ရာသီမိုး @ ကြည်အေး




(ရှုမဝမဂ္ဂဇင်းပါ မူရင်းသရုပ်ဖော်ပုံ ၊ ပန်းချီ - အုန်းလွင်၊ Special Thanks to "Tin Min Htet")



(၁)


လေးငါးရက် ကြာခဲ့ပြီ ဖြစ်သော်လည်း အေးအေးသည် ရှက်ကြောက်၍ မပြီးနိုင်ဘဲရှိသည်။ ရင်ကလည်းခုန်ပါဘိ၊ စာကျက်ရင်း၊ ထမင်းစားရင်း၊ စကားပြောရင်းက အမေ့ပြောစကားများကို ဗြုန်းခနဲသတိရတတ်သည်။ မျက်နှာကလေး ရဲရဲသွားအောင် ရှက်တတ်သည်။ အတန်းထဲက ကောင်မကလေးများကပင် "အေးအေး ဘာဖြစ်လို့လဲဟင်..."ဟု မေးကြသည်။ အေးအေးသည် ငေးပြီး ဘာမှမပြောဘဲ ရှက်၍သာ နေသည်။


အမေ့ပြောစကားမှာ စင်စစ်တော့ ဆန်းလှသည်မဟုတ်။ မိန်းမအဖြစ်နှင့်မွေးဖွားလာသော လူသတ္တဝါတိုင်း အရွယ်ရောက်စ၌ မိခင်ထံက ကြားရမည့် စကားပင်တည်း။


လွန်ခဲ့သော သောကြာနေ့မနက်က အေးအေးသည် ခါတိုင်းထက်အိပ်ရာထ နောက်ကျသည်။ အိမ်ဘေးက သူငယ်ချင်းမကလေးများနှင့် ပုံပြောတမ်းကစားကြရာ တစ္ဆေပုံရောက်သွားသောကြောင့် ကြောက်လည်းကြောက်၊ ကြိုက်လည်းကြိုက်ဖြစ်ကာ ညဉ့်နက်သွားကြသောကြောင့်ပင် ဖြစ်လေ၏။ ထိုညက လအလွန်သာသည်။ ထုပ်ဆီးတိုးတမ်းတော့ မကစားရတော့ပြီ၊ အမေသည် အေးအေးကိုညတိုင်း လမ်းမထွက်ခွင့် မပေးတော့ချေ။ အမေ့အကြောင်းပြချက်မှာ "အေးအေး ညည်းကလေးမဟုတ်တော့ဘူး"ဟူ၏။


"ကလေးမဟုတ်တော့ဘူး"ဟု ပြောတာလောက် မကြိုက်တာမရှိဘူးထင်သည်။ သို့သော်လည်း အေးအေးသည် လိမ္မာချင်သောသမီးဖြစ်လေရာ အမေ့စကားကို မကျေနပ်လှသော်လည်း လမ်းမ မဆင်းတော့ချေ။ ထို့ကြောင့် သူငယ်ချင်းမကလေးများက အေးအေး၏အိမ်ကို လာကြရ၏။ ကတမ်း၊ ခုန်တမ်း ကစားရ၏။ ထမင်းလက်သုပ် ရောင်းကြရ၏။ ပုံပြောကြရ၏။ အေးအေးကိုယ်၌ကလည်း တယ်ပြီး ခုန်ပေါက်ပြေးလွှားချင်လှသည်ဟု မရှိတော့ချေ။ အေးအေးသည် စိတ်ကူးယဉ်လာလေသည်။ မိမိ၏ ပုံပြောအလှည့်ရောက်သော် ကိုယ့်ဒဏ္ဍရီကိုယ်ဖာသာထွင်ယူ မိလေ၏။ အေးအေး၏ပုံထဲက ဇာတ်လိုက်မှာ ဥစ္စာစောင့်ဘဝက ဝင်စားလာသော 'မမိုးသူ' ဖြစ်လေ၏။ မမိုးသူဟူသော အမည်မှာ အေးအေး၏ အဖွားနာမည်ပင်တည်း။ အေးအေးသည် ကြားဖူးနားဝနှင့် ဖြီးကာဖျန်းကာနေလေ၏။ လူဝင်စားမကလေးသည် မွေးမွေးခြင်း "အကိုကြီးရေ"ဟု တလုံးပီပီသသ အော်လိုက်သည်။ လသာသောညတိုင်း မာလကာပင်အောက်မှာထိုင်ပြီး ငိုတတ်သည်။ ပယောဂဆရာနှင့် အစွဲချွတ်ပြန်တော့ အကိုကြီး ဥစ္စာစောင့်နှင့်လည်း မခွဲချင်၊ လူ့ဘဝက မိဘများနှင့်လည်း ချစ်ခင်နေ၍ အလွမ်းဇာတ်စလေတော့သည်။ အေးအေးသည် ကိုယ့်ပုံမှာကိုယ်တိုင်ဇာတ်လိုက်ဖြစ်ကာ ငိုတရှိုက်ရှိုက်ပင် ဖြစ်လုမခန်း ရှိလေ၏။


အိပ်ပျော်တော့တောင် အေးအေးသည် ဥစ္စာစောင့်အိပ်မက်များကိုဆက်၍ မက်နေသေး၏။ အိပ်မက်ထဲ၌ ဥစ္စာစောင့် အကိုကြီးမှာ ကိုကိုမောင်ဆွေဖြစ်နေသည်။ ကိုကိုမောင်ဆွေသည် အေးအေးမှာထားသော ယင်ငန်သီးများကို အမေတို့ အဖေတို့ မသိအောင်ဖွက်၍ ယူလာသည်။ မိုးလင်း၍ အိပ်ယာမှ နိုးသော် နေရောင်သည်အတော်ပင် ဝင်းဝါလျက်ရှိပေပြီ။ အဖေတောင် ကမ်းနားလမ်းကုန်တိုက်သို့ ထွက်သွားပြီဖြစ်လေသည်။ အေးအေးသည် အလွန်အိုက်နေသည်။ အင်္ကျီကို ကမန်းကတန်းချွတ်ပစ်ကာ ရေချိုးခန်းသို့ ပြေးဝင်သည်။ ရေချိုးပြီးမှာ အပြင်၌ထွက်ကာ သွားတိုက်နေလေ၏။


အမေက ထမင်းဟင်း ချက်ပြုတ်နေရာက ဗြုန်းကနဲရပ်လိုက်ကာ အေးအေးကိုစိုက်ကြည့်သည်။ ကြာတော့ မနေတတ် မထိုင်တတ်ပင်ဖြစ်လာသည်။ အမေသည် သည်လိုပင်မျက်တောင်မခတ်ကြည့်တတ်သည်။ ညအိပ်ယာဝင်ပြီဆိုလျှင် အေးအေးသည် အမေနှင့်မျက်နှာချင်းဆိုင်ပြီး နေချင်သော်လည်း အမြဲကျောပေးပြီး အိပ်ရသည်။ ဒါမှ အိပ်ပျော်သည်။ သို့မဟုတ်လျှင် အမေက တစေ့စေ့ကြည့်နေတတ်ရာကား နေမထိထိုင်မသာနှင့် အိပ်မပျော်တော့ချေ။


ယခုတလော ကြည့်ပုံကတော့ ပို၍ပင် စိတ်ညစ်စရာကောင်းသေးသည်။ အမေ့အကြည့်ထဲတွင် အပြစ်ဆိုချင်ဟန် ဆူပူချင်ဟန်များကို တွေ့ရသလိုလို ထင်မိသည်။ အေးအေးသည် အပြစ်မရှိပါဘဲ အပြစ်ရှိသလိုဖြစ်ကာ မလုံမလဲရှိလှသည်။


အမေက ပထမဆူပြီး အစပျိုးသည်မှာ "ရေချိုးပြီးမှ သွားတိုက်ရသလားအေ့... ထမင်းစားပြီးမှပဲ တိုက်ပါတော့အေ..."


တကယ်တော့ အမေသည် ဒါကိုအရေးတကြီးထား၍ပြောချင်တာမဟုတ်ဟု အေးအေးသိလေသည်။ အေးအေးသည် ဘာမှပြန်မပြောဘဲ သွားတိုက်မြဲတိုက်နေသည်။


"အေးအေးနော်...."ဟုအမေက ချော့သံလိုလို ငေါက်သံလိုလို မဝေခွဲတတ်သော အသံနေအသံထားနှင့်ပြောသည်။ "အေးအေးနော် ညည်းမငယ်တော့ဘူး၊ ကလေးမှ မဟုတ်ဘဲ..." ထို့နောက် အမေသည် မျက်နှာကို တဖက်လွှဲကာ "ရေချိုးတဲ့အခါ ထမီကို ရင်ရှားရတယ်အေ့"ဟုပြောလိုက်လေရာ အေးအေးနားထဲ၌ အမြှောက်ဆယ်လုံး တပြိုင်ထဲ ပစ်လိုက်သလို အလန့်တကြား မြည်ဟီးသွားလေ၏။


အေးအေးသည် ယောင်ကမ်းကမ်းနှင့်သွားဆက်တိုက်လိုက်သေး၏။ ထို့နောက် ဘာမှမပြောဘဲ မိမိအိပ်ယာသို့ ပြန်ပြေးခဲ့လေသည်။ ရှက်လိုက်တာ၊ ရှက်လိုက်တာ အမေ့ကိုစိတ်ဆိုးချင်သလိုလိုပင်၊ ဘာဖြစ်လို့ သည်လိုပြောရပါလိမ့်၊ ငါဘာသာငါလုပ်မှာပေါ့...၊ ငါသိသားပဲဟာ၊ သို့သော်လည်း အမှန်မှာ အေးအေးသည် ထဘီရှင်ရှား ဝတ်ဖို့တခါမှ စိတ်မကူးမိသေးချေ။


စိတ်ကိုတင်းပြီး ထမင်းစားသော်လည်း မမြိန်ရှက်ချေ။ ထို့ကြောင့် ကျောင်းသို့ စောစောထွက်ခဲ့ရ၏။ အေးအေးကို ယခုကျောင်းသို့ တယောက်ထဲမလွှတ်တော့ပြီ။ တအိမ်ကျော်က ကိုကိုမောင်ဆွေကို သွားစောင့်ရ၏။ ကိုကိုမောင်ဆွေက ကျောင်းအထိ လိုက်ပို့ပြီးမှ သူ့ရုံးသို့သူဆက်၍ သွားလေ၏။


ကိုကိုမောင်ဆွေ၏ အိမ်သို့ရောက်သော် အေးအေးသည် ခါတိုင်းလိုပျော်ရွှင်စိတ်နှင့် လှမ်းပြီးမအော်ခေါ်မိချေ။ အိမ်ရှေ့လှေကားမှာ ခပ်ငေးငေးထိုင်မိ၏။ ရှက်စိတ်များဝေနေ၏။ ဘာကြောင့်သည်လောက် ရှက်နေသလဲတော့မသိ၊ အရင်တုန်းကဆိုလျှင် ရှက်လျှင်ငိုပစ်လိုက်သည်။ ယခုတော့ ငိုလည်းမငိုချင်ပေ။ ဖျားသလို တကိုယ်လုံး ပူနေလေသည်။ ထိတ်လန့်ခြင်းလည်းဖြစ်လေသည်။


ကိုကိုမောင်ဆွေကတောင် ပြောရသည် "ဟေ့... မိအေး နေမကောင်းဘူးလား။ မျက်နှာတွေ အမ်းနေသလိုလို" ကိုကိုမောင်ဆွေသည် နဖူးကို ခပ်ဖိဖိလာ၍စမ်း၏။ ထို့နောက် အေးအေး၏ နဖူးပေါ်ကဗွေပိုကလေးကို ရစ်ဝေ့၍ပေါက်သော ဆံပင် လိမ်လိမ်ကွေ့ကွေ့ကလေးများကို ချစ်စနိုးသပ်၍ ပေးလေ၏။


