မီးသွေးလုံးများ @ ခင်ခင်ထူး




တိုက်ခန်းရဲ့ အပေါ်ဆုံးထပ်ဖြစ်တဲ့ လေးထပ်ကနေ မြေပြင်ကို ငုံ့ကြည့်တဲ့အခါတိုင်း 'မဂေါက်ထူ' မီးသွေးလုံးနေတာ အမြဲမြင်ရတယ်။

မီးသွေး လုံးတယ်ဆိုတာက မီးသွေးဆိုင်က မီးသွေးအကျိုးအကြေ ဗြုတ်စဗျင်းတောင်းတွေကို ဈေးပေါပေါနဲ့ဝယ် အိမ်ရောက်တော့ နည်းနည်းကြီးတာတွေကို ချေပြီး ထမင်းရည်နဲ့လော၊ အဲဒါကိုမှ လက်တွင်း တစ်ဆုပ်စာလောက် ကဲ့ကဲ့ယူပြီး လက်ထဲတင် တင်းနစ်ဘောလုံးစာလောက်လုံး။ ဒါကိုမှ နေပူပူမှာ လှမ်း။

အဲဒါ မဂေါက်ထူတို့အိမ်က ထင်းမီးလောက်စာပါ။

မဂေါက်ထူက မီးသွေးလုံးတွေဟာ တာရိုးနှုတ်ခမ်းမှာ အမြဲတမ်းရှိတယ်။ မဂေါက်ထူက မီးသွေးလုံးတွေ ခြောက်လို့ ရုပ်တဲ့အခါရုပ်၊ သိမ်းတဲ့အခါသိမ်းတာရှိသလို၊ မရုပ်မသိမ်း ပစ်ထားတာလည်း ရှိတယ်။ မီးသွေးမှုန့် ရှိနေလို့ကတော့ နောက်တစ်နေ့ လုံးပြန်ရော။ ရပ်ကွက်လူကြီး ကိုသာဗျောက မဂေါက်ထူမီး သွေးလှန်းတာတွေ့ရင် 'နင့်မလည်း လူ့ဘ၀ မီးသွေးလုံးဖို့ ရောက်လာသလိုပါလားဟာ' လို့ အမြဲပြောတတ်တယ်။

ပြောလည်းပြောစရာ။ မြေအိုးဟောင်းတစ်လုံးထဲက မီးသွေးကြေ၊ မီးသွေးမှုန့်နဲ့ ထမင်းရည်လောပြီးသားကို နှိုက်ရပါများလို့ မဂေါက်ထူ ကြည့်လိုက်ရင် တစ်ကိုယ်လုံး မည်းမည်းကြုတ်လို့။ မျက်နှာမှာရော၊ ဆံပင်မှာရော၊ လက်တွေမှာရော၊ တစ်ခါတလေ ထဘီအကျီတွေလည်း အိုးမည်းချင်းရိုက်နေတာများ အကွက်တောင် မပေါ်ဘူး။ သည်မြင်ကွင်းက မနက်တိုင်း အပေါ်က ဆီးမြင်နေကျ၊ တစ်ခါတစ်လေ ကျွန်မက အပေါ်ဆုံးထပ် ဝရန်တာကနေ ငုံ့ကြည့်ရင်း မဂေါက်ထူကို လှမ်းစတယ်။

" မဂေါက်ထူ...မီးသွေးတွေများလှချည့်လား ဘယ်နှစ်လုံးရပြီလဲ"

ကျွန်မက မေးရင် မျက်လုံးမှေးမှေးကလေးနဲ့ မော့ကြည့်တတ်တယ်။

မော့ကြည့်တာက မဂေါက်ထူနဲ့ မတည့်တဲ့ မိန်းမတွေက များတော့ ဘယ်သူများပါလိမ့်ဆိုတာ သေချာအောင် အရင်ကြည့်လိုက်တာပါ။ မတည့်ဘူးဆိုတာက မဂေါက်ထူက မတည့်တာပါ။ သူ့စိတ်ထဲ အချိုးမကျဘူးထင်ရင် သူတကာကို ရန်လုပ်ချင်တဲ့ ညာဉ်ကလေးရှိလေတော့ မဂေါက်ထူကို တချို့က ခပ်ကင်းကင်း နေကြတယ်။

မဂေါက်ထူ စိတ်မမှန်တာ သိကြတာလည်း ပါပါတယ်။ တစ်ခါများ မီးသွေးနယ်တဲ့ မြေအိုးမည်းမည်းကြီး ရိုက်ခွဲနေတာကို ကျွန်မအပေါ်ထပ် ဝရန်တာက လှမ်းမြင်လိုက်လို့ အကျိုးအကြောင်းသိချင်တာနဲ့ လှမ်းမေးတော့ ကျွန်မကို မော့ကြည့်ရင်းဖြေတယ်။

"မြွေဝင်နေလို့ ဆရာမရဲ့ တောကြီးမြွေဟောက်ကြီးပါ... မီးသွေးထဲ မြုပ်နေလို့ အိုးရိုက်ခွဲပြီး အကောင်လိုက် ဆွဲထုတ်ပစ်ရသယ်...လက်မောင်းလက်ရုံးလောက် အကောင်ကြီးဆရာမရဲ့"

"ဘယ်မှာတုံး မြွေက... "

"သေပေါ့.. ရိုက်သတ်ပစ်လိုက်တာ စိစိကို ကျကရော...မထူးဘူးဆိုပြီး အိုးပါရိုက်ခွဲပစ်လိုက်သာ"

ဟုတ်လေသလား မဟုတ်လေသလား မပြောတတ်ပါဘူး။

မဂေါက်ထူဆီက အဲသလို ထူးထူးဆန်းဆန်းတွေလည်း ကြားရလေ့ရှိတယ်။ တစ်ခါတော့ အောက်ထပ် မဂေါက်ထူတို့ အခန်းဆီက အော်သံညည်းသံကြီးကြားရလို့ မေးကြည့်တော့ မဂေါက်ထူ ရိုးရာနတ် ဝင်ပူးတာတဲ့။ ဘာနတ်တုန်းဆိုတော့ လေးကျွန်းမောင်နတ်တဲ့။ နတ်ဝင်တဲ့နေ့က မဂေါက်ထူ သောင်းကျန်းလိုက်တာ မပြောနဲ့တော့။ တိုက်ခန်းအောက်ထပ်ရှေ့က မြေသလင်းမှာ လူးလိုက်လှိမ့်လိုက် အော်လိုက် ဟစ်လိုက် ကြိမ်းလိုက် ဝါးလိုက်။

"ငါ့များ ပေါ့ပေါ့မှတ်လို့ ရှေ့နေမယားရော၊ ကထိကမယားရော၊ ကုမ္ပဏီမယားရော သတိသာထားကြဟေ့ ... ကြည့်လို့မရဘူးကွယ်နော် အရှင်လတ်လတ် မြေမျိုသွားမယ် ဘာမှတ်သတုံး ...ဟင်းဟင်း"

ကျွန်မက အခန်းချင်းကပ်လျက်က မရှမ်းမကို မေးကြည့်ရတယ်။ သည်လိုအော်နေတာက နတ်ကအော် တာမဟုတ်ဘဲ နတ်ဝင်သည် မဂေါက်ထူက ထွင်ပြီးအော်နေတာ အားလုံးက သိကြပေသိ အကျိုးအကြောင်း ဘာမှန်းမသိရလို့ မေးကြည့်တာပါ။

"ရှေ့နေမယား ဆိုတာ ရှေ့နေကိုပေါက်ကျိုင်း မိန်းမကိုပြောတာ၊ ကထိကမယားဆိုတာ ကထိက ဦးကျော်စိန်မောင် မိန်းမကိုပြောတာ၊ ကုမ္ပဏီမယားဆိုတာက ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ မောင်မောင်တာ မိန်းမ ခင်နှင်းဦးကို ပြောတာ"

