၁။
"ငမိုး
သရက်ပင်ပေါ် တက်ပြီး ဟိုအပင်တွေ ခုတ်ချပေးစမ်းပါ"
သရက်ပင်အောက်တွင်
စာအုပ်တစ်အုပ်နှင့် မိုးဦး ငြိမ့်နေချိန်တွင် အစ်မကြီးသည် ဓားတစ်ချောင်း ကမ်းပေးရင်း
ဆိုလာ၏။ ရုတ်တရက်မို့ မိုးဦး လန့်သွားသည်။ သည်နေ့မှ ဘာထဖြစ်သည် မသိ။ အစ်မခုတ်ခိုင်းသည့်
အပင်လေးများသည် သရက်ပင်ပေါ်ရှိနေခဲ့သည်မှာ ရာသီအလီများခဲ့ပြီလေ။
“ဘာလို့ခုတ်မှာလဲ
အစ်မ"
ကမ်းပေးနေသည့်
ဓားကို မယူဘဲနှင့် မိုးဦး မေးခွန်းထုတ်သည့်အခါ အစ်မကြီး၏ မျက်ခုံးနှစ်ခုသည် ထိလုနီးပါး
တွန့်၀င်သွားကြသည်။
"ဘာ...
သူတို့ဘာသာ သူတို့နေကြတယ်။ ဟုတ်လား ငမိုး။ ဒီမှာ ငါပြောပြမယ်"
"
ငါပြောပြမယ် "ဟူသော စကားနှင့်အတူ အစ်မကြီးသည် ကျောင်းမှ ဇီဝဗေဒဆရာကြီး သင်ပေးလိုက်သော
အပင်တစ်ပင်အကြောင်း မိုးဦးကို ရှင်းပြသည်။ ထိုအပင်သည် မိုးဦးတို့ ခြံထဲရှိ သရက်ပင်များပေါ်တွင်
အများအပြားရှိ၏။ အရင်က ထိုအပင်အကြောင်း လုံး၀မသိခဲ့ဘူး။ ယခုမှ အသေအချာသိရလေသည်။ အစ်မကြီး၏
ရှင်းပြချက်ကို နားထောင်ပြီးချိန် မိုးဦးသည် လက်ထဲမှ စာအုပ်ကို ချထားလိုက်သည်။ ထိုင်ရာမှ
ဆတ်ခနဲထပြီး အစ်မကြီးလက်ထဲမှ ဓားကို ဖျတ်ခနဲ ဆွဲယူလိုက်သည်။ ထိုနောက် သရက်ပင်ပေါ် တက်ပြီး
အစ်မကြီး ခိုင်းသည့်အမှုကို စတင်လိုက်သည်။
"ခုတ်စမ်း
ငမိုး။ ခုတ်စမ်း။ ကုတ်သွေးစုပ်တဲ့ဟာတွေ အမြစ်ပါ မကျန်စေနှင့်။ အရင်က မသိလို့ပေါ့။ သိရင်လည်း
အမြစ်တောင် အကုပ်မခံဘူး"
အစ်မကြီး၏
အသံသည် ပြတ်သားရဲရင့် ခက်ထန်မာန်၀င့်နေ၏။ မိုးဦး၏ ဓားလွှဲချက်များသည်လည်း အားပါမြန်ဆန်
စည်းချက်မှန်မှန် ချီတက်နေသည်။
၂။
ထိုင်ချလိုက်သည်။
သို့သော် အကြာမခံ။ လမ်းလျှောက်ကြည့်သည်။ သို့သော် တာရှည်မခံ။ ခန္ဓာကိုယ်ထဲ လောက်ကောင်
တစ်ကောင် ခုန်ဝင်သွားသည့်နှယ် အငြိမ်မနေနိုင်တော့။ ဟိုလည်း လုပ်၍ မကျ။ သည်လည်း လုပ်၍
မကျနှင့်။ ကြည့်သော အရပ်တိုင်း မြင်သောအရာတိုင်း၌ ရွှေရောင်များက တလက်လက်။ တဖိတ်ဖိတ်။
ပျော်ရွှင်ခြင်းတို့သည်
အိမ်တစ်ဆောင်စလုံး မြူးထူးပျော်ပါး အုပ်မိုးထား၏။ ဦးထွန်းဇံသည် မမျှော်လင့်ဘဲနှင့်
ရောက်လာသော ပျော်ရွှင်ဖွယ် မင်္ဂလာသတင်းတစ်ခုအကြောင်း တစ်ရွာလုံးကြားအောင် အော်ပြောချင်သည်။
သို့သော် သူ မျိုသိပ်ထားရသည်။
"လှခင်
မြန်မြန်လာ" သားငယ်ကို ကျောင်းပို့ရာမှ ပြန်လာသည့် ဇနီးသည်ကိုမြင်သည်နှင့် ဣန္ဒြေမဆည်နိုင်တော့ဘဲ
လက်ကို အတင်းပြေးဆွဲကာ အိမ်ထဲ ဆွဲသွင်းလိုက်၏။ ပြီးလျှင် မင်္ဂလာသတင်းကို နှစ်ကိုယ်ကြား
ဖောက်ချလိုက်သည်။
"ဟယ်..."
