အရင်းရှင်စနစ်နှင့် ဗျူရိုကရေစီခေတ် @ သော်တာဆွေ



( ၁ )


ကုလားတွေ တစ်သုတ်ပြီးတစ်သုတ် သင်္ဘောနှင့်လည်းကောင်း၊ လေယာဉ်ဖြင့်လည်းကောင်း ထောင်လိုက် ရာလိုက်ချီပြီး ပြန်ကြကြောင်း သတင်းစာများတွင် ဖတ်ရသည်၌ ကျွန်တော်သည် စပ်စပ်ဟပ်ဟပ် စိတ်ကူးကပ်၍ “ရှယ်လီ” ကလေးကို အထူး သတိရမိပါတော့သည်။

ရှယ်လီသည် အင်္ဂလိပ်စပ် ကပြားမလေး ဖြူဖြူဖွေးဖွေး ဖြစ်ပါသည်။

ကျွန်တော်သည် စစ်မဖြစ်မီ အင်္ဂလိပ်ခေတ် ရန်ကုန်ရောက်သည်၌ တောသား ကိုယ့်ဒုက္ခ ကိုယ်ရှာချင်တော့ မြန်မာမတွေထက် ဘိုကပြားမတွေကို ပိုပြီး ချင်ခြင်းတပ်မိပါသည်။ မိမိကိုယ်၌က အင်္ဂလိပ်စာ တစ်လုံးတစ်ပါဒမျှ မတတ်သေးပါ။ သို့သော် တတ်အောင် အမြန်တက်သုတ်ရိုက် သင်တော့မည်ပေါ့။ ထိုခေတ်၌ ဗမာအချင်းချင်း ရည်းစားစာပေးရာ၌ပင် အင်္ဂလိပ်လို ရေးနိုင်က ပိုပြီး ခရီးရောက်ပေရာ ကပြားမကိုတော့ အင်္ဂလိပ်လို မရေးလို့ အဘယ်လျှင် ဖြစ်နိုင်အံ့နည်း။

ကျွန်တော် အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်း ရောက်သော ပထမနှစ်၌ ကျွန်တော်တို့ ကျက်စားရာ ဒေသအတွင်းတွင် အတော်ပင် ချောမောလှသော အင်္ဂလိပ်ကပြားမလေးကို လမ်းတွင် မကြာခဏ တွေ့ရ၏။ ကပြားရုပ်မှ အင်္ဂလိပ်သွေး များလိုက်သည်မှာ အစစ်လားဟုပင် ထင်ရပါသည်။ မျက်လုံးပြာပါသည်။ ဆံပင် ဝါပါသည်။ အရပ်အမောင်းလည်း ကောင်းလှပါသည်။ သို့သော် ဤကလေးမသည် ဂါဝန်မဝတ်၊ မြန်မာလိုဝတ်သောကြောင့် အင်္ဂလိပ်မလို ဆင်ယင်ထုံးဖွဲ့လျှင်ကား အစစ်ဟုပင် အောက်မေ့ကြရပါသည်။

ယင်း၎င်း ကျွန်တော် စဉ်းစားသည်။ အချို့ မတောက်တခေါက် ဘိုသွေးကလေး တစ်စက်တစ်ပေါက်ပါတာနှင့် ဂါဝန်ဝတ်ပြီး ကပြားအစစ်ကြီး လုပ်နေကြသော ခေတ်တွင် ဤသူငယ်မက အင်္ဂလိပ်ရုပ်ရှိလျက် မြန်မာလိုဝတ်သည်မှာ ငါတို့ဗမာကို ချစ်မြတ်နိုး၍ဟု ယူဆပြီး ကျွန်တော်သည် အင်္ဂလိပ်စာ ကောင်းကောင်းတတ်နေပြီဖြစ်သော သူငယ်ချင်းအား အင်္ဂလိပ် ရည်းစားစာရေးခိုင်း၍ လိုက်ပေးပါသည်။

ထိုခေတ်က အိမ်ခြေပြတ်သော မဟာမြိုင်လမ်း ကုန်းအဆင်းတွင် ဖြစ်ပါသည်။ အစ၌ “ဒမ်ဘလယ်ဒီဖူး” တွေ ဘာတွေ အလုပ်ခံရဦးမလားဟု စိုးရိမ်မိပါသေးသည်။ သို့သော် သူမက ကျွန်တော့်စာလက်ခံပြီး…

“ဘာစာပါလဲရှင်”

“ဖတ်ကြည့်ပါကွယ်”

သူ စာရွက်ဖြန့်လိုက်ပြီး 

“ဟင် အင်္ဂလိပ်လိုကြီး ကျွန်မ မဖတ်တတ်ဘူးရှင့်၊ ရှင်ဖတ်ပြပါ”

ကျွန်တော် ထောင်းခနဲ ဒေါသထွက်တော့သည်။ “သင်း ငါ့ကို အရူးလုပ်ပြီ၊ ရန်ကုန်နေသော သင့်ရုပ်ရည်မျိုးက အင်္ဂလိပ်စာ မတတ်ဘူးဆိုတာ မဖြစ်နိုင်။ ငါဟာ ဒီနှစ်မှ အင်္ဂလိပ်စာ စသင်ရကြောင်း သင်းသိနေလို့ ငါ့ကို အရူးလုပ်ခြင်းသာဖြစ်ရမည်” ဟု ယူဆပြီး ကျွန်တော့်စာ ကျွန်တော် ဇတ်ခနဲ ပြန်ယူကာ သုတ်ခြေတင်ခဲ့လေတော့သည်။ သို့သော် ကျွန်တော့်အထင် မှားလေသည်။ ဤကလေးမကလေးကား သနားဖွယ်တည်း။

