🔳 အကောင်းမြင်စိတ်၊ အဆိုးမြင်စိတ်နဲ့ ပတ်သက်ရင် ပေးလေ့ရှိတဲ့ ဥပမာက ရေတစ်ဝက် ထည့်ထားတဲ့ ဖန်ခွက်ပေါ့။
အကောင်းမြင်သူက တစ်ဝက်တောင် ရှိသေးတာပဲလို့ မြင်တယ်။ အဆိုးမြင်သူကတော့ တစ်ဝက်ပဲ ကျန်တော့တယ်လို့ ပြောမယ်။
ဒါကြောင့်လည်း တချို့က နေရာတကာ အကောင်းမြင်နေလို့ မဖြစ်ဘူးလို့ ပြောကြတာ။ တစ်ဝက်တောင် ကျန်သေးတာပဲ ဆိုပြီး ခပ်အေးအေး နေလိုက်ရင် အဲ့ဒီတစ်ဝက်လည်း ကုန်ရော၊ ခွေးဖြစ်ရောလေ။
သို့သော် တစ်ဝက်ပဲ ကျန်တော့တယ်၊ ဒုက္ခပဲဆိုပြီး တစ်နေ့ တစ်နေ့ တွေးပူနေပြန်ရင်လည်း စိတ်ဆင်းရဲရတာပေါ့။
🔳 ဒါဖြင့် ဘယ်လိုမြင်သင့်တာလဲ။ ဘယ်ဟာက ကောင်းတာလဲ။
တစ်ဝက်တောင် ကျန်သေးတာပဲ လို့တွေးရင် ကျေနပ်စရာတော့ ကောင်းတယ်။ သို့သော် တိုးတက်ဖို့ မလွယ်ဘူး။
တစ်ဝက်ပဲ ကျန်တော့တယ် ဆိုသူကတော့ နေ့နေ့ညည ကြိုးစားနေမယ်။ သို့သော် သူ့ကြည့်လိုက်ရင် အမြဲပူလောင်နေရမယ်။
🔳 ကျွန်တော် လက်ခံထားတဲ့ အကောင်းမြင်စိတ် ဆိုတာကတော့ အဲ့ဒီလို မဟုတ်ဘူး။
လူဟာ အမှန်ကို အမှန်အတိုင်းပဲ မြင်ရမယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိနေတယ်။ တစ်ဝက်ပဲ ကျန်တယ် မဟုတ်သလို၊ တစ်ဝက်တောင် ကျန်သေးတာပဲလည်း မဟုတ်ဘူး။ “တစ်ဝက် ရှိနေတယ်”
အကောင်းမြင်စိတ် ဆိုတာက ဘယ်တော့မှစလဲ ဆိုရင်တော့ အဲ့ဒီဖန်ခွက် ကျကွဲသွားမှ၊ ဒါမှမဟုတ်လည်း တစ်ယောက်ယောက်က တိုက်ချလိုက်လို့ ရေတွေ မှောက်ကျသွားတဲ့အချိန်မှ စပါတယ်။
သွားပါပြီ၊ ဖန်ခွက်တော့ ကွဲသွားပြီ၊ ဒုက္ခပဲ၊ ရေတွေကုန်ပါပြီ စသဖြင့် ညည်းမနေဘဲ ဒီရေတွေ ပြန်ပြည့်အောင် ငါ ဘာဆက်လုပ်ရမလဲလို့ စဉ်းစားတာ၊ ဒီရေတွေ ပြန်ပြည့်လာအောင် ငါလုပ်နိုင်တယ်လို့ ယုံကြည်ထားတာကို အကောင်းမြင်စိတ်လို့ ခေါ်တယ်။
🔳 ပြောရရင် “အခက်အခဲတစ်ခု၊ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခု၊ ဘေးဒုက္ခတစ်ခုကို ကိုယ် ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ” ဆိုတာပါပဲ။
တစ်ခါလည်း ရေးဖူးပါတယ်။ အဆိုးမြင်စိတ် ရှိသူမှာ P ၃ လုံး ရှိတယ်။
• Personalization - ငါ့ကြောင့်လို့ တွေးပစ်တာ။ ဒီလိုဖြစ်တာ ငါ့ကြောင့်၊ ငါ အသုံးမကျလို့ စသဖြင့်ပေါ့။
