အချစ်ဦးမို့ … ရူးခဲ့ဖူးသည် @ ပန်းငုဝါဝါ


သည်နေရာကို ဘယ်သောအခါမှ ခြေမချဖြစ်တော့ဘူးရယ်လို့ သူ မှတ်မှတ်ထင်ထင် ရှိခဲ့ဖူးသည်က ဆယ်နှစ်ကျော် ရှိခဲ့ရောပေါ့။ သူ အရင် ဖြတ်လျှောက်နေကျ လမ်းလေးက အရင်လို မြေနီလမ်းကလေး မဟုတ်တော့သလို မိုးရာသီရောက်တိုင်း ဘောလုံးကလေးတွေ ချိတ်ဆွဲထားသလို တစ်ပင်လုံး ဝါထိန်နေအောင် ပွင့်နေတတ်သည့် ဘောလုံးပန်းပင်ဟု ခပ်လွယ်လွယ်ခေါ်တတ်ခဲ့သည့် မအူပင်ကြီးလည်း ရှိမနေတော့။

ကွန်ကရစ်အပြည့် ခင်းထားလေသည့် လမ်းသစ်ကလေး ဖြစ်နေပေမယ့် သူ့ ခြေလှမ်းတွေက အနှစ်နှစ် အလလက ဖြတ်လျှောက်ဖူးသူမို့ ယိမ်းယိုင်သွားခြင်းမရှိ တစ်စုံတစ်ရာက ညှို့ငင်နေသလို။ သည့်အရင်တုန်းကတော့ ကားနှစ်စီးစာသာသာ သွားလို့ရလေသည့် လမ်းမကြီးထက်မှာ အခု ဆိုင်ငယ်တချို့ နေရာယူထားကြလေပြီ။ ဟောဟိုနေရာက သူနှင့် ငယ်ငယ်တို့ ဘောလုံးပန်းလေးတွေနှင့် ပစ်ပေါက်တမ်း ကစားခဲ့သည့်နေရာ။ ဟောသည့်နေရာက သူ ငယ်ငယ့်ကို စက်ဘီးအစီး သင်ပေးခဲ့လေသည့် နေရာ။ "ကိုကိုရေ လက်မလွတ်လိုက်နဲ့နော်" ဆိုသည့် ငယ့်ငယ့်စကားကို မကြားဟန်ပြုရင်း လက်လွတ်လိုက်သည့်ခဏ အရှိန်နှင့် ထွက်သွားလေသည့် စက်ဘီးက ထိုးထိုးထောင်ထောင် ရှိနေသည့် အုတ်ခဲအပိုင်းအစကိုတိုက်မိရင်း စက်ဘီးအစီးသင်စ ငယ်ငယ်နှင့် စက်ဘီး တခြားစီ လွင့်စဉ်ခဲ့သည့် အတိတ်က အမှတ်တရအချို့ ရှိနေခဲ့လေသည့်နေရာ။ မှတ်မှတ်ထင်ထင် ဆိုရပါမူ တံတောင်ဆစ်နှင့် ဒူးခေါင်း ပွန်းပဲ့သွေးစို့သည်အထိ ထိခိုက်မိသည့် ငယ်ငယ် သူ့ရှေ့မှာ ကလေးငယ်တစ်ယောက်လို မျက်ရည်ပေါက်ပေါက်ကျရင်း ရှိုက်ငိုခဲ့လေသည်။ ထိုအချိန်လေး အတွင်းမှာ သည်မိန်းကလေး သူ့ရင်ထဲကို ရောက်လာခဲ့သည်လား။ သေချာသည်က သည်မိန်းကလေးဟာ သူ့ရဲ့အချစ်ဦး ဖြစ်လာလိမ့်မည်ဟုတော့ တွေးထင် မှတ်ယူခဲ့ရဖူးသည်။


