ကြွေကရားတွေက ဘယ်တော့ရောက်မှာလဲဟဲ့”ဟု လှမ်းအော်လိုက်သည်၌ မောင်ထွန်းရှိန်က…
“ဪ.. ဒီမိန်းမကြီးနှယ်… ခင်ဗျား ဟိုသီချင်းမကြားဖူးဘူးလားဗျ”
“ဘယ်သီချင်းလဲဟဲ့…”
“နက်ဖြန်၊ သို့မဟုတ် ဘယ်သောအခါ ဆိုတာလေဗျ”
“ဪ.. သေခြင်းဆိုးနှယ်… မရေရာလိုက်တာဟယ်…”
မောင်ထွန်းရှိန်က ရယ်မော၍ “ဟဲ ဟဲ… မကြာပါဘူး၊ ၃ ရက်အတွင်း လာစေ့မယ်ဗျ”
ဤတွင် အရောင်းဘက်၌ ငွေကိုင်နေသော မောင်ထွန်းမြိုင်က “ခင်ဗျားတို့ ဟိုတုန်းကဖြင့် တည်တဲ့မြေအိုးနဲ့ပဲ သောက်နေပြီးတော့ ခုမှ ဘယ့်နှယ် ကြွေအိုးတွေ ဘာတွေ လုပ်လာချင်တာလဲဗျ”
“အောင်မယ်… နင်တို့က ကြွေကရားနဲ့ အချိုသောက်ကြတော့ ငါလည်း ကြွေကရားနဲ့ အကြမ်းသောက်ချင်တာပေါ့ဟဲ့”
“ဟဲ ဟဲ… ငွေကလေးတွေက ရွှင်လာကြသကိုးဗျ”
“အေးပေါ့ဟဲ့… တစ်သက်လုံးချည်း ဆင်းရဲနေရမှာလား၊ ဒီလိုခေတ်ပြောင်း ခေတ်ကောင်းနဲ့လည်း ကြုံဦးမှပေါ့”
ဟုတ်ကဲ့…၊ အမှန်ပင် ဤကျေးရွာဒေသရှိ လုပ်သားပြည်သူတို့မှာ လုပ်ငန်းများ အကွက်လည်း အဆင်ပြေ၍ ငွေစများ ရွှင်ကြလေသည်။ သူတို့မှာ အလုပ်နှင့်လက်နှင့် ပြတ်သည်မရှိကြကုန်။ ယခု ကြည့်ပါ။ ရက်ကန်းပြတ်အထည်အပ်၊ ရက်ခရ၍ ဤပြည်သူ့ဆိုင်မှာပင် ကိုယ်လိုချင်သောပစ္စည်းများ ဝယ်ယူကြပြီး နောက်တစ်တန်းအတွက် ချည်ယူရပြန်လေသည်။
ဤချည်ယူရန်မှာ ချည်ဆေးချွတ်ရာ ချည်ရုံတွင်ဖြစ်သည်။ ပြည်သူ့သမဝါယမဆိုင် မန်နေဂျာ၏လက်မှတ်နှင့် ယူရသည်။ ကိုထွန်းရှိန်က အထည်အပ်သူများအတွက် နောက်ထပ်ထုတ်ပေးသည်။ လုပ်သားပြည်သူတို့မှာ ငွေပင်ငွေရင်းမလိုချေ။ ကုန်ကြမ်းယူ ကုန်ချောအပ်စနစ်သာဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ‘ရှိရှိ-သုံးသုံး-တပြုံးပြုံး’ နေကြသည်။
ချည်ပေးရာဌာန
မြို့ပေါ်ရှိ ပြည်သူ့ကုန်သွယ်ရေး လက်ကားမှ ကျေးရွာသမဝါယမများသို့ ချည်ထုပ်ကြီးများကို ပို့သည်။ ဤချည်များမှာ စက်ရုံကလာခဲ့သည့်အတိုင်းဖြစ်၍ ဝါစေ့ကွဲတွေနှင့် အရောင်ဝါကျင့်ကျင့် ဖြစ်နေသည်။ ဒါတွေကို ချွတ်ဆေးနှင့် ဝါစေ့ကွဲစဉ်ကာ အရောင်ဖြူစေပြီးမှ ရက်လုပ်သူများလက်သို့ ပေးအပ်ရ၏။
ဤလုပ်ငန်းမှာ ရေအလွန်ယိုရာ ထိုရွာတွင် ၁၉၅၉ ခုနှစ် ဗိုလ်ချုပ်အိမ်စောင့်အစိုးရ လက်ထက်ကပင် တူးဖော်ခဲ့သော အဝီစိတွင်းတစ်ခုနှင့် နီးရာတွင် ချည်ဆေးရုံ လုပ်ထားရသည်။
