ရွက်ဝါတွေ ကြွေလူးသည့် နွေဦးသို့ ရောက်တိုင်း အညာက ရွာကလေးကို ကျွန်မ သတိရမိနေမြဲ ဖြစ်ပါတယ်။ အထူးသဖြင့် သည်နှစ်မှာ နွေဦးက စောသည်ထင့်။ ကျွန်မစိတ်ထဲ ထင်တာလည်း ဖြစ်နိုင်ပါသည်။ ဖေဖော်ဝါရီလထဲမှာပင် ကျွန်မတို့ တိုက်တန်းရှေ့ရှိ လက်ပံပင်ကြီး အဖူးနီနီကလေးတွေ ပြနေလေပြီ။ နွေ၏ ထုံသော ရနံ့မပြင်း မစူးသေးသော်လည်း ကျွန်မ၏ အာရုံမှာတော့ နွေနံ့တို့ လှိုင်လှိုင်ထလို့ လာနေသည်။ တာရိုးလမ်းပေါ် ကားတစ်စင်း ဖြတ်မောင်းသွားတိုင်း တာရိုးကြီးဆီမှ ဖုန်ငွေ့တွေ တောမီးကြီး လောင်သလို အခိုးတွေ ထသွားတတ်သည်ကို ကျွန်မ ငေးမောကြည့်နေမိပါသည်။ ကားတွေက မဆုံနိုင်တော့ ဖုန်ခိုးတွေကလည်း မဆုံနိုင်။ ခပ်လှမ်းလှမ်းရှိ ကမ်းနား သစ်တောအုပ်ကလေးသည်ပင် ရော်ရွက်တို့ဖြင့် သွေ့ခြောက်နေသည်။
ကျွန်မငယ်စဉ်ကဆိုလျှင် သည်လို နွေဦးရောက်တိုင်း ရွာကို ကဆုန်စိုင်း၍ ပြန်လေ့ရှိပါသည်။ တစ်မိုးလုံး၊ တစ်ဆောင်းလုံး ကျောင်းစာများဖြင့် နပန်းလုံးခဲ့ရသမျှ နွေကိုရောက်တိုင်း အတိုးချကာ ဆော့ကစားခဲ့သည့် နွေဦးကျောင်းပိတ်ချိန် ဘဝတွေကို မနေ့တစ်နေ့ကလို ပြန်လည် မြင်ယောင်လာမိတတ်သည်။ နွေကို ကျွန်မတို့ ပိုင်ဆိုင်သည်။ နွေသည် ကျွန်မအဖို့ အပျော်ရွှင်ရသော ရာသီအဖြစ် တမ်းမက်ရသည်။ နွေ၏သရုပ်သည် ကျွန်မ နှလုံးသားကို ဆွဲကိုင် လှုပ်ရမ်းနိုင်စွမ်းလှပါဘိ။ အထူးသဖြင့် လွတ်လပ်ကျယ်ပြောသော ကျေးလက်၏ ရင်ခွင်တွင် ကျွန်မ တစ်မှေးတစ်ရေး အနားယူရသောကြောင့် နွေကို ကျွန်မ ချစ်တာလည်း ဖြစ်နိုင်ပါ၏။
ကျွန်မတို့ ရွာကလေးသည် ဧရာဝတီမြစ်ကမ်းမှာဆိုတော့ မြစ်ရေကြီးချိန် ( ရေကြီးခါ ) တွင် ရေဝင်ရွာလေးဖြစ်သည်။ သီတင်းကျွတ်လ မြစ်ရေတွေ လျှောကျသည်နှင့် ထွန်ယက် စိုက်ပျိုးထားကြသော သီးနှံတွေပေါ်ချိန်တွင် တစ်ဆောင်းလုံးမြေတွင်းမှာ တိတ်တိတ်လေး ကျိတ်သီးကြသော ခိုအောင်ထားသမျှ မြေပဲဥကလေးများကို ဖော်ကြပြီ။ မြေသီးခြွေသည့်နွေ…။