သည်တော့မှ ငိုချင်လာ၏။ အားလည်းရှိလာလိုက်သေး၏။ ကိုကိုမောင်ဆွေ၏ လက်ဖဝါးများမှာ နွေးထွေးလှသည်။ အရွယ်ရောက်သော ယောက်ျားလက်မို့မာ၍ ကြမ်းသော်လည်း ဖိကပ်ပြီး နေလိုက်ချင်၏။ အေးအေးသည် မျက်ရည်စများနှင့် မော့၍ ကြည့်၏။ ကိုကိုမောင်ဆွေ၏ လက်ချောင်းများကြားမှ သူ့မျက်နှာကို တမြှောင်းစီမြင်ရသည်။ သိပ်ချောတာပဲဟုထင်၏။ မိန်းမထဲမှာတော့ အေးအေးတို့အတန်းကို အင်္ဂလိပ်စာပြဿာ ဆရာမလေးသည် အချောဆုံးပင်။


အေးအေးသည် မိမိလည်းချောရင် ကောင်းမှာပဲ၊ ချောသလာမသိဟု တွေးမိ၏။ ကိုကိုမောင်ဆွေ၏ လက်ချောင်းများကို ဖယ်ရှားပစ်ပြီး ဗြုန်းကနဲ ပြေးထွက်သွား၏။ ဘုရားစင်အောက်မှာ ချိတ်ထားသော မှန်ကိုခြေဖျားထောက်ပြီး ကြည်လေ၏။ မှန်ထဲတွင် မျက်နှာတခုလုံး ရဲရဲနီသော ကလေးလည်းမဟုတ်၊ လူကြီးလည်း မပီသေးသည့် မိန်းမငယ်တစ်ယောက်ကို မြင်ရလေ၏။


"အောင်မယ်... အပျိုက မှန်ကြိုက်တတ်လာပြီ"ဟု ကိုကိုမောင်ဆွေက နောက်သည်။ သူအင်မတန်စတတ်သည်။ စည်းကမ်းမရှိသောစကားမျိုးကိုလည်း ပြောလေ့ရှိသည်။ သူ့စကားများမှာ အမေတို့ပြောစကားများနှင့် ကန့်လန့်ချည်းဖြစ်လေသည်။ သို့သော် ကိုကိုမောင်ဆွေက ဘာပြောပြော အေးအေးမရှက်၊ ဂရုလည်းမစိုက်၊ အဓိပ္ပာယ်လည်း မကောက်၊ ရယ်ကာသာ နေသည်။ ကိုကိုမောင်ဆွေကြီးကိုချစ်သည်။


နှစ်ယောက်သားကျောင်းသို့သွားသော် အေးအေးသည် ခါတိုင်းထက်ပျော်သလိုလို စိတ်လှုပ်ရှားနေလေသည်။ ပုခုံးပေါ်လာတင်သော သူ့လက်ကိုပဲ သဘောကျနေသည်။ ပါးပြင်ကိုဆွဲယူပြီးမျက်နှာအပ်ကာ နမ်းလိုက်ချင်သည်။ စင်စစ်တော့ ကိုကိုမောင်ဆွေသည် အေးအေး၏မိတ်ဆွေကောင်းကြီးပေတည်း။ အေးအေးမှာ ပြောစရာတွေလည်းရှိ၊ အမေ့ကိုလည်းမပြောရဲဖြစ်နေသည့်အခါ ကိုကိုမောင်ဆွေကိုပြောရသည်။ အမေတို့မကြိုက်သော ရုပ်ရှင်အကြောင်း၊ သီချင်းအကြောင်း၊ ဝတ္ထုမဂ္ဂဇင်းအကြောင်းများကို သူနှင့်ပြောရသည်။ သူငယ်ချင်းများနှင့်မခေါ်သည့်အခါမျိုး၌ကား "အမယ်လေး... ကိုကိုမောင်ဆွေ ရှိပေလို့၊ နို့မဟုတ်ရင် သိပ်ပျင်းမှာ၊ သူတို့ကို ငါကချည်း စစခေါ်နေရမှာ"ဟု တွေးပြီး ကျေးဇူးတင်တတ်သည်။


အိမ်မှဆိုလျှင် ဘာမှမလွတ်လပ်ချေ။ အမေက နေရာတကာပါလွန်းသည်။ အခုတလောဆို ရှက်တာကလည်းတမျိုးနှင့် ဘယ်လိုနေရမှန်းမသိချေ။ အိမ်မှာစကားပေါ့ စကားပျက်ပြောလို့မရ။ သီချင်းကျယ်ကျယ်ဆိုလျှင်တောင် ယခုမကြိုက်ချင်ကြတော့ပြီ။ မနက်အိပ်ယာကထ၍ ရေချိုးလျှင် စိတ်ဒုက္ခတမျိုးဖြစ်သည်။ အမေ့စကားကို နားလည်းထောင်ချင်၏။ ဂွတိုက်ပြီး လုပ်ချင်စိတ်လည်း ထူးထူးဆန်းဆန်းပေါ်ပေါက်လာတတ်သေးသည်။ သို့သော် အမေကွယ်ရာပင်ဖြစ်စေဦးတော့ အေးအေးသည် စိတ်တမျိုးဖြစ်ကာ ဝမ်းကွဲအမ အပျိုကြီးများဟန်ကို အတုခိုးကာနေမိလေတော့သည်။ ထမီကို ခြေသလုံးသားကလေး ပေါ်ရုံသာလှန်ကာ သေသေသပ်သပ် ဆပ်ပြာတိုက်သည်။ ရင်မှာဝတ်ထားရသဖြင့် ကျပ်တတ်တတ်နေသော်လည်း စောင်ခြုံထားရသလို စိတ်လုံခြုံလျက် ရှိနေလေတော့သည်။ မျက်နှာကိုဆပ်ပြာတိုက်ရင်း လူကြီးများလုပ်သလို မျက်လုံးဖွင့်စမ်းသည်။ အရင်ကဆိုလျှင် ရေအထပ်ထပ်လောင်းပြီးမှ မျက်စိဖွင့်ရဲသည်။ ကံကောင်းချင်တော့ ဆပ်ပြာမြှုပ်များသည် မျက်လုံးထဲသို့ မဝင်ဘဲနေကြရာ အေးအေးသည် ကျေနပ်သွားပြီး နောက်နောင်မျက်နှာတိုက်လျှင် မျက်လုံးဖွင့်ဖွင့်ပြီးနေဖို့ ဆုံးဖြတ်လိုက်လေသည်။


ဘာပဲဖြစ်ဖြစ် ရှက်တာကတော့ မပျောက်နိုင်။ အမေ့ကိုလည်း မျက်နှာချင်းမဆိုင်ဝံ့သလိုဖြစ်နေလေရာ အိမ်မှာတယ်ပြီး မနေမိတော့ချေ။ ကိုကိုမောင်ဆွေဆီချည်းပဲ သွားနေသည်။ သူငယ်ချင်မကလေးများနှင့်လည်း ယခုတလောမတဲ့လှ။


သည်လိုဆိုပြန်တော့လည်း အမေ့မှာ ပြောစရာရလာပြန်သည်။ "ဟဲ့... မအေး၊ လည်လှချည်လားအေ၊ နေဝင်မိုးချုပ်အထိ သူများ အိမ်မှာနေရသလား မိန်းကလေးအေ့... ယောကျ်ားလေးမဟုတ်ဘူး"


အေးအေးသည် ဘာကြောင့်မှန်းမသိ၊ အလွန်နာကြည်းသွားကာ မျက်နှာအောက်သိုး၍ "ဘယ်က သူများအိမ်ရမှာလဲ၊ ကိုကိုမောင်ဆွေဆီသွားတာ"


အမေသည် တခုခုပြောဦးမည်ပြုပြီး မပြောတော့ချေ။ မျက်လုံးများအရောင်တောက်လာကာ သမီးဖြစ်သူကိုကြည့်သည်။ အေးအေးနားမလည်နိုင်သော လျို့ဝှက်သည့် အရိပ်အငွေ့များ သန်းသလိုလို၊ ယခုတလောဒါတွေချည်း တွေ့နေရသည်။ ကြပ်ပါဘိတယ်နော်ဟုသာ ညည်းချင်သည်။ သို့သော်လည်း အေးအေးသည် တယ်ဂရုမစိုက်တော့ဘဲ ကိုယ့်ဘာသာ နေတတ်သလို နေသွားဖို့သာရှိသည်။ အမေက ဘာလိုချင်မှန်းမသိ၊ သမီးဖြစ်သူက ဘာပေးရမှန်းမသိ၊ မိမိအပေါ်မိဘများသည် အနည်းငယ် ရက်စက်လာသည်ဟု ထင်စပြုသည်။ ဘာကြောင့်ငါဟာ ကလေးမဟုတ်တော့လို့လား၊ မိန်းကလေးမို့လား။ သို့သော် အေးအေးသည် သူငယ်ချင်းမလေးများနှင့် ပြန်တည့်သွားကာ ကိုကိုမောင်ဆွေတို့ အိမ်ဘက်သို့ မရောက်ပြန်တော့ချေ။ ထို့ကြောင့် အိမ်လည်ပြဿနာသည် အလိုလိုပြေသွားလေသည်။


(၂)


ကျောင်းတတ်ရသည်မှာလည်း ပျင်းစရာကောင်း၍လာသည်။ အထူးသဖြင့် အတွက်တွက်ရ သည်မှာပျင်းစရာသက်သက်ပေတည်း။ အင်္ဂလိပ်စာဖတ်ရတာ ပျော်စရာကောင်းသည်။ ခင်လက်မကလေးအကြောင်းများဆိုလျှင်တော့ ဖတ်၍ မငြီးနိုင်၊ ဖားမကြီးသားနှင့် ခင်လက်မလေးကို မင်္ဂလာဆောင်တော့မည် လုပ်သည့်အခါမူကား အေးအေးသည် မခံချိမခံသာ ဖြစ်လျက်ဒေါသထွက်၏။ သည်လောက်အရုပ်ဆိုးတဲ့ ဖားကြီးများဟု မဲ့ရွဲ့မိ၏။ ပုံပြောဆရာကိုလည်း သည်းမခံနိုင်ဖြစ်မိသည်။ သို့သော်လည်း ကံကောင်းထောက်မ၍ ခင်လက်မကလေးသည် နောက်ဆုံးပန်းနတ်သားကလေးနှင့်ရလေရာ အေးအေးသည် စိတ်နှလုံးနူးညွတ် နစ်မြောသွားလေသည်။