ချည်ဆေးချွတ်ရာမှာ ယောက်ျား ၄-၅-၈ ယောက် အလုပ်လုပ်ရသည်။ ရေသယ်သူနှင့်၊ ဆေးရည်စက်ထဲ ချည်စိမ်ထားပေးသူနှင့်၊ ဖွပ်ရိုက်သူနှင့်၊ ရေညှစ်သူနှင့်၊ နေလှန်းသူနှင့် ၎င်းတို့သည် တစ်နေ့လျှင် ပျမ်းမျှခြင်းတစ်ယောက်ကို ငါးကျပ် ခြောက်ကျပ်လောက်စည်၏။ ဟိုယခင် မြို့ပေါ်တွင် ချည်ပုံပေး တရုတ်တို့၏ အိမ်နောက်ဖေး၌ တရုတ်-ကုလား ကူလီများ၏ အလုပ်ကို ဗမာတွေ ထိုက်ထိုက်တန်တန် လုပ်ခလုပ်ရခြင်းဖြစ်၏။
သူတို့သည် ချည်လာယူသူများလေ၊ ချည်ဆေးချွတ်ရလေ ပိုပြီး လုပ်ခရလေဖြစ်ရာ သီချင်းတကြော်ကြော်နှင့် တပျော်ပျော်နေကြသည်။ သူတို့အထဲတွင် စာရေးမှတ်တတ်သူများက ချည်ယူလာသူများ၏ ဖြတ်ပိုင်းကို ကြည့်ရှုလက်ခံ၍ ချည်ခင်များကိုပေးရရာ ၎င်းတို့အား ရက်ကန်းသည်များက ဦးစွမ်ထောင်၊ သို့မဟုတ် ကိုတင်းငွားဟု ကျီစားခေါ်ဝေါ်ကြကုန်၏။ အကြောင်းမှာ ဦးစွမ်ထောင်နှင့် ဦးတင်းငွား ဆိုသည်မှာ ဟိုယခင်က မြို့ပေါ်မှ ချည်ပုံပေး တရုတ်သူဌေးများ ဖြစ်ကြကုန်၏။
ဤတရုတ်တို့သည် မြို့၏ပတ်လည် ရွာပေါင်းမြောက်မြားစွာကို ချည်ပုံပေး၍ စီးပွားဖြစ်ထွန်းကြသည်။ ၎င်းတို့သည် ပြည်ကြီးပေါက်များပင် ဖြစ်ကြသော်လည်း ဗုဒ္ဓဘာသာလုပ်ကြလျက် သူတို့ချည်ပုံပေးရာ ရွာကြီးများရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်သီလယူခြင်း၊ ဘာသာရေးကိစ္စတို့တွင် လှူဒါန်းခြင်းများပြုကြ၏။ ရွာရှိ လယ်ပိုင်ရှင်၊ သူကြီး၊ ဆယ်အိမ်ခေါင်းတို့နှင့် ကျေးရွာသားများကို ချည်ပုံပေးခြင်းပြုကြသည်။
သို့တိုင်အောင် အချို့ဆင်းရဲသားများမှာ မြို့ရှိ တရုတ်အိမ်ရောက်အောင် မပေါက်ကြ၍ ရွာရှိကြေးရတတ်ထံမှတစ်ဆင့် လက်ဝေခံရသည်။ သည်တော့ ရက်ခကို တစ်ဆင့်စားခြင်း ခံရသေး၏။ ယခု ခေတ်ပြောင်းချိန်၌ကား တရုတ်အမြတ်ကြီးစားလည်း မရှိတော့ပြီ၊ တစ်ဆင့်လက်ဝေလည်း မခံရတော့ပြီ၊ မည်သည့်ရက်ကန်းသည်မဆို ရွာရှိပြည်သူ့ဆိုင်မှာပင် လွယ်ကူစွာ ကိစ္စပြီးရလေသည်။
“ဟေ့… ဦးစွမ်ထောင်၊ ကိုတင်းငွားတို့ ငါ့ကို ချည်ပေးကြပါဦးဟေ့…”
ချည်ပေးရုံထဲရောက်တော့ ခပ်စွာစွာလေး အော်လိုက်၏။ ဟိုတုန်းကမူ တရုတ်အိမ်ထဲမှာ ကျုံ့ကျုံ့ကလေး ထိုင်ရ၏။ မိမိရက်လာသောအထည်ကို အသားကောင်းမကောင်း စစ်ဆေးခြင်း ခံရ၏။ စိတ်ကြိုက်မတွေ့လျှင် ရက်ခဖြတ်ခြင်း၊ လျှော့ခြင်းကို ခံရသေး၏။ နောက် ဤသို့ညံ့ဖျင်းလာလျှင် ချည်မပေးတော့ဟူ၍လည်း ပြစ်တင်မောင်းမဲခြင်း ခံရသေး၏။