+++++++++++++++++++++++++++++++++++++++++++++++++


အနှစ်နှစ် အလလက ဖြတ်လျှောက်ခဲ့ဖူးလေသည့် သည်လမ်း၊ သည်မြင်ကွင်းတို့ဟာ အရာရာ ပြောင်းလဲစ ပြုနေပေမယ့်လို့ သူ ရှိနှင့်ခဲ့ဖူးသော အချိန်များအတိုင်း၊ နေရာများအတိုင်း စိတ်နှလုံးဖြင့် ပုံဖော်ကြည့်၍ စိတ်နှလုံးဖြင့် မြင်ရလေပြီ။ ဟောဟိုမှာ ကုပ်ဝဲသာသာရှိသည့် ဆံနွယ်တွေကို တစ်ဖက်တစ်ချက် စည်းနှောင်ပြီး သနပ်ခါး ပါးကွက်ကြားလေးဖြင့် လှနေသည့် ချာတိတ်မလေး သူ့ကို ကိုကို ဟု ခေါ်တတ်ပြီး ဘယ်သွားသွား တကောက်ကောက် လိုက်နေတတ်သည့်၊ အစ်ကိုရင်းဖြစ်သူထက် ပိုပြီး တွယ်တာလေသည့် ကောင်မလေး။ ပန်းနုရောင် ဂါဝန်ကားကားလေးနှင့် ကလေးတစ်ယောက်လို ခုန်ပေါက် ပျော်မြူးနေတတ်သည့် ငယ်ငယ်ရယ်လေ။ သူ့စိတ်ထဲ အခုပင် လှမ်းမြင်မိနေသယောင် ထင်မိပြန်သည်။ နှစ်ပေါင်းများစွာ စိတ်ကူးနှင့် ပုံဖော်ကြည့်ရင်း လွမ်းနေခဲ့သည်များ သိပ်မကြာခင် မြင်တွေ့ခွင့် ရတော့မည်ဆိုပါမှ သူ့ရင်က ပို၍ ခုန်နေခဲ့သည်လား။

နှစ်ပေါင်းများစွာကြာမှ ပြန်ခြေချဖြစ်သည့် သူ့ကို ဆောင်းနံနက်ခင်းက အေးမြစွာ ဆီးကြိုနေလေသည်။ သူ့မျက်နှာကို တို့ထိ ပွတ်သပ်သွားသည့် ဆောင်းလေ အေးအေးထဲ ''ကိုကိုရေ၊ ဘောလုံးပန်းတွေ ငယ်ငယ် ပစ်တော့မယ်၊ မိအောင်ဖမ်းနော်" ဆိုသည့် ငယ်ငယ့်ရဲ့ ရယ်သံ လွင်လွင်ကလေးများ ကြားမိလေသလား။ ခပ်သွဲ့သွဲ့ ဝှေ့လာရင်း နှုတ်ဆက်လေသည့် လေပြည်ညှင်းထဲ ငယ်ငယ့်ရဲ့ ကိုယ်သင်းရနံ့သင်းသင်းက ဆွတ်ပျံ့မွေးမြလာသယောင်။ အချစ်ဦးရဲ့ ကိုယ်သင်းရနံ့ သင်းသင်းဟာ နှစ်ပေါင်းများစွာထိထိုင် မွေးမြနေစေရော့လား။

''မင်းကလေးနဲ့ တိုနဲ့ကြားက ခင်မင်မှုစည်း ~~~~~ တိုးရှေ့သို့ ကိုယ်ဝင်လာချင်ပေမယ့် ¬~~~~~ မပျော်ရဲတဲ့ ဘဝမှာ အားနည်းချက်တွေနဲ့ ~~~~~ မပြောရဲပါ နှုတ်ဆိတ်လို့ ငြိမ်သက် ~~~~~ " 

ငယ်ငယ် သိပ်ကြိုက်ခဲ့ပြီး သူကိုယ်တိုင် ဂီတာတီး ဆိုပြခဲ့ဖူးသည့်၊ ငယ်ငယ်ကို လွမ်းတိုင်း သူ ဆိုညည်းတတ်ခဲ့သည့် သီချင်း သူ့ဖုန်းဆီက ထမြည်တော့ ရင်ထဲ ကျဉ်ခနဲ ဖြစ်ရသည်။ သည်သီချင်းသံကြားရင် ငယ်ငယ် ပြုံးနေလေမလား၊ ဒါမှမဟုတ် သူ့ကို ခပ်စွေစွေ လှမ်းကြည့်တတ်သည့် မျက်ဝန်းဖျော့ဖျော့လေးဆီမှာ မျက်ရည်စတို့နဲ့ ဝေ့သီနေမည်လား ပင့်သက်တစ်ရှိုက် ခပ်လေးလေး ချလိုက်မိပြန်သည်။