ဇနီးသည်၏
အာမေဋိတ်အသံသည် ဦးထွန်းဇံအတွက် ရွှေပွတ်သံများနှယ် နား၀င်ပီယံ ရှိနေပြန်သည်။
"မင်း
ဘယ်သူမှ လိုက်မပြောနဲ့ဦးနော်"
ချစ်ဇနီးကို
ဦးထွန်းဇံ ချက်ချင်း နှုတ်ပိတ်လိုက်သည်။
"စိတ်ချပါ
ကိုထွန်းဇံရယ်။ ဒါပေမဲ့ သားကြီးနှင့် သမီးကြီးကိုတော့ ကျုပ်ပြောပြချင်တယ်။ သူတို့လည်း
ပျော်ရအောင်ပေါ့။ တခြားသူတွေမှ မဟုတ်တာ"
"အေး..
အေး ပြောပြလိုက်ကွာ"
ဦးထွန်းဇံ၏
ရင်ဘတ်ကြီးသည် သတင်းကြားခါစကလိုပင် တဒိန်းဒိန်း ခုန်နေဆဲ။ ကြာသည့်အခါ လူက မောသလို ပန်းသလိုဖြစ်လာသည်။
ထို့ကြောင့် ဝင်သက်ကို နံကားသည်အထိ ရှူသွင်းလိုက်ပြီး ထွက်သက်ကို ဗိုက်ပြားသည်အထိ မှုတ်ထုတ်ပစ်လိုက်သည်။
ထိုသို့
တစ်ကြိမ်တည်းလုပ်ရုံနှင့် တုန်လွန်းနေသည့်ရင်က ပုံမှန်ပြန်မဖြစ်။ ထိုကြောင့် သုံးလေးကြိမ်
ဆက်လုပ်လိုက်သော်မှ ဦးထွန်းဇံ အနေချောင်သွားသည်။
"ရော့..
ရေသောက် ကိုထွန်းဇံ"
ဇနီးသည်
ကမ်းပေးသော ရေခွက်ကို လှမ်းယူပြီး တစ်မော့တည်း မော့ချလိုက်သည်။ ထိုနောက် လေပူတစ်ချက်ကို
အားပါတရ မှုတ်ထုတ်လိုက်၏။
"ဒါနဲ့
ရှင် ဘယ်အချိန်သွားမလဲ။ ရှိတာလေးတွေနဲ့ ကျွန်မ ပြင်ထားရအောင်။ ကျွန်မဆီတော့ အပြည့်မရှိဘူး။
အခြားလူဆီက ခဏ ဆွဲထားပေးမယ်။ ဟိုကရရင် ပြန်ပေးလိုက်မယ်"
"အေး..
