လှတဲ့မေတ္တာ @ ပန်းငုဝါဝါ


လေက သိုသိုသိပ်သိပ် တိုက်နေသည်။ ည နေက မစောင်း တစောင်း။ ချောင်းမြောင်း ကြည့်ရှုနေသည့်နေက အနောက်ဘက်ဆီသို့ ခပ်ပါးပါး တိုးဝင်ဖို့ အားယူ ကြိုးစားနေပုံရသည်။ 

"မရွှေအိရယ်၊ နေမကောင်းသေးဘဲနဲ့ လုပ်နေပြန်ပြီ၊ ငါပြန်လာမှ လျှော်မယ်လို့ ပြောထား သားနဲ့"

"အဝတ်ကလေး သုံးလေးထည် လျှော်တာလောက်နဲ့တော့ ဘာမှမဖြစ်ပါဘူး ကိုစိုးမြင့်ရယ်၊ ရှင်က တစ်နေကုန် ဈေးရောင်းထွက်နေရတာ ရှင် ပြန်လာမှ လုပ်ရင် ပင်ပန်းတာပေါ့။ နားနားနေနေ နေပါတော် တကတည်း ..."

ကိုစိုးမြင့်က မိန်းမဖြစ်သူ မရွှေအိကို တုန်နေအောင် ချစ်သည်။ အညာကနေ ရန်ကုန်ကိုတက် အလုပ်လုပ်ရင်း မရွှေအိနှင့် ဖူးစာပါခြင်း ဖြစ်သည်။ တွေ့သည့်လူတိုင်းနှင့် တည့်အောင် ပေါင်းတတ်သလို ကူညီစရာရှိရင်လည်း သွက်သွက်လက်လက် ကူညီတတ်ကာ စိတ်ကောင်းရှိသူ တစ်ယောက်မို့ တွေ့သည့်လူတိုင်းက ကိုစိုးမြင့်ဆို ချစ်ကြ ခင်ကြသည်။ သူ့မိန်းမ မရွှေအိနှင့် အကြောင်းမပါခင် မရွှေအိတို့ ခေါင်းရင်းခြံမှာ အဆောင်သဘော လာနေရင်း အဲဒီအိမ်က တို့ဟူးသုပ်၊ ကြာဆံ၊ ရှောက်သီးသုပ် စသည့် အသုပ် ဆိုင်းထမ်းဖြင့် အရင်းစိုက်စရာမလို တစ်နေ့ ၃၀၀၀ ဖြင့် ၃၀၀၀၊ ၄၀၀၀ ဖြင့် ၄၀၀၀ နှုန်းယူပြီး ရောင်းပေးရခြင်း ဖြစ်သည်။ အဲဒီအိမ်မှာ သူ့လိုပဲ ယူရောင်းနေကြသည့် အထမ်းသမားတွေချည်း ၁၀ ယောက်လောက်ရှိသည်။ အားလုံးက သူ့လိုပဲ အညာဘက်၊ နယ်ဘက်တွေက တက်လာကာ လုပ်ကိုင် စားသောက်နေကြခြင်း ဖြစ်သည်။ သူတောင် မရွှေအိနှင့် ညားပြီး တော်တော်လေးကြာမှ ခွဲထွက်ပြီး ကိုယ်တိုင် လုပ်ရောင်းနေသည်မှာ နှစ်ပေါက်အောင်ပင် မကြာသေး။

"ပင်ပန်းတယ်လို့ ရှိပါ့မလား မရွှေအိရယ်၊ မိသားစုအတွက် ဒီလောက်ကလေး လုပ်ရတာကို၊ မင်းသာ ပင်ပန်းတာ၊ တစ်နေကုန် အိမ်အလုပ်၊ မင်း သမီးကို ကျောင်းပို့ဖို့ ပြင်ဆင်ရနဲ့၊ ဒီကြားထဲ မနက်အစောကြီးထပြီး တို့ဟူး ကျိုရသေးတယ်၊ ဈေးထွက်ဖို့ ပြင်ပေးရသေးတယ်။ ငါက ဈေးကို ရောင်းရုံ တင်ရောင်းရတာပါဟ"

ကိုစိုးမြင့်က ရယ်သံလေး စွက်ကာ ပြုံးတုံ့လှယ်ဖြင့် ဆိုသည်။

မရွှေအိ ဘယ်လောက်တားတား ကိုစိုးမြင့်ကတော့ ဆိုင်းထမ်းကြီးဘေး ချရင်း မိန်းမဖြစ်သူနှင့် သမီးဖြစ်သူတို့၏ အဝတ်အစားတွေကို တဗုန်းဗုန်းနဲ့ လျှော်ဖွပ်တော့သည်။ မိန်းမကိုလည်း ချစ်၊ သမီးချစ်သည့် သူ့ကိုတော့ ဘယ်လိုပင် တားတား မရချေ။ ဟော... အခုလည်းကြည့်၊ သူ့သမီး လေးတန်း ကျောင်းသူကြီး ကျောင်းကပြန်လာရင် ရေချိုးဖို့ အဆင်သင့် ခပ်ပေးထားတာများ စည်ပိုင်းကြီးကို အပြည့်ပင်။


+++++++++++


"အမေ့ ဗိုက်ဆာတယ်၊ ဘာဟင်းချက်လဲ"

"ဗိုက်ဆာရင် အဖေရောင်းလို့ ကျန်တဲ့ တို့ဟူးသုပ်လေး သုပ်ပေးမယ်လေ ခဏစောင့်"

"တော်ပြီ မစားတော့ဘူး၊ နေ့တိုင်း အဖေရောင်းလို့ မကုန်တဲ့ အသုပ်တွေနဲ့ပဲ စားနေရတာ ဟင်းလေး ဘာလေးတော့ ချက်မကျွေးဘူး၊  မစားတော့ဘူး" 

သမီးဖြစ်သူ အိဖြူက နှုတ်ခမ်းလေးထော်ကာ ဆူဆူဆောင့်ဆောင့်ဖြင့် ဆိုရင်း ထွက်သွားသည်။

"မရွှေအိရယ်၊ ကလေး မစားချင်တာ ထားလိုက်ပါ၊ သူ စားချင်တဲ့ဟင်းနဲ့ ဝယ်ကျွေးလိုက်ပါ။ အဲဒီအကျန်ကို ငါပဲ စားလိုက်ပါမယ်ဟာ"