ယခုတော့ ရွာက ကိုယ့်တူကိုယ့်သားတွေပဲ။
“ဟဲ့… သေခြင်းဆိုးတို့ မြန်မြန်လာကြစမ်း၊ ငါ့အိမ်မှာ ကလေးက ရှိသေးတယ်ဟဲ့၊ နို့ဆာနေရော့မယ်…”
“အို… ခင်ဗျားက ကလေးဘာဖြစ်လို့မွေးသေးလဲဗျ၊ မမဲကြီးလာလိုက်ရင် ဒီလို ဖုတ်ပူမီးတိုက်ချည်းပဲ၊ ဒီမှာ လှန်းလက်စချည်က ရှိနေလို့ဗျ။ ကဲ… ကဲ… လာပါပြီ။ ဘယ်လောက်ယူမလဲ ပြောစမ်း…”
“ဟောဒီမှာ… နင့် ထွန်းရှိန်ရေးပေးလိုက်တဲ့ ဖြတ်ပိုင်းပဲ ကြည့်တော့ဟေ့ ငါလည်းဖတ်တတ်ဘူး…”
“နည်းလှချေလားဗျ… ခင်ဗျားဟာ များများယူစမ်းပါဗျ။ ခင်ဗျားတို့ များများယူမှ ကျွန်တော်တို့ များများချွတ်ရလို့.. များများပိုက်ဆံရတာဗျ…”
“ဟဲ့…. နင်တို့ ပိုက်ဆံများများ လိုချင်တိုင်း ငါက တတ်နိုင်မလား…၊ ငါ့မှာ လက်ခွဲကလည်း ရှိတာ မဟုတ်ဘူး။ ကိုယ်နိုင်သလောက် ကိုယ်ယူရတာပေါ့ ငခွေးရဲ့…၊ နင့်မိန်းမ လှရှင်သာ သမီးအပျိုပေါက်ကလည်းရှိ၊ သားတွေကလည်း ရက်ဖောက်ယောက် ချည်ဟပ်တတ်နေကြတော့ တစ်လကို ၄ ထုပ်၊ ၃ အုပ်တန်းကြီး ပြတ်နေတာမို့… နင်တို့ လွန်ခဲ့တဲ့ လပြည့်တုန်းက ဘုရားကိုးဆူတောင် ကပ်နိုင်တယ် မဟုတ်လားဟဲ့…”
“ကဲ… ကဲ… အဲယားပန်ကာ ဖွင့်မနေနဲ့တော့၊ ခင်ဗျားကလေး နို့ဆာနေရော့မယ် … ကြွပေရော့…”
“သွားပါ့မယ်ဟယ်.. နင့်သောက်ခွက်လည်း ငါ ကြာကြာ ကြည့်မနေချင်ပါဘူး…”
“ခင်ဗျား သမက်လောက်မှ မလှဘဲကိုးဗျ…” ဟု မောင်ခွေးသည် ချည်ထုပ်ရွက် ထွက်သွားသော ဒေါ်မဲကြီး ကျောပြင်ကို ကြည့်ပြောလိုက်ပြီးနောက် ဓာတ်ဘူးအသစ်စက်စက်နှင့် အခြားအထုပ်များပါသည့် လက်ဆွဲခြင်းကို ကိုင်၍လာသော သူငယ်မအား…
“အား… မြခင်တို့ကတော့ စံပဲဟေ့၊ အရင် တစ်တန်းစာယူသွားတာ ၁၅ ရက်လောက် ရှိဦးမယ်အောက်မေ့တယ်၊ ခုတစ်ခါ လာခဲ့ပြီ…”
မြခင်သည် သူ့ဆွဲခြင်းကို ခုံတန်းလျားပေါ်တင်၍ “အရင်အတန်းပြတ်ခဲ့ပြီ မထင်နဲ့ဦး မောင်ကြီးရေ့… တစ်ဝက်သာသာပြီးတာနဲ့ ၁၅ အုပ်ဖြတ်ပို့ပြီး နောက်အတန်းစာ ဆက်ကိုင်ထားဖို့ လာယူတာ…”
“ဟဲ့… ဘာလို့ တစ်ပိုင်းတစ်စနဲ့ ဖြတ်ရတာလဲ…”
မြခင်သည် သူ့လက်ဆွဲခြင်းကို ညွှန်ပြ၍…
အဖေက ဟောဒီဓာတ်ဘူး ဝယ်ချင်တယ်ဆိုလို့…”
မောင်ခွေးက ရယ်မော၍…
“အေး…. ငါနားလည်ပါပြီဟာ… နင့်အမေက သေတ္တာထဲရောက်ပြီးသားပိုက်ဆံတော့ ပြန်မထုတ်နိုင်ဘူးဆိုလို့ မဟုတ်လား…”