အေး မင်းကြည့်လုပ်ထား လှခင်။ မနက်ဖြန်ပဲ သွားမယ်။ မြန်လေကောင်းလေပဲ။ သတ်မှတ်ရက်လွန်သွားရင်
မရတော့ဘူးတဲ့"
"ရှင်တစ်ယောက်တည်း
သွားမှာလား။ အဖော်တစ်ယောက်ယောက် ခေါ်သွားရင် ပိုကောင်းမယ်နော် ကိုထွန်းဇံ"
အဖော်တစ်ယောက်ယောက်
ဟူသော ဇနီးသည်၏ စကားကြောင့် ထိုတစ်ယောက်ယောက်ကို ဦးထွန်းဇံ အမြန် စဉ်းစားလိုက်သည်။
တစ်ဖက်ရွာမှ မိုးဦး၏ မျက်နှာက အတွေးထဲ ချက်ချင်းပေါ်လာ၏။
"ငါ
မိုးဦးကို ခေါ်သွားမယ် လှခင်။ အဲဒီကောင်က နည်းနည်းပါးပါး ပြောတတ်ဆိုတတ် မဟုတ်လား။ ငါတော့
အဆင်ပြေမယ် ထင်တယ်။ မင်းရော ဘယ်လိုထင်လဲ"
"ရှင်
အဆင်ပြေမယ်ထင်ရင် ပြီးတာပါပဲ။ သူ့ဖုန်းနံပါတ် ရှိတယ် မဟုတ်လား။ ဖုန်းကြိုဆက်ထားဦး။
ဟိုက မအားရင် ခက်နေမယ်"
မိုးဦးဆီသို့
ဦးထွန်းဇံ ချက်ချင်း ဖုန်းဆက်လိုက်သည်။ မင်္ဂလာသတင်းကို ချက်ချင်းမပြောသေးဘဲနှင့် တိုင်ပင်စရာကိစ္စတစ်ခုရှိ၍
ညနေကျလျှင် လာခဲ့ပါဟု ဝှက်ပြောလိုက်၏။ အဖြစ်မှန်ကိုသိလျှင် အံ့သြဝမ်းသာသွားမည့် မိုးဦး၏
မျက်နှာကို ဦးထွန်းဇံ မျက်မြင်ကိုယ်တွေ့ ကြည့်ချင်နေသည်။
"
ကိုထွန်းဇံ... ကျွန်တော် လာပြီဗျ"
ညနေခင်းသို့
ရောက်သည့်အခါ မိုးဦးသည် ဆိုင်ကယ်တစ်စီးနှင့် ရောက်လာ၏။
"ကဲ...
ပြော ။ တိုင်ပင်စရာက..."
မိုးဦးက
လာရင်းကိစ္စအတွက် စကားစပေးလိုက်သည်နှင့် ဦးထွန်းစံသည် မနက်က ကြားသိခဲ့ရသော မင်္ဂလာသတင်းကို
တစ်လုံးမချန်ဘဲ အစအဆုံး ပြောပြလိုက်သည်။ ဦးထွန်းဇံ ခန့်မှန်းထားသလိုပင် မိုးဦး အံ့ဩသွားသည်။
သို့သော် ဝမ်းသာပုံကား မပြ။
"ခင်ဗျားဟာက
ဟုတ်ရောဟုတ်ရဲ့လားဗျ"
မိုးဦးသည်
မတင်မကျသည့် စိတ်ဖြင့် မေးခွန်းထုတ်၏။
"ဟာ...
ဟုတ်တာမှ တဟုတ်ဟုတ်တောင် မြည်တယ် ငါ့ကောင်။ သတ်မှတ်ရက် မကုန်ခင် အမြန်လာထုတ်ဖို့တောင်
ငါ့ကို အကြိမ်ကြိမ် ပြောသွားသေးတာ"
"ဟုတ်မှာပါ
ငမိုးရယ်။ မသေချာရင် သူတို့လည်း ဘယ်ဆက်သွယ်မလဲ"
"ဟုတ်တာပဲ
လေးမိုးရယ်။ အဖေနဲ့အတူ လိုက်သွားပေးလိုက်ပါ။ လေးမိုးက ပေါက်ပေါက်ရောက်ရောက် သွက်သွက်လက်လက်မို့
မြတို့က အားကိုးတကြီး အကူအညီတောင်းနေတာ"
"ဒီကိစ္စကို
ကျွန်တော်တို့ပဲ သိသေးတာ လေးမိုး။ လေးမိုးကို ပြောပြတယ်ဆိုတာ မိသားစုလို သဘောထားလို့"
ကာယကံရှင်နှင့်အတူ
သူ၏ မိသားစုဝင်များကပါ အားတက်သရော ထောက်ခံလာကြသည့်အခါ မိုးဦးလည်း ငြင်းမနေတော့ဘဲ အဖော်လိုက်ပေးမည်ဟု
ဆိုလိုက်သည်။