နောက်မှ ကျွန်တော် စုံစမ်းရသည်မှာ ဤမိန်းကလေး၏ မိခင်က ဘိလပ်ပေါက် ဘိုမအစစ်၊ သူတို့အိမ်၌ ကားမောင်းသော ဒရိုင်ဘာနှင့် ဖောက်ပြားရာ ဤသမီး မွေးသောအခါ၌ သူ့လင် ဘိလပ်သားသည် သူ့သွေးမဟုတ်ကြောင်း သိလေသည်။ ယင်း၌ သူ့မယားသူ အင်္ဂလန်ပြန်ပို့၊ ဒီသမီးလေးတော့ ဒရိုင်ဘာလက်ထဲ ပေးအပ်ခဲ့သည်။ ထို့ကြောင့် ဤသူငယ်မလေးမှာ ဘိလပ်သွေးတစ်ဝက် ဖြစ်နေသော်လည်း ဆင်းရဲသား ဒရိုင်ဘာ၏ သမီးဖြစ်နေ၍ အင်္ဂလိပ်ကျောင်း မနေနိုင်ခဲ့။

ဒါကို အီဖေကိုနှင့် တွေ့လိုက်ခြင်း။


( ၂ )



ကျွန်တော် ဒုတိယမြောက်ဂေါ်သော ကပြားမကား အစ၌ဖော်ပြခဲ့သော ရှယ်လီ။

ရှယ်လီသည် ဗမာကပြားမျိုး သက်သက်ပဲဖြစ်သည်။ ဘိုသွေး မူးစပ်ပဲစပ်လောက်ပဲ ပါပေမည်။ သို့သော် ထိုခေတ်၏ အခါအလျောက် ဘိုသွေးတစ်ရွေးသားပဲပါပါ၊ ကပြားဟာ ကပြားပဲ၊ နှစ်ပြားသား မလျော့နိုင်ပါ။ မည်သို့ပင်ဖြစ်စေ ရှယ်လီကား ချောသည်၊ လှသည်၊ ယဉ်သည်၊ ခေတ်ဆန်သည်။ ဒါမျိုးကိုမှ ဒီတောသားက ဟဲချင်နေတာကိုး။

ရှယ်လီကို ကျွန်တော် စတင်တွေ့ရသည်မှာ ကျွန်တော်တို့နှင့် တစ်လမ်းတည်းနေသော သူ့ “အန်ကယ်လ်” အိမ်တွင် ဖြစ်ပါသည်။ သူ့အန်ကယ်လ် အိမ်ထောင်ကလည်း “ဆိုးကောလ်ကပြား” တွေကပဲ။ ဟဲဟဲပေါ့။

သူ့ “အန်ကယ်လ်” အိမ်မှာ “ဆန်းဒေး” တိုင်း ပိုကာဝိုင်း ရှိသည်။ တစ်ခါတစ်ရံ “ဆက်တာဒေး” နေ့လယ်ပိုင်းကပဲ စတတ်သည်။

ရှယ်လီနှင့် ကျွန်တော်မှာ ဤပိုကာဝိုင်းမှာ တွေ့ကြသည် ဖြစ်လေတော့ ရယ်ရွှမ်းပတ်ရွှမ်း ပြောတတ်သော ကျွန်တော်နှင့် ဝိုင်းတစ်ခါထိုင်လိုက်ရုံနှင့်ပင် ရင်းနှီးသွားပေတော့သည်။

နောက်၌ ခင်မင်လာသည်။ ထို့နောက်၌ လက်လှန် (ရင်းပြန်) ကစားသောအခြေသို့ပင် ရောက်လာကြတော့သည်။ ဤအခါ၌ ကျွန်တော်သည် ချစ်ရေးဆိုလေတော့သည်။ ရှယ်လီက ခေါင်းခါလေသည်။

“မဖြစ်နိုင်ပါဘူး ကိုကြင်ဆွေ၊ မိတ်ဆွေလိုပဲ ခင်မင်နေတာကောင်းပါတယ်”

“ဘာဖြစ်လို့လဲ၊ ကျွန်တော်က ကပြားမဟုတ်လို့လား”

“ဒါနဲ့ မဆိုင်ပါဘူး”

“နို့ ဘာကြောင့်လဲ ရှယ်လီ”

“ကိုကြင်ဆွေ အခု အင်္ဂလိပ်စာသင်နေတာ ဘယ်တော့ ၁၀ တန်း ဖြေနိုင်မှာလဲ၊ နောက်ပြီး ဘယ်တော့မှ အလုပ်ရမှာလဲ၊ လခကော ကောင်းမှာလား၊ ကဲ… ပြောနိုင်ရဲ့လား”

ကျွန်တော် နှုတ်ဆိတ်သွားလေပြီ။ သူသည် အချစ်ကို မဟုတ်၊ အိမ်ထောင်ရေးကို တွက်နေခြင်းဖြစ်သည်။

ထိုမှ ၄ ၅ လမျှ အကြာ၌ ကုလားသူဌေးတစ်ယောက်နှင့် လက်ထပ်ကြောင်း ကြားရသည်။ ဤကုလားသူဌေး မျိုးရိုးနာမည် ကြားရသည်၌ ကျွန်တော် နှာခေါင်းရှုံ့လိုက်မိသည်။ ဗမာပြည်တွင် ကုန်သည်အရင်းရှင် သွေးစုပ်စနစ်ဖြင့် ငွေကျိကျိတက်အောင် ချမ်းသာ၍ သူတို့ဘာသာအရ တရားဝင် မယားလေးယောက်အပြင် အခြား ဗမာကပြားမတွေကို ယူချင်သလိုယူနေသော ကုလားလူမျိုး။