"ကိုစိုးမြင့်ရယ်၊ ရှင်ဟာလေ ဒီကောင်မလေးဆို အလိုကို လိုက်လွန်းတယ်၊ ရှင် ကျပ်ကျပ်သာ အလိုလိုက်၊ ဒီကောင်မလေး ပိုပိုဆိုးလာလိမ့်မယ်" 

မရွှေအိ သက်ပြင်းရှည်တစ်ချက်ကို ချကာ ဦးခေါင်းကို လေးတွဲ့စွာ ခါရမ်းပြီး ကိုစိုးမြင့်ကို ကြည့်ရင်း ဆိုသည်။ 

မရွှေအိ ဘာပဲပြောပြာ ကိုစိုးမြင့်ကတော့ သမီးဖြစ်သူကို ကြည့်ရင်း တပြုံးပြုံးနဲ့ သဘောတွေကိုကျလို့ သာပင်။ သူတို့ လင်မယားနှစ်ယောက် ညားပြီး အတော်ကြီးကြာမှ ရလာသည့် ကလေးမို့ တစ်စက်ကလေးမှ အညို အငြင်မခံ သည်းသည်းလှုပ် ချစ်ရှာသည်။ သူက ဆူဖို့မာန်ဖို့ဝေးလို့ အမေ လုပ်သူ မရွှေအိ ဆူတာတောင် မကြိုက်ချင်ပေ။ ဒါကြောင့်လည်း အိဖြူလေးက ပိုပိုဆိုးနေသည်ထင်ပါရဲ့။


+++++++++++


 "တို့ဟူးသုပ်၊ ကြာဆံသုပ်၊ ရှောက်သီးသုပ်"

ဟင် ... အဖေပါလား၊ ဘာဖြစ်လို့ ငါတို့ကျောင်းရှေ့မှာ လာရောင်းလဲ မသိဘူး။ စိတ်ညစ်ပါတယ်။ အဖေ ငါ့ကိုမြင်သွားရင် လှမ်းခေါ်နေဦးမယ်။ ငါ့သူငယ်ချင်းတွေရှေ့မှာ အဖေက အထမ်းသည်ဆိုတာ သိသွားရင် ရှက်စရာကြီးဟု တွေးရင်း အိဖြူ အဖေ မမြင်အောင် ပြေးပုန်းရင်း ကျောင်းခန်းထဲကို ပြေးဝင်လာခဲ့တော့သည်။

"ဟဲ့ အိဖြူ၊ မုန့်စားပါမယ်ဆိုမှ ဘယ်ထွက်သွားတာလဲ။ မြန်မြန်လာ ငါတို့ အသုပ်သွားစားမလို့၊ ဟိုရှေ့က ဦးလေးကြီး ရောင်းတဲ့အသုပ်က သန့်လည်းသန့်တယ်၊ စားလို့လည်းကောင်းတယ်ဟ၊ ပြီးတော့ အဲဒီဦးလေးကြီးက အရမ်းသဘောကောင်းတယ်၊ ငါတို့ ဝယ်စားရင် အမြဲတမ်း ပိုသုပ်ကျွေးတယ်"

"တော်ပါပြီဟာ လူတွေများနေတယ်ဆိုတော့ ကြာဦးမှာဟ၊ တော်ကြာ ကျောင်းပြန်တက်သွားဦးမယ်၊ ငါ တခြားမုန့်ပဲ ဝယ်စားတော့မယ်ဟာ"

အဲဒီအဖေကလည်းလေ တခြားနေရာတွေမှာ ရောင်းလည်း ရတာကို သူတို့ကျောင်းမှာမှ လာရောင်းရတယ်လို့။ သူ့ သူငယ်ချင်းတွေက အဖေ့ကို ဈေးရောင်းတယ်ပဲသိထားတာ အထမ်းသည်ဆိုတာ သိတာ မဟုတ်ဘူး။ အခု ဆိုင်းထမ်းနဲ့ ဈေးရောင်းတယ်ဆိုတာများ သိသွားရင် ရှက်စရာကြီး။ အိုး ... ရှုပ်ပါတယ် အိမ်ရောက်မှ အမေ့ကို ပြောခိုင်းရမယ် ဟု မကျေမနပ် တွေးရင်း စာသင်နေရသည်ကိုပင် စိတ်မပါတော့ဘဲ ဖြစ်နေ သည်။

"အမေ့၊ အဖေ့ကို ပြောပေးပါဦး၊ သမီးတို့ကျောင်းရှေ့မှာ ဈေးလာ မရောင်းပါနဲ့လို့။ သမီး သူငယ်ချင်းတွေရှေ့မှာ အဖေက အထမ်းကြီးနဲ့ အသုပ်လိုက်ရောင်းတယ်လို့ မပြောချင်ဘူး။ သူတို့သိသွားရင် ရှက်စရာကြီး"

သမီးဖြစ်သူစကားကြောင့်  မရွှေအိ တအံ့တဩ ဖြစ်ကာ မျက်ခုံးတစ်ဖက်ပင် မြင့်တက်သွားသည်။ အသိဉာဏ် နုနယ်သေးသည့် သမီးဖြစ်သူ၏ မှတ်ဉာဏ်ထဲ အမှတ်မလွဲစေရန်နှင့် နားလည်မှု မလွဲစေရန် ဘယ်လို ရှင်းပြရမှာပါလိမ့်ဟု တွေးတောရင်း တွေးတွေးဆဆ ဆိုရသည်။ 

"သမီးရယ်၊ ဈေးရောင်းတာ သူများပစ္စည်းခိုးတာမှ မဟုတ်တာပဲ ဘာလို့ ရှက်ရမှာလဲ၊ အဲဒီလို ဈေးရောင်းမှလည်း အမေတို့၊ သမီးတို့ မထင်းမငတ်မှာ။  တကတည်း ရှက်စရာ မဟုတ်တာ ရှက်နေတယ်၊ သွား ကိုယ့် စာကိုယ်သွားကျက်ချည်"

မရွှေအိ ဘယ်လိုပြောပြော သမီး ဖြစ်သူနားထဲ ရောက်ဟန်မတူ။ နှုတ်ခမ်းစူ ခြေဆောင့်ပြီးတောင် ထွက်သွားလိုက်သေးသည်။ အဲဒီအကြောင်းတွေ ကိုစိုးမြင့်ကို ပြောပြတော့ ကိုစိုးမြင့်ရယ်လေ ဘာပြန်ပြောတယ် မှတ်လဲ- 