"ဘာဖြစ်လို့တုံး .. မဂေါက်ထူနဲ့ မတည့်ကြလို့လား"

"မဂေါက်ထူက သူ့မျက်စိထဲ မတည့်ရင် အဲသလို စောင်းနေကျဆရာမရဲ့ ... မရူးမကောင်းဆိုတော့ အခက်သားပဲ တစ်လောက ကျွန်မကို စောင်းသေးတာ ရှမ်းမတော့ ရှမ်းမတော့ ရှမ်းနတ်နဲ့ တိုက်လိုက်ရဦးမယ်တဲ့ ဘာရယ်မဟုတ်ပါဘူး"

သည်ကတည်းက လှေကားအဆင်း မဂေါက်ထူနဲ့တွေ့ရင် ကျွန်မကပဲစပြီး ပြုံးပြရတယ်။ ကျွန်မကိုတော့ ဆရာမတဲ့။ ဘယ်သူက ပြောထားလို့လည်း မပြောတတ်ဘူး။ ဆရာမ ဘိုးအုပ်ရေးတာဆိုတဲ့။ ကျောင်းဆရာမ လုပ်စာ မလောက်လို့လားတဲ့။ ကလေးတွေ ကျူရှင်ပြစားပေါ့တဲ့။

ထင်ရာတွေ ပြောနေပေမယ့် ပြုံးပြီးနားထောင်ပေးနေရတာပါ။

မတော် ကိုယ့်ပါ နတ်အကြောင်းပြပြီး ရောတုပ်မှာစိုးရသေးတာကလား။

ကျွန်မကိုတော့ မျက်စိစပါးမွေးစူးတဲ့အထဲ မထည့်ဘူးနဲ့ တူပါရဲ့။ ကျွန်မကျောင်းက စက်ဘီးနဲ့ပြန်လာလို့ တာရိုးခြေရောက်ရင် မဂေါက်ထူက ဆီးကြိုနေကြ။ တာရိုးပေါ်ကနေ တိုက်ခန်းအနိမ့်ထဲ ဆင်းတဲ့လမ်းက ဇောက်ထိုးကြီးဆိုတော့ စက်ဘီးထိန်းပေတာပါ။ ကျွန်မက လမ်းကဝယ်လာတဲ့ မုန့်ကလေးဘာလေးပေးရင် ကလေးတွေ ကန်တော့လွှတ်လိုက်တာလား လုပ်သေးတာပါ။

မဂေါက်ထူကို အားကိုးရတာ ဈေးဝယ်တဲ့အခါတွေမှာပါ။

ကျွန်မတို့ တိုက်ခန်းတွေက ဈေးနှစ်ဈေးကြားမှာ ရှိတာဆိုပေသိ တောင်ဘက် ဧရာထွန်းဈေးကလည်း လှမ်းတယ်။ မြောက်ဘက် မိုးကောင်းဈေးကလည်း မနီးဘူး။ တစ်ခါတလေ ဟင်းချက်စရာလေး ဘာလေး လိုရင် ချက်ချင်း ထသွားဖို့ဆိုတာ မလွယ်ဘူး။ ဒါမျိုးဆိုရင် မဂေါက်ထူကို ခိုင်းရတယ်။ မဂေါက်ထူ မုန့်ဟင်းခါးတစ်ပွဲ စားခဲ့ရင် ခြေလှမ်းကြဲကြီးနဲ့ တလွှားလွှား သွားတော့တာပါ။

ဈေးသွားမှန်းသိလို့ ဘေးအခန်းတွေကပါ ဈေးမှာရင် မှာတဲ့ပိုက်ဆံထဲကပါ မုန့််ဟင်းခါးတစ်ပွဲစီ ထပ်စားသေးတာ။ ဆိုပါတော့ သုံးယောက်မှာရင် သုံးပွဲစားတယ်။ တချို့က မမှာရဲကြဘူးပေါ့။

"ဈေးမှာရင် ကျွန်မက မုန့်ဟင်းခါးအရင်စားပစ်လိုက်သာပဲ...မစားစေချင်ရင် မမှာကြနဲ့လေနော ဆရာမရယ် တစ်ခါများ ခုနှစ်ယောက်စုမှာသာ ဈေးထဲတင် မုန့်ဟင်းခါးခုနှစ်ပွဲ ဆက်တိုက်စားပစ်လိုက်သာ ဈေးထဲက မိန်းမတွေတောင် အံ့သြသယ်"

"မဂေါက်ထူက မုန့်ဟင်းခါး တော်တော်ကြိုက်တာပဲ"

"ကြိုက်ပါ့ ရွာမှာတုန်းက စားမှ မစားရသာ မန်းလေးရောက်မှ စားရသာ"

"မဂေါက်ထူက ဘယ်ရွာကတုံး"

"မြင်းခြံတောင်ဘက် တမာကုန်းရွာက"

ဒါ့ကြောင့်ထင်ပါရဲ့။ မဂေါက်ထူ စကားပြောရင် 'သယ်' တွေ 'သာ' တွေ၊ ပါတတ်တယ်။ ကျွန်မလည်း မြင်းခြံသူပဲ မဂေါက်ထူရဲ့ ဆိုတော့ ဆရာမတို့က ပေါ်ကြော့တွေ နေမှာပါ။ ကျွန်မတို့ကတော့ ရေငန် အကောင်းလုပ် သောက်ရတဲ့အရပ်တဲ့။ ပေါ်ကြော့ဆိုတာ မြင်းခြံမြို့ပေါ်မှာ အခန့်သား နေရသူတွေလို့ ပြောတာပါ။

တစ်ခါတလေ အောက်ဆုံး မြေညီထပ်ကုန်စုံဆိုင်က ငရုတ်သီးမှုန့်ကလေးတစ်ထုပ်၊ ကြာညို့ကလေး တစ်ပုလင်း လိုချင်ရင် အပေါ်ဆုံးလေးထပ် ၀ရန်တာကနေ ခါးကုန်းပြီး ဈေးဆိုင်ကို အော်ရတဲ့အခါရှိ တတ်တယ်။ ကျွန်မဈေးမှာသံကြားရင် ကုန်စုံဆင်က မိန်းကလေးတစ်ယောက် ထွက်လာပြီး ဆရာမ ဘာလိုချင်လို့တုန်း မေးနေကျ။ ကျွန်မက ဘာတဲ့ဆိုရင် အပေါ်ထပ်အထိ တက်ပေးတယ်။ အပေါ်ရောက်မှ ပိုက်ဆံရှင်း ရရုံပါ။

လေးထပ်ကဆိုတော့ တစ်ခေါက်ဆင်း နှစ်ခေါက်ဆင်းလောက်က အကြောင်းမဟုတ်ပေသိ သုံးလေးခေါက် ဖြစ်လာရင် မဆင်းနိုင်တော့ဘူး။ တစ်ခါတစ်လေကျတော့ ကုန်စုံဆိုင်က ဟုတ်ကဲ့ လာပို့မယ်ဆိုပြီး တက်မလာတာလည်း ရှိရဲ့။ ဈေးဆိုင် လူကျရာက အရောင်း၊ အပြု၊ အအမ်း၊ အတောနဲ့ မေ့ကြတာ ပေါ့လေ။ သည်လိုဖြစ်ရင် အောက်ထပ်မှာ အမြဲရှိတဲ့ မဂေါက်ထူကို အားကိုးရတယ်။

"မဂေါကထူရယ် ကလေးမတွေ မေ့သွားပုံရတယ်။ ကျွန်မ ဈေးမှာထားတာလေး သွားပြောပေးစမ်းပါ"

