အလှကို ကျွန်တော်သည် ဆရာမ ဒေါ်ရွှေကြည်၏ ကလေးကင်ပွန်းတပ်ပွဲတွင် တွေ့ရပါသည်။
ကျွန်တော့်ရည်းစား ပျောက်လို့ရှာ…၊
တွေ့ရင် ပြောကြပါ။
သူ့မျက်နှာက ခင်မင်စရာ၊
မှတ်မိတာလဲ သေအချာ။
နှာခေါင်းအောက်မှာလည်း မြင်နိုင်တာ၊
ပါးစပ်မှာလည်း သွားနဲ့ပါ…။
ငွေတစ်ထောင် ပေးပါ့မယ်ဗျာ။
တွေ့ကြရင် လမ်းညွှန်ပါ။
အထက်ပါသီချင်းသွားနှင့် ကျွန်တော် အလှကို စတင်တွေ့မြင်ရပါသည်။
ဂျပန်ခေတ်က ဖြစ်ပါသည်။ စမ်းချောင်း အရပ်တီးဝိုင်းတစ်ခုနှင့် ကပ်ပွန်းတပ်ပွဲကို ဧည့်ခံရာ ဖော်ပြပါ သီချင်းတစ်ပုဒ်ကို ကြားရပါသည်။ ထိုသီချင်းမှာ ဟာသ ရသနှင့် ပြည့်စုံပါပေသည်။ ကျွန်တော် မှတ်မိသလောက် တေးသွားမှာ အထက်ပါမျှ ဖြစ်သော်လည်း တစ်ပုဒ်လုံး ခြုံလိုက်ပါမူ သူ့ရည်းစားမှာ မျက်လုံးနှစ်လုံးပါသည်၊ နားရွက်နှစ်ခုပါသည်။ နှာခေါင်းနှစ်ပေါက် ပါသည် စသည့်ပြက်လုံးများဖြင့် ကြားရသူတို့ကို ရွှင်ပြုံး ရယ်မောစေပါသည်။ “မှတ်မိတာလည်းသေအချာ ပါးစပ်မှာလည်း သွားနဲ့ပါ” တေးအချ၌ အလှနှင့်ကျွန်တော် မျက်စိချင်းတွေ့ကြရာ အပြုံးချင်းလည်း ဆုံမိသည်။ အထူးသဖြင့်… သူ့သွား ပုလဲလုံးလေးတွေက လှလွန်းပါသည်။ “အသားဖြူ မြင်းတစ်ပြေး၊ အသားညို ကွမ်းတစ်ထွေး”ဟု ဆိုရာ ထိုဧည့်ခံပွဲမှာ အလှနှင့် ကျွန်တော်သည် ကြမ်းတစ်ပြေးမှာ ပန်းတစ်ပေးမျှသာ လှမ်းဝေးသဖြင့် ဖြူစင်ဝင်းဝါသော သူ့အသားမှာ မြကြောစိမ်းစိမ်း မွေးနုရှိန်းပင် မြင်နေရပါသည်။
ခါး၊ တင်၊ ရင် အတိုင်းအတာနှင့် မယ်ဘွဲ့ဝင်တို့နှင့် ယှဉ်သော် ကိုယ်လုံးကိုယ်ထည် အချိုးအစားချင်း တူညီရန် မခဲယဉ်းသော်လည်း အလှ၏ အသားရောင် (ဆိုပါတော့ဗျာ) အရေပြားအလှကို မီဖို့ကား ရှားအံ့ ထင်ပါ၏။ ထိုအသားအရောင် ပိုင်ရှင်မျိုးသည် နှုတ်ခမ်းနီ၊ ပါးနီ… မင်ရည်ဆေးတောင့် စသော ‘မိတ်ကပ်’ တွေ ကူညီရန်မလို၊ စိမ်းမှောင်သော မျက်ခုံးအောက်တွင် မည်းနက်သော မျက်လုံး၊ ဝါဝင်းသော ပါးပြင်၊ နီထွေးသော နှုတ်ခမ်းအသွင်တို့မှာ မပြုမပြင်ဘဲ နဂိုယဉ်ပြီး၊ လှပြီး၊ ချောပြီး ဖြစ်နေပါ၏။
ရေကြည်သောက်ရင်… မြင်ရမလောက်ပင် x x အသားတော် ဝင်းလို့ ဝါဝါရီရွှင်… ဆိုသည့် သီချင်းစကားလုံးများမှာ နန်းတော်ရှေ့ဆရာတင်သည် ကျွန်တော့် ‘အလှ’ ကဲ့သို့ အမျိုးသမီးကို မြင်ဖူး၍သာ ဖွဲ့ဆိုနိုင်ခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။
အလှနှင့်ကျွန်တော်သည် တွေ့ကြသော အချိန်မှာ ကျွန်တော့် အသက်သည် ၂၂ နှစ်၊ ပျိုမျစ်နုနယ် ငယ်ရွယ်တုန်းပါ။ အလှအသက်က ၂၀ နှစ်မျှသာ ဖြစ်ပါသည်။
အလှ၏ အမည်ကို အလှဟူ၍ မည်သူကမျှ မပြောပါဘဲနှ့င် အလှကို မြင်သူတိုင်းက အလှဟု ခေါ်မိကြမည်ဖြစ်သည်မှာ ဤမိန်းကလေး၏ ဝမ်းတွင်းပါနာမည်ဟု ဆိုရပါချေမည်။
ကျွန်တော်သည် ဆရာမ ဒေါ်ရွှေကြည်၏ ကလေး ကင်ပွန်းတပ်ဧည့်ခံပွဲ၌ အလှကို မြင်ပြီးကတည်းက သူ့အမည်ကို မည်သူ့အားမျှ မမေးတော့ဘဲ အလှ ဟုပဲ စိတ်ထဲက ရည်မှတ်ခဲ့ရာ အကယ်ပင် သူ့နာမည် အလှ ဟုဖြစ်နေကြောင်း သီတင်းတစ်ပတ်မျှအကြာတွင် သိရပါတော့သည်။
ထိုနေ့က ဆရာမ ဒေါ်ရွှေကြည်သည် ရန်ကုန်သွားရန် စမ်းချောင်း မြင်းလှည်းဂိတ်မှ ကျွန်တော့်မြင်းလှည်းပေါ် တက်စီးရင်း…
“ဟေ့… မောင်ကြင်ဆွေ၊ မင်း ဟိုနေ့က အလှ နောက်ကလိုက်ပြီး သီချင်းဆိုတယ်ဆို”
ကျွန်တော်သည် အလိုလို စိတ်ထဲကသိပြီးဖြစ်နေလျက်၊ သို့သော် ပိုမိုသေချာအောင်…
“အလှ ဆိုတာ ဘယ်သူလဲ ဆရာမ…”
“ဟေ့… ငါ့ကလေး ကင်ပွန်းတပ်ပွဲတုန်းက မင်း မျက်စိကျနေတဲ့ ကောင်မလေးပေါ့ကွာ…”
မှန်ပါသည်။ သူ့ကင်ပွန်းတပ်ပွဲအပြီး ၃ ရက်မြောက်၌ ကျွန်တော်သည် စမ်းချောင်း မြင်းလှည်းဂိတ်မှ ဗဟန်းသို့သွားရန် ခရီးသည် ၃ ယောက်နှင့် မြင်းလှည်းကို တာစူနေစဉ် ကြည့်မြင်တိုင်ဘက်မှ လာခဲ့သော ရထားတစ်စီးတွင် အလှသည် နောက်ပိုင်းမှ ခြေကလေးတွဲလွဲချ စီးလာသည်ကို မြင်ရသည်၌ ကျွန်တော်သည် ကိုယ့်လှည်းလူပြည့်အောင် မစောင့်တော့ဘဲ ထိုလှည်းနောက်မှ ကပ်လိုက်ကာ သူကလေးကြားလောက်ရုံလောက်…