ထိုနေ့သည် သောကြာနေ့ဖြစ်ရကား အင်္ဂလိပ်စာဖတ်ပြီးသော် မိန်းကလေးတို့သည် အချုပ်အလုပ်သင်ရန် တချိန်ယူကြရသည်။ သူတို့အခေါ်အတိုင်းထို "အပ်ချုပ်ချိန်"မှာ ပျော်စရာကောင်းလှပေ၏။ မိန်းကလေးများဝိုင်းစုကာ စကားမျိုးစုံပြောရသည်။ အချုပ်အလုပ်သင် ဆရာမကမူကား ထိုအချိန်ဆိုလျှင် ကျောင်းအုပ်ဆရာမကြီး၏မောင်နှင့် စကားပြောနေတတ်သည်။ ဆရာမ၏ ထူးဆန်းသော ပြုံးစနကလေးများကိုမြင်ရတတ်သည်။ ဘာဖြစ်ဖြစ်ကျေနပ်၏။ အကြောင်းမူကား ကျောင်းသူမလေးများကို အဖက်လှည့်၍မျှ မလုပ်သောကြောင့် သူတို့တတွေထင်သလို နေနိုင်သည်။ ပြီးတော့လည်း သူတို့၏ချုပ်လုပ်ပြီးသား ပစ္စည်းများမှာ ကိုင်ကြည့်ချင်စရာပင် မကောင်းလှချေ။ သိုးမွေးဦးထုပ်ကလေးများမှာ နကိုရောင် ပျောက်ကာ ချွေးနှင့်လည်း ညစ်သေး၏။ အပင်ကျကာ အပေါက်အပေါက်နှင့်လည်း ရှိသည်။ အေးအေး၏ဦးထုပ်မှာ အပင်တရာနှင့်စထားရာ တမိုက်မျှရသော် အပင်နှစ်ဆယ်ကျော်ကျော်ကလေး ကျန်တော့သဖြင့် အပင်သိမ်းဖို့ရာမလိုတော့ဘဲ ဖြစ်နေလေတော့၏။ အေးအေးနှင့်မတဲ့ဆုံး နယ်လီကမူကား အပင်တရာစလျှင် တရာ့ငါးဆယ်လောက်ရအောင် ဟိုကသည်က ကောက်တတ်လေသည်။ ထို့ကြောင့် နှစ်ကုန်ခါနီး၍ စစ်ဆေးကြည့်ရှုလာခါနီးလျှင် ဆရာမသည် လက်မအားတော့ချေ။ သိုးမွေးဦးထုပ်များ တလုံးပြီးတလုံးထိုးကာ ကျောင်းသူမကလေးများ နာမည်ကပ်ရသည်။


အေးအေးသည် မိမိ၏စာအိတ်ကလေးကို ယူကာ ထိုးလက်၏ သိုးမွေးစနှင့် သိုးမွေးခင်ကိုယူလေ၏။ ပန်းရောင်သိုးမွေးမှာ လက်ကချေးညှော်နှင့်ချွေးကြောင့် လိမ္မော်ရောင် ညစ်ထပ်ထပ်အကွက်များ ထင်နေ၏။ လက်ကို ဘယ်လိုပင် ဆပ်ပြာနှင့် ဆေးသော်လည်း မစင်ချေ။ သိုမွေးဦးထုပ်မှာ နမ်းကြည့်သည့်အခါ ချဉ်စော်ပင် နံလိုက်သေး၏။ စိတ်ပျက်သွားပြီး ဘေးက ကလေးများ၏ ပစ္စည်းလေးများကို ကြည့်သော် သူလိုကိုယ်လိုထက် မထူးသည်ကိုတွေ့ရ၏။ စိတ်သက်သာသွားပြီး နယ်လီ့ ဦးထုပ်ကိုကြည့်သည်။


နယ်လီကို ခက်သလောက် မျက်နှာကြော မတဲ့လှရကား၊ နယ်လီလုပ်သည့် အရာကိုလည်း ကောင်းမည်မထင်ချေ။ သို့သော် နယ်လီထိုးနေသော ဦးထုပ်မှာ အားလုံးထဲတံင် အဖြူစင်ဆုံး နကိုရောင်အပေါ်ဆုံးပေတည်း။ အဆင်အကွက်လည်းမပျက်ရှိလေရာ၊ အပင်ကျပုံ လိုသည်ထက် ပိုပွားပုံ မပေါ်ချေ။ နယ်လီ၏ လက်ချောင်းကလေးများသည် သွက်လက်လှသည်။


"သူက ကုလားချီးမကိုး တတ်မှာပေါ့ ဒါပေမယ့် သူ့ဟာကြီးက ကောင်းလဲ မကောင်းပါဘူး..."ဟု တွေး၏။


နယ်လီသည် အေးအေး၏ကိုကိုမောင်ဆွေကို အင်မတန်အရေးပေးချင်၏။ နယ်လီသည် အပျိုဘော်လည်းဝင်လာပြီ၊ အတန်းထဲတွင်အကြီးဆုံးလည်းဖြစ်၍ အင်္ဂလိပ်သွေးနှင့် ကုလားသွေးလည်း တဝက်တပျက်စပ်ရကား ထွားကျိုင်းသန်မာလှသည်။


"ငါတော့ပြီးတော့မယ် ဆရာ"ဟု နယ်လီကဦးထုပ်ကလေးကို မြှောက်၍ပြလေ၏။


"ဟုတ်လား..."ဟု ဂရုမစိုက်သလို ဟန်လုပ်ပြီး ခေါင်းမလှည့်သော်လည်း မျက်စိကစွေစောင်းလှမ်းကြည့်မိသည်။


"ဒီကိုလာပါကွဲ့၊ ဟေ့ လာကြပါကွယ် အားလုံး တို့ဒီမှာ စကားပြောရအောင်..."


ကျောင်းသူမကလေးတို့သည် လက်ကအချုပ်ထိုးတချက်၊ မထိုးတချက်နှင့် စကားပြောကြသည်။


ဆူဆူညံညံကြားထဲက နယ်လီသည် အားလုံးကိုလွှမ်းမိုး၍ အော်ရယ်တတ်သည်။ ဣန္ဒြေလည်း နဲနဲမှမရ။ လက်ကိုင်ပုဝါကို အင်္ကျီရင်ဘတ်ထဲထည့်လိုက်၊ ပြန်ထုတ်လိုက်နှင့် လုပ်သည်။ ကျစ်ဆံမြီးကိုလည်း ဘယ်တဘက် ညာတဘက် ပြင်ပြီးကျစ်ပြန်သည်။ နောက်ဆုံး၌ကား မျက်နှာပြောင်စပ်စပ်နှင့် အချောက်တိုက်ရယ်ကာ "ဟောဟိုမှာ"ဟု မေးငေါ့၍ပြလေသည်။


နယ်လီမေးငေါ့ပြရာသို့ အားလုံးလည်၍ သွားကာကြည့်ကြလျှင် ကျောင်းအဆင်းလာကြိုသော မော်တော်ကား ဒရိုင်ဘာများကို တသိုက်ကြီးတွေ့ရ၏။


"ဟောဟိုမှာ ညည်းအဆက်"ဟု နယ်လီက မဆီအဆိုင် အေးအေးကိုလက်ညှိုးထိုးလေ၏။


"အောင်မာ... ငါဘာသာငါနေတာပါ... နင်ကဘာလဲ..."ဟုသာပြောတတ်၏။ သို့သော် အေးအေးသည် ထိုစကားမျိုးကိုမကြိုက်သလို ကြိုက်သလိုရှိကာ မျက်နှာထား မတတ်ဘဲ လှမ်းတော့ကြည့်လိုက်မိ၏။ နယ်လီပြသူမှာ ရုပ်ဖြောင့်ဖြောင့် ကိုယ်ခပ်တောင့်တောင့်ပင်၊ သို့သော်လည်း ယောက်ျားမားမားကြီးဖြစ်ရကား အေးအေးသည် စိတ်မထွေပြားလှချေ။


ထိုလူသည် ဘယ်သူ့ကိုမှန်းမသိပြုံး၍ပြသည်။ အေးအေးသည် စိတ်တုန်လှုပ်သွားကား မျက်နှာပျက်သွားပြီး ဘေးကမိန်းကလေးများရိပ်မိသလားဟု လှည့်ပတ်ကြည့်မိ၏။ နယ်လီကခပ်ရဲရဲကလေး ပြန်လည်ပြုံးသည်ကိုတွေ့ရ၏။ နယ်လီလုပ်သလို လုပ်ချင်ချင်လည်းဖြစ်လာ၏။ သို့သော် ထိုလူသည် အေးအေးကို အဖက်မလုပ်ချေ။


ကျောင်းသူမကလေးတသိုက်သည် စကားပြောအနည်းငယ်တိုးသွားသည်။ အေးအေးလည်း စိတ်ဝင်စားလာသည်။ ဆရာမအလိုတော်ရိ သုံးလေးယောက်သည် ခပ်လှမ်းလှမ်းမှာ တည်းတည်ကြည်ကြည်နေကြသည်။ သူတို့ကြားမှာ ကြောက်လှရသည်။ အေးအေးသည်တိုးဝင်လာသော ခေါင်းများကြားဝယ် ဇက်ခိုင်နေမိလေသည်။


"ဟေ့ ဟေ့... ဟိုဘက်ကစားကွင်းမှာ လာလာကစားတဲ့ ကောင်က ဘယ်သူတဲ့လဲ"ဟု မေက မေးလေ၏။


"ဘယ်ကကောင်လဲ မသိပေါင်တော်"ဟု နယ်လီက ဖြေ၏။


"အမယ်...ညည်းကိုစာလိုက်ပေးတာ ငါတွေ့သားပဲ၊ မနေ့ကနေ့လည်အိမ်ပြန်တော့လေ... ညည်းတောင် စာကို ဆွဲဆုတ်ပစ်သေးတယ်လေ"


"မဟုတ်ပါဘူးဟယ်... မြမြကိုမေးကြည့်ပါဦး၊ အဲဒီတုန်းက မြမြရှိပါတယ်၊ ငါ့ကိုစာလိုက်ပေးတာ မဟုတ်ပါဘူး၊ သူ့ဘာသာ ဘော်လုံးလိုက်ကောက်တာပါ"


မြမြက နယ်လီကိုထောက်ခံ၏။ စင်စစ်မြမြနှင့်နယ်လီမှာ နှစ်ယောက်သားတိုင်ပင်၍ ရည်းစားကိုယ်စီထားကြသူများ ဖြစ်လေ၏။ သူတို့နှစ်ယောက်သည် ရည်စားစာချင်း လဲဖတ်ကြသည်။ ညနေကျောင်းဆင်းချိန်မှာ ကိုယ့်ရည်းစားကိုယ် ချိန်းတွေ့ကြသည်။ သူတို့၏ ရည်းစားများမှာလည်း ကစားကွင်းသို့လာကစားကြသော တရုတ်ကပြား တေတေပေပေကလေးများပေတည်း။


မြမြနှင့်နယ်လီတို့သည် အေးအေးကိုများတော့ ဂရုစိုက်လောက်စရာဟု မထင်ကြပေ၊ အေးအေးရှေ့မှာပင် ညစ်တီးညစ်ပတ်စကားများ ပြောလေသည်။ ဘယ်ကတတ်သလဲတော့ မသိ၊ အေးအေးပြောလိုက်သည့် စကားများကိုလည်း အနက်ကောက်ပြီးရယ်တတ်သည်။ အပျိုဟန်ပန်လည်းလုပ်တတ်သည်။ ထို့နောက်အေးအေးကို သင်ကြသည်မှာ "ဟိုဘက်က လက်ဖက်ရည်ဆိုင်ကို ဟိုကောင်မတွေနဲ့ လိုက်လိုက်မသွားနဲ့... အဲသည်မှာနောက်ပိုးတွေရှိတယ် သိရဲ့လား.."