"ဆရာမမှာတာ ကျုပ်ကြားသားပဲ ငရုတ်သီးကျက်မှုန့် တစ်ထုပ်၊ မြေပဲဆံတစ်ဆယ်သားမှုတ်လား၊ ကောင်မတွေက ဟီလာထနေကြသာ ဆရာမရဲ့၊ ဘာမှမဟုတ်ဘူး။ ကောင်လေးတွေ ဈေးလာဝယ်နေ လို့မေ့တာ"

အော်ကြီး ဟစ်ကျယ် ပြောနေလို့ ကျွန်မမှာ မျက်နှာပူရသေးတာပါ။ မဂေါက်ထူက ဇိုးဇိုးဇတ်ဇတ်ဆိုတော့ မှာတာတွေ ကိုယ်တိုင်လာပေးတာများလည်း ရှိတယ်။ တကယ်တော့ ဈေးဆိုင်က ကလေးမတွေက ရိုးရိုးအေးအေးကလေးတွေပါ။ မအားရှာကြလို့တာ မပေးကြတာ ကျွန်မသိတယ်။

"မဂေါက်ထူရယ် ကလေးမတွေ လာပေးပါတယ်။ အောက်ထပ်ဈေးဆိုင်ကို တစ်ခေါက်က နှစ်ခေါက် မဆင်းနိုင်လို့ပါရှင်... အားများနာပါရဲ့ မဂေါက်ထူတို့ကျတော့လည်း ဖက်ရွက်ကလေးကျလို့ ပေါ့ပါးလိုက်တာ။"

ကျွန်မက မြှောက်လုံးကလေးနဲ့ ချီးကျူးရင် 'ကျုပ်တို့က ၁၆ ခေါက်လောက် ဆင်းချည်တက်ချည် လုပ်တာတောင် မမောပေါင်တော်' တဲ့ ပြောသေးတယ်။ ကျွန်မက လှုပ်နေမှ နေကောင်းသာရယ်တဲ့။ စိတ်မထူရင်တောင် စိတ်ကထူသာနဲ့ လူက ကုန်းထသာတဲ့။ ကျွန်မကိုလည်း ဆရာမတို့က ငြိမ်ဇာတာ။ ကျုပ်တို့က လှုပ်ဇာတာ ဆိုတာလည်းပါရဲ့။

မဂေါက်ထူတက်လာရင် သတင်းစုံပါလာတတ်လို့ မကြားဖူးတာတွေလည်း ကြားရတယ်။

"ကျုပ်တို့အောက်ထပ်က ကိုမြမောင်တို့ သုံးလေးယောက်က ဘုရားလူကြီးလိုပ်ပြီး ကုန်းထိပ်က စေတီဟောင်း ပြင်ကြမလို့တဲ့။ ကျုပ်က အိပ်မက်ရပြီးသား။ ဒင်းတို့က ဘုရားပြင်ချင်တာက တော်တော်ရယ်၊ ဌာပနာ ဖောက်ချင်ကြာသာလေ၊ အသာနေ၊ ဒင်းတို့ ဘုရားငုတ်တိုက သိုက်စောင့်မြွေမြိုလိမ့်မယ်။ နားသာထောင်တော့"

"ကျော်အေးမယား သောင်းခင်မရှိတော့ဘူးလေ၊ နဂိုကတည်းက ကောင်မ အချိုးမကျသာ ကျုပ်ကသိသားပဲ သူတို့အိမ်အလုပ်လာလုပ်တဲ့ ပန်းရံခေါင်း မြမောင်နဲ့လိုက်ပြေးတာ ဆရာမရဲ့။ ကျော်အေးက လိုက်ရှာတော့ ညောင်ကွဲဘက်မှာ တွေ့သတဲ့"

"တလုပ်မတို့ အခန်းမှာ ဖဲဝိုင်းရှိသယ် ကျုပ်တောင် ကြားပေါက်သွားထိုးသာ နှစ်ရာ ရှုံးသေးသာ၊ ကျုပ်ကို လာမထိုးနဲ့တဲ့ လူအဝင်အထွက်သာကြည့်ပေး တစ်ရက်တစ်သောင်းပေးမတဲ့"

ကျွန်မတို့အိမ်ကို မဂေါက်ထူရောက်လာရင် တစ်ခုမဟုတ်တစ်ခု လုပ်ပေးသွားတာချည်းပဲ။ ပဲစေ့ညှစ်တော့လည်း အဟုတ်၊ တစ်ဇလုံစာကို ခဏရယ်၊ သောက်ရေအိုးတွေ ရေဖြည့်တော့လည်း အဟုတ်၊ တံမြက်စည်း ယူပြီး ပိုးမျှင်တွေ လှဲတော့လည်း ပြောင်လို့၊ ကျွန်မက မီးသွေးလုံးတာတွေ့လို့ ရောင်းစားတာလား ဆိုတော့ အိမ်သုံးတာတဲ့... မီးသွေးကောင်း မစိုက်နိုင်တော့ ချွေတာရေး မီးသွေးပေါ့ ဆရာမရယ်တဲ့။

မဂေါက်ထူကိုကြည့်လိုက်ရင် ကွင်းထဲက စားခြောက်ရုပ်လိုပဲ။ အမြဲတမ်းခြောက်သွေ့နေတာပါ။

ဆံပင်တွေကလည်း ခြောက်သယောင်း နေရုံမက မဖြီးမသင်တာများတော့ ဂျပ်တောင် တည်နေပါပြီ။ နားရွက်တော့ ဆီတစိုစိုနဲ့။ နားရွက်က ဘာဖြစ်လို့ ဆီတွေယိုကျနေတာလဲဆိုတော့ စားအုန်းဆီ ထည့်ထားတာတဲ့။ ခေါင်းတစ်ခြမ်းကိုက်ရင် ဒါမှမဟုတ် နားတစ်ခြမ်းကိုက်ရင် ဆီသာထည့် ပျောက်တယ်ဆိုလို့ ထည့်တာတဲ့။ အခုတော့ မထည့်ရင်ကိုက်လာလို့ ဆီအမြဲ ထည့်ထားရတယ်လို့လည်း ပြောနေသေးတာပါ။

"မဂေါက်ထူရယ်... အမြဲတမ်း မထည့်ပါနဲ့ ခေါင်းကိုက် နားကိုက်ရင် ဆေးစားပျောက်ပါတယ်"

"ကျုပ်က နားဖာချေးခြောက်ရင် ဖြစ်သယ် နဖာချေးစိုအောင် ဆီထည့်ရသာ ဆရာမရဲ့"

ကျွန်မလည်း ဘာဆက်ပြောရမှန်းတောင် မသိတော့ပါဘူး။ မဂေါက်ထူကလေး ခုနှစ်ယောက်မွေးထားတာမှာ မွေးသမျှ အဖတ်တင်တဲ့အပြင် ခုနှစ်ယောက်လုံး သမီးချည်းဆိုလို့ အံ့သြရတယ်။ ကျွန်မက ယောကျ်ားလေးပါရင်ကောင်းမှာပါနော်၊ ရှင်ပြုခွင့်ရတာပေါ့ ဆိုတော့ မပါလို့လည်း ဘယ့်နှယ့်မှ မနေပေါင်တဲ့။ မိန်းကလေးတွေက သီလရှင်ဝတ်ပေးလည်း ဖြစ်တာပဲတဲ့။ ကလေးမွေးတဲ့အကြောင်း ရောက်ပြန်တော့လည်း သနားစရာလည်းကောင်း၊ ရယ်စရာလည်းကောင်းကိုး။ ကျွန်မက သမီးချည်း ခုနှစ်ယောက် မွေးတာ တစ်မျိုးတော့ ထူးတာပါပဲ မဂေါက်ထူ ရယ်ဆိုတော့ တင်းတိပ်မျက်နှာကြီး ဖီးနေအောင် ပြုံးတယ်။

