လွမ်းရိပ်ဝေဝေ စကားဝါမြေ @ ပန်းငုဝါဝါ


"သိုးကလေ

ပုပ္ပါးနတ်တောင်

အခေါင်မြင့်ဖျား၊ စုံတောပြား၌

နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်

ရွှေနှင့်ယိုးမှား၊ ပန်းစံကား"

လင်္ကာ - ရှေးစာဆို (ပုဂံခေတ်)


စိမ်းညို့နေသည့် ပုပ္ပါးတောင်မကြီးကို လှမ်းကြည့်ရင်း ပါးစပ်ထဲ စွဲနေသည့် စာသားလေးများကို ခင်နှောင်း ဆိုညည်းမိလိုက်သည်။ သူ့ရှေ့က ခုံပေါ်မှာ ချထားသည့် ဗန်းလေးထဲက ဝါရွှေရောင် ဝင်းနေသည့် စကားဝါပန်းလေးများကို တို့ထိကြည့်ရင်း တောင်ခြေကို ထိုးဆိုက်လာမည့် ကားတွေကို ကြည့်နေမိသည်။ သူ ကြည့်နေရင်းက ကားတစ်စီး ထိုးဆိုက်လာသည်မို့ ထိုကား ဘေးနား ပတ်လည်မှာ မျောက်စာရောင်းသူ၊ ဘုရားပန်းရောင်းသူများနှင့် တစ်မုဟုတ်ချင်း ပြည့်နှက်သွားသည်။ 

"မမတို့ ဘုရားပန်းလေးတွေ ဝယ်သွားကြနော်။ မျောက်စာလေးတွေလည်း အားပေးကြပါဦး အပေါ်မှာ ဘာဈေးသည်မှ မရှိတော့ဘူးနော်"

"အန်တီရေ၊ ဆေးမြစ်စုံ ဘူးလေးတွေ အားပေးသွားပါဦး၊ အညောင်းအညာပြေ၊ အဆစ်အမြစ် ကိုက်တတ်သူတွေအတွက် ကောင်းတယ်ရှင့် ဝယ်သွားကြပါဦး"

ကားမှန်တံခါးဖွင့်၍ လူ ဆင်းလာသည်ဆိုလျှင်ပင် အသံစာစာလေးများဖြင့် အလုအယက် ရောင်းနေကြသည့် ဈေးသည်လေးများ၏ အသံက ပုပ္ပါးတောင်ခြေတစ်ဝိုက်ဆီမှာ စီစီညံနေလျက် ရှိသည်။ သိပ်မကြာလိုက် ကားတစ်စီးပြီး တစ်စီး ထိုးဆိုက်လာတော့သည်မို့ တောင်ခြေတွင်သာမက တောင်မကြီးဆီသို့ပါ တက်သွားကြသည့် လူအများဖြင့် ဖွေးဖွေးလှုပ်နေအောင် စည်ကားနေတော့သည်။ 

ခင်နှောင်း သောက်လက်စ လက်ဖက်ရည် ချိုချိုထဲကို အီကြာကွေးပူပူကို ထိုးစိုက်ရင်း ခပ်မြန်မြန် ဝါးလိုက်ရသည်။ ဒီကနေ့ အိမ်က အထွက်မှာ နောက်ကျနေသည်မို့ မနက်စာ ထမင်းကြမ်းပင် မစားခဲ့ရသဖြင့် တောင်ခြေမှာ ဖွင့်သည့် လက်ဖက်ရည်ဆိုင်လေးမှာ လက်ဖက်ရည်ချိုချို တစ်ခွက်မှာပြီး အီကြာကွေးတစ်ချောင်းနှင့် ဝမ်းဖြည့်လိုက်ရသည်။ ထမင်းကြမ်းလို ဗိုက်ဝမသွားပေမယ့် အဆာတော့ ပြေသွားရသည်။ အအေးခံထားသည့် ရေနွေးကြမ်းတစ်ခွက်ကို တဂွတ်ဂွတ်မြည်အောင် သောက်ကာ ကျသင့်သည့်ငွေကို အမြန်ရှင်းပြီး တောင်ခြေဆီကို ထိုးဆိုက်လာသည့် ကားတစ်စီးဆီသို့ သူများထက် အရင် ဦးအောင်ပင် အလျင်အမြန် ပြေးသွားလိုက်သည်။

ထိုးစိုက်လာသည့် ကားပေါ်မှ အန်တီကြီးနှစ်ဦးနှင့် ခပ်ရွယ်ရွယ် အမျိုးသမီးတစ်ဦး ဆင်းလာသည်မို့ ထိုအမျိုးသမီးအနား ခင်နှောင်း အပြေးလေး ကပ်လိုက်သည်။ အရပ်မောင်း မြင့်မြင့်နှင့် လိုက်ဖက်စွာ ဆံပင်ရှည်ရှည် အမျိုးသမီးက ခင်နှောင်း မျက်စိထဲ တန်းမတ်စွာ ဝင်လာသည်။ ဖြူဝင်းနေသည့် အသားအရေပေါ်မှာ ဆင်စွယ်ရောင် အင်္ကျီက ပနံရ လှပစွာ။ စွတ်စွတ်ဖြူနေသည့် စကတ်ရှည်ရှည်က တသုန်သုန် တိုက်လာသည့် လေအသော့မှာ တဖျတ်ဖျတ် လွင့်နေပုံက ပုပ္ပါးတောင်မကြီးကို နောက်ခံထား ရေးဆွဲထားသည့် ပန်းချီတစ်ချပ်လေအလား လှပလွန်းလှပါဘိ။ 

တောင်ခြေကနေ တောင်မကြီးပေါ်သို့ တက်ရန် ဟန်ပြင်နေသည့် ထိုအမျိုးသမီးကို ငေးကြည့်နေလျက်က ခင်နှောင်း ကိုယ့်ဘာသာကိုယ် ပြန်ကြည့်မိသည်။ နုနယ်ပျိုမြစ်သည့် ၁၆ နှစ်အရွယ် မိန်းမပျိုလေးဟာ ထိုအမျိုးသမီးနှင့် ယှဉ်လိုက်တော့ တန်ဖိုးကြီးပိုးပဝါစနှင့် အဖိုးနည်း အညာချည်ကြမ်းထည်လေးလို ကွာခြားလွန်းလှပါဘိ။ တစောင်းလွယ်ထားသည့် လွယ်အိတ်အောက်က

ရှပ်အကွက် လက်ရှည်အင်္ကျီဟာ ဝတ်စက အပြာလား၊ မီးခိုးရောင်လားပင် မမှတ်မိတော့လောက်အောင် အရောင်လွင့် ဖျော့တော့လျက်ရှိသည်။ 

သနပ်ခါးကြိုက်လှသည့် အညာသူမို့ ပါးမို့မို့နှစ်ဖက်မှာ ထင်းနေမည့် ပါးကွက်ကြားကို ယောင်ရမ်းပြီး တို့ထိမိသည်။ မနက်ဦးက နောက်ကျနေသဖြင့် သနပ်ခါးခြစ်ဖို့ သွားပွတ်တံကိုပင် မရှာအားဘဲ လက်ညှိးကလေးဖြင့် ဆွဲခြစ်ရင်း တောင်ခြေကို လာမည့် ဖိုးကျော်တို့ ကားအမီ ပြေးလိုက်လာရသည့်အဖြစ်ကို ပြန်တွေးမိသည်။

"နင့် မျက်နှာပေါ် ပဲကြီးဟင်းရည်တွေများ မှောက်ကျလာသလား ခင်နှောင်းရဲ့ " ဆိုကာ ဖိုးကျော် စနောက်နေသည်ကိုပင် မကြည်သလို မျက်စောင်းခဲ ရန်တွေ့ခဲ့သေးသည်ပင်။ အို ... ခင်နှောင်း ခပ်ကြာကြာ စဉ်းစား အားကျနေလို့ကလည်း မဖြစ်သေး၊ ဒီကနေ့အဖို့ ဈေးဦးကဖြင့် ပေါက်သေးတာမှ မဟုတ်ဘဲ မြန်မြန်သွက်သွက် ရောင်းပါမှဟု အားခဲရင်း သူ့ဝသီအတိုင်း စကားသံချိုချိုလေးဖြင့် ဈေးရောင်းခြင်းကို စတင်လိုက်သည်။ 

