ပျိုလေးခင် ဘဝင်ခိုက် ကြိုက်ခဲ့ပါလျှင် @ နွေဦးနေ

 


ဝါဆိုလထဲရောက်တော့ အညာမှာ မိုးဦးနှမ်းတွေ စ,နုတ်လာကြတယ်။ ရွာအပြင်က ရှုလေရာရာ နှမ်းခင်းတွေထဲမှာ နှမ်းပင်တွေက မိုးဦးကောင်းကောင်း မိခဲ့တာမို့ အသီးအနှံ ပြည့်ဖောင်း တင်းမာပြီး ဝါဝါကို ထိန်လို့။

ဒီနေ့ မိကျော့တို့ နှမ်းနုတ်သွားရမှာက ဒွေးပုတို့ တောင်မြင့်ကုန်း ယာခင်းတွေဆီ။ ရွာ့တောင်ဘက် တစ်တိုင်လောက် လှမ်းတာမို့ အိမ်က စောထွက်ခဲ့ကြတယ်။ တုံးမောင်းခေါက်တော့ ဆွမ်းချက်ထ။ ဆွမ်းတော်အတွက် ဦးခပ်ပြီး ခရမ်းချဉ်သီးထောင်း၊ ငါးပိဖုတ်လေးနဲ့ မနက်စာ ပြီးခဲ့တယ်။ ရွာဦးထိပ်က စိန်ပန်းပင်အောက်မှာ သုတ်(အဖွဲ့)စုနေကျလေ။ စုရပ်ကနေ ခြေလမ်းအတိုင်း သွားကြမှာကိုး။

သောက်ရေအိုးနဲ့ အဆာပြေစားစရာ လက်ဖက်သုပ်တို့၊ ထန်းလျက်တို့တော့ သူရင်းငှား သာခင်က လှည်းပေါ် တင်သွားပြီ။ စုရပ်ကို မိကျော့ ရောက်သွားတော့ သနပ်ခါးပါးကွက်ကြား ကိုယ်စီ၊ ဖျင်အင်္ကျီ၊ ဖျင်ထဘီကြမ်းကိုယ်စီနဲ့ သူ့လူ တစ်ကျိပ်နှစ်ယောက် စုံပါပေါ့။ ခေါင်းတွေပေါ်မှာ ဝါးခမောက် အစုတ်အဟောင်းတွေကို ဆောင်းလို့။ ဖျင်တဘတ်ပေါင်းသူ ပေါင်းလို့။ ခြေမှာကတော့ ကားတာယာ ဖိနပ်ကိုယ်စီနဲ့။

ယာခင်းရှင်တွေက နှစ်တိုင်းလို အစိုက်ရော အနုတ်ပါ မိကျော့တို့အဖွဲ့နဲ့ ကင်းတယ်မရှိဘူး။ ဒါ့ကြောင့် ဘယ်တောဘယ်တောင် ဘယ်သူ့အကွက်ရှိတယ်ဆိုတာ မိကျော့တို့အဖို့ ရှစ်စပ်ကလယ် ဆိုတာမျိုး။

"ဟဲ့ ကောင်မတွေ ခြေလှမ်း သွက်ကြစမ်းပါအေ။ နှေးထားတာ။ ဒါ့ကြောင့် ညည်းတို့လင်မရတာ"

မိကျော့က ပြောလဲပြော၊ ကိုယ်တိုင်လည်း သွက်သွက်ကလေး ဦးဆောင် လှမ်းပြလိုက်တယ်။

"အမယ်လေး ဖြည်းဖြည်းလုပ်ပါ မရွှေကျော့ရယ်။ ခြေတိုချင်း သဲက ဖုံးချင်သေး။ ဟောဒီ ညောင်ကုန်းတစ်ရွာလုံး ငါတို့သုတ်အဖွဲ့ကို ကျောတဲ့ တခြားသုတ်အဖွဲ့ မရှိသေးပါဘူးအေ။ ညည်းက သုတ်သူကြီးမမို့ လောဆော်နေတာမှန်း သိပါရဲ့။ ငါတို့လည်း နှမ်းနုတ်ရတာ တစ်ပတ်လောက်ရှိတော့ လူက အိမ်တိုင်လို တောင့်နေပြီဟေ့။ မနက် မနက်များ အမေအော်နှိုးလို့သာ လေးဘက်ကုန်းထ။ ဆွမ်းထချက်နိုင်တာရယ်။ ဟိုကောင်မ ထွေးတင်လို နင်းနှိပ်ပေးမယ့် လင်သားရှိတာ မဟုတ်ဘူးအေ့"

