ကိုမောင်ချိုသည် နေထန်းတစ်ဖျားခန့် မြင့်နေပြီဖြစ်သော်လည်း အချိန် ဘယ်လောက်ရှိပြီလဲဟု မော်မကြည့်အားသေးပေ။ အပေါက်တစ်ရာ၊ အဖာက ဗရဗျစ်နှင့် မည်းညစ်၍နေသော သူ့စက်ဘီးတာယာ လေလုံးဖြင့် အလုပ်များလျက် ရှိသည်။
ဒေါက်ခွမရှိသော စက်ဘီးကို နွားသောက်သော ထန်းပင်မြစ်ဆုံ ရေစည်တွင် မှီလျက် နောက်ဘီးတာယာ လေလုံးကို ထုတ်ကာ ရေအင်တုံပဲ့တစ်ခု၊ ကတ်ကြေးတစ်လက်၊ တံစဉ်းတစ်ချောင်း၊ ကော်ရည်တစ်ခွက်၊ လေထိုးပိုက်တစ်လုံးနှင့် နံနက်မိုးမလင်းမီကပင် သူထ၍ ဖာခဲ့သည်။ မီးခွက်သည် မီးငြိမ်း၍ ပြီးသော်လည်း သူ့အနီးမှာ ရှိနေသေးသည်။
သူ့စက်ဘီးလေလုံးမှာ ပေါက်ရာ ဖာရာက များလှသည့်အထဲ ကော်ရည်က နိုင်ငံခြားကလာသည့် မူလပစ္စည်း မဟုတ်ဘဲ တမာဆေးကို ကျိုထားရခြင်း ဖြစ်လေရာ တယ်ပြီး ရေရာသည် မဟုတ်၍ ယခုလောက် ခဲယဉ်းနေခြင်း ဖြစ်ပေသည်။ သို့သော် ကိုမောင်ချိုသည် ဇွဲကတော့ လျှော့တတ်သူမဟုတ်၊ ဒီပစ္စည်းနဲ့ ဒီပစ္စည်းဟာပဲ အရင်ကလည်း ရဖူးတာ၊ ခုလည်း ရတယ်ဟူသော ယုံကြည်ချက်ဖြင့် သဲသဲမဲမဲ ကြိုးစားနေခြင်း ဖြစ်သည်။ သည်အထဲ လေထိုးပိုက် ကျွတ်ကလည်း ခဏခဏ လေချော်တတ်သေးသည်။
ယင်းအခိုက် အိမ်ရှေ့လမ်းမမှ နွားလှည်းတစ်စီး ရပ်သံနှင့်အတူ “ကိုမောင်ချိုရ၊ ခင်ဗျားစက်ဘီးက ခုထိဖာ မရသေးဘူးလား” ဟူသော နှုတ်ဆက်သံကို ကြားရမှ မော်ကြည့်လိုက်မိကာ…
“ဟာ မောင်ခွေး၊ နောက်ချေးချတစ်ခေါက်က ပြန်လာခဲ့မှကိုးကွ…”
“အေးဗျာ၊ ခင်ဗျားကော မြို့သွားဖြစ်ဦးမှာလား…”
“သွားဖြစ်အော် ဒီစက်ဘီး ဖာနေတာပဲကွာ…”
သူသည် စက်ဘီးကို ဆက်ပြီး ဖာမြဲ ဖာနေ၏။ သည်နောက်ဘီးက ခဏခဏ ဒုက္ခပေးနေ၏။ ရှေ့ဘီးကတော့ ဒုက္ခငြိမ်းသွားပါပြီ။ တာယာရော ကျွတ်ရော ချွတ်ပြီး မြင်းလှည်းဘီးက ရော်ဘာတာယာ အဟောင်းတစ်ခုကို ပြုပြင် တပ်ဆင်လိုက်သောကြောင့် ဖြစ်၏။ သို့ဖြင့် ရှေ့ဘီးက ကျွတ်ကို ကောင်းသောအပိုင်းဖြတ်ယူကာ နောက်ဘီးကျွတ်နှင့် ပေါင်းသုံးခဲ့၍ အတော်ကလေး ဟန်ကျနေခဲ့သည်။ ယခုမှ ခဏခဏ ချူချာလာပြန်တော့ ပြည်သူ့ပစ္စည်းဆိုင်မှာ လျှောက်ထားတာ ရလျှင်ရ၊ မရလျှင်တော့ ရှေ့ဘီးလိုပဲ ဆောလစ်ပဲ စွပ်ရတော့မှာပဲဟု မောင်ချို အောက်မေ့မိ၏။ ဂျပန်ခေတ်တုန်းကလိုပေါ့လေ။
ကိုမောင်ချိုသည် ရွာတွင် လယ်ယာခြံမြေလုပ်ငန်း ပါးလျားသော အခါလည်းကောင်း၊ အားသောအခါလည်းကောင်း မြို့သို့သွား၍ ဆေးလိပ်ရုံတစ်ခုမှာ ဆေးရိုးလှော်ခြင်း၊ ဆေးစပ်ခြင်းအလုပ်ကို နေ့စား လုပ်ရသည်။ သူ့တွင် လယ်မြေဝေခြမ်းရေးမှ ၅ ဧက ရထားသော်လည်း ဒီ ၅ ဧက စပါးစိုက်ရုံဖြင့် သူ့အိမ်ဖောင်ဝမ်းစာရေးကို မလောက်ပေ။ ထို့ကြောင့် သစ်ပင်လှဲခြင်း၊ ထင်းခွဲခြင်းကအစ ရရာအလုပ်ကို လုပ်ရသေးသည်။ သူ့ဇနီးနှင့် သူ့သမီးကလည်း ရက်ကန်းစင်ကို ကိုင်ရသေးသည်။
ဆွမ်းတော်ဗျို့