"ရှိတော့ဘာဖြစ်သလဲ"ဟု အေးအေးက ခပ်ရိုးရိုးမို့မေးမိသည်။


"လက်သရမ်းတာပေ့ါ ရှင့်"


"ဘယ်လိုလဲကွ"


"ဟော ဒီလို"ဟု နယ်လီက လက်သရမ်းပြလိုက်လေရာ... အေးအေးသည် နာလည်းနာ၊ ရှက်လည်းရှက်ပြီး ငိုရသေး၏။


အဲသည်တုန်းကတော့ အေးအေးသည် နယ်လီတို့နှင့် အရောမဝင်တော့ဟု ထင်စားမိ၏။ သို့သော် မနေနိုင်ချေ။ နယ်လီနှင့် မြမြတို့ ပြောကြသည်များကို ယခုအဓိပ္ပာယ်လည်း နားလည်တတ်လာ၏။ တိတ်တဆိတ်လည်း အရသာတွေ့၏။ ကိုယ်တိုင်လည်း ပြောကြည့်ချင်၏။ မတတ်လို့သာနေရသည်။ မိမိထက်ငယ်သေယ ကလေးမများနှင့် ဇယ်ခုနစ်လုံးကောက်ရတာ ဒန်းလွှဲရတာကိုအမြဲ မပျော်ပိုက်နိုင်ပြီ။


"အေးအေးရေ နင့်ကိုကိုမောင်ဆွေလဲ မတွေ့သေးပါ့လား"ဟု နယ်လီက ဟိုဟိုသည်သည်ကြည့်ကာ ပြောလေ၏။


"သူက လေးနာရီမှ ရုံးဆင်းမှာ"


"ငါညည်းကို စောင့်နေပါ့မယ်၊ ညည်းတယောက်ထဲ"ဟု နယ်လီကပြောလေ၏။


"ဟင့်အင်း၊ ငါစာကူးနေမှာပေါ့"


နယ်လီ့ကို ကိုကိုမောင်ဆွေနှင့် မတွေ့စေချင်ပေ။


"ငါလည်းစာကူစရာရှိသေးတယ်၊ တို့နှစ်ယောက်အတူ ကူးတာပေါ့"


မြမြကလည်း သူပါနေမည်ဟုပြောလေရာ အေးအေးမတတ်နိုင်တော့ချေ။


"ကိုကိုမောင်ဆွေက ညည်းဦးလေးအရင်းလား"ဟု မြမြက မေး၏။ မိန်းကလေးမျက်နှာမှာ မျက်နှာပိုးမသတ်တာကို ဟန်လုပ်ပြီးလုံလှပြီ ထင်နေသောအမူအရာနှင့်ပင်။


"ဦးလေး နှစ်ဝမ်းကွဲ"ဟု အေးအေးက မဖြေချင့်ဖြေချင် ဖြေ၏။


"ချောတယ်နော်...."


"အင်း..."


"သူနဲ့ပါလာတဲ့ လူကြီးက သာချောသေး"


အေးအေးကနိုးကြားလာကာ "အမယ် ဘာချောလို့တုန်း... ဒီလူကြီးက သွားခေါကြီးဥစ္စာ၊ ကိုကိုမောင်ဆွေက အသားလဲဖြူသေးရဲ့"


"သွားမခေါပါဘူးတော်..."


"ခေါလွန်းလို့..."


"အမယ်... ငါတော့ ကိုကိုမောင်ဆွေက ပိုချောတယ်ထင်တယ်"ဟု နယ်လီကမျက်စ တဖက်ချီ၍ပြောလေ၏။ ထိုအခါများဆိုလျှင် နယ်လီသည် လူကြီးစင်စ်ဖြစ်လေပြီဟု အေးအေးထင်တတ်သည်။ နယ်လီ့အမူအယာများသည် အတော်အတန်ကြီးရင့်ပေပြီ။


မြမြကနယ်လီကို ပြိုင်မငြင်းချေ။ သူတို့သည် အချင်းချင်းနားလည်ပြုံးပြုံကြလေ၏။ "အေးလေ... ငါကတော့ ဟိုလူကြီးက ချောတာပဲပေါ့"


လေးနာရီထိုးသော် သူတို့သုံးယောက်သည် ကိုကိုမောင်ဆွေနှင့် ဟိုလူကြီးတို့နှင့် အတူပြန်ကြသည်။


နယ်လီနှင့် မြမြတို့သည် အေးအေးကို တယ်ဂရုမစိုက်တော့ဘဲ ယောကျ်ား နှစ်ယောက်ကိုသာ စကားပြောလျက်ရှိလေသည်။ သူတို့သည် အပျိုမားမားကြီးများနှင့် မတူတူအောင်ကြိုးစားရသည်မှာ မောလှလေပြီ။ နယ်လီပင်လျှင် မျက်စ တဖက်ချီရလွန်း၍ ညာဘက်မျက်ခုံးတဖက်ထဲ ညောင်းလျက်ရှိ၏။ ဘယ်ဘက်ပြောင်းချီမည် ကြံသော်လည်း ဘယ်မသန်ရကား နှစ်ဖက်လုံးမြင့်တက်သွားသဖြင့် လက်လျော့ရလေ၏။


ကိုကိုမောင်ဆွေနှင့်ပါလာသူမှာ "ကောင်မလေးတွေ... ကောင်မလေးတွေ..."ဟု ပါးစပ်က ခေါ်ရင်းလက်က ကောင်မလေးနှစ်ယောက်ကို ပွတ်သပ်ဖက်ယက်လုပ်လာ၏။ ကိုကိုမောင်ဆွေကလည်း တချက်တချက်ဝင်ပြီး ခေါင်းပုတ်လား၊ ပါးဆွဲလား လုပ်လေရာ အေးအေးသည် မျက်ရည်များ စို့လာမိလေတော့သည်။


အေးအေးမျက်စိထဲမှာ သူတို့လေးယောက်ကိုကြည့်၍မရ။ မိမိကိုယ်ကို လူမမယ်အရွယ် ကလေးလို့ထင်ကာ စိတ်အားငယ်၏။ မိမိကို ဘယ်သူကမှ မဖက်မလုပ်ဘူးထင်၏။ ခါတိုင်းလို ကိုကိုမောင်ဆွေနှင့် နှစ်ယောက်ထဲ အေးအေးပြန်ချင်လေ၏။ သူတို့တတွေ လက်တွေ၊ မေးတွေ၊ ပုခုံးတွေ၊ ခါးတွေ ရှုပ်နေတာကိုတော့ ကြည့်ရတာနည်းနည်းရှက်သည်။


သို့သော် အေးအေးသည် မျက်ရည် ကျကျနနမစို့ရခင် ကိုကိုမောင်ဆွေ၏လက်တဖက်သည် အေးအေး၏ပခုံးကို ညင်သာစွာလာ၍ ဆုပ်၏။ စိတ်ပြေလိုက်တာ၊ ကိုကိုမောင်ဆွေကိုချစ်တယ်၊ ကိုကိုမောင်ဆွေ၏ လက်ချောင်းများသည် အေးအေး၏ကျစ်ဆံမြီးကို ဖြေနေကြလေသည်။ အေးအေးကားရင်ထဲ၌ လှိုက်လှဲကျေနပ်၏။ ကိုကိုမောင်ဆွေသည် နယ်လီတို့ကို ဂရုမစိုက်တော့ဘဲရှိလေ၏။


"အေးအေးက ငြိမ်လှချည့်လား"ဟု ဟိုလူကြီးကလှည့်လာသော် ကိုကိုမောင်ဆွေ၏လက်မောင်းများသည် မာကျောသွားပြီး အေးအေး၏ပုခုံးနှင့်လည်ဂုတ်ကို ဖိမိလေ၏။ အေးအေးသည် ပြုံးရွှင်ကာ နေလိုက်မိပြီး မကြားချင်ယောင် ဆောင်နေလေသည်။


ထိုညနေအိမ်ပြန်ရသည်မှာ ပျော်ရွှင်မှု သက်သက်မျှမက ရလေသည်။ ထူးဆန်းသော ဝေဒနာများပါလာသည်။ ရင်လည်း ပထမဆုံး ခုန်လေပြီ။


(၃)


"မိအေးနော် ... တင်ဆွေနဲ့ တော်တော်ရော... တော်ကြာမှ ရီဟ ရီဟနဲ့ နွားပြာကြီး အောက်သွားမရှိဘဲ ဖြစ်နေဦးမယ်"


ဤသို့အမေက မျက်နှာတိ မျက်နှာထားနှင့် ပြောသော် အေးအေးသည် ထိတ်လန့်အံ့အားသင့်ကာ ဘာကိုနားလည်ရမလဲဟု စဉ်းစာ၍မရဖြစ်လေ၏။ အမေ့ စကားပုံးကိုလည်း စက်ဆုပ်ရွံရှာသည်။ ကိုကိုမောင်ဆွေဘက်ကလည်း နာသည်။ မိမိအတွက်တော့ ကြောင်တိကြောင်တောင်ဖြစ်ရအောင်ကို ရှက်ကြောက်တုန်လှုပ်၏။ ဒေါသလည်း ပြင်းစွာထွက်၏။ ဝမ်းနည်းငိုချင်ကြီးလည်းဖြစ်၏။ အမေ့ကို မုန်း၍သွား၏။ ရန်သူလို သဘောထားမိလေသည်။


အမေသည်သမီးငယ်၏ ရပ်တည်ရာမရအောင် ထိခိုက်သွားပုံကို ရိပ်မိဟန်ဖြင့် အသံအနည်းငယ်ပျော့လာသည်။


"တင်ဆွေဆိုတာ အနုမရ၊ အကြမ်းမရ၊ ပေါ့ပေ့ါနေ ပေါ့ပေ့ါစား အကောင်မျိုး... မအေးရဲ့...။ ဆွေမျိုးစပ်ပေမယ့် သစ္စာစောင့်တတ်တဲ့ လူမျိုးမဟုတ်ဘူး၊ ကိုယ်လဲအရွယ်ရောက်လာပြီပဲ၊ ပွတ်သီးပွတ်သပ် နေလို့ဘယ်ဖြစ်မလဲ၊ မိန်းကလေးနဲ့ ယောက်ျားလေး..."


အေးအေးကမူကား နောက်ဆက်တွဲစကားများ နားမဝင်တော့ပြီ။ နှုတ်ခမ်းကိုကိုက်ပြီးသာ ကြိတ်ပြီးနေသည်။ ပါးစပ်ကဘာမှလည်းမရှင်းချင်တော့၊ ဘဝသည် ကြမ်းကြုတ်၍လာလေပြီ။


အိမ်မှာနေချင်စိတ်များ ပျောက်လျက်ရှိ၏။ ကိုကိုမောင်ဆွေဆီလည်း အရင်လောက်အခါခါ မသွားဝံ့၊ စိတ်တွေညစ်လှ၏။ ထွက်ပြေးချင်၏။ စိတ်အမြဲဆိုး နေမိ၏။ ထူးဆန်းထွေပြားလှသည့် စိတ်ဝေဒနာများဖြစ်ပေါ်နေပေ၏။ အားကိုးရာကိုရှာချင်၏။ မတွေ့။ ကိုကိုမောင်ဆွေ၏ အပြစ်ကင်းစင်သည်ဟု မိမိယုံကြည်သော မျက်နှာကို မှုန်ရေးရစ်ဝဲကာမြင်ရလေ၏။


ဒုက္ခများ ဝိုင်းရံလျက်ရှိသည်ဟုထင်သည်။ အမေသည်မိမိကို အပြစ်ရှာလျက်ရှိသည်မဟုတ်လား။ အိမ်ရှေ့အိမ်မှာ ဂဏန်းသင်္ချာအပိုပြပေးသော ကုလားဆရာကြီးကိုလည်း လူပျိုကြီးမို့ မယုံစားရပြန်ပြီတဲ့၊ ဘယ်လိုဘယ်လိုမှန်းမသိ၊ အေးအေး၏ ကော်ပီစာအုပ်ထဲ လာဆွဲသွားသော သွေးတစက်တစက်ကျသည့် မြားဒဏ်ရနှင့် အသဲပုံကိုလည်း အမေသည်စစ်ကြော မေးမြန်း၍မဆုံး၊ နယ်လီစတာဟု ထင်သော်လည်း မပြောပြဝံ့ပြန်ချေ။