ကျွန်တော့်ရည်စား ပျောက်လို့ရှာ၊
တွေ့ရင် ပြောကြပါ။
မှတ်မိတာ သေအချာ၊
ပါးစပ်မှာလည်း သွားနဲ့ပါ…။
သူကလေးသည် ကင်ပွန်းတပ်ပွဲတုန်းက ပြုံးသည့်နည်းတူ ကျွန်တော့်အား ကြည့်၍ ပြုံးလိုက်ပါသည်။
သည်အကြောင်း ဆရာမဆီက ကျွန်တော်သိရတော့ လွန်စွာ နှစ်ထောင်းအားရဖြစ်လျက်…
“ဆရာမကို ဘယ်သူပြောလဲ… ဟင်…”
“ဘယ်သူပြောရမှာလဲ… အလှက ပြောတာပဲပေါ့ကွ… နောက် မင်းက လမ်းမှာ လူတစ်ယောက် ရပ်တင်တော့ ကျန်ရစ်ခဲ့ရောတဲ့၊ အဲဒီ အလှစီးတဲ့ မြင်းလှည်းသမားက မင်းကို စိတ်ဆိုးသတဲ့၊ ဘာကြောင့်လဲဆို အဲဒီစီးမယ့်လူက ပထမရှေ့လှည်း စီးမလို့ဟာ မင်းကလည်း အလှတို့လှည်း နောက်က ကပ်ရပ်တော့ ခရီးသည်က ‘ဟာ… နောက်လှည်းချောင်တယ်’ ဆိုပြီး တက်စီးတော့… ဟိုလူက စိတ်ဆိုးပြီး မင့်မြင်းမမီအောင် သူ့မြင်း ရိုက်မောင်းသွားတာပဲကွ”
“ဟုတ်တယ်… ဆရာမ၊ အဲဒါ ကျွန်တော့် အမှားပဲ။ တကယ်ဆို ရှေ့လှည်းက လူရပ်တင်ရင် ကျွန်တော် ကျော်တက်သွားရမယ်၊ ဒါပေမဲ့… ဆိုပြီး ကျွန်တော့်မှာ ရှေ့စကားမဆက်နိုင်ဘဲရှိနေရာ လူ့သဘော နောကျေနေပြီဖြစ်သော ဆရာမက…”
“ဒါပေမဲ့… မင်းက အလှနောက်က လျှောက်လိုက်ချင်တာနဲ့ ရပ်လိုက်တယ် ဆိုပါတော့၊ အဲဒါကို အလှကလည်း သိပါတယ်ကွာ၊ ဟေ့… ဒီမှာ မောင်ကြင်ဆွေ၊ အလှကလည်း မင်းကို စိတ်ဝင်စားနေပါတယ်ကွ၊ သူက ငါ့ဘယ်လို စပြောသလဲဆိုရင် ဆရာမအိမ်မှာ တွေ့ခဲ့ရတဲ့ ကောင်လေးက မြင်းလှည်းမောင်းနေရပါလား… သနားစရာလေးတဲ့၊ ဒီတော့… ငါက မသနားပါနဲ့ မယ်မင်းကြီးမ၊ သူ့မိဘတွေက တောမှာချမ်းသာပါတယ်… သူ့ဟာသူ ရန်ကုန်မှာ ပျော်လို့ လုပ်ချင်တာ လုပ်နေတာလို့ ပြောလိုက်တယ်၊ မင်းတို့ချင်း နီးစပ်နိုင်ပါတယ်ကွာ…”
စင်စစ် ရန်ကုန်မှာ အိမ်ထောင်ကျ၍ ကျွန်တော် မြင်းလှည်းမောင်း နေရသည်ကို ဆရာမသည် သိဟန်မတူ၊ သူ ခုနက ပြောသကဲ့သို့ပင် ကျွန်တော်က အပျော်သက်သက် လုပ်နေသည်ဟု ထင်နေပုံ ပေါ်ပါသည်။ ထို့ကြောင့် အလှ၏ နေရပ် အိမ်နံပါတ်ကို ပြောပြပါသည်။ အလှ၏နာမည် အပြည့်အစုံမှာ လှလှကြည် ဖြစ်ကြောင်းလည်း ပြောပြပါသည်။ သို့အတွက် ယင်းသည့်နေ့မှစ၍ ကျွန်တော်မောင်းနေသော ဖောင်းဝတ်မ၏ နာမည်သည် “လှလှကြည်” ဖြစ်သွားပါသတည်း။
* * *
လူ့ဘဝ၌ ကံချင်းနီးစပ်မှုရှိပါက တိုက်ဆိုင်မှုတို့ ဖြစ်တတ်သည်မှာ ဓမ္မတာတည်း။
ပြောရဦးမည်။ ဂျပန်ခေတ်တွင် ဗဟန်းသည် ရန်ကုန်မြို့၏ အစည်ကားဆုံး နေရာဖြစ်သည်။ ရွှေတိဂုံစေတီတော်ကြီး၏ ပတ်ဝန်းကျင်ကိုတော့ မဟာမိတ်တို့က ဗုံးမချဟု ယုံကြည်စွာဖြင့် ဘုရားကြီးပတ်လည်မှာ လူများ စုရုံးနေထိုင်ကြသည်။ ဈေးဆိုင်ကနားတို့နှင့် လွန်စွာ စည်ကားလှ၏။
ကျွန်တော်တို့ စမ်းချောင်းဘက်က လာပါမူ ဘောင်ဒရီလမ်းမှ လင့်ခ်လမ်း ချိုးလိုက်သည်နှင့် ဗဟန်းရွှေမြို့တော်ထဲ ဝင်ရသည်နှင့် တူချေသည်။ ထိုအချိန်က လင့်ခ်လမ်းသည် မြို့တော်လမ်းမကြီးနှင့် တူပေသည်။ အဆောက်အဦ ကြီးကြီးမားမား ခိုင်ခိုင်ခန့်ခန့်နှင့်တော့ မဟုတ်။ ဝါး၊ ဓနိ၊ မြေစိုက်အိမ်များ၊ ဆိုင်များဖြင့် လမ်းနှစ်ဘက်တွင် ပြည့်နှက်လျက်…။ လင့်ခ်ဟိုတယ်၊ ဥက္ကလာဟိုတယ်… စသည်ဖြင့် တရုတ်တန်းနေရာကို ယူထားပေသည်။
တစ်နေ့သော ညနေခင်း၌ ကျွန်တော်သည် လင့်ခ်ဟိုတယ် မျက်နှာစာရှေ့၌ မြင်းလှည်းကို ရပ်လျက် ဟိုတယ်က ထွက်လာမည့် ခရီးသည်ကို စောင့်နေသည်။ အထူးသဖြင့် အညာသား ကုန်သည်များ၊ ထိုစဉ်၌ သူတို့သည် ဂျပန်ငွေစက္ကူထုပ်ကို သင်အူလျှော်ကြိုးဖြင့် ချည်နှောင်သည်ထိ ချမ်းသာကြသည်ဖြစ်၍ ရက်ရောစွာ သုံးဖြုန်းလေ့ ရှိကြပေသည်။ သည်လို အညာသားများ ဟိုတယ်ကထွက်၍ မူးလာကြပြီဆိုပါက ဇိမ်မယ်အိမ်များကို ပို့ခိုင်းတတ်၍ လှည်းခငွေ မြိုးမြို့မြက်မြက် ရတတ်သည်။
ယင်းသို့ အမဲမျိုးစောင့်နေစဉ် ကျွန်တော် မမျှော်လင့်သော အဖြစ်မျိုး ကြုံရသည်။ လင့်ခ်ဟိုတယ်ထဲမှ အမျိုးသမီးတစ်ယောက်က ခပ်သုတ်သုတ်ကလေး ထွက်လာလျက် (အလို… အလှပါလား) ကျွန်တော့်မြင်းလှည်းပေါ် အမြန်တက်ကာ…