"မနက်ဖြန်
စနေနေ့ဆိုတော့ ရုံးပိတ်ရက်ကြီး။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ဒီသုံးရက်က ကျွန်တော်မအားဘူး။
စာတိုက်ကဆိုရင်တော့ ချက်ချင်း ရောက်မှာလည်း မဟုတ်ဘူး။ ဒီတော့ လာမယ့် ကြာသပတေးနေ့ ရုံးဖွင့်ချိန်ကို
ချိန်ပြီးသွားမယ်။ ကြာသပတေးနေ့ မနက် ကျွန်တော် ဆိုင်ကယ်နဲ့ လာခေါ်မယ်။ ကိုထွန်းဇံ အသင့်ပြင်ထား။
ခုတော့ ကျွန်တော့်ကို ခွင့်ပြုဦးဗျ။ သွားစရာတစ်ခု ရှိနေသေးလို့"
မိုးဦးသည်
အဖော်လိုက်ပေးမည်ဟု ဆိုခဲ့သော်လည်း ဦးထွန်းဇံပြောသည့် ကိစ္စအတွက် ဘဝင်မကျလှ။ သို့သော်
သူတို့မိသားစုအတွက် အရှုံးမရှိ။ အရင်းနှင့်အမြတ်ရမည့် ကိစ္စပါလားဟု ဖြည့်တွေးရင်း ပြန်လာလိုက်သည်။
၃။
"ကိုမိုးဦး
ဘယ်လဲဗျ"
မိုးဦးနှင့်
ဦးထွန်းဇံတို့ စာတိုက်ရှေ့တွင် ဆိုင်ကယ်ထိုးရပ်လိုက်သည်နှင့် မိုးဦး၏ အသိတစ်ယောက်က
လှမ်း၍ နှုတ်ဆက်လေသည်။
"ထွေထွေထူးထူးတော့
မရှိဘူး မင်းနောင်။ ဒီမှာ ငါ့အသိတစ်ယောက်ကို စာတိုက် ခဏလာပို့တာ"
မိတ်ဆွေ၏
အမေးကို ပြန်ဖြေရင်း ဦးထွန်းဇံနှင့်အတူ မိုးဦး စာတိုက်ရုံးထဲကို ဝင်သွားလိုက်သည်။ မနက်ကိုးနာရီပင်
ခွဲပြီးပြီမို့ စာတိုက်ဝန်ထမ်းများလည်း ရောက်နှင့်ပြီး ဖြစ်သည်။
"အစ်မ
ဦးထွန်းဇံ နာမည်နဲ့ ပါဆယ်ရောက်ထားလား မသိဘူး။ အမြန်ချောနဲ့ ပို့လိုက်တာပါ"
"ခဏနော်
အစ်ကို။ ကျွန်မကြည့်ပေးမယ်"
ပြောပြောဆိုဆိုနှင့်ပင်
ဝန်ထမ်း မိန်းကလေးတစ်ယောက်သည် အနောက်ဘက် အခန်းတစ်ခုထဲ ဝင်သွား၏။ ပြန်ထွက်လာသော် ပုံစံတူ
အထုပ်ကလေးများ တပွေ့တပိုက်ကြီးနှင့်။ ဝန်ထမ်း မိန်းကလေးသည် အထုပ်များထဲမှ တစ်ထုပ်ကို
ရွေးကာ မိုးဦးကို ပေးသည်။
"ကျွန်တော်
ဖောက်ကြည့်လို့ ရမလားဗျ"
အထုပ်ကို
သေသေချာချာ စူးစိုက်ကြည့်ရင်း မိုးဦးမေးလိုက်သည်။
"ငွေသွင်းပြီးမှ
ဖောက်လို့ရပါတယ်ရှင်"
ဝန်ထမ်းမိန်းကလေး၏
အဖြေအဆုံးတွင် ဦးထွန်းဇံသည် သူ့အိတ်ထဲ အသင့်ပါလာသည့် ငွေထုပ်ကို ထုတ်ရန် ပြင်လိုက်သည်။
"ကိုထွန်းဇံ
ခဏနေဦးဗျ။ ကျွန်တော် စုံစမ်းကြည့်ဦးမယ်။ ပိုက်ဆံမသွင်းနဲ့ဦးနော်။ ကျွန်တော် ပြန်အလာကို
စောင့်နေ"
မိုးဦးသည်
စာတိုက်အပြင်သို့ ပျာပျာသလဲ ပြေးထွက်သွား၏။ ဦးထွန်းဇံတစ်ယောက် နားမလည်ခြင်းများစွာနှင့်
ကြောင်အအဖြင့် ကျန်နေခဲ့ရသည်။ မိနစ်ပိုင်းလောက်အကြာတွင် မိုးဦး ပြန်ရောက်လာသည်။
"ကိုထွန်းဇံ
ခင်ဗျား သက်သက် အလိမ်ခံရတာဗျ"
