၁။
“ ဒီမှာ….ရှင့်စာအုပ်အကြွေးတွေက ထောင်နဲ့ချီနေပြီ။ နည်းနည်းပါးပါး ဖဲ့ဆပ်ပါဦးလား။ ကျွန်မတို့လည်း မရှိလို့ လုပ်စားရတာ စာအုပ်တွေလည်း ထွက်သမျှ နေ့တိုင်း လက်ငင်းငွေချေပြီး ပြန်ပြန် ဝယ်နေရတာမို့ အကြွေးလည်း တင်နေပြီ နည်းနည်းပါးပါးဆို ထားပါတော့ အခုဟာက….. ”
တစ်ဖက်ခန်းမှ စူးခနဲ ထွက်လာသော အသံကျယ်ကျယ်ကြောင့် ခေါက်ဆွဲစားနေရင်းတန်းလန်းနှင့် ‘ မြ ’ လန့်ဖျပ်သွားမိသည်။ ကိုယ့်အတွေးနှင့်ကိုယ် ပတ်ဝန်းကျင်ကို မေ့နေမိသည်မို့ ရုတ်တရက် လန့်သွားမိခြင်းပင်…..။
“ ဟုတ်ကဲ့ပါ….ဒီလကုန်ရင် ကျွန်တော် တချို့တစ်ဝက် ရှင်းပေးထားပါ့မယ် ”
“ ဟွန့်…ရှင့်လကလည်း တစ်နှစ်ပတ်လုံး ကုန်ကို မကုန်နိုင်တော့ဘူး။ ဒီတစ်ခါတော့ အပြတ်ပဲနော်။ မပေးရင် လုံးဝ လာမငှားနဲ့တော့။ ကျွန်မယောက်ျား အားနာတတ်တိုင်း လူတွေက အခွင့်အရေးကို ယူလွန်းတယ် ”
‘ မြ ’ က ကိုယ်လေးကို အနည်းငယ် တိမ်းစောင်း၍ တစ်ဖက်ခန်းသို့ ချောင်းကြည့်မိလျှင် ‘ ငြိမ်းချမ်းရေးစာပေ ’ ဟူသော ဆိုင်းဘုတ်ကလေးကို လှမ်းမြင်လိုက်ရသည်။ ထို့အတူ ထိုမိန်းမ ပွစိပွစိနှင့် ရေရွတ်နေသံကိုလည်း မသဲမကွဲ ကြားနေရသေးသည်။ ခဏအကြာတွင် လူတစ်ယောက် စာအုပ်တစ်အုပ် ကိုင်လျက် ထွက်လာသည်။
“ အားနာစရာကွာ….မင်းကလည်း ”
“ အို…ဘာ အားနာစရာလိုလဲ။ သူတို့ကသာ မတရားလုပ်လို့ အားနာရမှာ အရင်တုန်းကလည်း စာအုပ်ငှားဖတ်ပြီး ပိုက်ဆံလည်း နှစ်ထောင်ကျော်ရော ပေါ်ကို မလာတော့ဘူး…နောက် ကျွန်မတို့ မေ့ပျောက်လောက်ပြီထင်မှ ပြန်ပေါ်လာတာ ရှင်လည်း အသိပဲ… ကျွန်မက အကြွေးစာရင်း ပေါင်းထားတဲ့ စာအုပ် ထုတ်ပြမယ်ဆိုတော့ ရှင်က အားနာပြီး ဆက်ငှားပြန်ရော…အခုလည်း ”
“ အေးပါကွာ….စီးပွားရေးလုပ်တဲ့ဟာကို တစ်ခါတလေတော့လည်း သည်းခံရတာပေါ့ မိန်းမရာ…. ”
“ ဘာ တစ်ခါတလေလဲ…ရှင့်ဟာက ဆယ်ခါလည်း မကတော့ဘူး။ ဒီလိုလူမျိုး လာမငှားလို့ ကျွန်မတို့ဆိုင် ပြုတ်မသွားဘူး။ အကျိုးတောင် ယုတ်သေးတယ် သိရဲ့လား ”
“ အေးပါကွာ….ဒါပေမဲ့လည်း မင်းကပြောတော့ မင်းကို လူမုန်းတာပေါ့…. ”
ယောက်ျားလုပ်သူက လေသံအေးအေးနှင့် ဖျောင်းဖျနှစ်သိမ့်၍ မဆုံးသေး ထိုမိန်းမ၏ အသံက ဆောင့်ခနဲ ထွက်လာပြန်သည်။