• Pervasiveness - တခြားသော ဘဝအစိတ်အပိုင်းတွေမှာပါ ထိခိုက်ကုန်တော့မယ်လို့ တွေးတာ။
• Permanence - ဒီအခက်အခဲ၊ ဒီဒုက္ခဟာ ထာဝရ တည်မြဲနေတော့မယ်လို့ ထင်တာ။
🔳 အကောင်းမြင်သမားကတော့ အဲဒီ ၃ ခုနဲ့ လွတ်တယ်။ ကိုယ့်အမှားကို သင်ခန်းစာယူတယ်။ ဒါပေမဲ့ ငါ ညံ့လို့ လို့တော့ Negative label မကပ်ဘူး။ စီးပွားရေး ထိခိုက်ရင် စီးပွားရေးပဲ။ ကျန်တဲ့ လူမှုရေး၊ ကျန်းမာရေးဘက်တွေပါ လာမထိအောင် လုပ်နိုင်တယ်။ အကန့်ခွဲ မြင်နိုင်တယ်။ ဒါ အခိုက်အတန့် ကြုံရတာပဲ၊ ဖြေရှင်းလို့ရတယ်လို့ မြင်ထားတယ်။ ဒါကိုမှ Positive attitude လို့ ခေါ်ပါတယ်။
မိုးတွင်းကြီး အပြင်ထွက်တာကို မိုးမရွာလောက်ပါဘူးကွာ ဆိုပြီး ထီးထားခဲ့တာ အကောင်းမြင်တာ မဟုတ်ဘူး။ ပေါ့တာ။ ကြိုတင်ပြင်ဆင်မှု မရှိတာ။
သေရင်လည်း ထားခဲ့ရတာပဲ ဆိုပြီး ဘာမှ မကြိုးစားတာကလည်း အကောင်းမြင်တာ မဟုတ်ဘူး။ ပျင်းတာ။ ဖြစ်ချင်စိတ် မရှိတာ။
ဒါတွေကို ရောထွေးမပစ်ဖို့ လိုတယ်။
🔳 ထီးယူသွားပါလျက်နဲ့ မိုးတအားသဲလို့ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေတဲ့အခါ ပြစ်တင်ဆဲဆိုမနေဘဲ ဘယ်လိုဆက်သွားမလဲ စဉ်းစားတာ၊ အကောင်းဆုံး ကြိုးစားပါလျက်နဲ့ ထင်မှတ်မထားတာတွေကြောင့် ရှုံးနိမ့်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုကျော်ဖြတ်မလဲ အဖြေရှာတာ၊ ဒါတွေကသာ အကောင်းမြင်စိတ် ရှိတာ ဖြစ်ပါတယ်။
ဒါကြောင့် အကောင်းမြင်စိတ်ရဲ့ အစဟာ အခြေအနေကို အမှန်မြင်ခြင်းကနေ စပါတယ်။
ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေနဲ့ ပတ်သက်ရင် အမှန်ကို မြင်ရမယ်။ ငွေကြေးမပြည့်စုံရင် မပြည့်စုံဘူး။ ရုပ်မလှရင် ရုပ်မလှဘူး။ လေ့လာအား နည်းနေသေးရင် နည်းနေသေးတယ်။ ကိုယ်မှားသွားတယ်ဆို မှားသွားတယ် စသဖြင့် သိနေရမယ်။ လက်ခံရမယ်။ ဖြေသိမ့်ပြီးလည်း တွေးနေလို့ မရသလို၊ ပူလောင်နေလို့လည်း မဖြစ်ဘူး။
အခြေအနေကို အမှန်အတိုင်းမြင်၊ လက်သင့်ခံနိုင်အောင် ကြိုးစား၊ ပြီးမှ ရှေ့ဆက်ဖို့ အဖြေရှာကြရမှာ ဖြစ်ပါတယ်။