"ဟုတ်သားပဲ ငါမေ့သွားတယ် မရွှေအိရယ်၊ ငါကလေ ကျောင်းတက်နေတဲ့ ငါ့သမီးလေး ပုံစံကို မြင်ချင်လွန်းလို့ သွားရောင်းတာပါဟာ၊ သမီးလေး ရှက်ရှာမှာပေါ့။ သမီးလေး မျက်နှာငယ် ရမှာကို မတွေးမိခဲ့ဘူး" တဲ့လေ။ 

ဟုတ်လည်းဟုတ်သည် အဲဒီနေ့ကစပြီး သမီးဖြစ်သူရဲ့ ကျောင်းနားမှာ ကိုစိုးမြင့်ရဲ့ အသုပ်ဆိုင်းထမ်းကို မတွေ့ရတော့။ အဲဒီလောက်ကို သူ့သမီးအပေါ် အချစ်ကြီးရှာသည်။ သူ့ဆီမှာ အသုပ်လာစားသည့် လူတိုင်းကိုလည်း သမီးဖြစ်သူ စာတော်ကြောင်း၊ အရုပ်ကလေးလို လှကြောင်း ပြေပြရတာအမော။ သူ့ သမီးကလေး အကြောင်းပြောနေသည့် အချိန်များဆို သူ့မျက်လုံးတွေက ပီတိတွေကြောင့် အရောင်တွေ တလက်လက်ကို တောက်လို့ပင်။


+++++++++++


ဒီနေ့ ကိုစိုးမြင့်ကို ကြည့်ရတာ တစ်မျိုးချည်း ဖြစ်နေသည်။ သူ့အကြိုက် ငါးဟင်း ဆီပြန် ရေကျန်ကို နံနံပင်အုပ်ပြီး ချက်ထားကာ ပဲတီချဉ်၊ မုန်လာချဉ်အတို့အမြှုပ် စုံစုံလင်လင် ပြင်ပေးသည်ကိုတောင် ဟက်ဟက် ပက်ပက်မစား၊ တို့ကနန်း၊ ဆိတ်ကနန်းနှင့်။ ခါတိုင်း ဈေးရောင်းလို့ပိုလျှံနေသည့် အသုပ်အကြွင်းအကျန်နှင့်တောင် နှစ်ပန်းကန်ပျော့ပျော့ စားနိုင်သေးသည်။ မရွှေအိ မေးတာလည်း မဖြေ၊ ငေးငေးငိုင်ငိုင်နှင့် မရွှင်မပျ ဖြစ်နေသည်။ အခုလည်း ညဉ့်နက်သည် အထိ မအိပ်သေးဘဲ ဆေးပေါ့လိပ်ကို အငွေ့တထောင်းထောင်း ထွက်အောင်ပင် ရှိုက်ဖွာကာ တစ်ခုခုကို တွေးတောနေပုံရသည်။ 

"ကိုစိုးမြင့် ရှင် အိပ်မပျော်ဘူးလား၊ ညနေကလည်း ထမင်း ကောင်းကောင်း မစားဘူး၊ နေများ မကောင်းလို့လား၊ မနက်ကျရင် ဈေးမထွက်ဘဲ နားလိုက်ပါလား၊ တစ်ရက်တလေ နားရုံ နဲ့တော့ ကိစ္စ္စမရှိပါဘူးတော်"

မရွှေအိစကားဆုံးတော့ ကိုစိုးမြင့် ဆီက သက်ပြင်းချသံ တိုးတိုးလေး ကြားလိုက်ရသည်။ အတော်ကြီး ကြာမှ-

"ငါ ဘာမှမဖြစ်ပါဘူး၊ နေကောင်းပါတယ် မရွှေအိရယ်၊ တစ်ရက်နားရင် တစ်ရက် ဝင်ငွေက သိသာတယ်ဟ၊ ပြီးတော့ ငါတို့သမီးလေးက အခုဆို ဆယ်တန်းရောက်နေပြီလေ၊ သူ့ ကျူရှင်စရိတ်ကို မင်းလည်းသိသားနဲ့ အချိန်မီ မပေးနိုင်ရင် ငါ့ သမီးလေး သူ့သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်နေရမှာပေါ့ ကွာ...၊ ပြီးတော့ ငါ ... ငါ စိတ်မကောင်းဘူး မရွှေအိရယ်၊ ငါတို့သမီးလေး ဆင်းရဲတဲ့ ငါတို့လို မိဘတွေအစား တခြားကလေးတွေလို ချမ်းသာတဲ့ မိဘတွေဆီမှာ ဝင်စားခဲ့ရင် သိပ်ကောင်းမှာ။  ကားအကောင်းစားကြီးတွေနဲ့ လာကြိုတဲ့ သူ့သူငယ်ချင်းတွေကြား၊ ကလေးတွေကြားမှာ  ငါတို့ သမီးလေး မျက်နှာငယ်ရတာ တွေးပြီး စိတ်မကောင်းဘူးကွာ"

ကိုစိုးမြင့်၊ ကိုစိုးမြင့် တစ်ညနေလုံး ငေးငေးငိုင်ငိုင် ဖြစ်နေတာ ဒါကြောင့်ကိုး။ အဆုံးသတ်မှာ ဝမ်းနည်းစိတ်ကြောင့် တုန်ခါပြီး တိမ်ဝင်သွားသည့် အသံကို မရွှေအိ ကြားလိုက်ရသလို စိတ်မကောင်းလည်း ဖြစ်မိသည်။

"ဘယ်တတ်နိုင်မလဲ ကိုစိုးမြင့်ရယ်၊ ရှင်လည်း အစွမ်းကုန် ဖြည့်ဆည်းပေးနေတာပဲ ရှင့်သမီး ဘာမျက်နှာငယ် စရာရှိလဲ။ ဘဝဆိုတာ ဒီလိုပဲပေါ့ ရှင်တို့ကျုပ်တို့ ရွေးချယ်လို့မှ မရတာ။ ဟင် ... ဘုရားရေ... ကိုစိုးမြင့် ရှင် ငိုနေတယ်"

သမီးဖြစ်သူ၏ မျက်နှာရိပ် မျက်နှာကဲကို မလွတ်တမ်း ကြည့်နေသည့် ကိုစိုးမြင့်၊ သမီးအပေါ်ထားသည့် သံယောဇဉ်ကလည်း ကြီးလှသည်။ ဘယ်တော့များမှ သမီးဖြစ်သူ နားလည်လာမလဲ တွေးရင်း သက်ပြင်းမောကို ခပ်မဆိတ် ချမိသည်က မရွှေအိ ရယ်လေ။