ရှယ်လီ၏မိခင်သည် မုဆိုးမ၊ သိပ်ပြီး ချောင်လည်ကြသည် မဟုတ်။ ထိုကုလားကို ယူလိုက်သည်၌ ရှယ်လီမှာ ရုတ်တရက် ရွှေဘုံပေါ် ရောက်သွားပေသည်။ တိုက်နှင့် မော်တော်ကားနှင့် အခိုင်းအစေ၊ အထိန်းတော်၊ အချော့တော်နှင့် ရှယ်လီ။ ယခင်တုန်းက သူ့အန်ကယ်လ်အိမ်လာလျှင် မြင်းလှည်းကလေးနှင့်၊ ယခု လှပသော ဆလွန်ကားကြီးနှင့်… ဒရိုင်ဘာနှင့်။

ရှယ်လီနှင့်ကျွန်တော် အခင်မပျက်၊ ဟိုတုန်းကလိုပဲ ရင်းပြန်လက်လှန် ကစားကြပါသည်။ ယခင်တုန်းက ကျွန်တော်က သူ့အား ပိုက်ဆံချေး၍ ခေါက်ဆွဲကြော် ဝယ်ကျွေးခဲ့ပါသည်။ ယခုမူ ချေးစရာရှိလျှင် ကျွန်တော်က သူ့ထံမှချေး၍ ခေါက်ဆွဲကြော် သူက ဝယ်ကျွေးပါတော့သည်။

ထိုနှစ်သည် ၁၉၄၁ ခုနှစ်ဖြစ်၍ သိပ်ပြီး လများစွာ မကြာပါ။ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ဂျပန်ဗုံး ဗမာပြည်ကို ဈေးဦးပေါက်ပြီး ကမ္ဘာစစ်ကြီးဖြစ်ကာ ရန်ကုန်မြို့ပျက်စီးပါ၍ ကျွန်တော်တို့လူသိုက် တကွဲတပြားစီ ပြေးလွှားခဲ့ကြရပေတော့၏။

ရှယ်လီတို့ ကုလားမယားများ ဘယ်သို့ ပြေးကြလေမည်နည်း။ ကျွန်တော်ကား ဇာတိဌာနေ ပြန်ခဲ့ပြီးနောက် တစ်နှစ်လောက်အကြာတွင် ရန်ကုန်ပြန်ရောက်၊ အိမ်ထောင်ကျ၊ မြင်းလှည်းသမားဘဝနှင့် အသက်မွေးမြူနေလေတော့သည်။

၁၉၄၄ ခုနှစ်တွင် ထင်ပါသည်။ တစ်နေ့သ၌ ကျွန်တော့်မြင်းလှည်း ရောက်ခဲလှသော ပုစွန်တောင် စက်ဆန်းရပ်သို့ အော်ဒါတစ်ခုနှင့် လိုက်သွားသည်။ အပြန်၌ လမ်းတစ်နေရာမှာ ကျွန်တော့်မြင်းလှည်းကို လက်တားခေါ်နေသော အမျိုးသမီးတစ်ယောက်ကို တွေ့ရပါသည်။ ကျွန်တော် ချက်ချင်းပင် မှတ်မိလိုက်ပါသည်။ ရှယ်လီ၊ ပိုးဟပ်ဖြူမကလေးကဲ့သို့ ကြုံလှီလှပါသည်။ ယခင်က ရှယ်လီ၏အလှတို့သည် မရှိတော့ပြီ။

ကျွန်တော် သူ့ရှေ့မြင်းလှည်းတိုးရပ်ကာ “တက်ပါ… ရှယ်လီ…”

သူ ရုတ်တရက် အံ့အားသင့်ကာ “ဟင်… ကိုကြင်ဆွေကြီးပါလား”

“ဟုတ်ပါတယ် ရှယ်လီ၊ ကျွန်တော်လည်း အိမ်ထောင်ကျပြီး မြင်းလှည်းမောင်းစား နေရသဗျ၊ ရှယ်လီတို့ကော အခု ဘယ်မှာနေလဲ…”

“စက်ဆန်းမှာ…၊ အဲဒီကို လိုက်ပို့ပါ ကိုကြင်ဆွေ…”

အမှန်ဆိုလျှင် မြင်း ပန်းပြီ။ ကျွန်တော် နောက်ကြောင်း မပြန်လိုတော့ပြီ။ သို့သော် ရှယ်လီ… ရှယ်လီ.. ကျွန်တော်ချစ်ခဲ့သော ရှယ်လီ။

ယင်းအချိန်၌ ရှယ်လီတို့အိမ်ကလေးမှာ သိမ်ငယ်လှပါသည်။ ရှယ်လီသည် ဂျပန်ရုံးတစ်ခုမှာ အလုပ်လုပ်သည်ဟု သိခဲ့ရပါသည်။

ကျွန်တော် သူ့အိမ်ပေါ်သို့ မတက်ခဲ့တော့ပါ။ သူ့အိမ်ထောင်ရေးလည်း မမေးခဲ့တော့ပါ။ မေးစရာလည်းမလိုတော့ပါ။ သူ ကုလားသူဌေးကတော် မဟုတ်တော့ကြောင်း ထင်ရှားနေပါပြီ။ ယခင် သူကောင်းစားစဉ်က ဗဟန်း ရွှေဂုံတိုင်လမ်းတွင် ခြံကြီး၊ တိုက်ကြီးနှင့် နေခဲ့ရသည်။ ယခု ဒီကုလားလည်း ဒီတိုက်တွေနှင့် စီးပွားရေးမပျက် ရှိနေသားကပဲ။ ကုန်သည်တို့မည်သည် အရင်းရှင်စနစ်ရှိသမျှ ဘယ်ခေတ်ရောက်ရောက် ကျရာက ထပေါက်နိုင်သည်။