+++++++++++++++++++++++++++++++++++++++++++++++++


လမ်းမကြီးကို ဖြတ်လျှောက်ပြီးသည့် နောက်တော့ လမ်းသွယ်ကလေးထဲ ရောက်လာချေပြီ။ ရှေ့တည့်တည့်မှာ မြင်နေရသည်က ခြံစည်းရိုး ဘေးပတ်လည်မှာ လှပစွာ နေရာယူထားလေသည့် ပုဏ္ဍရိက်ပန်းနီနီကလေးများ။ ပုဏ္ဍရိက်ပန်းပွင့်လေးကို ဆွတ်ယူမိတော့ ပုဏ္ဍရိက်ပန်းလေးတွေကို နားနောက်ညှပ်ပန်ရင်း ''ကိုကိုရေ၊ ငယ်ငယ်နဲ့ ဒီပုဏ္ဍရိက်ပန်း ဘယ်သူက ပိုလှလဲ" ဆိုကာ မူနွဲ့နွဲ့ ဟန်ပန်လေးနှင့် မေးတတ်သည့် ငယ်ငယ့်ပုံရိပ်က သူ့ဦးနှောက်ထဲ ဓာတ်ပုံ ရိုက်ထားလေသည့်နှယ် တဖျတ်ဖျတ် ထင်ဟပ်လာပြန်သည်။ "ပန်းကလေးတွေက ပိုလှတာပေါ့ ငယ်ငယ်ရ" လို့ သူက ရယ်မောရင်း ကျီစယ်တော့ "ကိုကိုဟာ ငယ်ငယ့်ကိုဆို သိပ်နှိမ်တာပဲ" ဆိုပြီး ခြေကလေးဆောင့်ကာ စိတ်ဆိုးချင်ပြန်သေးသည်။ သူက ငယ်ငယ့် ပုံစံကိုကြည့်ရင်း တဟားဟားနှင့် ရယ်မောနေလေတော့ သူ့ဂါဝန်စနှစ်ဖက်ကို လုံးချေနေရင်း မျက်ရည်က ဝဲတတ်သေးသည်။

သူက ချော့မော့ပြန်ရင်တော့ ကြာကြာ စိတ်မဆိုးတတ်သူပီပီ ငယ်ငယ်ဟာ မျက်ရည်များကြားက သူ့ကို တွေတွေကလေးကြည့်ကာ ပြန်ပြီး ပြုံးပြတတ်သေးသည်။ အဲဒီအချိန်တုန်းကတော့ သည်မိန်းကလေးဟာ သူ့နှလုံးအိမ်မှာ နေရာအကြားအလပ်မရှိ နှစ်ပေါင်းများစွာ ထိတိုင် နေရာယူထားနိုင်ခဲ့လိမ့်မည်ဟု တော့ ဘယ်သူကများ ထင်ပါ့မလဲလေ။ ဒါနဲ့များ ဘာကြောင့် ငယ်ငယ့်ထံပါး အချစ်တွေ လွင့်ပါးမခစား နိုင်ရပါသလဲဟု ဆိုရပါမူ သူ့ထံတွင် အကြောင်းတရားတို့ လုံလောက်စွာ ရှိနှင့်နေပြီဟုသာ လေးတွဲ့စွာ ဖြေရပါလိမ့်မည်။


+++++++++++++++++++++++++++++++++++++++++++++++++


မိဘတွေဆုံးပါးပြီး လောကကြီးအလယ် မျက်နှာမွဲတစ်ကောင်ကြွက် သူဟာ ခပ်ငယ်ငယ်ကတည်းက ငယ်ငယ့်တို့အိမ်ကို ရောက်လာခဲ့ရသည်။ ထို့နောက်တွင်တော့ စိတ်ရင်းကောင်းမွန်ကြသည့် ငယ်ငယ့် မိဘနှစ်ပါး အကူအညီနှင့် ပညာဆုံးခန်းတိုင်အောင် သင်ခဲ့ရလေသည်။ "အငယ်လေးက ငယ်ငယ်ကတည်းနေ အခုအချိန်ထိ သိပ်ချုချာတာ အထွန်းရ၊ စိတ်မကောင်းစရာ တစ်ခုခုများ ကြုံရပြန်ရင်လည်း နေမကောင်းက ဖြစ်ချင်သေးတာ။ ငါ့ညီမလေးကို မင်းညီမ အရင်းလို သဘောထားပြီး ကူညီပါကွာ " ဆိုသည့် ဖိုးဇော်၏ စကားတစ်ခွန်းက သူနှင့် ငယ်ငယ့်ကြား အလွှွာပါး လေးတစ်ခု ဖြစ်စေခဲ့ပြီ။ "ကြီးကြီးတို့ဆီမှာ ယုံကြည်အားကိုးစရာ ဒီသားနှစ်ယောက်ပဲ ရှိတာ။ သမီးငယ်လေးကို ကိုယ့်နှမ အရင်းလေးလို စောင့်ရှောက်ကာကွယ်ပါ အထွန်းရယ်" ဆိုသည့် ကျေးဇူးရှင် ကြီးကြီး၏ စကားအဆုံး နှစ်ဦးကြားမှ စည်းတစ်ခု ခပ်ပါးပါး ခြားထားစေခဲ့ပြီ။ နှုတ်အားဖြင့် ဖွင့်ဟမဆိုနိုင်ပေမယ့် တစ်ဦး၏စိတ် တစ်ဦး ထိုးဖောက်မြင်နေရသလို စိတ်နှလုံးအားဖြင့် အကြိမ်ကြိမ်ဖွင့်ဟ ဝန်ခံပြီးခဲ့ပြီ။

