မြနှင်းဆီ @ ကြည်အေး


ဆရာလေး ကိုစိန်ဖေနှင့် ဆရာမ မမြဆင့်တို့သည် ယခု လကုန်၍ လခ ထုတ်ရလျှင်ပင် သည်မြို့ကလေးမှ ထွက်ခွာကြတော့မည်။ သူတို့၌ လက်ထပ်ပြီးအောင် မျက်နှာ ရဲရဲနှင့် ဆက်နေနိုင်သော သတ္တိမရှိကြ။

တကယ်စင်စစ်တော့လည်း ဘာ အပြစ်တစ်ခုမျှ ပြုမိရှာသည်မဟုတ်။ သူတို့သည် အများတကာလိုပင် ဆန့်ကျင်သော လိင်၊ တူညီသော အချစ် ရှိသူနှစ်ဦး ဖြစ်၍ အတူနေထိုင်ကာ သမီးသားနှင့် စီးပွားဖက် လိုသည်မျှသာတည်း။

သို့သော် နုံနဲ့ သေးငယ်သော သူတို့ မြို့ကလေး တစ်မြို့တည်းကမူ အာစရိယ ဆရာ တန်မယ့် ဆရာမ တန်မယ့်နှင့် နှလုံးနွဲ့ရသလော၊ ချစ်ပွဲ ဖွဲ့ရသလောနှင့် အတောမသတ်၊ ဒေါသဇော မပြတ် ရှိသည်။

အချစ်မေတ္တာဆိုတာ သင်ကြား၍ ရသလို တစ်နည်းအားဖြင့် သင်ကြားပေးမှပဲ နေရသလို ကျောင်းသားများနှင့် မတိမ်းမယိမ်းနေသည့် ငယ်ရွယ်သူ ဆရာ၊ ဆရာမကလေး နှစ်ယောက်ကို စာသင်သားများ စာရိတ္တ ပျက်စရာ စံနမူနာဆိုးများဟု သမုတ်လေ၏။

ကိုစိန်ဖေမှာ စိတ်နှလုံး ညှိုးငယ်သူ ဖြစ်၍ သူပင် ထွက်ခွာဖို့ ဆုံးဖြတ်သူတည်း။

“ ပြီးတော့လည်း မြရယ်၊ ကိုယ့်ကို အင်္ဂါ မဖွံ့ဖြိုးဘူး၊ ယာလုပ်နိုင်မှာ မဟုတ်ဘူးဆိုပြီး အဖေက ကျောင်းထားလို့ ဆရာ ဖြစ်လာတာ၊ တကယ်တော့ သိပ် မခံချင်လှဘူး၊ ကိုယ့်မျိုးရိုး အလိုက်ပဲ ယာသမား သား ယာလုပ်စားဦးမယ် ဆိုတာတော့ အမြဲ အကြံ ရှိတယ်။ ပြီးတော့ ရန်ကုန်ကောလိပ်ကြီးက ထွက်မှ ဆရာလုပ်လို့ ကောင်းစားတာပါကွယ်။ ဘီအေ၊ အမ်အေအောင်မှ ကောင်းတာပါ။ မောင့်လို ရှစ်တန်းအောင်ပြီး ဆရာဖြစ်သင် ကောလိပ်တက်ရတဲ့လူက ကျောင်းအုပ်ကြီး ဘယ်တော့မှ မဖြစ်နိုင်ဘူး ”

မမြဆင့်ကမူ မျိုးရိုး အခြေမြင့်ခဲ့သူ ဖြစ်သဖြင့် ကိုစိန်ဖေ ယာလုပ်စားမည် ဆိုတာ၌ အယုံအကြည် မရှိလှ။ တခြား ရွှေ့စရာ လမ်း မရှိ၍သာ မောင့်ရွာသို့ လိုက်ရမည်ပင်။ စင်စစ် မောင် ရန်ကုန်တက်ပြီး စားရေး လုပ်စားရင် ခံ့ခံ့ညားညား နေနိုင်ဦးမည် ထင်ဆင်သည်။

မမြဆင့်မှာ ပိုက်ဆံ ချမ်းသာဖူး၍ ပညာ ကောင်းစွာ မသင်ဖူး၊ စိန်ရွှေ ဝတ်၍ ကျောင်းတက်ပြီး စာမေးပွဲ ကျတတ်သော မိန်းကလေးတစ်ယောက်အဖြစ် မြို့ကို အထင်ကြီးသော သဘောသာ ရှိသည်။