မမိလုံးရဲ့စကားကို ရှေ့ကနေ ခပ်သုတ်သုတ် လျှောက်နေတဲ့ မထွေးတင်ကြီးက အပြောမခံ။ ပြန်ပက်တယ်။

"ကောင်မတွေ သူများဆွဲမထည့်နဲ့။ ညည်းတို့ဘာသာ လင်စံရွေးနေတာများ"

မထွေးတင်စကားအဆုံး တစ်ဆယ့်နှစ်ယောက်ရှိတဲ့ သူတို့သုတ်အဖွဲ့ အုန်းခနဲ ရယ်လိုက်ကြပါရော။

ရှေ့ရေရိုးကို အကျော်မှာတော့ ဒွေးပုတို့ နှမ်းခင်းဝါဝါ တပြန့် တပြောတွေက လေယူရာယိမ်းကသလို ယိမ်းနွဲ့ရင်း သူတို့ နှမ်းနုတ်အငှားသုတ်အဖွဲ့ကို ကြိုနေတယ်။

 

 

မိုးလင်း ရောက်စကတည်းက မိကျော့တို့အဖွဲ့ နှမ်းခင်းကို ငန်းခွဲပြီးနုတ်ကြတယ်။

"ပဲစင်းငုံ နှစ်တန်းကြား တစ်ငန်းစီကို နှစ်ယောက် နုတ်ကြမယ်။ ကိုင်း... နေမပူခင် အားစိုက်ကြ ယောက်မတို့ရေ"

သုတ်(အဖွဲ့)သူကြီး မိကျော့က အလုပ်စဉ်ပြီး လောဆော်တော့ သူတို့ နှမ်းနုတ်သမတွေ ခါးကုန်းပြီး နှမ်းနုတ်ကြတယ်။ ရွာသင်္ကြန်တုန်းက ယိမ်းကကြသလို ဟန်ချက်ညီညီနဲ့ သူတို့ တကုပ်ကုပ် နုတ်ကြတယ်။ သီးချင်းဆိုသူဆို။ ရပ်ကြောင်းရွာကြောင်း ပြောသူပြောလို့။ ပါးစပ်လှုပ်သလို လက်ကလည်း တရစပ် နုတ်ကြတယ်။ ဆတ်ခနဲ ဆွဲအနုတ် မြေကြီးတွေက ဖွာခနဲ ပါလာတယ်။ မြေကြီးတွေခါကာ တစ်ဆုပ်ချင်း နုတ်ပြီးသမျှ နှမ်းဖတ်တွေ စုပုံလိုက်ကြတယ်။

"ဟဲ့ မိကျော့ ညည်းက ဒီလိုပဲ အရိုးထုတ်တော့မလား"

မထွေးတင်က တစ်ငန်းကျော်ကနေ မိကျော့ကို စကားလှမ်းစတယ်။ ကျန်သူတွေကလည်း သူတို့ခေါင်းဆောင် မိကျော့ ဘာပြန်ပြောမလဲ နားစွံလို့။ ခါတိုင်းလိုသာဆို မိကျော့က ဆဲမိမှာ။

ခုတော့ သူ မဆဲမိ။ သူ့အဖွဲ့သားတွေက စကား တပြောပြောနဲ့ အလုပ်လည်း တွန်းလုပ်နေကြတာကိုး။

