မိခင်၏
စိတ်မထင်တိုင်း အရိုက်ခံနေရသည့် ကလေးငယ် တစ်ဦးနှယ် ကွာလာလမ်ပူ မြို့တော်သည် နေမင်း၏
ကိုယ်ဖိ ရင်ဖိ အညှာအတာကင်းမဲ့စွာ ပူလောင်နေမှုအောက်တွင် အငွေ့တလူလူနှင့် ရုန်းထွက်
နေရှာသည်။ ဥဒဟို ဖြတ်သန်း သွားလာနေကြသော လူတို့သည် စက်ရုပ်များကဲ့သို့ ပြုံးခြင်း၊
ရယ်ခြင်း ကင်းမဲ့လျက်။ မျက်လုံး အကြည့်များပင်လျှင် လေးညှို့မှ ပစ်လွှတ်လိုက်သည့် တစ်စုံတစ်ခုကို
စိုက်ဝင်တော့မည့် မြားတံတို့ပမာ စူးမြလျက်။
ကျွန်တော်နှင့်
တွေ့ဆုံရန် ချိန်းဆိုထားသော သူ၏ မျက်လုံးတို့သည်ပင် သက်မဲ့ ကျောက်ဆစ်ရုပ် တစ်ရုပ်၏
မျက်လုံးများပမာ မျက်တောင်ခတ်သည်မှအပ အေးတိ အေးစက်။
သူသည်
ကျွန်တော်နှင့် တွေ့လျှင်တွေ့ချင်း စကားမဆို နိုင်သေးဘဲ ၀င်ဝင် လာသမျှ ဖုန်းမက်ဆေ့ချ်များကို တစ်တောက်တောက်ဖြင့် ပြန်ရိုက်ပေးနေလေသည်။
သူ၏
လက်ချောင်းကလေးများသည် လိုချင်သည့် ဂဏန်း၊ စာလုံးတို့ကို အလွဲအချော်မရှိ ခပ်မြန်မြန်
ရိုက်နှိပ်နေသည်မှာ ချိန်သားတကျ ကွက်တိ။
ထို့နောက်
နောက်ဆုံးပေါ် ဖုန်းကလေးကို ခါးပတ်အိတ်ထဲ ပြန်ထည့်ကာ သူသည် ကျွန်တော့်ကို အကဲခတ်သလို
တစ်ချက်ကြည့်သည်။ သူ့အကြည့်၏ အောက်တွင် ပိန်လှီလှသော ကျွန်တော့် ခန္ဓာကိုယ်သည် ပို၍သေး
ငယ်သွားသည်ဟုပင် ခံစားလိုက်ရသည်။
“အေးဗျာ
ခင်ဗျားကတော့ ကုန်ကြမ်းပေါ့။ ကျုပ်ကတော့ ဒီခရီးလမ်းကို ခပ်ကြမ်းကြမ်း လျှောက်ခဲ့ရတာ”
စကားကို
အစသန်းပြီးနောက် သူ့အကြည့်တို့သည် ဘေးဘီမှ ဖြတ်သွားဖြတ်လာတို့ထံ ရောက်သွားပြန်သည်။
သူသည် လွန်ခဲ့သော နှစ်များကဲ့သို့ပင် စကားပြောလျှင် ကျုပ် ကျုပ်နှင့်ပင် ပြောနေသေးသည်ကို
သတိထားမိလိုက်သည်။
“ကျုပ်
ဒီကို စတက်လာတော့ အခုလာနေကြတဲ့ လူတွေလို လေယာဉ်ပျံနဲ့ ဘယ်ဟုတ်မလဲ။ ကျားကုတ် ကျားခဲ
နယ်စပ်ကို ဖြတ်ပြီးတော့ ထိုင်းနိုင်ငံကနေ တစ်ဆင့် လာရတာ။ ထိုင်းမှာ ဘာလုပ်ရသလဲဆိုတော့
လှေလိုက်ရတယ်။ မုန်တိုင်းမိတဲ့ နေ့တွေဆို လှိုင်းတွေ မူးပြီးတော့ အန်လိုက်တာ၊ ထမင်းတောင်
မစားနိုင်ဘူး။ ထိုင်းစကားနဲ့ ကတိုင် လို့ခေါ်တဲ့ ပဲ့နင်းကတော့ စက်ကလေး တစ်လုံးနဲ့ ဇိမ်ပေါ့။
အခုပေါ်တဲ့ CCTV လိုပေါ့။ ရေလုံတယ်။ အဲဒါလေးကို လှေအောက် ချလိုက်တာနဲ့ လှေအောက်မှာ