“မုန်းတယ်….ဟုတ်လား….မုန်းပါစေပေါ့ ကိုလင်းဝေရယ်….ဒီလို အမုန်းခံရအောင် ဖန်တီးခဲ့တာ ရှင်ပဲလေ….ရှင် အသုံးမကျလို့သာ ကျွန်မ လူဆိုး လုပ်နေရတာလည်း သတိရပါဦး…ဟင်။ ဘယ်သူတွေ ဘယ်လောက် မတရားလုပ်တာ ခံရခံရ ဟော့ဒီ ရှင့်ပါးစပ်က အသေကောင်လို ပိတ်ထားတော့ ဟော့ဒီမိန်းမက ဝင်ဝင် ပြောနေရတာကိုး ”
“ တိုးတိုးပြောစမ်းပါ ငြိမ်းရယ်…လူကြားလို့မှ မကောင်းဘူး ”
“ ကောင်းကောင်း မကောင်းကောင်း ဂရုကို မစိုက်ဘူးသိလား ပြောကိုပြောမှာ ကျွန်မရင်ထဲမှာ မျိုသိပ်ထားရတာ များပြီ ရှင့်ကို ယူခဲ့တုန်းက ဒီလောက် ထုံတုံတုံ နိုင်လွန်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး ရိုးသား အေးဆေးလွန်းတဲ့ အနေအထိုင် ကျွန်မနဲ့ အသွင်တူလို့ ခေါင်းညိတ်ခဲ့မိတာ…”
ဘုရားရေ… ‘ မြ ’ သည် သောက်လက်စ ရေနွေးကြမ်းပင် သီးမတတ် အံ့သြသွားမိသည်။ ဤမျှ အေးဆေးနူးညံ့လှသော သူမယောက်ျားနှင့် သူမသည် အသွင်တူခဲ့ဖူးသတဲ့လား…။ မယုံနိုင်စရာ…။ ကက်ကက်လန်အောင် နှုတ်သီးကောင်း လျှာပါး ပြောဆိုတတ်သည့် မိန်းမကလေ…။ ဖြစ်တော့လည်း ဖြစ်နိုင်သားပဲကွယ်။ ‘ မြ ’ က မောင့်ကို မြင်ယောင်မိရင်း နာကျင်စွာ ပြုံးလိုက်မိသေးသည်။
၂။
ထိုမိန်းမနေရာကို အစားဝင်၍ ခံစားကြည့်မိလျှင် ဤသို့ ပြောင်းလဲသွားတာ မထူးဆန်း။ ‘ မြ ’ ကိုယ်တိုင်တောင် အရင်ကနှင့် တစ်စက်ကလေးမျှ မတူ၊ အပြောင်းလဲကြီး ပြောင်းလဲခဲ့သေးလျှင်…။ သို့သော် ‘ မြ ’ တို့နှစ်ယောက်သည် ပြောင်းလဲသွားတာချင်း တူသော်လည်း ပြောင်းလဲပုံချင်းက ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ဘေးအမြင်နှင့်ကြည့်လျှင် လင်ယောက်ျားလုပ်သမျှ တစ်ခွန်းမျှ ကန့်ကွက်စကားမဆိုဘဲ စကားနည်း အေးဆေးလွန်းသည့် မိန်းမ၊ ရွှေပေါ်မြတင်ဘဝနှင့် အိမ်မှာ အေးအေးငြိမ်းငြိမ်း နေရသော ဇနီးမယားတစ်ယောက်အဖြစ် ‘ မြ ’ ကို မြင်ကြလိမ့်မည်။
စီးပွား အရှာကောင်း၍ အကွက်ကျော်မြင်တတ်သော၊ ပါးနပ်လူရည်လည်သော ‘ မောင့် ’ ကို ရခြင်းသည် မြ၏ကံ ကောင်းလွန်းသည်တဲ့လား။ ထိုသို့ ချီးကျူးအားကျသော မျက်လုံးများနှင့် စကားသံတို့ကို ကြားရတိုင်း ‘ မြ ’ ပြုံးမိတတ်စမြဲ။ ထိုအပြုံးတွင် အနာတရမည်မျှရောနှော ပါဝင်နေမှန်း ‘ မြ ’ ကိုယ်၌သာ အသိဆုံးဖြစ်သည်။ ‘ မြ ’ ကတော့ မှန်ထဲတွင် ကိုယ့်ရုပ်ကို ပြန်ကြည့်မိတိုင်း ယခင်က သွက်လက် ထက်မြက်လွန်းခဲ့သည့် ‘ မြယွန်းနွယ် ’ ဟူသည့် မိန်းမတစ်ယောက်ကို ပြန်လည် တမ်းတမိတတ်သည်။ ‘ မြယွန်းနွယ် ’ သည် အရာရာကို ကိုယ့်ခြေကိုယ့်လက်နှင့် လုပ်ကိုင်ရမှ ကျေနပ်သူ၊ အရာရာမှာ ဦးဆောင် ဆုံးဖြတ်ခွင့်ရမှ…။ နောက်ကျတွန့်ဆုတ် တွေဝေမှုတွေ မရှိ…။ သွက်သွက်လက်လက်နှင့် လူအများရှေ့တွင် ရင်ကော့ခေါင်းမော့နိုင်အောင် ကြိုးစားတတ်သည့် မိန်းမတစ်ယောက်။ ထိုသို့ အပြုအမူ စရိုက်များ ပိုင်ဆိုင်ထားသော ‘ မြ ’ ကို မောင် သဘောကျခဲ့တာ မဆန်း။ မောင်သည်လည်း ‘ မြ ’ နှင့် အနေအထိုင်၊ စိတ်ဓာတ်ရေးရာချင်း တူမှတူ။ မလိုအပ်ဘဲ အိတ်ထဲမှ ပိုက်ဆံ ငါးပြားစေ့မထွက်စေရသည်အစ ဘယ်လိုလုပ်လျှင် ဘယ်လောက်အလုပ်ဖြစ်သည်အဆုံး ကွက်ကျော်မြင်တတ်သည်။
မောင်သည် အမြဲလိုလို တက်ကြွလန်းဆန်းနေကာ ဆက်ဆံရေး ချိုသာပြေပြစ်သည်။ အလုပ်နှင့်လက် မပြတ်။ လိုအပ်လျှင် ပြတ်သားပြဖို့လည်း ဝန်မလေးတတ်…။ တကယ်တမ်းတော့ သူ ‘ မြ ’ ကို သဘောကျ နှစ်သက်ခြင်းသည် ‘ မြ ’ အတွက် ကံဆိုးမှု သက်သက်သာ ဖြစ်သည်။ အပေါင်းအသင်းတွေကလည်း ‘ မြ ’ တို့နှစ်ယောက်ကို လိုက်ဖက်လွန်းလှသည်ဟု တိုက်တွန်းကြသည်။ ‘ မြ ’ ကိုယ်တိုင်လည်း မောင့်ကို နှစ်နှစ်ကာကာ ချစ်မိသွားခဲ့ပါသည်။ ထိုအရာသည် ‘ မြ ’ ၏ အရှုံးတည်း။ စက်ဘီးစီးလျှင် သူများနင်း၍ ‘ မြ ’ က နောက်ကယ်ရီခုံပေါ်တွင် လိုက်စီးရခြင်းကို မုန်းတတ်သည့် ‘ မြ ’ မောင်နှင့် ချစ်သူဖြစ်ပြီးသည့် နောက်ပိုင်း မောင့်ခါးကိုဖက်၍ ဆိုင်ကယ် လိုက်စီးခဲ့ရသည်။ ‘ မြ ’ ၏ စက်ဘီးကလေးကို အဆောင်ထဲသွင်းကာ သော့ခတ် ထားလိုက်ရသည်။ သို့သော် ‘ မြ ’ က ကျေကျေနပ်နပ်နှင့်ပင် လက်ခံခဲ့ပါသည်။ မောင်နှင့်လက်တွဲ၍ တက်ညီလက်ညီ ကြိုးစားရုန်းကန်ကြလျှင် ‘ မြ ’ တို့နှစ်ယောက် အနာဂတ်သည် ထွန်းတောက် ဝံ့စားလာမှာ မလွဲဟု ယူဆခဲ့သည်။
သို့သော် ‘ မြ ’ ၏ ခမ်းနားသော အတွေးတို့သည် မောင်နှင့်လက်ထပ်ပြီးနောက် တစ်စတစ်စ ပြိုကွဲ ပျက်စီးခဲ့ရသည်။
၃။