ငွေဂုဏ်မောက်တဲ့ ဖခင်ကြီးအား တစ်နေ့တော့ ငွေရှိပြလိုက်မည်ဟု အားခဲထားသော မလှဌေးအကြောင်းနှင့် သူ့စကားလုံးကို တစ်ရွာလုံးလိုလိုသိထားကြသည်ဖြစ်ရာ မြခင်က ကြည်ရွှင်စွာ ပြုံးရယ်လိုက်၍…
“မောင်ကြီးဗိုက်ထဲ ပုဏ္ဏားလေးရှိတယ်နော်…”
“ဟဲ့… ပုဏ္ဏားလေးဆိုတာက ကိုယ်ဝန်ဆောင်ပုဏ္ဏေးမ ဗိုက်ထဲမှာသာ ရှိတာပေါ့၊ ရော့… ရော့… ချည်ခင်တွေ ပြည့်မပြည့်လည်း ရေကြည့်ဦး… ပိုနေလည်း ပြန်ပေးနော်…၊ နင် ဒီဓာတ်ဘူးက ဘယ်လောက်ပေးခဲ့ရလဲ…”
“၁၇ ကျပ်တောင် မောင်ကြီးရဲ့…”
“တောင်မနေနဲ့…၊ ငါဝယ်တုန်းက ဒီအမျိုးဒီအရွယ်ပဲ ၁၈ ကျပ်ခွဲပေးရတယ်၊ အခု တစ်ကျပ်ခွဲကျသွားတာခင်ဗျ…”
“ဟုတ်လား… မောင်ကြီး၊ ဘယ်တုန်းက ဝယ်တာလဲ…”
“မနှစ်က မိုးဦးကျတုန်းကပေါ့၊ မိုးတွင်း လယ်ထဲယူသွားရတာတော့ တယ်နိပ်သဟေ့… လက်ဖက်ရည်ကြမ်း အမြဲတမ်း ပူပူသောက်ရသဟ…”
“အဖေကလည်း အဲဒါ သဘောကျလို့ပဲ…”
“ဒါပေမဲ့ စစချင်း ရေနွေးပူပူ မထည့်ရသေးဘူး…”
“ဟုတ်လား… ဘယ်လို စထည့်ရမလဲ…”
“နင့်အဖေပြောလိုက်… ပထမဦးဆုံး ထန်းရည်အပြည့် ထည့်သောက်လိုက်ဦးလို့…”
“အို… အဟုတ်များလားလို့… မောင်ကြီးကြိုက်တာတွေ လျှောက်ပြောနေ၊ ကဲ.. သွားမယ်နော်”
“ဟဲ့… နေပါဦးဟဲ့…၊ အရင်လိုလိုက်တာ၊ နင့်လက်ဆွဲခြင်းထဲက အထုပ်တွေက ဘာတွေလဲ…”
“ဪ… မောင်ကြီးရယ်… အထုပ်တွေက ဘာတွေလဲလို့ပဲ မေးနေရသေးလား၊ အထုပ်တွေက အထုပ်တွေပဲပေါ့ မောင်ကြီးရဲ့…”
လူရွှတ်မောင်ခွေးက သူ့ပြန်ထိသွားသည်ကို သဘောကျစွာရယ်၍ “ဟဲ ဟဲ… ကောင်မလေးက မခေဘူး၊ နင်တစ်နေ့တော့ လင်ရဦးမှာပဲ၊ ကဲ… ငါ ပြင်မေးမယ်၊ ဘာအထုပ်တွေလဲဟဲ့…”
“ဟောဒါက ပဲကြီးလှော်ထုပ်ရှင့်၊ ဟောဒါက မြေပဲယို…”
မောင်ခွေးသည် လွန်စွာအံ့ဩဟန်လုပ်၍ “ဟယ်… ဒါနဲ့များ မောင်ကြီးစားပါဦးလား မပြောဘူး၊ အံ့… အံ့ပါရဲ့…”
“ဪ… မောင်ကြီးက စားချင်လို့လား…”
“ဟဲ့…. အလကားပေးလို့မစား… ကျားကိုက်တတ်သတဲ့”
“ဒါဖြင့် မောင်ကြီးကို ကျားကိုက်မှာစိုးပါတယ်၊ ကျွန်မ မပေးတော့ပါဘူး…”
“ဪ… မလုပ်ပါနဲ့ဟယ် စားပါ့မယ်ဟဲ့ ဘုရားစူး…”
မိန်းကလေးသည် ပြောရင်း အထုပ်များဖြေနေသည်ဖြစ်၍…
“ရော့… ရော့ ကြိုက်သလောက်ယူ…”
မောင်ခွေးသည် ပဲကြီးလှော်တစ်ဆုပ်နှင့် မြေပဲယိုတစ်ချပ် ယူလိုက်ပြီး…
“ဘုန်းကြီးပါစေ… သက်ရှည်ပါစေ၊ အိုအောင်မင်းအောင် ရိုးပြာမြေကျ ပေါင်းရပါစေ…”
မြခင်က မျက်စောင်းကလေးခဲ၍…