"ကျုပ်ဖြင့် ဘယ်လိုမွေးခဲ့မှန်းတောင် မသိပါဘူး သမီးအကြီးဆုံးကိုတောင် ရွာဘုရားပွဲ ပွဲသွားကြည့်ရင်း နှစ်ရွာကြားက ဇရပ်မှာမွေးတာ မနက်မိုးလင်းတော့ ကလေးပိုက်ပြီး ကိုယ့်ရွာကိုယ်ပြန်လာတာပဲ နောက် ကောင်မ ကျတော့ ခရိုးစပ်ခရမ်းချဉ်သီးဆွတ် တုန်းမွေးတာ နံပါတ်သုံးက ဘယ်မှာမွေးတာပါလိမ့် မှတ်မိ ပြီ ရွာကကန်ဘေး ကန်စွန်းငုတ်ခူးရင်း မွေးတာ နံပါတ်လေးမက... "

သည်လိုပြောနေတုန်းမှာ ကျွန်မက မျက်လုံးကြီးပြူးထားရသေးတာပါ။ ဟုတ်လှချည်လားဆိုတဲ့ မျက်နှာ ကလည်း ခံထားရသေးတယ်။ မဂေါက်ထူခေါင်းက သန်းပေါလို့လားဆိုတော့ 'ဘယ်ကလာခေါင်းသန်း ပေါရမှာတုံး ဆရာမရဲ့ ...ပိုက်ဆံတွေ သိန်းနဲ့သန်းနဲ့ချီပေါပါစေဆိုတဲ့နိမိန်နဲ့ ကျုပ်အမေပေးခဲ့တာလေ' တဲ့။

ဒါနဲ့ ဘယ်လိုကြောင့် မဂေါက်ထူဖြစ်ရတာတုံးဆိုတော့ 'မွေးတုံးက သန်းပေါခေါ်ကြတာပါတော် သိတတ်တဲ့အရွယ်ရောက်တော့ လူတိုင်းကလာလို့ ဘယ်လောက်ခေါက်ခေါက် ညည်းကတော့ အထူ၊ အအ ပျောက်မယ့်ဟာ မဟုတ်ဘူးလို့ ဆူရာက ဂေါက်ထူဖြစ်လာတာ' တဲ့။ ခေါက်ထူကို ဂေါက်ထူ ခေါ်ကြရာက သည်အရွယ်အထိ မဂေါက်ထူဖြစ်ရရောတဲ့။ မဂေါက်ထူနဲ့ကျွန်မ တိုက်ခန်းမှာ နေခဲ့ရသခိုက် တွေ့ခဲ့ကြုံခဲ့တာကလေးတွေပေါ့လေ။

ကျွန်မက ပြောခဲ့သလိုပါပဲ။ မဂေါက်ထူတို့က ကျွန်မတို့နေတဲ့ တိုက်ခန်းအောက်ဆုံးမြေညီထပ်မှာနေကြတာပါ။ ကြည့်လိုက်ရင် တိုက်ခန်းထဲနေတယ်မရှိဘူး။ အပြင်ဘက်မြေကွက်လပ်မှာချည်း ထွက်နေတာ များတယ်။ ပြောဖူးတာတော့ တိုက်ခန်းထဲနေရတာ မွန်းလို့တဲ့။ မဂေါက်ထူတို့်က သည်တိုက်ခန်းမှာ အခန်းတွေ ချပါပြီဆိုကတည်းက နေကြသူတွေပါ။ ဟိုနားတစ်စု၊ သည်နားတစ်စု ကျူးကျော်တဲနဲ့ နေကြ သူတွေ ကို ဖယ်ရှားပြီး တဲပေါ်မှ တိုက်ပေါ်သို့် အစီအစဉ်နဲ့ ထိုးတင်လိုက်လို့ ရောက်လာကြသူတွေဆိုတော့ နဂိုက နေခဲ့ကြသလို မြေကြီးပေါ်တဲထိုးနေ၇တဲ့ ဘဝလောက်မမက်ကြဘူး။

ဘဝအသီးသီး လူအထွေထွေ လာစုကြရာက မမျှော်လင့်ဘဲ တိုက်ပေါ်တက်ကြရတော့ တစ်စုတစ်စည်းတည်းတော့ နေခွင့်ရကြပါရဲ့၊ သူတို့ လူနည်းစုကနှစ်စဉ် အရစ်ကျငွေကလေး ဖဲ့သွင်းကြရာက တိုက်ခန်း ပိုင်ကြပေမယ့် အများစုက တိုက်ခန်းနေခွင့် စလစ်ရပါပြီဆိုကတည်းက ရသလောက်နဲ့ လက်လွှဲရောင်း စားလိုက်ကြလို့ ကစဉ့်ကလျားဖြစ်ကြရတာများတယ်။

သည်လိုနဲ့ ပိုက်ဆံရှိသူက ဝယ်ထားလိုက်၊ အဆင့်ဆင့်ပြန်ရောင်းလိုက်နဲ့ ဈေးကောင်းလည်းရရော နဂိုမူ လသမားတွေခမျာ မဖြစ်စလောက်ငွေနဲ့ တိုက်ခန်းက ဆင်းပေးလိုက်ရတာများလှပေါ့။ မဂေါက်ထူတို့ မိသားစုကတော့ တောင့်ခံနိုင်သူတွေထဲမှာပါလို့ ထင်ပါရဲ့။ ကျွန်မတို့ တိုက်ခန်းဝယ်ချိန်အထိ ရှိနေကြ တဲ့ရှေးဦး လူနည်းနည်းထဲက တစ်အိမ်ထောင်ပါ။

ကျွန်မတို့က ရန်ကုန်အခေါ် တတိယထပ်၊ မန္တလေးအခေါ်လေးထပ်မှာ ဝယ်နေကြတာဆိုတော့ မဂေါက် ထူတို့ နဲ့က ကြားနှစ်ထပ် ခြားတယ်။

ကျွန်မက မြေညီထပ်ကို အကြောင်းကိစ္စမရှိဘဲ ဆင်းခဲတာရော၊ မဂေါက်ထူတို့နဲ့က ကူးကူးလူးလူးရှိ လောက်အောင် နှစ်ခန်းတစ်ခန်း မနေခဲ့ရတာရောဆိုတော့ မဂေါက်ထူ တို့တတွေနဲ့က တွေ့တုန်းတွေ့သခိုက် ခင်ရသူတွေပါ။ မဂေါက်ထူ စိတ်ဖောက်တဲ့ရက်တွေဆိုရင် ကျွန်မတို့လည်း ရှောင်နေရတာပါ။ မဂေါက်ထူ ဖောက်ပြီဆိုရင် သိသာတယ်။ မျက်လုံးစိုက်ကြီးနဲ့။ ပါးစပ်ကလည်း မန္တာန်ရွန်သလို တွတ်ပွ တွတ်ပွ ပြောနေတော့တာ။ အဲသလိုရက်ဆိုရင် အဆောင်လူကြီး ကိုသာဗျောကတောင် ရှောင်တယ်။