"ညည်းတို့လည်း သိသားအေ။ ငါနဲ့ သူကြီးသား ကိုမင်းမောင်တို့က ဟိုစကားလို ဖြစ်နေတာရယ်။ ဘာတဲ့ ပြည်ပန်းညို ချိုပါလျက် ဆားဖျက် ဆိုတာလေ။ တို့နှစ်ကိုယ် အဆင်ပြေချင်ပေမဲ့ သူ့တို့ အသိုင်းအဝိုင်းက ငါ့ ဘယ်လူမှတ်မလဲအေ။ သူတို့သားက ဘွဲ့ရ၊ ပညာတတ်၊ ဆီစက်ပိုင်ရှင်သားကိုး။ သူတို့သားကို မြို့ကြီးသူ ခင်ခင်လတ်တွေနဲ့မှ သဘောတူ ကြည်ဖြူမှာပေါ့အေ။ အင်း ခုတော့ ငါတို့ ဇာတ်လမ်းက ပြီးသွားပြီပေါ့အေ"

မိကျော့စကားကြားတော့ မထွေးတင် ပြန်ပြောစရာ စကားစရှာမရသလို ဖြစ်သွားတယ်။ ဇာတ်ထဲက မင်းသမီးအဖော်တွေလို အားပေးရမလားသူ တွေးတယ်။ မဟုတ်သေးပါဘူး။ သူ့ သူငယ်ချင်းမက မိဘကို လုပ်ကျွေးနေတဲ့ သူတော်ကောင်းမရယ်။ ယာအလုပ်ဖြစ်တာလည်း နာမည်နဲ့။

ပြီးတော့ ညိုချောချောသူရယ်။ ဆင်းရဲတာ ရှက်စရာလို့ သူမထင်။ အင်းလေ... တစ်ခုပဲ။ ပညာက ဘုန်းကြီးကျောင်းထွက်မို့ သေစာရှင်စာသာသာ တတ်သူကိုး။ ဂုဏ်မရှိ၊ ငွေမရှိကိုး။ ကိုယ့်လူဘက်က မခံချင်စိတ်နဲ့ မထွေးတင်က တွေးပြောပြောမိတယ်။

"ညည်းက သူဌေးဂုဏ် မက်နေသလား။ ညည်း မြင်မမြင်တော့ မသိဘူး။ ငါတို့ တစ်ရွာလုံးသိတယ်။ သာခင်ရယ်လေ ညည်းကိုကြိုက်တာ တစ်ပိုင်းသေလို့ပါရောအေ"

"ဟဲ့... တစ်ပိုင်းသေမှတော့ ငါက ဘယ်နေရာ သွားသုံးရမတုံးဟေ့"

မိကျော့က စကားဖောက်တော့ မထွေးတင်က "မသာမ"ချင်းမွှန်အောင် ဆဲလိုက်တယ်။ ပြီးမှ စကားအတည်ဆိုတယ်။

"တကယ်ပါ မိကျော့ရယ်။ ငါတို့က ရွှေထီးရိပ်မှာ ခိုရဖို့ထက် ကိုယ်နဲ့ ဆိုးတူကောင်းဖက် လုပ်စားကိုင်စား အားကိုးရသူနဲ့ ဆုံရင် နေပျော်ပါတယ်အေ။ ညည်း အတွေးမများနဲ့။ သာခင်ကို လက်ခံလိုက်ပါအေ"

ဒီတစ်ခါ ဆဲသူက မိကျော့။

"ညည်းကို သာခင်က ဘယ်တုန်းကများ လာဘ်ထိုးထားတာပါလိမ့်"

"ဟဲဟဲ... ရွာက ငါးရက်ဈေးနေ့တိုင်း ငါ့ကို မုန့်ဟင်းခါး ဝယ်ကျွေးနေကျလေ သာခင်ကတော်ရဲ့"

မထွေးခင် စကားအဆုံး သူတို့ တစ်ဖွဲ့လုံး ပွဲကျသွားပြန်တယ်။

မိကျော့ သာခင်ရှိရာဘက်ဆီ တစ်ချက် လှည့်ကြည့်မိတယ်။ သာခင်က ဝါးခမောက်လုံး တစ်ခုကို ဆောင်းထားတယ်။ ခါတိုင်းလိုပဲ စွပ်ကျယ်ချိုင်းပြတ်နဲ့ ဖျင်ပုဆိုးက သူ့ဝတ်လဲတော်။ နောက်ကျောနဲ့ ပခုံးလုံအောင် ပုဆိုးကြမ်းတစ်ထည် သိုင်းထားသေးရဲ့။ လူပုံပန်းက အသားညိုညို။ ရင်အုပ်အကျယ်သားနဲ့ တောင့်တင်းခိုင်မာသူ။ လက်မောင်း ကြွက်သားတွေက အဖုအထစ်တွေ ထလို့။ ဇာတ်မင်းသားတွေလို မချောပေမဲ့ အကျည်းမတန်။ ပြုံးစစနဲ့ သဘောမနော ကောင်းလှသူ။