“အို… မောင်ကြီးကလည်း အပျိုကို ဒီလိုပဲ ဆုပေးရသလား”
“ဟဲ့…. အခု အပျိုပေမယ့် နင်တစ်နေ့ လင်မယူဘဲနေမှာ မဟုတ်မှ မဟုတ်တာ၊ အဲဒါ ငါက ကြိုပေးထားတာ၊ ဟင်း… ငါလို ကြိုကြိုတင်တင် ဆုပေးတတ်တဲ့လူများပဲ ရှာပါဦး…”
မြခင်သည် ရှက်သွေးကလေးဖြာ၍ သွားလေသည်။ သို့သော် စိတ်ထဲမှာတော့ ချစ်သူကိုတွေး၍ ပီတိဖြာမိသည်။
သူသည် ချည်ထုပ်ကိုရွက် လက်ဆွဲခြင်းကို ဘယ်ဘက်လက်မောင်းတွင် ချိတ်၍ ရွာရိုးလျှောက်ခဲ့သောအခါ၌ အိမ်ထောင်ကို စိတ်ကူးနေသော အရွယ်လည်းဖြစ်၊ မောင်ခွေးက ဆုပေးလိုက်သည်လည်းရှိ၍ ရွာရှိအိမ်အခြေအနေကို သတိထားကြည့်မိလာလေသည်။
မြခင်သည် မြန်မာပြည်လွတ်လပ်ရေးရပြီးစ ပြာပုံဘဝ၌ ဖွားမြင်ခဲ့သည်။ သူ ၈ နှစ်၊ ၉ နှစ် သမီးအရွယ်အထိကား ရွာ၏ အခြေအနေမှာ မည်သို့မျှ တိုးတက်ပြောင်းလဲမှု မရှိသေးချေ။ လယ်မြေဝေချမ်းရေးကို ကြားသိလိုက်ရ၏။ သို့သော် သူ့မိဘများမှာ လယ်လုပ်စားသူမဟုတ်၊ လယ်ကူလီလုပ်သားမျှသာဆို၍ လယ်မရလိုက်၊ ရွာမှာ ပါတီနှင့်ကပ်၍ လည်သူများကသာ လယ်ကို လည်သလိုရရှိကြကုန်သည်။ သာမန်လူတို့မှာ လယ် ၅ ဧကကိုပင် ဟိုတစ်ကွက် သည်တစ်ကွက်မှ ကုန်းလယ်တွေ၊ ရေနစ်ကွင်းတွေ ရကုန်ကြသည်။
မြခင်သည် ၁၀ နှစ်၊ ၁၁ နှစ်သမီးအရွယ်၌ နိုင်ငံရေးအစိုးရမဟုတ် အိမ်စောင့်အစိုးရဆိုတာ ကြားသိလိုက်ရပြီး ထူးထူးခြားခြား ရွာမှာ အဝီစိတွင်းတွေ လာတူးသည်။ ဓာတ်တိုင်တွေ စိုက်၍ လျှပ်စစ်မီးကြိုးတွေ သွယ်သည်နှင့် ယခု ရွာခြေအိမ်တွေမှာ လျှပ်စစ်မိးရောင်တွေလင်း၍ အဝီစိတွင်းရေတွေ သုံးနေရသည်။
သည်နောက် တော်လှန်ရေးအစိုးရဆိုတာ ကြားသိရပြန်ပြီး စည်းစနစ် လုပ်ငန်းတွေ တရကြမ်း ပြောင်းသည်ကို ကြုံတွေ့ရတော့သည်။ ယင်းပြောင်းလဲချက်တို့ကား မိမိတို့ ဆင်းရဲသားတွေအဖို့ အကောင်းချည်း ဖြစ်နေ၏။ ကိုယ်တွေ့သိရ၏။
ဆင်းရဲသားတွေအဖို့ တကယ်တမ်း ထိရောက်သည့် ပထမဦးဆုံး စီမံကိန်းကား လယ်သမားတွေကို ဘယ်တစ်ဧကလျှင် ၂၅ိ နှုန်း၊ ယခင်က အမတော်ကြေးခေါ် စိုက်ပျိုးရေးစရိတ်နှင့် စပါးကြိုတင် ဝယ်ငွေတို့ကို ရက်ရောစွာ ပေးခြင်းပင် ဖြစ်သည်။ ဤပုံစံကား တော်လှန်ရေးအစိုးရဆိုသည်နှင့်အညီ ခေတ်နှင့်စနစ်ကို တော်လှန် ပြောင်းလဲလိုက်ခြင်းပင် ဖြစ်ပေ၏။