ရောက်လျှင်ရောက်ချင်း
လှမ်းပြောလိုက်သည့် မိုးဦး၏ စကားကို ဦးထွန်းဇံ နားမလည်။
"ကျွန်တော်
စုံစမ်းကြည့်တာ လွန်ခဲ့တဲ့ တစ်ပတ်ကလည်း အမျိုးသမီးတစ်ယောက် ဒီလိုဖြစ်ပြီးပြီတဲ့ ကိုထွန်းဇံ။
ငွေသွင်းပြီး အထုပ်ကို ထုတ်သွားတယ်။ မသင်္ကာတာနဲ့ မြို့ထဲက သူ့အသိဆိုင်မှာ စစ်ကြည့်တာ
အတုတဲ့ဗျ။ အလှကုန်ဆိုင် သွားမေးတော့ အားလုံးပေါင်းမှ ငါးထောင်ပဲ ရှိသတဲ့"
မိုးဦး၏
စကားအဆုံး၌ ဦးထွန်းဇံတစ်ယောက် မျက်လုံး အပြူးသားနှင့် အသင့်ပါသော ငွေထုပ်ကိုတစ်ခါ ဝန်ထမ်းကောင်မလေး၏
စားပွဲပေါ်တွင် အခန့်သားရှိနေသည့် အထုပ်ကို တစ်လှည့် ကြည့်၏။
"အစ်မ။ ကျွန်တော် ပစ္စည်းကို သဘောမကျလို့ ပြန်ပို့လို့
ရမလားဗျ"
"ကျွန်မ
ဖုန်းဆက်မေးပေးမယ်ရှင်။ ခဏစောင့်နော်"
ဝန်ထမ်းကောင်မလေးသည်
ဦးထွန်းဇံနှင့် မိုးဦးတို့ ရှေ့၌ပင် အထုပ်ပါ ဖုန်းနံပါတ်ကို ခေါ်၏။ မကိုင်။ နောက်တစ်ခါ
ခေါ်ပြန်သော်လည်း မကိုင်။ အဆုံး၌ မိုးဦး အကြံတစ်ခုရလိုက်သည်။ ထိုကြောင့် ဦးထွန်းဇံ၏
ဖုန်းထဲရှိ ဖုန်းမှတ်တမ်းမှ ဟိုတစ်နေ့က ဝင်ထားသည့် ဖုန်းနံပါတ်ကို ရှာကာ ခေါ်လိုက်သည်။
ချက်ချင်း ဖုန်းဝင်၏။
"ဟုတ်ကဲ့။
ဦးထွန်းဇံ။ ရွေးပြီးပြီလား။ အဆင်ပြေရဲ့လားရှင်"
"အစ်မ
ကျွန်တော် ဦးထွန်းဇံ မဟုတ်ဘူး။ သူ့ညီပါ။ အစ်မတို့ဟာက ဘယ်လိုလဲဗျ။ ဘယ်က မဲပေါက်တာလဲ။
အထဲမှာက ဘာတွေလဲ"
"ဪ...
အစ်ကို ဒီဖုန်းနံပါတ်လေးကလေ မဲပေါက်တာပါရှင်။ အထဲမှာ ရွှေဆွဲကြိုး၊ ရွှေဟန်းချိန်းနဲ့
ရွှေလက်စွပ်တစ်ကွင်း ပါပါတယ်ရှင့်။ ဟုတ်ကဲ့"
"မဲက
ဘယ်သူ လာနှိုက်တာလဲ အစ်မ။ စာတိုက်ကနေ ရွှေငွေ ရတနာပစ္စည်းတွေ ပို့ဆောင်ခွင့်၊ လက်ခံပိုင်ခွင့်မှ
မရှိတာ"
"ဟုတ်ကဲ့
သိပါတယ်ရှင့်။ အဲဒါကြောင့် ဖန်စီဆွဲကြိုးလို့ ရေးပေးထားတာပါရှင့်။ အထဲက ရွှေပါရှင့်။
မြန်မာရွှေတော့ မဟုတ်ဘူး။ နိုင်ငံခြားက ရွှေပါ။ ကြိုက်တဲ့ ရွှေဆိုင်မှာ စစ်ဆေးနိုင်ပါတယ်ရှင့်။
မဲက ဖုန်းကုမ္ပဏီနဲ့ ကျွန်မတို့ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဖောက်ပေးတာပါရှင့် "
"ကံကောင်းတဲ့သူတွေ
အရမ်းများတယ်နော် စာတိုက်ထဲမှာ အစ်မတို့ဆီက ဟာတွေ တအားပဲ။ နောက်ပြီး အရင်လက ကျွန်တော့်ညီတစ်ယောက်
Kenbo တစ်စီးပေါက်တာ တစ်ပြားမှ မပေးရပါဘူးဗျာ။ အစ်မတို့မှာကျ ပိုက်ဆံ(၇၅၀၀၀) တောင်
ပေးရတယ်ဆိုတော့ နားမလည်လို့ပါ"
"ဪ....