+++++++++++


ရာသီတွေ၊ အချိန်တွေသာ ပြောင်းလဲ သွားတတ်သည်၊ မည်သည့်အခါမျှ ပြောင်းလဲမသွားတတ်သည်က မိဘက သားသမီးအပေါ် ထားသည့် မေတ္တာတရားပင်။ အခုဆို အိဖြူလေးတောင်  ကျောင်းဆရာမလေး ဒေါ်အိဖြူပင် ဖြစ်နေပြီ။ ကိုစိုးမြင့်ကတော့ သူ့သမီး စာသင်နေသည့် ကျောင်းရှေ့မှာ အသုပ်ရောင်းဖို့ မပြောနှင့် တစ်ခါတစ်ခါများဆို သူ့သမီး ကျောင်းဆင်းချိန်နှင့် သူ့အသုပ် ဆိုင်းထမ်းကြီးနှင့် ဈေးရောင်းနေတာများကြုံရင် မသိချင်ယောင် ဆောင်ပြီး ခပ်သုတ်သုတ် ထွက်သွားလေ့ရှိသည်။ 

အဖြူအစိမ်းဝတ်ကာ ခြင်းတောင်းလေးကိုင်ပြီး ထွက်သွားတတ်သည့် သမီးဖြစ်သူ၏ နောက်ကျောကို ပီတိဖြာသည့် မျက်ဝန်းများဖြင့် ငေးမောကြည့်ရင်း ဆိုတတ်သေးသည်။

"ငါ့သမီးလေးက အဖြူအစိမ်းလေး ဝတ်ပြီး ဆံထုံးလေး ထုံးထားတာများ တကယ့်ကို ကျက်သရေရှိတယ်။ အခုလိုမြင်ရတာ ငါ သေပျော်ပါပြီ မိန်းမရာ" တဲ့။

 သိပ်မကြာခင် သမီးဖြစ်သူ အိမ်ထောင်ကျပြီး ယောင်နောက် ဆံထုံးပါ ဆိုသလို သူ့ယောကျင်္ား အင်ဂျင်နီယာ တာဝန်ကျရာ နယ်မြို့လေးဆီကို သူပါ ကျောင်းပြောင်းရင်း ပါသွားသည်။ အလုပ်တစ်ဖက်နှင့် မိသားစုတာဝန်တစ်ဖက်မို့ မိဘအိမ်ကို တစ်လတစ်ခါတောင် ပြန်လာဖို့ပင် အနိုင်နိုင်ရယ်။ သူတို့ မိဘနေရာရောက်မှ မိဘတွေရဲ့ ခံစားချက်ကို နားလည်နိုင်မှာပါလေဟု မအေဖြစ်သူ မရွှေအိကတော့ တွေးရင်းဖြေနိုင်ပေမယ့် တငူငူတငိုင်ငိုင် ဖြစ်နေသည်က  ကိုစိုးမြင့်ရယ်လေ။

 "တော့်သမီးကို သတိရရင် လိုက်သွားပါလား၊ နီးသားပဲ" 

မရွှေအိ ဆိုတော့ တုတ်တုတ် မလှုပ်၊ အိမ်ခေါင်းရင်းမှာ ချိတ်ထားလေသည့် သမီးဖြစ်သူ၏ ဘွဲ့ဓာတ်ပုံကိုသာ တွေတွေကြီး စိုက်ကြည့်နေတတ်သည်။ သမီးဘွဲ့ယူသည့် အချိန်ကို မရွှေအိ အမှတ်ရမိ နေသေးသည်။ အဲဒီအချိန်တုန်းကများဆို သမီးထက် ပိုပျော်နေသည့် သူက အဖေဖြစ်သည့် ကိုစိုးမြင့်ပင်။ သမီးဖြစ်သူ၏ ဘွဲ့ဓာတ်ပုံကို ကိုင်ပြီး သူ့ခမျာ ထားစရာ နေရာမရှိ   မျက်ရည်များ ကျလေသည်အထိ ပျော်ရှာလေသည်။ အခုလည်း သမီးဖြစ်သူကို သတိရ၍ထင့် မီးခိုးဖျော့ ရောင်သန်းနေသည့် သူ့မျက်ဝန်းအိမ်မှာတော့ အရည်ကြည်တချို့က ဝေ့သီလို့သာပင်။


+++++++++++


"မနေ့က ပေးထားတဲ့ အိမ်စာတွေ လုပ်လာကြလား၊ ပြီးရင် ဆရာမရှေ့မှာ လာထပ်ပေး၊ မလုပ်လာတဲ့သူ အပြစ်ပေးခံရမယ်နော်"

ဆရာမလေး အိဖြူ ကလေးတွေကိုပြောရင်း နာမည်ခေါ် လူစာရင်း စစ်လိုက်သည်။ ဒီမြို့လေးကို စရောက်သည့်အချိန်တုန်းက အဆင်မပြေခဲ့ပေမယ့် ကြာလာတော့လည်း ကလေးတွေအပေါ် သံယောဇဉ် ဖြစ်မိသည်။ အများစုက နွမ်းပါးကာ တစ်နေ့လုပ်မှ တစ်နေ့ စားရသူများမို့ စာရေးတတ် ဖတ်တတ်ရုံလောက်ဆို မိဘ အများစုက ကျောင်းမပို့ချင်ကြတော့။ သူကသာ စာတတ်စေချင်လွန်း၍ သူတို့ မိဘတွေဆီ မရရအောင် ပြောရသည်။  အိမ်တွေအထိ လိုက်ခေါ်ကာ စာသင်ခန်းထဲ သွင်းရသည်။ အဖေနှင့်များကွာပ၊ အဖေဆို သူမကို ပညာတတ်ကြီး သိပ် ဖြစ်စေချင်တာဟု တွေးမိလေတော့ အဖေ့ကိုတောင် သတိရမိသွားသည်။

"ကျော်စွာ ... မင်း စာအုပ် လာမတင်ဘူးလား၊ အိမ်စာ မလုပ်လာပြန်ဘူးလား။ ဘယ်နှခါရှိနေပြီလဲ၊ ကျောင်းသားဆိုတာ ဆရာမပေးတဲ့စာ လုပ်ရမယ့် တာဝန်ရှိတယ်ဆိုတာ မင်း မသိဘူးလား၊ လာ ... အခု အတန်းရှေ့ကို ထွက်ခဲ့"

စာသင်ခန်း တစ်ခန်းလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။ သူ့ရှေ့မှာ ရပ်နေသည့် ကျော်စွာ့ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်နေသလို မျက်ဝန်းတွင်လည်း မျက်ရည်စတို့ တွဲခို ရစ်သိုင်းနေလေသည်။