"မမရေ၊ ဘုရားပန်းလေးတွေ ဝယ်သွားပါဦး၊ အပေါ်ရောက်ရင် ဈေးသည်တွေ မရှိတော့ပါဘူးရှင်။ ဟော ... မမ အသားလေးက ဝင်းဝါလို့ရယ်။ ဒီပန်းကလေးများ ပန်လိုက်ရင် သိပ်လှသွားမှာ။ ဝယ်ပါ မမရယ်၊ ဒီတစ်တွဲကိုမှ ၁၀၀၀ တည်းရယ်၊ ဒီပန်းကလေးကို ဆံပင်မှာ ချည်ပြီး ပန်ပေးရမလား မမ၊ အဲဒီလိုလေး ပန်တာ သိပ်လှတာ မမရေ၊ မမနဲ့ဆို သိပ်လှသွားမှာ"

"ဒီတစ်တွဲလုံးကို တစ်ထောင်လား၊ ဆံပင်လေးမှာ ချည်ပေးလိုက်နော်"

မမလှလှ စကားသံအဆုံးမှာ ခင်နှောင်း ပါးချိုင့်ကလေးများ ပေါ်အောင်ပင် အစွမ်းကုန် ပြုံးရယ်လိုက်သည်။ 

"ဟုတ်ကဲ့ပါ မမရေ၊ ဒီလိုလေး ချည်ပေးလိုက်တော့ မမနဲ့ဆို ပိုလှသွားရော။ ကျေးဇူးပါရှင်"

ခင်နှောင်းရဲ့ အသံချိုချိုလေးနှင့် အပြောအဆိုတတ်မှုကြောင့် ထိုးစိုက်လာသည့် ကားထဲမှာ ပါလာကြသည့် အမျိုးသမီးတို့၏ ဦးခေါင်းပေါ်မှာ ခင်နှောင်း ဗန်းထဲက စကားဝါတို့ နေရာယူ လာကြတော့သည်။ ခင်နှောင်းကတော့ ဒီလို အချိန်၊ ဒီလို ရက်မျိုးဆို သိပ်ပျော်သည်။ ပုပ္ပါးတောင်မကြီးကို အမှီသဟဲပြု စားသောက်နေကြသည့် ခင်နှောင်းတို့အတွက် ဒီလို ပွဲတော်ရက်များ ရောက်ပြီဆို ဈေးရောင်းကောင်းပြီး ငွေစ၊ ကြေးစလေးများ ရွှင်နေတတ်သည်။

မင်းနှစ်ပါး ထွက်ပွဲအပြီး သိပ်မကြာခင်ဆို အဘ ဘိုးမင်းခေါင် ပုပ္ပါးတောင်ကလပ်မှ ထွက်ရပ်စခန်း ကြွမြန်းသည့်နေ့ တော်သလင်း လပြည့်ကျော် ၂ ရက်နေ့တိုင်း အဘထွက်ပွဲ ကျင်းပ ပြုလုပ်လေ့ရှိသည်။ 

အဘထွက်ပွဲ မတိုင်မီ အနယ်နယ် အရပ်ရပ်က ဘုရားဖူးများ ပွဲအမီ လာရောက်တတ်ကြသည်။ ယုံကြည်ကိုးကွယ်သူများနှင့် အဓိဌာန်ပြု ဆုတောင်းသူများ ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြင့် ရောက်လာကြသည်အထိ တောင်မကြီးတစ်ခွင်မှာ အုန်းထနေအောင် စည်ကား နေလေ့ရှိသည်မို့ ထိုရက်တွေဟာ ခင်နှောင်းတို့လို ဈေးသည်တွေအတွက် အပျော်ရွှင်ရဆုံး အချိန်သာပင်။ 

"ကျေးဇူးပါ အန်တီရေ၊ အဓိဌာန်တွေ ပြည့်မြောက် အောင်မြင်ပါစေ၊ စီးပွားတွေ ဒီထက်မက အဆပေါင်းများစွာ တိုးတက်ပါစေရှင်၊ အပေါ်မှာ ဆေးသနပ်ခါးလေးလည်း ဝင်လူးခဲ့ကြဦးနော်။ အကြောတက်ရင် ဇက်ကြောလေးပါ လိမ်းခဲ့။ ဆေးကျောက်ပျဉ်နဲ့ ဆေးသနပ်ခါးလေး ဘယ်သူမဆို ဝင်လူးလို့ ရပါတယ်ရှင်"

အရင်နေ့များကဆို တောင်အောက်နှင့် တောင်မကြီးကို အကြိမ်များစွာ ကူးနေရသေးသည်။ အခုများတော့ တောင်မကြီးဆီသို့ပင် နှစ်ခေါက်လောက် အပြင် သိပ်မရောက်လိုက်။ အဘထွက်ပွဲသို့ လာကြသည့် ဘုရားဖူးများ များပြားလွန်းလှသည်မို့ စကားဝါပန်းလေးများပင် ကုန်သလောက် နီးပါး ရှိလေပြီ။ တောင်မကြီးပေါ်မှာတော့ လူအများဖြင့် တိုးမပေါက်အောင် စည်ကားလျက် ရှိသည်။ 

"ဒီဟာက ကိုယ်တော်ကြီး၊ ကိုယ်တော်လေး နှစ်ပါး မွေးခဲ့တဲ့ နေရာပေါ့"

ခင်နှောင်း စကားကြောင့် ဘုရားဖူးသူအချို့ လှိုဏ်ဂူအောက်ကို ငုံ့ကြည့်ကြသည်။ အောက်ထဲမှာတော့ ဘုရားဖူးအချို့ ပစ်လှူထားကြသည့် ငွေစက္ကူများကို တွေ့ရသည်။ ရွှေလက်ကောက်တွေ တစ်တောင်လောက် ဝတ်ထားသည့် ခပ်ဝဝ အမျိုးသမီးကြီးက ငါးထောင်တစ်ရွက် ဂူပေါက်ဝကို ပစ်ချရင်း ပါးစပ်ကနေ တတွတ်တွတ်ရွတ်လို့ အတော်ကြာအောင် ဆုတောင်းနေသည်။ လွင့်ဝဲပြီး ကျသွားသည့် ငွေစက္ကူကို ကြည့်ပြီး ခင်နှောင်းစိတ်ထဲတော့ ကိုယ်တော်ကြီးနှစ်ပါး ညီမတော်ကို ပြန် စွန့်လိုက်ပါတော့လားဟု နှမြောကြီးစွာ တွေးနေမိသေးသည်။ 

"နတ်တို့ ပျော်စံရာ၊ ပျော်စံရာ ပုပ္ပါးတောင်တော် မဟာ "