မောင်ခွေး ထွက်သွားပြီးမှ ဒုတိယအကြိမ် ကိုမောင်ချိုကို လှုံ့ဆော်လိုက်သောအသံကား အိမ်ရှေ့ ဆွမ်းခံရောက်လာခြင်း ဖြစ်ပေသည်။ ဒီအခါတော့ ကိုမောင်ချို မနေသာတော့ပါ။ ဆွမ်းခံကျောင်းသားကလေးတွေ လှမ်းကြည့်လိုက်ပြီး “ဟာ … ဆွမ်းခံတောင် ရောက်ပြီ၊ စက်ဘီးကလည်း ဖာမပြီးသေး။ ဒီနေ့ မြို့သွားလို့တော့ဖြင့် မဖြစ်တော့ဘူး” ဟု အားလျှော့လိုက်ကာ ထိုင်ရာမှ ထလိုက်တော့သည်။ ကိုယ်ကို ဘယ်ညာယိမ်း၍ အညောင်းဆန့်လိုက်ပြီး နွားရေစည်ထဲမှ ရေဖြင့် မျက်နှာကို ပွတ်သပ်၍ ခေါင်းတွင် ပေါင်းထားသော ပုဆိုးဟောင်းချွတ်လျက် အိမ်ရှေ့နေရောင်ကာ ကပြင်တွင် ရက်ကန်းစင်၌ ရှိနေသော သမီးထွေးအား…
“လုံမရေ… ငါ့ကွမ်းထုပ်ကလေး ပေးစမ်းဟေ့…”
ကိုမောင်ချိုသည် ကွမ်းမပြတ် ငုံလေ့ရှိသူဖြစ်၍ သူ့မှာ ကွမ်းထုပ် မည်းညစ်ညစ်ကလေး အမြဲရှိသည်။ အထဲတွင် ကွမ်းရယ်၊ ထုံးရယ်၊ ကွမ်းသီးရယ်၊ ဆေးရွက်ရယ်။
ကိုမောင်ချိုသည် သမီးလေး လှမ်းပေးလိုက်သော ကွမ်းထုပ်ကို ထန်းမြစ်ဆုံ စည်နှုတ်ခမ်းပေါ်တွင် တင်ဖြေ၍ ကွမ်းယာရင်း စဉ်းစား၏။
ဒီနေ့ မြို့တော့ မသွားနိုင်တော့ဘူး။ အိမ်လုပ်စရာတွေထဲက တစ်ခုခု လုပ်ရတော့မှာပဲ။ သက်ကယ်ပစ်ဖို့လည်း ရှိ၏။ မိုးဦးကျ ဂုံလျှော်စိုက်ရန် နောက်ဖေးခြံ အမှိုက်ချဖို့လည်း ရှိ၏။ ဟိုပေါက်ပြားရိုး ကျိုးနေတာလည်း ပြန်တပ်ရဦးမည်။ မနေ့ညက ပေါက်လက်စ ထင်းတုံးကော ရှိနေသေး။
သူ့အတွေးမဆုံးမီ ကွမ်းယာပြီး၍ ပါးစပ်ထဲငုံကာ နောက်ဖေးဘက် ထွက်လာမိလျက် ထန်းလက်ခြောက် လေခတ်သံကြားရ၍ ခြံစပ်က ထန်းပင်ပေါ် မော့ကြည့်လိုက်မိတော့မှ အခု ဘာလုပ်ရတော့မည်ကို ဆုံးဖြတ်ချက် ချမိတော့လေ၏။
“ဟာ… မမြင့်ရေ… ထန်းခိုင်ကလေးတွေ သီးလုံးတောင်ပေါ်နေမှ ဒီထန်းပင် တက်မှ ဖြစ်တော့မယ်ဟေ့…”
မီးဖိုချောင်ထဲရှိနေသော သူ့မိန်းမကို လှမ်းပြောလိုက်လေသည်။ မမြင့်ကား သူ့လင် ပြောတာကို ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ ဘာမှ ပြန်ပြောလေ့ မရှိပေ။ ကိုမောင်ချိုကသာ ထန်းပင်ကို လှည့်ပတ်မော့ကြည့်ကာ ဆက်၍ပြော၏။
“ဒီနှစ် ထန်းတော်တော် ထွက်မှာပဲကွ၊ အဆင်သင့်ပဲဟေ့။ ကျေးတောင်စိုက်ရော၊ တောက်တဲ့ခေါင်းရော…”
ထန်းလက်၊ ထန်းခွာကြားမှ ထွက်ပြူစ ထန်းစကလေးသည် ကြက်တူရွေးတောင်ကဲ့သို့ စိမ်းမြနေ၍ ‘ကျေးတောင်စိုက်’ တဲ့။ ထိုကျေးတောင်စအောက်မှ သီးတံ အစွန်ကလေး ပေါ်လာတော့ တောက်တဲ့ ခေါင်းပြူလာသည်နှင့် တူ၍ ‘တောက်တဲ့ခေါင်း ’တဲ့။ ဤမှတစ်ဆင့် ခိုင်တံထွက်ပြီး သီးလုံးကလေးတွေ ပီသလာတော့ ‘သီးလုံးပေါ် ’။
ထန်းမကို ထန်းရည်ချရာတွင် ဤသီးလုံးပေါ်ကစ၍ ကိုင်ရလေသည်။ ထို့ကြောင့် ကိုမောင်ချိုက အဆင်သင့်ပဲဟေ့ ပြောခြင်း ဖြစ်သည်။ ယခု နှစ်စမျှ သီးလုံးပေါ်ကစ၍ထု၊ ဤအခိုင်ကလေးများ လှီးဖြတ်ရတော့ တောက်တဲ့ခေါင်းက သီးလုံးပေါ် ဖြစ်လာမည်။ ကျေးတောင်စိုက်က တောက်တဲ့ခေါင်း ထွက်လာမည်။ ထန်း ၄-၅-၈ စသည် ဤနှုန်းဖြင့် အလျဉ်းသင့် ဖြစ်လာပေသည်။ တစ်ပတ်အတွင်းမှာ ထန်းရည်ကျတော့မည်။
ကိုမောင်ချိုသည် ကာလသား ထန်းတက်သမားတစ်ယောက် ဖြစ်ခဲ့သည်။ ရှေးယခင်က ထန်းပင်ပေါင်း အစိတ်၊ သုံးဆယ် တက်၍ အသက်မွေးခဲ့ဖူးသည်။ ထန်းသမားအလုပ်သည် ဘာပြောပြော ကျေးရွာတွင် ငွေကြေးချောင်လည်၍ မျက်နှာပွင့်လင်းသူ ဖြစ်သည်။