အစ်ကို ။ မဲက အစ်ကိုတို့ပဲ ပေါက်ရမယ်လို့ ကျွန်မတို့ မပြောဘူးလေ။ ပိုက်ဆံတောင်းရတာက
ဦးထွန်းဇံကို ဖုန်းဆက်ကတည်းက ကုန်ကျစရိတ်နဲ့တကွ တွက်ပြထားပါတယ်ရှင့် ဟုတ်"
"ဒီမှာ
အစ်မ။ ခင်ဗျားပစ္စည်းကို အလှကုန်ဆိုင်မှာ သွားဝယ်ရင် ငါးထောင်လောက်ပဲ ပေးရလိမ့်မယ်
။ ဈေးရောင်းချင် ရိုးရိုးရောင်းပါ။ လူကြီးမင်းက ကံထူးရှင်ပါတို့ ဘာတို့ ညာတို့နဲ့ ရိုးသားတဲ့
တောသူတောင်သားတွေကို မလိမ်ပါနဲ့။ ဒီကိစ္စကို ကျွန်တော် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဆီ
အခု သွားပြီးတင်ပြမယ်"
"ကြိုက်တဲ့ဆီ
တိုင်လေ ကျွန်မတို့က ဂရုမစိုက်ဘူး။ ရှင်က ဘာကြောင့် ကျွန်မတို့ ပစ္စည်းကို ဘာလို့ ငါးထောင်လောက်ပဲ
တန်တယ်လို့ ပြောရတာလဲ"
"မင်းတို့ပစ္စည်း
ဘယ်လောက်တန်လဲ။ မင်းတို့သိချင်ရင် မင်းတို့ဆီက ၀န်းထမ်းတွေကို လွှတ်လိုက်။ ဘယ်လိုလဲ
လာမှာလား"
တစ်ဖက်မှ
ဖုန်းချသွားခဲ့သည်။ ဦးထွန်းဇံသည် ဒေါသတကြီးဖြစ်နေသည့် မိုးဦးကို ကြည့်ရင်း ပျာပျာသလဲ
ဖြစ်နေသည်။
"ကိုထွန်းဇံ
လာဗျ ။ ပြန်မယ်"
မိုးဦးသည်
စာတိုက်ရုံးထဲမှ ဆောင့်ဆောင့်အောင့်အောင့် ထွက်သွား၏။ ဦးထွန်းဇံက အနောက်မှ လိုက်ရသော်လည်း
အထုပ်ကလေးကို သံယောဇဉ်မပြတ်။ အခါခါ ပြန်ပြန် လှည့်ကြည့်နေ၏။
"ခင်ဗျား
အလိမ်ခံရတာ ကိုထွန်းဇံရ။ ကံကောင်းလို့ပေါ့ဗျ"
ဆိုင်ကယ်ထက်သို့
ဦးထွန်းဇံ ရောက်သည်နှင့် မိုးဦးသည် ရင်လှိုက်သံနှင့် ဆိုရင်း အပြန်ခရီးကို စတင်လေသည်။
ဦးထွန်းဇံသည် မည်သည့်စကားမှ မဆိုနိုင်။ ဇနီးဖြစ်သူ ထည့်ပေးလိုက်သည့် ငွေခုနှစ်သောင်းခွဲ
ပါသည့် အထုပ်ကို ရှိသမျှအားနှင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း တစ်နေ့က ဝင်လာခဲ့သည့်
ဖုန်းတစ်လုံးဆီ အတွေးရောက်နေ၏။ လွန်ခဲ့သော သောကြာနေ့က ဦးထွန်းဇံဆီသို့ ဖုန်းတစ်လုံး
ဝင်လာခဲ့သည်။ တစ်ဖက်က ဖုန်းပြောသူမှာ မိန်းကလေး ဖြစ်သည်။ မိန်းကလေးက ဦးထွန်းဇံ ကိုင်ထားသော
ဖုန်းနံပါတ်သည် ရွှေဆွဲကြိုး ရွှေလက်စွပ်နှင့် ရွှေဟန်းချိန်း ကံစမ်းမဲပေါက်သည် ဆို၏။