"ကိုကိုဟာ အခြားသူတွေကိုသာ မကဘူး။ ကိုယ့်ကိုယ်ကိုယ်ပါ ညာနေတာ သိရဲ့လား။ ကိုယ်ကိုယ်တိုင် သိသိကြီးနဲ့ ညာနေရတာ ဘယ်လောက်တောင် စိတ်ပင်ပန်းရသလဲဆိုတာ ငယ်ငယ် ကိုယ်တိုင် ခံစားသိမြင်နေရလို့ နားလည်တယ်။ တစ်ခါတလေတော့လည်း ကိုကိုရယ် အဲဒီ စောင့်ထိန်းရမယ့် အရာတွေကို ငယ်ငယ်တော့ သိပ်မုန်းမိတာပဲ။ တစ်ဦးနဲ့တစ်ဦး ချစ်ကြတာ အပြစ်တစ်ခုမှ မဟုတ်တာပဲ" ဆိုပြီး အဆုံးသတ်မှာ တိမ်ဝင် သွားလေသည့်အသံကို ဟန်ဆောင် ဖုံးကွယ်ကာ ဘောလုံးပန်းက ပွင့်ဖတ်ဝါတွေကို တစ်ဖဲ့စီ ချွေရင်း အဝေးတစ်နေရာကို ငေးကြည့်နေခဲ့သည်။ ငယ့်ငယ့် မျက်ဝန်းထဲမှာ မျက်ရည်စတို့ တွဲခိုနေသည်ကို မြင်မိပြန်တော့ ငယ်ငယ့် လက်တစ်ဖက်ကို ဖျစ်ညစ်ဆုပ် ကိုင်အားပေးရင်း ထွေးပွေ့ချင်စိတ်ဖြစ်ကာ သူ့နှလုံးက အပြင်ကို ခုန်ထွက်တော့မယောင် ရှိနေခဲ့ရဖူးကိုလည်း မကြာခဏ ဆိုသလို အမှတ်ရမိ ပြန်သေးသည်။


+++++++++++++++++++++++++++++++++++++++++++++++++


မြူခိုးတွေ ပိန်းပိတ်နေသည့် ဆောင်းဝင်စ ညနေခင်းတစ်ခုတွင် သူနှင့် ငယ်ငယ် ဘောလုံးပန်းများ ဝါထိန်နေအောင် ပွင့်ဝေနေခဲ့သော မအူပင်ကြီး၏ ပင်စည်ခြေရင်း အောက်တွင် ရှိနေခဲ့သည်။ အဲဒီနေ့က သူ အမှတ်ရလက်ဆောင် ပေးထားလေသည့် မိုးပြာရောင် ဆွယ်တာလေးနှင့် လှပနေခဲ့သည့် ငယ်ငယ်သည် သူ့မျက်စိထဲတော့ ဒဏ္ဍာရီပုံပြင်တွေထဲက မင်းသမီးလေးလိုပင်။ စိတ်ထဲ၊ မျက်စိထဲတော့ ချစ်ရသည့် သူသာလျှင် အလှဆုံးဖြစ်ရချေသည်။

"ကိုကို့သူငယ်ချင်း အစ်ကိုမောင်က ငယ်ငယ့်ကို ချစ်တယ်လို့ ဖွင့်ပြောလာတယ်။ ငယ်ငယ် ဘယ်လိုပြန်ဖြေလိုက်ရမလဲ။ ငယ်ငယ်ကတော့ ကိုကို ဆုံးဖြတ်တဲ့အတိုင်း လိုက်နာမှာပါပဲ"