ယောက်ျားသူငယ်ကလေးများ အနားသို့ရောက်ပြီဆိုလျှင်တော့ အေးအေးသည် လှုပ်ပင်မလှုပ်ရဲတော့ချေ။ အမေ၏ စုံစမ်းမေးမြန်းနေသော မျက်လုံးများကား စူးရှပြင်းထန်လှချေ၏။ သည်အထဲ အေးအေးကလည်း ကဲ၍ တညဆင်းကစားလိုက်သေး၏။ ပြေးရင်း ကစားရင်း နယ်လီ့မောင်လေးနှင့် ဖက်မိသည်ကို အိမ်ထဲမှာအိပ်ပျော်နေပြီဟု ထင်ရသော အမေကမြင်လိုက်ကာ "ထဦးဟဲ့ ဒီအရွယ်နဲ့ ထဦးဟဲ့"ဟု လက်ဝါးနှင့် ကျောပြင်ကိုလည်း ချသေးသည်။ သည်ဘဝမှာ ဘာများ ပျော်စရာရှိတော့သလဲ။


ထို့ကြောင့် သေသွားလျှင်ကောင်းမည်၊ သေကြောင်းကြံစည်တော့မည်။ မိဘများညှဉ်းပန်းရက်စက်မှုကြောင့် အပြစ်မရှိသောသမီးကလေး သတ်သေသွားရပုံကို စာပေတခုဖွဲ့နွဲ့သွားမည်။ ထိုအခါ မိဘတို့သည် "တို့မှားလေခြင်း သမီးရဲ့"ဟု ငိုကြွေးကြပေတော့မည်။ နောင်တပူလောင်ကြပေတော့မည်။ လူသူလေးပါးကလည်း "အတော်မိုက်တဲ့ မိဘတွေပါကလား"ဟု ဆိုကာ မိမိကို သနားစုတ်သတ်ကြပေလိမ့်မည်။ အို... သိပ်ကောင်းမှာပဲ ဒါဟာအကောင်းဆုံး လက်စားချေနည်းပဲ။


သွေသွား၍ တစ္ဆေဖြစ်လျှင်တော့ အကုန်လိုက်ချောက်မည်ဟုလည်း ဒေါသထား၏။ သို့သော် တစ္ဆေဖြစ်လျှင် တခြားတစ္ဆေများနှင့် အတူနေရမှာကြောက်လိုက်ပါဘိ။


မိမိ၏သတ်သေခြင်း ဝတ္ထုကို အလွန်းခန်းနားသည်ဟု ထင်စားလာ၏။ နောက်ဆုံးနှုတ်ဆက်ခဲ့တော့မယ်၊ ထိုခဏ၌ ဖခင်ဖြစ်သူကို သတိရ၏။ အဖေသည် ဘယ်လိုများအငြိုးထားလေသည်မသိ၊ ဆံပင် အုပ်လုံးသိမ်းထားသည်ကိုလည်း ကုလားမနှင့်တူသည်ဟု ဆူစရာမရှိ ကြံဖန်ဆူ၏။ စိတ်နာသည်။ သူတို့ကို နှုတ်ဆက်စာပင် မရေးခဲ့ချင်တော့။


ဟောဒီ ဝရံတာက ခုန်ချလိုက်ရင်တော့ အုန်း ခနဲနေမှာပဲဟု တွေးကာဝမ်းနည်း၏။ မျက်ရည်များသည် ကြွေကျသော သစ်ရွက်များလို တဖြောက်ဖြောက်ကျလေ၏။ နာကြည်းပြီးသည့်နောက် စွန့်ခွာရခြင်းသည် အလွန်လှသော ကဗျာတပုဒ်ကိုဖြစ်စေ၏။


အပြင်၌လသည် အလွန်မြင့်ကာကြည်ကြည်လင်လင်သာလေပြီ။ တိမ်တို့သည် လနှင့်ဝေးရာသို့သွား၍ စုကာငြိမ်နေကြသည့်အခါ အားလုံးသည်ဖြူ၏။ ပုတိုသော အရိပ်နက်များက ဖြူသည့်အရာမှန်သမျှကို ပို၍ပင် ဖြူစေသေး၏။ အဖြူနှင့်အနက်သည် သေမင်းနှင့် သင်္ချိုင်းလိုပင် တွဲဖက်မိ၏။ အေးအေးသည် လူစိတ်များပင် ပျောက်လျက်လာတော့သည်။


ဝရံတာလက်ရမ်းကို မှီလျက်နေ၏။ နောက်ငါးမိနစ်အတွင်းမှာ လှုပ်ရှားခြင်းကြီးတခု ဖြစ်ပေါ်တော့မည်။ သို့သော်လည်း ထိုခဏအတွင်းမှာတော့ အေးအေးသည် ခပ်ငြိမ်ငြိမ် မလှုပ်မယှက် နေချင်၏။ ထို့ကြောင့် စိတ်အေးအေးထားကာ လမ်းပေါ်သို့ ငုံ့ကြည့်နေလိုက်သည်။


လှလိုက်တာနော်။


အေးအေး၏မျက်စိထဲ၌ ကာကီယူနီဖောင်းလောက်လှတာမရှိ။ ထို့ကြောင့် ပုလိပ်များ စစ်သားများကို အစဉ်ချစ်သည်။ အထူးသဖြင့်ပုလိပ်များကိုပိုချစ်သည်။ သူတို့သည် သေးသွယ်နွဲ့ပျောင်းနိုင်သည်။ မေးကြိုးသိုင်း၍ ဦးထုပ်ဆောင်းလိုက်လျှင် မျက်နှာသည် ရှည်သွယ်ကာ မျက်လုံးမျက်ခုံးများ ပို၍ထင်လင်းလာပေ၏။


အေးအေးသည် ရင်မ၍ နှစ်ဆင့်ရှိုက်ကာ ငေး၏။ ပတ်တရောင်လှည့်သော ပုလိပ်ကလေးသည် သတ်သေမည်ကြံသော ကလေးမတယောက် ခေါင်းပေါ်တွင်ရှိနေမှန်း မသိဘဲ စက်ဘီးကိုဖြေးညှင်းစွာ စီးလာ၏။ အလွန်ဖြေးညှင်းစွာ စီးလာလေ၏။ သူ့ဦးထုပ်ပေါ်၊ ပခုံးပေါ်၊ ဒူးပေါ်ကို လရောင်သည် ဖြာယှက်ကွန့်မြူး၍ ကျလာလေ၏။


အလှကိုမြင်ခြင်း၊ ဘဝကိုငြီးခြင်း၊ လွတ်ရာကိုရှာခြင်းတို့သည် ပျက်ကယ်ဖြစ်ဖြစ်၊ တကယ်ဖြစ်ဖြစ် နုပျိုလန်းဆတ်လှသေးသည့် နှလုံးထဲမှာစုပေါင်းမိသည့် ဤအခါ၌ကား ဘယ်လမ်းမ မဆို ငွေဖဲပြားတခွေ ဖြစ်နေမည်ဖြစ်၏။ ဘယ်သီချင်းမဆို လရောင်မှာ စောင့်ခိုင်းသည့် မှာတမ်းပင် ဖြစ်နေမည်ဖြစ်၏။ အေးအေးသည်ကဗျာကို ရွတ်စပြုလေသည်။


လမင်းလဲ နေရစ်ပေတော့။


အေးအေးသည် တယောက်ထဲ လေလွင့်လာကာ အိပ်ယာထဲသို့ဝင်လေသည်။


(၄)


ယခုတော့ စိတ်ကူးတခု ဆန်းသစ်လေပြီ။ လောက၌ခေါင်းဝှက်၍ ငိုစရာ ရင်ခွင်တခုတော့ရှိရမည်ဖြစ်လေ၏။ ထိုစိတ်ကူးကြောင့် အားလည်းနွဲ့ရ၏၊ ရင်လည်းနွေးရ၏။ အသက်ရှည်ရှည်လည်း နေချင်လာ၏။ အေးအေးသည် အနည်းငယ် ငြိမ်ဆိမ်သွား၏။ စိတ်သည်သာ မမြင်ကွယ်ရာမှာမို့ ပျံသန်းလွင့်ပါနေပေ၏။


အမြဲတမ်းအိပ်မက်မက်နေသလို ဖြစ်နေပေ၏။ ပုံဝတ္ထုများကို ကြိုက်လာ၏။ စာဖတ်ပြီးနေချင်သည်။ ဘုရားရှိခိုးလျှင်တောင် ဖြူဖွေးအေးစက်သော ကျောက်ဆင်းတု၏မျက်နှာကို မျက်တောင်မခတ်ငေးကြည့်ခြင်းဖြင့်သာ အဆုံးသတ်၏။ ကြည်ညိုသဒ္ဓါစိတ်တွေပွား၏။ တခါတရံတော့လည်း သီချင်းကိုစိတ်ပါလက်ပါဆိုပြီး အဆုံး၌ငိုကြီးချက်မ ငိုချရ၏။


စိတ်အာရုံတို့သည် ထွေဆန်းလှပေတော့သည်။ ဆန့်ကျင်ဘက်လိင်ကို တွန်းလှန်ရုန်းကန်လိုခြင်းလည်းရှိသည်။ တပ်မက်စွဲငင်ခြင်းလည်းရသည်။ ယောက်ျားများ၏ မျက်လုံး၌ ရမက်ကိုမြင်တတ်လေပြီ။ မရဲမဝံ့လည်း တုံ့ပြန်တတ်လေပြီ။ လူတိုင်းပင် မသန့်ရှင်းဘူးဟုထင်သည်။ မိမိကမူ သန့်ရှင်းချင်သေးသည်။သို့သော်လည်းမရ။ ကိုယ်ကိုယ်ကိုယ် စက်ဆုပ်ရွံရှာ၏။ သို့သော် သူသည် ချစ်ချင်ကြိုက်ချင်သော စိတ်များ ဝေလျက်ရှိတာတော့ အမှန်ပင်တည်း။


ရင်သည်မကြာခဏ ထိတ်ရ၏။ အမေ၏မျက်လုံးတဝင့်မှာပင် သတိရကာထိတ်ရ၏။ ကိုကိုမောင်ဆွေနှင့်ခါတိုင်းလို စကားတွေပြောနေရာအကောင်းသားက အမေ့ကိုသတိရလျှင် မျက်စိမျက်နှာ ပျက်သွားလေတော့သည်။ လက်ဖျားများ အေးစက်လေတော့သည်။


"မိအေးဘာဖြစ်တာလဲ"ဟု ကိုကိုမောင်ဆွေက မေးတတ်သည်။


"ဘာမှမဖြစ်ပါဘူး"


သို့သော်လည်း ဖြေသည့်အသံသည် မူမမှန်ချေ။


သူ့မျက်လုံးများနှင့် ကြာရှည်ဆိုင်မိတတ်သည်။ ပထမတော့ ကိုယ်ကစပြီးလွှဲရ၏။ ထို့နောက်ကား စွန့်စားလိုစိတ်များဖြင့် အနိုင်ပြိုင်၍ ဆိုင်တတ်သည်။ ထိုအခါ ထွေပြားခြင်းတခုကိုတွေ့ရ၏။ ထိုထွေပြားခြင်းသည် ကိုကိုမောင်ဆွေ့ မျက်လုံးများမှာ ရှိတာလား၊ မိမိ၏ မျက်လုံးများထဲ၌ရှိကာ အရှေ့ကကာနေတာလား မပြောတတ်တော့ပြီ။