ထိုကုလားသူဌေးသည် မယားများစွာ ရှိရာမှ ရှယ်လီကို တအောင့်တနားလောက် ယူလိုက်ခြင်းသည် ချစ်မေတ္တာနှင့်မဟုတ်၊ ရှယ်လီ၏ ချောမောလှပသော ရုပ်ရည်ရူပကာယ အသွေးအသားကိုသာ ဖြစ်လေရာ ရှယ်လီရုပ်ရည်ကျဆင်းတော့ အဘယ်လျှင် ပိုက်ဆံအကုန်ခံ၍ ထမင်းကျွေးမွေး အရာပေးတော့အံ့နည်း။ ဖြစ်သောနည်းလမ်းနှင့် ကန်ချလိုက်မည်မှာ ဓမ္မတာပဲပေါ့။

ကျွန်တော်သည် ယခုအချိန်၌ အိန္ဒိယသို့ အပြီးအပိုင်ပြန်ကြသော ကုလားတွေအကြောင်း သတင်းစာများထဲ ဖတ်နေရာမှ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က အထက်ဖော်ပြပါ ရှယ်လီကလေး၏ အဖြစ်သနစ် ပြန်လည်စဉ်းစားပြီး “ဒီပြန်ကြတာတွေထဲမှာ ရှယ်လီကလေးကို ယူခဲ့ဖူးတဲ့ ကုလားမျိုးတွေ များများမြန်မြန် ပြန်ကြပါစေ…” ဟူသော ဆုတောင်းဖြင့်…

တို့ဗမာတွေ အခံဘဝရယ်မှ

မင်းတို့ကို ဆလံသလိုက်ပါရဲ့

ပြန်ကြပါတော့ သင်တို့ပြည်ကြီး။



( ၃ )



ထိုမှတစ်ဖန် ကျွန်တော်သတင်းစာကို ချလိုက်ပါ၍ ဘိုကတော် ဒေါ်ဇင်အကြောင်း သတိရမိပြန်တော့သည်။

၁၉၃၉ ခုနှစ်၊ ကျွန်တော် ကြည့်မြင်တိုင်နေစဉ်က တစ်လမ်းကျော်ရှိ ဘိုကတော် ဒေါ်ဇင်။

ဤရပ်ကွက်မှာ ‘ဘိုကတော်၊ ဘိုကတော်’ ဟု အတော်ပင် ရေပန်းစားသည်။ အရပ်ထဲတွင် သာရေးနာရေး ဟူသမျှ ဘုရားကိုးဆူကပ်၊ ကလေးကင်ပွန်းတပ်ကစပြီး ဘိုကတော် ဒေါ်ဇင်ကိုမှ မဖိတ်လိုက်ရလျှင် ကိစ္စ မပြီးသလောက် ဒေါ်ဇင် ဤမျှ ခရီးရောက်ရသည်ကား ဒေါ်ဇင်သည် ဘိလပ်သား ဘိုကတော် ဖြစ်နေသောကြောင့်တည်း။

ဒေါ်ဇင်အား အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့် ထားသည်။ ငွေကြေးများများ ပေးကမ်းသည်။ ဒေါ်ဇင်သည် ငွေစီးကရက်ဘူးနှင့် ရွှေစီးကရက်စွပ်တံနှင့် စီးကရက်အကောင်းစားကိုမှ သောက်သည်။ လေဒီရှူး စီးသည်။ ဒေါ်ဇင် အပြင်ထွက်ပြီဆိုလျှင် အရပ်က ဝိုင်းကြည့်ကြရသည်။ မျက်နှာလို မျက်နှာရနှင့် နှုတ်ဆက်ကြရသည်။ ဒေါ်ဇင်၏နာမည် အပြည့်အစုံမှာ ခင်မေဇင်၊ ခန့်အောင်သာ ဒေါ်ဟု ခေါ်ယူခံခြင်းဖြစ်သည်။

ဒေါ်ဇင်သည် ဤအချိန်၌ အသက် ၃၅ နှစ်ခန့် ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီး…။ တင်တွေရင်တွေ တစ်တစ်ရစ်ရစ်နှင့် ဖွံ့ထွားသော ကိုယ်ခန္ဓာလည်း ရှိသည်။ သူ့ဗိုလ်ကြီးနှင့် ရှေ့သွားနောက်လိုက် (အဲ… သူတို့ဘို သွားဆိုတော့) ဘေးတိုက်ညီပေသည်ဟု ဆိုရမည်။ သို့သော် ဘိုသည် ဒေါ်ဇင်အား အပြင်ခေါ်ထုတ်သည်က နည်းလှပေသည်။ တစ်ခါတစ်ရံ ညအချိန်များမှသာ…။

ကျွန်တော်တို့ ဗမာအသိုင်းအဝိုင်းက ဒေါ်ဇင်အား ဗိုလ်ကတော်ဟု ဝိုင်းဝန်း ဩဘာပေးနေကြသော်လည်း သူတို့ အင်္ဂလိပ်အခေါ်ကမူ “ကီပင်” ပေပဲခင်ဗျာ။ ဘိုကြီးတွင် ဘိလပ်က ပါလာသော မျက်နှာဖြူ မယားကြီးကလည်းရှိနေတော့ ဘိုကြီးမှာ ဒေါ်ဇင်ထံသို့ ညအိပ် မနေနိုင်ရှာ၊ နေ့ခင်းသာ လာရောက်ပျော်မွေ့ရှာ၏။