ယခင် နိုင်ငံတော်အစိုးရ လက်ထက်တွေတုန်းက အမတော်ကြေး မပေးဘူးတော့ မဟုတ်ပါ။ ပေးပါ၏။ သို့သော် ကျွန်ခေတ်က စနစ်အတိုင်း တစ်ဧက ၅ ကျပ်နှုန်းကို လယ်သမားလက်ထဲရောက်ဖို့က လွယ်ကူလှသည် မဟုတ်ဘဲ အမြီးဖြတ် ခေါင်းဖြတ်နှင့် လယ် ၅ ဧကသမားသည် ငွေ ၂၅ ကျပ်မျှပြည့်အောင် ရကြသည်မဟုတ်။ သဟာနှင့် ထိုခေတ်က ဘွဲ့ရ ရာထူးကြီးပုဂ္ဂိုလ် (သူ့လယ်တွေ မြောက်မြားစွာ ဝေခြမ်းရေးထဲပါသွားသူ) တစ်ဦးက တိုင်းကျော်ပြည်ကျော် မိန့်ခွန်းခြွေခဲ့ဖူးသည်။
“တောသူတောင်သားတွေဟာ ဘယ်လိုပဲ ဝေခြမ်းရေးတွေလုပ်လုပ်၊ အမတော်ကြေးတွေ ထုတ်ပေးပေး၊ ဘယ်ကောင်းစားနိုင်ကြပါ့မလဲ။ ကြည့်ပါလား၊ အမတော်ကြေးပေးတဲ့ငွေကို အိမ်ရောက်အောင် အကုန်ပါကြတဲ့လူက နည်းပါတယ်၊ ခေါက်ဆွဲဆိုင်ဝင်ပြီး ကဇော်သောက်ပစ်ကြတာနဲ့ သူတို့ဝယ်ချင်တာ ဝယ်ပစ်ကြတာနဲ့ ဇိကုတ်လို့ နတ်ပြည်တင်ချင်တိုင်း မဖြစ်နိုင်ဘူး”
ဤသဘော အဓိပ္ပါယ်သက်ရောက်သော စကားမျိုးကို ပြောခဲ့ဖူးသည်။
မှန်၏။ တောသားမြို့ရောက်၊ ရသောအမတော်ကြေးကို ခေါက်ဆွဲဆိုင်မှာ ကဇော်သောက်၏။ လိုချင်တာ ဝယ်ပစ်၏။ လယ် ၅ ဧကအတွက် ငွေ ၂၅ ကျပ်မျှ ပြည့်အောင် မရတာကို မြို့တက်ပြီး တတန်တက လာယူရတော့ သူ့ငွေ ဆင့်ပါးစပ်နှမ်းပက်လောက်ကို လယ်စရိတ်တွင် မည်သို့ သုံးပါမည်နည်း။ မြို့ရောက်ခဲလှသော လယ်သမားအား တစ်နှစ်တစ်ခါ မြို့တက်ပြီး ပျော်ပွဲစားခိုင်းတာနှင့် တူနေတော့သည်ကိုး။
ယခု တော်လှန်ရေးအစိုးရ စီမံကိန်းကား တစ်ဧက ၂၅ ကျပ်ကို တိကျမှန်ကန်စွာ ရွာသို့ အရောက်လာပို့သည်။ သည်တော့ မည်မျှ ခရီးရောက်ပါသနည်း။ လယ်သမားနှင့် လယ်လုပ်သားတို့မှာ ငွေကြေးချောင်လည်ကြ၍ ပျိုးနုတ်ခ၊ ကောက်ရိတ်ခပင် အကြွေးစနစ်မရှိတော့ပြီ။ လက်ငင်းငွေချေကြလေပြီ။
ဟိုယခင် ခေတ်အဆက်ဆက်ကမူ (စာရေးသူ မီခဲ့သမျှ) ပျိုးနုတ်ခ၊ ကောက်စိုက်ခ၊ မြက်နုတ်ခ၊ ကောက်ရိတ်ခ စသည်တို့ကို ငွေကြေးနှင့် လက်ငင်းပေးသည်ဟူ၍ မရှိခဲ့ကြ။ စပါးပေါ်မှ စပါးကိုပေး။ သို့မဟုတ် ထိုစပါးဖိုးနှင့်ညီမျှသော ငွေကိုပေး။
သည်တော့ ဆင်းရဲသား၊ လယ်လုပ်သား၊ ကူလီတို့ မည်သို့ စားကြရပါသနည်း။ စပါးပေါ်သော် မိမိတို့ရကြမည့် လုပ်အားအတွက် စပါးတင်းရေကို ရည်ညွှန်း၍ ကျေးရွာရှိ ကြေးရတတ်တို့ထံမှာ စပါးပေး ငွေယူရသည်။ တင်းတိုးချေးရသည်။ စပါးပေးနှင့် တင်းတိုးအကြောင်းကို စာဖတ်သူများ သိပြီးဖြစ်ကြပေမည်။ သည်တော့ လယ်လုပ်သားသည် မိမိလုပ်အား၏ တစ်ဝက်ခသာ ရယူခြင်းဖြစ်နေသည်။