“ ကျွန်မရဲ့ သူငယ်ချင်းတွေကလည်း အသွင်တူတယ်၊ ဘာညာနဲ့ တိုက်တွန်းကြလို့ ကျွန်မကိုယ်တိုင်ကလည်း ရှင့်ကို ငါ့လိုပဲ တစ်နေ့ စကားဆယ်လုံးကွဲအောင်တောင် မပြောတဲ့လူ၊ သူတစ်ပါးအပေါ်လည်း အားနာ ငဲ့ညှာတတ်တယ် အရက်၊ ဆေးလိပ်၊ ကွမ်း အကုန်ကင်းရဲ့ဆိုပြီး ယူလိုက်တာ ငါးပါးကို မှောက်ရော ”
ဪ….သူမသည်လည်း ‘ မြ ’ လို ဆုံးဖြတ်ချက်နှင့် သူမယောက်ျားကို လက်ထပ်ခဲ့သတဲ့လား….။ လောကမှာ ‘ မြ ’ တို့လို မိန်းမတွေ အများကြီး ရှိနေသည်ပေါ့။
“ တစ်ခါတလေလည်း စဉ်းစားမိတယ်….ကျွန်မကိုတောင် အားနာလို့ ယူခဲ့သလားလို့ ”
“ ဟာကွာ…မဟုတ်တာ ”
“ ဟုတ်တယ်လေ…ရှင် ဒီလောက်အားနာလွန်းတာ စာအုပ်ငှားပြီး လာမပို့ရင်လည်း လိုက်မတောင်းရဲဘူး မပို့သေးမှန်းသိသိကြီးနဲ့ ပို့ပြီးသားလို့ ငြင်းရင်လည်း ခံနေလိုက်တာပဲ သူများ ပိုက်ဆံလာချေးရင်လည်း မရှိဘူး ဘာညာနဲ့ လှည့်ပတ်မပြောတတ်ဘူး ဘယ်လောက်လဲဆိုပြီး လက်က အိတ်ထောင်ထဲနှိုက်ပြီးသားအဆင်သင့် ရှင် အဲဒီလို ဝေသန္တရာလုပ်နေလို့ ကျွန်မတို့ ဒုံရင်းကနေ ခုလို မတက်တာ သိလား နေဦး၊ ရှင့်စာအုပ်ဆိုင် အံဆွဲမှာ ‘ ကိုလင်းဝေ အာရှဓနဘဏ်ခွဲ ’ လို့ ရေးထားလိုက်ဦးမယ် ကြည့်နေ ပေးသင့်တာပေးရင်က တစ်မျိုး၊ အခုဟာက လက်ဖက်ရည်ဖိုးကအစ အရက်သောက်ဖို့အဆုံး အဲဒါ သုံးတာ မဟုတ်ဘူး။ ဖြုန်းတာရှင့် သိရဲ့လား ”
“ အေးပါကွာ….နောက်ဆို ဆင်ခြင်ပါ့မယ် ”
“ ရှင့်ကို ပြောလိုက်ရင် ဒီအတိုင်းပဲ ရှင့်ကို ဆင်ခြင်ခိုင်းတာ မဟုတ်ဘူး ရှင့်ကို နိုင်စားလွန်းတဲ့ လူတွေကို ဆင်ခြင်အောင်ပြောခိုင်းတာ တကတဲ ကိုယ့်အိမ်မှာ ငှားထားတဲ့ အဝတ်လျှော်သည်ကိုတောင် အဝတ်လျှော်ခိုင်းဖို့ အားနာသတဲ့ တကယ် တကယ် ရှင့်ကို ကျွန်မ စိတ်အရမ်းကုန်တယ်…ကျွန်မအဖြစ်က ဘာနဲ့တူသလဲဆိုတော့ ဖိနပ်တစ်ရန်ဖြစ်ဖို့ ဘယ်နဲ့ညာ နှစ်ဖက်ပေါင်းပေးရတယ် ဒါမှ အဆင်ပြေပြေ လမ်းလျှောက်နိုင်မှာပေါ့ အခု ကျွန်မက အရောင်တူ၊ အရွယ်တူ၊ ဆိုဒ်တူတဲ့ဖိနပ်တော့ ရပါရဲ့ တစ်ဘက်တည်းဖြစ်နေတာ ခက်တယ် ဘယ်ချင်းဘယ်၊ ညာချင်းညာ ဖြစ်မှတော့ ဘယ့်နှယ်လုပ်ပြီး ခရီးတွင်ပါ့မလဲ ”