သင်္ဘောဆိပ်မှ ရွာသို့ အလာလမ်းတစ်လျှောက်လုံး စိမ်းညို့နေသော မြေပဲခင်း ခဲခဲသဲသဲ မည်းမည်းကြီးတွေက ကျွန်မကို ဆီးကြိုတတ်မြဲ ဖြစ်ပါသည်။ မြေပဲစိုက်သော ယာမြေကွက်တွေက ရွာအပြင်မှာ ရှိသည်။ ရွာအပြင်မှာ ဆိုသော်လည်း မဝေးလှဘဲ ရွာနှင့်တစ်ဆက်တည်း ဖြစ်ပါသည်။ သည်လို သစ်စေ့သီးနှံ စိုက်ခင်းတွေကို ကျွန်မတို့ဆီက ‘တော’ ဟု ခေါ်ကြသည်။ တောအလုပ်ဝင်တယ်။ တောအလုပ်သွားတယ်။ တောအလုပ်သိမ်းပြီး စသဖြင့် သုံးတတ်ကြသည်။ သီးနှံသိမ်းချိန် အခုလို နွေရာသီဆိုလျှင် လင်းကြက်မတွန်မီကပင် ရွာကလေးက တလှုပ်လှုပ် ဖြစ်နေပြီ။ တစ်ယောက်က တစ်ယောက်ကို တကြော်ကြော် ခေါ်ထူးသံတွေ၊ တဘူးဘူး တဘဲဘဲ နွားအော်သံတွေ၊ တဂျောင်းဂျောင်း တအီအီ လှည်းမြည်သံတွေနှင့် တစ်ရွာလုံး ဆူညံလို့နေသည်။ မိုးလင်းလျှင်တော့ ကျီးစောင့်ကြက်နှင် အဘိုးအဘွားများနှင့် ကလေးသူငယ်များမှလွဲလျှင် ရွာထဲမှာ လူမကျန်တော့သလောက် ခြောက်ကပ် နေတတ်ပါသည်။ တောထဲက မြေပဲခင်းတွေထဲ လူတွေ ဖွေးဖွေးလှုပ်လှုပ်…။
တောထဲ မြေပဲခင်းထဲမှာ ကိုယ့်တာနှင့်ကိုယ် ငန်းတိုက်၍ ကုန်းကုန်းရုန်းရုန်း မြေပဲနုတ်နေကြသောလူတွေ အခင်းတိုင်းလိုလိုမှာ ပြည့်နေသည်။ မြေပင်များကို နုတ်ပြီး ပုံထားသော အသီးဥတွေ တန်းလန်း မြေပဲပုံကြီးမှာ တောင်မောက်မောက်ကြီးနှင့် တူသည်။ မြေပဲရွက် စိမ်းစိမ်းမည်းမည်းတွေ အောက်က အမြစ်ဖွားဖွားမှာ ဥကလေးတွေ တွဲလောင်းကျနေတတ်သည်။ မြေပဲပင်များ နှုတ်ပြီးမှ မြေပဲပုံနားမှာ အရိပ်အမိုးထိုးကာ မြေပဲဆွတ်ကြရသည်။ တချို့ကလည်း မြေပဲပင်များကို တစ်ဖက်ကကိုင် တစ်ဖက်က လိမ်ခြွေတာမျိုးဖြင့် အသီးဆွက်ကြရသည်။ တစ်ချို့ကလည်း မြေပဲဥတွေစဉ် မထွက်အောင် ရိုင်ပတ်ဖြင့်ကာ၍ တန်းထောင်ကာ ရိုက်ဆွတ်ကြသည်။ သီချင်းသံ၊ ပြဇာတ်ခင်းသံတို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှ၏။ အပျော်များဖြင့် ပြည့်သိပ်နေသောကြောင့် ပင်ပန်းသည် မထင်ကြပါ။ မြေပဲဆစ်တောင်းရလျှင် မြေပဲဆွတ်သူက မြေပဲဆွတ်ခ နှစ်ပြည်ပြန်ရသည်။ ကျွန်မတို့ရွာမှ မြေပဲ ဆွတ်ခသည် ငွေသားမဟုတ်။ ရှေးကတည်းက ရှိခဲ့သည့် အစဉ်အလာကိုမဖျောက်ကြ။
ကျွန်မတို့ကလေးတွေက မြေပဲဆွတ်ပြီးသား အခင်းဟောင်းတွေထဲဝင်ကာ ကွင်းကျန်မြေပဲ ကောက်သင်းကောက်ကြသည်။ တကယ်ဆိုလျှင် ပဲသင်းကောက်သည် ဖြစ်သင့်ပါသည်။ ကျွန်မကတော့ ကောက်သင်းတွေ ကောက်ဖို့ထက် မြေပဲအသီးစိုတွေကို မီးဖုတ်တမ်းကစားဖို့လောက်သာ စိတ်စောနေတတ်ပါသည်။ တောထဲက ထင်းခြောက်တွေကိုစုပြီး တောထဲမှာ မီးဖိုပြီးတော့ မြေပဲသီးတွေ မီးတောက်ထဲ ပစ်ထည့်။ တောထဲမှာ မြေပဲသီးအညော်နံ့တွေက ညော်ပြီးသင်းကြီးတိုက်နေတော့သည်။ ကျက်လောက်ပြီ ထင်သောအခါ မီးတွေကို မြေစိုင်ခဲတွေနှင့် တဖုန်းဖုန်းထုပြီး မီးသတ်ရသည်။ မဲမဲသည်းသည်း မြေပဲသီး မစိုမကျက်တွေကို ပူပူလောင်လောင် စားရသည့် အရသာကို ကျွန်မ မမေ့နိုင်။ အာသာပြေသည်လို့လည်းမရှိ၊ စားသလောက်ကြိုက်သည်၊ ကြိုက်သလောက်စားသည်။
ပြီးတော့ မြေပဲဆန်များကို ကျွန်မတို့ခြံ မြောက်ကုန်းထိပ်က ဆီဆုံမှာ ဆီကြိတ်ကြသောအခါ ဆီဆုံလှည်း စီးရသည့် ရသကိုလည်း ကျွန်မ မမေ့နိုင်။ သည်တုန်းက ဆီဆုံကြီးထဲကို မြေပဲတွေ လောင်းထည့်ပြီး နွားဖြင့်လှည့်ဆွဲကာ ဆီကြိတ်ကြရသည်။ ချားလိုအဝိုက်လိုက်ကြီး နှေးနှေးလေးလေး ပတ်လှည့်နေသော ဆီဆုံတန်းပေါ်တွင် ထိုင်၍ ဆီဆုံစီးတမ်း ကစားခဲ့ကြသည်။ ဆုပ်ဆုပ်စားခဲ့ရသည့် မြေပဲထန်းလျက်ဆုပ်ကိုလည်း ကျွန်မ ကြိုက်သည်။
‘’အမေတို့ ငယ်ငယ်တုန်းကများ အခါမကောင်းချိန်. . . ကျွဲညီနောင် လေယာဉ်ပျံသံကြားရင် ဗုံးကျင်းထဲ ဝင်ပြေးရတာအေ့. . . ဗုံးကျင်းထဲ ကလေးတွေ ငြိမ်အောင်လို့ ဆိုပြီးတော့ တို့အမေတို့က မြေပဲထန်းလျက် ဆုပ်ပေးပြီး ကျင်းထဲထည့်ထားတာ စားလိုက်တာ ဆိုတာများအေ. . . ပါးစပ်ကို အစေးပေါက်လို့’’
အမေက မြေပဲထန်းလျက်ဆုပ်ကို မြင်တိုင်း ဒုတိယကမ္ဘာစစ်ကြီးတုန်းက သူ့ငယ်ဘဝကြောင်းကို တခုပ်တရ ပြန်ပြောနေတတ်ပါသည်။ ကျွန်မတို့ခေတ် ရောက်လာတော့ စစ်ကာလ မဟုတ်တော့သော်လည်း မြေပဲထန်းလျက်ဆုပ်ကိုတော့ ကျွန်မတို့ရွာတွင် အခုထိ အစေးပေါက်အောင် စားနေကြရတုန်းပဲ ဖြစ်သည်။
ထောပတ်ပဲ၊ စွန်တာနီပဲ၊ ပဲစာဥ၊ ပဲကြားစသည့် ပဲပင်တွေကိုတော့ တောထဲမှာ မဆွတ်ကြရပါ။ ပဲပင်များကို အနွယ်လိုက်ရိတ်ပြီး အလုံးလိုက် အထွေးလိုက် လှည်းဖြင့် တိုက်ယူလာ၊ ကိုယ့်အိမ်တလင်းပြောင်ပြောင်မှာ ပုံပြီး အခြောက်ခံထားတတ်ကြသည်။ ပဲနွယ်များကို ပဲမှော်ကောက်ဆွ ခက်ရင်းဖြင့် ဆွဆွပြီး ထက်အောက်လှန်ပေးကာ နှစ်နေသုံးနေ သွေ့အောင် လှန်းကြရသည်။ ပဲသီးတွေ ခြောက်အက်ကွဲကျလာလျှင်တော့ တလင်းတွင် ဖြန့်၍ နွားဖြင့် ငန်းတိုက် နယ်ကြသည်။ နွားပါးစပ်တွင် ထန်းလျှော်ဖြင့် ပြုလုပ်ထားသော စွပ်ခြင်းကလေးတွေ စွပ်ထား၏။ ပဲမှော်များကို နွားများ ငုံ့စားမှာ စိုးသောကြောင့် ဖြစ်သည်။ ကလေးတုန်းကတော့ သည်နွားပါးစပ်ခြင်းကလေးအကြောင်းကို ကျွန်မ သေသေချာချာ စဉ်းစား မကြည့်မိခဲ့ဖူးပါ။ သည်ပဲမှော်များကို ရေဝင်ချိန်အပါအဝင် နှစ်ပေါက်စာ နွားစာအတွက်ပြန်သိမ်း ထားတတ်ကြသော်လည်း ပဲနယ်နေစဉ် နွားများကို အစားမခံတာကလည်း ထူးဆန်သလိုလို ခံစားရသည်။