ဥပမာ လယ်လုပ်သား မောင်မည်းသည် လယ်ရှင်ကြီးဦးဖြူထံမှာ မိမိလုပ်ခ စပါးပေါ်လျှင် ၁၀ တင်း ရစရာရှိ၏။ သို့သော် စပါးမပေါ်ခဲ့။ မောင်မည်းမှာ စားစရာသုံးစရာ မရှိတော့။ မြေရှင်ဦးဖြူထံမှာပင် စပါးပေး ၅ တင်းဖိုးနှင့် တင်းတိုး ၅ တင်းတွက် ယူရ၏။ စပါးပေါက်ဈေး ၃၀၀ ဖြစ်ခဲ့သော် စပါး ၅ တင်းဖိုး ၁၅ ကျပ်ကို မောင်မည်းမှာ ၇ ကျပ်ခွဲသာရ၏။ တင်းတိုးစပါးပေါ်မှ ၅ တင်းထွက်သည်။ မောင်မည်း ၂ တင်းခွဲ(လွန်လှ ၃ တင်း) သာရ၏။
ဒါကို ဦးဖြူကလည်း မတရားဟုမထင်၊ မောင်မည်းကလည်း နစ်နာလှသည်ဟု မတွက်ဆ၊ မိရိုးဖလာ ထုံးတမ်းစဉ်လာကြီးပဲဟု အတည်ပြုထားခဲ့ကြသည်။ ယခုမှ ဤထုံးတမ်းစဉ်လာဆိုးကြီး ပျက်စီးရလေပြီတည်း။
ယင်းကား တော်လှန်ရေးအစိုးရ၏ လယ်ယာစီမံကိန်းအရ လယ်စိုက်ပျိုးစရိတ်နှင့် စပါးကြိုတင်ငွေတို့ကို ရက်ရောစွာထုတ်ချေးခြင်း၏ အကျိုးကျေးဇူးတည်း။
ဟိုယခင် ယင်းသို့ ထုတ်မချေးမီကမူ မြေယာဝေချမ်းရေးမှ လယ်ဧကလေးတွေ အသီးသီး ရကြသော်လည်း မိုးဦးကျပဟေ့… ကဲ လယ်ထဲဆင်းကြဆိုတော့ အချို့ နွားလည်းမရှိ၊ မျိုးစပါးမှလည်း နတ္ထိဖြစ်ကြသဖြင့် ဖော်ပြပါ မြေပိုင်ရှင်ကြေးရတတ်တို့ထံမှာပင် စပါးပေး တင်းတိုးတွေ ယူရလေရာ စပါးပေါ်၍ တလင်းကျေသောအခါ၌ မိမိတလင်းထဲမှာ ထွန်ခြစ်နှင့် ကောက်ဆွသာ ကျန်ခဲ့တော့သည့်အပြင် ကြွေးလည်းတင်နေချေသေးတော့။
သဟာနှင့် ကိုယ့်အခြေမရှိဘဲနှင့် လယ် ၅ ဧက ရကြသူတို့မှာ မနိုင်ဝန်ထမ်းရသကဲ့သို့ ဖြစ်နေကာ မြေယာဝေခြမ်းရေး၏ အရသာလည်း မတွေ့ဖြစ်ကြလျက် စိတ်ပျက်လက်ပျက်နှင့် အခြေခံရှိသူ နီးစပ်ရာလူကို ရသမျှ လယ်ခကလေးနှင့် လက်သိပ်ထိုး အပ်နှင်း လုပ်ကိုင်စေရတော့သည်။ မိမိတို့ကား ဟိုတုန်းကအတိုင်း မျောက်လောင်း မျောက်လောင်း။
ယင်းသို့ရှိနေစဉ် တော်လှန်ရေးအစိုးရက လယ်တစ်ဧက ၂၅ ကျပ်နှုန်း ရွာသို့ အရောက်လာပို့သော စီမံကိန်းကို ချမှတ်လိုက်သောအခါ၌ ၅ ဧကသမား ၁၂၅ ကျပ်။
ဟင်… လယ်မြေဝေခြမ်းရေးမှ ၅ ဧက ရကြသော လူတန်းစားတွေ မိုးဦးကျတိုင်း ကျတိုင်း ငွေတစ်ရာနှစ်ဆယ့်ငါးကျပ်ကြီးတောင် လက်ထဲ လုံးခနဲ ကိုင်ရတယ်ဆိုလေတော့ စိတ်ကူးမျှ မထည့်ခဲ့ဖူးတဲ့ အခွင့်အရေးကြီး။ ဟယ် ကိုယ့်လယ် ၅ ဧကတွေ ကိုယ်ပြန်လုပ်လိုက်ကြတာ တစ်ရွာလုံး ရာခိုင်နှုန်းများစွာက လယ်သမားကြီးတွေဖြစ်ကြလေတော့ လယ်လုပ်သားကနည်းအသွား… ဒီတော့ နုတ်ချိန်၊ စိုက်ချိန်၊ ရိတ်ချိန်၊ လုပ်သားအရင်ရအောင် လုကြရင်းနှင့် လုပ်ခတွေ ငွေနှင့် လက်ငင်းပေးရသောစနစ်သို့ တစ်ပြိုင်တည်း တစ်ချက်တည်း ပြောင်းလဲသွားရလေတော့သတည်း။