ဘာငါး ရှိတယ်ဆိုတာ သိတယ်။ အစက်အပြောက်ကလေးတွေ မြင်တာနဲ့ သိတာနော်။ အဲဒါ ပဲ့နင်းရဲ့
သဘာပေါ့”
“ပဲ့နင်းကြီးရယ်
ပဲ့နင်းငယ်ရယ်က ထိုင်းလူမျိုးတွေပေါ့။ ကျန်တာ အားလုံး မြန်မာလူမျိုးတွေ။ ရေရှူးလို့ခေါ်တဲ့
လှေခေါင်းဆောင်ကလည်း မြန်မာပဲ။ သူ့တာဝန်က လှေသမားတွေကို အုပ်ချုပ်ရတယ်။ အနည်းဆုံး လှေလိုက်သက်
၅ နှစ်ရှိတဲ့ လူပေါ့။ လှေတစ်စီးလုံး အကျွမ်းကျင်ဆုံးပဲ။ မတော်လို့ လှေရဲ့ ပန်ကာနဲ့
ရေအောက်မှာရှိတဲ့ ဒိုက်တွေ အမှိုက်တွေနဲ့ ငြိနေတဲ့အခါဆို အဲဒီလူက ရေဆင်းငုပ်ရတယ်။ သူ
တစ်ခုခုဖြစ်ရင် ကူဖို့ နောက်တစ်ယောက်လည်း ရှိတယ်။ သူတို့တွေလည်း လစာကောင်းတာပဲ။ ပဲ့နင်းတွေ
လောက်တော့ မရဘူးပေါ့။ ထိုင်းဘတ် အနည်းဆုံး ခြောက်ထောင်ပေါ့။ လစာတွေကတော့ မတူကြပါဘူး။
လုပ်ရတဲ့ အလုပ်ပေါ် မူတည်ပြီး ငါးထောင်ကနေ ရှစ်ထောင်အထိ ရှိတာပေါ့”
“နောက်ထပ်
ပိုလျှံစား ဆိုတာ ရှိသေးတယ်။ ကီလို စားပေါ့။ ငါးစျေးက ငါးကြီးရင် ကြီးသလို ၁ ကီလို
သုံးဆယ့်ငါးဘတ်။ အလတ်ဆို နှစ်ဆယ့်ငါးဘတ်။ အသေးကျတော့ ဆယ့်ရှစ်ဘတ်ကနေ နှစ်ဆယ် အထိရှိတယ်။
ကီလို စားနဲ့ရတာက ငါး ၁ ကီလို စျေးက သုံးဆယ် ဆိုရင် သုံးဘတ်ရတယ်။ ကီလိုတစ်ထောင်ဆို
ဘတ်သုံးထောင်ပေါ့။ ကံကောင်းရင် သုံးလေးရက်နဲ့ မြိုးမြိုး မြက်မြက် ရတတ် သလို ကံမကောင်းရင်တော့
တစ်လကိုး သီတင်း ကြာတတ်တယ်”
ကျွန်တော်သည်
သူ ပြောသမျှ စကားတို့ကို မီနိုင်သလောက် လိုက်မှတ်နေရာမှ စကားပြောရပ်သွားသော သူ့ကို
မော့ကြည့်မိသည်။ သူသည် ပင်ယံထက်ဆီမှ တဝေ့ဝေ့ ကြွေကျနေသော ဝါကြန့်ကြန့် ကုက္ကိုရွက်တို့ကို
နှမြောတသ သလို ငေးနေလေသည်။
သူနှင့်
ကျွန်တော်သည် လွန်ခဲ့သော သုံးနှစ်ခန့်က ဂျိုဟိုးဘာရူးပြည်နယ်တွင် ဆုံခဲ့ဖူးသေးသည်။
မြန်မာပြည်မှ ရောက်လာကြသော ကျွန်တော်နှင့် အခြား လေ့လာသူများ သိလိုသမျှကို သူက ပို့ဆောင်
ဖြေကြားပေးခြင်း ဖြစ်သည်။
သူသည်
ထိုစဉ်ကတည်းက စကားကို လိုသည်ထက် ပိုမပြော တတ်မှန်း သိခဲ့သော်လည်း ယခုကဲ့သို့ ပြောင်ပြောင်
ရောင်ရောင်တော့ မဖြစ်သေး။ ယခု သူစီးလာခဲ့သော ကားသည်ပင်လျှင် မြန်မာပြည်မှ ကျွန်တော့်