သို့သော် လုပ်သမျှ ကောင်းသည်။ အဓိပ္ပာယ် တစ်ခုခုတော့ ရှိသည်ဟု ထင်စား တတ်ကာ လင်သည်ကို တတ်နိုင်သည့်နည်းနှင့် ကူမယ့် မယားပေ။

သို့သော် မကျေမနပ်နှင့် ပြောမိသေးသည်မှာ

“ မြို့ထဲက အချို့တွေက သူတို့ကို မောင်က မကြိုက်လို့ သိပ်နာနေတာပါ၊ ဒါကြောင့် ဒီလောက် မနေနိုင်တဲ့ ဘဝ ရောက်ရတာ။ ဒါပေမဲ့ ကိစ္စ မရှိပေါင်၊ မောင် ယာလုပ်တော့ ကောင်းကောင်း ထွက်အောင် အိမ်အတွက် မပူရအောင် မြကလည်း ကူမှာပေါ့ ”

သို့လျှင် သူတို့၏ စိတ်ကူးပန်းကလေး မွှေးမွှေးကြိုင်ကြိုင် ပွင့်သည်။ အရောင်စုံဖြင့် ခြယ်ပြီးသား ရှိသည်။ နုနယ်ညံ့သက် လှသည်။

ကိုစိန်ဖေက အဖေ့ အကြံဉာဏ်ကို ယူဖို့၊ အဖေ နွားတွေဆီက နွားချေး အလကားရဖို့၊ ရာသီလိုက် စိုက်ရမည့် ဟင်းသီးဟင်းရွက်စေ့များ ရွေးဝယ်ဖို့၊ ပေါင်းသင်ဖို့၊ မြက်နုတ်ဖို့ တသီတတန်း တွေးသည်။

မမြဆင့်က မိုး လင်းလင်းချင်း ထ၍ တော်ဖီ ဖျော်မည်။

တောအလုပ် လုပ်တယ်ရယ်လို့ မောင့်ကို တောအလိုက် အငတ်ငတ် အပြတ်ပြတ် မထားချင်။ တစ်လတစ်ခါဖြစ်စေ မြို့ကလေးကို တက်ပြီး နို့ဆီဘူးကလေး၊ ကော်ဖီမှုန့်ကလေး သကြားကလေး ဝယ်ရဦးမည်ပေါ့။

ချက်ပြုတ်ထားဖို့ကတော့ ဆန်ပဲ ဝယ်ရမည်။ ဟင်းသီးဟင်းရွက်က ယာထဲက ရမည်။ အသားငါးက တောစရိုက် ရတတ်သည့် နည်းကို မမြဆင့် သိလေသည်။

နေ့လယ် အားလျှင် မောင်ရဲ့ ချွေးစွတ်သော အဝတ်ကို ဖွပ်လျှော်ရသည်မှာ သီချင်းကလေး အေးချင်စရာတည်း။

မောင့် ကလေးတွေလည်း မွေးပေးရဦးမည် ဆိုတော့၊ အင်း တဖြည်းဖြည်းနဲ့ အလုပ်များဦးမည်ပေါ့။

ပျင်းစရာ အချိန်တောင် ရှိတော့မည်မဟုတ်၊ ရာသီ ကြမ်းလာလျှင် အပူအချမ်း ကာစရာ အဝတ်အထည်ကို လက်နှင့် ချုပ်ရပေဦးမည်။


ပုံစံကလေးများကိုတောင် ဟိုမဂ္ဂဇင်း သည်ဂျာနယ်က ရှာကူးဦးမှ။

ထိုခဏ၌ ကိုစိန်ဖေက လွှတ်ခနဲ ပြောသည်မှာ

“ အဲဒီ အဖေ လက်ဖွဲ့မယ့် မြေကွက်က ကျယ်လည်း ကျယ်တယ်၊ အောင်လည်း အောင်ပေမဲ့ ခေါင်တယ်၊ ဘာကြာသေးလဲ၊ ယာလုပ်တဲ့ ကုလားတစ်ကောင် ဓားပြတွေ ခုတ်သွားတာ သေပါရောလား ”

သူတို့သည် ငြိမ်သွားကြလေသည်။

“ မြ ကြောက်သလား၊ ကြောက်စရာတော့ မရှိပါဘူး၊ အခု အနီးအနားမှာ ရှိသမျှက အဖေ့လူတွေချည်းပဲ ”