"ဆရာမနှယ် ဂေါက်ထူက ဦးနှောက်မကောင်းဘူး ကျုပ်တို့နဲ့က တစ်ရွာတည်းနေခဲ့ကြတာဆိုတော့ သိသာပေါ့ သူ့ယောကျာ်းနဲ့ ကျုပ်နဲ့ မြို့တက်ဆက်ကားနင်းကြမယ်ဆိုပြီး တက်လာတော့ အသက်မှ နှစ်ဆယ်ကျော် သုံးဆယ်ရှိသေးသာဟာကိုး မန်းလေးမြို့စွန်မှာ ဟိုနားတဲထိုး သည်နားတဲထိုးနဲ့ တိုင်ပုတ်တမ်း ကစားသလို ပြေးနေရသာ အကြာကြီး ကျူးကျော်တဲတွေဖျက်တော့ တိုက်ခန်းရကြသဗျ တိုက်ခန်း ရပြီဆိုမှ အမေကြီးအိုနဲ့ ဂေါက်ထူတို့် သားအမိတစ်တွေ ရွာကလိုက်လာကြသာရယ် ဒါတောင် ကြာပါပြီဗျာ။

ကျွန်မကို တိုက်ခန်းအဆောင်လူကြီး ကိုသာဗျောပြောပြတာပါ။

ရွာမှာတုန်းက မဂေါက်ထူလုပ်ခဲ့တာတွေလည်း သိရရဲ့။ ရွာကကန်ရေသောက်နေကြရာက ရေခန်းရင် တစ်ရွာလုံးသုံးတဲ့ ရေငန်တွင်းကလေး စစ်စစ်ပေါက်ပေါက် ခပ်သုံးကြရတယ်။ ရေချိုတွင်း ကလေးဆိုပေ သိ ရေငန် ပျော့ပျော့ ရေတွင်းပါ။ ရေတွင်းတော်တော်များများက အငန်စူးတော့ သည်တွင်းကလေးကို မှီကြရတယ်။ တစ်ခါတော့ မဂေါက်ထူရေတွင်းထဲခုန်ချလို့ တွင်းကြေးဆယ်ကြရသေးသတဲ့။ ဘုန်းကြီး ခေါ်ရိုက်တာလည်း မျော့လို့တဲ့။ ဘာဖြစ်လို့ ခုန်ချတာတုန်းဆိုတော့ ဓါးပြတွေက ပြေးမလွတ်တော့ ရွှေထုပ်ရေတွင်းထဲချခဲ့တယ် အိပ်မက်မက်လို့တဲ့လေ။

"တစ်ခါများ အခုသူနဲ့ အတူနေတဲ့ အမေကြီးဒေါ် ဖရုံနေမကောင်းလို့တဲ့ ကနစိုစေ့နဲ့ ငုခေါက်သွေးတိုက် သာ မသေရုံ ပါဗျာ၊ ပစ်ရပြီမှတ်သာ။ ရွာကအသိမြန်လို့ မနည်းကုကြရတယ်။ အဘွားကြီးခမျာ မျောတောင် နေပါပြီ ဝမ်းသွားမရပ်လူးကံကောင်းလို့"

တစ်ခါတော့သမီးတွေထဲကတစ်ယောက် တံစဉ်ရှလိုက်တာ သွေးတွေဆိုတာ ပေါက်ပေါက်ကျကရော။ အနာပြဲငန်းမန်းလိုက်ရာက ယောင်လာလိုက်တာ လက်တစ်ဖက်လုံး ဖားပြုတ် ကြီးကျလို့တဲ့။ အနာရှိန်နဲ့ ကိုယ်ကြီးပူလိုက်တာလည်း ချောင်းချောင်းထနေတာပေါ့လေ။ ကလေးမခမျာ မချိ မဆန့်ခံနေရတုန်း မဂေါက်ထူ က ငရုတ်သီးညှော်ချည်း ကြော်နေသတဲ့။ ကလေးမလေးလည်း အပူကြီးရာက ညှော်ပါမိပြီး ပါးစပ်စေ့သွားလိုက်တာ ရွာဆေးဆရာက ကျောက်လှည့်သွားပဲ့အောင်ကော်ပြီး ပါးစပ်ဖွင့်၊ ပွင့် တော့မှ ဆေးတိုက်ကုရတာလည်း ကြားရတာတောင် ကြောက်စရာပါ။

" တစ်ခါများဆရာမရယ် ရွာဆူးစည်းရိုးဘေးက ကင်းတဲကြီးပေါ်တက်သွားတာ ဘယ်သူမှ မသိလိုက်ကြဘူး၊ ဘာပြောကောင်းမလဲ ကင်းတဲပေါ်ကျကျ နန ထိုင်ရာက ကင်းတဲသံချောင်းထမွှေတော့သာ တစ်ရွာလုံးပြူး ပြူး ပျာပျာ ဖြစ်ကုန်တော့သာပဲ၊ ဓါးပြလား၊ မီးပဲလောင်သလား၊ အနုကြမ်းပဲ ဝင်စိးသလားပေါ့ဗျာ ဘယ်ဟုတ်ပါ့မတုံး၊ မဂေါက်ထူရယ် ပြောသေးသာ ကျုပ်က သံချောင်းတွေတော့ အူယားသာနဲ့ ထခေါက်ပစ်လိုက်သာ တဲ့။ ကင်းလူကြီးက နကန်နဲ့လှိမ့်ရိုက်သာပဲဗျို့ "

မဂေါက်ထူယောက်ျားက ကိုသာဗျောအပြောတော့ " ကိုလှပေါ" တဲ့။ မန္တလေးတက်လာပြီး ဆိုက်ကားနင်း၊ ကုန်ထမ်း၊ ပွက်ရည်သံပိုင်းထမ်း၊ သံရည်ကြို သဲတင်စသဖြင့် လုပ်ရာက မြစ်ဆိပ်နဲ့ မနီးမဝေးမှာပဲ တဲထိုးနေခဲ့တယ်။ သည်လိုနဲ့ ကျူးကျော်စာရင်းပေါက်လို့ တိုက်ခန်းတစ်ခန်းရခဲ့တယ်။ မဂေါက်ထူတို့ တိုက်ခန်းမှာ အမေကြီး ဒေါ်ဖရုံနေတယ်ဆိုပေသိ ကျွန်မ ကောင်းကောင်းမတွေ့ဖူးဘူး၊ တစ်ခါတစ်လေ စောင်ကြားကြီး နဲ့ နေပူစာထွက်လှုံတာတော့ တွေ့ဖူးရဲ့။ ကတုံးတုံးကြီးနဲ့ အသက်က ရလှပါပြီ။ များသောအားဖြင့် အခန်းထဲမှာ ပက်လက်နေတာများသတဲ့။

မဂေါက်ထူ သမီးတွေက အရွယ်ရကြပါပြီ။ မနက်ခင်း ထမင်းချိုင့် ကိုယ်စီနဲ့ တာရိုးပေါ်တက်ကြပြီးအမှတ်(၇) ကားတားစီးတာ ကျွန်မမြင်နေကျ တစ်ခါတလေ မနက်ဖက် ကျွန်မကျောင်းသွားတာနဲ့ ကြုံရင် နှုတ်ဆက် ကြတယ်။ အကြီးအငယ်တော့ မခွဲတတ်ဘူး။ ဘာလုပ်ကြတာတုံးဆိုတော့ နှစ်ယောက်က ရွှေချည်ထိုး လိုက် သတဲ့။ နှစ်ယောက်က (၃၁)လမ်းမှာ ဆန်ရွေးကြသတဲ့။ ယောက်ျားလေး အငယ်သုံးယောက်မှာ နှစ်ယောက် က ကျွန်မတို့ တိုက်ခန်းနားက ဘုန်းကြီးကျောင်းနားမှာ နေကြပုံရတယ်။ တစ်ယောက်ကတော့ ကျောင်းနေ ရင် နေရမယ့် အရွယ်ပေသိ ကျောင်းသွားတာ မမြင်ဘူး။ ကဲလိုက်တာလည်း ဝင်းဝင်းတောက်လို့၊ မဂေါက် ထူပြောတုန်းက သမီးချည်းခုနစ်ယောက်ဆိုတော့ ယောက်ျားလေးသုံးယောက်က ဘယ်သူ့ကလေးတွေတုံး ဆိုတော့လည်း ကျုပ်ကလေးတွေပဲတဲ့။