အိမ်ကလေးမျိုး အလုံးတစ်ရာထက် မနည်း တန်နေ ပေလိမ့်မည်။
“အဲဒီကမှ
ဒီမလေးကို တက်လာတာ။ မလေးလိုလည်း မတတ်၊ E လိုလည်း မတတ် ပေါ့ဗျာ။ ပထမဆုံးလုပ်ရတဲ့ အလုပ်က
ကားချိတ်တဲ့ အလုပ်။ ထိုင်းကနေ မလေးကို ပို့ပေးတဲ့ အခရော၊ အလုပ်ရှာ ပေးတဲ့ အခရော အားလုံးပေါင်း
ပွဲစားကို မလေးငွေ ထောင့်နှစ်ရာ ပေးရတယ်”
“ကျုပ်လုပ်ရတဲ့
ကားချိတ်တဲ့ အလုပ်က ကုမ္ပဏီတွေ ရုံးခန်းတွေနဲ့ မဟုတ်ဘူး။ ကျုပ် သူဌေးက တရုတ်။ ကွမ်း
အမြဲစားတယ်။ ခါးမှာ ပတ်ထားတဲ့ အိတ်ထဲမှာ အနည်းဆုံး မလေးငွေ နှစ်သောင်းလောက်တော့ အမြဲတမ်း
ထည့်ထားနိုင်တယ်။ သူ့အိမ်မှာပဲ သူစား သလိုစား၊ သူနေသလို နေရတယ်။ အလုပ်သမားလည်း ကျုပ်တစ်ယောက်တည်း။
လုပ်ရတာကတော့ သူဌေးလက်ညှိုးထိုးပြတဲ့ ကားကို ကားဆွဲတဲ့ ချိတ်မှာ ချိတ်ပေးရုံပဲ။ တစ်နေ့
နှစ်ဆယ့် ငါးကျပ် ရတယ်။ တစ်နေ့ကို တစ်စီးချိတ်ရင် ချိတ်။ နှစ်စီးချိတ် ရင်ချိတ်။ ချိတ်ပြီးတာနဲ့
ကျုပ်အလုပ်ပြီးပြီ။ အိမ်ပြန် ရေမိုးချိုးပြီး နှပ်နေရုံပဲ။ ဘယ်လောက်နိပ်သလဲ”
“အလုပ်က
အများကြီး လုပ်စရာ မလိုဘူး။ တစ်ရက် တစ်စီး။ လွန်ရော နှစ်စီးပေါ့။ တစ်ခါတလေ တစ်လလုံးမှ
ဆယ်စီး။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်အတွက် တွက်ချေကိုက်တယ်။
လုပ်ခါစကတော့ ကျုပ် မသိသေးဘူး။ ကားပဲ ပြင်စရာရှိလို့ လာယူသလိုလို၊ သူပဲ ၀ယ်ထား သလိုလိုနဲ့။
ကျုပ်သူဌေး လုပ်ပေါက် ပြောပါတယ်”
“နောက်မှ
သိရတာ။ ကျုပ်တို့ အလုပ်က ကားခိုးတဲ့ အလုပ်တဲ့။ ကျုပ်လည်း သိသိချင်း ကြောက်တာရော၊ လန့်တာရော
ရောပြီး သူဌေးကို စိတ်တိုတာပေါ့။ အဲဒီတုန်းက ကျုပ်အဖြစ်က ခါချဉ်ကောင်မာန်ကြီး တောင်ကြီး
ဖြိုမယ့်ကြံ ခါးကမသန် ဆိုတဲ့ အဖြစ်မျိုး”
“ကျုပ်
သူဌေးက အစွယ်ကောင်းတယ်ဗျ။ ကျုပ်ကို နေ့စားခ တိုးပေးတဲ့ အပြင် လုပ်ငန်း အောင်မြင်ရင်
အောင်မြင်သလို ဘီယာလေး ဘာလေးတိုက်၊ ပျော်စရာလေး ဘာလေးလည်း ရှာပေးလိုက်ပေါ့ ဟဲ ဟဲ“
“ကျုပ်
သူဌေးရဲ့ ကွန်ရက်ထဲမှာ မျောသွားတယ်။ တစ်နေ့ ကျုပ်သူဌေးက ကျုပ်ကို ချိတ်ကားကို မောင်းခိုင်းတယ်
ကိုယ့်လူ။ သူနဲ့ ချိန်းထားတဲ့ နေရာလည်း ကျုပ် ရောက်သွားရော ဘယ်အချိန်က ရောက်နေမှန်း
မသိတဲ့ မလေးရဲတွေက သေနတ်တွေနဲ့ ၀ိုင်းချိန် ထားလိုက်ကြပြီ”