ဒေါ်ဇင် ဘိုကတော်ဖြစ်ခဲ့သည်မှာ ၁၀ နှစ်မျှကြာပါပြီ။ သို့သော် သားသမီး မထွန်းကားရှာပါ။ ဘိုကြီးက လည်သလို ကြည့်တားထားခြင်းဖြစ်ပေမည်။ ဘိုကြီးက ဒေါ်ဇင်အား “ကီပင်”သည်မှာ သံယောဇဉ်တွယ်ချင်၍ မဟုတ်ချေ။

ဒေါ်ဇင်သည် သူ့အဒေါ်တစ်ယောက်နှင့် သူ့မောင်နှစ်ယောက်နှင့် နေထိုင်သည်။ ဘိုကြီးလာသော ကားဟွန်းသံ လမ်းထဲတွင်ကြားရသောအခါ၌ကား မောင်နှစ်ယောက်ကရော၊ အဒေါ်ကြီးပါ ဝမ်းသာလှသည်။ ဘိုကြီးသည် နေ့စဉ်လာသည် မဟုတ်။ သူ့အခါအခွင့်ရမှသာ နေ့လယ်နေ့ခင်း ပေါ်ပေါက်လာတတ်သည်။

ဘိုကြီး အိမ်ပေါ်ရောက်သောအခါ၌ ခင်မေဇင်၏ မောင်နှစ်ယောက်အား “လူကလေးတွေ မုန့်သွားစားစေချေကြပါ….” ဆိုပြီး ငွေတစ်ကျပ်စီပေး၏။

ထိုခေတ် ငွေနှစ်ကျပ်က နည်းလှသည်မဟုတ်ပေ။ မောင်နှစ်ယောက်ရော၊ အဒေါ်ကြီးရော ငွေဒင်္ဂါးကလေးတွေကိုယ်စီ အိတ်ထဲထည့်ပြီး အလိုက်ကန်းဆိုသိစွာ မြန်းကြရလေ၏။ ထိုအိမ်တံခါးပေါက်များသည် ပိတ်လေ၏။ အဒေါ်ကြီးနှင့် မောင်တို့သည် မနီးမဝေးမှာပင် အရိပ်သုံးပါးနားလည်စွာနေကြ၍ ဘိုကြီး၏ ကားဟွန်းသံကြားမှ အိမ်ရှေ့သို့ပြန်လာကြကာ ဘိုကြီးအား ဆလံပေး၍ နှုတ်ဆက်လိုက်ရသည်။

တောက်… စေ့စေ့တွေးတော့ ရှက်ဖို့ကောင်းလိုက်လေဗျာ။ သို့သော် သူ့ခေတ် သူ့အခါနှင့်တော့ ဘိုကတော် ဘိုကတော်၊ တယ်ပြီး နာမည်ကျော်လှသကိုး…။

ဘိုတို့သည် မိမိတို့ အခိုင်းအစေတို့အား သဘောကျလျှင် သူတို့ ပြောင်းရွှေ့သွားကြသောအခါ၌ နာမည်ကောင်း လက်မှတ်များ ရေးပေးပစ်ခဲ့တတ်ကြသည်။ ဒေါ်ဇင့်ဘိုသည် နှစ်စေ့၍ ဘိလပ်ပြန်ရမည့်အခါ၌ သူ့နေရာသို့ နောက်ရောက်လာသော ဘိုအား အိမ်ခေါ်လာကာ ဒေါ်ဇင်နှင့် မိတ်ဖွဲ့ပြီး အလုံးစုံ မှာကြားပေးခဲ့ပေသည်။ ထို့ကြောင့် ထိုဘိုလည်း ဟိုဘိုလိုပဲ နေ့လယ်နေ့ခင်းများ၌ ဒေါ်ဇင့်အိမ်ရောက်လာပြီး မောင်နှစ်ယောက်အား ငွေတစ်ကျပ်စီပေး၍ မုန့်စားခိုင်းခြင်းကိုလည်းကောင်း၊ အဒေါ်ကြီးအား ငွေနှစ်ကျပ်ပေး၍ ဘုရားဖူးသွားခိုင်းခြင်းကိုလည်းကောင်း ပြုတတ်လေ၏။

ထိုခေတ် ထိုအခါ၌ ဘိုများ စွန့်ခွာသွားသည့်တိုင် ‘ဘိုကတော်ကျ’ ဟူသော နာမည်ပင် ဂုဏ်ပုဒ်တစ်ခုအနေနှင့် ကျန်တတ်ပေရာ ဒေါ်ဇင်မှာ ဟိုဘိုပြန်သွားသော်လည်း ဘိုကတော်ကျ မဟုတ်ဘဲ တစ်ဘိုဆင်း တစ်ဘိုတက်သူဖြစ်ရကာ ထူးတဲ့မိန်းမပေပဲဟု အရပ်က ဩဘာပြုကြပြန်လေ၏။ စင်စစ်တော့ ငွေခေတ်တွင် ငွေ ငွေ ငွေသာ နေရာတကာ စကားပြောနေခြင်းပေတည်း။

ရှုလော့။ ကျွန်တော် ပထမဦးဆုံး စာပေးဖူးသော ကပြားမလေးကို။ သူတို့ဘိလပ်သူမကို ကျွန်တော်တို့ဗမာက တစ်ချီတစ်ပွဲ ဟဲလိုက်သည်နှင့် မိခင်နှင့်သမီးကလေး ခွဲခွာပြီးတော့ ဘိလပ်သို့ပြန်ပို့ပစ်သည်။ ကျွန်တော်တို့ မဟာဗမာမကိုတော့ တစ်ဘို ‘ဘက်ခ်’ တစ်ဘိုဆက်ပင် စီမံပေးခဲ့သည်။ လူမျိုးရေးနှင့်ချင့်သော် ရင်နင့်စဖွယ်မကောင်းပါလော။


( ၄ )


ကျွန်တော့်အတွေး ရေလျဉ်သည် ဤတွင် မနေသေးဘဲ ကျွန်တော် လူပျိုပေါက်အရွယ်က ခင်မင်ခဲ့ရသော မမမြင့်ကို သွားသတိရပြန်သည်။

ကျွန်တော်တို့ ပြည်ဒိစကြိတ်တွင် ရွှေနတ်တောင် ဘုရားပွဲတော်သည် ပျော်စရာအကောင်းဆုံးဟု ကျွန်တော် ယူဆပါသည်။ ရွှေနတ်တောင်ဘုရားသည် တောဘုရားဖြစ်ပါသည်။ တောဘုရားပွဲတော်မို့ မြို့သားတွေထက် တောသားတွေက နွားလှည်းဝိုင်းကြီးတွေဖွဲ့ကာ ဘုရားပွဲပြီးသည့်ရက်အထိ နေထိုင်ကြပါသည်။ မြို့သားတွေကတော့ မော်တော်ကားများနှင့် နေ့ချင်းပြန် သို့မဟုတ် တစ်ညပျော်လောက် လာတတ်ကြပါသည်။

ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ လက်ဝှေ့ပွဲများသာမက ပိုက်ဆံကွင်းပစ်၊ သေနတ်ပစ်၊ လေးကောင်ဂျင်၊ အံစာတုံး စသော လောင်းကစားပွဲများလည်း ရှိပါသည်။ ဈေးသည်တွေကလည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြကာ ကုန်ပစ္စည်းမျိုးစုံ ရောင်းချပါသည်။

“ရွှေနတ်တောင်ဈေး၊ ဆစ်တိုင်းပေး၊ အလေးမမှန်၊ ဝယ်သူ့ကံ” ဟူသော စာချိုးပင် ရှိနေပါသည်။

ဟိုယခင် ခေတ်ကောင်းစဉ်တွင် ကျွန်တော်တို့ရွာမှ နှစ်စဉ် လှည်းအစီး လေးငါးဆယ်ကျော် သွားလေ့ရှိကြပါသည်။ လှည်းကြီးတွေမှာ ပေါင်းမိုးတွေနှင့် စားနပ်ရိက္ခာ အပြည့်အစုံ။ ဘုရားတောင်ခြေရောက်လျှင် လှည်းဝိုင်းကြီး ဖွဲ့လေသည်။ ယင်းလို လှည်းဝိုင်းကြီးတွေမှာ ဘုရားတောင်ခြေပတ်လည် ရှစ်မျက်နှာတွင် လေးငါးထပ်မျှ ဝိုင်းပတ်နေ၏။ လှည်းဝိုင်းတိုင်းပင် ဒိုးပတ်က အတီးအမှုတ်တွေနှင့် ဘုရားကြီးရွှေသင်္ကန်းကပ်ရန် အလှူခံထွက်ကြလေရာ သူ့ငါလှူ ငါ့သူလှူနှင့် အလှူတံခွန်ထူသည့်ပွဲကြီးပေ။

ကျွန်တော်တို့ရွာမှ ဤရွှေနတ်တောင် ဘုရားပွဲတော်သို့ လမ်းမှာ တစ်ညအိပ် သွားရပါသည်။ အိပ်ရန် စခန်းသင့်သောနေရာမှာ အင်းမ-ကိုးတုတ်တွင် ဖြစ်တတ်ပါသည်။ သို့သော် ဤနေရာ တော်တော်နာမည်ဆိုး၏။ စာချိုးကိုပင် ကြည့်ဦးလေ။

“အင်းမ ကိုးတုတ်၊ လှည်းမဖြုတ်နှင့်။ ဖြုတ်သာဖြုတ်စေ၊ မအိပ်လေနှင့်။ အိပ်သာအိပ်စေ၊ မပျော်လေနှင့်။ ပျော်သာပျော်စေ၊ နားစွင့်နေပါ” တဲ့ ခင်ဗျာ့။ ထို့ကြောင့် အင်းမဂတ်တဲရှေ့နေရာ စတည်းချပြီး အိပ်ဖန်လူလဲနှင့် စောင့်ရ၏။

တစ်ခုသော သက္ကရာဇ် ကျွန်တော် ၁၄ နှစ်အရွယ်၌ ညနေဆည်းဆာအချိန် ကျွန်တော်တို့ လှည်းတန်းကြီး အင်းမဂတ်တဲရှေ့ ရောက်သည်၌ ဂတ်ဝင်းထဲတွင် အခြား ဘုရားဖူးသွားလှည်းနှစ်စီး ဖြုတ်ပြီးစတည်းချနေသည်ကို တွေ့ရသည်။ အော်လံကြီးနှင့် ဓာတ်စက်ကလေးတစ်လုံးကလည်း အေးအေးလူလူ ဖွင့်နေသည်။ ယင်းခေတ်၌ ဤဓာတ်စက်နှင့် ခရီးထွက်နိုင်သူမှာ နှယ်နှယ်ရရမဟုတ်။ နောက်ပိုင်း၌ စုံစမ်းကြည့်တော့ မြို့အုပ်ကတော်တဲ့။