 "ကျော်စွာ ... မင်းကို ဆရာမ  မေးနေတယ်လေ။ ဘာဖြစ်လို့ ဆရာမ ပေးတဲ့ စာတွေ မလုပ်ခဲ့တာလဲလို့"

အသံက တော်တော်နှင့် ထွက်မလာ၊ အတော်ကြီးကြာမှ အခန်းထောင့်က အသံလေး ထွက်လာသည်။ 

"ကျွန်တော် ... ကျွန်တော် ဖြေပါ့ မယ် ဆရာမ"

ကျော်စွာ့အသံကားမဟုတ်။ ကျော်စွာနှင့် တစ်လမ်းတည်းနေသည့် ကျော်စွာ့ သူငယ်ချင်း မိုးဝေဆီက ဖြစ်နေသည်။

"ကျော်စွာက အိမ်စာမလုပ်နိုင်တာ တခြားကြောင့် မဟုတ်ပါဘူး ဆရာမ။ သူ... သူ ညတိုင်း ဈေးရောင်း ထွက်ရလို့ပါ"

ကြားလိုက်ရသည့်စကားက သူမ နှလုံးသားကို ဆွဲစုပ်ပစ် လိုက်သလို။

"သူပြောတာဟုတ်လား ကျော်စွာ"

ကျော်စွာ့ကိုယ်လေး တဆတ်ဆတ်တုန်ရာမှ ပါးပြင်ပေါ်သို့ မျက်ရည်တို့ အတားအဆီးမရှိ ကျလာသည်။ 

"ကျွန်တော့်အဖေက ဆိုက်ကား နင်းပါတယ် ဆရာမ။ ကျွန်တော့်အောက်မှာ ညီမလေးနဲ့ ညီလေး နှစ်ယောက် ရှိသေးတယ်။ အဖေ ဆိုက်ကားနင်းတာနဲ့ မလောက်လို့ အမေက ညဘက်ဆို ပြောင်းဖူးပြုတ်၊ မုန့်ဖတ်ထုပ်တွေ လိုက်ရောင်းရတယ်။ အခု အမေ နေမကောင်းလို့ အိပ်ရာထဲ လဲနေတာ တော်တော်ကြာပြီ။ ဈေးမရောင်းနိုင်လို့ ကျွန်တော် ဈေးရောင်းရတာပါ။ အမေက သူ နေပြန်ကောင်းလာရင် မရောင်းခိုင်းတော့ပါဘူးတဲ့၊ ကျွန်တော့် အဖေကို အပြစ်မတင်ပါနဲ့ ဆရာမရယ်၊ အဖေက ကျွန်တော့်ကို မခိုင်းပါဘူး။ ညပိုင်းဆို ဈေးရောင်းရ၊ မနက်ဆို ဆိုက်ကားနင်းရနဲ့ အဖေ ပင်ပန်းလို့ ကျွန်တော် ကူရောင်းပေးတာပါ။ နောက်ဆို ဒီလိုမျိုး မဖြစ်စေ ရပါဘူး ဆရာမရယ်..."

ရှိုက်သံကြားမှ ဗလုံးဗထွေး ထွက်လာသည့် စကားသံက သူမမျက်နှာကို တစ်စုံတစ်ခုနှင့် အရှိန်ခပ်ပြင်းပြင်း ဖြတ်ရိုက်ချလိုက်သလို ခံစားလိုက်ရသည်။ အဖေဖြစ်သူအကြောင်းကို ဂုဏ်ယူ ဝင့်ကြွားစွာပြောနေသည့် မျက်ဝန်းတောက်တောက်လေးကို မျက်ရည်စီးကြောင်းတွေကြားမှ သူမ မြင်လိုက်ရသည်။ အို ... သူမ မျက်ရည်တွေ ကျနေပါလား။ ဘုရား၊ ဘုရား သူမ မှားတော့ မလို့ပါလား။ မိဘအပေါ် သိတတ်သည့်ကလေး အပေါ်ကို မှားယွင်းပြီး အပြစ်ပေးမိတော့ မှာပါလား။ ဒါဆို သူမကရော အသိပညာ နုနယ်သေးသည့် ကလေးငယ်လောက်တောင် မိဘအပေါ် သိတတ်ခဲ့ရဲ့လား။ သမ္မာအာဇီဝနှင့် လုပ်ကျွေးခဲ့သည့်အဖေ့ကို သူငယ်ချင်းတွေရှေ့မှာ ဂုဏ်ယူဝင့်ကြွားဖူးခဲ့ရဲ့လား။ လားပေါင်းများစွာနှင့် သူမ ရှက်ရွံလာမိသည်။ မိဘအပေါ် နားမလည်ခဲ့၊ မသိတတ်ခဲ့သည့်သူမက ဘယ်လိုမျက်နှာမျိုးနှင့် ကလေးတွေအပေါ် ဆုံးမသွန်သင်ရမလဲ တွေးရင်း စိတ်တို့က ဆောက်တည်ရာမရ လွင့်မြောနေသည်။ ကလေးတွေ စာအန်သံကလည်း သူမ နားထဲမှာ မကြားတစ်ချက်၊ ကြားတစ်ချက် ရှိနေသည်။


+++++++++++


"ဟဲ့ နင် ... အိဖြူ မဟုတ်လား"

"ဟယ်၊ နင် ... နင် ဇင်မာနော်၊ ဝမ်းသာလိုက်တာဟာ၊ ငါတို့သူငယ်ချင်းတွေ မတွေ့တာကြာပြီ၊ တွေ့မယ့်တွေ့တော့လည်း ဒီနေရာမှာမှ လာဆုံရတယ်လို့၊ ဝမ်းသာလိုက်တာဟယ်"

သူမနှင့် ဇင်မာက ငယ်ငယ်ကတည်းက ဆယ်တန်းအထိ တွဲလာသည့် သူငယ်ချင်းတွေ ဖြစ်သည်။ မတွေ့ရတာ လေး၊ ငါးနှစ်တောင် ရှိတော့မည်။ တွေ့မယ့်တွေ့တော့လည်း သူမ တာဝန်ကျရာ နယ်မြို့လေးမှာ။ ဒီနေ့မနက် ကျောင်းမှာ အစည်းအဝေးရှိသဖြင့် စောစောထွက်လာ၍သာ လာဆုံမိခြင်း ဖြစ်သည်။