လှေကားထစ်များပေါ်က ဖြည်းညှင်းစွာ ဆင်းလာတုန်း နတ်ဒိုးသံက လွင့်လာသည်။

နတ်ကရာ နေရာကို တိုးဝှေ့ကြည့်တော့ အသက်ခပ်ကြီးကြီး ကန္နားစီးနှင့် ခပ်ရွယ်ရွယ် နတ်ကနေသူနှစ်ဦးကို တွေ့ရသည်။ တစ်ချက်တစ်ချက် ခပ်မြူးမြူး လွင့်လာသည့် နတ်ဒိုးသံကြားမှာ နတ်ကနေသူထဲမှ တစ်ဦးက ရွှေဆွဲကြိုးကြီး ညွတ်ကျမတတ် ဆွဲထားလေသည့် လူကြီးရှေ့ အပြေးရောက်သွားပြီး နတ်ကရာနေရာကို ဆွဲခေါ်သွားလေသည်။ ထိုလူကြီးက နတ်ဒိုးသံနှင့်အတူ စည်းချက်ကျစွာ လိုက်ပါကရင်း ချိုင်းကြားမှာ ညပ်ထားသည့် ပိုက်ဆံအိတ်ထဲက ငွေစက္ကူ တစ်သောင်းတန် တစ်ရွက်ကို ဖျတ်ခနဲ ထုတ်ယူရင်း သူ့ကို ဆွဲခေါ်လာသည့် နတ်ကနေသူ၏ လက်ထဲ ပိုက်ဆံကို ညှပ်ပေးလိုက်သည်။ နတ်ကနေသူ၏ ပခုံးပေါ်မှာ၊ ရင်ဘတ်ပေါ်မှာ အစီအရီ နေရာယူထားသည့် ငွေစက္ကူများကို ငေးမော ကြည့်ပြီး သူ ဈေးရောင်းရာက ရရှိထားသည့် ငွေစက္ကူလေးများ ထည့်ထားသည့် အိတ်ကလေးကို ခင်နှောင်း တင်းတင်းဆုပ်ထားမိသည်။ 

သစ်ရိပ်၊ ဝါးရိပ်ဖြင့် ပေါများသော အရပ်မို့ နေက အဝင်စောသလို လေက တစိမ့်စိမ့် အေးလာသည်။ ညနေစောင်း ပြန်ထွက်မည့် ဖိုးကျော်တို့ ကားအမီ ပြန်မှဟု တွေးနေတုန်း သူ့ပခုံးကို ဆွဲညှစ်ပြီး သူ့နောက်ကျောမှာ ရပ်နေသည့် ဖိုးကျော်ကို တွေ့လိုက်ရသည်။ သွားနီနီများ ပေါ်အောင်ပင် တဟင်းဟင်း ရယ်နေသည့် ဖိုးကျော်ပုံစံဟာ ခင်နှောင်း မျက်စိထဲကို ကန့်လန့်ဖြတ်ဝင်လာသလိုပါပင် အတော်ပင် မုန်းစရာ ကောင်းလွန်းလှသည်မို့ ခင်နှောင်း ပခုံးပေါ်က သူ့လက်တစ်ဖက်ကို ခပ်ကြမ်းကြမ်း ပုတ်ချပစ်လိုက်သည်။

"အမယ်လေးဟ နာလိုက်တာ ခင်နှောင်းရယ်၊ နင်ဟာလေ မိန်းကလေးတန်မယ့် သိမ်သိမ်မွေ့မွေ့ကို မရှိဘူး။ ငါ့မှာတော့ နင့်မျက်နှာလေး မြင်ချင်လွန်းလို့ တစ်နေကုန် ကားမောင်းနေရတာ ပင်ပန်းရတဲ့အထဲ တောင်ပေါ် တက်လာရတာ။ နင်ကတော့ ငါ့ဆို အကောင်းကို မမြင်ဘူး"

"ဟဲ့ ငါ့ဘာသာ မိန်းကလေးတန်မယ့် မသိမ်မွေ့တော့ ဘာဖြစ်လဲ။ နင်သာ မိန်းမတစ်ယောက်ကို ဟိုကိုင်၊ ဒီကိုင်နဲ့ အရသာခံနေတာလေ။ အဲဒါကြောင့် နင်တို့ ကားမောင်းတဲ့ သူတွေကို ကြည့်မရတာ သိလား၊ အခု ပြန်တော့မှာ မဟုတ်လား။ မြန်မြန်ဆင်းလာတော့"

ခင်နှောင်းက ဖိုးကျော်ကို မျက်စောင်းထိုးရင်း ခပ်သွက်သွက်ဆင်းလာတော့ ဖိုးကျော်က စိတ်ဆိုးဖို့ နေနေသာသာ တဟင်းဟင်း ရယ်ရင်းကပင် သူ့နောက်ကနေ ကပ်ပြီး လိုက်လာလေသည်။ ဖိုးကျော်ဟာ သူနှင့် ငယ်ပေါင်းရင်းချာဖြစ်သလို သူ့အပေါ်ကိုဆို ငယ်စဉ်ကပင် စိတ်ဝင်စားနေသည်ကို ခင်နှောင်း သိပါသည်။ ဖိုးကျော်ဟာ ကျောက်ပန်းတောင်း၊ ပုပ္ပါးနှင့် ပုဂံ ညေင်ဦးဘက်ကို ကားဆွဲသူ ဖြစ်သည်မို့ ပုပ္ပါးတောင်ကို အမှီပြု ဝမ်းကျောင်းနေရသည့် ခင်နှောင်းအတွက်တော့ ဖိုးကျော်ကား ထွက်ရသည့်အချိန်ကို အမီ စောင့်စီးရသည်။ ဖိုးကျော်၏ ရိသဲ့သဲ့ ချစ်စကား၊ ကြိုက်စကားများကို သဘောမကျပေမယ့်လို့ ဖိုးကျော် ကားကို စီးလျှင် ခင်နှောင်းအတွက် အသွားအပြန် ကားခ မကုန်တော့ဘဲ အိမ်စရိတ် အပိုထွက်လာသည်မို့ ဖိုးကျော်ကို ကြည့်မရပေမယ့်လို့လည်း လိုရာရောက်ဖို့အတွက်ကို သည်းခံပြီး စီးရသည်။ 

ခင်နှောင်းကတော့ ဖိုးကျော်တို့လို့ ကားသမားတွေကို သိပ်ပြီး ကြည့်မရ၊ ကွမ်းတံတွေး တဖောင်ဖောင်နှင့် သွားနီနီများ ပေါ်အောင်ပင် အသံကျယ်ကျယ်နှင့် ရယ်ကြသည်ကိုလည်း စိတ်ပျက်စရာဟု ထင်မိသည်။ မိန်းမတွေ တရုန်းရုန်းနှင့် တဟီးဟီး တဟားဟား လုပ်နေသည်ကိုလည်း သဘောမတွေ့ချေ။ အဖေ့ကိုပဲကြည့် မိန်းမတွေ တရုန်းရုန်းနဲ့ ပျော်ပါးခဲ့တာများ ခင်နှောင်း သိတတ်ကတည်းကစလို့ ခင်နှောင်းအောက်က မောင်လေး မိုးညိုလေး မွေးဖွားခဲ့သည့် အချိန်ထိပင်။ မိုးညိုလေး မွေးဖွားလို့ အခါလည်သားလေးမှာပင် အဖေဟာ သူ့ကားကို လမ်းကြုံလိုက်စီးနေကျ ဈေးသည် ငယ်ငယ်လေးကို ယူပြီး အမေနှင့် ခင်နှောင်းတို့ မောင်နှမတစ်တွေကို လှည့်စောင်းလို့တောင် မကြည့်တော့။ အဲဒီအချိန်ကတည်းက ခင်နှောင်း အဖေတို့လို စည်းမစောင့်သည့် ကားသမားတွေကို စိတ်နာမိသည်။ ဒါကြောင့်ပဲ သူ့အပေါ် အမြဲလို စနောက်နေတတ်သည့် ဖိုးကျော် အပေါ်ကိုလည်း အကောင်းမမြင်တော့ခြင်းပင်။ 

"ခင်နှောင်းဆိုတာ သူလေးလား၊ သွက်သွက်လက်လက် ရှိမယ့်ပုံလေးပဲ။ အစ်မကြီးကိုတော့ ပြောပြီးသွားပါပြီ။ ညီမလေးရဲ့ သဘောထားက အရေးကြီးပါတယ်လို့ အစ်မကြီးက ပြောလို့ မမတို့ စောင့်နေကြတာ"