"မောင်မောင်က လူကောင်းတစ်ယောက်ပါ။ ကြီးကြီးတို့ကလည်း သဘောတူနေ ကြတာပဲလေ။ ငယ်ငယ့်အတွက်လည်း သင့်တော်တဲ့ လူတစ်ယောက်ပဲ။ ကိုကိုကတော့ သူနဲ့ဆို ကန့်ကွက်စရာ မရှိပါဘူး"

သူ့အသံတို့ တုန်ယင်နေခဲ့သည်လား မမှတ်မိချင်တော့။ အဓိပ္ပာယ်များစွာ ယှက်ဖြာနေသည့် မျက်ဝန်းတောက်တောက်လေးနှင့် ဝေ့ကြည့်ပြီး မျှော်လင့်တကြီး မေးလိုက်သည့် ငယ်ငယ့် စကားအဆုံး သူ့နှလုံးခုန်သံဟာ အဆုံးမဲ့ ရပ်တန့်သွားသူလို နာကျင် ကြေမွရသည်ကို ငယ်ငယ် ခံစားနားလည်နိုင်ပါမည်လား။ "ကိုကိုဟာ သတ္တိမရှိဘူး။ ငယ်ငယ့်လောက် မခံစားရလို့ ဒီစကားကို လွယ်လွယ်နဲ့ ပြောရက်တာ။ ကိုကို ရက်စက်တယ်" တတွတ်တွတ် ရေရွတ်ရင်း သူ့ပခုံးတစ်ဖက်ကို မျက်နှာအပ်ရင်း ငယ်ငယ် ဝမ်းနည်းတကြီး ငိုရှိုက်ခဲ့သည်ကိုတော့ အမှတ်တရရှိမိသည်။

တသိမ့်သိမ့် တုန်ခါနေသည့် ငယ်ငယ့် ကျောကလေးကို နှစ်သိမ့်ထွေးပွေ့ထား မည့်ဟန်ပြင်သည့် သူ့စိတ်နှလုံးနှင့် လက်အစုံကို ကျေးဇူးတရားဆိုသည့် စည်းတစ်ခုက ဟန့်တားစေခဲ့သည်။ ချစ်ခြင်းမေတ္တာနောက်တွင် ကပ်ပါလာသည့် အကြောင်းတရားတို့ကို ရပ်တန့်ခြင်းငှာ မစွမ်းနိုင်ခဲ့။ ငယ်ငယ့်လောက် မခံစားရဘူးတဲ့လား၊ မျက်ရည်ကျအောင် ခံစားရပါမှ နာကျင်ရသည်လို့ ဆိုနိုင်သည်လား၊ လောင်မြိုက်နေသည့် နှလုံးသားအပူကို ကွယ်ဝှက်ရင်း၊ မမြင်ရသည့် စိတ်နှလုံးက ဒဏ်ရာတို့ တစ်စစီ ကြေမွသွားရသည့် အဖြစ်ကို ငယ်ငယ် မှ သိပါလေစ။ စိတ်ကူးနှင့် ရူးခဲ့ရပြီး စိတ်ကူးနှင့်ပင် ပုံဖော်ထားခဲ့လေသည့် အိပ်မက်တချို့ လွင့်ပြယ်ကာ သူ့ကမ္ဘာငယ်တစ်ခု မှောင်မိုက်ပျက်သုဉ်း သွားခဲ့သည်ကို ငယ်ငယ် မသိ၊ မမြင်ပါစေနဲ့တော့။ အဲဒီနေ့က ဆောင်းညနေဟာ ဆောင်း ပီသလွန်းစွာ မြူခိုးတွေ ပိန်းပိတ် နေလေခဲ့သည်။ ငယ်ငယ် ဆိုခိုင်းလေသည့် သီချင်း အပိုင်းအစတချို့ ခပ်တိုးတိုး ဆိုညည်းတော့ သူ့ရဲ့မျက်ဝန်းဟာ မြူခိုးတွေ ဖုံးကွယ်နေသလို ေ၀ဝါးလွန်းနေ ခဲ့လေသည်။


+++++++++++++++++++++++++++++++++++++++++++++++++


ခြံဝင်းတခါးကို တွန်းဖွင့်လိုက်တော့ ကျွီခနဲ မြည်သွားလေသည့် အသံဟာ " ရောက်လာပြီပေါ့" ဆိုပြီး သူ့ကို ရည်ညွှန်း ပြောနေသလိုပင်။