“ကိုကြင်ဆွေ… ကိုကြင်ဆွေ… မြန်မြန် မောင်းစမ်းပါ၊ မြန်မြန်မောင်းစမ်းပါ…”
သူ့နောက်က တစ်စုံတစ်ယောက် လိုက်လာသည့်နှယ် (ဟာ… ဟုတ်သပေါ့) ဂျပန်စစ်ဗိုလ်တစ်ယောက်၊ ခါးမှာဗြောက်နှင့် ဓားလွယ်ကြီးနှင့်…
“ဟေး… အလ… အလ…”
ဘာရမည်နည်း။ ကျွန်တော်က မြင်းကို ကြိမ်နှက်၍ထွက်သည်။
“ဟေး… ဘိရမာ… မာစတာ လိုက်မယ်ကဲ…”
သူနောက်က ပြေးလိုက်လာသည်။ သူ့မျက်နှာမှာ အရက်မူးနေပုံလည်း ပေါ်သည်။ အလှမှာ လွန်စွာစိုးရွံ့နေပုံပေါ်လျက်…
“ကိုကြင်ဆွေ… လွတ်အောင်သာ မောင်းစမ်းပါ…”
“စိတ်ချပ…” ဆို၍ ကျွန်တော် မြင်းကို ခြေကုန်သုတ်သည်။ ဂျပန်ကလည်း အလျှော့မပေး၊ အပြေးလိုက်သည်။ သို့ရာတွင် ဘွတ်ဖိနပ်ရှည်ကြီးနှင့် ဖြစ်ရကား မီဖို့ ခဲယဉ်းသည်။ သို့သော် လင့်ခ်လမ်းမှ ဘယ်ဘက် ဘောင်ဒရီလမ်း ချိုးလိုက်သည်နှင့် မျက်နှာချင်းဆိုင်မှ အပြင်းမောင်းလာသော ဂျပန်စစ်ကားကြောင့် ရှေ့က ခပ်ဖြည်းဖြည်း မောင်းနေသော မြင်းလှည်းကို ကျွန်တော် ကျော်မတတ်နိုင်၊ ယင်း၌ ကိုရွှေပန် မြင်းလှည်းပေါ်ရောက်လာပြီး မြင်းဇက်ကြိုးကိုင်နေသော ကျွန်တော့်လက်ကို ဆွဲကာ မြင်းကိုရပ်စေပြီး ကျွန်တော့်ပါးကို ရိုက်ပါတော့သည်။ ထိုစဉ်၌ ကျွန်တော်တို့ဗမာများသည် ဂျပန်စစ်ဗိုလ်၊ စစ်သားများကို ခုခံရရိုးမရှိပါ။ သူတို့ပြုသမျှ ခံရသည်သာ။
သို့သော် အလှ… အလှ…။
အလှသည် သူ့ဖိနပ်ချွတ်၍ ဂျပန့်ပါးကို ဘယ်ပြန်ညာပြန် တီးတော့သည်။ ယင်းမှ ဂျပန်သည် ကျွန်တော့်ကို လွှတ်လိုက်ပြီး အလှကို စေ့စေ့ကြည့်သည်။ မိန်းမသားကိုတော့ ဘာမျှမလုပ်။ အလှက ရိုက်ရင်း သူ့အား ဆင်းသွားရန် ဂျပန်လိုပြောသည်။ အနီးရှိသူများလည်း ဝိုင်းအုံလာကြသည်။ ယင်း၌ ဂျပန်သည် သူကြမ်း၍ မရမှန်းသိပြီး အလှအား ဂျပန်လို ကြိမ်းမောင်း ပြောဆိုပြီး မြင်းလှည်းပေါ်မှ ဆင်းသွားတော့သည်။
သည်တော့မှ ကျွန်တော် မြင်းလှည်းကို ဆက်မောင်းသည်။ ကျွန်တော့်ပါးစပ်မှ သွေးများကို ထွေးထုတ်လိုက်သည်။ ကျွန်တော့်နှုတ်ခမ်းထောင့်မှ သွေးများစို့နေသည်။ အလှက သူ့လက်ကိုင်ပဝါလေးနှင့် သုတ်ပေးလျက်…
“ကိုကြင်ဆွေ… တော်တော် နာသွာသလား…”
ကျွန်တော်က သူ့လက်ကလေးကို ဖယ်စေလျက် ပြုံးရယ်ကာ …
“ယောက်ျားပဲ၊ ဒါလောက်တော့ နာတယ်ဘယ်ခေါ်မလဲ…”
“ကျွန်မကြောင့် ဒီလိုဖြစ်ရတာ… စိတ်မကောင်းလိုက်တာရှင်…”
“အောင်မယ်… ဒါလောက်များ ဘာဟုတ်သေးလဲ… ကျွန်တော်က ဂျပန်ဒဏ်တော့ ဒီလောက်မက ခံဖူးသေးတာပဲ” ဟု အစချီကာ သူစိတ်မကောင်းမှု ပြယ်ပျောက်စေရန် ပြုံးရယ်ကာဖြင့်… ဂျပန် စရောက်ခါစနှစ်၊ ကျွန်တော် မြင်းလှည်းမောင်းခါစတုန်းကပေါ့… ကိုယ်က မြင်းလှည်းလည်း ကောင်းကောင်း မမောင်းတတ်သေး၊ မောင်းရတာကလည်း မြင်းသိုးကလေး၊ သိပ်ပြီးတော့ အာ မာတယ်၊ တော်ရုံတန်ရုံ ဆွဲရုံနဲ့ သူ မရပ်တတ်ဘူး။ ဒါနဲ့… တစ်နေ့ စကော့ဈေး ရှေ့မှာပေါ့၊ ကိုယ်က မြင်းလှည်းမောင်းအသွား၊ ဓားလွယ်ကြီးတွေနဲ့ ဂျပန်စစ်ဗိုလ်ကြီး ၃ ယောက်က ဖြတ်အလာ… သူတို့က ရပ်မပေးဘူး။ မြင်းလှည်းကသာ ရပ်ပေးရမယ်ပေါ့။ ဒါနဲ့ ကျွန်တော်မြင်းကို ဆွဲရပ်တယ်။ ဒါပေမဲ့ မြင်းသိုးလေးက တော်ရုံတန်ရုံ ဆွဲရုံနဲ့ မရပ်တဲ့ကောင်ပေကလား၊ ဂျပန်တစ်ယောက် ဟောဒီမြင်းလှည်း ညာဘက်လက်တံနဲ့ နံစောင်း ပိတ်ထိုးလိုက်တာ တုံးခနဲလဲပါရော….၊ ဒီတော့ သူတို့အားလုံး ခုရား.. ခုရား… ဖြစ်ကြတုန်း လစ်မှပဲဆိုပြီး မြင်းကို တအား ရိုက်မောင်းပါတယ်။ မလွတ်ဘူးဗျို့၊ မလဲတဲ့ ဂျပန်နှစ်ယောက်က မြင်းလှည်းအမိုးကိုင်းကို မိနေတော့ ကျွန်တော်ခံရတာပဲ…။