ရပ်ရေးရွာရေးလည်း မခိုမကပ်တတ်သူ။ သာခင်က အဲဒီလိုလူလို့ မိကျော့ တွေးမိပြန်တော့ အားကိုးချင်စိတ်တွေ ဖြစ်လာတယ်။

သာခင်က သူတို့အဖွဲ့ နုတ်ပုံခဲ့တဲ့ နှမ်းပုံငယ်တွေကို လိုက်စုပြီး လှည်းပေါ်တင်နေတယ်။

တွံတေးသိန်းတန် သီချင်းတွေကိုလဲ မပြတ်တမ်းဆိုလို့။ သူဆိုနေတာ ဘာသီချင်းပါလိမ့်လို့ မိကျော့ နားစိုက်ကြည့်တယ်။ "ပန်းနွယ်က စိမ်း" တဲ့။ သာခင်တစ်ယောက်တည်း အောက်ကနေ နှမ်းဖတ်တွေ လှည်းပေါ်ကိုတင်လို့ မမီတော့ရင်တော့ မိကျော့က လှည်းပေါ်တက်ရတယ်။ သာခင်က အောက်ကနေ နှမ်းဖတ်တွေ လှမ်းတင်ပေးတယ်။ မိကျော့က သူတင်ပေးသမျှ နှမ်းဖတ်တွေ ပြန်စီထပ်ပေးရတယ်။ ဒီလိုနဲ့ နှမ်းဖတ်လှည်းကြီး ပေါင်းလန်တင်ပြီးရင် သာခင်က ရွာပြန်ပို့တယ်။

"မိကျော့ရယ် ငါတို့ ငယ်ပေါင်းကြီးဖော်တွေပဲ။ ငါ အလုပ်လည်း ကြိုးစား လုပ်ပါ့မယ်။ ငါ နင့်ကို သံယောဇဉ် ရှိတယ်ဟ။ ဒီဝါကျွတ်ရင် လူကြီးစုံရာနဲ့ ငါ လာတောင်းပါရစေ"

"သာခင်နော် ငါ့တွေ့တိုင်း တဂျီဂျီနဲ့ပါရော"

မိကျော့ ဟန်လုပ်ပြီး မျက်နှာထား တည်တည်နဲ့ စကားဆိုလိုက်တော့ သာခင့်မျက်နှာ ချက်ချင်းပဲ ညှိုးသွားတယ်။ အရယ်အပြုံး မရှိတော့ဘဲ ပြိုတော့မယ့် မိုးကြီးလိုပဲ။ ဒီလိုကျတော့လည်း သာခင့်ကို မိကျော့ သနားမိပြန်ရော။

"ငါ စဉ်းစားပါရစေဦး သာခင်ရယ်"

"အေး... စဉ်းစားရမှာပေါ့ဟ။ စဉ်းစားနော် မိကျော့။ ခုလို ပြောတာတောင် ငါ့မှာ ထီပေါက်သလိုပဲ"

မိကျော့ ခေါင်းပြန်ညိတ်ပြတော့ သာခင်က သီချင်းတစ်ပုဒ်ထဟစ်တယ်။

"မောင့်မိဘဆွေမျိုးတွေက ဝိုင်းပြီးချစ်မှာ အမှန်မလွဲ.. " တဲ့။

နေတောင် ထန်းတစ်ဖျား ကျော်ခဲ့ပေါ့။ နဖူးကနေ စီးကျလာတဲ့ ချွေးတွေကြောင့် သနပ်ခါးတွေလည်း ပျက်ကြပေါ့။ နေလောင်ဒဏ်ကြောင့် ညိုနေတဲ့ အသားအရေကို ဖျင်အင်္ကျီ၊ ဖျင်ထဘီက လုံအောင်မကာနိုင်ဘူး။ ဒါပေမဲ့ လေပြည်တစ်ချက်အဝှေ့မှာတော့ ချွေးကလေးတစိုစိုနဲ့ အပူအမောတွေ တစ်ဒင်္ဂသက်သာသွားကြတယ်။ သာခင်တောင် နှမ်းဖတ်လှည်း အိမ်ပြန်ပို့တာ သုံးခေါက်မြောက်ရှိပေါ့။