ကျွန်မတို့ရွာတွင် ခိုင်းနွားများကို ကိုယ့်ခြံပေါက်နွားအဖြစ် တကန်တက မွေးယူတတ်ကြသည်။ ခြံပေါက်နွားမှ ပိုအားရသည်။ သံယောဇဉ် ပိုကြီးတတ်ကြသည်။ ရွာတစ်အိမ်အိမ်က နွားမွေးသံကြားလျှင် တစ်ရွာလုံးက ဝမ်းသာနေတတ်ကြသည်။ နွားကလေး ဘဝကတည်းက အရိပ်တကြည့်ကြည့် မွေးမြူလာခဲ့ရာ နဖားကြိုးထိုးနိုင်သည့် အရွယ်တွင် ယာထဲတောထဲ ခိုင်းကြစေကြသော်လည်း ကျောတသပ်သပ်၊ ရင်တသပ်သပ်၊ စုတ်တသပ်သပ်ဖြင့် ချော့ကာမော့ကာ ခိုင်းကြလေ့ရှိ၏။ နွားဟုဆိုသော်လည်း လူနှင့်မခြား စောင့်ရှောက်တတ်ကြ၏။ နွားတစ်ကောင်နှင့် ပတ်သက်ပြီး ကိုယ့်အသက်ကိုပင် စွန့်လွှတ်၍ ချစ်ခင်စုံမက်ခဲ့သည့် သာဓကတစ်ခု ကျွန်မတို့ရွာတွင် ရှိသည်။
ကျွန်မတို့ရွာတွင် ဧရာဝတီမြစ်ရေ အလွန်ကြီးသည့်နှစ်က ဖြစ်ပါသည်။ ခါတိုင်း ရေကြီးခါ နှစ်များမှာ ခြေတံရှည်အိမ်ကြမ်းပြင်ကို မထိတတ်သော မြစ်ရေတွေက ထိုနှစ်ကတော့ အိမ်ကြမ်းပြင်ပေါ်အထိ လျှံတက်လာသည်။ အိမ်ပေါ်တွင် ခုတင်များဆင့်၍ လူတွေက ဖြစ်သလို နေကြသော်လည်း နွားများထားစရာ ကုန်းမြင့် မရှိတော့သဖြင့် အတော်ဝေးသော် ရေမရောက်သည့် အရှေ့ကြည်းတောရွာများသို့ နွားများ သွားထားကြသည်။ ကျွန်မအကို ကိုဖိုးထောင်ခမျာ သူ့ခိုင်းနွားကြီး နှစ်ကောင်ကို လှေဖြင့် တစ်ကောင်စီကဲ့ကာ ကုန်းပိုင်ကျရာဘက်သို့ နွားသွားပို့စဉ် မိုးချောင်းတွေ တအား စီးဝင်လာသည်။ နွားတစ်ကောင်က ကုန်းပေါ်ရောက်သွားသော်လည်း ကျန်နွားတစ်ကောင်နှင့် ကိုဖိုးထောင်မှာ လှေပေါ်တွင် လူးလာဆန်ခတ်ဖြင့် မြုပ်သွားတော့၏။ မကြည့်ရက်နိုင်သဖြင့် မရမက လိုက်၍ ဆယ်ရှာသည်။ ကိုဖိုးထောင်က လှေကို လွှတ်၍ ရေကူးသွားလျှင် လွှတ်နိုင်သော်လည်း နွားကြီး မျောပါသွားခြင်းကို မကြည့်ရက်နိုင်သဖြင့် မရမက လိုက်၍ ဆယ်ရှာသည်။ ရေစီးသန်သန် စီးကြောင်းထဲ မျောပါသွားသောနွားကို အမီလိုက်ရရင်း သူ့အသက်ကိုပါ ပေးစွန့်သွားခဲ့သည်။
‘’တောက်. . . ကွာ ဖိုးထောင်ရာ ဖြစ်မှဖြစ်ရလေခြင်းကွာ. . .’’