“ထန်းရည်သောက်တတ်တဲ့ လူတွေဆိုရင် ကိုယ့်အောက်ကချည်းပေါ့ကွ၊ ငါ ထန်းပင်ပေါ်နေတုန်း သူတို့က အောက်လာလာပြီး ရဦးမလား၊ တစ်ပုလင်းပေးပါ၊ နှစ်ပုလင်းပေးပါနဲ့ တောင်းရသကိုးကွ၊ ဟဲ… ဟဲ…”
ကိုမောင်ချို၏ ပြက်လုံးရွှင်လုံးကလေး ဖြစ်သည်။ ကျေးရွာတွင် ထန်းတက်ခြင်းအလုပ်ကို ‘အထက်တန်းစားအလုပ်’ ဟူ၍လည်း ပြောတတ်ကြသည်။
ယင်းအလုပ်ကို ကိုမောင်ချို မက်မောခဲ့ပါ၏။ သို့သော် ယခု အသက် ၅၀ ကျော်လာတော့ ဇရာချဉ်းလာသော သူ၏ ခြေလက်အင်္ဂါတို့က ထန်းပင်ပေါင်းများစွာတို့အား ပင်တိုင်းစေ့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ဆင်းတက်ရန်တို့ကို ငြင်းဆိုလာလေသည်။ ထို့ကြောင့် သူသည် ထန်းတက် အသက်မွေးခြင်းအလုပ်ကို စွန့်လွှတ်လိုက်ရကား တစ်နှစ်မှာ တစ်ပင်နှစ်ပင်လောက်သာ ကိုယ်သောက်ဖို့လေးလည်းရ၊ ဟင်းလျာဖိုးလည်းရအောင် ကြိုးပမ်းခြင်း ဖြစ်လေသည်။
ကိုမောင်ချိုသည် ထန်းပင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူ့ဇနီးရှိရာ မီးဖိုချောင်ဆီသို့ ပြန်လာခဲ့ပြီး…
“ပေးစမ်းဟေ့… ငါ့ဓားမ၊ သွေးရဦးမယ်၊ သွေးပြီး မောင်းတက်ဝါး သွားခုတ်ရမယ်…”
ရေကပြင်မှ သူ့ဇနီးလှမ်းပေးသော သူ၏လက်သုံးတော် ဓားမကြီးကို ယူခဲ့ကာ ဓားသွေးကျောက် ထားရာ အိမ်ရှေ့က ထန်းမြစ်ဆုံစည်း အနီးမှာပဲ လာ၍ သွေးလေသည်။ ထိုအချိန်၌ ဝက်ခြံထဲမှ လွှတ်လိုက်ပြီဖြစ်သော ဝက်ကလေးသည် ဤရေစည်အနီးက ကျင်းမှာ လာ၍လူးနေသည်။ သူတို့အိမ်မှာ ဝက်တစ်ကောင်ရှိသည်။
“ဟား… ဗိုလ်ချို၊ သွေးလှချည်လား၊ အနားက စုဗူးဖောက်တော့မလို့လား”
ဝက်ကို ကျေးရွာသားတို့၏ စုဘူးဟုလည်း ခေါ်သည်။
ကိုမောင်ချိုသည် လမ်းကလူကို လှမ်းကြည့်၍…
“ဟုတ်ပါဘူးကွာ၊ ခုနှယ် ဒီစုဘူးဖောက်လို့ ဘယ်လောက်ရမှာလဲ၊ အလွန်ဆုံး နှစ်ဆယ်ထွက်တော့မပေါ့”
“တောက်… ကောင်းတော့ ဒီအရွယ်မှ ကောင်းတာဗျ”
“ဟာ… ဘယ်ပြောကောင်းမလဲ၊ ရေဆူခပ်စားရုံပေါ့” ဆိုပြီးမှ သူ သတိရ၍ “ဪ… အဆင်သင့်ပဲဟေ့ မောင်တင်လေး၊ ငါ မောင်းတက်ဝါး လိုချင်လို့ကွ၊ မင့်အိမ်နောက်ဖေးက ဝါးနက်ရုံမှာ အတက် ကောင်းကောင်းနဲ့ ရှိမယ်လား”
“ရှိပါ့ဗျား… ဘာလုပ်ဖို့လဲ”
“နောက်ဖေးထန်းပင် ကိုင်တော့မလို့ကွ”
“ဟာ… ထန်းရည်တက်ဖို့ဆိုခုတ်၊ ကြိုက်သလောက်သာခုတ်”
“အေး.. ဒါနဲ့ မင်းဘယ်သွားမလို့လဲ”
“တောင်ပိုင်းကို”
“ဒါဖြင့် သာကျော်ကြီးရှာပြီး လွှတ်လိုက်စမ်းကွာ၊ ထန်းပင် မောင်းတက်ဆွဲတော့ သူ့ကူခိုင်းရဦးမယ်”
ကိုမောင်ချိုသည် ဓားကို အားရပါးရ သွေးသည်။ ထန်းကိုင်ရမည်ဆိုတော့ ဓားပြတ်ဖို့ အလွန်လိုသည်။ ဤဓားမ သွေးပြီးနောက် ထန်းလှီးဓားကို ခြေသလုံမွေးကျအောင် သွေးရဦးမည်။ အင်း… ဒီနေ့တော့ မလိုသေးပါဘူး၊ ပထမ အရေးကြီးတာက မောင်းတက်ဝါးခုတ်ပြီး ထန်းပင်ချိတ်ဆွဲဖို့၊ နောက် ထန်းပင်ပေါ်တွင် ခုတ်ထွင်ရှင်းလင်း၍ ထန်းခွာများနင်းဖို့။
ထန်းရည်နင်း
ပေါက်ကင်းတဲ့လဲငုံ
ထန်းဖိုငုံကင်း၊ ထန်းရည်နင်းသည်နှင့်လေး။
စသည်ဖြင့်…။