“ခံရတာမှ မြင်းလှည်းအောက်ကို ဆင်းပေးရတယ်။ လဲသွားတဲ့ ဂျပန်ကြီးက ကျွန်တော့်လက်ထဲက မြင်းရိုက်တဲ့ ထားဝယ်ကြိမ်လုံးလေး ယူပြီးတော့ ပါးကို ဘယ်ပြန်ညာပြန် ချတော့တာပါပဲ။ ကျွန်တော်က မြင်းကိုဆွဲသော်လည်း ဒီမြင်းက အာမာနေတာမို့ ဒီလို မတော်တဆ ဖြစ်ရတဲ့အကြောင်း ဒင်းတို့ နားလည်မလားလို့ အင်္ဂလိပ်လို ပြောဆိုပြီး တောင်းပန်ပါတယ်။ လား… လား သူတို့က ဘာမှ နားမလည်တာလား၊ ကျွန်တော် စကားပြောလေ ပိုရိုက်လေ… ဒီတော့ နံဘေးကလူတွေက ဘာမှမပြောဘဲ ငြိမ်သာခံနေပါဆိုလို့ သူတို့ရိုက်သမျှ အားရအောင် ခံလိုက်ရပါတယ်ဗျာ။ တကတဲ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီကျန်ခဲ့တာပါပဲ… ဟဲ… ဟဲ…”
ကျွန်တော်က ရယ်၍ အဆုံးသတ်လိုက်တော့ အလှသည် ကျွန်တော့်အား ကရုဏာသက်စွာဖြင့် ကြည့်လျက်…
“ဖြစ်မှဖြစ်ရလေ ကိုကြင်ဆွေရယ်”
“ကိုယ့်ဝဋ်ရှိလို့ ခံရတယ် ယူဆရတာပေါ့၊ မြန်မာပြည်ကြီး တစ်ပြည်လုံးတောင် သူတို့လက်အောက်မှာ ခံနေရတယ် မဟုတ်လား”
အလှသည် သက်ပြင်းချလျက်…
“ဒီဂျပန်ကောင်တွေဟာ သိပ်ပြီးမိုက်ရိုင်းတယ်၊ ဘယ်တော့မှ သူတို့လက်အောက်က လွတ်မယ်မသိဘူး”
“တစ်နေ့ လွတ်ရမှာပေါ့လေ၊ ဒါနဲ့ ခုန ဂျပန်ကောင်က…”
“အလှ အလုပ်လုပ်တဲ့ စက်ရုံက စစ်ဗိုလ်လေ၊ ဪ.. ကိုကြင်ဆွေ့ ပြောရဦးမယ်၊ အလှက သူတို့ရုံးမှာ စကားပြန်လုပ်တယ်၊ ဒီကောင်က အလှကို ကြံနေတာ သိသားပဲ၊ ဒီနေ့ သူလုပ်ပုံက ကိစ္စတစ်ခု ပြောစရာရှိလို့ဆိုပြီး သူ့အထက်အရာရှိကို ခွင့်တောင်းပြီး ခေါ်လာတယ်၊ ဒီဟိုတယ်ရောက်တော့ စားသောက်စရာကျွေးရင်း အလှကို ချစ်စကား ကြိုက်စကားပြောပြီး ခပ်ကြမ်းကြမ်း လုပ်လာတာနဲ့ အလှ ထွက်လာခဲ့တာ ကိုကြင်ဆွေနဲ့ တွေ့နေတာပဲ၊ ကိုကြင်ဆွေ့နာမည် အလှသိနေတာ မအံ့ဩဘူးလားဟင်…”
“မအံ့ဩပါဘူး၊ ကျွန်တော်ကလည်း ဆရာမ ဒေါ်ရွှေကြည်ပြောလို့ အလှနာမည် လှလှကြည်ဆိုတာရယ်၊ လမ်းနဲ့ အိမ်နံပါတ်ရယ် သိနေတာပဲ၊ ကဲ ရှေ့ကလမ်း ညာဘက်ချိုးရမယ် မဟုတ်လား”
သို့နှင့် အလှတို့အိမ်ရှေ့ မြင်းလှည်း ရပ်လိုက်သည်။ အလှက သူတို့အိမ်ပေါ်တက်ပါဦးဆို၍ သူ့အမေနှင့် တွေ့ရသည်။ အလှက ယခု ဖြစ်ပျက်လာခဲ့ပုံကို သူ့အမေအား ပြောပြသည်။ သည်တော့ အမေက သူ့သမီးအတွက် ကျွန်တော် ဤကဲ့သို့ ခံခဲ့ရသည်ကို အလွန်စိတ်မကောင်းကြောင်း…
“ဟာ ကိစ္စမရှိပါဘူး ဒေါ်ဒေါ်၊ အလှက အဲဒီဂျပန်ကို ဘယ်ပြန်ညာပြန် ဖိနပ်နဲ့ချလိုက်တာပဲ ကျေနပ်လှပါပြီ၊ ကျွန်တော် စိုးရိမ်တာက အလှ အလုပ်အတွက်”
ဤတွင် အလှက…
“ဒီအတွက် မပူပါနဲ့ ကိုကြင်ဆွေရယ်၊ အလှက ဒီဂျပန် ပါးရိုက်ပြီးကတည်းက အလုပ်ထွက်ဖို့ ဆုံးဖြတ်ပြီးသားပါ”
ထို့နောက် ကျွန်တော်ပြန်မည်ဟု နှုတ်ဆက်သောအခါ အလှက ကျွန်တော့်အား မြင်းလှည်းခ ပေးမည်အပြု၌ ကျွန်တော်က မျက်နှာချင်း စေ့စေ့ကြည့်၍ ခပ်တိုးတိုးအသံနှင့်…
“မလုပ်ပါနဲ့ အလှရယ်၊ တစ်ယောက်တစ်ယောက် အဖိုးအခ မယူတဲ့ မိတ်ဆွေဖြစ်ချင်ပါတယ်”
* * *
“ကဲ… ကိုကြင်ဆွေရေ… အလှကို အဖိုးအခမယူတဲ့ ကူညီမှုတစ်ခု လုပ်ပေးပါဦး”
နောက်တစ်နေ့ညနေ၌ အလှသည် ကျွန်တော့်အား ဗဟန်းမြင်းလှည်းဂိတ်၌ တွေ့၍ ပြောပါသည်။
“ဘယ်လိုကူညီရမလဲ အလှ”
“နက်ဖြန်ခါမနက် ၁၀ နာရီလောက်လေ အလှတို့ အလုပ်လုပ်တဲ့ရုံးကို လိုက်ခဲ့စမ်းပါ”
“လိုက်နိုင်ပါတယ်၊ ဘာကိစ္စ”
“အလှတို့ ဘော့စ် ဂျပန်ကြီးက ကိုကြင်ဆွေ့ တွေ့ချင်လို့တဲ့၊ ကြည့်ချင်လို့တဲ့လား”
အလှက ရယ်မောပြီး…
“အဲဒီစစ်ဗိုလ်ကို ကိုကြင်ဆွေ့ တောင်းပန်ခိုင်းလိမ့်မယ်”
“အောင်မယ်… ဒါဖြင့် ဒီဂျပန်အရာရှိ လိမ္မာသားပဲ”
“အက်ဂျူကိတ်တက်ပဲ၊ အင်္ဂလိပ်လို ကောင်းကောင်းတတ်တယ် ကိုကြင်ဆွေ၊ ဂျင်းတယ်လ်မဲင်းပဲ”
“ဒါဖြင့် တွေ့ကြရတာပေါ့ဗျာ”
“ဒါပေမဲ့ ကိုကြင်ဆွေ ဒီလို မြင်းလှည်းသမား စတိုင်ကြီးနဲ့ မလုပ်နဲ့၊ ဆရာမကလေး ကင်ပွန်းတပ်ပွဲတုန်းကလို ပိုးအင်္ကျီအနက်ကလေးနဲ့၊ ကာကီရောင်ဘန်ကောက်လုံချည်လေးနဲ့ စတိုင်ကျကျဝတ်ခဲ့နော်”
“သည်တော့ အလှကလည်း ဟိုနေ့တုန်းကလိုပဲ ဖက်ဖူးရောင် အင်္ကျီလေးနဲ့ ကြိုးကြီးချိတ်ထမီ အစိမ်းနုဝတ်ခဲ့ပေါ့ ဟုတ်လား”
ကျွန်တော်တို့နှစ်ယောက်သား တစ်ယောက်တစ်ယောက် ကြည့်၍ သဘောကျစွာ ရယ်ကြသည်။
