မထည့်ဖြစ်ခဲ့သော စာလေးတစ်စောင် @ ငွေဇင်ယော်ဦး (မိုးကုတ်)



ရုံး၌ ထမင်းစားနားနေစဉ် ထမြည်လာသည့် ဖုန်းကြောင့် ကျွန်မ တစ်ချက် ကြည့်လိုက်မိသည်။ ကျွန်မ မသိသော နံပါတ်စိမ်းတစ်ခု ဖြစ်ပါ၏။ 

 “ ဟယ်လို သမီး ငွေဇင်ယော်ဦးလား ”

 တစ်ခါမျှ မကြားဖူးသည့် အမျိုးသမီးကြီးတစ်ဦးအသံဖြစ်ပါသည်။

 “ ဟုတ်ပါတယ်ရှင် ”

 “ အန်တီပါ သမီးရေ။ ဘဘရဲ့ဇနီး”

 ကျွန်မ ရုတ်တရက် အံ့ဩသွားမိသည်။ တစ်ဆက်တည်းမှာပင် ဝမ်းလည်း သာသွားရပါ၏။ ဘဘတို့ ဇနီးမောင်နှံ ( အထူးသဖြင့် ဘဘက ) ကျွန်မနှင့် လွန်ခဲ့သည့် လေးငါးနှစ်ကတည်းက စာတိုက်မှတစ်ဆင့် ပေးစာတွေ အပြန်အလှန်ရေး၊ စာအုပ်တွေပို့ကာ ခင်မင်ရင်းနှီးလာကြသူတွေဖြစ်ပြီး အဆက်အသွယ်ပြတ်သွားသည်က တစ်နှစ်ကျော်မျှသာ ရှိဦးမည်။ ဘဘက ရွှေအမြုတေမဂ္ဂဇင်း၏ ပင်တိုင် စာဖတ်ပရိသတ်တစ်ယောက်ဖြစ်သလို ကျွန်မ ရေးသားပြီးသမျှ ဝတ္ထုတိုတိုင်းလိုလို ဖတ်ဖူးသည့် စာချစ်သူတစ်ဦးလည်း ဖြစ်ပါ၏။ 

 ယခုကဲ့သို့ လက်ကိုင်ဖုန်းများ တွင်ကျယ်စွာ အသုံးမပြုကြသေးသော၊ စာပို့ခတွေ မကြီးမြင့်သေးသောကာလ၊ ကျွန်မ နေရပ်လိပ်စာပါသည့် “မိုးတွေရွာနေတယ်” တစ်ကိုယ်တော် ဝတ္ထုတိုပေါင်းချုပ် ထွက်ရှိထားသောကာလက ကျွန်မထံ ရောက်ရှိလာသော စာဖတ်သူတု့ိ၏ ပေးစာများထဲတွင် ဘဘ၏ ပေးစာများက တစ်မူထူး၏။

 စာဖတ်သူတစ်ယောက်မှ စာရေးဆရာတစ်ယောက်ထံ သာမန် မိတ်ဆက်စကားပြောရုံ၊ စာပေအကြောင်းပြောရုံမျိုး မဟုတ်ဘဲ ကျွန်မအား သမီးလေးလို၊ တူမသားချင်းလို ပဲ့ပြင်ဆုံးမမှုတွေနှင့် တစ်စောင်ပို့လျှင် လီဂယ်စာရွက်ဆိုဒ်နှင့် အနည်းဆုံး နှစ်မျက်နှာ သုံးမျက်နှာအပြည့် ရေးတတ်သူဖြစ်သည်။ ထိုစာတွေ စဖတ်ရကတည်းက သူစိမ်းဟု မခံစားမိလောက်အောင် လူကြီးသူမတစ်ယောက်၏ နွေးထွေးသော မေတ္တာ၊ စေတနာတို့ကို ခံစားမိခဲ့ရသည်။ ဘဘ၏ ပေးစာတိုင်းကို အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်မကလည်း ပြန်ဖတ်မိမြဲ။ စာတိုင်း၌ မှတ်စရာ ဗဟုသုတများ အမြဲပါသလို ကျွန်မအား ပိုပြီးပြည့်ဝသည့် ကလောင်တစ်ချောင်း ဖြစ်လာစေချင်သည့် ဘဘ၏ စေတနာကို အထင်းသား မြင်ရသည်။ ဘဘသည် ကမ္ဘာ့အရေး၊ မြန်မာ့အရေးသာမက စာပေရေးရာ၌ပါ နှံ့စပ်လှသည့် ရှေ့မီနောက်မီ ပညာတတ် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ 