ခင်နှောင်း အိမ်ထဲကို ဝင်လိုက်သည်ဆိုရင်ပဲ ဧည့်သည်လူစိမ်းများ ရောက်နေသည်ကို တွေ့လိုက်ရသည်။ အမေ့ဘေးနား ထိုင်နေသည့် အမျိုးသမီး၏ ဆီးကြို ပြောလိုက်သည့်စကားကြောင့် ကြည့်လိုက်သည်ဆိုရင်ပဲ ခင်နှောင်း အံ့ဩတကြီး ဖြစ်ရသည်။ ဆင်စွယ်ရောင် အင်္ကျီနဲ့ စကတ်ဖြူလွလွ ဝတ်ထားသည့် မမလှလှ။ သူ့ဦးခေါင်းထက်တွင်တော့ ခင်နှောင်း ချည်ပေးလိုက်သည့် စကားဝါပန်းပွင့်လေးက တွဲလွဲကျနေသည်။ မမလှလှကတော့ ဈေးသည်တွေထဲက ဈေးသည်တစ်ယောက်ဖြစ်သည့် ခင်နှောင်းကိုတော့ မှတ်မိဟန်မတူ။ 

ထိုအမျိုးသမီးဘေးနားမှာ ထိုင်နေသည့် လူကို မြင်တော့ ခင်နှောင်း နှလုံးဟာ ရုတ်တရက် ထခုန်သလိုပင် တဒိတ်ဒိတ်ဖြင့် အခုန်မြန်လှသည်။ ခင်နှောင်း လှမ်းကြည့်တော့ လှစ်ခနဲ ပြုံးပြသည့် အပြုံးတစ်ချက်ဟာ နွေးထွေးလွန်း လှသည်။ ပါးစပ်ထဲ ကွမ်းတဖောင်ဖောင် ဝါးရင်း နီနီရဲ ရှိနေသည့်သွားတွေ ပေါ်အောင်ပင် အသံကျယ်ကျယ်နှင့် ရယ်လေ့ရှိသည့် ဖိုးကျော်နှင့်များတော့ ကွာပဟု မဆီမဆိုင် နှိုင်းယှဉ်တွေးမိ လိုက်သေးသည်။ 

"မမရယ်၊ ဒီက ညီမက အခုမှ ပြန်ရောက်တာလေဗျာ၊ ပင်ပန်းနေရောပေါ့။ အမောလေး ဖြေပါစေဦး။ ကျွန်တော်တို့က မနက်ဖြန်ထိ ရှိဦးမှာပဲကို။ ဒီတစ်ညတော့ အချိန်ယူ စဉ်းစားပါစေဦးဗျာ။ "

"အေးပါ ၊ မမ စိတ်မြန်တတ်တာလည်း မင်း သိသားနဲ့ကို။ အခုလည်း မမက သေချာစေချင်တာပါ"

စကားသံကအစ လူပုံစံနှင့် လိုက်ဖက်စွာပင် ကြင်ကြင်နာနာ ဖေးဖေးမမ ရှိလှသည်။ သူတို့ချင်း ပြောနေသည့်စကားများ ခင်နှောင်း သိပ်နားမလည်ပေမယ့် ထိုလူနှင့် အမျိုးသမီးဟာ မောင်နှမ တော်စပ်သည်ဟုတော့ ဘာသာ နားလည်ထားလိုက်သည်။ အမေ့ရှေ့မှာ အိပ်မည်းမည်းလေး တစ်ထုပ် ချပေးထားသည်ကို ကြည့်ရပုံထောက်လျှင်တော့ အမေကတော့ သူတို့ ပြောစကားကို လိုလားသည့်ပုံစံပင်။ အဖေနှင့် ကွဲကွာသွားကတည်းက ခင်နှောင်းက အိမ်၏ ဦးစီးနေရာကို အလိုလို ရောက်ရသည်မို့ ခင်နှောင်း သဘောထားကိုတော့ အမေက အရေးပေး အလေးထားပါသည်။ အခုလည်း ခင်နှောင်းသာ ခေါင်းခါပြလျှင် ပျက်ပြယ်သွားမည်ပင်။ ဧည့်သည်တွေ ပြန်သွားတော့ အမေက ခင်နှောင်းကို မရဲတရဲ ဆိုလေသည်။ 

"သူတို့တွေက အဘထွက်ပွဲကို လာကြတာတဲ့။ ဆေးမြစ်စုံ ရောင်းတဲ့ ဌေးဌေး ခေါ်လာတာပဲ။ သူက ရန်ကုန်ကို သုံးလေးခေါက်လောက် ရောက်ဖူးနေတာမို့ ရင်းနှီးလာခဲ့တာလို့ ဆိုတာပဲ အေရဲ့။

ညည်းဘယ်လိုတွေးလဲ မသိပေမယ့် ၁ နှစ် ဆိုတာ တကယ်တော့ ခဏလေးပါအေ၊ 

၁ နှစ်အတွင်းမှာ ရမယ့် ပိုက်ဆံကတော့ နည်းတာ မဟုတ်ဘူး။ အမေတို့ အခုနေတဲ့ အိမ်ဝိုင်းလေး ရောင်းရင်တောင် အဲဒီလောက် ရလာမှာ မဟုတ်ဘူး။ အခုပေးသွားတဲ့ စရန် နှစ်သိန်းကို အမေတို့ အိမ်လေးလည်း ပြင်ချင်တယ်။ နောက်ပြီး သမီး မောင်လေး နောင်ရေးအတွက်လည်း စုဆောင်းထားချင်တယ်အေရယ်။ ညည်းမောင်လေးက ..."

စကားကို တစ်ဝက်တစ်ပျက်ဆိုရင်း တိုးတိမ်ဝင်သွားသည့် အမေ့အသံလေးအဆုံးမှာ ခင်နှောင်း ပင့်သက်ရှိုက်မိသည်။ ငယ်စဉ်က ဆေးထိုးမှားသဖြင့် အောက်တစ်ပိုင်း သေသွားကာ ဖင်တရွတ်တိုက် သွားနေရသည့် မိုးညိုလေးကို လှမ်းကြည့်မိသည်။ သူ စားပြီးသား ပန်းကန်လေးကို တစ်ဖက်က ကိုင်ပြီး တခြား လက်တစ်ဖက်ကို ထောက်ကာ မီးဖိုဆောင်ထဲသို့ တရွတ်တိုက် ဝင်သွားသည်ကို မြင်တော့ ရင်ထဲ စို့နင့်ကြေကွဲရသည်။ တရွတ်တိုက် သွားရသဖြင့် ဒူးခေါင်းနှင့် လက်ဖဝါးတို့မှာ အသားမာတတ်နေသည့် မိုးညိုလေးကို မြင်ရသည့်အခါတိုင်း ခင်နှောင်းမှာ ဘီးတပ်ကုလားထိုင်လေးတစ်လုံး ဝယ်ပေးချင်စိတ်က တဖွားဖွားပင်။ သူသာ လက်ခံလိုက်လျှင် အမေနှင့် မိုးညိုလေးတို့ သက်သောင့်သက်သာ နေရမည် ထင်သည်။ 

ဟာနေသည့် ဝမ်းက တကြုတ်ကြုတ် မြည်လာသည်မို့ ကြက်သွန်နိုင်နိုင်ဖြင့် သုတ်ထားသည့် ပုန်းရည်ကြီးများကို ငရုတ်သီးမှုန့်ဖြင့် နယ်ရင်း စားလိုက်သည်။ စားနေရင်းကလည်း ခပ်စောစောက ပြောခဲ့သည့် စကားများကိုသာ တွေးနေမိတော့သည်။ တစ်ချက်တစ်ချက်လည်း မိုးညိုလေး ပုံစံကို မြင်ယောင်ရင်း ငူငူငိုင်ငိုင် ဖြစ်ရလေသည်။ 

"အမေရေ၊ ခင်နှောင်းကို စိတ်ပူမနေနဲ့နော်။ ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက်။ မိုးညိုလေးကိုလည်း ဂရုစိုက်ဦးနော်။ သူတို့ကတော့ တစ်လတစ်ခါ ငွေပို့ပေးမယ်လို့ ပြောတယ်။