နောက်တစ်နေ့ နံနက်ဝယ် ဖော်ပြပါ အဝတ်အစားများနှင့် ကျွန်တော်တို့နှစ်ယောက်သည် အလှတို့ရုံးရှိရာ ဂိုးလ်ဒင်းဘယ်လီသို့ သွားကြသည်။ ကျွန်တော်သည် မြင်းလှည်းကို ကိုယ်တိုင်မမောင်းချေ။ ကျွန်တော့်မိတ်ဆွေ ကိုသောင်းအား မောင်းခိုင်းသည်။
ခမ်းနားသော အိမ်ကြီး အလုပ်ခန်းထဲ၌ ကျွန်တော်တို့နှစ်ယောက် ဂျပန်အရာရှိကြီး ရှေ့ရောက်တော့ အသက် ၆၀ လောက်ရှိမည့် အဘိုးကြီးသည် စာကြည့်နေသော သူ့မျက်မှန် ချွတ်၍ ကျွန်တော်တို့ကို မော့ကြည့်လိုက်ပြီးနောက် အလှအား ဝမ်းသာသောအသံဖြင့်…
“အိုး ယူဝါ ဖီယန်စီ ဖိုင်းဖိုင်း”
ကျွန်တော့်မှာ ပါးစပ်အဟောင်းသား ဖြစ်သွား၍ စိတ်ထဲမှ ဟိုက်ခနဲ မြည်လိုက်မိသည်။ ဂျပန်ကြီးပြောလိုက်သည့် အင်္ဂလိပ်စကားအဓိပ္ပါယ်မှာ “မင်းနဲ့ လက်ထပ်မယ့်လူ ချောပါတယ် လှပါတယ်…” ဟု ဖြစ်နေ၏။
အလှမှာမူ သူ့အကွက် သူဆင်ထားသည်မို့ ဣန္ဒြေမပျက်ဘဲ…
“သိုင်းကျူးဆာ”
“ဆစ်ဒေါင်း-ဆစ်ဒေါင်း” ဟု ဂျပန်ကြီးကဆို၍ ကျွန်တော်တို့ သူ့ရှေ့က ကုလားထိုင်များတွင် ထိုင်ရသည်။
နောက် အဘိုးကြီးက ဂျပန်လို အော်လိုက်သည်၌ ကျွန်တော့်အား ပါးရိုက်သော ဂျပန်စစ်ဗိုလ် ထွက်လာပြီး ကျွန်တော့်ရှေ့မှာ မတ်တတ်ရပ်ရသည်။
အဘိုးကြီးက အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော့်အား…
“မင်းကို ပါးရိုက်တာ သူဟုတ်လား”
“ဟုတ်ပါတယ်”
“သူ့ကို ပြန်ပြီးတော့ ပါးရိုက်လိုက်ပါ”
ကျွန်တော်က ခေါင်းခါ၍…
“မရိုက်ချင်ပါဘူး”
“ဒါဖြင့် မင်းကိုယ်စား ငါ ရိုက်ပေးရမှာပေါ့” ဆိုပြီး ထိုင်ရာမှထ၍ ထိုဂျပန်အား သူတို့ထုံးစံအတိုင်း ဘယ်ပြန်ညာပြန် ၃ ချက် ရိုက်လိုက်သည်။ ပြီးလျှင် သူတို့ ဂျပန်စကား ဂျပန်အမူအရာဖြင့် အလေးပြုလျက် သူမှားကြောင်း၊ ခွင့်လွှတ်ပါရန် တောင်းပန်သည်။ အလှက ဂျပန်လိုပဲ ပြန်ပြောသည်။
သည်နောက် ထိုဂျပန် ထွက်သွားသောအခါ အဘိုးကြီးက အလှအား “ကောင်းမွန်စွာပဲ အလုပ်ပြန်လုပ်ပါ၊ နောက်ကို ဒီလို မနှောက်ယှက်စေရပါဘူး။ ကျွနု်ပ်တာဝန်ခံပါတယ်”
ထိုကိစ္စပြီး၍ ကျွန်တော်တို့ဂျပန်ရုံးမှ ပြန်လာခဲ့သောအခါ အလှက…
“ကိုကြင်ဆွေ… ဟိုနေ့က အလှပြောခဲ့တဲ့အတိုင်း မနေ့က ထွက်စာတင်တယ်။ အဘိုးကြီးက ဘာ့ကြောင့်လဲမေးလို့ အကျိုးအကြောင်း ပြောပြတော့ အောင်မယ်… သူ့စစ်ဗိုလ်လေး ကောင်းသားပဲ၊ လက်ထပ်လိုက်ပါလား လုပ်နေလို့ အလှလည်း ရုတ်တရက် စိတ်ကူးရရာ အလှမှာ စေ့စပ်ထားတဲ့လူ ရှိပြီးသားပါလို့ ပြောမိရာက နောက်ကြောင်း ခိုင်မာအောင် ကိုကြင်ဆွေကို ခေါ်ပြလိုက်ရတာပဲ။ စိတ်မရှိပါနဲ့နော်…။ ဒီလို အကူအညီပေးတဲ့အတွက်လည်း ကိုကြင်ဆွေ့ကို သိပ်ပြီး ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်စရာ မလိုပါဘူး အလှရယ်၊ ကျွန်တော်က တကယ် ကိုယ့်ကိစ္စအတွက် လိုက်ပြီး ဆောင်ရွက်ရတာလို့ ယူဆ လိုက်ချင်ပါတယ်” ဟု ကျွန်တော့်စိတ်ထဲက ပြောချင်လှသော်လည်း အလှနှင့် ကျွန်တော်အတွေ့က နောက်ကျခဲ့လေပြီ။
ထိုနေ့က ကျွန်တော်တို့သည် အလှအား ကြည့်မြင်တိုင်ရှိ သူ့အိမ်သို့ လိုက်ပို့ပြီး ပြန်လာကြသောအခါ မြင်းလှည်းမောင်းသော ကိုသောင်းက မေး၍ ဇာတ်ကြောင်း ပြောပြသောအခါ သူက အားမလိုအားမရနှင့်…
“ဟာဗျာ… ခင်ဗျားတို့နှစ်ယောက် ညားရင် သိပ်ရှေ့သွားနောက်လိုက် ညီမှာပဲ၊ တကယ်ညားဖို့ ကောင်းတယ်ဗျာ”
“မဖြစ်နိုင်တော့တာပဲ ကိုသောင်းရယ်”
“ခင်ဗျားမှာ အိမ်ထောင်ရှိနေမှန်း သူသိပုံမပေါ်သေးဘူးနော်”
“ကျွန်တော့်ကို လူပျိုထင်နေတာဗျ”
“အေးလေ… ခင်ဗျားကလည်း လူငယ်ကျောင်းသား ရုပ်ကလေး ရှိသေးတာပဲ…”
မှန်ပါ၏။ အကယ်တိ စစ်မဖြစ် ခေတ်မပျက်ဘဲသာရှိပါက ထိုအရွယ်မှာ ကျွန်တော်သည် ကျောင်းသားပဲရှိပါဦးမည်။
ကိုသောင်းနှင့် ကျွန်တော်မှာ မြင်းလှည်းသမား ဘဝကတည်းက နောင် စာရေးဆရာ ဖြစ်သည်အထိ အလွန်ခင်မင်ကြသည်။ ညနေတိုင်း အတူစားဘော်သောက်ဘက် ဖြစ်သည်။ ကိုသောင်းသည် ဖိနပ်ထောင်ဆရာဖြစ်၍ သူ့ဖိနပ်မှာ နွားခေါင်းတံဆိပ်ဖြစ်သည်။ သူအားလျှင် ကျွန်တော်မြင်းလှည်းမောင်းရာကို လိုက်တတ်သည်။ အလှ၏ ချောမောလှပကြောင်းကို တဖွဖွ ပြောသည်။ အလှနှင့်ကျွန်တော် တွေ့ကြသေးလား ခဏခဏ မေးသည်။