“အဲဒါ
ကျုပ်ရဲ့ ကျဆုံးခန်း။ ဘဝမှာ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့ဖူးတဲ့ အုတ်နံရံ တွေနောက်ကို
ကျုပ် ရောက်သွားတယ်။ အထဲမှာ နီဂရိုးတွေနဲ့ အတူနေရတယ်။ လူသစ် ဖြစ်ရတာ ထောင်ထဲမှာတောင်
မကောင်းဘူး ကိုယ့်လူရေ။ ထစ်ခနဲ ဆို ခွပ် ခနဲပဲ။ ကျုပ် အလုပ်ခံရတာ ပြောပါတယ်။ ရေချိုးချိန်ဆို
သူတို့ ရေချိုးဖို့ ရေဖြည့်ပေး။ စားသောက်ပြီး နားချိန်ဆို နင်းနှိပ် ပေးပေါ့။ သူတို့ဆီက
ကျုပ်ရတာ ဆိုလို့ နှစ်ခုပဲရှိတယ်။ ဆေးလိပ်သောက် တတ်လာတာရယ်၊ နောက်တစ်ခုက ကျုပ်ရဲ့ လက်မောင်းမှာ
ဆေးရောင်စုံ ကျားရုပ်တစ်ရုပ် ထိုပေးလိုက်တာ ရယ်ပဲ။ ဒီမှာကြည့်”
သူသည်
ပြောပြောဆိုဆို သူ့အင်္ကျီလက်မောင်းကို မ တင်ရင်း ကျွန်တော့်အား ပြလေသည်။ မှန်ပါသည်။
ကျားတစ်ကောင် တစ်စုံတစ်ခုကို ခုန်အုပ်တော့ မည့်ဟန်ဖြစ် သည်။ ဆေးရောင်စုံဖြင့် ခြယ်သထားသည်မှာ
တကယ့် သက်ရှိ ကျားနှင့်ပင် တူလှသည်။
“ထောင်ထဲ၀င်ရတာ
အဲဒီကျားရုပ်နဲ့တင် တန်တယ်လို့ ကျုပ်ထင်တယ်။ အဲဒီ ကျားရုပ်က ကျုပ်ကိုယ်ကျုပ် ယုံကြည်မှုတွေ
ပိုလာစေတယ်။ ကြောက်စိတ်တွေ အားငယ်စိတ်တွေကို အဝေးကို ထွက်ပြေး သွားစေတယ်”
“ကျုပ်ကို
တိုက်တဲ့ ဆေးလိပ်ကလည်း မေးဦး။ ကျုပ်တို့ မြန်မာပြည်မှာဆို ဖက်လိုမျိုးပေါ့။ ဘေဂျက်လို့
ခေါ်တယ်။ အရမ်းပြင်းတဲ့ ဆေးပေါ့။ ထိုင်းဘတ်နဲ့ဆို ဆယ့်ငါးဘတ် လောက်ပေးရတယ်။ တစ်ယောက်ထဲဆို
တစ်လခွဲလောက် အေးအေးဆေးဆေးပဲ။ မီးညှိပြီးတော့ အသာလေးဖွာရတယ်။ မသောက်တတ်ရင် ချောင်းဆိုးပြီး
သီးတတ်တယ်။ စသောက်ခါစ ကတော့ ဘယ်လိုမှ မခံစားနိုင်တဲ့ အရသာမျိုး။ တဖြည်းဖြည်း သောက်တတ်လာရင်တော့
ဟင်း ဟင်း ဘာနဲ့မှ မလဲချင်တော့ဘူး”
“ထောင်ထဲမှာ
ကိုယ်ပိုင် နံပါတ်နဲ့ နေရတယ်။ ကျုပ်ရဲ့ ကိုယ်ပိုင် နံပါတ်က ၃၃၆၆ တဲ့။ ပြီးတော့ ကျုပ်ကို
ထိုင်းအစိုးရဆီ ပို့တယ်။ ထိုင်းအစိုးရကတစ်ဆင့် လူမိုက်ပွဲစားကြီး တစ်ယောက် လက်ထဲ ရောက်သွားတယ်။
အဲဒီ လူမိုက်ပွဲစားကြီးမှာ လက်နက်တွေအများကြီးနဲ့ တပည့်တပန်းတွေ ရှိတယ်။ လူမိုက်ကြီးက
အမြဲတမ်း သူ့ခါးမှာ ပစ္စတိုနှစ်လက် ထိုးထားတယ်”
“ကျုပ်တို့ကို