ထိုမိန်းမ၏ စကားကို ‘ မြ ’ က စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ထောက်ခံမိသည်။ ဘယ်ညာ ခြေလှမ်းညီဖို့ဆိုတာ တစ်ခါတစ်ရံလည်း ယောက်ျားနှင့်မိန်းမ အတွေးချင်း ထပ်တူမကျဖို့ လိုအပ်သေးသည်။ ထိုအခါမျိုးတွင် ရှိနေပြီးသော အခြေအနေတစ်ခုမှ ပြောင်းလဲဖို့ ကြိုးစားခဲ့ရသူတွေလည်း ‘ မြ ’ တို့ မိန်းမသားတွေသာ ဖြစ်သည်။ အစပထမ၌ “ ကိုယ်က ယောက်ျားပဲ အရင်ဦးဆောင်လုပ်ကြည့်ဦးမယ် အခြေကျပြီဆိုမှ တဖြည်းဖြည်း တွဲခေါ်တာပေါ့ ” တဲ့။ ရှုပ်ထွေးကာ ခက်ခဲမှားယွင်းမှု များလှသော ကျောက်ကုန်သည်လောကကို သူ စဝင်တော့ ‘ မြ ’ သည် လိုလိုချင်ချင်နှင့်ပင် နောက်မှာနေရစ်ခဲ့ပါသည်။
တဖြည်းဖြည်း သူ အလုပ်ကို ကျွမ်းကျင်လာတော့ ‘ မြ ’ က သူ့ကို တွဲခေါ်ပေးရန် စကားစသည်။ “ ကိုယ်ရှာတာနဲ့ လောက်နေတာပဲကွာ။ အိမ်မှာပဲ အေးအေးနေပါ။ ကိုယ့်ကို သားလေးတစ်ယောက်သာ မွေးပေးနော် ” ဟု အချိုသပ်ကာ မောင့်ဆန္ဒကို ဖွင့်ဟတော့လည်း ‘ မြ ’ က မငြင်းဆန်နိုင်ဘဲ သူ့အလိုကျ သားလေးတစ်ယောက် မွေးပေးခဲ့သည်။ သို့သော် သမီးကလေးသာဖြစ်၍ သူက သားလိုချင်သူမို့ ‘ မြ ’ ကို နောက်တစ်ယောက် ထပ်မွေးခိုင်းပြန်သည်။ ‘ မြ ’ က လက်မခံတော့။ ‘ မြ ’ လိုချင်တောင့်တခဲ့ဖူးသော ဘဝနှင့် ရရှိလာသော လက်တွေ့ဘဝသည် ကွာခြားလွန်းလှသည်။ အိမ်ထဲတွင် ကလေးတစ်ယောက်နှင့် တကုပ်ကုပ် အလုပ်ရှုပ်ကာ လင်ယောက်ျား ပြန်အလာကိုလည်း အဆန့်သား မျှော်နေရသော မိန်းမတစ်ယောက်အဖြစ်မျိုးကို ‘ မြ ’ ငြီးငွေ့လွန်းနေပြီ။ ‘ မြ ’ ကို လက်တွဲဖြုတ်၍ ချောင်ထိုးသော မောင်သည် ‘ မြ ’ ၏ ယုံကြည်ချက်တွေကို ချေမွရက်ခဲ့သူပင်။
မိန်းမတစ်ယောက်၏ နေရာ အစစ်အမှန်သည် ယောက်ျားတစ်ယောက်၏ ကျောပြင်တစ်ခု နောက်တွင်သာ ရှိမှန်း ‘ မြ ’ သည် နာကျင်စွာ ရိပ်မိ သိရှိလာခဲ့သည်။
၄။
မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက်သည် တွေးခေါ်ထက်မြက်ပုံချင်း ထပ်တူညီနေလျက် ‘ မြ ’ ဘာကြောင့် ရှုံးနိမ့်ခဲ့ရသလဲ နားမလည်နိုင်ချေ။ ပထမဦးဆုံး အရှုံးက ‘ မြ ’ ၏ နှလုံးသားကို နူးညံ့ပျော့ပျောင်းအောင် ဆွဲငင်နိုင်သော မောင့်ကို ချစ်သွားမိစဉ်က၊ ဒုတိယအရှုံးက သမီးလေးကို ငဲ့ညှာ၍ ‘ မြ ’ ၏ အတ္တတွေကို ချိုးနှိမ်ခဲ့စဉ်က ဖြစ်သည်။ နောက်ဆုံး တတိယအရှုံး၏ နောက်မှာ မရေတွက်နိုင်သော ထပ်ဆင့်အရှုံးတွေ တသီတတန်းကြီး ကပ်ပါလာကာ ‘ မြ ’ ၏ မူလဖြစ်တည်မှု ပျောက်ဆုံးခဲ့ရသည်။