တစ်ရွာလုံး ယူကြုံးမရတသသ ပြောကျန်ရစ်ခဲ့ကြသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။ အကြောင်းတိုက်ဆိုင်တိုင်း ဖိုးထောင်နှင့် သူ့နွားကြီးကို အမှတ်တရ ရှိနေကြဆဲ ဖြစ်၏။
ကျွန်မကိုယ်တိုင်းလည်း နွားနှင့် နှီးနွှယ်သော သံယောဇဉ် ဇာတိလမ်းတစ်ပုဒ်ကို ဝတ္ထုတိုကလေး ရေးဖွဲ့ခဲ့ဖူးသည်။ ကျွန်မတို့ငယ်စဉ်က ကျေးလက်နေ ကလေးပီပီ နေ့စဉ် နွားကျောင်းထွက်ရသည့် ဓလေ့ရှိသည်။ နွားကျောင်းရင်း တောင်းထဲက သရက်စိမ်းတွေ ခဲဖြင့်ထုကာ ထဘီခါးပုံထဲ အသင့်ထည့်ယူလာခဲ့သည့် ဆားနှင့်တို့တို့စားကြသည့် အလေ့ရှိသည်။ တစ်ခါတစ်ရံ နှုတ်ခမ်းပတ်လည်တွင် သရက်အစေး ပူလောင်ကာ အနာများပင် ပေါက်လာတတ်သေး၏။ သွားတွေလည်းကျိမ်း၊ နေလည်းစောင်း၊ နွားတွေလည်း အစားဝပြီးဆိုလျှင် ကျွန်မတို့ တောထဲမှ ပြန်ခဲ့ကြရသည်။ နွားများကို အိမ်သို့ တန်းမမောင်းပဲ ရွာဆိပ်ကမ်း ဧရာဝတီမြစ်ဆိပ်ကမ်း ဧရာဝတီမြစ်ဆိပ် သောင်ပြန့်ကို ဖြတ်ကာ နွားရေတိုက် ဆင်းကြပြန်သည်။ နွားရေသောက်ချိန်တွင် ကျွန်မတို့က မြစ်ကြီးထဲ ကူးခတ် ဆော့ကစားကြပြန်သည်။ ကျွန်မ အများဆုံး ကျောင်းခဲ့ရသည့် နွားကြီးမှာ ‘ပေစိ’ ဆိုသော နွားကြီးဖြစ်၏။
ပေစိကြီး အိုနာဖြင့် ဆုံးတော့ အဘက မြို့မှာ ကျောင်းတက်နေသော ကျွန်မတို့ကို စာရေးပြီး လှမ်းခေါ်သည်။ ပေစိကြီး ဆုံးသံကြားကတည်းက ကျွန်မ ဝမ်းနည်းစွာ ငိုကြွေးမိရ၏။ ကျွန်မ ရွာပြန်တိုင်း ဆော့ဖော်ဆော့ဖက် သူငယ်ချင်းတစ်ယောက် ဆုံးရူံးသွားရသလို ခံစားခဲ့ရပါသည်။ ကျွန်မတို့ ရွာကိုရောက်တော့ ပေစိကြီး အလုံးအထည်ဖြင့် မရှိတော့ပါ။ ကားကြက်ကာ နေလှန်းထားသော သားရေချပ်ကြီး ဖြစ်သွားခဲ့ပါပြီ။ ထိုပေစိကြီး၏ သားရေချပ်ကို အဘက ဆွမ်းခံကြွလာ ဦးပဇင်းများကို ခင်းပေးတတ်ပါသည်။
‘ဪ . . . ပေစိကြီးတို့များ တစ်သက်လုံး ကုန်းရုန်း လုပ်ကျွေးခဲ့ရုံမက သေတဲ့နောက်တောင် သူ့သားရေကို ခင်းထိုင်နေရသေးတယ်. . . အသုံးကျချက်တော့ သေတာတောင် သားရေထိုင်ဘဝနဲ့ ကုသိုလ်ယူရှာသေးတယ်။ တွေ့လား ငါ့မြေးတို့’’