ထန်းရည်ခံရန်၊ ထန်းခွာတို့ကို နင်းဖြဲ၍ ထန်းစကို ထုတ်ကာ ပြုပြင်ကိုင်တွယ်သည်ကို ရှေးပညာရှင်များက ‘ထန်းရည်နင်း’ သည်ဟု ဆိုကြသည်။ ဤထန်းရည်နင်းသည်ကို တပို့တွဲလဘွဲ့ ဖွဲ့ဆိုကြသည်။ မှန်ပါသည်။ တပို့တွဲလမှာ ထန်းဖိုက အရင် စကိုင်ရသည်။ ထန်းမက ယေဘုယျအားဖြင့် ထန်းဖိုထက် နောက်ကျ၍ တပေါင်းလလောက်မှ ကိုင်ရတတ်ပါသည်။ တပေါင်းလတွင်ကား ထန်းဖိုရော ထန်းမရည်ရော နှစ်မျိုးစလုံး ရလေသည်။
“ဟေ့… တပေါင်းလလို့ ဘာကြောင့် ခေါ်သလဲသိလား”
ထန်းသမားကြီး ဦးမောင်ချိုက ပြောလေ့ရှိပါသည်။
“ထန်းဖိုရည်၊ ထန်းရည်မ နှစ်ခုပေါင်းလို့ ထန်းပေါင်းလ၊ တပေါင်းလလို့ ခေါ်ကြတာကွ… မှတ်ထား”
ကဲ… ဘယ်သူငြင်းချင်သနည်း။
ထန်းသမားကြီး ဦးမောင်ချိုသည် သူ့ဓားကို တစ်နာရီလောက်ကြာကြာ စိတ်တိုင်းကျသွေးပြီးမှ ထိုင်ရာက ထလိုက်ကာ…
“မမြင့်ရေ… ငါ မောင်းတက်ခုတ်သွားမဟေ့” ဟု နှုတ်ဆက်လိုက်၏။ သည်အခါတော့ သူ့မယားချောက စကားပြောလာ၏။
“တော့်နှယ် ဘယ်အချိန်ရှိပလဲ၊ ထမင်းစားသွားပါတော့လား”
ဒီတော့မှ ကိုမောင်ချိုက ထမင်းစားဖို့ သတိရကာ…
“အေး… ဟုတ်သားပဲ၊ ဘာဟင်းချက်လဲဟ”
“ဘာဟင်းချက်နေရမလဲ၊ မြေပုံသီး ငါးပိချက်ပေါ့”
သူ့ချစ်ဇနီးက ပြေပြစ်စွာ ပြန်ပြော၏။
“ကိုယ့်ဒီရာသီမှာ ဒါပဲစားစရာရှိတာ၊ မေးနေရသေး”
ကိုမောင်ချိုက အလျှော့ပေးသံဖြင့်…
“အေးဟာ… နို့ ဘာတို့စရာလဲ”
တို့စရာကတော့ ပြောင်းတန်ကောင်းရဲ့ပေါ့။ ဤတွင် သူ့ဇနီးက ခရာလိုက်ပါ၏။
“ထမင်းပွဲရောက်တော့ ကြည့်တော်”
တောင်ဆုပ်မျှမြင့်သော မည်းညစ်ညစ် ထမင်းစားပွဲဝိုင်းပေါ်တွင် ငါးပိရည် ပန်းကန်လုံးနှင့် ယှဉ်၍ သံပန်းကန်ပြားထဲမှာ ခရမ်းသီးပြုတ်ကလေးများ စုပြုံနေကြသည်။ ခြံထဲမှ နွေခရမ်းဖြစ်၍ ပိုးပေါက်နှင့် ကောက်ချိတ်ချိတ်ကလေးများဖြစ်သော်လည်း မာပြီးချို၍ ငါးပိရည်တို့၍တော့ ကောင်း၏။ သူ အမှတ်ထားမည်ဆိုလျှင် ဒီငါးပိချက်မျိုးနှင့် ခရမ်းသီးပြုတ်မျိုး တို့ခဲ့ရသည်မှာ ထမင်းအနပ်ပေါင်း မရေတွက်နိုင်တော့ပြီ။ သို့သော် ‘တွေ့သမျှစားဟ၊ ရသမျှကြိတ်’ ဟူသော ဆင်းရဲသားဝါဒဖြင့် ကိုမောင်ချိုသည် ဆောင့်ကြောင့်ထိုင်၍ ဟဲလိုက်ရာ ပါးစပ်ထဲ စားလိုက်ဝါးလိုက်ရသည်ဟု တယ်မထင်လှပါဘဲနှင့် ထမင်း နှစ်ပန်းကန်လောက် ပျောက်သွားလေသည်။
ဗိုက်ပြည့်သောအခါ၌ ကိုမောင်ချိုသည် ကြမ်းပြင်ထသွား၍ ရေမှုတ်နှင့်ရေသောက်၊ နောက် ပန်းကန်ဆေးပြီး သူ့ပခုံးပေါ်ရှိ ပုဆိုးနှင့် လက်သုတ်ကာ ထိုပုဆိုးကိုပင် ခေါင်းမှာ ရစ်လိုက်သည်။ ပြီးလျှင် အိမ်ထဲပြန်ဝင်ကာ ကွမ်းတစ်ယာ ယာ၍ ပါးစပ်ထဲငုံ၊ ကွမ်းထုပ်ကို ခါးပိုက်ထဲထည့်ပြီးသကာလ ဓားမကိုဆွဲလျက် အိမ်ပေါ်မှဆင်းခဲ့တော့၏။
“မမြင့်ရေ… ငါသွားပဟေ့၊ သာကျော်ကြီး မှာထားတယ်၊ သူလာရင် ငါ မောင်တင်လေးခြံထဲ ဝါးခုတ်သွားတယ်ပြောလိုက်”
အိမ်ရှေ့ရောက်တော့ ဇနီးအား မှာကြားခဲ့သေးသည်။ ဇနီးသည်ကတော့ ထုံးစံအတိုင်း ဘာမျှ ပြန်မပြောချေ။ သို့သော် ကိုမောင်ချို မောင်တင်လေးခြံသို့ မရောက်မီ နောက်မှ ခြေသံဖုတ်ဖုတ်ကြားရ၍ ကိုမောင်ချို ရပ်ကာ ပြန်လှည့်၍
အသက် ၂၀ ခန့် လူငယ်တစ်ယောက်
