တရိပ်ရိပ်ပြေးနေသည့် ကားမှန်ပြတင်းက ကျော်ကြည့်မိတော့ မှုန်မှိုင်းအုံ့ဆိုင်းနေသည့် မြူနှင်းမှုန်များကြားမှ စိမ်းဖန့်နေသည့် လယ်ကွင်းပြင်တချို့ကို မျက်စိတဆုံး မြင်တွေ့ရသည်။ ဟိုးခပ်ဝေးဝေးဆီက မှုန်ပျပျ လှမ်းမြင်နေရသည့် တောင်တန်းတွေက လွမ်းမောဖွယ်ရာ ကောင်းလွန်းနေသည်။
သဘာဝတရားရဲ့ အလှအပကို စိတ်ကူးနှင့် ပုံဖော်ရသည်ကို သဘောတကျရှိလှသည့် သူ့အတွက် မြူနှင်းတွေကြားမှ လှပစွာ ရှိနေကြသည့် လယ်ကွင်းစိမ်းစိမ်း၊ တောင်တန်းစိမ်းစိမ်းတို့က တိမ်မျှင်ရောင် ပန်းချီကားတစ်ချပ်သဖွယ် အလှပကြီးလှပနေကာ ကြည့်မြင်ရသည့်သူအဖို့ စိတ်အေးချမ်းလှသည်။ စိမ်းမြသည့် မြင်ကွင်းတို့နှင့် နီးကပ်လာလေ သူ့ စိတ်နှလုံးက ပို၍ လှုပ်ခတ်လာလေဖြစ်ကာ ရင်ဘတ်တစ်နေရာက တင်းကျပ်စွာ ဆွဲဆုပ်ခံရသည့်နှယ် တစ်ဖန် စူးနစ်နာကျင်၍ လာလေသည်။
မှန်တံခါးကို ခပ်ဟဟ တွန်းဖွင့်မိတော့ ဆောင်းလေအေးအေးက ပြတင်းတံခါးဆီသို့ အလုအယက် တိုးဝှေ့ဝင်လာလေသည်။ တဟူးဟူး တိုက်ခတ်နေသည့် လေနုအေးက နှာသီးဖျားတစ်ဝိုက်ဆီကို အေးစက်စေသည်။ ခပ်လျော့လျော့ ချည်နှောင်ထားသည့် ပဝါစ နှစ်ဖက်ကို လည်ကုပ်တစ်ဝိုက် နွေးထွေးစေရန် အသာအယာ လွှမ်းခြုံမိတော့ တစ်စုံတစ်ခုကို သတိရမိကာ ပဝါစပေါ်သို့ မျက်ရည်စက်တို့ ပေါက်ခနဲ လွင့်စဉ်ကျလာလေသည်။ သူ့ပါးပြင်နှစ်ဖက် ပူနွေးစွတ်စိုနေသလို မြင်ကွင်းတွေက ခပ်စောစောက မြင်ရသည်ထက်ပင် ပို၍ ဝေဝါး လွန်းနေလေသည်။
×××××××××××××××××××××××××××
မြင့်မားမတ်စောက်လှသည့် တောင်ပတ်လမ်း အကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးသည့်နောက်တော့ ဦးတည်ရာနေရာသို့ ကားက ထိုးဆိုက်သွားလေပြီ။ ကားပေါ်က လှမ်းကြည့်မိတော့ အုံ့ဆိုင်းနေသည့် မြူနှင်းမှုန် ဖွေးဖွေးများကြားမှ ‘ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်’ ဆိုသည့် ရွှေရောင်အတိဖြင့် လှပတင့်တင်စွာ ကျက်သရေရှိလှသည့် မုခ်ဦးဝကို ခန့်ခန့်ထည်ထည် တွေ့ မြင်လိုက်ရသည်။
ဘုရားဖူးပေါင်း မြောက်မြားစွာကို ဝေ့၀ဲကြည့်ရင်း ရင်ပြင်တော်ပေါ်သို့ စတင် ခြေချမိလေသည့်ခဏ ဝမ်းနည်းတတ်သည့် စိတ်အခံက ကိုယ်နှင့် နေသားတကျ ရှိနေသူလို စိတ်ထဲ လှိုက်ခနဲဖြစ်ကာ ဝမ်းနည်းစို့နစ်လို့ လာလေသည်။ လှေကားထစ်ပေါင်းများစွာ ဖွဖွ နင်းလျှောက်မိသည့်အခိုက် တသုန်သုန်တိုက် ခတ်နေသည့် တောင်ပေါ်လေအေးအေးက ထွေးပွေ့ကလူ မြူပြန်သည်။ စိတ်နှလုံး၏ ခေါ်ဆောင်ရာသို့ ငေးမျှော်ကြည့်မိပြန်တော့ ဟိုးတောင်ခြေက စီစီရီရီ ရှိနေလေသည့် အိမ်ငယ်ကလေးများဆီ အကြည့်က ရောက်လေသည်။ ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေသည်က စာသင်ကျောင်းငယ်လေး။ အဖြူအစိမ်းဝတ် ကလေးငယ်လေးများ ကျောင်းဝင်းဆီသို့ တရွေ့ရွေ့ ဝင်ရောက်သွားသည်ကို မြူနှင်းများကြားမှ မှုန်ပျပျ လှမ်းမြင်နေရသည်။