တစ်ရက်တော့ မဂေါက်ထူ ကျွန်မတို့ အခန်းပေါ်တက်လာပါရော။ ဆံပင်တွေက ခြောက်ပြီးလွင့်လို့။ နားရွက်ကတော့ ဆီတွေ အိုင်ထွန်းလို့။ မဂေါက်ထူစိတ်ဖောက်နေသလား၊ ပုံမှန်လားဆိုတာလည်း မသိမသာ အကဲခတ်ရသေးတာပါ။ ရေးကြီးသုတ်ပြာနိုင်တာတော့ အမှန်ပဲ။ လူကလည်း ဂနာမငြိမ်ချင်ဘူး။ ကျွန်မက မဂေါက်ထူ ကော်ဖီသောက်မလားဆိုတော့ မသောက်ဘူးတဲ့။ ပြောစရာရှိရင်ပြောလေဆိုတော့မှ ကတုန်က ယင်နဲ့ ပြောလေရဲ့။

" ဆရာမ တိုက်ခန်းဈေးတွေ ဘယ်လောက်ရှိသလဲသိချင်လို့ မြေကြီးထပ်က ဈေးပိုရဆို ကျွန်မ အခန်း ရောင်းချင် လို့ "

မဂေါက်ထူဖြစ်နေတဲ့ အမူအရာနဲ့ စကားတွေကို ကျွန်မ သဘောပေါက်လိုက်တယ်။ သည်အကြံအစည်ဟာ မိသားစုသိလောက်မယ့်ကိစ္စတော့ မဟုတ်လောက်ဘူး။ တိုက်ခန်းတွေ ရောင်းတယ်ဝယ်တယ် ဆိုတာကြား လို့ ထလုပ်ချင်တာ ဖြစ်မှာပဲလို့လည်း ကျွန်မ တွေးတယ်။ ချွေးခံထဲထည့်လာတဲ့ စာရွက်ခေါက်ကလေး ကျွန်မ ကို ပြလို့ ကြည့်လိုက်တော့ တိုက်ခန်းစလစ်သို့ ခေါ်ကြတဲ့ မူလနာမည်ပေါက် နေရာချထားကြောင်း လက်မှတ်ကလေး။

ကျွန်မ ဖတ်ကြည့်တော့ နာမည်ပေါက်က ဒေါ်ဖရုံတဲ့။ မဂေါက်ထူ မရူးမကောင်းနဲ့ ဘာတွေများ ကြံနေ ပါလိမ့်။ တော်ပါသေးရဲ့လို့လည်း အောက်မေ့မိတယ်။ ကျွန်မကိုလာမပြဘဲ အရောင်းအဝယ် သမားတွေ သွားပြရင် ပြဿနာရှုပ်နိုင်တာမဟုတ်လား။ ကျွန်မက စလစ်ကိုပြန်ပေးရင်း သည်စာရွက်က အရေးမကြီးဘူးဆိုတဲ့ပုံ လုပ်ပြရတယ်။ လေးခေါက်ခေါက်ထားတဲ့ လက်တစ်ဝါးလောက် စာရွက်ကလည်း ကျေတွန့်ပြီး ရိတောင်နေပါပြီ။ သည်စာရွက်ပျောက်မှဖြင့် အခက်ပဲလို့လည်း တွေးမိတယ်။

" မဂေါက်ထူရယ် သည်စာရွက်နဲ့ တိုက်ခန်းရောင်းလို့မှ မရဘဲနဲ့ဟာ ဒါက နေခွင့်လက်မှတ်ပါ ပိုင်ဆိုင်မှုလက် မှတ်မဟုတ်ဘူး။ မဂေါက်ထူရောင်းလို့လည်း မရဘူး။ နာမည်ပေါက်က ဒေါ်ဖရုံလို့ရေးထားတယ်။ ဒေါ်ဖရုံ လက်မှတ်ထိုးမှ အရောင်းအဝယ်ဖြစ်တာလေ။ မဂေါက်ထူရယ် အမေအိုကြီးမသိဘဲ လျှောက်မလုပ်ပါနဲ့"

မဂေါက်ထူတွေသွားတယ်။ ခြောက်ဖွာဖွာဆံပင်တွေကို လက်သည်းရှည် မည်းမည်းကြီးတွေနဲ့ တဖွားဖွား ကုတ်တော့တာပဲ။ တင်းတိပ်တွေကလည်း တဆပ်ဆပ်ခုန်အောင်မျက်နျာက တဆတ်ဆတ်တုန်လို့။

" အမေကြီးက လက်မှတ်မှ မထိုးတတ်သာ ကျုပ်ကတော့ ဘာထူးတုန်း မထိုးတတ်ဘူးရယ် ကျုပ်ကို ဂေါက် ထူလို့ ရေးတတ်အောင် သင်ပေးစမ်းပါ့သူများတွေ ပြောသာဖြင့် ကျုပ်ထိုးလည်းဖြစ်ဆို ဆရာမရဲ့ မပွေးတို့ ပြောသာ သိန်းဘယ်လောက်ဆိုလား ရမှာဆို "

မပွေး ကလည်း မဂေါက်ထူသာသာပါ။ သူလို ကိုယ်လိုမိန်းမချင်းပြောကြဆိုကြတာတွေ နားယောင် ခဲ့ပြီ ထင်ပါ ရဲ့။ မဂေါက်ထူက သည်စာရွက်လူတကာလိုက်ပြနေရင် အခက်။ မဂေါက်ထူ အိမ်သားကကော ဒါတွေသိရဲ့ လား။ ခက်တာက မဂေါက်ထူ ယောက်ျားရယ်လို့ ကျွန်မကလည်း တွေ့ဖူးတာမဟုတ်တော့ မေးကြည့်ရတယ်။

" အိမ်ကလင်သားနဲ့ တိုင်ပင်လေ စာရွက်တွေ လူတကာလျှောက်မပြရင်ပုံထဲ ချွေးခံထဲ မထည့်နဲ့ ပြဲကုန်လိမ့်မယ် နေဦး မဂေါက်ထူယောက်ျားရယ် မတွေ့ရပါလား ဘယ်မှာ အလုပ်လုပ်တာတုံး "

" လှပေါ က ထမင်းဆိုင်မှာလုပ်သာ ဆရာမမပြောနဲ့ ကျုပ်တောင်လာရယ်လို့ တွေ့ဖို့ခက်သယ် မပြန်ဘူး ရယ် ဒင်းလည်း နားမလည်ပါဘူး လူက သွတ်ချောင်ချောင်ပါ အိမ်မှာ ကျုပ်လုပ်မှ ဖြစ်သာပါ "

" ဟုတ်ပြီလေ ကာလပေါက်ဈေးတော့ ကျွန်မ သိဘူး နားလည်တဲ့သူ တွေနဲ့တိုင်ပင်ပါ မဂေါက်ထူရယ် ကိုသာဗျော တို့လည်း ရှိသားပဲ ကိုယ့်ရွာသူရွာသားချင်းဆိုတော့ ကူညီမှာပါ "

" သာဗျော လား အလကားကောင် ရွာမှာပေစုတ်စုတ်ကောင်ရယ် သည်မှာ လူကြီးလာဖြစ်နေသာ အဟုတ် မှတ်လို့ ကျုပ်က မထင်ရင် မအေနှမကိုင်တုတ်သာ ကဲပါ ဆရာမ မသိတော့လည်း ဘဏ်မသွားမေးဦးမယ် "