အများ၏ အမြင်တွင် ‘ မြ ’ သည် လင်ယောက်ျားလုပ်စာကို အေးအေးလူလူနှင့် စားနေခွင့်ရသော မိန်းမတစ်ယောက်ပင်။ ‘ မြ ’ ၌ အိမ်ရှင်မ တာဝန်ကလွဲ၍ မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိ။ မောင်၏ သာမန်ဇနီးမယား ဘဝမျိုးပင် ဖြစ်နေလိမ့်မည်။ ထိုသို့ဖြစ်အောင်လည်း မောင်ကိုယ်တိုင် တဖြည်းဖြည်း ဖန်တီးခဲ့ခြင်းဆိုတာ ကြာလာသည်နှင့်အမျှ ‘ မြ ’ သဘောပေါက် လာခဲ့ပါသည်။ တစ်ခါက “ ရှင် ကျွန်မကို ဘာလို့ ယူခဲ့တာလဲမောင် ” ဟု နာနာကြည်းကြည်း မေးခဲ့ဖူးသည်။ သူကတော့ ခပ်အေးအေးနှင့်ပင် “ အသွင်တူလို့ပေါ့ မြရဲ့ မင်းက ကိုယ်နဲ့ စရိုက်ချင်း တော်တော်တူတယ် ” ဟု ဖြေခဲ့သည်။ ဆိုလိုသည်က ‘ မြ ’ သည် ရိုးသားအေးဆေး ထုံအသော မိန်းမတစ်ယောက်သာ ဖြစ်နေခဲ့လျှင် မောင်က ချစ်ကြိုက်ခဲ့လိမ့်မည်မဟုတ်။ ထိုသို့သာဆိုလျှင် ‘ မြ ’ သည်လည်း ကံဆိုးစွာ မောင်နှင့် အိမ်ထောင်ကျခဲ့လိမ့်မည် မဟုတ်ပေ။ ထူးတော့လည်း မထူး။ ယခုလည်း မြသည် အလိုဆန္ဒဟူသမျှကို နှုတ်ပိတ်၍ ရင်ထဲမှာ သိမ်းဆည်းသိုဝှက်ထားတတ်သော အပေါင်းအသင်း မိတ်ဆွေများရှေ့တွင် ပြုံး၍ စကားနည်း အေးဆေးလှသော မိန်းမတစ်ယောက်ဖြစ်နေခဲ့ပြီ။ သို့သော် ထိုမြက အတုအယောင်သက်သက်။
မျှော်လင့်ချက်တွေ နင်းချေခံထားရသော မိန်းမတစ်ယောက်၏ မူလဘဝကို လူတွေ အလွယ်တကူ မေ့ပစ်နိုင်ကြတာ ‘ မြ ’ အံ့ဩမိပါသည်။ မြသည် မိန်းမတစ်ယောက်သာဖြစ်၍ ငွေအရှာတော်သော ယောက်ျားကို ပိုင်ဆိုင်ခွင့်ရရုံနှင့် ဘဝတစ်ခုလုံး ပြီးပြည့်စုံပြီဟု သူတို့ သတ်မှတ်ကြလိမ့်မည်။ ဒါသည် သူတို့ ‘ မြ ’ ရင်ထဲမှ ကွက်လပ်များကို မမြင်ကြ၍ပင်။
“ ဘဝဆိုတာ တိုက်ပွဲ ” ဟုဆိုလျှင် မြက မဲ့ပြုံးကလေးသာ ပြုံးမိသည်။ ‘ မြ ’ အဖြစ်က ခြေထောက်တွေကျိုးနေလို့ စစ်ပွဲက ထုတ်ပယ်ခံထားရတာနှင့် ဘာမျှမထူး။ ငှက်တွေက ပျံရင်း သေကြသလို၊ လူတွေက ကြံရင်း သေကြသည်တဲ့။ ‘ မြ ’ အဖို့တော့ ကြံစည်ကြိုးစားခွင့်မရဘဲ လှောင်ချိုင့်စံငှက်ဘဝနှင့် အရိုးထုတ်သွားရတော့မည့် ဟန်ပင်။ သာမန် မိန်းကလေးတစ်ယောက်အတွက် ကျေနပ် နေပျော်စရာကောင်းမည့် ဘဝဆိုပေမယ့် မြအတွက်တော့ အလွန်တရာ ငြီးငွေ့ စိတ်ပျက်လွန်းနေခဲ့ပြီ။ ‘ မြ ’ သည် ယခင်ကတည်းက သာမန်လမ်းကို လျှောက်ခဲ့ချင်သူမဟုတ်။ ထိုးဖောက်ထွက်ကာ လမ်းသစ်လျှောက်လိုခဲ့သူ။ ထို့ကြောင့်လည်း မောင် ‘ မြ ’ ကို ချစ်ခဲ့ခြင်းဖြစ်သည်။ ထင်တိုင်းဖြစ်မလာတတ်သော ကံတရားသည် ‘ မြ ’ ကို ရိုက်ပုတ်နှိပ်စက်ကာ လှည့်ဖြားနိုင်လွန်းလှသည်။