“ဟေး … အမိုးရေ” ဆိုသည့် ဟိုး ခပ်ဝေးဝေးဆီက တောင်ကမ်းပါးယံကို ပဲ့တင့်ထပ်ပြီး လွင့်ပျံ့လာမည့် ခေါ်သံလေးများ ကြားရလေမလား ယောင်ယမ်းကာ နားစွင့်မိပြန်သည်။ မဟုတ်သည်ဘဲ သည်ပုံရိပ်၊ သည်အသံ ဟန်ပန်အမူအရာတို့ကို ဘယ်သောအခါမျှ သူ မြင်တွေ့ခွင့် ကြားခွင့်ရှိတော့မည်မှ မဟုတ်တော့တာပဲလေ။
×××××××××××××××××××××××××××
တစ်ခါတစ်လေမှာ တစ်စုံတစ်ယောက်၏ စိတ်ခံစားမှု ခဏတာပျော်ရွှင်ကြည်နူးမှုဟာ တစ်စုံတစ်ဦးအတွက်တော့ မျှော်လင့်ချက်တွေ ဖြစ်ခဲ့လိမ့်မည်၊ အနာဂတ်တွေ ဖြစ်ခဲ့လိမ့်မည်၊ ခဏတာ စိတ်ကြည်နူးစေရန် အပြောင်အပျက် သဘောဖြင့် ပေါ့ပါးစွာ ပြောဖြစ်ခဲ့သည့် စကားလုံးတွေဟာ တစ်စုံတစ်ဦးအတွက်တော့ ဘ၀တစ်ခု ဖြစ်စေခဲ့သည်ဆိုသည်ကို သိခွင့်ရလိုက်သည့် ခဏ အရာအားလုံးဟာ နှောင်းသွားခဲ့လေပြီ။ ပြန်မရနိုင်သည့်အတိတ်ထဲ သူ ပြန်လည်ရရှိလိုက်သည်က စိတ်နှလုံး ကွဲကြေမှုနှင့် ဆွေးမြည့်နာကျင်မှု။ အတိတ်တစ္ဆေသည် သူ့နောက်ထံပါး အရိပ်တစ်ခုပမာ ခြောက်လှန့် မြဲ ခြောက်လှန့်နေဆဲ။
သူရှိနေသည့်အရပ်ကို မျက်နှာမူ၍ ကွဲကြေသော စိတ်နှလုံးဖြင့် ငေးမျှော်နေခဲ့သည့် တစ်စုံတစ်ယောက်သောသူ သည်နေရာမှာ ရှိနေခဲ့လိမ့်မည်။ အခု သည်နေရာမှာပင် ကွဲကြေသောစိတ်နှလုံးဖြင့် တစ်စုံတစ်ယောက်သောသူ ရှိနိုင်မည့်အရပ်ဆီသို့ စိတ်မှန်းဖြင့် မျှော်ငေးကြည့်နေသည့်သူ ရှိနေပါသည်။ ခပ်သော့သော့ တိုက်ခတ်နေသည့် တောင်ပေါ် လေအေးအေးထဲ ပဝါစတို့ တလွင့်လွင့် ဝေ့၀ဲနေသလို စိတ်အစဉ်က အတိတ်ဆီသို့ တစ်ပြန် တစ်လှည့် လွင့်ပါးလေတော့သည်။
×××××××××××××××××××××××××××
ကုန်ခဲ့သည့် ရှစ်နှစ်တာက ကျိုက်ထို ဇာတိသူ အချစ်ရဆုံးသူငယ်ချင်း ခိုင်၏ မင်္ဂလာခရီးလမ်းမှ အစပြုလေသည်။ သူငယ်ချင်း အပေါင်းအသင်းတွေထဲ ခိုင်နှင့် သူသည်သာ တိုးတိုးဖော်ဖြစ်ရသည်။ တိုင်ပင်ဖော်ဖြစ်ရသည်။ မင်္ဂလာပွဲမတိုင်ခင် နှစ်ပတ်လောက် အလိုကတည်းက နှစ်ဦးသား သည်နေရာ သည်မြေသို့ ခြေချဖြစ်ခဲ့ကြလေသည်။
“မိုးရေ ခိုင်တို့ အိမ်ကို အရင်မဝင်ဘဲ ကျိုက်ထီးရိုးဘုရားဆီ သွားဖူးရအောင်ကွယ်။ နောက်ဆို ခိုင်တို့ နှစ်ယောက်တည်း ခရီးအတူ သွားရဖို့က သိပ်မလွယ်တော့ဘူးရယ်။ အိမ်ကို ဖုန်းဆက်ထားလိုက်မယ်။ နို့မဟုတ်ဘဲ အိမ်ကို အရင် ဝင်ပြန်ရင် စိတ်မချပါဘူးဆိုပြီး လူကြီးတွေက တားနေလိမ့်ဦးမယ်။ သွားမယ်လား”
“ကောင်းတာပေါ့ ခိုင်ရ၊ ညဦးပိုင်း တောင်ပေါ်လေ အေးစိမ့်စိမ့်မှာ ရွှေရောင် အတိပြီးတဲ့ စေတီတော်ကြီးကို ဖူးမြော်ရတာ အရမ်းကို စိတ်ကြည်နူးစရာကောင်းတာ။ မိုး တော့ ခိုင် ပြောတဲ့အစီအစဉ်ကို သိပ်သဘော ကျတာပဲ သိလား”