ဘယ်သူမှ မမြင်သောနေရာ၌ ကိုကိုမောင်ဆွေနှင့် နှစ်ယောက်ထဲထိုင်နေချင်သည်။ ယခင်ကလို သူ့ရည်းစားများအကြောင်းကို နားမထောင်နိုင်တော့ချေ။ မိမိသာ ပိုင်ဆိုင်ချင်၏။ အမြတ်ထွက်သည်မှာ ကိုကိုမောင်ဆွေက'အေး'ဟု လေးလေးစားစားခေါ်လာခြင်းပင်၊ ကျေနပ်၏။


အမေ့ရှေ့၌ဆိုလျှင် သူတို့သည်မတိုင်ပင်ဘဲပြိုင်တူ ဟန်တောင်မိလျက်သား ဖြစ်လေ၏။ တယောက်ကိုတယောက် အဖက်မလုပ်သလိုပင် နေသည်။ တခါတလေ ရန်ပင်လိုနေလိုက်ကြသေးသည်။ စိတ်အေးသွားသောအမေက တဖက်သို့လှည့်သွားလျှင် တယောက်ကိုတယောက် နားလည်ပြုံး ပြုံးကြ၏။ သူက မျက်လုံးတဖက်မှိတ်သည်။ အေးအေးကရှက်သည်။


အမေ့ကွယ်ရာမှာမို့ထင်ရဲ့၊ ငယ်ငယ်ကတည်းက လုပ်နေကျဖြစ်သော တယောက်လက်တယောက် ဆုပ်ခြင်းသည်ပင် အဓိပ္ပာယ်ရှိလာ၏။ အေးအေး၏ ကျစ်ဆံမြီးကို ဆော့ကစားသောလက်သည်လည်း အဖိုးတန်လာလေ၏။ အေးအေးသည် ရင်လှိုက်မောပန်းမိလေပြီ။


သို့သော်လည်း အေးအေးသည် သည်ကြားထဲက ရည်းစားတယောက် ကောက်၍ရလေသည်။


နယ်လီ၏မောင်လေးသည် ဗြုန်းကနဲအရပ်ရှည်လာ၏။ နယ်လီထံမှတဆင့် စာတွေတစောင်ပြီးတစောင်လာ၏။ အင်္ဂလိပ်လိုရော ဗမာလိုရောရေး၏။ ဖတ်လို့လည်းကောင်းလှ၏။ ရွယ်တူချင်းမို့ ပိုပြီးနားလည်နိုင်သော အကြောင်းအရာများပါတတ်သည်။ ဥပမာ ပိုင်သာဂိုရပ်သီအိုရီဆိုသည်မှာ က နှစ်ထပ်နှင့် ခနှစ်ထပ်ပေါင်းလျှင် ဂနှစ်ထပ်နှင့်ညီမျှသည်ဟု အလွတ်ကျက်ထားလျှင် အလွယ်လေးပင်ဖြစ်ကြောင်း။


အေးအေးသည် ရည်းစားစာမရေးဘူးရကား၊ နယ်လီ၏ထံမှပင် အကူအညီယူရသည်။ နယ်လီကကြည့်ကြပ် စီမံပေး၍ တညလသာသာ၌ စာတိုက်ပုံးအနီးတွင် ချိန်း၍တွေ့ကြ၏။


"ဟေ့ အေးအေး ငါတို့ ခိုးပြေးရအောင်၊ ပဲခူးကိုသွားမယ်... မီးရထားစီးသွားမယ်၊ ငါတခါရောက်ဖူးတယ်ဆရာ၊ သိပ်ပျော်စရာကောင်းတာပဲ ငါတို့ဦးလေးအိမ်ရှိတယ်"ဟု ပီတာကပြော၏။


အေးအေးသည်ရှက်မူရှက်ရာ ကလေးများနှင့် ပီတာ၏ဖုန်ပေသော ဘောင်းဘီရှည်ကလေးကိုသာ ကြည့်၍သဘောကျနေလေ၏။ သည်ဘောင်းဘီရှည်ကလေးကြောင့် ပီတာသည်ချစ်စရာကောင်းလှသည်။


သူတို့သည်လူမှန်းသိတတ်စကတည်းက တယောက်နှင့်တယောက်သိကျွမ်းလာကြရကား ယခုလို သမီးရည်းစားဖြစ်ပြီး ချိန်းတွေ့ရသော်လည်း သိပ်ပြီးအိပ်မက်မဆန်ချေ။


"အို... မောင့်အသည်းကလေး..."ဟု ပီတာက သူ့အမသင်ပေးလိုက်သလို ဟန်ပန်လေသံနှင့်ခေါ်လေ၏။


"ဘာလဲအချစ်"ဟု အေးအေးက မရဲတရဲထူးကြည့်ရင်းက ခေါ်ရထူးရတာ အရသာတွေ့သွားလေတော့သည်။


သူတို့သည် အိပ်မက်ဆန်လာပြီထင်သည်။ အေးအေးသည် အနည်းငယ်ချမ်းတုန်လာသည်။ ပီတာကို ကြည့်လိုက်သော် သူလည်းချမ်းတုန် နေဟန်ကို တွေ့သည်။ ထိုခဏ၌ နှစ်ယောက်လုံးမှာ ပြောင်းလဲခြင်းဖြစ်သည်။ အေးအေးသည် ငိုချင်လာသည်။ သူတို့သည် ကလေးသူငယ် မဟုတ်တော့ပြီ...။ သို့မဟုတ် မကြာခင်ပင် ကလေးသူငယ်မဟုတ်တော့ပြီဆိုတာကို ဝန်ခံရတော့မည်ဟု သိလာ၏။ မနက်ဖြန်ပင်လျှင် အရွယ်ရောက်ပြီးသော ယောကျ်ားနှင့် မိန်းမဖြစ်တော့မည်။ အေးအေးသည် အန္တရာယ်ဆိုတာကိုမြင်၏။


ရင်တွင်း၌ ဟုတ်ကနဲပူ၏။ အိမ်ပြန်ပြေးရလျှင်ကောင်းလေမလား။ သည်မှာ ယခုလိုဆိတ်ငြိမ်ပြီး နှစ်ယောက်သားရပ်နေရခြင်းကိုလည်းနှစ်သက်၏။ ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ။


ပီတာကသူမ၏လက်မောင်းကလေးကို ကိုင်လိုက်ရာမသိလိုက်ဘဲ၊ ဖျပ်ကနဲ ရုန်းမိ၏။ အင်္ကျီစကိုသာ သူကကိုင်မိထား၏။ အေးအေးသည် သွေးရောင်လျှမ်းသော ပီတာ၏မျက်နှာကို တချက်ကြည့်ကာ ဘာမှမပြောဘဲ ပြေးထွက်ခဲ့လေသည်။


အေးအေးသည် ပီတာကိုနောက်ထပ်မတွေ့ချင်တော့သည့်အကြောင်းကို စာတစောင်ပြီး တစောင်ရေးရသည်။ နယ်လီနှင့်လည်း စိတ်ဆိုးရသည်။ သို့သော် စင်စစ်ပီတာနှင့် ထပ်ပြီးတွေ့ချင်သည်။ ဟိုညကထက်ပိုပြီး ပြင်းထန်သော တွေ့ခြင်းမျိုးကိုပင် တောင့်တသည်။ တညလောက်များပီတာသည် အိမ်ရှေ့ကိုဖြတ်၍ အသည်းကွဲသည့် သီချင်းတပုဒ်လောက် ဆိုသွားလျှင် အေးအေးသည် မျက်ရည်စနှင့် ချက်ခြင်းဆင်းခဲ့မည် ဖြစ်ပေ၏။


ကိုကိုမောင်ဆွေကို မေ့နေ၏။ သတိရပြန်လည်း ပေါ့ရွှတ်ရွှတ်နိုင်သည်။ အို...သူ့ရည်းစားအိမ်တွေသွားနေမှာပေါ့၊ ဒါမှမဟုတ် သူ့သူငယ်ချင်းတွေနဲ့ ဖဲကစားနေမှာ။ အလကားဂျပိုးကြီးဟု ဆဲလိုက်မိ၏။ သို့သော် ကိုကိုမောင်ဆွေကို ဘယ်လိုမှန်းမသိ သိပ်ချစ်တာပဲနော် ဟုတွေးမိလေသည်။


သည်လိုနှင့် အေးအေးသည် ရှစ်တန်းစာမေးပွဲကို ကျအောင်သာ ဖြေနိုင်လေသည်။


အဖေ၏အမိန့်ကြောင့် အေးအေးသည် နယ်လီနှင့်စကားမပြောရတော့ချေ၊ ကျောင်းလည်းပြောင်းလိုက်ရသည်။ ပီတာနှင့်လည်း စိတ်ကောက်ကာလမ်းမှာ တွေ့၍မှ စကားမပြောနိုင်ကြ၊ အမေကလည်း ဘာစိတ်ကူးပေါက်ပြန်သည်မသိ ကိုကိုမောင်မောင်ဆွေနှင့် ဟိုဟိုသည်သည်လွှတ်ပြန်သည်။ ရောရောထွေးထွေးနေ၍ ရပြန်သည်။


အေးအေးသည်ယခင်ကလောက် စိတ်လှုပ်ရှားခြင်းများ ဆက်တိုက်မဖြစ်တော့ဘဲ ဣန္ဒြေအတော်ရလာသည်။ ကိုယ်ခန္ဓာလည်း လူကြီးနှင့် တူလာလေပြီ။ မှန်ရှေ့မှာ ကြည့်လိုက်လျှင် ယခုဖွင့်လှစ်လိုက်သော နှင်းဆီလိုနုနယ်သော်လည်း အဖူးမဟုတ်တော့ပြီဆိုတာကိုတွေ့ရ၏။ အဆင်အပြင်လည်းတတ်လာ၏။ သပ်ရပ်လာ၏။


ကာလပေါ် သီချင်းများကို ကျက်ချင်လာသည်။ သီချင်းများကူးရသည်။ အော်တိုစာအုပ် များလည်း တပင်တပန်းထားရ၊ ရေးရသည်။ တခါတရံ ကာရန်မကိုက်သော ကဗျာကလေးများကိုစပ်သည်။ ရှေးကဗျာများထဲကလည်း မသိမသာကူးထပ်ချရသည်။ တနေ့တော့ ဝတ္ထုတွေလည်းရေးဦးမည်ဟု စိတ်ကူးထားသည်။ နာမည်ကျော်ကြားခြင်းဆိုတာကို စုံမက်မြတ်နိုးလာလေတော့သည်။


"မဟုတ်ဘူးအေး၊ အေးဟာအရင်လိုမဟုတ်တော့ဘူး... စိမ်းစိမ်းကြီး..."ဟု ကိုကိုမောင်ဆွေက ဝမ်းနည်းစကားပြောလာလေသည်။


ဟင့်အင်းစိမ်းတာမဟုတ်ပါ၊ အေးလည်းပြောမပြတတ်၊ စင်စစ်တော့ ကိုကိုမောင်ဆွေအပေါ်၌ အရင်လိုဒရောသောပါးလည်းနိုင်၍ အဓိပ္ပာယ်လည်း ကင်းမဲ့သော အာရုံမျိုးမရှိတော့တာအမှန်ပင်၊ အေးအေးသည် အစွဲတခုတော့ ရှိနေသည်။ ထိုအစွဲသည် ကိုကိုမောင်ဆွေပင်ဖြစ်၍ ဘဝတလျှောက်မှာ သဏ္ဌာန် အမျိုးမျိုးကို ဆောင်၍သွားလျှင် သွားမည်ဖြစ်သော်လည်း အတွင်းကတော့ သည်အစွဲအတိုင်းပင် နေမည်ဖြစ်လေ၏။ အထဲက ကွီနိုင်လုံးသည် ကွီနိုင်လုံးပင်ဖြစ်ကာ အပြင်က သကြားက ဒိုင်းမွန်းပုံ၊ လခြမ်းပုံ၊ အစုံ ပြောင်းချင်ပြောင်းမည်။ ဒါကိုနားလည်အောင် ပြောပြာချင်သည်။


"ဒေါ်ဒေါ်က ဘာပြောထားလဲ အေး..."ဟု သူကမေးပြန်၏။


"ခုတော့ ဘာမှမပြောပါဘူး.... အမေက အရင်တုန်းကတော့..."