 ဘဘပေးစာများထဲမှ ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်တွေအကြောင်း အတုယူ အားကျဖွယ် ဖတ်ရှုရသည်။ ကျွန်မ မသိ၊ မမီလိုက်သည့် စာပေလောကထဲမှ သိမှတ်စရာတွေလည်း သိခွင့်ရ၏။ ဘဘစာတွေဖတ်ပြီး ခွန်အားတွေ ရရှိခဲ့သလို ဖတ်ပြီးလျှင် ပြန်စာကိုလည်း အမြဲစိတ်ပါလက်ပါ ရေးပို့ဖြစ်ခဲ့မြဲ။

 ကျွန်မက လောကကြီးအကြောင်း သင်ယူဖြည့်ဆည်းနေဆဲ နှစ်ဆယ်ကျော်လူငယ်၊ ဘဘက အတွေ့အကြုံများစွာဖြင့် ပြည့်ဝ ရင့်ကျက်နေပြီဖြစ်သည့် ခြောက်ဆယ်ကျော် လူကြီးသူမအရွယ်ဖြစ်ရာ ဘဘထံမှ ကျွန်မသိချင်၊ မေးချင်သည့်ကိစ္စတွေ အမြဲရှိနေတတ်သည်။

 ဘဘက ကျွန်မတို့ မျိုးဆက်အထိ သိသလို ကျွန်မကလည်း အရင်ခေတ်က နတ်ရေကန်၊ သပြေတေး၊ ပန်းဝေသီ၊ ပေဖူးလွှာ၊ ကလျာ၊ မြားနတ်မောင်၊ မဟေသီ စသဖြင့် မဂ္ဂဇင်းတွေနှင့် ကြီးလာရသူဖြစ်ရကား ပြောစရာ စာပေစကားတွေက ကျွန်မတို့ကြား၌ ဘယ်တော့မှ မကုန်ချေ။ ဘဘက သူ အနှစ်နှစ်အလလ စုဆောင်းထားသည့် မဂ္ဂဇင်းဟောင်းများ အပါအဝင် စာအုပ်ကောင်းကလေးတွေကို ပါဆယ်ထုပ်ပြီး စာတိုက်မှ ပို့ပေးတတ်သည်။ ကျွန်မကလည်း သိမ်းသင့်သည့် စာအုပ်တွေသိမ်း၊ လှူသင့်သည်ကို လှူရင်း လက်လှမ်းမီသလို ပြန်မျှဝေပေးဖြစ်သည်။

 ဘဘစာတွေဖတ်ရင်း ရင်းနှီးလာရသည်ကတော့ ဘဘ၏ ဇနီး “အန်တီ” ပင်။ ဘဘစာတိုင်း၌ မိသားစုအကြောင်း အမြဲ ထည့်ရေးလေ့ရှိသဖြင့် ကျွန်မမှာ အန်တီကို မမြင်ဖူးဘဲနှင့် အလိုလို ခင်မင်ရင်းနှီးနေသည်။ ကျွန်မ အကြောင်းကိုလည်း ဘဘက အန်တီကို အမြဲ ပြောပြဟန်တူသည်။ တစ်ခါတရံ ဘဘ၏ ပေးစာများထဲမှာ “ညည်းအန်တီက ညည်းဝတ္ထုလေးဖတ်ပြီး သဘောကျလို့တဲ့” ဆိုတာမျိုး အခုတရထည့်ရေးပေးတာ ဖတ်ရသည်။ 

 ကျွန်မကလည်း ပေးစာတိုင်း၌ “ဘဘနဲ့ အန်တီ ရွှင်လန်းချမ်းမြေ့ပါစေ” ဟူသည့် ဆုတောင်းမေတ္တာစကားနှင့် အဆုံးသတ်တတ်မြဲ။ ဘဘစာတွေဖတ်ပြီး အန်တီ၏ စိတ်ရှည် ကြင်နာတတ်မှု၊ ဟင်းချက်ကောင်းမှုတွေကို ကျွန်မ သိခွင့်ရ၏။ ကျွန်မ စာအုပ်လေးတွေ ထွက်လျှင်လည်း စာတိုက်မှ လှမ်းပို့ပေးဖြစ်ခဲ့သည်။ ဘဘကလည်း ကျွန်မ၏ စာပေလှုပ်ရှားမှုတွေနှင့် ပတ်သက်၍ အပြုသဘောဆောင်သည့် ပဲ့ပြင်ဝေဖန်မှုလေးတွေ အမြဲပေးတတ်သည်။