တရိပ်ရိပ်မြင်နေရသည့် မြင်ကွင်းတွေကို သဘောတကျငေးမောရင်း ရွှင်မြူးနေသည့် သူသည် ခိုင့်စကားကို နှစ်ခါပြန် ငြင်းစရာမလို အလိုလို ထောက်ခံပြီးသူ ဖြစ်ရပြန်သည်။ ခပ်သော့သော့ပြောရင်း ရယ်မောနေလေသည့် သူ့ကို “ကလေးမ ရွှတ်နောက်နောက် ပြောတတ်တဲ့ အကျင့်ကလေးကိုသာ ဖျောက်ပြီး အဲဒီလိုမျိုးလေးသာ အမြဲနေရင် ကောင်းမယ်” ဆိုသည့် ခိုင့်စကားကို ပေါ့ပါးသည့်အပြုံးဖြင့်သာ သူ တုံ့ပြန်ခဲ့လေသည်။ အဲဒီအချိန်ထိတော့ အရာရာကို အလေးအနက်မထားဘဲ ပေါ့ပေါ့ပါးပါး ပြောတတ်လေသည့်၊ စနောက် တတ်လေသည့် သူ့အတွက် ပျော်ရွှင်မှုဟာ တစ်ခဏသာ ဖြစ်ခဲ့ပေမယ့် တစ်စုံတစ်ဦးအတွက်တော့ ဘဝတစ်ခု ဖြစ်စေခဲ့လိမ့်မည် ဆိုသည်ကိုတော့ ဘာကြောင့်များ မသိခဲ့မိပါလိမ့်။ မျက်ရည်တို့ ခုန်ဆင်းခဲ့သည်ပဲလား၊ နှင်းစက်တို့ လာရောက်ထိမှန်သည်ပဲလား ဆောင်းလေ အေးအေးထဲ သူ့ပါးပြင်တို့ ပူနွေး စွတ်စိုရပြန်သည်။
×××××××××××××××××××××××××××
“မိုးရေ၊ ဒါက အစ်ကိုဖိုးမောင်တဲ့။ ခိုင်တို့တွေနဲ့က မိသားစုတွေလိုပဲ။ ခိုင်တို့ကို စောင့်ရှောက်ဖို့ အိမ်က အကူအညီ လှမ်းတောင်းထားတာတဲ့လေ။ အမေကတော့လေ အခုအချိန်ထိ ခိုင့်ကိုဆို ကလေးလို မြင်တုန်းပဲ။ မိုးကို ပြောရဦးမယ်၊ အစ်ကိုဖိုးမောင်ကိုတော့ သိပ်မစနဲ့ဦးနော်။ သူက သာမန်လူတွေလို စိတ်အခြေအနေမျိုး မဟုတ်ဘူးရယ်”
အဆုံးသတ်စကားကို တီးတိုး ပြောလေသည့် ခိုင့်စကားဆုံးတော့ ခပ်သွယ်သွယ် ခန္ဓာကိုယ်နှင့် ကြေးနီရောင်အဆင်းသဏ္ဍာန် ရှိသည့် လူက သူ့ဘက်သို့ တစ်ချက်လှည့်ကာ ခေါင်းညိတ် အသိအမှတ်ပြုသည်။ မှိုင်းညှို့နေသည့် သူ့မျက်ဝန်းတို့ တဖျတ်ဖျတ်လက်ကာ သူ့ကို ခပ်ကြာကြာ ငေးမောကြည့်နေခဲ့သည်ကို စိတ်အာရုံက ခံစားမိနေခဲ့လေသည်။ အဲဒီအချိန်တုန်းကတော့ သည်လူဟာ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအထိ ပါဝင် ပတ်သက်ခဲ့လိမ့်မည်ဟု တွေးထင် မထားခဲ့မိသေး။ သူ့ဆီမှာ ရယ်မောပျော်ရွှင်ခြင်းသာ ပိုင်ဆိုင်ခဲ့သေးသည်။
×××××××××××××××××××××××××××
သည့်မတိုင်ခင်အချိန်က ရေမြောင်ကြီးစခန်းမှာ တစ်ညအိပ်ပြီး ခြေလျင်လျှောက် ဖူးခဲ့ရသည့်ခရီးက အခု ရင်ပြင်တော်အနီးထိ ကားလမ်းပေါက်ခဲ့ပြီး နေ့ချင်းပြန်သွား၍ ရနေခဲ့ပြီ။ အကွေ့အကောက် အနိမ့်အမြင့်များစွာ ဖြတ်ကျော်ရင်း ၅ နာရီကျော်ကြာ လျှောက်ခဲ့ရသည့် တောလမ်းလေးထဲ ဝေ့ကြည့်မိပြန်တော့ မောပန်းနာကျင်မှုများကြားမှ ခြေအစုံကုပ်ပြီး တက်ယူခဲ့ရသည့် ကျားဆွဲတောင်၊ ဒီနေရာမှာပင် ထားရစ်ခဲ့ပေတော့ဟု ပြောယူရသည်အထိ မြင့်မားလွန်းလှသည့် ဖိုးပြန်တောင် စိတ်မှန်းနှင့်ပင် မျှော်ငေးကြည့်ရင်း နာကျင်ရပြန်သည်။