ဤကား ကျေးရွာဒေသတွင် တော်လှန်ရေးအစိုးရ၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆောင်ကြဉ်းသည့် အောင်ခြင်းပထမတည်း။
ထိုမှတစ်ဖန် ဂုံနီစိုက်ပျိုးခြင်းနှင့် သီးထပ်၊ သီးညှပ်စိုက်ပျိုးခြင်းများကို စီမံထုတ်ဖော်အားပေးခြင်းများ ပြုလုပ်ပြန်လေရာ ကျေးရွာသားတို့မှာ လွန်စွာ ဝင်ငွေကောင်းကြလျက် နေအိမ်တွေပါ ပြောင်းလဲတိုးတက်လာကြတော့သည်။
အိမ်ထောင်ကို စိတ်ကူးယဉ်နေပြီဖြစ်သော မြခင်လေးသည် ပြည်သူ့ဆိုင်မှ အပြန် ရွာရိုးလျှောက်ကြည့်ခဲ့ရာ ယခင် ဝါးဘိုးတိုင်သက်ငယ်အိမ်မှ ကျွန်းတိုင်သွပ်မိုးသို့ ပြောင်းလဲသွားကြသည်များ၊ ဟောဒီ ၄-၅-၆ နှစ်အတွင်း ကလေးမှာ ကြည့်စမ်း၊ မိမိအနီးပတ်ဝန်းကျင်မှာပင် ကိုမောင်သင်လေးအိမ်၊ ကိုစကင်းအိမ်၊ ကိုပုတိုအိမ်၊ ကိုကျော်ခင်အိမ်၊ ကိုတင်အုန်းကြီးအိမ် စသည်ဖြင့်…။
နောင်လည်း ပြောင်းဆဲ ပြောင်းလဲမည့်သူတွေ ရှိသေး။ ယင်းအုပ်စုတွင် မိမိတို့အိမ်လည်း ပါဝင်၏။
အကြောင်းမူ တစ်နေ့သ၌ အဖေနှင့်အမေသည် သေတ္တာထဲမှ ငွေစက္ကူများကို ကိုင်တွယ်ရေတွက်ကြပြီး တိုင်ပင်နေသည်ကို ကြားလိုက်ရသည်။
အမေ “ဖအေကြီးရေ၊ ကျုပ်တို့လည်း အိမ်ပြင်ဆောက်ဖို့ ကောင်းနေပြီ”
အဖေ “အေး… ဟုတ်သကွယ်၊ ငါ့ အစ်ကိုဖိုးဆင် ပြောကြည့်မယ်၊ ရောင်းတန်ကောင်းပါရဲ့…”
အမေ “အလကားတောင် ထားနေရတယ်၊ ပိုက်ဆံပေးမယ်ဆိုတော့ ဝမ်းတောင်သာမှာပေါ့ ဖအေကြီးရဲ့…”
အဖေ “ကဲ… မြေရပြီဆိုပါတော့၊ အိမ်က ဘယ်လောက်ကုန်မှ တင့်တင့်တယ်တယ် ဖြစ်မယ်မသိဘူး…”
အမေ “အခု မောင်တင်အုန်းကြီး ဆောက်နေတာ သစ်နုဖားရွာက မောင်ကြွေတို့ဦးလေး ဝယ်ပေးတာ၊ ဟိုက ဒီအရောက်ပို့ ၆၀၀ိ ပဲကျတာ၊ သစ်သားထည်အပြည့်၊ ကိုယ်က ဒီကသိပ်မိုးနဲ့ ဆောက်ခပဲ၊ မောင်ကြွေ့ကို သူ့ဦးလေး မေးခိုင်းကြည့်ရဦးမယ်…”
အမေ “အောင်မာလေး ရပါတယ်တော်၊ သစ်နဖားရွာသားတွေက ဒီလိုပဲ အိမ်ဆောက်ပြီး ရောင်းစားနေကြတာပဲ…”
မြခင်သည် ဤစကားများကို ပြန်လည်ကြားယောင်ကာ စိတ်ကူးယဉ်စွာနှင့် အိမ်ပြန်ခဲ့လေသည်။


Comments
Post a Comment