“ဟင်… မြို့အုပ်ကတော်ကြီးတော်” ဆိုသောအသံမျိုး ကျွန်တော်တို့ လှည်းဝိုင်းရှိ တောသူမကြီးတွေနှုတ်မှ ထွက်သွားချေသေးသည်။ စဉ်းစားကြည့်ကြပါခင်ဗျာ။ အင်္ဂလိပ်ခေတ် ဗျူရိုကရေစီယန္တရား၌ မြို့အုပ်ပင် ဘယ်လောက် တန်ခိုးထွားပါသနည်း။

ညဦးပိုင်း၌ ကျွန်တော်တို့လူငယ်များက ဓာတ်စက် နားထောင်ရအောင် သွားကြရာ “ဟဲ့… မကြိုက်မှန်းမသိ၊ ကြိုက်မှန်းမသိ” ဟု လူကြီးတွေက တားကြပါသေးသည်။ သို့သော် ကျွန်တော်က အနူတောလူချော၊ တောသား လူလည်ကပဲ ဦးဆောင်၍ သွားပါသည်။

ဪ… တကယ်တော့ မြို့အုပ်ကတော်က ရုပ်ချောသဘောကောင်းပဲခင်ဗျာ့။ “လာကြ… လာကြ… နားထောင်ကြပါ” ဟု ဖိတ်ခေါ်ပါသည်။ ကျွန်တော်တို့က ဓာတ်စက်အနီး၌ ဝင်၍ထိုင်ကြပါသည်။ ဂျဝူ ဂျဝူနှင့် မကြာခဏ သံပတ်လှည့်လိုက်၊ ဓာတ်ပြားပြောင်း၍ အပ်လဲလိုက်လုပ်နေသော ဓာတ်စက်မောင်းသူကိုလည်း ကျွန်တော်တို့က စိတ်ထဲမှ ချီးမွမ်းရပါသေးသည်။

ဓာတ်ပြား ၃ ၄ ချပ်မျှ ပြီးသောအခါ မြို့အုပ်ကတော်က ကျွန်တော်တို့အား “ဟေ့… မင်းတို့လှည်းဝိုင်းက ဘယ်ရွာကလဲကွ”

“ကြို့ပင်ရွာက ခင်ဗျာ့”

“လှည်းအစီးရေ ဘယ်လောက်ရှိမလဲ”

“အင်း… အတိအကျတော့ မပြောနိုင်ဘူးခင်ဗျာ၊ လေးဆယ်လောက်တော့ မအောက်ပါဘူး၊ မမ သေသေချာချာ သိချင်ရင် ကျွန်တော် သွားရေလိုက်မယ်လေ” ဟု ထိုင်ရာမှထရန် ဟန်ပြင်လိုက်သည်၌…

“နေပါ… နေပါ.. မလိုပါဘူးကွယ်၊ မမလိုချင်တာက ဒီလိုကွဲ့၊ မမတို့မှာက လှည်းနှစ်စီးတည်းရယ်၊ ဒီတော့ မင်းတို့လှည်းဝိုင်းနဲ့ ပေါင်းချင်တယ်ကွယ်၊ မင်းတို့လှည်းဝိုင်း ခေါင်သူကြီးက ဘယ်သူလဲ၊ မင်း ပြောပေးနိုင်ပါ့မလား”

ကျွန်တော် ဝမ်းသာအားရနှင့် “ဟာ… ကျွန်တော့်ဦးကြီးပဲ၊ ကျွန်တော် ပြောပေးနိုင်တာပေါ့၊ ခုပဲ သွားပြောလိုက်မယ်” ဆိုပြီး ထိုင်ရာမှထပြေးကာ ဦးကြီးအနားရောက်တော့

“ဦးကြီးရေ… ဦးကြီး ပွတာပဲဗျို့”

“ဟဲ့… အသက်များရှူပါဦး၊ ဘာဖြစ်လို့တုံး”

“မြို့ မြို့ မြို့အုပ်ကတော် သူတို့လှည်းနှစ်စီးကို ကျွန်တော်တို့ လှည်းဝိုင်းထဲပေါင်းပြီး လိုက်ပါရစေတဲ့ ခင်ဗျာ့။ ကျွန်တော်တို့ ဓာတ်စက်လည်း နားထောင်ရရော ဦးကြီးနဲ့မြို့အုပ်ကတော် မိတ်ဆွေဖြစ်ရော၊ မနိပ်ဘူးလား ဟင်…”

ကျွန်တော့်ဦးကြီးမှာ ဆယ်အိမ်ခေါင်းလည်းဖြစ်၍ မြို့အုပ်ကတော်နှင့် အကျွမ်းတဝင်ဖြစ်ရသော် နည်းနည်းနောနော အခွင့်အရေးကြီးပေလော။

“ဘယ်က မြို့အုပ်တဲ့လဲကွ၊ တို့မြို့ပေါ်က မြို့အုပ်ဆိုရင် ကောင်းမယ်”

“အား… အခုမေးလို့ ဘယ်ကောင်းမလဲဗျ။ နောက်တော့ အလိုလိုသိလာမှာပေါ့။ ကျွန်တော် မြို့အုပ်ကတော်ကို ဘာပြန်ပြောရမလဲ”

“ဦးကြီးက ဝမ်းသာပါတယ်လို့…၊ မနက်ဖြန်မနက် လှည်းတွေ ထွက်လာကြတဲ့အခါမှာ အလယ်ပိုင်းကနေရာမှာ ထားပေးပါမယ်လို့ ပြောလိုက်”

နောက်တစ်နေ့ အရုဏ်တက် လှည်းများ ထွက်ကြသောအခါ ကျွန်တော်တို့လှည်းတန်းမှာ လှည်းနှစ်စီးတိုးလာလျက် ကျွန်တော်သည် မြို့အုပ်ကတော်နှင့် ခင်မင်စပြုလာ၏။ ဘုရားရောက်၍ လှည်းစခန်းချကြပြီး တစ်ညမျှ ပွဲဈေးတန်း အတူလျှောက်ကြည့်ပြီးသောအခါ၌ကား မောင်လေးနှင့် မမမြင့် ဖြစ်သွားကြလေသတည်း။