အလှနှင့်ကျွန်တော်မှာ သူ အလုပ်သွား အလုပ်ပြန်ရာ၌ ကျွန်တော့်မြင်းလှည်းနှင့် မကြာခဏ ဆုံတတ်ပါသည်။ နောင်၌ တစ်ဦးနှင့်တစ်ဦး စောင့်သည်၊ ကြိုသည်အထိ ခင်မင်လာကြသည်။
၁၉၄၄ ခုနှစ်၊ နွေရာသီ တစ်နေ့သ၌မူ အလှနှင့် ကျွန်တော်သည် တစ်သက်မမေ့နိုင်သော အဖြစ်ကို ကြုံရသည်။
ထိုနွေမှာ အလှသည် အလုပ်မှ ခွင့်တစ်လရ၍ ကန်ဘဲ့ရှိ သူ့အဘွားအိမ်သို့ အတော်ကြာ သွားနေရမည်ဖြစ်သောကြောင့် သူ့ပစ္စည်းများကို ကျွန်တော့်မြင်းလှည်းနှင့် တင်ပို့ရသည်။ သူ့မှာ ကြောင်မလေးတစ်ကောင် ပါလာလေသည်။
ကြည့်မြင်တိုင်နှင့် ကန်ဘဲ့ခရီးကို မြင်းလှည်းတစ်ကြိုးတည်းနှင့် မမောင်းနိုင်ပါ။ လမ်းတွင် ခရီးတစ်ထောက် နားရသည် ဖြစ်သောကြောင့် ကုက္ကိုင်းလမ်းမှ ကန်ဘဲ့လမ်း မချိုးမီ တစ်နေရာဝယ် (အတိအကျတော့ မမှတ်မိတော့ပြီ) ကုက္ကိုလ်ပင်ကြီးတစ်ပင်အောက်၌ မြင်းလှည်းကို ရပ်လိုက်သည်။
ကျွန်တော် မြင်းလှည်းပေါ်က ဆင်းပြီး မြင်းဘေးရပ်ကာ ထုံးစံအတိုင်း လေချွန်၍ မြင်းကိုသေးပေါက်အောင် ပြုလုပ်နေစဉ်…
“အောင်မယ်လေ… လုပ်ပါဦး ကိုကြင်ဆွေ၊ ကြောင်လေး ခုန်ချပြေးပြီ” ဆိုသံကြား၍ ကြည့်လိုက်တော့ သူ့ကြောင်လေးသည် လမ်းဘေးရှိ ခြံဝင်းတစ်ခုထဲသို့ ဝင်ပြေးသည်။ ထိုခြံဝင်းထဲရှိ တိုက်အိမ်ကြီးမှာ ဂျပန်များ နေကြသည်။ ထိုအိမ်နံဘေးမှာ ဂိုဒေါင်တန်းလျားကြီး ဆောက်ထားသည်။ စပါးကျီသဖွယ် အဆင့်နှင့်ဖြစ်၍ အမြင့်မှာ လူလေးဖက်ထောက် တွားသွားနိုင်ရုံ ဖြစ်သည်။
ကြောင်လေးသည် တန်းတန်းမတ်မတ်ပင် ထိုဂိုဒေါင်အောက် ဝင်ပြေးသည်ဖြစ်၍ နောက်မှ ပြေးလိုက်သွားကြသော အလှနှင့် ကျွန်တော်လည်း နှစ်ယောက်ပြိုင်တူ ယင်းဂိုဒေါင်အောက် လေးဖက်ထောက် ဝင်လိုက်ကြရတော့၏။ ဂိုဒေါင်အလယ်လောက် ရောက်လေ မှောင်လေမို့ ကြောင်လေးကို မျက်ခြည်ပြတ်သွားလေပြီ…။
“စီစီမာ… စီစီမာ… လာ-လာ ဘယ်မှာလဲ စီစီမာရယ်”
ဤနေရာမျိုး၌ ကြောင်သည် ခွေးနှင့် မတူချေ။ ကြောင်သည် ပြေးပြီဆိုပါက ကိုယ့်သခင်မှန်း မသိတော့ချေ။ ဘယ်တော့မှ ခေါ်မရတော့ပေ။ လိုက်လေ… ပြေးလေ…။
“စီစီမာ… စီစီမာ”
အလှသည် ကြေကွဲသော အသံလေးနှင့် ဟိုဟိုဒီဒီ လေးဖက်ထောက် လျှောက်ရင်း အကြိမ်ကြိမ် ခေါ်သည်။ သို့သော် ကြောင်လေး၏ ပြန်ထူးသံလည်း မကြားရ၊ တွေ့လည်း မတွေ့ရချေ။
ကျွန်တော်သည် သူ့နံဘေးက လေးဖက်ထောက်၍ နှစ်ယောက်ယှဉ်ကာ လိုက်သွားသည်။ အမှောင်ထုဖြင့် လူချင်းမှာ ဝါးဝါးသာ မြင်ရလျက် သူ့ကိုယ်ရနံ့သာ ကျွန်တော့် နှာခေါင်းမှာ ကြိုင်ထုံနေသည်။
ဂိုဒေါင်အောက် မှောင်ကြီးမည်းမည်း၌ ကြောင်အတွက် စိတ်ဇောဖြင့် ပါးစပ်က တစာစာခေါ်ရင်း လေးဖက်ထောက် လျှောက်၍ တော်တော်မောသွားမှ သူ ကြောက်ရမှန်းသိလာလျက် ကျွန်တော့်ကို အားကိုးသောအသံနှင့်…
“ဟင်… ကိုကြင်ဆွေ… အလှအနားမှာ ရှိရဲ့လား”
“ရှိပါတယ်…” ဟု အသံပြုကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတော့မှ ကျွန်တော်၏ အရောင်လက်သော မျက်လုံးနှစ်စုံ ဆုံမိကြသည်။
ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်ခုန်လာသည်။ သူလည်း ထို့အတူ နေလိမ့်မည်သာ။
တစ်ဦးကိုတစ်ဦး စေ့စေ့ကြည့်လျက် ခေတ္တမျှ စကားပြတ်နေပြီးမှ…
“ဟင်… မှောင်လိုက်တာ ကိုကြင်ဆွေရယ်…”
“ဟုတ်တယ်…. အလှ…”
“အလှကြောင်လေးတော့ ပြန်ရတော့မှာ မဟုတ်ဘူး။ ဘယ့်နှယ်လုပ်မလဲ…”
“ကြောင်ဟာ ဒီလိုပဲ… မတတ်နိုင်ဘူး၊ ဒီမှာ ကျွန်တော်တို့ ကြာကြာနေလို့မကောင်းဘူး၊ ဒါ ဂျပန်တွေနေတာ”
သူကရှေ့မှ၊ ကျွန်တော်ကနောက်မှ ကလေးတွေများ ဆင်လုပ်တမ်း ကစားကြသကဲ့သို့ အမြန်လေးဖက်စိုင်းထွက်ခဲ့ကြသည်။ ဒူးတွေ လက်ဖဝါးတွေကိုနာရော။