" ဘဏ်မ ဆိုတာ ပုဂ္ဂလိကဘဏ်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကို ပြောတာပါ။ မဂေါက်ထူက ကျွန်မကို အထင်ကြီးမိတာ မှားပြီဆိုတဲ့ ပုံနဲ့ ခနဲ့နေသေးတာပါ။ ကျောင်းဆရာမဆိုတော့ သိမလားလို့ မေးမိပါ တယ်၊ ဆရာမက ကျုပ်ထက်ဆိုးသေးတဲ့။ ကျွန်မက ပြန်ချော့ပြီး အချိုသပ်ရတော့တယ်။

" သည်လိုလေ မဂေါက်ထူရဲ့ တိုက်ခန်းရောင်းတယ်ဆိုတာ လည်လည် ဝယ်ဝယ်ရှိတဲ့သူနဲ့ မေးမြန်းပြီး လုပ် ရတာပါရှင်။ ဇယ်ကြီးပြီး ဒိုးငယ် ဒိုးကြီးပြီး ဇယ်ငယ်ဖြစ်တတ်တယ် ဈေးကောင်းရတော့ မကောင်းဘူးလား ကျွန်မ ကြားတာတော့ နောက်နှစ်လလောက်ဆိုရင် ဈေးပိုကောင်းတော့မှာတဲ့ အဲသည်တော့မှ ရေဂာင်း မပြီး တစ်သိန်းပိုရရ နှစ်သိန်းပိုရရ မကောင်းဘူးလား "

မဂေါက်ထူ တွေဝေသွားတယ်။ ပိုက်ဆံပိုရရင် ပိုကောင်းတယ်ဆိုတာလောက်တော့ မဂေါက်ထူ သိတာပေါ့။ ကျွန်မကလည်း နောက်နှစ်လလောက်ဆိုတာ အချိန်ဆွဲလိုက်တာပါ။ သည်ကြားထဲ ကိုသာဗျောတို့ကို အကျိုး အကြောင်း ပြောပြမယ်လို့လည်း စိတ်ကူးမိတာလည်း ပါပါတယ်။ မဂေါက်ထူက ချွေးခံထဲ စလစ်ပြေ စာကို ပြန်ထုတ်ပြန်ရော။ မဂေါက်ထူလက်ထဲတင် ပြဲတော့မယ်နဲ့ တူပါရဲ့။

" ကျုပ်ကလည်း ထင်တော့ထင်သားပဲ သည်စက္ကူစုတ်တော့ ပိုက်ဆံအများကြီးမပေးလောက်ဘူးလို့...မေး ပါဦးမယ် အမေကြီး ဒေါ်ဖရုံလက်မှတ်ထိုးမှရောင်းဖြစ်သယ်ဆိုတော့ သည်ကြားထဲ အမေကြီးသေရင် ဘယ့် နှယ့်လုပ်ပါ့မတုံး "

မဂေါက်ထူက အမေကြီးလို့ သုံးနေတော့ သေချာအောင် မေးရတယ်။ အမေလား၊ အမေကြီးလားဆိုတော့ အမေကြီး တဲ့။ အမေ့အမေလား၊ အဖေ့အမေလားဆိုတော့ ဘယ်သူ့မအေမှ မဟုတ်ဘူးတဲ့။ ဒါဖြင့် အမေကြီး ယောက္ခမလားဆိုတော့ သာတောင်မဟုတ်သေးတဲ့။ သည်တော့ အမေကြီး ဒေါ်ဖရုံနဲ့ မဂေါက်ထူ နဲ့က ဘယ် လိုတော်တာတုန်းဆိုတော့လည်း အမေကြီးတော်တာလေတဲ့။ ကျွန်မပါ အူချာပေါက်လာလို့ ရေတစ်ခွက် ခပ် သောက်ရသေးတာပါ။

" အမေကြီးသေရင် သူနဲ့ရင်းတဲ့သားသမီး မြေးမြစ်တွေထဲက တစ်ယောက်တော့ ပိုင်မှာပေါ့ လက်ခံခွင့်ရှိသူ က လွဲပြောင်းယူရမှာဆိုတော့ မဆုံးပါဘူး။ မဂေါက်ထူက မြေးအရင်းလား၊ ကိုလှပေါက မြေးအရင်းလား "

" ဘယ်သူမျ မြေးအရင်းမဟုတ်ဘူးဆရာမရဲ့ ကိုင်းပါ ဆရာမလိုက်လုပ်ပေးပါ ကျုပ် ပိုက်ဆံပေးပါ့မယ် "

" မဟုတ်တာပဲ မဂေါက်ထူရယ် ကျွန်မ မလုပ်တတ်ပါဘူး စိတ်ရှည်ပါ ကျွန်မ စဉ်းစားပါဦးမယ် "

မဂေါ်ထူဆင်းသွားတော့ ကျွန်မမှာ မဆက်မိသေးတဲ့ သံကွင်းတွေ ပိုက်မိခဲ့တယ်။ သည်သံကွင်းတွေကို ကျွန်မ ဆက်ရမှာလား။ ကျွန်မ ခေါင်းတွေ နောက်ကျန်ရစ်ခဲ့တာ အမှန်ပါ။

နောက်တော့လည်း တိုက်ခန်းရောင်းတဲ့ ကိစ္စမှာ ကျွန်မပါခွင့်မရတော့ပါဘူး။ မဂေါက်ထူကလည်း ပိုနေမြဲ ကျားနေမြဲ ပါပဲ။ အမေကြီး ဖရုံကလည်း မဂေါက်ထူ စိုးရိမ်သလို မသေပါဘူး။ ကျွန်မ တိုက်ပေါ်က ငုံ့ကြည့် ရင် မဂေါက်ထူ က သီချင်းတအေးအေးနဲ့ ဖြစ်ချင်ဖြစ်မယ်။ ဆူဆူဆဲဆဲ ဖြစ်ချင်ဖြစ်မယ်။ အော်ကြီး ဟစ်ကျယ် ငိုငိုရယ်ရယ် ဖြစ်ချင်ဖြစ်မယ်။ မီးသွေးတွေ လုံးလျက်ပါပဲ။

ကျွန်မတို့ တိုက်ခန်းရောင်းပြီး မြို့သစ်ပြောင်းခဲ့တော့ မဂေါက်ထူရော မဂေါက်တူရဲ့ စိတ္တဇတွေရော ကျန်ခဲ့ တာပေါ့လေ။

တစ်ခါတလေ တိုက်ခန်းကလူတွေအကြောင်းပြောဖြစ်တဲ့အခါ မဂေါက်ထူ အကြောင်းလည်းပါတာပေါ့။ အမေကြီး ဒေါ်ဖရုံကော ကျန်းကျန်းမာမာပဲလား။ ကိုလှပေါကော အခန်းပြန်ရဲ့လား။ သမီးတွေကတော့ အရင်လို လွတ်လွတ်ခါခါပဲလား မဂေါက်ထူကကော မီးသွေးနဲ့ ထမင်းရည်ရောနယ်ပြီး လုံးတုန်းပဲလား။

ကျွန်မတို့ မိသားစု ကမ်းနားတိုက်ခန်းကိုရောင်းပြီး မန္တလေးမြို့သစ် ပြောင်းခဲ့ကြတဲ့အခါ မဂေါက်ထူတို့ မိသားစု လှည့်ဟယ်ဖယ်ဟယ်နဲ့ ကျန်ရစ်ခဲ့တာပါပဲ။ ကျွန်မတို့မှာလည်း ရုန်းနိုင်မှ တစ်လျားရွေ့ကြရသူတွေ ဆိုတော့ စဉ့်အိုးထဲ ရေလို မနေနိုင်ကြပါဘူး။ နှီးရေငင်ပုံးထဲကရေလို အမြဲတမ်းဘောင်ဘင်ခတ်နေတာ မဟုတ်လား။