လိုချင်တဲ့ လူရှိရင် ရောင်းတယ်။ ပြန်ရွေးမယ့်အပေါင်း အသင်းရှိရင်တော့ တစ်ယောက်ကို ထိုင်းဘတ်
ကိုးထောင်လောက်နဲ့ ရွေးလို့ရတယ်။ ဘယ်သူမှ လာမရွေးရင်တော့ အင်ဒိုနီးရှားတို့၊ ဗီယက်နမ်တို့ဘက်
သွားတဲ့ ခိုးကုတ် လှေတွေဆီ ရောင်းပစ်လိုက်တာပဲ။ အဲဒီ လှေတွေက ငါးခိုးတဲ့လှေတွေ။ ပါသွားလို့ကတော့
ကံကောင်းမှ ကမ်းပေါ်ပြန်ရောက်မှာ။ ကံမကောင်းရင် ငါးစာပေါ့”
“လူမိုက်ကြီးနေတဲ့
နေရာက တောကြီး မျက်မည်းထဲမှာ။ တစ်ခါတလေ ထမင်း ငတ်တယ်။ ထမင်းကျွေးပြန်ရင်လည်း ဟင်းမပါဘူး။
အဲဒီစခန်းထဲမှာ မြန်မာသုံးဆယ်လောက် ရှိတယ်။ တစ်နေ့တော့ အားလုံး ရေချိုးနေကြရင်းနဲ့
ဘေးက သေနတ်တွေနဲ့စောင့်နေတဲ့ကြားက အလစ်စောင့်ပြီး အားလုံး ထွက်ပြေးကြတယ်။ ပစ်လိုက်တာမှ
တဒိုင်းဒိုင်းနဲ့။ ကျုပ်နဲ့ယှဉ်ပြေးနေတဲ့ တစ်ယောက်ဆို အားဆို ပြီးလဲကျ ကျန်နေခဲ့တာ
ပြန်မကြည့်နိုင်တော့ဘူး”
“ပြေးရင်းပြေးရင်းနဲ့
ရာဘာခြံတစ်ခြံထဲ ရောက်သွားတော့ ထိုင်းတစ်ယောက်နဲ့ တွေ့တယ်။ ရာဘာခြံပိုင်ရှင်ပေါ့။ သူလည်း
သေနတ်ရှိတာပဲ။ သူလည်း အလုပ်သမား လိုနေတဲ့ အချိန်ဆိုတော့ ကျုပ်ကို ခေါ်တာပေါ့။ သူ့ဆီမှာ
ကြာကြာမနေပါဘူး။ အလုပ်လုပ်ရင် ထိုင်းဘတ်လေး သုံးရာလောက်ရတော့ ဒီမလေးကို ပြန်တက်လာတာပါပဲ။ လမ်းမှာ အလုပ်ဝင် လုပ်လိုက် တက်လာလိုက်နဲ့ ကွာလာလမ်ပူကို ရောက်ဖို့ သုံးလလောက်
ကြာတယ်။ ကွာလာလမ်ပူ ဆိုတာကို ကြားသာ ကြားဖူးတာ မရောက်ဖူးဘူး။ တကယ့် တကယ်ရောက်တော့ ကျုပ်ဘ၀
ပြောင်းလဲ သွားတယ်”
မူလ
ကျွန်တော်နှင့်ဆုံခဲ့စဉ်က အေးတိအေးစက်နိုင်လှသော သူ့မျက်လုံးတို့သည် အရောင်လက်လာသည်ဟု
ထင်ရသည်။ သူ့စကားသံတို့သည်လည်း ပို၍တက်ကြွလာသည်ဟု ထင်မိသည်။ သူ့ကိုယ်သူ ပိုပြီးတော့
ယုံကြည်မှု ခိုင်မာလာခြင်းလည်း ဖြစ်နိုင်ပါသည်။
“အခု
ဘဝကို အဲဒီမှာ စတာပဲ” သူက မတ်တပ်ရပ် နေရာမှ လက်နှစ်ဖက်နှင့် ပေါင်ကို ပုတ်ပြီးနောက်-
“အဲဒီမှာမှ
မုဆိုးဖြစ်လာတာပဲ။ ဘဝက တစ်ချိန်လုံး သားကောင်
ဖြစ်ခဲ့ရတော့ မုဆိုး ဖြစ်လာတော့လည်း မုဆိုး ပီသချင်လာတယ်။ မုဆိုးဆိုလို့ တလွဲ မထင်လိုက်နဲ့ဦး။
တောကြီး မြိုင်မဟာထဲ အကောင် ဗလောင်တွေ ပစ်တဲ့ မုဆိုး မဟုတ်ဘူး။ ကျုပ်က လူမုဆိုး”
“ဟင်း...ဟင်း...