သမီး ၁ နှစ်ပြည့်ရင် ဆက်ဆက်ပြန်လာခဲ့မယ် အမေ"

အမေနှင့် မိုးညိုလေးကို နှုတ်ဆက်ရင်းက အိမ်အိုလေးကိုပါ ဝေ့ဝဲကြည့်ရင်း ထွက်ခွာလာခဲ့သည်။ လာရာ လမ်းတစ်လျှောက်တော့ နောက်ကိုပင် တစ်ချက် ရေးရေးမျှပင် လှည့်မကြည့်။ ကြည့်မိလျှင် သည်အရပ်၊ သည်နေရာကို စွန့်ခွာနိုင်ရစ်မည် မထင်။ ဒီအချိန်ဆို လာသမျှ ဘုရားဖူးတွေကို ပုပ္ပါးအပြန် လက်ဆောင်လေးတွေ ရောင်းနေရမည့်အချိန်ပဲဟု တွေးမိတော့ မျက်ရည်က ဝေ့ခနဲ ကျလာကာ ပြန်ပြေးလိုက်ချင်မိသည်။ 

ခင်နှောင်းရဲ့ တစ်နေ့တာဟာ ရိုးစင်းလှသည်။ ဆေးမြစ်စုံဘူးလေးတွေ တစ်ဘူး အမြတ်နည်းနည်းနှင့် ယူရောင်းမည်၊ ပြီးလျှင်တော့ သူအကြိုက်ဆုံး ဖြစ်သည့် စကားဝါပန်းလေးတွေကို မမလှလှလေးတွေ ခေါင်းမှာ ပန်ဆင်ဖို့အတွက် ရောင်းမည်။ ဈေးရောင်းကောင်းသည့် ရက်များဆိုလျှင်တော့ လေး၊ ငါး၊ ရှစ်ထောင်လောက်က ပြေးမလွတ်။ အရောင်းအဝယ်ပါးသည့် ရက်ဆိုလျှင်တော့ သုံးလေးထောင် ရဖို့ပင် အနိုင်နိုင်မို့ တစ်ခါတစ်ခါတော့လည်း ခင်နှောင်းမှာ စိတ်ညစ်ရသည်။ ဘယ်သို့ပင် ဆိုစေကာမူ စိမ်းညှို့နေသော ပုပ္ပါးတောင်မကြီးကို မော့ကြည့်ရင်း အားတင်းထားရသေးသည်။ တောင်တော် ရွှေပုပ္ပါး ရှိနေသရွေ့တော့ ခင်နှောင်းတို့တစ်တွေ ထမင်းတော့ မငတ်ပေ။ 

အညာမှာမွေး၊ အညာမှာ ကြီးပြင်းခဲ့သည့် အညာသူ ခင်နှောင်းအတွက် ရန်ကုန်ဆိုတာကြီးကို ရောက်လာလိမ့်မည်ဟု စိုးစိမျှ ထင်မှတ် မထားခဲ့။ သူ့အလုပ်က မမလှလှ၏ အမေကို ပြုစုရမည်တဲ့။ မမလှလှလို့သာ ခင်နှောင်း ခေါ်နေမိတာ တကယ်တမ်းတော့ မမလှလှ၏ နာမည်မှာ သိမ့် ဆိုတာ ပါပုံရမည် ထင်ပါရဲ့ မမလှလှနှင့် အတူ ပါလာသည့် ကိုလူချောက မမသိမ့်လို့ ခေါ်နေသည်ကို ကြားမိသေးသည်။ သူက မမသိမ့် ဆိုတော့လည်း မမသိမ့်ပေါ့။ ကိုလူချော၏ နာမည်ကိုတော့ မမသိမ့်က မောင်လို့ ခေါ်နေတာ ကြားလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကြင်နာတတ်သည့် ကိုလူချောနှင့် တစ်မိုးအောက်တည်း ရှိနေရသည်ဆိုသည့်အသိနှင့်တင် ခင်နှောင်းမှာ ပျော်ရပါသည်။ 

ခင်နှောင်း ပြုစုရသည့် အန်တီကြီးက လေဖျန်းနေသည်မှာ ကြာလှပြီမို့ သူ့ကို ပြုစုစောင့်ရှောက်ရန် ခင်နှောင်းကို တစ်လ ၂ သိန်းပေးပြီး ငှားထားခဲ့သည်ဆိုသည်ကို ဒီရောက်မလာခင်က ပြောခဲ့ပြီးမို့ ခင်နှောင်း သိပါသည်။ နေစရာ စားစရာ မပူရသလို ပြေးပြေးလွှားလွှား ဈေးရောင်းစရာ မလိုဘဲ တစ်လ ၂ သိန်းလောက်ရမည့် အလုပ်မို့ ခင်နှောင်း လုပ်ကြည့်ဖို့ စိတ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ တစ်လ ၂ သိန်းဆိုတာ ခင်နှောင်းတို့အတွက်တော့ မက်မောစရာ အတိပင်။ အိမ်ပြန်ပို့မည့် ပိုက်ဆံလေးထဲက နည်းနည်းစီတော့ အမေ့ကို ဖဲ့စုခိုင်းထားခဲ့သည်။ အညာပြန်ရောက်သည့်အခါ 'ခင်နှောင်း ပုပ္ပါးပြန် လက်ဆောင်' ဆိုသည့် နာမည်လေးနှင့် ကိုယ်ပိုင် ဆိုင်လေးတစ်ဆိုင်တော့ ဖွင့်နိုင်ကောင်းပါရဲ့ဟု အတွေးထဲ စီကာ ပျော်မိလိုက်သေးသည်။ 

မမသိမ့်၏ အမေဖြစ်သူက အိပ်ရာထက် လဲနေခဲ့သည်မှာ ကြာမြင့်လှပြီမို့ ခင်နှောင်းက ပြုစုပေးရသည်။ ပြီးတာနှင့် ခင်နှောင်းမှာ အနားမရသေး မီးဖိုချောင် ဝင်ရပြန်သည်။ ခင်နှောင်း ရောက်ကာမှပင် စက်နှင့် လျှော်ရသည်ဆိုသည့် အဝတ်လျှော်စက်ကြီးကိုလည်း အသုံးမပြုတော့။ ခင်နှောင်းမှာ ချက်ပြုတ်ပြီးသည်နှင့် လျှော်ရဖွပ်ရပြန်ပါသည်။ မမသိမ့် ပြောတုန်းကတော့ ခင်နှောင်းက ဘွားဘွားကြီးကိုသာ ပြုစုရမည်ဟုသာ ဆိုသည်။ အခုများတော့ ခင်နှောင်းမှာ အနားမနေရ မနက် ၄ နာရီထိုးပြီ ဆိုသည်နှင့် စတင် လှုပ်ရှားရတာ ည ၁၁ နာရီ ထိုးသည် အထိပင်။ တစ်ခါတလေ မမသိမ့်ကို နှင်းနှိပ် ပေးရပြန်ပါသည်။ ခင်နှောင်းများ ပင်ပန်းလွန်းလို့ အိပ်ငိုက် သွားမိရင် မမသိမ့်၏ ပေါင်တွင်းကြော လိမ်ဆွဲခြင်းကို ခံရတော့သည်။ နာလွန်းလို့ အသည်းခိုက်ပေမယ့် ခင်နှောင်း အံကို တင်းတင်းကြိတ်လို့ မငိုမိတော့၊ သူ့ဆန်စားလျှင်တော့ ရဲရတော့မည်ပေါ့။