၅။
“ အေးကွာ ကိုယ် အရင်ကတည်းက ထုံအ ရိုးသားလွန်းတယ်။ အားနာတတ်တယ်ဆိုတာ သိရက်သားနဲ့ မင်း ဘာလို့ယူခဲ့သေးလဲ ”
ကြည့်စမ်း။ မေးပုံက အကျောကြီးနဲ့ ‘ မြ ’ သည် အတွေးမှ ဖျတ်ခနဲ လန့်နိုးသွားကာ ခံပြင်းစွာ ရေရွတ်မိသည်။ ယောက်ျားများသည် အကုန်လုံး အတူတူပင်။ မောင်သည်လည်း မြကို စိတ်မရှည်စွာ ခနိုးခနဲ့ မေးခဲ့ဖူးသည်။ သည်လူနှင့် စကားလုံးချင်းသာ ကွဲမည်။ အဓိပ္ပါယ်ကဖြင့် အတူတူ။ ဘာတဲ့ “ ကိုယ်အခုလိုမျိုး အရှေ့ကနေ ဦးဆောင်ဦးရွက် လုပ်ရတာ ဝါသနာပါတဲ့အကြောင်း သိရက်နဲ့ အစကတည်းက ဘာလို့ မငြင်းခဲ့သေးလဲ ” တဲ့။ အဲဒီလို မေးတာလောက် မိန်းမသားတစ်ယောက်ကို မညှာမတာ ချောင်ပိတ်ရာကျသည့် မေးခွန်းမျိုး မရှိဟု ‘ မြ ’ တွေးမိသည်။ ထိုစဉ်က ‘ မြ ’ သူ့ကို ဘာတစ်ခွန်းမျှ ပြန်အဖြေမပေးဖြစ်ဘဲ နာကြည်းစွာ စိုက်ကြည့်နေခဲ့သည်။ “ မောင့်ကို ချစ်လို့ပေါ့ ” ဟု ဖြေလိမ့်မည်အထင်နှင့် ပြုံးရိပ်လွှမ်းသော မောင့်မျက်နှာကို ခပ်တည်တည်နှင့် ‘ မြ ’ က ဥပေက္ခာပြုတတ်စမြဲ။ ‘ မြ ’ နှလုံးသားထဲတွင် မျိုသိပ်လွန်း၍ ထုထည်အုံကြီးမားလှသော အစိုင်အခဲကြီးကို မောင်မသိအောင် ချုပ်တည်းနိုင်ဖို့ ဤတစ်နည်းပဲ ရှိသည်မှန်း မြသာ အသိဆုံး။ ကိုယ့်လိုအင်ဆန္ဒ စိတ်ကူးတွေကို ပိတ်ပင်တားဆီး၍ သူ၏ ရှင်သန်ဖြစ်တည်မှုထဲ စီးမျောအောင် အဓမ္မဖန်တီးခဲ့သော မူလဘ၀ ‘ က ’ ကြီးကို ‘ ယပက်လက် ’ ဖြစ်အောင် ပြုပြင်ခဲ့ချင်သော ယောက်ျားကို မြက ‘ ချစ်တယ် ’ ဟု ဖြေဖို့ မည်သို့မျှ နှလုံးသားလိပ်ပြာ မသန့်တော့တာ အမှန်ပင်။ အချစ်နှင့် အကြိုက်ကို ဦးစားပေး၍ ရွေးချယ်ခဲ့သောဘဝမှာ မြ၏အတ္တတွေကို မြှုပ်နှံသဂြိုဟ်ရမည့် သချိင်္ုင်းတစ်ခုဟု ‘ မြ ’ က မထင်မှတ်ထားခဲ့။ ‘ မြ ’ သည် မှန်ရာကို ဝန်ခံရလျှင် မြ၏ဘဝအတွက် ရည်မှန်းချက် ကြီးကြီးထား၍ မောင့်ကို လက်တွဲခဲ့ခြင်း မဟုတ်။ မြတစ်ယောက်တည်းနေလျှင်လည်း ‘ မြ ’ ဘဝကိုတော့ အဆင့်အတန်းမြင့်မြင့် ရှိအောင် ကြိုးစား လုပ်ဆောင်နိုင်စွမ်း ရှိတာပင်။ သို့သော် မြက မိန်းမသားပီပီ တစ်ယောက်တည်း ရုန်းကန်ရခြင်းထက် မောင့်လက်ကိုတွဲ၍ နှစ်ယောက်အားနှင့်ဆိုလျှင် မြ၏အနာဂတ် ပို၍ တောက်ပပျော်ရွှင်စရာ ကောင်းလာလိမ့်မည်ဟု မျှော်လင့်ခဲ့ဖူးသည်။ ဒါကို မောင်က “ မြက ကိုယ့်အတ္တပဲ ကိုယ်ကြည့်တဲ့ မိန်းမ ” ဟု ဝေဖန်တတ်သေးသည်။