ဟုတ်တယ် ကျုပ်က လူ မုဆိုး။ လူလူချင်း သားကောင်လုပ်တမ်း ကစားရတာ တယ်အရသာ ရှိတယ် ကိုယ့်လူ။
ဒါပေမဲ့ ကိုယ်က မုဆိုး ဖြစ်ဖို့တော့ လိုတာပေါ့။ ဟုတ်ဘူးလား။ ဟဲ...ဟဲ...”
“ကျုပ်ကိုကြည့်
မြင်တာနဲ့ ပန်းတွေ ကြွေသွားမယ်။ ဟိုမှာ ကျုပ်စီးတဲ့ ကား”
သူ့
လက်ညှိုး ညွှန်ရာကို ကျွန်တော် ကြည့်လိုက်တော့ ပုလဲရောင်လက်နေသည့် ကားလေးတစ်စီး။ သခင့်အလိုကျ
အသင့်ဆိုသည့် သဘောမျိုးနှင့်။
“ကျုပ်ကို
အဲသလိုကားမျိုးနဲ့ ဒီနိုင်ငံမှာ တွေ့ရတော့
တချို့က အံ့သြကြတယ်။ မအံ့သြပါနဲ့။ အံ့သြတဲ့
လူတွေမှာ ကျုပ်လို ဇမရှိ လို့ပဲလို့ ကျုပ် ထင်တယ်”
“ကိုယ့်လူက
လေ့လာရေးသက်သက်လာတဲ့ စာရေးဆရာဆိုလို့ ကျုပ်က ပြောပြတာနော်။ ဟင် အခုလို ကြီးပွားလာတဲ့
အကြောင်း လား။ ဟား...ဟား... ဟုတ်သားပဲ၊ မေ့နေတာ။ ခုနပြောတဲ့ မုဆိုးလေဗျာ။ ဒီက တရုတ်
သူဌေးတွေနဲ့ အဆက်အသွယ်လုပ်ပြီး ဒီကို လာချင်ရင် ခေါ်ပေးတယ်။ ဒီက ခေါ်ချင်ရင်လည်း လာအောင်
လုပ်ပေးတယ်။ ကြားထဲက ဟဲ...ဟဲ...ဒါလေးတော့ မြိုးမြိုး မြက်မြက်လေး ရတာ ပေါ့ဗျာ”
သူက
ကျွန်တော့်ကို လက်မနှင့် လက်ညှိုး ထိပ်ချင်း ထိ၍ ၀ိုင်းပြလိုက်သေးသည်။
“မယူပါဘူး၊
မယူပါဘူး။ မိန်းမ ဘာလုပ်မှာလဲဗျာ။ အဓိက,က ငွေပဲလေ။ ငွေရှိရင် ဟော...ဟော... ပြောရင်းဆိုရင်း
ဖုန်းလာနေ ပြန်ပြီ။ ဟဲလို ရက််စ်၊ ဘော့စ် အိုကေ၊ အိုကေ ဘော့စ်။ ကဲ သွားလိုက်ဦးမယ်ဗျာ
ကွာလာလမ်ပူ လေဆိပ်မှာ မြန်မာပြည်က လာတဲ့ အသစ်ကလေးတွေ ရောက်လို့တဲ့။ အခု သွားခေါ်ရမယ်”
“ကိုယ့်လူ
လိုက်ချင် လိုက်ခဲ့ပါလား။ ကုန်ကြမ်း ထပ်ရတာပေါ့။ အိုကေ မလိုက်ချင် နေပါဗျာ။ ကျုပ်က
အသစ်လေးတွေပါလို့ ပြောတာ။ သွားမယ်နော် တာ့...တာ”
လူခါး
(ရွှေအမြုတေ
မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
Shwe Athit Digital Page မှ ကူးယူဖော်ပြပါသည်။


Comments
Post a Comment