ကံစမ်းမဲ ပေါက်သည်များကို စာတိုက်မှ တစ်ဆင့် ပို့ပေးမည်။ ပစ္စည်းများအတွက် ကုန်ကျစရိတ်
ခုနှစ်သောင်းခွဲကို စာတိုက်တွင် ပေးသွင်းပြီး ပစ္စည်းများကို ထုတ်ယူနိုင်ပါကြောင်း
ဆိုသည်။ ထို့အပြင် ကံစမ်းမဲကာလ မကုန်မီ အမြန်သွားထုတ်ပါဟု စေတနာစကား ဆိုရင်း အမည်နှင့်
လိပ်စာများပင် မေးသွားခဲ့သေးသည်။
ရွှေလက်စွပ်။
ရွှေဆွဲကြိုး။ ရွှေဟန်းချိန်း။ ဦးထွန်းဇံ နေမကျထိုင်မကျ ဝမ်းသာခဲ့ရသည်။ သာမန်လက်လုပ်လက်စား
သူတို့ မိသားစုအတွက် ဤကံစမ်းမဲသည့် အတိမင်္ဂလာ။
ထိုကြောင့်
ဤမင်္ဂလာသတင်းကိုလည်း ချစ်ဇနီးအား ပထမဆုံး အသိပေးခဲ့သည်။ ဇနီးအတွက်၊ သားအတွက်၊ သမီးအတွက်၊
နောင်ရေးအတွက်။ ဤအတွက် အတွက်ပေါင်းများစွာကို တွေး၍ ကြည်နူးခဲ့ရသည်။ ဤကြည်နူးမှုများသည်
ယခု၌မူ ဗလာသက်သက်။
အိမ်ရောက်လျှင်
ဝမ်းသာအားရ မျှော်နေရှာမည် ဇနီးနှင့် သားသမီးများအတွက် ပြောရမည့် စကားလုံးများကို ဦးထွန်းဇံ
စဉ်းစား၍ မရ။
ဇနီးသည်
ထုပ်ပေးလိုက်သည့် မပျက်မယွင်း ရှိနေသေးသည့် ငွေထုပ်ကလေးကို အားစိုက်၍ ဦးထွန်းဇံ ဆုပ်ထားလိုက်သည်။
အပျော်ပေါင်းခြံရံလျက် မျှော်နေရှာတော့မည့် ဇနီးနှင့် သားသမီးများ၏ မျက်နှာသည် မျက်၀န်းထဲတွင်
တရွေ့ရွေ့ ပေါ်လာနေသည်။ သူတို့အတွက် နှစ်သိမ့်ပေးရမည့် စကားလုံးများကို ဦးထွန်းဇံ မတွေးတတ်။
သို့သော် ဖျစ်ညှစ်ကာ ကြိုးစား တွေးတောနေရသည်။
၄။
"ကိုထွန်းဇံ
ခင်ဗျားဖုန်း မြည်နေတာလေ"
အတွေးလွန်နေသောကြောင့်
မိုးဦး လှမ်းပြောသော်မှ ဖုန်းလာနေသည်ကို ဦးထွန်းဇံသိ၏။ ဖုန်းကို အိတ်ထဲက ထုတ်ယူချိန်တွင်
မိုးဦးသည် ဆိုင်ကယ်ကို လမ်းနံဘေးရှိ သစ်ပင်စုတစ်စု အောက်မှာ အရိပ်ခိုကာ ရပ်ပေးလိုက်သည်။
ဦးထွန်းဇံသည်
ဖုန်းကို စပီကာဖွင့်၍ ကိုင်လိုက်၏။
"ဦးထွန်းဇံရှင့်။
မဲပေါက်တဲ့ ရွှေဆွဲကြိုး၊ ရွှေဟန်းချိန်း၊ ရွှေလက်စွပ်တွေ စာတိုက်ကို ရောက်နေပါပြီတဲ့ရှင့်။
သွားထုတ်လိုက်ပါဦးရှင့်။ မဲပေါက်ပြီး မရဘဲ နေမှာစိုးလို့ စေတနာနဲ့ ပြန်ဆက်ပေးတာပါရှင့်
"
ကြားလိုက်ရသော