“ကိုလေးချို… ကိုလေးချို…”
“ဟ… ဘာလဲကွ မောင်ချော”
“အရှေ့ဘက်တန်းက ဒေါ်ကျော့ခင်အိမ်မှာ ရောင်းဖို့ နွားရောက်နေတယ် ပြောတယ်။ အဲဒါ အမေက နင့်ကိုလေးချိုခေါ်ပြီး သွားကြည့်စမ်းပြောလို့၊ လာပါ ခုသွားကြည့်ရအောင်… ကိုလေးချို မောင်းတက်ဝါး နောက်ပြီး ကျွန်တော်ပါလိုက်ကူခုတ်ပေးမှာပေါ့”
ကိုယ့်ကို အားကိုးတကြီး ဆရာလာ၍ မှီးပြန်တော့လည်း မနေသာ၊ နို့ပြီး ဒီကောင်လေးတွေက နွားအကြောင်းကို ဘာမျှ နားမလည်သေး။ သူတို့ ဒီနှစ် နွားတစ်ကောင် ဝယ်ဖို့လိုနေတာ ကိုယ်ကြည့်လုပ်ပေးမှသာ ဖြစ်တော့မည်။ ကိုယ့်ပေါက်ဖော် သားချင်းကလေးတွေ။
ကိုမောင်ချို နောက်ကြောင်းလှည့်ကာ အရှေ့ဘက်ရွာသို့ ပါသွားရသည်။
“ဘယ်ကနွားတဲ့လဲကွ”
“ထိန်ကုန်းရွာက သူတို့ဆွေမျိုးနွားတဲ့၊ နက်ဖြန် နွားပွဲချသွားမလို့တဲ့”
“မင့်အစ်ကို မင်းကျော်ကော”
“ပျဉ်ပုံကြီးသွားတယ်၊ သူလည်း နွားကောင်းကောင်း နားမလည်သေးပါဘူး၊ ကိုလေးချိုပြီး ပြီးပါတယ်”
“အေး… မလည့်တလည်နဲ့ ငါဝယ်ပေးတဲ့နွား၊ ဘာလေး ညာလေး နတ်သူငယ်သံနဲ့ စာစာ စာစာ လျှောက်ပြောရင်တော့ ငယ်ထိပ် ဓားနှောင့်နဲ့ အထုပဲကွာ”
“အဟီးဟီးဟီး သူပြောဝံ့ပါဘူး ကိုလေးချိုရဲ့”
သို့ဖြင့် တယ်ပြီး မဝေးလှသော ဒေါ်ကျော့ခင် အိမ်ရောက်၍ အဘွားကြီးက မျက်ခုံးပေါ် လက်ဝါးကာ ကြည့်၍…
“ဟဲ့… မောင်ချိုပါလား၊ ဘာကိစ္စလာကြသလဲ”
“ခင်ဗျားတို့အိမ် ရောင်းဖို့ နွားရောက်တယ်ကြားလို့ ဟောဒီ မောင်ချောတို့ဖို့ လာကြည့်တာ”
“ဟယ်… ကူကြီးခြံထဲ ထင်းတိုက်တဲ့ဟယ်၊ ခုပဲ သူငယ်လေးနဲ့ လှည်းတပ် ထွက်သွားကြလေရဲ့၊ လိုက်သွားကြပါလား။ သူတို့ တာခွက အကြော်တဲမှာ ရှိနေဦးမယ်ထင်တယ်”
“လာဗျာ… ကိုလေးချို၊ လှည်းတပ်ထားတုန်း ကြည့်ရတာကောင်းတာပေါ့” ဆို၍ မောင်ချောက တွဲခေါ်သည်ကို မောင်ချို တာလမ်းဘက်သို့ ပါသွားရပြန်လေသည်။
သို့သော် အကြော်တဲတွင် ဒေါ်ကျော့ခင်၏ သူငယ်လေး ငရွေးတို့လှည်း မရှိတော့ချေ။ ခပ်လှမ်းလှမ်းမှာ ဖုံတထောင်းထောင်းသာ မြင်ရတော့၏။
“ခုပဲ ဒုန်းရိုက် ထွက်သွားကြလေရဲ့ကွ…”
မောင်ချောကမေး၍ အကြော်သည် ကိုဘအေးက ပြော၏။
“ဒါဖြင့် ကိုလေးချို ဒီအကြော်တဲက စောင့်နေဗျာ၊ ကျွန်တော် ဟိုမြင်းလှည်းနဲ့ လိုက်သွားပြီး သူတို့ထင်းလှည်းအပြန် မောင်းကြည့်ခဲ့မယ်” ဆိုပြီး မောင်ချောသည် ထွက်စပြုနေသော မြင်းလှည်းပေါ်သို့တက်၍ လိုက်ပါသွားလေသည်။
ကိုမောင်ချိုသည် ဘာမျှမပြောနိုင်ဘဲ ငေး၍ကျန်ခဲ့၏။ အကြော်တဲအတွင်းမှ…
“ဟေ့… လာကွာဗိုလ်ချို၊ အကြမ်းသောက်ရအောင်” ဟူသော အသံကြား၍ ခေါင်းငုံ့ဝင်ရသော တံစက်မြိတ်အောက် ငုံ့ကြည့်လိုက်တော့…
“ဟေ… ကျော်ဆင့်တို့ပါလား၊ မင်းတို့ ဘယ်ကလှည့်လာကြလဲ” ပြောပြီး အထဲဝင်သွား၏။ နောက်တစ်ယောက်က ဖင်ထိုင်ခုံကလေးတစ်ခု ထိုးပေး၍…
“လာဗျ… ထိုင်၊ အကြော် နောက်ထပ်တစ်မတ်ဖိုး ထည့်ပါဦးဗျို့”
“ဟာ… မောင်မြင့်ကြီးလည်းပါလား၊ မင်းအရင်အပတ်က ဝယ်သွားတဲ့နွား… ဘယ့်နှယ်လဲ”
“သင့်ပါတယ်၊ သူ့အဖိုးနဲ့သူ တော်တယ်ပြောရမယ်ပေါ့ဗျာ”