"အမယ် ငါ့သူငယ်ချင်းက ကျောင်းဝတ်စုံတွေ ဘာတွေနဲ့ ဆိုတော့ ကျောင်းဆရာမကြီးတောင် ဖြစ်နေပြီပေါ့ ဟုတ်လား။ ငါကတော့ ကျောင်းလည်းမပြီး အိမ်ထောင်လည်း စောစောကျ၊ ကလေးတွေ တိုးလို့တွဲလောင်းနဲ့ တကယ့် မိန်းမကြီးကို ဖြစ်နေပြီဟေ့"

 "အေးဟ ငါ့ယောက်ျားက အင်ဂျင်နီယာလေ။ ဒီမှာတာဝန်ကျလို့ ငါလည်း ကျောင်းပြောင်းရင်း ဒီမှာ နေဖြစ်သွားတာ"

ဇင်မာ့ပုံစံက သိသိသာသာ ပြောင်းလဲပြီး ရုတ်တရက်ဆို မမှတ်မိချင်တော့။ အရင်က သေးသေးသွယ်သွယ် ခန္ဓာကိုယ်နေရာမှာ ဝဖိုင့်ဖိုင့် ကိုယ်ခန္ဓာ တစ်ခုက နေရာယူနေပြီ။ ဆံပင်ကို ပုံစံမျိုးစုံ လုပ်တတ်သည့် မိန်းမက အခု ဆံပင်အပြောင်းသိမ်းပြီး တစ်ပတ်ရစ် ဆံထုံးကြီးနဲ့ မိန်းမ၀၀ကြီး ဖြစ်လို့ နေလေပြီ။

"ငါ နင့်ကို သိပ်အားကျတာပဲ ဖြူရယ်၊ နင့်အဖေနဲ့အမေရော နေကောင်းရဲ့လား၊ ဦးလေးရော အရင်လို ဈေးရောင်းတုန်းပဲလား။ နင့်အဖေကို ငါတော့ သိပ်သတိရတာပဲ။ ငါတို့ အသုပ်ဝယ်စားရင်လည်း နှစ်ပွဲစာလောက် ထည့်ထည့် ပေးတတ်တယ်၊ တစ်ခါတလေ ပိုက်ဆံမရှိရင်လည်း အလကား ကျွေးသေးတယ်။ နင့်အဖေက နင်နဲ့ နင့်အမေကို သိပ်ချစ်တာပဲနော်။ အရက်လည်း မသောက်တတ်၊ လောင်းကစားဆိုတာလည်း အဝေးကြီး၊ မိန်းမဆိုရင်လည်း နင့်အမေတစ်ယောက်တည်းသာ ရှိတယ်လို့ ထင်တဲ့သူမျိုး၊ ငါ့အဖေများဆို အရက်သောက်တာက တစ်မျိုး၊ လောင်းကစားက တစ်မျိုး၊ ဒီကြားထဲ မိန်းမကိစ္စက ပါသေးတယ်။ အမေဆိုရင်လည်း အဲဒီစိတ်နဲ့ လုံးပါးပါးရင်း အစောကြီးဆုံးသွားတယ်။ ဒါတောင် ငါ့အဖေ အသိတရား မရပါဘူးဟာ အကြွေးတွေတင်လို့ ငါတို့ အိမ်ရောင်းပြီး ဘဝပျက်သွားတာ ပဲကြည့်၊ တစ်ခါတစ်ခါများဆို ငါ တွေးမိသေးတယ်။ နင် သိပ်ကံကောင်းတာပဲလို့။ ဪ ငါ့ယောကျင်္ားကလည်း ဒီမြို့ဇာတိဟ၊ နင်အားတဲ့အခါ ငါတို့ဆီ လာလည်လို့ရအောင် လိပ်စာပေးခဲ့မယ်။ အခု ငါသွားစရာရှိလို့ သွားရတော့မယ်၊ နောက်မှ တို့တွေဆုံကြတာပေါ့ သူငယ်ချင်းရေ ..."

စကားတွေကို တရစပ်ပြောရင်း ထွက်သွားသည့် ဇင်မာ့ နောက်ကျောကို ကြည့်ရင်း အတွေးပေါင်းများစွာနှင့် ကျန်ခဲ့သူက သူမ ကိုယ်တိုင်ပင်ဖြစ်သည်။ အဖေဟာ ဂုဏ်ယူစရာ ကောင်းမှန်း ဘေးကလူတောင်သိပါရဲ့နဲ့ သူမ ဘာကြောင့် မသိခဲ့ရပါလိမ့်၊ သူမ ဘဝမြင့်မားအောင် သမ္မာအာဇီ၀ ကျကျလုပ်ကျွေးခဲ့သည့် အဖေ့အလုပ် အပေါ် သူမ ဘာကြောင့် ရှက်ရွံ့ခဲ့ရတာလဲ။ (တကယ်ဆို အဖေက သူ တတ်နိုင်သည့် နည်းလမ်းဖြင့် ရိုးသားစွာ ရှာဖွေ ကျွေးမွေးခဲ့သည်ပဲလေ) 

ဆိုင်းထမ်းကြီးထမ်းရင်း နွေမိုးဆောင်း ရာသီချိန်တိုင်း အရပ်တကာလှည့် ရောင်းနေမည့် အဖေ့ပုံစံကို မြင်ယောင်ရင်း အဖေ့ကို တွေ့ချင်စိတ် ပြင်းပြလာသည်။ သူမ ခြေဦးလှည့်လိုက်သည်။ ကျောင်းဘက်ဆီသို့တော့ မဟုတ်။ သူမ ပြန်အလာကို ဘယ်တော့မဆို အေးမြ ငြိမ်းအေးစွာ စောင့်ကြိုနေမည့် အဖေ့ ရဲ့နွေးထွေးသည့် အိမ်ဆီသို့။ ဟုတ်သည်ပဲလေ။ သူမ အိမ်ကို မပြန်ခဲ့သည်မှာ တော်တော့်ကို ကြာပြီပဲ။ ကိုယ့်မိသားစုနဲ့သာ လုံးပန်းနေခဲ့ပြီး သမီး ပြန်အလာကို စောင့်မျှော်နေတတ်သည့် အမေအိုကြီးနှင့် အဖေအိုကြီးတို့ကို မေ့ထားခဲ့သည်မှာ ကြာခဲ့ပြီပဲ။။ လေး၊ ငါးလတောင် တစ်ခေါက်တလေ လေးတောင် ပြန်လာဖို့ မတွေးခဲ့သည့် သမီးဖြစ်သူအပေါ် အဖေနှင့် အမေ စိတ်များနာနေပြီလား။