"ဆိုစမ်း"ဟု သူကပြော၏။ သို့သော်ဘယ်လိုပြောရမလဲ ယခုတော့ ထိုစကားများကို ရှက်စရာ မျှသာမက မဟုတ်တာဟုလည်းထင်ပြီ။


"အေးမပြောချင်ဘူး..."


"ဘာလဲ ကိုကိုမောင်ဆွေနဲ့ ကြိုက်သွားမှာ စိုးလို့တဲ့လား...."


ကြည့်စမ်း ဆိုးလိုက်တာ၊ အေးအေးသည် မနှစ်မြို့နိုင်သလိုဖြစ်ကာ သူ့မျက်နှာကို ကြည့်သည်။ သူသည်လူငယ် တယောက်ပင်ဖြစ်ကာ မိမိနှင့် ကိုယ်ရင့်တန်းတူ ဖြစ်ပါကလားဟု ပထမဆုံးသိလာလေ၏။ သူ့မျက်နှာက ခပ်ရဲရဲပင်။ မနှစ်မြို့သလို ဖြစ်မိ၏။ ထို့နောက်ကား ရင်တွင်း၌ ကျင်၏။ အပြစ်ရှိသည်ဟုပင် ကိုယ့်ကိုယ်ကိုယ်ထင်လာ၏။ သည်လိုမနှစ်မြို့မိသည့်အတွက် ဘာနှင့်ပင် လျော်ရလျော်ရ လျော်လိုက်ချင်၏။ အနစ်နာခံလိုက်ချင်၏။ စင်စစ်တော့ ကလေးဘဝ တလျှောက်လုံး၏ အကောင်းဆုံးသောအဖော်ပင် မဟုတ်ပါသလား။


ပြီးတော့ ကိုကိုမောင်ဆွေကို ချစ်သည်၊ သိပ်ချစ်သည်။


အေးအေးသည် မျက်ရည်လည်လာပြီးနောက် ပြုံးကာ ခေါင်းခါပြသည်။


"ဟုတ်တယ်... ကြိုက်နေပြီလို့ပြောလိုက်"


သူ့ပါးစပ်က အရက်နံ့လည်း နံသည်။ အေးအေးသည် အခြေအနေကိုသိသည်။ ကိုကိုမောင်ဆွေက ပြောင်ပြောင်ပင် ဖြားယောင်းနေသည်ဆိုတာ သိသည်။ ခက်လိုက်တာက သူဖြားယောင်းတာကို အေးအေးက သဘောကျနေခြင်းပင်တည်း။ သူကမဖြားယောင်းတောင် သူမကစပြီး ဖြားယောင်းဖြစ်ချင်ဖြစ်မှာပဲဟု ခေါင်းမာစွာတွေး၏။ တခါတုန်းက ကိုကိုမောင်ဆွေ၏ အိပ်ခန်းထဲသွားပြီး သူ့ကိုယ်နံ့ကလေးတွေကို ခေါင်းအုံးမှာ အိပ်ယာမှာ ရှပ်အင်္ကျီမှာ ရှာဖွေ၍နမ်းခဲ့တာ ကိုယ့်ဖာသာ ဘယ်မေ့နိုင်မလဲ။


အေးအေးသည် မိုက်မဲရမှာကို မကြောက်ဘဲရှိသည်။


"အေး... မှတ်မိသေးလား... ကိုယ်တို့ အင်းလျားကို သွားတာလေ"ဟု သူကမေး၏။


"အေးက ခုလောက်မထွားသေးဘူး၊ အေးနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲ လှေတစင်းနဲ့ ဟိုအဝေးကြီး လှော်သွားပါရော"


ဒါတွင်ဘယ်ကပါ့မလဲ၊ အေးမှတ်မိသေးသည်မှာ ငြိမ်၍စီးဆင်းခြင်းမရှိသော ရေပြင်ပေါ်မှ လေတိုး၍လှုပ်ရွလာသော လှိုင်းတွန့်ကလေးများရယ်၊ ညနေစောင်း၏ ကျနေ နီရဲရဲရှေ့မှ ရွှေလျှံမောင်းသော တိမ်တွေရယ်၊ ပြီးတော့...။


"ပြီးတော့... ထိုင်ခုံ ကျဉ်းကျဉ်းကလေးထဲမှာ အေးနဲ့ကိုယ်နဲ့ နှစ်ယောက် တိုးပြီးထိုင်ရပါကော"


အေးသည် ညှို့ကွင်းထဲသို့ အလွယ်နှင့်ပင်လိုက်ခဲ့သည်။


"အဲဒီထဲကပါ...အေး"


အေးအေးသည် စိတ်တွင်းမှခေါင်းခါလေသည်။ အဲဒီထဲကတော့မဟုတ်ပါဘူး၊ သို့သော်လည်း လောကမှာမယုံကြည်ခြင်းက တခြား၊ မယုံတာကို မိုက်မဲစွာလက်ခံတာက တခြားပင်။


ဒါဟာ အချစ်ပဲဟု အေးအေး၏နုပျိုသော စိတ်ကလေးက ဆုံးဖြတ်ပေးသည်။ သူ့လက်နှစ်ဘက်နှင့်ဆုပ်ကိုင်ထားသော ပခုံးကလေးများကို မတွန့်မိ၊ ဒါမှ တကယ်ချစ်ကြိုက်ခြင်းနှင့်တူသည်ဟု ထင်စား၏။


"အေး...အိမ်မှာနေရတာ မပျော်ဘူး မဟုတ်လား"


မသိ။


"အေးဟာ ကလေးလေးမဟုတ်တော့ဘူး။ ဒီလို ငုတ်တုတ်ကြီး လုပ်မနေနဲ့ဗျ"


ထို့နောက် ယခုမှ တစိမ်းနှင့်တူလာသော ကိုကိုမောင်ဆွေသည် စကားတွေ အများကြီးပြော၏။ နားထောင်းရင်းသူဟာ ငါ့အပေါ် စိတ်ကောင်းမှထားရဲ့လားဟုလည်း ကြောက်ရွံ့မိသေး၏။ သို့သော် ငယ်ကတည်းက ယုံကြည်လာသူကို ဆက်ပြီး ယုံကြည်ချင်၏။ လိမ်ပြောတာတွေကိုလည်း လိမ်ပြောတာမှန်းသိသည်။ သို့သော် မသိချင်ယောင်ဆောင်လျှင် စိတ်ကူးယဉ်ချင်သောအရွယ်၌ စိတ်ကူးယဉ်ခွင့်ရမည်ကို ကျေနပ်၏။ သို့သော် သူ့နေရာမှာ တခြားလူရောက်နေပြီး ခုပြောတဲ့စကားတွေ ပြောနေရင်ကော...


အေးအေးကို ချောက်လည်း ချောက်၏။ ချော့လည်း ချော့၏။ ညာလည်း ညာ၏။ အေးအေးကမူကား စိတ်လက်လျော့ထားလိုက်သည်။ သူမစိတ်ထဲတွင် သူ့ကိုချစ်ကြိုက်နေပါ၏ဟု ဝန်ခံစကားကို တမင်ပြောနေမှတော့ အားလုံးသည် ပြီးစီးအေးချမ်းလေပြီ။


နောက်ဆုံး၌ သူကပြောသောစကားနှင့် မဆီမဆိုင် အေးအေး၏နှုတ်ခမ်းများကို စုတ်ယူလိုက်လျှင်တော့ အေးအေးသည် တကယ့်ကိုချစ်ကြိုက်သွားလေတော့သည်။


(၅)


အပြင်၌ မိုးတွေသည်းနေပြီကို အေးအေးသိလေသည်။ အေးအေးသည် ချစ်သူနှင့်ချိန်း၍ ရုပ်ရှင်ကြည့်နေသည်။ အေးအေးသည် ဘယ်လိုပင်လူကြီးဟန်ဖမ်းသော်လည်း ငယ်ရွယ်သေးခြင်းမှာပျောက်ကွယ်၍ မသွားရကား ဟိုလူသည်လူများက ဝိုင်းကြည့်ကြသည်။ ပြီးတော့ ကိုကိုမောင်ဆွေကလည်း ဟိုဘက်ပခုံးကို ရဲရဲတင်းတင်းကျော်၍ ဆုပ်ထားသည်။ မီးငြိမ်းလိုက်တော့မှပင် နေသာထိုင်သာရှိသည်။


"အိမ်ရှေ့အိမ်"ဟု ဗြောင်လိမ်ကာ ထွက်ခဲ့ရ၏။ ယခုတလော အေးအေးသည် ကျိတ်၍ရိုက်ခြင်းခံရသည်။ အဖေနှင့်အမေသည် စိတ်ချမ်းသာခွင့်ကိုမပေးတော့ချေ။ အေးအေးက ကိုယ့်ကိုယ်ကိုယ် တကယ်ကြီးရင့်တာထက် ပိုပြီးကြီးရင့်ပြီဟုထင်သလောက် သူတို့က တကယ်ငယ်ရွယ်တာထက် ပို၍ ငယ်သေးသည်ဟု ထင်သည်။ သူတို့သည် သမီးလုပ်သမျှကို ပိတ်ပင်ဆန့်ကျင်ခြင်းနည်း တခုသာသုံးတတ်သည်။


ထိုအခါ လိမ်ရ၏။ စဉ်းလဲရ၏။ အလိုအလျောက်နေလျှင် မလုပ်မိမည့် ကိစ္စတွေကိုလုပ်မိရ၏။


ယခုအခါတော့ အေးအေးသည် အနည်းငယ်ကြောက်နေလေသည်။ ခါတိုင်းဆိုလျှင် ၁၂နာရီပွဲကြည့်မြဲပင်...။ သည်တခါ ညနေပွဲကြည့်သည်။ဆောင်းဦးပေါက်လာကာ အေးမြခြင်းနှင့်အတူ ညတာရှည်လာသည်။ ထို့ကြောင့် စောစောမိုးချုပ်လေရကား အိမ်ပြန်လျှင်တော့ အဆူခံရတော့မှာပဲဟု ပူသည်။ သို့သော်လည်း သူက ပူဆာလွန်းလှသည်။ ဘယ်တတ်နိုင်မလဲ၊ ချစ်တယ်ဆိုရင် စွန့်စားရတာပဲ။


သည်လောက်ဆိုလျှင် တော်ပေသေး၏။ ယခုအပြင်မှာ မိုးရွာပြီ။ ရာသီမဟုတ်ရွာသောမိုး၊ ရွာမည်မထင်ဘဲရွာသောမိုး။ သူတို့သည် ထီးလည်းမယူခဲ့ကြ။


"ကို... မိုးတွေရွာကုန်ပြီ"


"ရွာပေ့စီလေ"ဟု သူကပြောပြီး ရုပ်ရှင်ကြည့်မြဲကြည့်သည်။


"သူကတော့ ဘာဂရုစိုက်မလဲ၊ ကြောက်ရတဲ့လူမှ မရှိဘဲ"