“ကျော်ဆင့်ကော၊ မင်း ဟိုအရင်တစ်နှစ်က ဝက်တစ်ကောင်နဲ့ သက်ငယ်တစ်ရာ အလိုက်ပေးပြီးလဲသွားတဲ့ ဖိုးထိန်ဆီက နွားကလေးကော”
“ထမ်းပိုးကျင့်ပြီကွ၊ ခုမိုးတော့ နောက်လိုက်ကလေး ထွန်ရလိမ့်မယ်၊ အောင်မယ်… နွားကောင်းကလေး ဆရာရဲ့၊ မင်းတို့ အဲဒါလေး ထုစားကြတော့မယ် လုပ်နေတုန်းဆို”
“အေးပေါ့ကွ…၊ မင်း မလာခင်တစ်ညက လက်မတင်ကလေး လိုတော့တာ၊ သတ္တဝါတစ်ခု ကံတစ်ခုဟေ့၊ သူ့ကံပဲဆိုရမယ်ကွ…၊ တို့ လူ ၄ ယောက်အနက် တစ်ယောက်ကစပြီး သနားစိတ်ပေါ်သတဲ့ကွ၊ ထူးထူးဆန်းဆန်း အဲဒီကောင်ဟာ ဟင်းကောင်းဆိုရင် နွားအရှင်တောင် လျှာဖြတ်စားချင်တဲ့အကောင်၊ အဲဒီနေ့ညမှပဲ ဒီနွားလေး သနားစိတ်ပေါ်သတဲ့ကွာ”
“ဒီနွားလေးဆီမှာ ငါ့မြေရှိနေသေးလို့ပေါ့ကွာ…၊ နို့ အဲဒီလူက ရန်ကုန်မှာ နေတဲ့စာရေးဆရာဆို”
“အေးလကွာ… မူလက တို့ရွာသားပေါ့”
“ဒါနဲ့ ဗိုလ်ချို၊ မိုးဦးကျမှ တို့ရွာက ငါဝယ်ထားပေးလိုက်တဲ့ ဝက်နက်ကလေးကော ဟန်ရဲ့လား”
“ဟန်ပါတယ်… အခု နှစ်ဆယ်ထွက်လောက်ရှိပြီကွ”
“ဘယ်တော့ စိတ်ကူးလဲ၊ တို့လည်း အကြောင်းကြားကွာ”
“ဟာ… ဒါလေးတော့ ငါတော်တော်နဲ့ မလုပ်နိုင်ဘူးကွာ၊ နွားဖြစ်အောင်လုပ်ရမယ်၊ အခု ငါ့မှာ နွားတစ်ကောင်တည်းရှိတယ်ကွ”
“ဒါဆို… မင်းရှေ့နှစ် စပါးပေါ်လောက်ပေါ့”
“အေး… ဒီလောက်ဆို ၆၀ ထွက်လောက်မှန်းတာပဲ”
“ဟင်.. ဒီဝက်မျိုး မျိုးကောင်းကွ၊ ၆၀ မအောက်ဘူး၊ ကျော်ကျော်ရမယ်သာ၊ ငါ မင့်မို့ တမင်ရွေးဝယ်ပေးတာပဲ၊ အစားအသောက်ကောင်းတယ်မဟုတ်လား”
“ဟာ… သိပ်ကောင်းတာပဲ၊ ဒါနဲ့ မင့်တူမြကြီးကိစ္စက ရှောင်ရတုန်းပဲလား၊ အချင်းချင်းတွေ ဘယ်လိုကဘယ်လို ဖြစ်ကြတာလဲကွာ”
“ဗိုလ်ချိုရာ… ဒါကတော့ မင့်တူကို မင်းလည်း တတ်နိုင်တဲ့ဘက်က ကူဖို့ ကိုယ့်အချင်းချင်းမို့ ပြောရမယ်ဆိုရင်” အစချီပြီး သူတို့ချင်း နှစ်ကိုယ်ကြား တီးတိုး ပြောကြသည်။ ဤနေရာသည် မြင်းလှည်းဂိတ်ကလေးလည်းဖြစ်၍ ဆိုင်ထဲ ဟိုလူသည်လူ ဝင်ထွက်စားသောက်ကြလျက် သူတို့သာ စကားကောင်းကျန်ခဲ့ပြီး အချိန်သည် ကုန်မှန်းမသိ ကုန်သွားလေရာ၊ နောက်ဆုံးမှ ဗိုလ်ချိုက သတိရ၍…
“ဟ ဘယ်နှနာရီတောင် ရှိသွားပလဲ၊ ငရွေးတို့လည်း ကူကြီးခြံထဲတင်ဆိုရင် ပြန်ရောက်ဖို့ကောင်းတာ ကြာလှပြီ” ဟု ပြောလိုက်သည်၌ ဆိုင်ရှင် ကိုဘအေးက…
“ဟာ… ဗိုလ်ချိုရ၊ ကူကြီးခြံကအပြန်မှ ဝင်မှာတဲ့၊ သူတို့ သဖန်းကုန်း ရောက်အောင် သွားကြဦးမှာတဲ့၊ မင်း ဘာကိစ္စရှိလို့လဲ”
“အဲဒီ လှည်းတပ်သွားတဲ့နွားက ရောင်းဖို့တဲ့ဗျာ၊ ဒါကို မောင်ချောတို့က ဝယ်ဖို့ ကြည့်ပေးပါဆိုလို့”
“ဒါဖြင့် ညမှပဲ သွားကြည့်ပေတော့၊ ဒီကောင်တွေ တော်တော်နဲ့ ပြန်ရောက်မှာ မဟုတ်ဘူး။ ငရွေးရယ်၊ မောင်ချောရယ်၊ နွားနဲ့လှည်းနဲ့ တွေ့သွားကြရင်ဖြင့် အဲဒီနွားရှင်ဟာ နွားမရောင်းရဘဲ အမဲသားရောင်း မပြန်ရ ကံကောင်းပဲ”
ထိုစဉ်၌ သူတို့တဲထဲမှ ထွက်ကြ၍ ကိုကျော်ဆင့်က…
“ဟာ… နေတော်တော် ကျသွားပဟေ့၊ သွားမယ် ဗိုလ်ချို၊ တို့ မနက်ဖြန် နွားပွဲမှာ ဆုံကြဦးစို့၊ မောင်တင့်နွားလေး ဖြစ်မယ်ဆိုရင် တို့အစိတ်ဖိုးတော့ ပျော်ရမယ်ကွာ”