ထိုအချိန်၌ မမမြင့်မှာ အသက်အစိတ်လောက်၊ ကျွန်တော့်ထက် ၁၀ နှစ်မျှကြီးလေတော့ တော်တော်အရွယ်ချင်း ကွာခြားလှသည်ဟု ဆိုရပေမည်။ ကျွန်တော်က အရွယ်မရောက်တရောက် လူပျိုပေါက်၊ မမမြင့်က အလှအပ တက်ကြွပြည့်ဖြိုးနေပြီဖြစ်သော အရွယ်။ မမမြင့်သည် ဖြူဖြူပျို့ပျို့မျှစ်စို့ကြီးနှယ်။ ဪ… ဒါကြောင့်လည်း မြို့အုပ်ကတော် ဖြစ်ပေတာကိုး။

သို့သော် ကျွန်တော်သည် နောက်၌ အမှန်ကို သိရသည်တွင်ကား မမမြင့်အတွက် လွန်စွာရင်နာ့လှပါသည်။ သူနေသော ရွာကလေးမှာ ပေါင်းတည်မြို့မှ တစ်မိုင်မျှကွာသော ရန်ကုန်-ပြည် လမ်းဘေးတွင်ရှိရာ ကျွန်တော့်အား ဘုရားပွဲတော်တုန်းက အလည်အပတ်လာခဲ့ပါဟု ဖိတ်၍ ကျွန်တော်သွားမိသည်။

ကျွန်တော်ရောက်စ၌ မြို့အုပ်မင်းများ တွေ့ရလေမလားဟု မျှော်လင့်ခဲ့ပါသည်။ သို့သော် တွေ့စရာမလိုပေ။ မြို့အုပ်မင်းသည် မမမြင့်ရှိရာသို့ လာလိုသော်မှ လာပါသည်။ မမမြင့်သည် “ကီပင်” ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြန်မာလိုဆိုသော် မြို့အုပ်မင်း နယ်လှည့်ရသောအခါတွင် မမမြင့်အား ခေါ်ခေါ်သွားသဖြင့် “တောတက်မယား”ဟူ၍လည်း ခေါ်ပါသည်တဲ့။ (တရားဝင်မယားကြီးကိုတော့ “ပွဲတက်မယား” ဟူ၍ ခေါ်ကြသည်)

သို့သော် ယင်းအခြေကို မမမြင့်၏မိဘမောင်ဖားများသည် ကျေနပ်ကြပါသည်။ တိတ်တိတ်ပုန်း မယားငယ်ပင်ဖြစ်သော်လည်း မြို့အုပ်ကတော်ဟူသော နာမ်ပုဒ်နှင့် ဂုဏ်လုပ်နေကြပါသေးသည်။ လွန်ခဲ့သောအခန်း၌ ဖော်ပြခဲ့သော မင်းကတော် ဒေါ်ဇင်လိုပေါ့ခင်ဗျာ။

ခင်မေဇင်က “ဘိုကတော်” မမမြင့်က “မြို့အုပ်ကတော်” ဟု ကိုယ့်အသိုက်အဝန်းနှင့်ကိုယ် ဂုဏ်တင်နေကြခြင်း ဖြစ်ပါသည်။ ယင်းကား အရင်းရှင်စနစ်နှင့် ဗျူရိုကရေစီယန္တရားက ခမ်းနားစွာ စခန်းသွားထားခြင်း ဖြစ်ပေသည်။

ကဲ သည်နေရာ၌ ဤဝတ္ထုကို ဇာတ်ပေါင်းတော့မည်။ ကျွန်တော် တင်ပြခဲ့သော (၁) ရှယ်လီ၊ (၂) ဘိုကတော်၊ (၃) မြို့အုပ်ကတော် မမမြင့်။ ဤ ၃ ဦးတို့၏ ဖြစ်အင်ကို ဆင်ခြင်ကြည့်ကြပါ။ တစ်လင်တစ်မယားစနစ်၊ မိသားစုအချစ်နှင့် အိမ်ထောင်ကို တည်ထောင်ကြသော ကျွန်တော်တို့ မြန်မာလူမျိုး၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို ဗျူရိုကရေစီယန္တရားနှင့် အရင်းရှင်စနစ်က ကတ္တရာစေးပုံးထဲ နှစ်ပစ်ကာ ချောမောလှပသော အမျိုးသမီးတို့၏ အသွေးအသားကို တစ်ဦးတည်းပိုင်အဖြစ် ငွေကြေးနှင့် ရောင်းစားကြရသည်။ ထိုအသွေးအသား ကုန်သည်၌ ရောဂါရ၍ အလုပ် ရပ်ဆိုင်းလိုက်ရသော် ပြည့်တန်ဆာ လောကနှင့် ဘာခြားနားတော့သနည်း။ ရှယ်လီအဖြစ်ကိုပဲ ရှုလော့။ မမမြင့်နှင့် ဘိုကတော် ဒေါ်ဇင်တို့လည်း ထိုနည်းလည်းကောင်းမှတစ်ပါး အခြားရှိပါဦးမည်လား။

သူတို့သည် ယခုအချိန်၌ လူ့ပြည်တွင် ရှိနေကြဦးမည်ဆိုလျှင် ကျွန်တော်လိုက်ပြီး ကြည့်ချင်လိုက်ပါသေးသည်။


Comments