ဒူးဆစ်တို့ကွေးညွတ် ခြေဖဝါးတို့ ကျိန်းစပ်နာကျင်သည်အထိ မောပန်းလွန်း၍ ထိုင်ပြီး အမောဖြေခဲ့သည့်နေရာက ဟောဟို နေရာလေးလေလား၊ မိုးဆိုသည့် သူ့နာမည်ကို အမိုးလို့ အသံဝါကြီးနှင့် ခေါ်တတ်လေသည့် အစ်ကိုဖိုးမောင်ရဲ့ လက်မောင်းတစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်မိတော့ အသံတွေ တုန်နေသည်အထိ အံ့သြပျော်ရွှင်သွားလေသည့် ပုံရိပ်ကို မြူနှင်းတွေ ရစ်သိုင်းနေသည့်ကြားမှ အခုပင် လှမ်းမြင်မိနေသယောင် ထင်မိပြန်သည်။
×××××××××××××××××××××××××××
မူလက တွေးထင်ထားသည်ထက် ရက်ကြာကြာ နေဖြစ်စေခဲ့သည်က အတိတ်ရဲ့ အမှတ်တရကို ပို၍ နာကျင်စေခဲ့သည်လား၊ စိတ်ထဲရှိသည့်အတိုင်း နှစ်လိုဖော်ရွေစွာ ပြောဆိုတတ်သည့် သူ့စကား၊ သူ့ဟန်ပန်တို့ဟာ တစ်စုံတစ်ဦးအတွက် ထင်ယောင် ထင်မှား အမြင်လွဲမှားစေခဲ့သည်ပဲလား အတွေးစတို့နှင့် သူ့စိတ်နှလုံးတို့ အကျဉ်းကျခဲ့သည်မှာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာမြင့်ခဲ့ရောပေါ့။
အရာရာကို စပ်စပ်စုစု လုပ်လိုလှသည့် သူသည် ခိုင် မလိုက်လိုသော နေရာများသို့ သွားလိုလှသည့်အခါ အစ်ကို ဖိုးမောင်သည် တစ်ခါတစ်ခါ သူ၏ လမ်းပြ ဖြစ်ရသည်။ တစ်ခါတစ်ခါ သူ၏ ခရီးဖော်ဖြစ်ရပြန်သည်။
“အမိုးရယ်၊ ဖြည်းဖြည်းဆင်းမှပေါ့။ အရမ်းနာသွားလား။ ဆောင်းတွင်းကြီးမှာ အနာက ရင်းပြီး ကိုက်တော့မှာပဲ။ စည်းစရာ တစ်ခုတလေတောင် မပါဘူး”
ရေတံခွန်သို့ သွားရာလမ်းတစ်လျှောက် ကုန်းအဆင်းက ချော်ကျပြီး ထိုးထွက်နေသည့် ကျောက်တုံးအပိုင်းအစနှင့် ခြစ်မိပြီး ခြေဖဝါး ကွဲအက်သွားသည့် သူ့ထက်ပိုပြီး စိတ်ပူနေသည့် အစ်ကိုဖိုးမောင်၏ ပုံစံကို ကြည့်ရင်း နာကျင်နေသည့်ကြားမှ သဘောတကျ ပြုံးမိခဲ့သေးသည်။ ဖြူစင်သည့် သူ့မျက်ဝန်းထဲ ရိုးသားခြင်းအရိပ်အငွေ့နှင့် စိုးရိမ်မှုတွေက အထင်းသား။
“ရပါတယ် အစ်ကိုဖိုးမောင်ရဲ့။ မိုး မနာပါဘူး။ သွေးလေးစို့ရုံလေးပါ။ ပတ်တီးမလိုပါဘူး။ မိုးမှာ ပဝါစပါတယ်။ အဲဒါနဲ့ စည်းလိုက်ရင် ရပါပြီ။ ဘာလဲ။ မိုးကို စိတ်ပူလို့လား၊ ဒါမှမဟုတ် ခိုင် ပြောမှာ စိုးလို့လား”
“အမိုး အနာတရဖြစ်တဲ့အခါ ကျုပ် ခံစားရသလိုပဲ ခံစားရလို့ပါ။ အမိုး ကိုယ်စား ကျုပ်သာ အနာတရတွေ ဖြစ်လိုက်ချင်တော့တာ”
ခေါင်းကြီးငုံ့ရှက်နေသည့် သူ့ပုံစံကို ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့မိသည်။ သူ ပေါ့ပါးစွာ ပြောဖြစ်ခဲ့သည့် စကားတွေကို အလေးအနက်ထားပြီး သူ့ကို မျှော်ငေးနေခဲ့လိမ့်မည်ဟုတော့ ထင်မှတ်မထားမိခဲ့။ သံယောဇဉ်ကြိုးကို အရိုးခံစိတ်ရင်းအတိုင်း ချည်နှောင်နှင့်သူက ချည်နှောင်သည်။ ရယ်ပွဲဖွဲ့သူကတော့ ရယ်ပွဲဖွဲ့ခဲ့လေသည်။ ကံကြမ္မာသည် သူ့ကို အသစ်တစ်ဖန် ပြန်နာကျင် စေခဲ့လေပြီ။
သည့်အရင်ကတော့ ၂ နာရီလောက် လျှောက်ခဲ့ရသည့် ရေတံခွန်သွားလမ်းခရီးက အခု မိနစ်အနည်းငယ် ကားစီးရုံဖြင့် ရောက်လေပြီ။