 ကျွန်မ ရေးသားသည့် ဝတ္ထုတိုလေးများကိုသာမက ရွှေ၌ပါဖူးသည့် ကျွန်မ၏ ရှားရှားပါးပါး အင်တာဗျူးတွေကအစ သေချာဖတ်ပြီး ပြောသင့်သည့်စကား၊ မပြောသင့်သည့်စကား စသဖြင့် အသေးစိတ် ဝေဖန်ပေးတတ်သည်။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနှင့် ချက်ကျလက်ကျ ဝေဖန်တတ်တာမို့ ကျွန်မမှာ အသိတစ်ခုခု အမြဲတိုးရသည်။ 

 ကျွန်မထံသို့ လက်ညောင်းခံ၊ စာရွက်နှင့် ဘောပင်န်ဖိုး အကုန်ခံ၊ စာပို့ခ အကုန်ခံကာ ပို့ကြသည့် စာချစ်သူတို့၏ ပေးစာများကို အလေးအနက်ထားပြီး စာပြန်ရန်လည်း ဆုံးမတတ်သည်။ 

 စာတိုက်က ကျွန်မနေထိုင်ရာ ရပ်ကွက်နှင့် အလှမ်းဝေးသဖြင့် ပေးစာတွေကို ချက်ချင်း မပြန်ဖြစ်ဘဲ စာမူပို့ချိန်မှ စုပေါင်းပြန်ဖြစ်တာ များသဖြင့် တချို့ပေးစာများမှာ ပြန်စာနှင့် လ ခြားသွားတာတောင် ရှိသည်။ အလေးအနက်မထား၍ မဟုတ်ဘဲ စက်ဘီးမစီးတတ်၊ ဆိုင်ကယ်မစီးတတ်သူတို့၏ ထုံးစံအတိုင်း စိတ်သွားတိုင်း ကိုယ်မပါ၍ ဖြစ်သည်။ သို့သော် ဘဘ၏စာတွေ ရောက်လာချိန်မှာတော့ တစ်လကို အနည်းဆုံးတစ်ကြိမ်တော့ စာတိုက်သို့ ပုံမှန် ရောက်ဖြစ်ရတော့၏။ ကျွန်မ၏ အမေကိုလည်း ဘဘစာတွေ အမြဲပေးဖတ်ဖြစ်သဖြင့် အမေကလည်း ဘဘနှင့် အန်တီကို မမြင်ဖူးပေမဲ့ ခင်မင်နေသည်။ 

 ထို့နောက်တော့ ဖုန်းဆင်းန်ကတ်ဈေးနှုန်းတွေ ကျဆင်းလာခဲ့ချိန်မှာ ကျွန်မကလည်း လိုအပ်ချက်အရ ကိုယ်ပိုင်ဖုန်းလေးတစ်လုံး ဝယ်ကိုင်ဖြစ်ခဲ့သည်။ အဓိကက ဖုန်းကိုင်ချင်၍ထက် ဖုန်းလာတိုင်း ဖုန်းဆိုင်ပြေးပြောရ၊ လူမရှိလျှင် အရေးကြီးဖုန်းတွေ လွဲချော်ရနှင့် ဒုက္ခတွေကို စိတ်ပျက်နေပြီမို့ ဖြစ်သည်။ ဘဘထံ ရေးဖြစ်သည့်စာထဲတွင် ကျွန်မ၏ အသစ်စက်စက် ဖုန်းနံပါတ်ကို ရေးထည့်ပေးလိုက်တော့ ဘဘ ဖုန်းဆက်လာသည်။ ဖုန်းထဲမှ အသံကြားရတော့လည်း ဘဘက နှစ်လို ခင်မင်ဖွယ် ကောင်းလှသည်။ နောက်ထပ်တော့ မဆက်ဖြစ်ပါ။ စာပို့ခတွေလည်း ကြီးမြင့်လာခဲ့သည်။ ဘဘကတော့ စာပို့ခတွေ အဆမတန် မြင့်တက်နေသည့်ကြားမှ ပို့ချင်သည့် စာအုပ်တွေကို လှမ်းပို့မြဲ။ စာရေးရှာမြဲ။