🔳 ကျွန်တော်ကတော့ ဒီကာလမှာ “မျှော်လင့်ချက်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ပိုပိုပြီး နားလည်လာပါတယ်။ ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့အချိန်၊ ဘယ်ဆက်သွားလို့ သွားရမယ်မသိတဲ့အချိန်မှာ ကိုယ့်ကို လမ်းပြခေါ်ဆောင်ပေးနိုင်တာ၊ စိတ်ဓါတ်ကျ လက်လျှော့မနေစေတာ “မျှော်လင့်ချက်” ဆိုတဲ့ အလင်းရောင်ပဲ ဖြစ်ပါတယ်။
မနက်ဖြန်ကျ ဒီနေ့ထက် ပိုကောင်းလာလိမ့်မယ် ဆိုပြီး တစ်ယောက်ယောက်က ဖန်ဆင်းပေးမှာ၊ လုပ်ပေးလိုက်မှာမျိုးကို မျှော်လင့်နေတာတော့ မဟုတ်ပါဘူး။
မနက်ဖြန်ကျ ဒီနေ့ထက် ငါပိုကောင်းအောင် လုပ်မယ်၊ ပိုကြိုးစားမယ်၊ ဒါဆို ကောင်းတဲ့အရာတွေ တစ်ချိန်ကျ ဖြစ်လာလိမ့်မယ်၊ ကြိုးစားသမျှ အရာထင်လာလိမ့်မယ်လို့ ယုံကြည်ထားခြင်းကို ဆိုလိုတာပါ။
🔳 ဒါကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကိုယ့်လက်ထဲက ရေဖန်ခွက် ကျကွဲသွားတဲ့အခါ ကိုယ် ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ ဆိုတဲ့အချက်က သိပ်စကားပြောပါတယ်။
အဲဒီဖွင့်ဆိုချက်ပေါ် မူတည်ပြီး မျှော်လင့်ချက် အားကောင်းခြင်း၊ အားမကောင်းခြင်းက ကွာခြားလာမယ်။ အဲဒီမျှော်လင့်ချက် အားကောင်းခြင်း၊ မကောင်းခြင်းပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှု (Resilience) ချင်းက ကွဲပြားလာမယ်။ အားထုတ်မှုချင်းလည်း မတူတော့ဘူး။
တစ်ခါ ကျော်ဖြတ်ဖူးတဲ့သူက နောက်တစ်ကြိမ် ထပ်ကြုံရတဲ့အခါ ထပ်ကျော်ဖြတ်နိုင်ဖို့ လွယ်သွားတယ်။ ဦးနှောက်ကိုက အလေ့အကျင့် ရသွားတာ။
အဲဒီလိုပဲ တစ်ကြိမ်လက်လျှော့ဖူးသူကလည်း နောက်တစ်ကြိမ် ထပ်ကြုံရင် လက်ထပ်လျှော့မိဖို့ များပါတယ်။ သူ့ဦးနှောက်ကမှ အလေ့အကျင့် ရမထားတာ။
🔳 အခက်အခဲ ကြုံနေရတဲ့ လူတစ်ယောက်ဆီ သွားပြီး “မင်း ဒါကို ကျော်ဖြတ်နိုင်တယ် ယုံကြည်ထားစမ်းပါ” အားပေးနေရုံနဲ့တော့ မရပါဘူး။ သူကိုယ်တိုင်က ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုကို ကျော်လွှားဖူးတော့မှသာ ယုံကြည်စိတ်က ရလာနိုင်မှာ ဖြစ်ပါတယ်။
ဒီအတွက် အကောင်းမြင်စိတ်ကို သေချာနားလည်ထားဖို့၊ ပျိုးထောင်ထားဖို့ သိပ်အရေးကြီးပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၁.၁၂.၂၀၂၃


Comments
Post a Comment