အပြင်ရောက်၍ မတ်တတ်ရပ်လိုက်ကြသော် ဂျပန်ကြီးတစ်ယောက် ပက်ပင်းတိုးနေသဖြင့် ကျွန်တော်တို့မှာ မျက်လုံးပြူး၍ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သို့သော် တော်ပါသေး၏။ ထိုဂျပန်မှာ စစ်သားမဟုတ်၊ ကုန်သည်ပိုင်းမှ ယဉ်ကျေးသူဖြစ်၍ အတော်မြန်မာရည်လည်နေရကား ကျွန်တော်တို့ နှစ်ယောက်အား စေ့စေ့ကြည့်ပြီး ပြုံးကျဲကျဲမျက်နှာနှင့်…
“အား မာစတာ မြင်တယ်က၊ ရည်းစား ဒီမှာ လာတွေ့ကြတယ်… ကောင်းတယ်ကား” ဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို့မှာ သူ့ကို မည်သို့မျှ မထုချေတော့ဘဲ ခေါင်းငိုက်စိုက်နှင့် လစ်ခဲ့ကြတော့သည်။
ကျွန်တော်တို့ကိုယ်များမှာ ပင့်ကူမြှေးတွေ၊ ဖုန်တွေ၊ ချွေးတွေနှင့် အဝတ်များလည်း နွမ်းကြေနေကြသည်။ ဂျပန်ကား ကျွန်တော်တို့ကို ကြည့်ကာ ကျယ်လောင်စွာရယ်မော၍ ကျန်ခဲ့ပေ၏။
ကျွန်တော်တို့ မြင်းလှည်းပေါ်သို့ ရောက်ကြသော်… တစ်ယောက်ကိုတစ်ယောက် ဘာမှ မပြောနိုင်ကြတော့ဘဲ ကျွန်တော်က မြင်းကိုသာ ခပ်မြန်မြန် မောင်းခဲ့တော့၏။ အလှက သူ့ကိုယ်မှ ပင့်ကူမြှေးတွေ၊ ဖုန်တွေကို သုတ်သင်သည်။ ကျွန်တော်ကိုယ်ကိုလည်း သုတ်သင်ပေးသည်။
ထိုစဉ် သူရှိုက်သံကြားရ၍ ကျွန်တော်လှည့်ကြည့်တော့ သူ့မျက်နှာမှာ မျက်ရည်စတွေနှင့်…
“ဟင်… အလှ ငိုနေတယ်၊ ငိုပါနဲ့ကွယ်…”
“အလှကြောင်လေးတော့ ဒုက္ခရောက်တော့မှာပဲ…”
“သူ့ဟာသူ သွားချင်လို့သွားတာ ဘာလို့ ဒုက္ခရောက်ရမှာတုံး”
“သူ့ဘယ်သူက အစာကျွေးမလဲ”
“အောင်မယ်လေး၊ အဲဒီဂိုဒေါင်ထဲမှာ ကြွက်တွေအပြည့်ဗျာ…”
“အလှ… သူ့ကို သိပ်ချစ်တာ၊ ညဆို အတူတူအိပ်တာ…”
“နားမငြီးဘူးလား၊ ကြောင်များအိပ်ရင် တဂွီးဂွီးနဲ့၊ ရေနွေးအိုးဆူသလို မြည်နေတာ…”
“အလှကြောင်က အဲလို မမြည်ပါဘူး…”
“မညာပါနဲ့၊ ကြောင်မှာ မမြည်တဲ့ကြောင်ရှိမလား၊ ကဲ တိတ်ပါ၊ မျက်ရည်စတွေ သုတ်ပစ်၊ ပေါင်ဒါပြန်ရိုက် ပျောက်သောကြောင် ကြာရင်မေ့ပေါ့…”
သူသည် ကျွန်တော်ပြောသည့်အတိုင်း လက်ပွေ့အိတ်ဖွင့်၍ တို့ဖတ်ရိုက်ရင်း…
“မေ့ပါဘူး… မေ့ပါဘူး… အလှကြောင်တော့ ဘယ်တော့မှ မမေ့ဘူး”
“ကဲ… ဒါဖြင့် ကြောင်အစားယူမလား…”
“အလှကြောင်နဲ့ အမွေးရောင်ချင်း တူတာရှိလို့လား…”
“အလှ လိုချင်တယ်ဆိုရင် မတွေ့တွေ့အောင် ရှာပေးမယ်လေ ယူမလား…”
“ကိုကြင်ဆွေပေးရင် ယူချင်တယ်…”
အဆင်သင့်ပင် ကျွန်တော့်မိတ်ဆွေ မြင်းလှည်းသမား ကိုမြတ်သာအိမ်တွင် ဒီအရောင်မျိုး ကြောင်တစ်ကောင် တွေ့ရသည်နှင့် အရက်တစ်ပုလင်းနှင့်လဲပြီး ယူသွား၍ ပေးလိုက်သည်။ သို့သော် အလှ ပျောက်သွားသော ကြောင်က စီစီမာတဲ့၊ အောင်မလေး။ ကျွန်တော်… ယူသွားတဲ့ကောင်က အထီးဖြစ်နေ၏။ သို့ရာတွင် အလှသည် အထီးလား၊ အမလား မေးမနေဘဲ သူ့ယခင်ကြောင်နှင့် အမွေးရောင်ချင်း တော်တော်တူပါတယ်ဟုဆိုပြီး ဝမ်းသာအားရ ယူထားလိုက်ပါ၏။
ယင်းသည် ၃-၄ လအကြာ တစ်နေ့သ၌ အလှသည် ဗဟန်းမှအပြန် ကျွန်တော့်လှည်းပေါ် ပါလာခဲ့သည်။ အားအားရှိ ကျွန်တော့်လှည်းနှင့် လိုက်လေ့ရှိသော ကိုသောင်းက မြင်းကိုမောင်းသည် ဤမြင်းမနာမည် “လှလှကြည်”ဖြစ်ကြောင်း ကိုသောင်းကသိသည်။ ဘာကြောင့် ဤနာမည်ပေးသည်ကိုလည်း ကျွန်တော်က ပြောထားပါသည်။ သို့ရာတွင် ကိုသောင်းသည် ယခုမြင်းလှည်းပေါ်၌ ၎င်းနာမည်ရှင်ပါလာသည်ကို သတိမေ့လျော့သွားကာ အခြားမြင်းလှည်းတစ်စီးက နောက်မှကျော်တက်မည်ပြုသည်ကို သူက ကျော်တက်မခံဘဲ မြင်းမကျောကို ဇက်ဖျားခတ်လိုက်ကာ…
“လှလှကြည်တဲ့ကွ… ဘာရမလဲ လှလှကြည်… သမီးဆွဲလိုက်စမ်း…”
ယင်း၌ ကျွန်တော့် ကျောနောက် ကပ်ထိုင်လာခဲ့သော အလှသည် ကျွန်တော့် အင်္ကျီလက်မောင်းစကို ဆွဲကာ…
“ဟင်… ကိုကြင်ဆွေ့ မြင်းမနာမည်က…”
အခြားသူများ နားမလည်အောင် ကျွန်တော်က အင်္ဂလိပ်ဘာသာဖြင့် ‘မင့်နာမည် ယူမှည့်ထားတာပဲ…’
သူကလည်း (မျက်လုံးလေးများ တောက်ပကာ) အင်္ဂလိပ်လို “ရှင့်နာမည်ကော ဒီလို တိရစ္ဆာန်ယူမှည့်ရင် စိတ်ဆိုးမှာလား…”
“ကိုယ့်ကို သဘောကျလို့ မှည့်တယ်ဆိုရင် ဝမ်းတောင် သိပ်သာပစ်လိုက်မှာပေါ့…”
“ဒါဖြင့် သာပေရော့… အရင် ရှင်လာပေးတဲ့ ကြောင်လေးနာမည်ဟာလေ…”