ကျွန်မကတော့ ဆက်သွယ်ရေး အဆင်ပြေရုံ ရည်ရွယ်ပြီး ဝယ်ယူခဲ့သည့် ဖုန်းတစ်လုံး၏ နောက်ဆက်တွဲ အာရုံတွေနောက် လိုက်ပါနေမိခဲ့ပြီ ဖြစ်သည်။ ဖုန်း၌ အင်တာနက်ဟူသည့် အရာကြီးကို ချိတ်ဆက်လိုက်သောအခါ ကျွန်မအတွက် ခက်ခဲခဲ့သော ဆက်သွယ်ရေးကိစ္စ အဝဝတို့သည်  ထင်ထားသည်ထက် လွယ်ကူချောမွေ့သော အဖြစ်သို့ ပြောင်းလဲသွားတော့၏။ 

ကျွန်မသည် ကွန်ပျူတာစီပြီးသား စာမူကို ဖုန်းထဲထည့်၍ အီးမေးလ်နှင့် ပို့သည်။ စာတိုက်ကဲ့သို့ လေးငါးရက်လည်း စောင့်စရာမလို။ ရောက်မရောက်လည်း ပူပန်စရာမလို။ စာပို့ခလည်း မကုန်ဘဲ လိုင်းကောင်းလျှင်ကောင်းသလို ပို့လိုသော မဂ္ဂဇင်းတိုက်ထံ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမျှနှင့် ရောက်ရှိသွားသည်။ ဝေးလံလှသည့် စာတိုက်သို့ တစ်ခါသွားဖို့အရေး လိုက်ပို့မည့်သူတွေကို ထိုင်စောင့်ရသည့် ဒုက္ခလည်း ငြိမ်းအေးသွားသည်။ စာချစ်သူများနှင့်လည်း အွန်လိုင်း၌ တွေ့ဆုံခင်မင်ခွင့်ရသည်။ 

 လူမှုကွန်ရက်စာမျက်နှာပေါ်၌ ကျွန်မနှစ်သက်ရာစာလေးတွေ ရှာဖတ်၊ ဘာသာရပ်တွေ လေ့လာ၊ စာပေမောင်နှမများ အားလုံးကလည်း အွန်လိုင်းပေါ်သို့ ရောက်ရှိလာကြလေကုန်တော့ ကျွန်မ၏ခြေလှမ်းတို့သည် စာတိုက်ဘက်သို့ ဦးမလှည့်ဖြစ်တော့ချေ။

 ဖုန်းနှင့်ပဲ စာမူပို့သည်။ စာချစ်သူတွေနှင့် ဆက်သွယ်နိုင်သည်။ စာဖတ်နိုင်သည်။ ထို့ပြင် ကမ္ဘာကြီးကိုပါ လက်ဝါးပေါ် တင်ကြည့်၍ ရပြီဆိုတော့လည်း…။ လူမှုကွန်ရက် မတွင်ကျယ်ခင်က ကျွန်မထံ ရောက်လာလေ့ရှိသော အနယ်နယ်အရပ်ရပ်မှ စာချစ်သူတို့၏ ပေးစာတွေ ကျဲပါးပြတ်တောက်သွားသလို အွန်လိုင်းမိတ်ဆွေများကတော့ ကျွန်မ၌ တဖြည်းဖြည်း တိုးပွားလာလေသည်။

 ဘဘသည် ကျွန်မထံ စာပို့မြဲ။ ကျွန်မကလည်း စာတော့ပြန်ဖြစ်ပေမဲ့ ယခင်လို စာမူပို့စရာ မလိုတော့သဖြင့် ဘဘစာနှစ်စောင်ရောက်မှ ကျွန်မဘက်က တစ်စောင် ကြိုးစားပြန်ရသည်။ ဒါတောင် မှန်မှန် မပို့ဖြစ်ချေ။ တဖြည်းဖြည်းနှင့် ကျွန်မသည် စာတိုက်သို့ လုံးလုံး မရောက်သည့်အဆင့် ရောက်သွားသည်။ ဘဘထံမှ စာကို လအတန်ခြားပြီးမှ ပြန်ဖြစ်တာ၊ နောက်ဆုံးစာကိုတော့ ရေးရုံရေးပြီး လုံးဝ မပြန်ဖြစ်လိုက်တော့တာကိုပဲ ကျွန်မ မှတ်မိသည်။ ထိုစာက ယနေ့တိုင် ကျွန်မ၏ စာရေးစားပွဲ အံဆွဲထဲ ရှိနေဆဲဖြစ်ပါသည်။ တစ်နေ့ပို့ဖြစ်နိုးနိုး စောင့်နေရင်း ပေးစာနှင့် ပြန်စာက အချိန်တွေ ကွာဟလွန်းသွားရာ မပို့ဖြစ်လိုက်တော့ခြင်းပင်။