“ ပြောလေ ငြိမ်း၊ ကိုယ် အရင်ကတည်းက ဒီလိုပဲနေတတ်တာ မင်းအသိဆုံးပဲ ”
ထိုယောက်ျား၏အသံက မောင့်လို ခပ်ဩဩ မဟုတ်တာကလွဲလျှင် ခနိုးခနဲ့ လေသံက တစ်သားတည်း။ ပြောလိုက်လေကွယ်။ မြသည် အာခေါင်တွေ ခြောက်ကပ်လာသည်။ ထိုမိန်းမ၏ အဖြေသည် ‘ မြ ’ ရင်ထဲတွင် ရှိနှင့်နေသော မောင့်ကို မြ၏ မျက်ဝန်းမှတစ်ဆင့် သိစေခဲ့သောအဖြေနှင့် ထပ်တူဖြစ်နေလိမ့်မည်ဟု မြ ထင်သည်။ ပေါင်းသင်းလာကြသည့် အိမ်ထောင်သက်တမ်းတစ်လျှောက်လုံး မိန်းမတစ်ယောက်၏ရင်ထဲတွင် စူးနစ်ဝင်နေသော ဆူးတစ်ချောင်း၏အစကို ဆွဲနုတ်ပြလိုက်စေချင်သည်။
သို့သော်…..
“ အို….အဲဒီအချိန်တုန်းကတော့ မွှန်နေတာကိုး ”
“ ဘာမွှန်တာလဲ ”
“ ရှင်နော် မကြီးမငယ်နဲ့ ဘာတွေလာပြောနေတာလဲ ကျွတ် ”
မူနွဲ့ကာ ရယ်ချင်ဟန် စွက်နေသော အသံကို ကြားလိုက်ရစဉ် မြ၏ မျှော်လင့်တကြီး စိတ်တို့သည် အောက်ဆုံးထိ ထိုးကျသွားသည်။ မိန်းမသားတွေဟာ ရှုံးနေရက် တန်းလန်းနှင့်တောင် ဘာကြောင့် မာန မထားနိုင်ကြတာတဲ့လဲ။ ‘ မြ ’ နားမလည်နိုင်။ အဲဒီလိုပဲ “ မြက မောင့်ကို ချစ်တဲ့စိတ်ထက် မာနတရားထားဖို့ကို ပိုမက်မောတာ မောင်နားလည်ပေးလို့ကို မရဘူး ” တဲ့။ မြ၏ ဖြစ်တည်ခွင့်အရေးကို မာနဟု မောင်က ခေါင်းစဉ်တပ်ခဲ့သည်။ အဲဒီခေါင်းစဉ်အောက်မှာပဲ မြတို့နှစ်ယောက် လမ်းခွဲဖြစ်ခဲ့ကြပါသည်။
အခုတော့လည်း နှလုံးသား အလိုဆန္ဒကို ဆန့်ကျင်ပြီး တည်ဆောက်ဖန်တီးခဲ့ရသည့် မြရဲ့ ကမ္ဘာသေးကလေးက နေပျော်စရာ ကောင်းနေခဲ့ပြီ။ ကလေးနှစ်ယောက်ကို ရင်ခွင်ထဲမှာ ပွေ့ဖက်ကာ မောင့်ကို လွမ်းဆွတ်တမ်းတမိသည့် အချိန်များမှ လွဲ၍ပေါ့။
မိန်းမတစ်ယောက်တွင် ယောက်ျားနှင့်တန်းတူ လူသားတစ်ယောက်အနေနှင့် ကိုယ်ဖြစ်လိုရာ ဘဝမျိုး ဖန်တီးတည်ဆောက်ခွင့်ကို မာန ဟု မောင် ယုံကြည်နေသရွေ့ မြတို့နှစ်ယောက်သား ဝေးနေကြတာပဲ ကောင်းပါလိမ့်မည်။
ရွှေအမြုတေမဂ္ဂဇင်း
အောက်တိုဘာ၊၂၀၀၄
.jpg)

Comments
Post a Comment