“ရေတံခွန်က သိပ်လှတာပဲနော် အစ်ကိုဖိုးမောင်” လို့ သူက တအံ့တသြ ရေရွတ်တဲ့အခါ “အမိုးက ကလေးငယ်လေးလိုပဲနော် ” ဆိုကာ ခေါင်းငုံ့ရင်း ရှက်ပြုံး ပြုံးနေမည်လား။ ရေအေးအေးထဲ ခြေအစုံကို အသာအယာ တို့ထိမိပြန်တော့ “အမိုးရေ ချော်လဲမယ်နော်” ဆိုသည့် အစ်ကိုဖိုးမောင် အသံက တောင်ကမ်းပါးယံကို ပဲ့တင်ထပ်လာသလို သူ့နှလုံးအိမ်ကို လာရောက်ထိမှန်လေသည်။
×××××××××××××××××××××××××××
“ဘုရားဖူးကာလက သီတင်းကျွတ် လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ၇ လတောင် ကျင်းပတာဆိုတော့ ဘုရားပွဲတွေထဲမှာတော့ အကြာဆုံးပွဲပဲ။ ဘုရားဖူးတွေ အလာများတဲ့ ပိတ်ရက်တွေဆို ကျုပ်တော့ သိပ်ပျော်တာရော။ ဘုရားလာဖူးတဲ့လူတွေရဲ့ ပစ္စည်းတွေကို ကူထမ်းပေးရတာ ပိုက်ဆံလည်းရသလို ကုသိုလ်လည်းရတယ်လေ”
“အစ်ကိုဖိုးမောင်ပြောတာ ဟုတ်ပါပြီ။ ဘုရားဖူးတွေ မရှိတဲ့အခါ၊ အလာနည်းသွားတဲ့ အခါ ဘာတွေ လုပ်စားလို့ရသေးလဲ။ အစ်ကို ဖိုးမောင်က အမိုးကို ဘာလုပ်ကျွေးမှာတဲ့လဲ”
သူက စိတ်ဝင်စားဟန် ပြုံးမြမြဖြင့် မေးလေရင်တော့ အစ်ကိုဖိုးမောင်က ဟိုး ခပ်ဝေေးဝေးမှာရှိလေသည့် တောတန်းတွေဆီ လက်ညှိုးညွှန်ရင်း အားတက်သရော ဆိုတတ် သေးသည်။
“ဘုရားလာဖူးတဲ့ သူတွေနည်းတဲ့ ကာလဆို တောထဲမှာ တညင်းသီးတွေ ခူးတာပေါ့ အမိုးရ။ တန်ခူးလရောက်ရင် အဖူးလိုက်ပြီး အပွင့်တွေ ထိုးနေပြီလေ။ ကဆုန်လရောက်ရင် အရည်တည်ပြီ။ သီးပြီပေါ့။ ဝါဆို၊ ဝါခေါင်ကျရင် ခူးလို့ရပြီ။ အခုလို မြူတွေကျတဲ့ အချိန် မြူတွေမိရင်တော့ မတင်တော့ဘူးပေါ့။ ပြီးတော့ ဟောဟိုဈေးတန်းလေးမှာ ကျုပ် အမေနဲ့ ကျုပ်ညီမ အထွေးက ဈေးရောင်းသေးတယ်လေ။ အမိုးတစ်ယောက်တည်း အတွက် ပိုမကုန်ပါဘူး အမိုးရဲ့”
လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ရှက်ရွံ့ ရယ်မောနေသည့် သူ့ဟန်ပန်ကို ကြည့်ရင်း ပျော်ရွှင်နေသည့် စိတ်ကလေး သူ့ကြောင့် ပျက်စီးရမည်ကို မလိုလားဘဲ ပြုံးပြီး ကြည့်နေခဲ့သည်က နာကျင်စရာကောင်းသည့် အမှတ်တရတို့ ဖွဲ့တည်စေဖို့မှ မဟုတ်ခဲ့ဘဲ၊ “ သားကြီးက ဟိုးငယ်ငယ်ကတည်းက တခြားကလေးတွေလို ဉာဏ်ရည် မမြင့်မားပေမယ့် သံယောဇဉ်တော့ သိပ်ကြီးတာ။ သူ့ဘဝမှာ မိသားစုပြီးရင် သံယောဇဉ်အတွယ်ဆုံးက သမီးပဲ။ သမီးအပေါ်မှာ အမှားအယွင်းတွေများ ပြုမူမိခဲ့ရင် နားလည်ပေးပါလို့ အရီး တောင်းပန်ပါတယ်နော်” ဆိုသည့် အမေအို၏ သောကအပူမီးကို လျစ်လျစ်မရှုနိုင်ခဲ့ဘဲ လိုက်လျော ညီထွေစွာ ဆက်ဆံပေးခဲ့သည်က အစ်ကိုဖိုးမောင်ကို ပို၍ ထိရှစေချင်လို့မှ မဟုတ်ခဲ့သည်ပဲ။
×××××××××××××××××××××××××××