+++++++++++


"အမေ ... အဖေ၊ ဘယ်များသွား နေကြလဲမသိဘူး"

သူမ အိမ်ရှေ့ရောက်ရောက်ချင်း အမေနှင့် အဖေ့ကို ဝမ်းသာအားရ အော်ခေါ်မိသည်။ ဘာသံမှ မကြား။ ရုတ်တရက်ဆိုသလို အကြည့်တို့က အိမ်ရှေ့နံရံပေါ်ကို ရောက်သွားသည်။ အရင် သည်နေရာမှာ သူမရဲ့ ဘွဲ့ဓာတ်ပုံကြီး ရှိနေခဲ့သည်က အသေချာပင်၊ အခု ဘယ်များရောက်သွားပြီလဲ။ အမေတစ်ယောက်တော့ မီးဖိုချောင်မှာ ရှိမှာပဲ အတွေးစီရင်းက အိမ်ထဲဝင်လာခဲ့သည်။ အမေကတော့ ထုံးစံအတိုင်း နောက်ဖေးမီးဖိုခန်းဆီမယ် တကုပ်ကုပ်နှင့် အလုပ်တွေ ရှုပ်နေသည်။ 

"အမေ့ သမီးခေါ်နေတာကြာပြီ၊ ဘာတွေများ လုပ်နေလို့ မကြားရတာလဲ"

"ဟယ်သမီး ညည်း ဘယ်တုန်းက ရောက်တာလဲ၊ အမေက စိတ်ထင်လို့ ကြားတယ်မှတ်နေတာ၊ ညည်းက ကျောင်းဝတ်စုံကြီးနဲ့ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

မတွေ့တာကြာပြီဖြစ်သည့် သမီးဖြစ်သူကို တွေ့လိုက်ရသဖြင့် အမေ့ အသံက ဝမ်းသာလွန်း၍ တုန်ယင်နေသည်။

"အမေနဲ့ အဖေ့ကို သတိရလို့၊ မတွေ့တာကြာလို့ ကျောင်းက ခွင့်ယူပြီး တန်းလာတာ၊ ဒါနဲ့အမေ အိမ်ရှေ့မှာချိတ်ထားတဲ့ သမီးဘွဲ့ဓာတ်ပုံရော ဘယ်ရောက်သွားလဲ"

သူမမေးတော့ အမေ့မျက်နှာ ရုတ်တရက် မှုန်မှိုင်းသွားသည်။ ပြီးမှ 

"အေး အဲဒီပုံကို ငါ သက်သက်ဖြုတ် သိမ်းထားတာ၊ ညည်းအဖေကလေ ညည်းနောက်ဆုံး တစ်ခေါက်လာပြီး ပြန်သွားတဲ့အချိန်ကစပြီး တငူငူ တငိုင်ငိုင်နဲ့ အရင်လို ပြုံးပြုံးရွှင်ရွှင်လည်း မရှိတော့ဘူး။ ငါစကားပြောလည်း ပြောချင်မှပြောတာ၊ တစ်နေ့တစ်နေ့ ညည်းဓာတ်ပုံကိုပဲ ထိုင်ကြည့်နေတာ၊ ငါက သမီးကို သတိရရင် ဖုန်းဆက်ပါလား ဆိုတော့၊ သူဖုန်းဆက်ရင် သမီး စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးသတဲ့လေ။ ငါ့ကို ဖွင့်မပြောပေမယ့် ညည်းကို ဘယ်လောက် တွေ့ချင်နေလဲ၊ သူ့ရင်ထဲ ဘယ်လောက် ခံစားနေရသလဲဆိုတာ ငါသိတာပေါ့အေ၊ ဒီ ဓာတ်ပုံမြင်တိုင်း သူ ပိုခံစားရမှာစိုးလို့ သူမရှိတုန်း ဖြုတ်သိမ်းထားတာလေ။ ပြန်လာလို့များ ညည်းပုံ မတွေ့ရင် ဘယ်လိုနေမလဲမသိဘူး" 

ပြောရင်း အမေငိုလေသည်။ သူမပါ အမေနှင့်အတူ ရောငိုမိသည်။ မိဘနေရာ ရောက်နေပြီး မိဘတွေရဲ့ ခံစားချက်ကို နားမလည်ခဲ့လေခြင်းဟု တွေးရင်း ယူကျူံးမရ စိတ် ဖြစ်ရသည်။ အဖေ့ကို ပိုပြီးတွေ့ချင်လာသည်။

"အမေ၊ အဖေ ဘယ်မှာလဲ"

"ဒီအချိန် ဈေးရောင်းတဲ့အချိန်လေ၊ ဈေးထွက်တာပေါ့။ ဒီအချိန်ဆိုရင်တော့ ညည်းငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းရှေ့မှာ ရှိမှာပေါ့။ ညည်းကို သတိရတိုင်း အဲဒီကျောင်းရှေ့မှာ သွားရောင်းနေကျလေ"

သူမ ငယ်ငယ်ကတည်းက ဆိုင်းထမ်းကို ထမ်းပိုးခဲ့သည့် အဖေ့ပခုံးတစ်ဖက်က အခုဆို အသားမာတောင် တက်နေလောက်ပြီ။ အဖေ့အရွယ် လူကြီးတွေ ဈေးရောင်းနေသည်များ မြင်ရင် သားသမီးတွေက ဘာလုပ်နေလို့ ဒီအရွယ် မိဘတွေ အလုပ်လုပ်နေကြရတာလဲ၊ ဒီအရွယ်ဆို သက်သောင့် သက်သာနေပြီး ဘုရားတရားအလုပ် လုပ်ရမှာဆိုပြီး သူများမျက်ချေးသာ မြင်ခဲ့ပေမယ့် ကိုယ့်မျက်ချေးတော့ ပြန်မမြင်မိခဲ့ပါ လားတွေးမိတော့ ရင်ထဲ တဆစ်ဆစ် နာကျင်ကာ ရှက်ရွံ့လာမိသည်။ 

သူမ ကျောင်းရှေ့ကို အပြေးတစ်ပိုင်း သွားမိသည်။ 

အဖေ့ကို တွေ့ချင်လှပြီ၊ ဟော တွေ့ပါပြီ အဖေရယ်လေ၊ အဝေးက ကြည့်ရသည့် အဖေ့ကိုယ်လေးက သေးသေးညှက်ညှက်လေးရယ်၊ ခြေထောက်အစုံက ဇရာကြောင့် ထင်သည် အကြောပြိုင်းပြိုင်းနှင့် ရှိနေသည်၊ ဝါးခမောက်ကို ခပ်ငိုက်ငိုက် ဆောင်းရင်း သူ့ကိုယ်ခန္ဓာထက် ပိုလေးပုံရသည့် ဆိုင်းထမ်းကြီးကို မနိုင့်တနိုင်ထမ်းလို့ တရွေ့ရွေ့ လျှောက်လာနေသည်ကို မြင်တော့ ရင်ထဲ ဆို့နစ်လာသည်။ အဖေတောင် အိုစာနေပါ ပေါ့လား။ 