 ဘဘထံမှလည်း နောက်ထပ်စာတွေ ရောက်ရှိမလာခဲ့တော့ပါ။ ထို့နောက် ကျွန်မတို့တွေ စာအဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့တော့သည်။ ချစ်ခင်ရသူတွေမို့ မကြာခဏတော့ သတိရနေခဲ့ပါ၏။ ပေးစာတွေ စုထည့်ထားသည့် မုန့်ပုံးတွေကို ရှင်းဖြစ်တိုင်း ဘဘစာတွေကို ပြန်ဖတ်မိမြဲ။ အခြားပေးစာများကဲ့သို့ ဗလာစာရွက်နှင့် မဟုတ်ဘဲ လီဂယ်စာရွက်ဆိုဒ်ကြီးတွေမို့ ဘဘစာတွေကို ဖိုင်သပ်သပ် တွဲထား၏။

 “ ဖုန်းလေးဆက်ဦးမှပါ ” ဟု ရံဖန်ရံခါ စိတ်ကူးမိပေမဲ့ ဘာကြောင့်ရယ်မသိဘဲ တစ်ခါမှ မဆက်ဖြစ်ခဲ့ပါ။ ဘဘက ယနေ့ခေတ်မှာ တွင်ကျယ်စွာ အသုံးပြုနေကြသည့် လူမှုကွန်ရက် စာမျက်နှာများပေါ်သို့ ရောက်ရှိမလာခဲ့တာလည်း ပါသည်။ ရွှေချစ်သူ ပေးစာကဏ္ဍမှာတော့ ဘဘစာကို တစ်ခါ ဖတ်လိုက်ရ၏။ 

 ယခုတော့ဖြင့် အဆက်အသွယ်တွေ ပြတ်ခဲ့ပြီးနောက်မှာ ဘဘ၏ဇနီး “အန်တီ့” အသံကို မမျှော်လင့်ဘဲ ကြားလိုက်ရသည်က ကျွန်မအတွက် အံ့အားသင့်ပျော်ရွှင်ဖွယ်ရာ။

 “အန်တီ့အသံကြားရတာ ဝမ်းသာလိုက်တာ။ သမီးလည်း အန်တီတို့ကို အမြဲတမ်း သတိရနေတာပါ။ အဆက်အသွယ် ပြတ်သွားတာ ကြာပြီနော်။ ဘဘကော အန်တီကော နေကောင်းကြမယ် မဟုတ်လား ”

 အန်တီ့ဘက်က ခဏမျှ တိတ်ဆိတ်သွားပြီး…

 “ သမီးဘဘက ဆုံးသွားပြီလေ” ဟု ဆိုသည်။

 ကျွန်မ ရုတ်တရက် ဆွံ့အသွားမိသည်။ ဆွံ့အသွားသည်မှာ တော်တော်နှင့်ကို အသံပြန်မထွက်လာနိုင်တော့တာဖြစ်သည်။ 

 “ ဟင်… ဘယ်တုန်းက ဆုံးတာလဲ အန်တီရဲ့။ ဘာဖြစ်လို့ ဆုံးသွားတာလဲ ”

 “ အခုဆို တစ်လကျော်ပြီပေါ့။ လူကြီးရောဂါနဲ့ပါပဲ။ ဘဘမဆုံးခင်ကလည်း သမီးဆီ ဖုန်းဆက်ပါတယ်။ ဖုန်းဝင်ပေမဲ့ သမီး မကိုင်ဘူး။ ဆုံးပြီးတော့လည်း အန်တီ ဖုန်းခေါ်သေးတယ်။ သမီး မကိုင်ဘူး ”