“အေး… ငါလာခဲ့မယ်၊ သွားမယ်။ ငါလည်း မောင်းတက်ဝါးခုတ်မလို့”
တာလမ်းမရွာဘက်အကူးတွင် ဆောက်ချုံကလေးများနှင့် ရိုးနိမ့်အိုင်ကြီးတစ်ခုရှိလေရာ မိုးနှောင်းက သည်နေရာမှာ ကိုမောင်ချိုတို့သားအဖတွေ ငါးပတ်ခဲ့သည်။ ငါးခူ၊ ငါးကျည်း၊ ငါးအိုက် လေးပိဿာအပြင် အထူးသဖြင့် လိပ် ၃ ကောင်။
“ဟိတ်လုံးရယ်ညံ၊ လိပ်သုံးကောင် ဆီပြန်ကြော်လို့” ဟု သူ့သားငယ်က အော်ဆိုခဲ့သည်ကို သတိရမိသည်။ ဒီလိပ် ၃ ကောင်ကို လှောင်၍ ရက်ခြား စားခဲ့ကြသည်။ ကိုမောင်ချိုတို့သည် ရေသတ္တဝါတွင် ငါးဖားထက် လိပ်သားက ပို၍ကောင်းကြောင်း သိကြသည်။ ပြန်သတိရ၍ တံတွေးမျိုမိသေးသည်။ ထိုမှစ၍ ဟင်းကောင်းမြိုးမြိုးမြက်မြက်၊ ပေါပေါလှိုင်လှိုင် မစားရသည်မှာ ကြာပါပကော။ ကိုမောင်ချိုတို့အရပ်သည် နွေအခါ အင်းအိုင်ချောင်းမြောင်းများ ရေဗလာဖြစ်၍ အသားငါး ရှားပါးလှသည်။
ယင်းသို့ မိုးနှောင်းကို ပြန်ပြောင်းတွေးရင်း ကိုမောင်ချို လက်က ဓားမကြီး တကားကားနှင့် လျှောက်လာစဉ် “ဗျို့… ဗိုလ်ပုချို…၊ ဗိုလ်ပုချို…” ဟု သူ့ဆီပြေးလာကြသူ နှစ်ယောက်ကတော့ အသက်ဆယ့်ငါးနှစ်အရွယ် မူလတန်းကျောင်းထွက်ကလေးများဖြစ်၍ ကာတွန်းအောင်ရှိန်၏ မိုဒန် ကာတွန်းခေတ်ကို မီလိုက်ကြသူများ ဖြစ်သည်။
ယခုမှ ဖော်ပြရဦးမည်။ ကျုပ်တို့ဇာတ်လိုက် ဗိုလ်ချိုသည် တောသား လူထွားလူခန့်ကြီး မဟုတ်ပေ။ ပုကွကွ၊ ခြေခွင်ခွင်နှင့် လက်ပြင်ကုန်းကုန်း၊ ခါးဆစ်တိုတို လူဖြစ်သည်။ ထို့ကြောင့် မိုဒန်ပရိသတ်က သူ့အား ဗိုလ်ပုချို နာမည်ပေးကြခြင်း ဖြစ်သည်။ ပြောရဦးမည်၊ အခုန အကြော်ဆိုင်ထဲက ထွက်လာတော့ ကိုမောင်ချိုသည် ညနေစောင်းပြီမို့ ပုဆိုးကို ခေါင်းမှာ မပေါင်းတော့ဘဲ လည်ပင်းသိုင်း၍ ကျောမှာခြုံလာခဲ့သည်။ ဗိုလ်ပုချို၏ ခြုံအင်္ကျီနှယ်မို့ သူ့ကို လူငယ်ကလေးများက ပို၍သဘောကျကာ အနီးသို့ရောက်လာသည်၌…
“ဒီမှာ ဗိုလ်ပုချို၊ ခင်ဗျား ကျုပ်တို့အတွက် နှိမ်နင်းပေးဖို့ ကိစ္စတစ်ခု ရှိနေတယ်”
“ဘာကိစ္စများလဲကွ…”
“ခင်ဗျားလက်က ဓားမနဲ့တော့ အဲဒီကောင်ခေါင်းကို ခုတ်နိုင်မယ် မဟုတ်ဘူး၊ ကိုယ်ကိုခုတ်လည်း သူက မှုမယ် မဟုတ်ဘူး”
ကိုမောင်ချိုက မခံချင်သံဖြင့်…
“ဘာမို့လဲကွ မင်းတို့ကောင်က”
“လိပ်ဗျ… လိပ်… လိပ်…”
ဗိုလ်ချို မျက်လုံးကျယ်ကာ…
“ဟေ့ ဘယ်မှာလဲကွ၊ ဘယ်မှာလဲ ခုရှိပါဦးမလား”
“ရှိပါတယ်၊ ကျုပ်တို့ ဖမ်းထားပါပြီ”
“ဘယ်လောက်ကြီးလဲ”
“ဟောသလောက်ကြီးဗျ၊ သုံးပိဿာလောက်ရှိမယ်”
လက်နှစ်ဖက်ကို ဝိုင်းပြသည်၌…
“ဟာ… အကြီးကြီးပဲ၊ မင်းတို့ ဘယ်ကရသလဲ”
“ခြံမီးရှို့တော့ ထွက်လာတာ”
“ဒါဖြင့် ဇင်းရှောဟေ့… ကျင်းအောင်းလိပ်ပဲ၊ ဒီရာသီ သိပ်ဆူပေါ့ကွာ… တောက်…”
ကိုမောင်ချိုသည် စားချင်စိတ်ဖြင့် တံတွေးမျိုချပြီး တက်ခေါက်လိုက်ရာ
“ခင်ဗျား သိပ် ဒေါသထွက်မနေနဲ့၊ အခု ကျုပ်တို့နဲ့လိုက်ခဲ့၊ ခင်ဗျား တွေ့ရမှာပဲ”
“မင်းတို့ ငါ့ပေးမယ်လား…”
“ဟာ အတူတူချက် စားကြတာပေါ့ဗျာ၊ ကျုပ်တို့က လိပ်မသတ်တတ်လို့ ခင်ဗျား လိုက်ရှာရတာ”
“နို့ မင်းတို့ဘကြီးသာဒင် ရှိသားပဲဟာ…”