"တကယ်က ငါနဲ့ ချောငယ်ငယ် လက်မထပ်ဖြစ်ခဲ့ကြဘူး အထွန်း၊ သူ့ရင်ထဲမှာ ရှိတဲ့သူဟာ ငါ မဟုတ်ခဲ့ဘူးတဲ့။ သူဟာ နှစ်ပေါင်းများစွာ မင်းကို စောင့်နေခဲ့တယ်။ အခုထိလည်း သူ စောင့်နေခဲ့တယ်။ သူ့ရဲ့ နောက်ဆုံးအချိန်မှာ မင်းကို တွေ့လိုက်ရတဲ့ အချိန်ခဏလေးဟာ မင်းကို စောင့်ခဲ့ရတဲ့ နှစ်တွေမှာ သူ စိတ်ပင်ပန်းနာကျင်ခဲ့ရတာတွေ အတွက် ဖြေသာနိုင်မှာပါကွာ"

မောင်မောင့်ရဲ့ စကားသံအဆုံး သူ့မျက်ရည်တို့ ကျနေခဲ့သည်လား၊ ဖြူဖျော့လွန်းသည့် ငယ်ငယ့် လက်အစုံကို ဖွဖွဆွဲယူပြီး သူ့နှလုံးခုန် သည်နား တိုးကပ်မိတော့ မျက်ရည်များကြားက အလှပဆုံး ပြုံးပြသွားလေသည့် ငယ်ငယ့်အပြုံးဟာ တစ်သက်တာလုံး နောင်တတွေ၊ ဆွေးမြည့်မှုတွေပိုက်ပြီး နေရစ်ပေတော့ဟု ပြောနေသယောင်။

ချစ်တယ်ဆိုသည့်စကား အကြိမ်ကြိမ် ပြောခွင့်ရခဲ့ပါလျက် သတ္တိကြောင်စွာ ပုန်းရှောင်ခဲ့သည့် သူသည်သာ နှလုံးသားတစ်ခုလုံး လောင်မြိုက်ခဲ့ရသည် မဟုတ်။ ငယ်ငယ့်ထံကိုပါ ထိုအပူမီး လွင့်စဉ်ခဲ့ရချေပြီ။ နောက်ဆုံးတော့ ကြီးစွာသော နောင်တတရားတို့ ဖိစီးကာ ကျေးဇူးတရားကို မျက်ကွယ်ပြုတွန်းဖယ်ရင်း အပြေးနှင်လာသည့် သူသည် ချစ်တယ်ဆိုသည့်စကား ပြောခွင့်မရှိခဲ့သလို ငယ်ငယ်သည်လည်း ကြားခွင့်မရတော့လေပြီ။ သူ့ထံမှ လှပ ရိုးရှင်းသည့် စကားလေးတစ်ခွန်းကို ငံ့လင်းရင်း သူ့ကိုသာ အစဉ်အမြဲ ငေးကြည့်နေခဲ့သော သူ့မိန်းကလေး ငယ်ငယ်သည် ပြာမှုန်လေးတွေလို၊ မီးခိုးငွေ့တွေလို လွင့်ပါး ပျောက်ကွယ်ရလေပြီ။

အတိတ်ကာလတစ်ခုတွင် ပန်းနုရောင် ဂါဝန်လေးနှင့် ပုဏ္ဍရိက်ပန်းကို နားနောက် ညှပ်ပန်ရင်း "ကိုကိုရေ ငယ်ငယ်လှလား" မေးတတ်ခဲ့သည့် ပုံရိပ်သည်လည်းကောင်း၊ မိုးပြာရောင်ဆွယ်တာလေးနှင့် တောက်ပနေခဲ့သည့် ငယ်ငယ့် ပုံရိပ်သည်သာလည်းကောင်း သူ့နှလုံးအိမ်၌ လှပသည့် အမှတ်တရ အနေနှင့်သာ ကျန်ရစ်ခဲ့လေပြီ။ ဤမြေကမ္ဘာလောကမှ သူ ကြေလွင့် ပျောက်ကွယ်မသွားခင်၊ သူ့နှလုံးခုန်သံနှင့် အသက်ရှူသံတို့ ရပ်တန့်မသွားခင် နောက်ဆုံးအချိန်ထိ အစဉ်သဖြင့် မေ့ဖျောက်ပစ်၍ မရနိုင်သည့်၊ မည်သည့်အခါမျှ မေ့ပျောက်သွားနိုင်မည် မဟုတ်သည့် အမှတ်တရ အနေနှင့်သာ ရှိနေလိမ့်ဦးမည်မှာ သူ၏ သစ္စာတရားပင် ဖြစ်ပါသည်။


ပန်းငုဝါဝါ

ရသစာစဉ် မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၆)

Comments