မမြဆင့်က ဘာမှ မပြောနိုင်ချေ။

သို့သော် ငယ်ရွယ်သူတို့၏ မျှော်လင့်ချက်လောက် ဘယ်က ကြီးမား ပြင်းပြ ဦးမည်နည်း။

မြ နှင့် မောင်တို့မှာ အိမ်ထောင်ဦးတိုင်း၏ ကွက်ကွက်ကွင်းကွင်း ယခု လက်နှင့်ပင် ဆုပ်ဖမ်းလို့ မိမတတ် ထင်လင်းသော မှန်းမြင်ချက်များ ရှိသည်။

သူတို့သည် တစ်ခါတစ်ရံ ရှက်စ ကြောက်စကလေး ကိုယ်စီနှင့်ပင် တစ်လ ငွေဘယ်လောက် စုလို့ အဖတ်တင်အောင် တစ်နှစ်မှာ ဘာတွေ ဝယ်မည်ဆိုတာပင် အသေးစိတ် တွက်ပြီး လေပြီ၊

ပို၍ စိတ်ကူးယဉ်သော မမြဆင့် အဖို့ ယာအလုပ်သမားတွေ ငှားပြီး စီမံခန့်ခွဲရုံ အလုပ်လုပ်ကာ အခု တောသူဌေးတွေ လုပ်နေကြသလို ရန်ကုန်တက်ပြီး တိုက်ဆောက်ဖို့ပင် ကြံပြီး လေပြီ။

အေးလေ ပိုက်ဆံ ရှိလာပြီ ဆိုရင် ဓားပြ ကြောက်ရသည် မဟုတ်လား။

ကိုစိန်ဖေကမူ အလုပ်သမား ငှားနိုင်လို့ စောင့်ပြီး ကြည့်နိုင် ရှုနိုင်သည့် အခြေအနေရောက်လျှင် ကြက် ဝက် မွေး ချင်သည်။ နို့စားနွား မွေး ချင်သည်။

ပညာတတ် ယာသမားနဲ့ တူသည့် အလုပ်လေးတွေ လုပ်ချင်သည်။ သား ယောက်ျား မားမား သုံးယောက်လောက် လိုချင်သည်။

အဲသည် သားတွေက သေနတ်ကိုယ်စီနှင့် ထွားထွားကျိုင်းကျိုင်းကြီးတွေဆိုတော့ အင်းခွေးကြီး လေးကောင်လောက်ပါ မွေးလိုက်ရလျှင်၊ နှုတ်ခမ်းမွေး ထားရမည့် အရွယ်ကျလျှင် နှုတ်ခမ်းမွေး သပ်ရဦးမည်တကား။

“ မြရဲ့ အမေရိကန်မှာဆိုရင် လယ်သမား ယာသမားဆိုတာ တကယ့် ထိပ်ထိပ်ကြ သူဌေးတွေ ” ဟု ကိုစိန်ဖေက မျက်စိများ မှေး၍ ပြောသည်။

“ ဘေးအနား ယာတွေက လူတွေဆိုတာ လက်သမား အလုပ်လည်း လုပ်တတ်တယ် မြရဲ့” ဟု ဗြုန်းခနဲ ပြောမိသေး ပြန်၏။

မမြဆင့်ကတော့ သူ့ စိတ်ကူးထဲ ဝင်ပြေးလို့ လာမကြည့်နိုင်ရှာသမို့ 

“ ဟုတ်လား မောင် ” တစ်ခွန်းသာ အလိုက်သင့် ပြောတတ်၏။

တကယ်တော့ ကိုစိန်ဖေသည် လေထဲ၌ ခုနစ်ဆောင်ပြိုင် ပျဉ်ထောင်အိမ်ကြီး ဆောက်နေသည်မှာ ချွေးမနှင့် မြေးများ နေစရာ အခန်းများပါ ပါသတည်း။ 

သို့သော် မမြဆင့်က

“ မောင်ရေ လကုန်ရင် ကုန်ချင်း ပြောင်းမှာဆိုတော့ ပစ္စည်းကလေးတွေ ဝယ်စရာ စာရင်းလုပ်ဦးမှ မွေ့ရာမတတ်နိုင်တောင် စောင်နဲ့ ခြင်ထောင်တော့ ဝယ်မှ ” ဟု ပြောလိုက်ရုံဖြင့်ပင် မြေကြီးပေါ်သို့ နှစ်ယောက်သား သူ ငါ အရင် ပြိုင်၍ ဘုန်းခနဲ ပြန်ကျသည်။ 