တောင်တန်းစိမ်းစိမ်းကို ငေးမောကြည့်ရင်း တောလမ်းလေးထဲ ဖြတ်လျှောက်မိတော့ ဟိုးတောင်ခြေဆီက ခြေလျင်တက်လာကြသည့် ဘုရားဖူးအဖွဲ့တွေကို တွေ့မြင်ရသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားပေးစနောက်ရင်း မောပန်းမှုကို ရယ်မောခြင်းနှင့် ဖြေသိမ့်ကြပြန်တော့ ညှို့မှိုင်းနေသည့် စိတ်အစဉ်က တစ်ခဏတော့ လျော့ပါးသွားရသည်။ စိတ်၏ သယ်ဆောင်ရာနောက်ကို ခြေလှမ်းတို့က ဦးတည်စေသည်။ ဟိုးရှေ့ကုန်း အဆင်းကလေး ကျော်လွန်ရင်တော့ လေးဖက်လေးတန် တာလပတ်စအမိုးပြာတွေ အုပ်စိုးထားသည့် တဲစုကလေးက အစ်ကိုဖိုးမောင်ရဲ့ အိမ်ငယ်လေးလား၊ အစ်ကိုဖိုးမောင်ရဲ့ အငွေ့အသက်တို့ ဖုံးလွှမ်းနေသည့် အိမ်ငယ်လေးရှေ့ သူ့ခြေအစုံ ရပ်လိုက်မိသည့်အခိုက် တစ်စုံတစ်ရာနှင့် တွန်းတိုက်မိသလို အေးစိမ့်စိမ့် ခံစားမိလိုက်သည်။ သူ့လက်အစုံကို လာတို့ထိ၍ ငုံ့ကြည့်မိလျှင်တော့ မျက်နှာမှာ ပေပွနေပြီး ချေးအထပ်ထပ်နှင့် ဟောင်းနွမ်းနေသည့် အဝတ်အစားတို့ဝတ်ကာ ‘မုန့်ပေး၊ မုန့်ပေး’ ဆိုကာ ပူဆာနေလေသည့် သုံးနှစ်အရွယ် ကလေးမလေးကို တွေ့လိုက်ရသည်။ အဝင်၀ကိုကဲကြည့်ပြန်လျှင်တော့ နို့စို့အရွယ် ကလေးငယ်ကို ခါးထစ်ခွင် ချီပိုးထားလေသည့် မိန်းမရွယ်တစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။
“အထွေးရေ ဒီမှာ ဧည့်သည်ပါလာတယ်ဟေ့” ဆိုသည့် လမ်းပြရဲ့စကားသံအဆုံး “ဘယ်သူနဲ့ တွေ့ချင်တာတဲ့လဲ” ဆိုကာ သူ့ကို လှမ်းကြည့်ရင်း ခပ်ယဲ့ယဲ့ ပြုံးပြသည့်အပြုံးထဲ နုပျိုမှုကို တစ်ဖန် မြင်တွေ့လိုက်ရသည်။ ပိန်ပိန်သေးသေး မိန်းမငယ်လေးဟာ မိန်းမကြီး ဖြစ်လို့နေလေပြီ။
သူ့ကို ခပ်ကြာကြာငေးကြည့်နေဆဲ မျက်ဝန်းတို့ အရောင်လက်ကာ အံ့သြဝမ်းသာခြင်းမှ ချက်ချင်းဆိုသလို ညှို့မှိုင်းသွားလေသည်။ ဝါးခြမ်းတွေ ခင်းထားလေသည့် တဲငယ်လေးဆီသို့ သူ့ခြေအစုံ လှမ်းအတက် သိမ့်ခနဲ ဖြစ်သွား၍ ကိုယ်ကိုဖော့ကာ ဖွဖွနင်းရလေသည်။ မှောင်ရိပ်ဘက်ကျနေသည့် ဘက်ခြမ်းဆီသို့ စွေကြည့်မိတော့ ချဉ်စူးစူးအနံ့ တစ်ခုက နှာခေါင်းထိပ်ဆီသို့ တို့ထိပြန်သည်။ ခပ်ကြာကြာ ကြည့်မိပြန်တော့ ဘေးတစ်ခြမ်းစောင်း အနေအထားဖြင့် လှဲလျောင်းနေသည့် အမယ်အိုတစ်ဦးကို တွေ့လိုက်ရသည်။
''အမေက သာမန်လူတွေနဲ့ မတူတဲ့ သူ့သားကြီးကို အထွေးထက် ပိုချစ် ပိုဂရုစိုက်တာ။ အခုလည်း သူ့သားစိတ်နဲ့ အိပ်ရာထဲ လဲခဲ့တာကြာပြီ။ အစ်ကိုဖိုးမောင် ဆုံးတုန်းကဆို အမေလည်း အရုပ်ကြိုးပြတ်။ အထွေးကလည်း ဈေးရောင်းတာကလွဲရင် ဘာမှ မလုပ်တတ် မကိုင်တတ်၊ အဲဒီအချိန်တုန်းကဆို အထွေးဖြင့် ကူကယ်ရာမဲ့နေသလို ကြောက်လိုက်တာ။ အဲဒီအချိန်က တကယ့်ကို ငရဲတမျှပါပဲ။ ကလေးတွေ အဖေနဲ့ အကြောင်းပါတော့မှ မရဲတရဲ အသက်ရှူရဲတော့တာ''
လောကဓံရဲ့ ရိုက်နှက်မှုဒဏ်ကြောင့်ပေလား၊ ဝမ်းနည်းသည့်စိတ်ဒဏ်ရာ ကြောင့်လေလား လှုပ်ခတ်နေသည့် အသံလှိုင်းမှတစ်ဆင့် မျက်ရည်စတို့ ရစ်သိုင်း ပြည့်လျှံနေသည့် မျက်ဝန်းတစ်စုံထဲ သူ့အပေါ် နာကြည်း မုန်းတီးနေမည့် အရိပ်အယောင်တို့ ရှိနေသည်လား ရှက်ရွံ့စိုးထိတ်စွာ ရှာဖွေမိသေးသည်။