“ဘကြီးက သူ အသက်ကြီးပြီ၊ မလုပ်ချင်တော့ဘူးတဲ့…၊ မောင်ချိုသာသွားခေါ်ကွာတဲ့”
“အင်း… ချက်ပြီးရင်တော့ သူစားမယ်ပေါ့လေ…”
“ဒါတော့ လူကြီးပဲဗျ”
ဤမှာဘက်၌ မကျွမ်းကျင်သူတို့သည် လိပ်ဆိုတာ အခွံပစ်ရတာနှင့် ၃ ပိဿာလောက် အကောင်သည် အတွင်းသား ငါးဆယ်သားမျှ ရပါမည်လားဟု အောက်မေ့ဖွယ်ရှိသည်။ စင်စစ် ဒီလို ဇင်းရှောလိပ်ကို (လိပ်မှာ အမျိုးမျိုးရှိသည်) မီးဖုတ်လိုက်သောအခါ၌ အခွံရယ်ဟူ၍ မရှိတော့ပေ။ ကျောကုန်းနှင့်ရင်ဘတ်က ဂုံညင်းပြားသာသာမျှ အာရိုးပြားပါးပါးကလေး နှစ်ချပ်မှတစ်ပါး အားလုံး ပျော့ပျောင်းကာ စားရသော အရာများသာ ဖြစ်ကြကုန်၍ ၃ ပိဿာလောက်ရှိသော ဇင်းရှော (ကုန်း-ရေ နှစ်ဌာနနေသည့်) လိပ်မှာ ညှီလုံး ၄ ခုနှင့် စုစုပေါင်း အစိတ်သားမျှသာ စွန့်ပစ်ရလေသည်။
လိပ်တစ်ကောင်လုံးကို ပျော့အိသွားအောင် မီးဖုတ်ပြီး ဓားနှင့်ခွဲစိတ် ကိုင်တွယ်ရသောအခါ၌ ကိုမောင်ချိုသည် ကောင်ကလေးများအား လိပ်၏ ပေါင်ခြံနှစ်ခုနှင့် ချိုင်းနှစ်ဖက်အတွင်းမှ ညှီလုံး ၄ ခု ထုတ်ပုံကို ပြ၏။ အမဲအဆီတုံးကဲ့သို့ ဝင်းရွှေနေသည်။ ဒါတွေမထုတ်လျှင် လိပ်သားကို မစားနိုင်လောက်အောင် ညှီ၏။
“ဟောဒါက အသည်းကွ၊ ဘယ်တော့မှ မှားပြီး မပစ်လေနဲ့၊ လောကမှာ အဆိမ့်ဆုံး၊ ‘ဖွတ်ဥ၊ လိပ်သည်း၊ ကျွဲနို့ခဲ’ တဲ့၊ ပညာရှိကြီးများက ဆိုခဲ့တယ်”
ထိုစဉ် ကိုသာကျော်ကြီး ရောက်လာကာ…
“ဟာ… ဗိုလ်ချို ဒီမှာကိုး၊ ငါ မင်းမှာတယ်ဆိုလို့ လာပြီး မင့်လိုက်ရှာနေရတာ”
“အေးကွ… ထန်းပင်မောင်းတက်ဆွဲမလို့ဘဲ၊ ဒီနေ့တော့ မဖြစ်တော့ပါဘူးကွာ…၊ နေကတော့ ဝင်သွားပြီ၊ ဒီမှာ ဟင်းရတာနဲ့ကွ”
ကိုသာကျော်ကြီးလည်း ကြမ်းပြင်ပေါ်ရောက်လာကာ…
“ဟော… အကြီးကြီးပဲကွ၊ ဆူလိုက်တာဟာ…”
“အေး… မင်းလည်း ဒီမှာစားပေါ့ကွ…”
“ဟာ… ငါ့ဦးကြီးသာဒင်အိမ် ငါမစားလို့… ဖြစ်မလားကွ၊ ဦးကြီးသာဒင်ကတော့ အသက်ကြီးလို့ ဒါမျိုးစားတော့မယ် မထင်ဘူး”
ယင်း၌ အိမ်ရှေ့ခန်းမှ…
“ဟေ့ သာကျော်၊ ခွေးစကားမပြောနဲ့ကွ”
“ဟဲဟဲ… ဦးကြီးကလည်း”ဟု ရယ်သွမ်းသွေးလိုက်ပြီးမှ…
“ဟေ့… ဒါနဲ့ဗိုလ်ချိုရ၊ ဒီလို ဟင်းကောင်းရှိပြန်တော့လည်း သူနဲ့တွဲဖို့ တစ်ခုလိုမနေဘူးလား”
ဤတွင် ဟင်းကိုင်နေသော ဗိုလ်ချိုက…
“အေး… ငါလည်း ဒါစဉ်းစားနေတာပဲ၊ ဘိုင်စကယ်ဘီးပေါက်လို့ မြို့မသွားနိုင်ကတည်းက ပိုက်ဆံတော့ မရှိတော့ဘူးကွာ…” ဟု ညည်းပြီးမှ
“ရော့ဟာ… ဒါယူသွားပြီး ငပွကြီးဆီမှာ ကြည့်သာလုပ်ခဲ့ပေတော့” ဟုဆို၍ သူ့အိမ်မှ မြနေအောင်သွေးလာခဲ့သည့် ဓားမကြီးကို ပစ်ပေးလိုက်လေ၏။
ခြေမြန်တော် သာကျော်ကြီးသည် ဟင်းအိုးရနံ့လှိုင်၍ အပေါ့အငန် မြည်းရသောအချိန်၌ အရက်တစ်ပုလင်းနှင့် ပြန်ရောက်လာလေသည်။
ထိုည သူတို့ မည်မျှ ထမင်းမြိန်ကြမည်ကို ဖော်ပြစရာ မလိုတော့ပေ။ အလုပ်အလွန်များလှသော ကိုမောင်ချိုသည် ယင်းည အိမ်ပြန်ရောက်သည်၌ နက်ဖြန် ဘာကစပြီးလုပ်ရမည်ကို မစဉ်းစားနိုင်တော့ဘဲ အိပ်ပျော်ခြင်းသို့ ရောက်သွားလေ၏။
(၁၉၆၆ မေလ၊ ငွေတာရီ အမှတ်-၇၁)


Comments
Post a Comment