 ကျွန်မ အံ့အားသင့်သွားသည်။ ကျွန်မ မသိလိုက်ခင် အရာရာသည် ကျနလှပစွာ လွဲချော်ကုန်ပြီမှန်း နားလည်လိုက်မိပြီသာ။ ကျွန်မက လောလောဆယ် မန္တလေးမှာ အလုပ်လုပ်နေရာ မိုးကုတ်အိမ်မှ အလုပ်နှင့် ပတ်သက်သည့် ဖုန်းတွေကို မကိုင်ဖြစ်တော့တာ များသည်။ ပေးထားသည့် နံပါတ်အသစ်ကို မဆက်ဘဲ ယခင်သုံးခဲ့သည့် ကျွန်မ ဖုန်းနံပါတ်ဟောင်းကိုပဲ ခဏခဏ မှားဆက်ကြရာ ရုံးမှာ အလုပ်ဖြောင့်ဖြောင့် မလုပ်ရ၍ ဖြစ်သည်။ အလုပ်ချိန်အတွင်း ဖုန်းကို အသံပိတ်ထားပြီး ခေါ်ထားသည့်ဖုန်းတွေကို ကျွန်မ အားလပ်သည့် အချိန်ကျမှ ကျွန်မသိလျှင် သိသလို ပြန်ခေါ်ဖြစ်သည်။ များသောအားဖြင့်တော့ ဖုန်းနံပါတ်တိုင်းကို ပြန်ခေါ်ပါသည်။ သို့ပေမဲ့ မှားခေါ်နေကျ ဖုန်းနံပါတ်ဟာ ထင်လျှင်တော့ ပြန်မခေါ်ဖြစ်ပါ။ 

 ကျွန်မ သိမထားသည့် ဘဘ၏ ဖုန်းနံပါတ်အသစ်သည် ကျွန်မ ပြန်မခေါ်မိလိုက်သည့် ဖုန်းနံပါတ်စာရင်းတွေထဲပဲ မှားယွင်း ပါသွားလေသလား။ ဘဘက ဘယ်တုန်းက ဆက်ပါလိမ့်။ မလုပ်မဝင်ခင် ကာလကဆက်သည်ဆိုလျှင် ဟောင်းဟောင်း၊ သစ်သစ် ကျွန်မ မကိုင်သည့် ဖုန်းနံပါတ် မရှိခဲ့ပါ။ ဘဘသည် ကျွန်မ ဖုန်းနံပါတ်ကိုပဲ မှားယွင်းခေါ်ဆိုမိလေသလား။ သို့ပေမဲ့ မဖြစ်နိုင်ပါ။ အန်တီ ယခုဆက်တော့ ကျွန်မထံ တန်းတန်းမတ်မတ်ဝင်လာသည် မဟုတ်ပါလား။

 မည်သည့်အဖြစ်တွေကြောင့် လွဲချော်ခဲ့မှန်း ကျွန်မလည်း မသိတော့ပါ။ 

 ခင်ပွန်းသည်ဆုံးပြီးစ တစ်လကျော်မျှသာ ရှိသေးသည့် ကျန်ရစ်သူ ဇနီးမယား အန်တီ့အပူကို စာနာနားလည်စွာ ကျွန်မ၏ ပျက်ကွက်မှုအတွက် အားနာမျက်နှာပူလှစွာဖြင့် ကျွန်မတို့ကြား လွဲချော်ခဲ့ရသည့် အဖြစ်တွေကို ကျွန်မ စဉ်းစားမိသလောက် ရှင်းပြနေမိသည်။ အန်တီက ကျွန်မကို အပြစ်မတင်ပါ။ ဘဘဆုံးပါးသွားကြောင်း ကျွန်မအား အသိပေးလို၍ တကူးတက ဖုန်းဆက်ရှာတာ သက်သက်ပင်။

 “ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး အန်တီရယ်။ သမီး တကယ့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ဘဘ မရှိတော့ပေမဲ့ သမီးအပေါ် ဘဘရှိတုန်းကလို ဆက်ခင်ပါဦးနော် ”