ကိုစိန်ဖေက ဝမ်းနည်းဟန် ရှိသည်။

“ မြတော့ ကိုယ့်ယူမိတာနဲ့ ဆင်းရဲတော့မှာပဲ၊ ယာသမား ဖြစ်တော့မှာပဲ၊ ဆင်းရဲ ခံနိုင်ပါ့မလားကွယ် ”

“ မောင်နဲ့ နေမှ ဘာ ဆင်းရဲစရာရှိလဲ ” ဟု မမြဆင့်က မျက်နှာထား ရဲရဲကလေး ထား၍ ဖြေ၏။

“ မြ အလှတွေ ပျက်ကုန်မှာ အသားတွေ မည်းကုန်မှာ ”

“ မြ က ဘယ်လောက်များ လှလို့တုံးတော်၊ ဖြူ လည်း မဖြူပါဘူး ”

“ အမယ် ဒီထက် မလှစေချင်တော့ဘူး သိရဲ့လား၊ ခုတောင် စိတ် ဘယ်လောက် ပူရသလဲ”

မမြဆင့်က ကိုယ့်ရုပ် သိပ်မလှမှန်း သိသော်လည်း တကယ်လှသည်ဟု ခဏဖြစ်စေ ယုံကြည်ကာ သိပ်ကို ကျေနပ်ပစ်မိလေသည်။

ရှက်တော့ ရှက်သေးသည်နှင့် ပြောမိ ပြောရာ ပြောရသည်မှာ

“ မြက ပြင်တတ်လို့ပါ၊ မြက ဆံပင် သိပ် ပြင်ချင်တာပဲ၊ ပန်းလည်း သိပ်ကြိုက်ပဲ။ ဒါပေမဲ့ နှင်းဆီးပန်းတစ်ခုပဲ ခေါင်းပေါ် တင်တယ်၊ တခြား ဘာပန်းမှ တန်ဖိုးရှိတယ် မထင်ဘူး၊ မြတို့ ခြံကြီး ရှိတုန်းက နှင်းဆီတွေ စိုက်ထားတာ ရုံကြီးမှ အရှည်ကြီး ဖြစ်နေတာပဲ။ အင်္ဂလိပ်လူမျိုးတွေမှ စုံသို့ မောင်၊ ရှမ်းပြည်နယ်က ယူလာတဲ့ ခရမ်းရောင်နှင်းဆီတောင် ရှိတယ်”

ကိုစိန်ဖေက ငေးနေလေ၏။

စိတ်ကူး မျက်စိ၌ သက်တံ ခုနစ်ရောင် ယှက်သန်းနေကာ မိုးပေါက်ကလေးများ နေရောင်၌ ပြိုးပြက်လျက် ကျောက်သံ ပတ္တမြားလို တပ်မက်စရာ ဖြစ်နေလေ၏။ 

မြေကြီးက နက်မှောင် ပွနူးကာ သင်းရနံ့ တစ်မျိုး ထွက်၏။

“ အဲဒီ ရာသီမှာ ယာတဲနဲ့ ကပ်ပြီး မြတို့ နှင်းဆီတွေ ရောင်စုံ စိုက်ရမှာပေါ့ မြရဲ့၊ ဟို တစ်မျှော် တစ်ခေါ်ကြီးမှာတော့ အစိမ်းရောင် သက်သက် ရှိနေမှာပေါ့ ”

မမြဆင့်သည် စိတ်ပါလက်ပါ ပြုံးရွှင်ကာ

“ ဟုတ်တယ် မောင်၊ ယာခင်းရှေ့မှာ နှစ်ယောက် အတူ ဓာတ်ပုံ ရိုက်ရဦးမယ်၊ နှင်းဆီ တွေဝေအောင် ပန်ပြီး ”

မမြဆင့်သည် ဓာတ်ပုံ တွဲရိုက်သည့်အခါ သူ့ ပခုံးလေးပေါ် မောင့်လက်က လာလို့ သိုင်းတင် ထားစေချင်သည် ဆိုတာတော့ ထုတ်မပြောချေ။


◾  ကြည်အေး

📖  ကြည်အေး ဝတ္ထုတိုပေါင်းချုပ်သစ်

Comments