လူဖန်ဆင်းသော သက်မဲ့ အရာဝတ္ထုမှန်သမျှတွင် စာပေဝတ္ထုသည် လူနှင့်အတူဆုံး၊ ဘဝချင်း အနီးစပ်ဆုံး ဖြစ်သည်။ ဝတ္ထုများထဲတွင် လူတို့၏ အတွေးအခေါ် အယူအဆများ၊ ဘဝဖြစ်ရပ်များ အမျိုးစုံ ပါဝင်သည်။ စင်စစ် ဝတ္ထုစာပေသည် လူတို့၏ ခေတ်အဆက်ဆက်၊ ဘဝအဖြစ်အပျက် အထွေထွေကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ယင်းခေတ်သည် ပျက်ယွင်း၍ ယင်းလူများသည် သေပျောက်သွားကြပြီးသော်လည်း စာပေဝတ္ထုတွေက သူတို့ကိုယ်စား ကျန်ခဲ့သည်။
ယခု ‘ဤလောကမြေမဟီဝယ်’ စာအုပ်တွင်ပါသော ဝတ္ထုများမှာ စိတ်ကူးယဉ်သက်သက် မဟုတ်၊ ကျွန်တော်၏ဘဝနှင့် ပတ်ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရသော တောနှင့်မြို့၊ ဆင်းရဲချမ်းသာ လူ့အလွှာအသီးသီးမှ ဖြစ်ရပ်များကို ထပ်ဟပ် ရေးသားထားခြင်းဖြစ်ပေရာ ဤဝတ္ထုတို့တွင် ပါဝင်ကြသော တကယ့်လူများမှာ အချို့လည်း သေကြပြီ၊ အချို့လည်း ရှိကြသေးသည်။
သူတို့သည် ယခု စာဖတ်သူနှင့် လက်ရှိဘဝကား မည်သို့မျှ ပတ်သက်မည် မဟုတ်သော်လည်း ဤစာအုပ်ကို ဖတ်လိုက်သည်နှင့် အလွန် ရင်းနှီးကြပြီး သူတို့က သူတို့အကြောင်းတွေကို စာဖတ်သူအား အသီးသီး ပြောပြကြပါလိမ့်မည်။ သည်နေရာ၌ ဤစာအုပ်တွင်ပါသော ဝတ္ထုနှစ်ပုဒ်အတွက် အမှာစကား ပြောကြားထားလိုပါသည်။ တစ်ပုဒ်က ‘အရိယာနှင့် အရက်’။
ဤစာအုပ်အတွက် စာမူများ စီစဉ်နေခိုက် အိမ်ရောက်လာသော စာဖတ်မိတ်ဆွေ တစ်ယောက်က မာတိကာကို ကြည့်ပြီး “ဟာ… အားလုံး စာတည်စာခန့်တွေထဲမှာ ဒီ ‘အရိယာနှင့်အရက်’ ဟာသစာပြောင်က ဘာလို့ ထည့်ထားရတာလဲဗျ” ဆိုသဖြင့် ဟာသကို အထင်သေးသူအား ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလထုတ် ဇဝနဂျာနယ်မှ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့သော ဆောင်းပါးမှ အောက်ပါကောက်နှုတ်ချက်ကို ပြလိုက်ရပါသည်။
ဟာသပညာသည် လူမျိုးတစ်ဦး၏ ဘဝတွင် အရေးပါ အရာရောက်သော ပညာရပ်တစ်ခု ဖြစ်သည်။ သို့သော် ဟာသပညာကား လောကီလူ့ဘဝ၊ လူ့ဇာတ်ခုံတွင် ရှေ့နောက်မညီ၊ အဆင်မပြေသော အချက်အလက်များကို ထုတ်ဖော်၍ ရှင်လူအပေါင်းတို့အား ရယ်စရာ ဖြစ်စေရမည်။
“ကျွန်တော့်ဝတ္ထုဟာ အဲသည်အချက်နဲ့ ကိုက်ညီတယ်ထင်လို့ ဒီစာအုပ်မှာ ဝတ္ထုမျိုးစုံအောင် ထည့်လိုက်တာပဲဗျ” ဟု ပြန်ပြောလိုက်ရ၏။
နောက်တစ်ပုဒ်က ‘ခေတ်ပြောင်းချိန်’ ဝတ္ထု။
ခုခေတ် ကျေးလက်တောရွာကို မလေ့လာဖူးသော မြို့ကြီးသား စာဖတ်မိတ်ဆွေအချို့က “တောရွာတွေမျာ ခင်ဗျား ဝတ္ထုထဲကအတိုင်း လယ်သမားတွေ လယ်ထဲမှာ တကယ်ပဲ ရေနွေးဓာတ်ဘူးနဲ့ လက်ဖက်ရည်ကြမ်း သောက်ကြပြီလား…” ဟု မယုံကြည်နိုင်ဟန်ဖြင့် အမေးရှိကြပါသည်။
ဤဝတ္ထုသည် ကျွန်တော်၏ ဇာတိရွာမှာ သွားပြီး ရေးခဲ့သော ဝတ္ထုဖြစ်သည်။ ခုခေတ် ကျေးရွာတွေမှာ တစ်ပြည်လုံး ခွဲတမ်းနှင့် ပေးထားသော ဓာတ်ဘူးများသာမက ရေဒီယိုများလည်း ရှိနေကြပါပြီ။ မယုံလျှင် သွား၍ ကြည့်ကြပါကုန်လော့…။
သော်တာဆွေ
.jpg)

Comments
Post a Comment