ထမင်းဆာကြပြီ။ ခေါင်းလောင်းထိုး (နံနက် ၁၁ နာရီ) လောက်ရှိရော့မယ်။ နေမွန်းမတည့်ခင်မှာဘဲ သာခင့်လှည်း ပြန်လာတယ်။ လှည်းပေါ်မှာ ဒွေးပုပါလာတယ်။

သူတို့ နှမ်းနုတ်သမတွေအတွက် နေ့လယ်စာ ထမင်းဟင်းတွေ ထုပ်ပိုးထည့်ထားတဲ့ ထန်းလျှော်တောင်းကြီးကည်း အခန့်သား။

"ဆာကြပြီလား ကောင်မတွေ... ထမင်းစား နားကြတော့အေ။ လာ.. လာ ဒီဖျောက်ဆိပ်ပင်ရိပ် ကန်သင်းခုံပေါ် ဝိုင်းဖွဲ့ကြ။ သာခင်ကို ငါ အိမ်မှာ ကျွေးခဲ့ပြီ။ ညည်းတို့ပဲ စားကြ”

ဒွေးပုအသံကြားတော့မှ မိကျော့တို့ ခါးဆန့်ပြီး နားရတော့တယ်။ ဒွေးပုက သူတကာ အခင်းရှင်တွေလို မဟုတ်။ သဘောပြည့်ဝသူ။ အလုပ်သမားရယ်လို့မမှတ်၊ အိမ်သူအိမ်သားလို ဖွယ်ဖွယ်ရာရာ ကျွေးသူ။ ခုလည်းကြည့်။ ကြက်သားနဲ့ မျှစ်ချဉ်ချက်။ ငရုတ်သီးအတောင့်လိုက်ကြော်နဲ့ ပဲပုပ်ထောင်း။ ကုလားပဲနှပ်။ အသားမစားသူအတွက် ငါးပိကောင်နဲ့ မြေပဲဆံကျော်။ လက်ဖက်နဲ့ အကြော်သုပ်။

ဟင်းနံ့တွေရတော့ မိကျော့တို့ ပိုပြီး ဗိုက်ဆာလာကြတယ်။ ဒွေးပုက ဟင်းထမင်းတွေကို ဦးတော်ကောက်ပြီး နတ်တင်တယ်။ ပြီးတော့မှ မိကျော့တို့အဖွဲ့ကို သူကိုယ်တိုင် ခူးခပ်ကျွေးတယ်။ မိကျော့တို့အဖွဲ့ ခေါင်းမဖော်တမ်း လွေးကြပုံက ဝေသာလီ ဘီလူးကျသလိုပဲ။

"ဪ... မိကျော့ရေ ညနေနားချိန် စားဖို့ မုန့်ကြက်ဥတွေ ဒန်အိုးထဲမှာနော်။ မမေ့ကြနဲ့ဦး။ ငါက ခဏနေ ပြန်နှင့်မယ်"

"စိတ်ချ ဒွေးပုရေ။ အအိပ်နဲ့အစား အငှားလိုက်အဖွဲ့တွေဟာကို"

ဒွေးပုက ပြန်ခါနီး မှာနေသေးတယ်။

"ငါ့အခင်းတွေ မပြီးမချင်း ညည်းတို့တွေ သူများဟာ မကူးရဘူးနော်။ အေးနော်... နောက်ရက် ညည်းတို့သုတ် လူမစုံရင်တော့ ငါ့ယောက်ျား ကိုရင်ညိုက ညည်းတို့ အပြစ်မတင်ဘူးတော်။ ကျုပ် ဆူမှာရယ်။ ငါ အကျွေးအမွေး ညံ့သလေး ဘာလေး ရန်လုပ်နေတော့မှာ"