မြို့သစ် ပြောင်းလို့ နှစ်ထမ်းတွေ အတော်ကြီးကြာမှ ဂေါဝိန်ဘက် ရေဝယ်ရင်း တိုက်ခန်းတွေဘက် ရောက် ကြရတယ်။ ရေအိုးတွေက ခါတိုင်း ဂေါဝိန်ဘက်မှာ ရနိုင်ပါရဲ့။ နောက်တော့ တောင်ဘက်တိုက်ခန်းတွေဘက် ရောက်သွားဆိုလို့ လိုက်ရင်းက ရောက်ရတာပါ။ အိုးကလေးနှစ်လုံး ရွေးနေတုန်း တိုက်ခန်းတွေပေါ် က လှမ်းမြင်လိုက်လို.နဲ့ တူပါရဲ့။ မိန်းမသား နှစ်ယောက် ရောက်လာကြတယ်။ ကျွန်မတို့ တိုက်ခန်းမှာနေခဲ့ တုန်းက အခန်းနီးချင်းတွေပါ။ ကျွန်မ ခေါင်းထဲဝင်လာတဲ့ မဂေါက်ထူကို အရင်မေးရတယ်။

" မဂေါက်ထူတို့ မရှိကြတော့ဘူးဆရာမရဲ့ ဆရာမတို့ ပြောင်းသွားပြီး မကြာဘူး ရွာခြေပြန်ကပ် ကြမယ် ဆိုပြီး တိုက်ခန်းလေးရောင်းချပီး ပြန်ကြတာ ကိုသာဗျောပြောပုံဖြင့် မဂေါက်ထူရွာမှာပဲ ဆုံးရှာသတဲ့။ မန်ကျည်းပင်ပေါ် မန်ကျည်းရွက်တက်ခူးရင်း ပြုတ်ကျတာတဲ့ ဆရာမရဲ့ "

"ဪ ဖြစ်ရလေရှင် ဒါနဲ့ အမေကြီး ဒေါ်ဖရုံကော "

" ဒေါ်ဖရုံက သည်မှာတင် ဆုံးတာလေ ဆရာမရဲ့ အဘွားကြီးက ကိုးဆယ်ကျော်ပေါ့ဟာ ဒါတောင် မဂေါက် ထူပြုစု လို့ အသက်ရှည်တာ အမေကြီးအရင်မဟုတ်ပေသိ တော်ရှာပါတယ် အမေကြီး အရင်းလိုပါပဲ "

ကျွန်မ ရေအိုးဝယ်ပြီး ပြန်လာတော့ ကျွန်မ သိခဲ့ရတဲ့ မဂေါက်ထူ နောက်ဆုံးရက်များအကြောင်းက ခေါင်းထဲ က မထွက်ဘူး။ မဂေါက်ထူ တို့ရှာမှ နေခဲ့တုန်းက မိဘနှစ်ပါးဆုံးတဲ့အခါ မဂေါက်ထူက ဆယ်နှစ်သမီးသာ သာတဲ့ သည်မှာတင် အမေ့အစ်မဒေါ်ဖရုံက မွေးစားခဲ့ရာက အရွယ်ရလာတော့ ရွာမှာ မုဆိုးဖို ကိုလှပေါနဲ့ အမေကြီးကပဲ စပ်ဟပ်ပေးစားလို့ ယူခဲ့တာမှာ ကိုလှပေါ့ဘက်က သမီးလေးယောက် ပါခဲ့တယ်။

မဂေါက်ထူက သမီးရင်းတွေနဲ့မခြား ချစ်လိုက်တာ တုန်လို့ပါ။

သမီးတွေကတော့ မဂေါက်ထူကို မအေနေရာ တစ်ပြားသားဖိုးမှ မပေးခဲ့ကြတာ မြို့ရောက်တဲ့အထိပါ။

သည်ကြားထဲက ထဘီအင်္ကျီတွေကအစ ရှိသမျှ ပေပေရေရေတွေကို နောက်ဖေးမှာ မဂေါက်ထူကချည်း လျှော်ဖွပ်ပေးရတယ်။ သမီးတွေအလုပ်က ပြန်လာလို့ မုန့်ပဲသရေစာပါရင် ပြောင်စားကြသတဲ့။

ကိုလှပေါက မြို့ထဲက ထမင်းဆိုင်မှာ အလုပ်လုပ်ရင်း ထမင်းဆိုင်က ထမင်းချက်မိန်းမနဲ့ ယူလိုက်ကတည်း က အိမ်မပြန်တော့တာထား။ နောက်မယားနဲ့ မွေးတဲ့ ကလေးသုံးယောက်တောင် တိုက်ခန်းမှာ လာထိုးထား သေးတာပါ။

ဥပုသ်သီတင်းရက်တွေမှာ သမီးတွေက ပိတ်ညိုကိုယ်စီနဲ့ ဆွမ်းဆန် ဆန်ဗန်းကိုယ်စီရွက်ပြီး အနားက ဘုန်းကြီးကျောင်းကို ကြော့ကြော့ကလေးသွားကြပေမယ့် မဂေါက်ထူဘဝမှာ ကုသိုလ်ဆိုတာ ရယူအပ်သော အရာ လို့ မရှိခဲ့ရှာဘူး။

အသက်ကိုးဆယ်အရွယ် ကြီးတော်ကြီးကို 
မအေလိုပြုစုရင်း တစ်အိမ်လုံးက အိမ့်ဗာဟီရတွေ ခေါင်းပေါ် ရွက်ရင်း တိုက်ခန်းအပြင်နဲ့အတွင်း ထွက်ချည် ဝင်ချည် ဘဝလုပ်နေရတာနဲ့ ပြီးခဲ့ရတယ်။

နဂိုစိတ်ကလေး ဂယောက်ဂယက်ဆိုတော့ ဖိစီးမှုအားလုံးကပဲ မဂေါက်ထူခေါင်းကို ထုသလို ထောင်းသလို ဖြစ်ခဲ့ရပုံပေါ်ပါရဲ့။ တိုက်ခန်းကို ကိုလှပေါ့က ရောင်းပြီး ကန်သာယာဘက်မှာ ပေနျစ်ဆယ်ကွက်ဝယ်ပြီး သမီး တွေထားတာကလွဲရင် မဂေါက်ထူအတွက် နေရာမရှိခဲ့ဘူး။ သည်မှာတင် မဂေါက်ထူရွာပြန်သတဲ့။

ကျွန်မရင်ထဲ မကောင်းလိုက်တာလေ။

တင်းတိပ်မျက်နှာကြီးနဲ့ သန်းဥစမ်းနေတတ်တဲ့ မဂေါက်ထူ မီးသွေးတွေ လုံးနေတတ်တဲ့ မဂေါက်ထူ။

သူ့ဘဝကကော ဘာထူးလို့လဲ။

မီးသွေးကြေမှုန့်နဲ့ ထမင်းရေ ရောနယ်ထားတဲ့ မီးသွေးလုံးလိုပါပဲကလား။

တစ်ခါက ကျွန်မကို ပြောဖူးတဲ့စကား သတိရမိတယ်။ ကျုပ်တို့က တောသူတွေဆိုတော့ တိုက်ခန်းထဲနေရသာ မွန်းသယ်တဲ့။ အခုတော့ ကျယ်ပြောလွတ်လပ်သွားပြီပေါ့လေ။

လမ်းဘေးမှာ မီးသွေးလုံးတွေ လှမ်းထားတာမြင်တိုင်း မဂေါက်ထူကို ကျွန်မ သတိရနေမိတယ်။



စာရေးသူ - ခင်ခင်ထူး

သရပါမဂ္ဂဇင်း စက်တင်ဘာလ 2011

Comments