ခင်နှောင်း ဒီကို ရောက်တာ သုံးလကျော်လို့ လေးလနီးပါး ရှိပြီမို့ မမသိမ့်နှင့် ကိုလူချော၏ ပတ်သက်မှုကို သိလိုက်ရသည်။ တစ်ခါတစ်ခါများဆို မမသိမ့်က ကိုလူချော လက်ကို တင်းတင်းချိတ်လို့ မောင် ဆိုသည့် စကားလုံး ကရားရေရွတ်သလို သုံးနေတာများ ခင်နှောင်း ရှေ့ဆို ပိုဆိုးသလိုပါပင်။ သူတို့နှစ်ဦး၏ ပတ်သက်မှုကို သိလိုက်ရချင်း ခဏတာ စိတ်မကောင်း ဖြစ်မိရုံပေမယ့်

ခင်နှောင်းဟာ သူတို့နှင့် အလှမ်းဝေးလှသူ ဖြစ်သလို အချိန်တန် အိမ်ပြန်ရမည့် ဧည့်သည်ပေကိုးဟုသာ ဖြေသိမ့်တတ်နေပေသည်။ 

ဒီကြားထဲ အမေနှင့် မိုးညိုလေးကိုလည်း မဆက်သွယ်ရသေး။ မမသိမ့်ကတော့ ခင်နှောင်းမေးသည့် အခါတိုင်း တစ်လတစ်ခါ ငွေလွှဲပေးထားသည်ဟု အသံခပ်မာမာနှင့် ပြောသေးသည်။ ဒီ သုံးလေးလအတွင်း ခင်နှောင်း အပြင်ကို တစ်ခါမှ မရောက်ဖူးသေး။ မမသိမ့်တို့ အိမ်ဟာ ဟိုးအပေါ်ဆုံးထပ်မှာ ရှိသလို ဟိုဘက်ခန်း ဒီဘက်ခန်း နှစ်ခန်းလုံး ပိုင်ဆိုင်သည်မို့ ဘယ်သူတစ်ဦး တစ်ယောက်နှင့်မှလည်း အဆက်အသွယ်လုပ်လို့ မရပေ။ တစ်ခါတလေ ပျင်းပျင်းရှိနေလျှင်တော့ အိမ်ရှေ့ ဝရန်တာလေးကနေ အောက်ကို လှမ်းမျှော်ကြည့်ရသည်။ 

ညကြီး မိုးချုပ် ရောက်ပြီဆိုသည်နှင့် မမသိမ့်နှင့်အတူ ငယ်ငယ်ချောချော ကောင်မလေး သုံးလေးယောက်တော့ အမြဲလို ပါလာတတ်မြဲပင်။ မျက်နှာမှာ ဆေးရောင်စုံ ခြယ်သလို့ ပေါင်လယ်လောက် ရောက်နေသည့် စကတ်တိုတို ဝတ်ထားသည့် မိန်းကလေးတွေ ရောက်လာပြီးလို့ သိပ်မကြာခင်ဆို အရွယ်စုံ ယောကျင်္ားတွေလည်း ရောက်လာတတ်ကြ သေးသည်။ အဲဒီအချိန်များဆို မမသိမ့် တစ်ယောက် ငွေစက္ကူတွေ တရွှမ်းရွှမ်း ရေတွက်လို့ ပြုံးရွှင်နေတတ်သည်။ အို ခင်နှောင်းကတော့ နားမလည်နိုင်ပါပေ၊ ညကြီးအချိန်မတော် လူတွေ တရုန်းရုန်းနှင့် တစ်ဖက်ခန်းက ခိုးခိုးခစ်ခစ် အသံများ လွင့်လာပြီဆို လူသံတိတ်ဆိတ်လို့ ငြိမ်းအေးသည့် အညာက အိမ်အိုလေးဆီ ကိုသာ ပြန်ပြေးလိုက်ချင်တော့သည်။

"ဟာကွာ၊ အညာသူမ ဘယ်လိုများ လုပ်လိုက်တာလဲ။ ဒါ ငါ အကြိုက်ဆုံး ဘောင်းဘီဟ၊ အင်္ကျီကိုလည်း အောက်မှာ ခံထားလိုက်သေးတယ်၊ တုံးလိုက်တာဟာ၊ ဒါတွေက ဈေးကြီးပေးဝယ်ထားရတာ၊ အပေါစား မဟုတ်ဘူးဟ။ အသုံးမကျဘူး။ ဘယ်ကောင် အကြောင်း တွေးနေသလဲ မသိဘူးကွာ တောက် ××× "

အသံနှင့်အတူ ခင်နှောင်း နရင်းတွေ ပူထူသွားရသည်။ မျက်စိထဲလည်း ဖြိုးဖျက် လင်းလက်ကာ အရောင်စုံသွားသလိုပါပင်။ ညက ဘွားဘွားကြီး ချေးသေး အဝတ်တွေ လျှော်နေရသည်မို့ အိပ်ရာဝင်တော့ ၂ ချက်တီးနေပြီ။ မနက် ၄ နာရီ အမီ ပြန်ထရသဖြင့် အိပ်ရေးက မဝပေ။ မီးပူတိုက်နေရင်းက ငိုက်မြည်းသွားသဖြင့် ကိုလူချော၏ အင်္ကျီ မီးကျွမ်းသွားလေသည်မို့ ကိုလူချော၏ ဒေါသက ခင်နှောင်းပေါ် ရောက်လာတော့သည်။ ဘုရား၊ ဘုရား ကြင်ကြင်နာနာ ရှိလှပါသည်၊ နွေးထွေးလှပါသည်ဟု ခင်နှောင်း ထင်ထားခဲ့သည့်သူက ဤမျှ ရက်စက်သော စိတ်ထားရှိသူပါလား တွေးမိရင်း မျက်ရည်ပူများ တသွင်သွင် စီးကျလာတော့သည်။ 

"ငါ့ယောကျင်္ား အင်္ကျီနဲ့ ဘောင်းဘီ ပျက်စီးအောင် လုပ်တဲ့ ဟာမ၊ ဒီဟာတွေက နင့်လစာ တစ်လစာနီးနီး ရှိတယ်ဟဲ့ နင် နားလည်လား"

'အား....... '

မမသိမ့်၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ခင်နှောင်း နောက်ကျောကို တစ်စုံတစ်ရာက အရှိန်ပြင်းပြင်းနှင့် ရောက်လာတော့သည်။ အသည်းခိုက်အောင် နာကျင်လှပေမယ့် ပါးစပ်ကို ပိတ်ပြီး မျက်ရည်သာ ခိုးကျနိုင်သည်။ မီးပူနှင့် ကပ်ခံထားရသည့် ကျောပြင်က နာလွန်းလှသည်မို့ တစ်ဖက်ကိုသာ စောင်းအိပ်ရသည်။ နာကျင်မှုကြောင့် တစ်ညလုံး ကောင်းကောင်းတောင် အိပ်မပျော်ချေ။ အမေနှင့် မိုးညိုလေးကို သတိရမိသည်။ ဒီအချိန်ဆို ဘာလုပ်နေကြမှာပါလိမ့်။ ကျိုးတိုးကျဲတဲ မိုးထားသည့် အိမ်ခေါင်မိုးကနေ လှမ်းမြင်နေသည့် ကြယ်ကလေးတွေကို ငေးကြည့်ရင်း ခင်နှောင်းကို သတိရကြလေမလား။ အို ... ခင်နှောင်းဟာ ငိုဖို့သာ တတ်နိုင်ပေသည့် ဘဝပါလား။ အနာရှိန်ဟာ တဆစ်ဆစ်ကိုက်ရင်း တစ်ညလုံး လူးလှိမ့်နေအောင်ပင် ခံရတော့သည်။ ခင်နှောင်း အိမ်ကို ပြန်ချင်လှပြီ။