အဘက သူ့အချစ်တော် ပေစိကြီး၏ သားရေချပ်ကြီးပြပြီး ကျွန်မတို့ကို ဆုံးမခဲ့ဖူးသော စကားဖြစ်သည် ။
အခုလို နွေရာသီဆိုလျှင် ကျွန်မ အမြဲလွမ်းနေတတ်ခဲ့သည့် ပုံရိပ်များများတွင် ‘ဘုန်းကြီးပျံပွဲ’ များလည်း ပါဝင်ပါသည်။ ကျွန်မတို့မြင်းခြံ မြောက်လက် ရွာကလေးများသည် ဘုန်းကြီးပျံပွဲကို သူ့ရွာကိုယ့်ရွာ မခွဲခြားပဲ တစ်နယ်လုံး သိုက်သိုက်ဝန်းဝန်း ပူဇော်တတ်ကြသည်။ ထိုစဉ်က ကျေးလက် ဘုန်းတော်ကြီး ကျောင်းများသည် ကျေးလက်ပညာရေးကို များစွာ အထောက်အကူပြုခဲ့ကြသော တက္ကသိုလ်ကြီးများ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဆရာဘုန်းကြီး ပျံလွန်တော်မူသည့်အခါ တပည့်တပန်းများက အားကုန်စိုက်၍ ပူဇော်ကြမြဲ၊ မည်သည့်အချိန်တွင် ဆရာတော် ပြန်တော်မူသည်ဖြစ်စေ ဘုန်းကြီးပျံပွဲကို နွေရာသီ ခြေခင်းလက်ခင်းချိန်၊ သီးနှံများကို စောစောသိမ်းကြရသည်။ ပွဲရက်တွင် ပဲငုတ်တွေစူးသည့်ကြားက ပြဿာဒ်သိုင်းနင်းတာတွေ၊ ဧယဉ်ကျူးတာတွေ လျှောက်ကြည့်ရသည်မှာ တကယ့်ကို ပျော်စရာ ကောင်းသည်။ တည်းကျောင်း (ဧည့်ခံမဏ္ဍပ်) ကြီးတွေကလည်း ဆယ့်နှစ်ကျောင်း၊ ဆယ့်သုံးကျောင်း အပြိုင်အဆိုင်၊ လော်စပီကာသံတွေကလည်း ရွာပေါက်စေ့၊ တည်းကျောင်းတွေက ပွက်ပွက်ညံအောင် ဖွင့်ထားတတ်ကြသည်။ ဖုန်ထူ နေပူ အသံတွေ ဗလောင်ဆူနေသည့်ကြားက ချွေးစေးပြန်နေသော အနီရဲ ဝမ်းဆက်၊ ဆနွင်းဝါ ဝမ်းဆက်များဖြင့် တွေပူကျဲကျဲမှာ ဖိတ်ဖိတ်တောက်နေကြသော မစာဥတို့၊ မဂွက်ထော်တို့ တစ်တွေကလည်း တစ်နှစ်ကုန် တစ်နှစ်ဆန်း နောင်တစ်ပြန် မသေချာသော ဇာတ်ပွဲကြည့်ရဖို့အရေး နေ့လယ်လောက်ကြီးကတည်းက ထီးတွေဆောင်းပြီး နေရာဦးထားတတ်ကြပြန်သည်။ မျက်နှာချေများဖြင့် ပြာနှမ်းနေသော ကျေးတောသူလုံမများ၏ မျက်နှာထူကြမ်းကြမ်းတွေပေါ်က အပျော်တွေကိုလည်း ကျွန်မ မမေ့နိုင်ပါ။