"အေးရဲ့ ကိုယ်ချစ်ချင်တဲ့ လူချစ်ရတာ၊ ချစ်လို့ ချစ်သလို လုပ်ရတာ ဘာမှကြောက်စရာမရှိဘူး"


"အေး... သိပ်ကြောက်တာပဲ"


ကိုကိုမောင်ဆွေက ဘာမှပြန်မပြောတော့ချေ။


အေးတယောက်ထဲသာ ပူရသည်။ မေးလျှင်ဘယ်လိုပြောရပါ့မလဲ၊ ယခု သူတို့ကို တွေ့ခွင့်မပေးတော့ချေ။ စင်စစ်တော့ ရုပ်ရှင်ကြည့်ချင်လှသည်မဟုတ် နှစ်ယောက်အတူ နီးနီးကပ်ကပ်နေချင်သည်။ ငယ်ငယ်ကလိုများ ပျော်ပျော်ရွှင်ရွှင်နေခွင့်ပေးလျှင် သည်လိုချိန်းတွေ့ပြီး မိုးမိနေသည့်အဖြစ်ကို ရောက်မည်မဟုတ်။


"ကဲ... မိုးတွေပိုသည်းလာပြီ"


"နောက်တပွဲဆက်လိုက်ရုံပေါ့အေးရာ"


မိုးသည် မမျှော်လင့်ဘဲ သဲလာသည်။ ရုပ်ရှင်လည်း မိုးစဲကိုမစောင့်နိုင်ဘဲပြီးသည်။ အပြင်သို့ထွက်လာသော် မိုးသံလေသံသည် ဝေါကနဲ လာတိုး၏။ ကောင်းကင်သည်မဲမှောင်ကာ လျှပ်များပင် ဝင်းဝင်းပြက်ချေသေး၏။ မှောင်သဖြင့်ဆိုင်များသည် မီးစတင်ထွန်းကြပေပြီ။ လမ်းမီးများလည်း လင်းပြီ။ ညပဲ ညပဲ နာရီကိုကြည့်သော် ငါးနာရီထိုးပြီးစကလေးပါပဲ၊ ယခုနေပြန်ရလျှင် နာရီကို မြှောက်ပြနိုင်၏။


သို့သော် မိုးသည်သွန်အန်၍ကျလာ၏။ ဘယ်သူမှမသွားနိုင်၊ မိုးခိုပြီးနေရသည်။ ယာဉ်များသည် တချို့ကရပ်ကာ တချို့က အပြင်းမောင်း၍ ပြေး၏။


"ချမ်းနေမှာပဲနော် အေး..."


ချမ်းရမှန်းတောင်မသိပြီ။ စိတ်ပူကာ ငိုမဲ့မဲ့ဖြစ်လာ၏။


"အေးရယ် အလကားအပြင်မှာ လေတိုက်ခံနေမဲ့အတူတူ တပွဲထပ်ကြည့် လိုက်ရအောင် မိုးကပက်နဲ့၊ ဟောဒီအမိုးအောက်က ကူးသွားမယ်"


"နေပါဦး မိုးသိပ်မသည်းတော့ဘူး ထင်တယ်"


"သည်းနေတာပဲ၊ လေငြိမ်သွားတာတခုပဲ"


"ဒုက္ခပဲ ကိုရဲ့၊ ဒုက္ခပဲ၊ အေးကိုတော့ ရိုက်တော့မှာပဲ"


"အို... ကိုယ်လိုက်ပို့ပေးမယ်၊ မရိုက်ရအောင်ပြောပေးမယ်၊ ဘာလုပ်တာမှတ်လို့၊ ဘိုင်စကုတ်ကြည့်တာပဲ၊ နေပါဦး၊ အေးကို တသက်လုံး ဘယ်သူက ဘယ်လိုက်ပို့လို့တုန်း ကိုယ်ကချည်း ပို့ရတာမဟုတ်လား"


"အခုအေးက အပျိုဖြစ်နေပြီကိုးရှင့်"ဟု အမေ့စကားကို ထပ်ပြော၍ လှောင်လိုက်မိသည်။


"ကြည့်မိမှတော့ မထူးပါဘူး၊ သူတို့ကို ရှင်းပြရုံပေါ့၊ မိုးလည်းရွာနေတာကိုး၊ လာပါ အထဲထဲသာ ဝင်ထိုင်နေရအောင် မိုးတိတ်သွားတော့ပြန်ထွက်မယ်"


"ပြီးအောင်တော့ မကြည့်ရဘူးနော် မိုးတိတ်ရင်ပြန်မယ်"


သူကဘာမှမပြောဘဲ အေးလက်ကိုဆွဲကာ ဟိုဘက်ရုံသို့ပြေး၏။


သို့သော် မိုးသည် ပို၍သဲကာ တညလုံးမစဲအောင် ရွာတော့မည့်ဟန် ဆင်လေ၏။


အားလပ်ချိန်မှာ ထွက်လာသော် မိုးသည်သည်းတုန်းပင်။


အေးေးအးသည် လက်မှတ်ရောင်းသော ရုံကလေး၏မှောင်ရိပ်ကိုခိုကာ မျက်ရည်သုတ်သည်။


"ကို အေးမပြန်ရဲတော့ဘူး"


"ကောင်းတာပေါ့ ခိုးပြီးသားဖြစ်တာပေါ့"


"အမယ်လေး မနက်ဖြန်ကျရင် ကျောင်းမှာ နာမည်ကျော်တော့မှာပဲ ကိုရယ်၊ အမေတို့ကိုလည်း မတွေ့ရဘူးပေါ့ဟင်၊ အေးကြောက်တယ်၊ အိမ်လည်းပြန်ချင်တယ်၊ ပြီးတော့ဆာလည်းဆာတယ်"


အေးသည် ကို၏လက်မောင်းကိုလှုပ်၍ လှုပ်၍ငိုလေ၏။ အေးအေးတကယ် ဒုက္ခဖြစ်မှန်းသိ၍ ကိုကိုမောင်ဆွေလည်း တည်ကြည်လာသည်။ သူ့မျက်နှာ၌ ရိုးဖြောင့်သော အမူအရာကို တွေ့ရလာသည်။


"လာအေး မိုးရေထဲသွားမယ်၊ ကားတွေ ရပ်မပေးရင် လျှောက်ပြန်မယ်ကဲ၊ မရိုက်စေရပါဘူး။ ကိုယ်အပြစ်ခံရအောင်ပြောမယ်အေး၊ ကိုယ့်ကို သူတို့ဘာမှ မလုပ်နိုင်ပါဘူး၊ အေးကိုနှိပ်စက်မယ်ကြံရင် ကိုယ်အိမ်ပေါ်က မဆင်းဘူး ပြီးတော့ အေးနဲ့ ကိုယ်နဲ့ဟာ..."


"ဆွေမျိုးအရင်းကြီးပဲ"ဟု အေးအေးက ခါးခါးသီးသီးထောက်၏။


ကိုက မျက်နှာပျက်သွားပြီး...


"ဟုတ်တယ်အေး၊ အေးဟာ ကလေးပဲ ရှိသေးတယ်၊ စာလဲ ကောင်းကောင်းမသင်ရသေးဘူးနော်"


သည်လိုစကားကိုတော့လည်း မကြားရက်ပါ။ သည်လောက် ငယ်ငယ်ကလေးနှင့် ဘဝ၏တွေ့စမြဲအဖြစ်များကိုတော့ မတွေ့ချင်သေးတာ အမှန်ပင်။ သို့သော် ချစ်တယ်လေ၊ ချစ်တယ်ဆိုတာ တဘဝမှာ တခါပဲဟုလည်းထင်၏။ ဘယ်သူ့မှလဲ မချစ်နိုင်ပါဘူး၊ အသက်၆၀ကျော်လို့ အမယ်အိုဖြစ်နေလဲ ကိုပဲ၊ ကိုပဲ...


"အေး မပြန်ဝံ့ဘူး"ဟု ဖြေးညှင်းစွာပြော၏။


"ပြန်ရင်တော့ ဆိုးတော့ တော်တော်ဆိုးမှာပဲ၊ ရှစ်နာရီခွဲပြီ"


"ဘာလုပ်ကြမလဲ"


ကိုသည် မျက်ခုံးပင့်ပြ၏။ ပြုံးစေ့စေ့လုပ်လိုက်သေးသည်။ ပြီးမှ အေးအေး၏ ဆံပင်ကလေးများကို အကျင့်ပါနေသော လက်များဖြင့်မွှေ့ရမ်းလိမ်ဆွဲသည်။ အေးအေးလည်း မျက်ရည်ကျရပြန်ကာ စိတ်ထဲက ဦးလေးတော်သွားပြန်လေသည်။ အားနည်းနည်းရှိလာသည်။


"အေးသဘောပဲ အိမ်လိုက်ပို့ဆိုရင်လဲပို့မယ်၊ မပြန်ရဲဘူး ဆိုရင်လဲ..."


အေးအေးသည် မော့ကာကြည့်နေလေရာ သူသည်ပင်ရင်ဆို့သွားဟန်ဖြင့် "အေးရာ ခက်လိုက်တာကွာ၊ အေးအသက် ဘယ်နှစ်နှစ်ရှိပြီလဲ"ဟု တခါမှ မညည်းဖူးသူ၊ ပျော်ပျော်နေ၍ သေခဲသူက ရှည်ရှည်ဝေးဝေးညည်းလေ၏။


"၁၆ နှစ်"


"ပြည့်ပြီးပလား"


"ပြည့်ပြီးပြီ"


"သနားတော့ သနားတယ် အေးရယ်"


သည်လိုဆိုတော့လည်း အတော်ကျေနပ်သွာကာ သတ္တိတွေ ရှိလာပြန်၏။


မိုးတိတ်သွားသော် ကိုးနာရီထိုးပြီးလေပြီ၊ သည်အချိန်ဆိုလျှင် အိမ်မှလိုက်ရှာနေကြပြီ။ အိမ်နီးချင်းများက တစေ့တစောင်း ကြည့်ကြပြီ။ ဘယ်နည်းနှင့်မှပြန်၍ မဖြစ်ဟု အေးအေးထင်လေသည်။ အေးအေးသည် ဘာကိုမှ ရင်မဆိုင်ရဲတော့ချေ။ လွှတ်ရာသာပြေးစို့ရဲ့ဟု ပြောတော့မည်။ မျက်ရည်ပူတို့သည် တပေါက်ပြီးတပါက်ကျလာလေသည်။


ဤသို့ သူတို့နှစ်ယောက်ယှဉ်တွဲကာ လျှောက်ခဲ့ကြ၏။ သူ၏ယုယသော လက်များသည်လာ၍ သိုင်းဖက်ထားကြရာ ထိုလက်များသည် သည်လိုပင်အမြဲ နူးညံ့နေပါစေဟု ဆုတောင်းရတော့မည်။ အလင်းရောင်ကို ကတ္တရာလမ်းပေါ်မှရေအလွှာက ဖမ်းယူကာ ပြိုးပြက်နေရာ ထိုရွှေလို ဝါမောင်းသော်လည်း ရွှေမဟုတ်သောအရောင်တို့ပေါ်ဖြတ်သွားသော အေးအေး၏ခြေများသည် အလှမ်းမရေရာဘဲ ဘယ်မှန်းမသိသော သူခေါ်ရာသို့ ဆုတ်ဆိုင်းဆိုင်းပင် လိုက်လျက်ရှိလေသည်။ ။






ကြည်အေး


(ရှုမဝမဂ္ဂဇင်း)

Comments