စကားလုံးများကြောင့် မိုးဦးသည် တံတွေးကို ထွီခနဲမြည်အောင် ထွေးပစ်လိုက်သည်။ အခြေအနေကို
သဘောပေါက်လိုက်သော ဦးထွန်းဇံသည် ဖုန်းကို ချက်ချင်းချပစ်လိုက်သည်။
"တောက်"
မကျေမနပ်
တောက်ခေါက်သံနှင့်အတူ မိုးဦးသည် အရိပ်ခိုနေသော အပင်စုထဲက အပင်တစ်ပင်၏ ပင်စည်ကို လက်ဝါးဖြင့်
ခပ်ကြမ်းကြမ်း တစ်ချက် ရိုက်လိုက်သည်။ သစ်ကိုင်းခြောက်တစ်ခက် ချက်ချင်း ကျလာ၏။ ကိုင်းကျရာ
သစ်ပင်ကို မိုးဦး မော့ကြည့်လိုက်သည်။ အပင်၏ အကိုင်းတချို့တွင် အားပါးတရ အမြစ်တွယ်ကာ
လှလှပပဖြန့်ကား ထွက်နေသော သစ်ပင်လေးများ တွေ့လိုက်ရသည်။ ခြံထဲရှိ သရက်ပင်များပေါ်တွင်ရှိခဲ့ဖူးသည့်
အပင်လေးများ။
"အဲဒီ
အပင်တွေကို သစ်ကပ်ပင်လို့ ခေါ်တယ် ငမိုး။ အပင်ကြီးတွေရဲ့ အကိုင်းတွေမှာပဲ ကပ်ခိုပြီးပေါက်တယ်။
ဒါ့အပြင် သူတို့တွေကို ထမ်းတင်ပေးထားတဲ့ ကျေးဇူးကိုမှ မထောက် သူကပ်နေတဲ့ ပင်မအပင်ရဲ့
အစာအာဟာရမှန်သမျှကို အကုန်စုပ်ယူပြီး သူတို့ချည်း ကြီးထွားပစ်ကြတာ။ လက်ခံပင်ဖြစ်တဲ့
ပင်မအပင်ကျတော့ သေချင်သေပေါ့။ ကျေးဇူးကန်းတဲ့ အပင်တွေပါအေ။ အမျိုးယုတ်အပင်။ အပင်ချင်း
အပင်တောင် သစ္စာဖောက်တာ။ အကုန်ရှင်းစမ်း ငမိုး"
အစ်မကြီး၏
စကာသံများက မိုးဦး၏ နားစည်တွင် လာရောက် ခုန်ကကြသည်။ သရက်ပင်ကြီးကို သစ္စာဖောက်သည့်
အပင်ယုတ် သစ်ကပ်ပင်များကို အစ်မကြီးပေးသော ဓားတစ်စင်း၊ အစ်မကြီးပေးသော အားပေးသံတစ်ခင်းနှင့်အတူ
မိုးဦး အမြစ်ထုတ် ပေးလိုက်နိုင်သည်။ သို့သော် ကိုထွန်းဇံတို့ မိသားစုနှင့်အတူ တိုင်းပြည်အတွင်းရှိ
ပြည်သူ မိသားစုတချို့၏စိတ်ကို လှည့်စားကာ ယုံကြည်မှုရောင်းစားကြသော စိတ်လှည့်သည်များကိုမူ
မိုးဦး ဘာမျှ မလုပ်နိုင်။ သည်အမှုအတွက် မိုးဦးတွင် မည်သို့သော အာဏာပါဝါ လုပ်ပိုင်ခွင့်မျိုးမှမရှိ။
Brian
Rain (ဘရိုင်ယံရိန်း)
ဖြစ်ရပ်မှန်
ဇာတ်လမ်းဖြစ်ပြီး ၄င်းဖြစ်ရပ်တွင် ပါဝင်ခဲ့သူတစ်ဦးထံမှ ခွင့်ပြုချက် တောင်းခံပြီး ဇာတ်အိမ်ဖွဲ့
ရေးသားထားခြင်းဖြစ်သည်။
Shwe Athit Digital Page မှ ကူးယူဖော်ပြပါသည်။


Comments
Post a Comment