သူမကိုလည်းမြင်ရော အံဩပြီး ဝမ်းသာသွားသည့်ဟန်နှင့် ပြုံးရင်း ချက်ချင်းဆိုသလို မျက်နှာလွှဲသွားသည်။ အဖေ သမီးမိုက်ကို နာကြည်းပြီး စိတ်များနာနေပြီလား။ အဖေ့ဆီ အပြေးအလွှားသွားရင်း "အဖေ" လို့ လှိုက်လှိုက်လှဲလှဲခေါ်ကာ အဖေ့ရဲ့ ပိန်လှီနေသည့် လက်မောင်းတစ်ဖက်ကို အားပါးတရ တွဲထားလိုက်သည်။

"ဟဲ့သမီး အဖေ့လက်ကို လွှတ်လေ။ တော်ကြာ ကျောင်းဆရာမကြီးရဲ့အဖေက အရပ်တကာ လှည့်ရောင်းတဲ့ အထမ်းသည် ဆိုပြီး သူများတွေမြင်ရင် ငါ့သမီးလေးကို အထင်သေးပြီး အရိုအသေတန်ပါဦးမယ်"

သူမကို နာကြည်းပြီး မုန်းလို့ပြော တာမဟုတ်မှန်း အဖေ့ရဲ့ တုန်ရင်နေသည့်အသံက သိသာစေသည်။ သူမအတွက် တွေးပေးပြီး ဂရုဏာဒေါသော နှင့်ပြောမှန်း သူမ သိသည်။   သားသမီး အပေါ် အပြစ်မမြင်ဘဲ အရာရာဖြည့် ဆည်းပေးခဲ့သည့် ဒီလူကြီးက သူမ အဖေပါလို့ အားလုံးကြားအောင် အော်ပစ်လိုက်ချင်သည်ဟု တွေးရင်း မျက်ရည်ကြားမှ ပြုံးဖြစ်သည်။ 

"ဘာလို့လွှတ်ရမှာလဲ၊ မလွှတ်ပါဘူး။ ကိုယ့်အဖေလက်ကို ကိုယ်တွဲတာပဲ။ ပြီးတော့ ကျောင်းဆရာမရဲ့ အဖေက ဈေးမရောင်းရဘူးလို့ ဘယ်သူက ပြောလို့လဲ။ အဖေနဲ့ အဖေ့ရဲ့ ဆိုင်းထမ်းကြောင့်သာမဟုတ်ရင် သမီးလည်း ဒီဝတ်စုံကို ဝတ်ရမှာတောင် မဟုတ်ဘူး။ ပြီးတော့ သမီးဘဝလည်း ဒီလိုမျိုး လှပမှာ မဟုတ်ဘူး။ အဖေကလေ ဆိုင်းထမ်းကိုတင် မဟုတ်ဘူး။ သမီး ဘဝကိုပါ မြင့်မားအောင် ထမ်းပေးခဲ့တာ။ အဲဒါကြောင့် အဖေနဲ့ ဟောဒီ ဆိုင်းထမ်းကြီးက သမီးရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ကျေးဇူးရှင်တွေပဲ။ ဒီဆိုင်းထမ်းကြီးနဲ့ အသုပ်ရောင်းတဲ့ အထမ်းသည်ကြီးက ကျွန်မအဖေပါလို့ တစ်လောကလုံးကြား အောင်တောင် အော်ပြောချင်တာ" 

သူမက မျက်ရည်တို့ဖြင့် ဝေ့သီနေသော မျက်လုံးများဖြင့် အဖေ့ လက်မောင်းတစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ဆိုတော့  အဖေက ပြုံးကာ သူမရဲ့ခေါင်းကို ခပ်ဖွဖွပွတ်ရင်း ဆိုလေသည်။ အဖေ့ရဲ့လက်ဟာ တုန်နေသလို အဖေ့အသံသည်လည်း တုန်ယင်နေသည်ကို သူမ ခံစားမိနေသည်။ 

"ငါ့သမီးက ကျောင်းဆရာမကြီးတောင် ဖြစ်နေပြီ။ အခုထိ ကလေးလေးလိုပဲ။ တကယ်တော့ သမီးဟာ အဖေ့ရဲ့ ထမ်းပိုးကလေးပဲ။ သမီးရဲ့ ဘ၀ အမြဲ မြင့်မားနေအောင် ဟော့ဒီ ထမ်းပိုးကလေးလို အဖေ အသက်ရှင်နေသမျှ ထမ်းပိုးပေးထားမှာ" 

သားသမီးအပေါ်ထားသည့် မိဘတိုင်း၏ မေတ္တာသည် ဘယ်အချိန်မဆို လှပကာ အေးမြနေစေဦးမည်။ အဖေ့အတွက်တော့ သူမက ဘယ်အချိန် ကြည့်ကြည့် အမြဲတမ်း ကလေးအဖြစ်နှင့်သာ ရှိနေဦးမည် ထင်သည်။ ပြီးတော့ ဝမ်းသာလွန်းလို့ ထင်ပါရဲ့ မီးခိုးရောင် ခပ်ဖျော့ဖျော့ မျက်ဝန်းတစ်စုံမှာ အရည်ကြည်တချို့က ရစ်သိုင်းလို့။ ညနေခင်းရဲ့ လေပြည်ကလည်း ခါတိုင်း နေ့တွေထက် ပိုအေးမြနေသယောင်။ အိပ်တန်းပြန် ကျေးငှက်တချို့ရဲ့ သီကျူးသံကြောင့် ကမ္ဘာလောကကြီးက အရင်နေ့တွေထက် ပိုမိုလှပနေသည်။ အပြုံး စွက်နေသည့် သားအဖ နှစ်ယောက်လုံး၏ မျက်ဝန်းအိမ်ထဲမှာတော့ မျက်ရည်စတွေက ဝေ့သီလို့ရယ်လေ။ 


ပန်းငုဝါဝါ

(ရသစာစဉ် အတွဲ-၁၊ အမှတ် -၁၁)

Comments