ကျွန်မတို့ ကလေးတွေအတွက်ကတော့ တစ်နေကုန်နှင့် တစ်နေခန်း ဘုန်းကြီးပျံကွင်း ပူပူကြီးထဲ လျှောက်ကြည့်ရသည်နှင့် ညတွင် ပွဲခင်းထဲ ခေါင်းမထူနိုင်တော့၊ ပွဲဦးပတ်မကြီး ဗေတိဆော်ကတည်းက တခူးခူးနှင့် အိပ်လိုက်သည်မှာ မိုးလင်း ကတ္တီပါကားလိပ်ကြီး ဇာတ်ခုံပေါ်ပုံကျတာ ပတ်စာခွာတော့မှ လူကြီးတွေက ရိုက်နှက်နှိုးကြလေ၏။ မျက်လုံးကိုပွတ် ထဘီကို စွန်တောင်ဆွဲကာ ကမူးကစူးနှင့် အိမ်ပြန်လာတော့ နေရောင်တောင် စူးစူးရှရှကလေး ထိုးနေပါပြီ။
သည်ဘက်ပိုင်းမှာ ကျွန်မတို့ ရွာပြန်မရောက်တာ နှစ်အတော် ကြာသွားခဲ့ပြီး။ သို့သော် တမြန်နှစ် နွေကတော့ ကျွန်မ ရွာကို ရောက်ဖြစ်ခဲ့သေး၏။ ကျွန်မတို့ဘကြီး ဘုန်းကြီး ပျံတော်မူသည့်အတွက် ပူဇော်ကန်တော့ရန် ဖြစ်သည်။ သို့သော် စည်စည်ကားကား ခဲကြီးသဲကြီး ဘုန်းကြီးပျံပွဲတော့ မဟုတ်တော့ပါဘူး။ ကျွန်မလည်း ဆရာတော့်ရုပ်ကလာပ်ကို ဝပ်ချပြီး သစ်ခင်းများရှိရာ တောထဲထွက်ခဲ့သည်။ ငယ်ငယ်တုန်းကလို ကျွန်မဆီးကြိုနေမည့်အစိမ်းရောင် မြေပဲခင်းကြီးတွေ၊ ပဲခင်းကြီးတွေကို မတွေ့ရတော့ ဝမ်းနည်းသွားမိသည်။ ရိတ်သိမ်းပြီးစ စိမ်ဖျော့ တောကလေးကတော့ ကျွန်မကို စိမ်းကားမနေပါ။
‘ရွာထဲကို ပြန်ဝင်ခဲ့တော့လည်း တလင်းပြန့်တွေထဲမှာ ဟည်းထနေသည့် ပဲနွယ်ပုံ ကြီးတွေကို ကျွန်မ မမြင်ခဲ့ရ။ ပဲသိမ်းချိန် လွန်သွားခဲ့ပြီးလား မသိ။ ကျွန်မငယ်ငယ်က စီးခဲ့ဖူးသည့် ကြီးတော်တို့ ခြံထောင့်က ဆီဆုံကုန်းထက်မှာ စီးနေကျ ဆီဆုံကြီးလည်း မရှိတော့ပါ။
နွေဦးက ကျွန်မကို ခံစားမှုအမျိုးမျိုး ပေးနေကြသော်လည်း သည်တစ်ခေါက် နွေအပြန်ကတော့ ပိုလို့တောင် လွမ်းစရာ ကောင်းနေခဲ့သည်။ သည်မြင်းကွင်းသည် ရှုခင်းတွေက ရှိနေတုန်းကလည်း လွမ်းစရာ၊ မရှိတော့လည်းလွမ်းစရာ။
ခင်ခင်ထူး
မေလ ၂၀၀၄ ၊ ရုပ်ရှင်သစ္စာ
အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း


Comments
Post a Comment