''အစ်ကိုဖိုးမောင်ကလေ အဲဒီလို ပါးကွက်ကြီးတွေများ ကွက်ထားရင် ကလေးကြီးလိုပဲ သိပ်ချစ်စရာကောင်းတာ။ အဲဒီလို အမြဲကွက်ထား သိလား"
သူ ပေါ့ပါးစွာ ပြောပြီး ရယ်သွမ်းသွေးခဲ့သည့် စကားအချို့က မျှော်လင့်ချက်တို့ ဖြစ်စေခဲ့သည်လား၊ ခဏတာ သူ စိတ်ချမ်းမြေ့ ပျော်ရွှင်နေဖို့အတွက် တစ်စုံတစ်ဦး၏ ပျော်ရွှင် ငြိမ်းချမ်းမှုတို့ လဲလှယ်ခဲ့ရသည်မှာ တန်ပါရဲ့လား၊ သူ ရယ်မောပျော်ရွှင်နေသည့်အချိန် အားကိုးတွယ်တာရသည့် ရင်နှစ်သည်းချာကို ဆုံးရှုံးလိုက်ရသည့် အမေအိုတစ်ယောက်ကတော့ သည်းအူပြတ်မျှ ငိုကြွေးနေပေလိမ့်မည်။ သူ့ကိုသာ အားထားမှီခိုခဲ့ရသည့် မိသားစုတစ်စု ဖရိုဖရဲ ဖြစ်စေခဲ့ရပေပြီ။ ဖြူဖျော့ပိန်လှီနေသည့် လက်ဖျားများကို ဆွဲယူဆုပ်ကိုင်မိတော့ မီးခိုးရောင်သန်းနေသည့် မျက်ဝန်းအိမ်ထဲ မျက်ရည်စတို့ ဖွဲ့သီလို့နေလေသည်။ တုန်ယင် နေသည့် နှုတ်ခမ်းတစ်စုံက
"သားကြီး သိပ်တွေ့ချင်နေတဲ့ အမိုး ရောက်လာပြီ" လို့များ ဆိုနေလေသလား၊ ကျုံလှီနေသည့် ခန္ဓာကိုယ်၊ ဖားဖိုတစ်ခုလို နိမ့်ချည်မြင့်ချည် ဖြစ်နေရှာသည့် ရင်ဘတ်တစ်နေရာကို မှောင်ရိပ်သန်းနေသည့် ကြားမှ ထိတ်လန့်တုန်လှုပ်စွာ မြင်လိုက်ရသည်။
"အစ်ကိုဖိုးမောင်ကလေ အလုပ်အားတာနဲ့ ဟိုးတောင်ခြေဆီကို ငေးကြည့်နေတတ်တာ၊ အမိုးက သူ့ဆီ ပြန်လာခဲ့မယ်လို့ ပြောသွားတယ်တဲ့လေ။ မမခိုင် ကျိုက်ထိုကိုပြန်လာတိုင်း မမမိုးအကြောင်း မေးရတာအမော၊ နောက်ဆုံးတစ်ခေါက်တော့ မမမိုး အိမ်ထောင်ကျသွားလို့ အစ်ကိုဖိုးမောင်ဆီ မလာနိုင်တော့ဘူး။ စောင့်မနေနဲ့တော့လို့ ပြောသွားတဲ့အချိန် ကစပြီး အအိပ်အနေ၊ အစားအသောက်တွေ မမှန်တော့ဘူး။ ရေတံခွန်က ပြန်လာတဲ့တစ်နေ့ တစ်ကိုယ်လုံးစိုရွှဲပြီး တောင်ခြေမှာ သွားစောင့်နေတယ်လေ။ အဲဒီကနေ အိပ်ရာထဲလဲပြီး ဆေးလည်းတိုက်လို့မရ၊ အစားလည်း ကျွေးလို့မရနဲ့ မမမိုး ဓာတ်ပုံနဲ့ ပဝါလေးကိုကြည့်ရင်း မျက်ရည်တွေ ကျနေတတ်တာ။ အမေနဲ့ အထွေးလည်း အစ်ကိုဖိုးမောင် ကိုကြည့်ရင်း သနားလွန်းလို့ ငိုရတာအမော။ ဒါတွေဟာ ဖြစ်ချိန်တန်လို့ ဖြစ်ရတာပဲလေ။ အစွဲအလန်းကြီးတဲ့ အစ်ကို ဖိုးမောင်ကို နွေးနွေးထွေးထွေး ဆက်ဆံပေးခဲ့တာ မမရဲ့ အပြစ်မှ မဟုတ်တာပဲ"
မတည်နိုင်ခဲ့သည့်ကတိ၊ မဖြစ်နိုင်ခဲ့သည့် စကားတို့ ခပ်လွယ်လွယ်ပြောခဲ့သည့် အကျိုးဆက်က တစ်စုံတစ်ယောက်၏ အိပ်မက်တို့ကို ပျက်သုဉ်းစေခဲ့လေပြီ။ ဟိုးတောင်ခြေဆီက ပဝါစလေး တလွင့်လွင့် ဝှေ့ယမ်းရင်း ပြေးတက်လာသည့် အစ်ကိုဖိုးမောင်၏ ပဲ့တင်ထပ်နေသည့်စကားသံတို့ကို ကြားမိပြန်သည်။