 စကားအနည်းငယ်ပြောဆိုပြီး အန်တီ ဖုန်းချသွားတော့ ကျွန်မ ငိုင်တွေ ကျန်ရစ်ခဲ့ပါသည်။ ဘဝမှာ တကယ့်ကို စိတ်ထိခိုက်ကြေကွဲမိရသည့် အဖြစ်ပင်။ ကွယ်လွန်တိမ်းပါးသွားချိန်အထိ တစ်ခါမျှ မတွေ့၊ မမြင်ဖူးလိုက်ရပေမဲ့ ကျွန်မအပေါ် သမီးတစ်ယောက်လို အလေးထား ချစ်ခင်ခဲ့သော ဘဘ၏ ခွဲခွာခြင်းက ကျွန်မအား များစွာ ဝမ်းနည်းစိတ်မကောင်း ဖြစ်မိစေပါသည်။ 

 အထူးသဖြင့် ဘဘ၏ နောက်ဆုံးစာလေးကို မပြန်ဖြစ်ခဲ့သည့် ကျွန်မကိုယ်ကျွန်မ ခွင့်မလွှတ်နိုင်ပါ။ ရေးပြီးသား စာတစ်စောင်ကို ပို့ရသည့်အလုပ်က ဘယ်မျှ ခက်ခဲနေ၍ ကျွန်မ အားမထုတ်ခဲ့ပါလိမ့်။  ရောက်နေကျအချိန်မှာ ရောက်မလာသည့်စာကို ဘယ်တော့မှလည်း ရောက်လာခြင်း မရှိတော့သည့် ကျွန်မထံမှ စာတွေကို ဘဘ ဘယ်အချိန်အထိ မျှော်နေခဲ့ပါလိမ့်။

တွေးရင်းနှင့်ပဲ နောက်ထပ်အတွေးတစ်စကလည်း ကျွန်မရင်သို့ လာရောက်ရိုက်ခတ်၏။

ပညာလည်းတတ်၊ စာပေဗဟုသုတလည်း ကြွယ်ဝနှံ့စပ်ပြီး နည်းပညာနှင့်လည်း အကျွမ်းတဝင်ရှိလှသည့် ဘဘလို ပုဂ္ဂိုလ်တစ်ယောက်က လူတိုင်းနီးပါး သုံးနေကြသည့် ဖေ့ဘွတ်ခ်လို လူမှုကွန်ရက်ပေါ် ရောက်မလာတာဖြင့် မဖြစ်နိုင်။ ကျွန်မအား နှုတ်ဆက်ခြင်းမပြုဘဲ တိတ်ဆိတ်စွာ နေနေခဲ့သည်ကော မဖြစ်နိုင်ပေဘူးလား။ ရောက်လာဖြစ်ခဲ့သည်ဆိုလျှင် စာလေးတစ်စောင်တောင် မပြန်နိုင်အောင် မိတ်ဆွေသူငယ်ချင်းအသစ်တွေနှင့် အွန်လိုင်းပေါ် ပျော်ရွှင်နေခဲ့သည့် ကျွန်မကို ဘယ်လိုများ တွေးထင်နေခဲ့မည်နည်း။

တကယ်တော့ အားထုတ်စရာမလိုဘဲ လွယ်ကူချောမွေ့လာနေသည့် ခေတ်မီ ဆက်သွယ်ရေးစနစ်တွေက ကျွန်မတို့ ချစ်ခင်ရသူတွေနှင့် အရင်းနှီးဆုံး ဆက်ဆံရေးတွေကို တဖြည်းဖြည်း ဝါးမျိုသွားခဲ့တာ ကျွန်မတို့ သတိမပြုမိခဲ့ကြပါ။ ယခုအချိန်မှာ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ပြောရမည်ဆိုလျှင်တော့ မိုးကုတ်အိမ်ရှိ စာရေးစားပွဲ အံဆွဲအတွင်းတွင် သိမ်းထားသည့် စာကလေးတစ်စောင်ကို ပြန်ယူပြီး စာတိုက်သို့ အပြေး သွားထည့်လိုက်ချင်သည်။

 သိုပေမဲ့ ကျွန်မ ထည့်လိုက်သည့် စာလေးတစ်စောင်ကို ဝမ်းသာစွာ လက်ခံမည့်သူက ကမ္ဘာလောကကြီး၌  မရှိတော့ပြီ။



ငွေဇင်ယော်ဦး (မိုးကုတ်)

 ရွှေအမြုတေမဂ္ဂဇင်း၊ ဩဂုတ်လ၊ ၂ဝ၁၆။

Comments