"စိတ်ချပါ ဒွေးပုရယ်။ နောက်သုံးရက်ဆို ဒွေးပု အခင်းတွေ အကုန် ကျွတ်ပါ့တော်။ မပူစမ်းပါနဲ့"

မိကျော့တို့ ကတိပြုတော့ ဒွေးပုက ပြုံးပြုံးကြီး။

"အေးပါအေ" တစ်ခွန်းသာ ဆိုတယ်။

 

 

သာခင် ပြန်ပို့သမျှ နှမ်းဖတ်လှည်းတွေကို ဘလေးညိုက အိမ်ရှေ့တလင်းမှာ နေရာချကူတယ်။ တလင်းကလည်း ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက မြေနီခင်းထားတော့ ညီလို့။ မာလို့။

"နှမ်းနုတ်ချိန် မိုးလင်းတော့ တော်ပါသေး ဘလေးညို။ နို့မဟုတ်ရင် နှမ်းပင်က မိုးမိလို့တော့ ချွဲပါဘိသနဲ့။ နုတ်ရ၊ သယ်ရ ခရီးမတွင်ဘူး"

"အေးလေကွာ.. ရွာရင်တော့ နှမ်းပုံပျက်ပေါ့။ ထန်းရွက်တွေ ကြိုခုတ်ထား စုထားတာပဲ အုပ်ရုံ၊ ကာရုံပေါ့။ မိုးအောက်နေ မိုးကြောက်မှ မရတာကိုး သာခင်ရ။ အရေးကြီးတာက နှမ်းပုံ အပုပ်ခံပြီး နှမ်းဖြန့်ရက် မိုးမရွာဖို့ လိုတာပဲ။ တို့ဘက်ဓလေ့က နှမ်းထောင်းဖို့ပဲ အနည်းအကျဉ်း နှမ်းစည်းထောင်တာကိုး။ ကျန်တာ အပုံလိုက်ထားတာလေ"

"ဟုတ်ပါ့ ဘလေးညိုရေ။ နှမ်းမသိမ်းခင် ပြင်ထား၊ ဆင်ထားတော့ နေရာကိုကျလို့"

သာခင့်စကားဆုံးတော့ ဘလေးညိုက ပြုံးရင်း စကားဆိုပြန်တယ်။

"အေး နေရာမကျသေးတာက မင်းပဲမောင်။ ပဉ္စင်းဝတ်အရွယ်ကျော်လာပြီ။ မိန်းမယူ တစ်အိုးတစ်အိမ် ထူတော့လေကွာ။ မင်းမိန်းမယူပြီးရင် ယာတစ်လယ်၊ နွားတစ်ရှဉ်း လက်ဖွဲ့ဖို့ ငါတို့လင်မယားက အသင့်ပဲမောင်။ မင်းအမေ မုဆိုးမ မိညှက်လည်း ငါတို့ပြောထားပြီးတာ ကြာပေါ့။ မင်းရိုးသားကြိုးစားတော့ ငါတို့က တူသားလို မှတ်တယ်။ ငါတို့ သားသမီးတွေလည်း သူ့အိမ်ထောင်နဲ့သူ အပြည့်အစုံ။ ပူစရာမှမရှိဘဲကိုး"

ဘလေးညိုရဲ့ တိုက်တွန်း အားပေးစကားတွေကို တွေးရင်း ယာတောဘက်ဆီ လှည်းပြန်မောင်းလာတဲ့ သာခင်မှာ အူမြူးလို့နေတယ်။

မှိုရတဲ့ မျက်နှာနဲ့ သီချင်းတွေ အော်ဆိုနေရဲ့။ နှမ်းတောင်သူတို့အဖို့ ခုလို ရိတ်သိမ်းချိန်က အပင်ပန်းဆုံး။ ဒါပေမဲ့ ကိုယ် လုပ်အားစိုက်ထားသမျှ ကိုယ်ပြန်မြင်ရတဲ့ကာလမို့ မောပေမဲ့ ပျော်ကြရတဲ့အချိန်။ နှမ်းပေါ်ချိန် ငွေရွှင်ချိန် မဟုတ်လား။