* * *
ဪ… အလှ၊ အလှ၊ ကျွန်တော်နှင့်အလှ။ ကျွန်တော့်မြင်းမကို သူ့နာမည်မှည့်၊ ကျွန်တော့်နာမည်ကို သူ့ကြောင်…။
သူ့ရုံးက ဂျပန်အရာရှိကြီးကို သူနဲ့ကျွန်တော် လက်ထပ်တော့မယ့် သမီးရည်းစားပါတဲ့။ ကုက္ကိုင်းလမ်းမှာ ဂိုဒေါင်နားတွေ့ခဲ့ရတဲ့ ဂျပန်ကြီးကလည်း ကျွန်တော်တို့ကို ဒီလိုပဲသမုတ်။
တစ်ယောက်တစ်ယောက် ချစ်လိုက်ကြသည်ကလည်း အမှန်။ သို့သော် သူနှင့်ကျွန်တော်သည် ညားရန် ဖူးစာမပါခဲ့ပါ။ သူ့ရုပ်လှသည်နှင့်အမျှ အသက်ကလည်း တိုခဲ့ပါသည်။
၁၉၄၅ ခုနှစ်၊ မဟာမိတ်တို့ နောက်ဆုံးအကြိမ် ရန်ကုန်မြို့ကို ဗုံးကြဲသောအခါတွင်…
အေးဥဩဆွဲသည်နှင့်တစ်ပြိုင်နက် ကြည့်မြင်တိုင်ဘက် အလှတို့နေသော အကွက်ဟု ကြားသည်နှင့် ကျွန်တော်သည် ကိုသောင်းကိုခေါ်ကာ မြင်းလှည်းမောင်း၍ ထွက်ခဲ့သည်။
အလှတို့အတွက် မဟုတ်ပါစေနှင့်၊ ဟုတ်သည့်တိုင်အောင် အလှတော့ လွတ်ကင်းပါစေ။
သို့သော် ကျွန်တော့်ဆုတောင်း တစ်ခုမျှ မပြည့်ခဲ့ပါ။ မီးလောင်ဗုံးဖြစ်သည့်အားလျော်စွာ သေလိုက်ကြသည့်လူတွေ အတုံးအရုံး၊ အိမ်တွေရော သစ်ပင်တွေပါ ငုတ်တိုတွေဖြစ်နေကြသည်။ ဘယ်သူ့အလောင်း ဘယ်မှာမဆိုထားနှင့်၊ ဘယ်သူ့အိမ်ဟာ ဘယ်မှာဆိုတာကိုပင် မခန့်မှန်းနိုင်။ ညှော်နံ့ကလည်း ပြင်းထန်လှပါဘိတောင်း။
မီးသတ်ကားများနှင့် အလောင်းတင်ရအောင် လာသော ဆေးရုံကားများနှင့်၊ ငိုယိုနေကြသော ဆွေမျိုးသားချင်းများနှင့် ယောက်ယက်ခတ်နေကြသည့်အကြား ကျွန်တော်ဆင်းသွားတော့ အလှ၏အမေက…။
“အောင်မယ်လေး မောင်ကြင်ဆွေရဲ့…၊ ဟောဒီမှာ… မင်းအလှအလောင်းကွဲ့…”
အလိုလေး ကြည့်ရက်စရာ မရှိပါလားဗျာ။ ဗုံးဆန်လည်း မှန်ထားတယ်။ မီးလည်းလောင်ထားတယ်။ ညိုမဲတွန့်ခွေလို့ ပါးတစ်ခြမ်းကလည်း ပဲ့နေလေတော့…
“ကျွန်တော့်ရည်းစား ပျောက်လို့ရှာ၊ တွေ့ရင်ပြောကြပါ။ မှတ်မိတာလည်းသေအချာ ပါးစပ်မှာလည်းသွားနဲ့ပါ…”
“မောင်ကြင်ဆွေရဲ့ သူက တနင်္ဂနွေနေ့မို့ အိမ်မှာနေတယ်၊ အမေကတော့ ဈေးသွားနေလို့၊ အောင်မယ်လေး ငါ့သမီးနဲ့အတူ လိုက်မသွားရဘူးကွဲ့… မောင်ကြင်ဆွေရဲ့၊ မင်းကို သူသိပ်ချစ်တယ်ကွဲ့။ မင်းပေးတဲ့ ကြောင်လေးကို ဘယ်လိုခေါ်တယ်မှတ်သလဲ။ ‘ကိုဆွေ’တဲ့၊ မင်းပါးစပ်က သွေးစသုတ်ပေးရတဲ့ လက်ကိုင်ပဝါလေးလည်း သူ တရိုတသေ သိမ်းထားရှာတယ်။ အို… မင်းကို သူ သိပ်ချစ်ရှာတယ်ကွယ်၊ ကိုကြင်ဆွေက အလှကို ဘယ်နေ့ လက်ထပ်ဖို့ပြောမလဲ မသိဘူး၊ တစ်နေ့တော့ ပြောမှာပဲ… ပြောမှာပဲနဲ့၊ အခုတော့ မင်းမပြောတော့ဘူးမဟုတ်လား…”
အမေကြီးသည် ကျွန်တော့်အားဖက်၍ ငိုပါတော့သည်။ ကျွန်တော့်မှာ မျက်ရည်တွေတွေ ကျရပါသည်။ ကျွန်တော်နှင့် အဖော်လိုက်ခဲ့သော ကိုသောင်းလည်း မျက်ရည်စို့ရပါသည်။
ကိုသောင်းသည် ၁၉၄၉ ခုနှစ်၌ အဆုတ်အအေးမိသောရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ပါသည်။ အလှအမေကြီးကား သူ့သမီးဆုံးပြီး သိပ်မကြာခဲ့ချေ။ လှလှကြည်ဟု နာမည်ပေးထားသော ကျွန်တော့်မြင်းမလည်း ထိုနှစ်မှာပင် ဂျပန်တွေမြင်းသိမ်းမည်ဆို၍ မှော်ဘီလှပဒါးရွာသို့ပြေးရင်း ဟိုရောက်တော့ အမောလွန်ပြီး သေရှာပါသည်။ ဟိုကြောင် မောင်ကြင်ဆွေမှာမူ အလှနှင့်အတူပဲ ဗုံးချရာမှာ မီးသွေးတုံးဖြစ်သွားပါသည်။
ဪ… သတ္တဝါမှန်သမျှ သင်္ခါရချည်း။ ကျွန်တော်လည်း တစ်နေ့ သူတို့နောက် လိုက်ရချေတော့မည်။
မလိုက်မီ ယခု ဤစာရေးနေချိန်ဝယ် လွန်ခဲ့သော ၂၄ နှစ်ကျော်က အလှ၏ မသေမီ ချောမောသော ရူပါဣဋ္ဌာရုံကိုလည်းကောင်း၊ မီးလောင်ဗုံးထိသေပြီးသော အလောင်းကောင်၏ အနိဋ္ဌာရုံကိုလည်းကောင်း မျက်စိတွင် ထင်မြင်၍ ဆင်ခြင်မိတော့ အလှကို လွမ်းဆွတ်တသသော စိတ်နှင့် ကျွန်တော် အလှကို ရှာဖွေတွေ့မိလေ၏။
ဪ… အလှသည် အရေပြားပေါ်တွင်သာ ရှိ၏တကား။ အရေပြားအောက်၌မူ အဆီ၊ အသွေး၊ အကြော၊ အရိုး၊ အရိ၊ အရွဲ စသည့် ၃၂ ကောဋ္ဌာသ သာတကား။
(၁၉၆၉၊ ဧပြီလ စန္ဒာမဂ္ဂဇင်း)
□


Comments
Post a Comment