ခင်နှောင်း အခုတလော သိပ်ပျော်သည်။ သိပ်မကြာခင်ရက်များဆို ခင်နှောင်း ဒီအိမ်ရောက်တာ တစ်နှစ်ပြည့်ခါနီးရော့မည်။ ခင်နှောင်း အိမ်ပြန်ရတော့မည် ဆိုသည့်အသိနှင့်အတူ မမသိမ့်နှင့် သူ့ယောကျင်္ားတို့ ဆဲဆိုနှိပ်စက်သမျှကို ကြိတ်ခံနိုင်ပါသည်။ နေ့ရက်တွေကို လက်ချိုးရေတွက်လို့ တင်းခံနေဆဲမှာပင် ခင်နှောင်းအတွက် ဒီအိမ်မှာ ဆက်နေဖို့ရာ အကြောင်းဖန်လာတော့သည်။ အိပ်ရာထက် လဲနေခဲ့သည့် ဘွားဘွားကြီး ဆုံးလေသည်မို့ ခင်နှောင်းကို ဆက်နေပေးပါရန် မမသိမ့်နှင့် သူ့ယောကျင်္ားတို့ စကားချိုချိုဖြင့် တောင်းဆိုလာပြန်ပါသည်။ ခင်နှောင်းက ဘယ်လောက်ပင် ငြင်းငြင်း ကူကယ်ရာ မဲ့ခဲ့ရပြန်ပါသည်။ ဒီအိမ် စရောက်ကတည်းက အောက်ထပ်ကိုပင် ဆင်းခွင့်မရခဲ့သည့် ခင်နှောင်းအတွက် လွတ်မြောက်ရာလမ်း ဘယ်မှာ တွေ့နိုင်ပါမည်နည်း။ နောက်ဆုံးတော့ ခင်နှောင်းတစ်ယောက် ဒီနေရာမှာ အကျဉ်းသား ဖြစ်ခဲ့ရလေတော့သည်။ 

"ဟဲ့ ... ခင်နှောင်းရဲ့၊ အလှလေး ဘာလေး ပြင်ပါဟဲ့၊ နင့်မျက်နှာကလည်း မလိမ်းမခြယ်နဲ့ ကျက်သရေ မရှိလိုက်တာ၊ ဒီအဝတ်အစားတွေ မြန်မြန်ဝတ်ပြီး မြန်မြန်ထွက်လာခဲ့"

ခင်နှောင်း ပေါင်ပေါ် ပစ်တင်သွားသည့် အဝတ်အစားတွေကို ကြည့်ပြီး ကျင်စက်နှင့် တို့ခံရသလိုပါပင်။ ရှက်စရာကောင်းလှ ပါဘိ။ ရင်က ဟိုက်ဟိုက်၊ ပေါင်လယ်စကတ်က တစ်သက်နှင့် တစ်ကိုယ် မဝတ်ဖူးသည်မို့ မဝတ်ချင်သည့်အကြောင်း ပြောဖို့ရာ ထွက်လာသည်ဆိုရင်ပဲ မမသိမ့်တို့ ဇနီးမောင်နှံနှစ်ဦး ပြောစကားများကို ကြားလိုက်ရသည့်နောက် ထိတ်လန့်တုန်လှုပ်ရလေသည်။

"ဟိုကောင်မလေးကို ပြင်ဆင်ပေးပြီးပြီလား၊ အဘွားကြီးလည်း သေပြီဆိုတော့ သူလည်း အလုပ်ပြောင်းရမှာပေါ့။ ဒီကောင်မလေးက အသစ်လေးမို့ ဈေးပိုရမှာနော် မမ၊ ၂ သိန်းပေးပြီးတောင် ဝယ်ထားရတာ။ ပြန်ကြေအောင် လုပ်ရမှာပဲ။ ဟားဟား"

"တိုးတိုးပြောပါ မောင်ရဲ့။ အညာက သူ့အိမ်ကို တစ်လတစ်ခါ ငွေလွှဲပေးထားတယ်လို့ ပြောထားတာကို။ ကြားသွားဦးမယ်။ တော်ပါသေးရဲ့ အဘွားကြီး ဆက်သွယ်မရအောင် အဆက်ဖြတ်ခဲ့လို့"

အို ... ဘုရား၊ ဘုရား။ ခင်နှောင်း ကြားလိုက်ရတာတွေ အမှန် မဟုတ်ပါစေနဲ့။ အမေ့ဆီကို ငွေပြန်ပို့သည်ဟု ဆိုတာကလည်း ခင်နှောင်းကို ညာနေတာပါလား၊ သူ့လုပ်စာကို အားကိုးတကြီး မျှော်နေကြမည့် အမေနှင့် မိုးညိုလေးတို့ ဘယ်လိုများ နေကြမှာပါလိမ့်၊ ကြောက်လန့်စိတ်တွေနှင့် ခင်နှောင်းတစ်ကိုယ်လုံး အေးစက်တုန်ရီလို့ နေသည်။ ရက်စက်လိုက်ကြတာ သူတို့ ခင်နှောင်းကို ဘာများလုပ်ကြမလို့ပါလိမ့်။ 

"ဟဲ့ ငါက နင် ဝတ်ပြီးပြီတောင် ထင်နေတာ။ ဘာရပ် လုပ်နေတာလဲ။ မြန်မြန်လဲလေ။ ဒီဟာမလေး ပေကပ်ကပ်နဲ့ အချိုးကို မပြေဘူး။ ဟိုမှာ ဧည့်သည်က စောင့်နေတယ် မြန်မြန်လုပ်"

" ခင်နှောင်း ဒီအဝတ်တွေ မဝတ်ချင်ဘူး။ ခင်နှောင်းက ဒီကို ဘွားဘွားကြီးကို လာပြုစုတာ၊ အခု ဘွားဘွားကြီး မရှိတော့ဘူးဆိုတော့ ခင်နှောင်း အိမ်ပြန်ချင်ပါတယ်။ ခင်နှောင်းကို ကားဂိတ်လေးကိုပဲ လိုက်ပို့ပေးကြပါ၊ ခင်နှောင်း ဘာသာ ပြန်ပါ့မယ်။ ခင်နှောင်း ပြန်ပါရစေတော့"

ခင်နှောင်း စကားဆုံးတော့ မမသိမ့်၏ လက်က ခင်နှောင်း ပါးပေါ် အဆက်မပြတ် ရောက်လာတော့သည်။ သူ့ယောကျင်္ားက ဆံပင်ကို ဆောင့်ဆွဲရင်း နံရံနှင့် ခေါင်းကို တိုက်သည်။ 

"ဒီဟာမ ဒီလောက် ပြောဆိုရခက်တာ အခန်းထဲ ထည့်ပိတ်ထားလိုက်။ သူ့ပါးစပ်က သူ ကိုယ်တိုင် လုပ်မယ်လို့ မပြောမချင်း ထမင်းမကျွေးဘဲ အငတ်ထားလိုက်၊ သေလည်း အေးတာပဲ။ အလကားတော့ ကျွေးမထားနိုင်ဘူး"

ခင်နှောင်းဟာ ဧည့်သည် ယောကျင်္ားတွေကို ဧည့်ခံရမတဲ့၊ ခင်နှောင်း မလုပ်နိုင်ဘူး ငြင်းလေ ခင်နှောင်းကို တစ်နေ့တစ်မျိုး မရိုးရအောင် နှိပ်စက်လေတော့သည်။ ခင်နှောင်းအတွက် အမှောင်ဆုံး နေ့ရက်တွေပင်။ 

သူတို့ စိတ်မထင်သည့် အချိန်တိုင်း ခင်နှောင်းကို ထုရိုက် နှိပ်စက်ကြသည်။ သူတို့ လုပ်ခိုင်းသည်ကို မလုပ်ရကောင်းလားဆိုကာ ဒေါသထွက်ကြသည်။ မမသိမ့်က သူခိုင်းတာ မလုပ်ရပါ့ မလားဆိုကာ ခင်နှောင်း ဗိုက်ကို အဆက်မပြတ် ကန်ကျောက် တတ်သည်။ အမြင်အာရုံများ တဖြည်းဖြည်း ဝေဝါးလာသလို နားထဲက လေများပင် ထွက်လာခဲ့ပြီ။ ခင်နှောင်းရဲ့ ကယ်ပါ၊ ယူပါ တစာစာ အော်ဟစ်သံဟာ အမှောင်ခန်းမှာ တဖြည်းဖြည်း ဖျော့တော့လာခဲ့ပြီ။ ခန္ဓာကိုယ်တစ်ခုလုံးဟာ လက်ကလေးဖြင့် ထိလျှင်တောင် ကြွေကျသွားမည့်အလား ထင်ရလောက်အောင်ပင် အထိခိုက် မခံနိုင်အောင် နာကျင်လှသည်။ အသက်ဓာတ်ကိုပင် မောပန်းကြီးစွာ ရှူသွင်းနေရသည်။ 