 

 

နေလုံးနီနီ ညနေစောင်းခဲ့ပေါ့။ တစ်နေကုန် ဇယ်ဆက်သလို လုပ်ခဲ့ရတာမို့ သူတို့ နှမ်းနုတ်သမတွေ ခြေကုန်လက်ပန်းကျပေမဲ့ အိမ်အပြန်လမ်းမှာ တေးဆိုမပျက် သွက်သွက်ပါပဲ။ လမ်းဘေး ယာခရိုးတန်းက ကျီးယာရွက်၊ ဂုဏ်ရွက်၊ နွားလျှာကြီးရွက်၊ ညောင်ချဉ်ဖူး၊ ကြောင်လျှာရွက် ဆိုသလို တွေ့သမျှ ဟင်းရွက်တွေ သောင်းပြောင်းခူးကြ၊ ကင်းပုံသီးတွေ ဆွတ်ကြရတာက ပျော်စရာ။ စိုက်ခင်းယာခင်းတွေထဲကလည်း တစ်နပ်စာ၊ တစ်ခွက်စာအတွက် ဝင်ခူးလိုက ခူးရုံသာ။

ဘယ်တောင်သူမှ အနှမြော မရှိဘူး။ ဒီနေ့အဖို့ အိမ်အပြန်မှာ မိကျော့ ဟင်းရွက်တွေ မခူးဖြစ်တော့ဘူး။ သူ့ဆံကေသာကြားက သနပ်ခါးရောင် ဂုဏ်ပန်းရနံ့လေး သင်းလာတော့ သာခင့်ကို သတိရသွားတယ်။

" မိကျော့... နင် အိမ်အပြန်ကျရင် ဟင်းရွက်တွေ ခူးမနေနဲ့ဦး။ ငါ ခွေးပု ခွင့်တောင်းပြီး ချဉ်ပေါင်နီ လက်ချားရွက်တွေ အပင်လိုက် ရိတ်ပြီး စည်းထားတယ်။ ညနေ နောက်ဆုံးခေါက် လှည်းပြန်ရင် အမေ အေးကြင်ကို ငါ ဝင်ပေးလိုက်မယ်။ ပြီးတော့ ယာခရိုးမှာ ဂုဏ်ပန်းလေးတွေ ပွင့်နေတာ မွှေးလို့။ ငါခူးပြီး ဖျောက်ဆိပ်ပင်ခြေမှာ ထားထားတယ်။ နင် ယူပန်လိုက်နော်"

သာခင်က ပြုံးစိစိနဲ့ ပြောတော့ မိကျော့ ခေါင်းညိတ်မိလျက်သားရယ်။ သူများအမေကိုများ "အမေအေးကြင်" တဲ့။ ခုကတည်းက သာခင် အမေ့ကို အပိုင်ပေါင်းနေပြီလေလို့ မိကျော့တွေးမိတယ်။

မိကျော့တို့အဖွဲ့ ရွာရိပ်ကို ကပ်မိတော့ နေဝင်ချိန် တိမ်တောက်ခဲ့ပြီ။ ရွာပေါ်ကိုဖြတ်ပြီး ငွေဗျိုင်းဖြူတစ်အုပ် ပျံလာနေတယ်။ ရွာတောင်ခြမ်း ရောက်တော့ ရွာဦးကျောင်း ထုံးစေတီ ဖွေးဖွေးတွေဆီက ဆည်းလည်းခတ်သံတွေ ကြားရပြီ။ မိကျော့တို့အဖွဲ့ လောကြပေါ့။ ရေချိုးရဦးမယ်။ သောက်ရေခပ်ရဦးမယ်။ ညစာချက်ပြုတ်ရဦးမယ်။ မိကျော့လည်း တွေးမိနေတယ်။ ချဉ်ပေါင်နီလက်ချား ဟင်းလေးတစ်ခွက် ပိုချက်ရဦးမယ်။ သာခင်တို့အိမ်ဘက်ဆီ ဟင်းကလေးတစ်ခွက် ကမ်းရဦးမယ်လေ။

 

နွေဦးနေ


Shwe Athit Digital Page မှ ကူးယူဖော်ပြပါသည်။

Comments