"ကျုပ်ပေးတဲ့လက်ဆောင်က ဘယ်လောက်မှ တန်ဖိုးမရှိပေမယ့် လက်ခံပေးပါ အမိုးရယ်၊ အမိုးပတ်ထားတဲ့ ပဝါစလေး လေထဲမှာ လွင့်နေတဲ့ပုံစံက ကျုပ်မျက်စိထဲ သိပ်လှတာ အမိုးရ၊ ဒီပဝါစလေးနဲ့ဆို အမိုးနဲ့ သိပ်လှမှာ။ ပြီးတော့ ကျုပ်ကို အမိုးရဲ့ပဝါစလေး လက်ဆောင်ပေးခဲ့ပါနော်။ အမိုးကို သတိရတဲ့အခါ အမိုးရဲ့ အငွေ့အသက်တွေရှိတဲ့ ပဝါလေးကိုကြည့်ရင်း အလွမ်းဖြေရမှာ။ အမိုး ကျုပ် ဆီပြန်လာမယ်ဆိုလို့ ကျုပ် ... ကျုပ် ဒီနေရာ လေးကနေ အမြဲ မျှော်နေမှာဗျ"
မျက်ရည်စတို့ ဝေ့သီနေခဲ့သည့် မျက်ဝန်းတွေကို မြင်ယောင်မိတော့ ဝမ်းနည်းလွန်းသည့် စိတ်အခံက စို့နစ်လာကာ စိတ်နှလုံးကို တစ်ဖန် နာကျင်လာလေသည်။ တသိမ့်သိမ့်ရှိုက်သံနှင့်အတူ မျက်ရည်တို့ အဆီးအတားမဲ့စွာ ပြိုဆင်းလို့ လာလေသည်။ ငိုပါရစေတော့ အစ်ကို ဖိုးမောင်ရေ၊ အမိုး ငိုပါရစေတော့။
×××××××××××××××××××××××××××
မြူခြေတို့ဆိုင်းကာ နေဝန်းနီနီက အနောက်ဘက်ဆီသို့ မေးတင်လုနေလေပြီ။ တောင်ကမ်းပါးယံကို ဖြတ်တိုက်လာသည့် လေနုအေးက သောကအပူမီး လောင်မြိုင်နေသည့် သူ့ဆီ အေးမြခြင်းတို့ မစွမ်းနိုင်ပြီ။ တဖျပ်ဖျပ်လွင့်ခါနေသည့် သူ့လုံချည်စကို တစ်စုံတစ်ခုက လာရောက် တို့ထိလိုက်သလို ခံစားလိုက်ရသည်။
"အမိုးရေ သွားကြရအောင်လေ၊ ဟိုမှာ မေမေ စောင့်နေတယ်"
စကားပြောတတ်စအရွယ်ကတည်းက အခုအချိန်ထိ သူ့ကို အမိုးဟုခေါ်တတ်လေသည့် ငါးနှစ်အရွယ်ကလေးငယ်လေး။ ရင်ခွင်တွင်း တင်းကျပ်စွာ ထွေးပွေ့မိသည့်ခဏ အမြင်အာရုံတို့ မှုန်မှိုင်းလို့လာပြန်သည်။ ခပ်လှမ်းလှမ်းမှ နွမ်းလျစွာ ရပ်ပြီး ကြည့်နေလေသည့် ခိုင့်ကို ပြုံးပြသည့် အပြုံးတို့က မပီပြင်ဘဲ ရှိနေခဲ့သည်လား။
"မိုးရေ သွားကြရအောင်နော်၊ မှောင်နေပြီ။ နောက်ဆုံးကားဘဲ ရှိတော့တာ မမီဘဲ နေဦးမယ်'
ရွှေရောင်အတိပြီးသည့် စေတီတော်မြတ်ကြီးကို အဝေးက လှမ်း ဦးခိုက်ပြီးသည့်နောက်တော့ ရင်ပြင်တော်အနီးမှ ကားက တရွေ့ရွေ့ ထွက်ခွာလာလေပြီ။ ရင်ပြင်တော်ပေါ်မှ လွင့်ပျံ့လာသည့် ခေါင်းလောင်းသံသာသာကို လေတိုးသံများကြားမှ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ ဟိုးတောင်ခြေဆီက တရွေ့ရွှေ့တက်လာနေသည့် ဘုရားဖူးများနှင့် သီချင်းတကြော်ကြော် အော်ဆိုရင်း မမောနိုင် မပန်းနိုင် တက်လာနေသည့် အထမ်းသမားများကို တရိပ်ရိပ်ပြေးနေသည့် ကားပေါ်မှ မှုန်ပျပျသာ မြင်ရတော့သည်။ ဟောဟိုမှာ လက်ကလေးဝှေ့ယမ်းရင်း ပြုံးပြနေသည်က အစ်ကိုဖိုးမောင်လေလား။
"တို့နှစ်ယောက် အတူဖူးခဲ့သည့် ကျိုက်ထီးရိုးဘုရား ဆံတော်ရှင် ××××× စေတီမှာတို့ တစ်နှစ်တစ်ခါ ဆုတောင်းတယ် ×××××× လွမ်းဆွေးခြင်းဝဋ် တပည့်တော် ကျေပါရစေ ××××× "
နောက်ပါးဆီမှ တဖြည်းဖြည်း တိုးလျစွာ ကျန်ရစ်ခဲ့သည့် သီချင်းသံအဆုံး စိတ်နှလုံးတို့ မခံရပ်နိုင်စွာ ခိုင့် ရင်ခွင်တွင်း တိုးဝင်ငိုရှိုက်လိုက်သည့်ခဏ အရာအားလုံးဟာ ငြိမ်သက်ခြင်း အတိဖြင့်သာ ကျန်ရစ်ခဲ့ရလေပြီ။
ပန်းငုဝါဝါ
ရသစာစဉ် မဂ္ဂဇင်း
အတွဲ (၁)၊ အမှတ် (၇)
.jpg)

Comments
Post a Comment