အမှောင်ခန်းထဲ အလင်းဖျော့တစ်စ တိုးဝင်လာပြီးသည့်နောက်တော့ ခင်နှောင်း တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုပါပင်။ ခင်နှောင်း တစ်ခါမျှ မမြင်မတွေ့ဖူးသည့် လူတွေကိုလည်း ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု တွေ့လိုက်ရသည်။ 

"အပေါ်ဆုံးထပ်က အပုပ်နံ့တွေ ထွက်နေတာ တစ်ပတ်လောက် ရှိနေတာမို့ အိမ်နီးချင်းတွေက မသင်္ကာလို့ ရဲစခန်းကို အကြောင်းကြားလိုက်တာ၊ ကလေးမလေးကို တစ်ခါတလေ ဝရန်တာကနေ အောက်ကို လှမ်းကြည့်နေ တတ်တာတော့ တွေ့မိသား၊ 

စိတ်မကောင်းစရာပဲဗျာ၊ ဘယ်လောက်တောင် နှိပ်စက်ထားသလဲမှ မသိတာ လူရုပ်တောင် မပေါ်တော့ဘူး။ နံရိုးတွေလည်း ကျိုးကြေနေတာပဲ။ ဗိုက်ကို ကန်ကျောက်တဲ့အထိ နှိပ်စက်နေမှတော့ မသေဘဲ နေမလားဗျာ။ တစ်ကိုယ်လုံးလည်း ဒဏ်ရာကြီးပဲ။ ဒါ မီးလောင်ထားတာနဲ့ တူတယ်၊ သနားစရာဗျာ။ ဝဋ်ကျွတ်သွားတယ်ပဲ မှတ်ရတော့မှာပဲ"

ထိုလူတွေထဲက လူကြီးတစ်ယောက် တီးတိုး ပြောလိုက်သည့် စကားဟာ ကြောက်လန့် စရာပါလား။ အခန်းထောင့်မှာ ငြိမ်သက်စွာ လှဲနေသည့် ကိုယ်ခန္ဓာတစ်ခုကို တွေ့လိုက်ရသည်။ အရိုးပေါ် အရေတင်ဖြစ်နေသည့် ပုံစံဟာ လူရုပ်ပင် မပေါ်တော့လောက်အောင်ပင် ရှိနေသည်မို့ ကြောက်လန့်တကြား အနောက်ကို ပြန်ဆုတ်မိသည်။ အလို ခင်နှောင်း ခန္ဓာကိုယ်ကို ငုံ့ကြည့်မိသည်။ သူ့ ကိုယ်ပေါ်မှာ ဆင်မြန်းထားသည့် အဝတ်အစားများက ခင်နှောင်း ဝတ်ထားသည်နှင့်တောင် ခပ်ဆင်ဆင် တူနေပြန်ပါသည်။ ခင်နှောင်း ရှေ့က လူကြီးကို တွန်းဖယ်လို့ အခန်းအပြင်ဘက်ကို အပြေးထွက်လာမိသည်။ မတော် မမသိမ့်နှင့် သူ့ယောကျင်္ား တွေ့သွားမှဖြင့်။ ဟင်၊ မမသိမ့်တို့ ဇနီးမောင်နှံနား တူညီဝတ်စုံဝတ် လူတွေ ဝိုင်းအုံနေပါလား၊ တော်ပါသေးရဲ့ သူတို့တစ်တွေ ခင်နှောင်းကို မမြင်ကြလို့သာရယ်။ လူတစ်စုကို တွန်းတိုက်ဖယ်ရှားရင်း အပြေးထွက်လာခဲ့သည်။ လွတ်မြောက်ပြီ ဆိုသည့်အသိနှင့်အတူ ခင်နှောင်း တစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်နေ လိုက်တာများ ကောင်းကင်ပေါ် လွင့်တက်သွားမလားပင် ထင်ရသည်။ ခင်နှောင်း အိမ်ပြန်ခွင့်ရပြီ။

ပြေးစမ်း ခင်နှောင်းရေ၊ ပြေးထား၊ ဒီအချိန်ဆို အမေနှင့် မိုးညိုလေး ခင်နှောင်း ပြန်အလာကို မျှော်နေကြရော့မည်။ ကွမ်းသွေးတွေ ရဲရဲနီလို့ စကားပြောတိုင်း ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြောဆိုနေတတ်သည့် ဖိုးကျော်တစ်ယောက်တော့ ခင်နှောင်းကို မြင်ရင် ဘယ်လိုနေမှာပါလိမ့်၊ သိချင်စမ်းလှပါသည်။ 

မြူခိုးတွေ ဝေနေသည့် ပုပ္ပါးတောင်မကြီးဟာ မှိုင်းညှို့နေသည့် တိမ်တိုက်ကြီးသဖွယ် လွမ်းဆွတ်စရာ ကောင်းလှသည်။ ခင်နှောင်း ချစ်သည့် စကားဝါမြေ၊ ပုပ္ဖဝဏ္ဏ ပဗ္ဗတ - ပန်းတို့ပေါရာတောင် ပုပ္ပါးတောင် နတ်တို့ ပျော်စံရာတောင် ရယ်လို့ အမည်တွင်သည့် စကားဝါမြေ။ 

ခင်နှောင်း သိပ်ကြိုက်သည့် စကားဝါရနံ့ဟာ လေအဝှေ့မှာ ပျံ့တသင်းသင်း ရှိလာသည်။ အပင်ပေါ်ကနေ ခြွေချနေသည့် စကားဝါတွေကို ပလိုင်းလေးနှင့် ကောက်ယူနေသည့် အမေနှင့် မိုးညိုလေးကို တွေ့လိုက်ရသည်။ 

"အမေရေ၊ ၊ ခင်နှောင်း ပြန်လာပြီ"

မိုးညိုလေးရေ မကြီး ပြန်လာပြီ"

ခင်နှောင်းအသံဟာ တသွဲ့သွဲ့ တိုက်နေသည့် လေပြေနုနုထဲမှာ ပျောက်ကွယ် လွင့်ပါးသွားပြီထင်သည်။ 

"သိုးကလေ

ပုပ္ပါးနတ်တောင်

အခေါင်မြင့်ဖျား၊ စုံတောပြား၌

နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်

ရွှေနှင့်ယိုးမှား၊ ပန်းစံကား"

ဟိုး တောင်ခြေမှာ စကားဝါပန်းတွေကို ကြိုးကလေးဖြင့် သီနေရင်း ရွတ်ဆိုနေသည့် ၁၆ နှစ်အရွယ် မိန်းမရွယ်လေးကို မြင်နေရသည်။ သူကလေး၏ မျက်ဝန်းမှတစ်ဆင့် ပါးပြင်ပေါ်သို့ စီးကျနေသည့် မျက်ရည်စတို့ဟာ ပန်းပွင့်ဝါဝါလေးပေါ် ခုန်ပေါက်လွင့်စဉ်သွားသည်။ လေအဝှေ့မှာ စကားဝါရနံ့ဟာ ပျံ့ပျံ့သင်းလာသလို သူကလေး နှုတ်ဖျားမှ ရွတ်ဆိုနေသံသည်လည်း တောင်ခြေယံတစ်ဝိုက်ဆီမှာ ထပ်ကာ ထပ်ကာ လွင့်ဝဲလျက် ရှိတော့သည်။ 


ပန်းငုဝါဝါ 

မဟေသီ မဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၂၀

Comments