🔳 ရုပ်ပိုင်းဆိုင်ရာအရ ရှင်သန်နိုင်ဖို့အတွက် စားဝတ်နေရေး အရေးကြီးသလို၊ စိတ်ပိုင်းဆိုင်ရာ ရှင်သန်နိုင်မှု (Psychological survival) အတွက်လည်း လိုအပ်တာတွေ ရှိပါတယ်။
လူသားကို Social animal ဆိုပြီး ပြောကြတာမှာ ဆင့်ကဲပြောင်းလဲမှု (Evolution) နဲ့ ဆက်စပ်နေတာကို တွေ့ရတယ်။ ရှေးခေတ်လူသားတွေဟာ သဘာဝဘေးနဲ့ သားရဲတိရစ္ဆာန်တွေကို ကြောက်ရွံ့ကြရတယ်။ အံတုယှဉ်ပြိုင်ကြရတယ်။ ဒီအခါ ကိုယ်အသက်ရှင်ဖို့အတွက် တစ်ဦးတစ်ယောက်တည်းထက်စာရင် အစုအဖွဲ့လိုက် နေမှသာ ဖြစ်နိုင်တယ် ဆိုတဲ့အတွေး ဝင်လာတယ်။ သူ့ကို ကူညီရင် သူကလည်း ကိုယ့်ကို ပြန်ကူညီလိမ့်မယ်၊ ဒီအခါ ငါတို့အတူရှင်သန်နိုင်လိမ့်မယ် ဆိုတာက ရှေးဦးလူသားတွေရဲ့ အတွေးပဲ။
🔳 လိင်ဆက်ဆံတာနဲ့ အစားအစာကို ကျွန်တော်တို့ တပ်မက်ကြတယ် ဆိုတာမှာလည်း ဒီလိုပဲ။ ဒီနှစ်ခုကိုသာ တပ်မက်စရာအဖြစ် မမြင်ခဲ့ကြဘူး၊ အဲဒါတွေ ပိုင်ဆိုင်ရတဲ့အခါ ကျေနပ်တဲ့ ခံစားချက်သာ မဖြစ်ခဲ့ဘူးဆိုရင် လူသားမျိုးနွယ် တည်တံ့ဖို့ဆိုတာလည်း မလွယ်တော့ဘူး။
ဒါကြောင့် Pleasure ကို လိုချင်တာ၊ အစုအဖွဲ့နဲ့ နေချင်တာဟာ ကျွန်တော်တို့ လူသားတွေရဲ့ ပင်ကိုယ်ဗီဇလို့ ပြောနိုင်တယ်။
ပတ်ဝန်းကျင်မှာလည်း ကြည့်ကြည့်ပါ။ ငွေကြေးပြည့်စုံကြွယ်ဝပေမဲ့ ပျော်မနေသူတွေ အများကြီး။ ပျော်ချင်ယောင် ဆောင်နေသူတွေ တစ်ပုံကြီး။ ကလေးဘဝမှာဆို ပိုသိသာတယ်။ မိဘတွေက စီးပွားတွေပဲ ရှာနေတယ်။ ကလေးကို အချိန်မပေးဘူး။ ပိုက်ဆံတွေ လိုသလောက် ပေးထားရင်၊ ကျောင်းကောင်းကောင်း ထားပေးနိုင်ရင် လုံလောက်ပြီ ထင်နေကြတယ်။ သို့သော် ကလေးက ပျော်မနေတော့ဘူး။ သူတို့လောက်မှ မချမ်းသာတဲ့ မိသားစုတွေကို ပြန်အားကျနေမိတယ်။
🔳 ဒီလိုဆို Psychological survival အတွက် ဘာတွေ လိုအပ်တာလဲ။
ကျွန်တော့်အမြင်အရတော့ အနည်းဆုံး ဒီ ၄ ခု လိုမယ်လို့ ထင်ပါတယ်။
💟 ၁။ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှု
ငယ်ငယ်ကတည်းက အချစ်ခံခဲ့ရတဲ့ကလေး၊ အချစ်ခံရဖို့ကို တကူးတက ကြိုးစားခဲ့ရတဲ့ကလေး၊ ဘယ်လိုလုပ်လုပ် ချစ်ခြင်းမေတ္တာကို မရခဲ့တဲ့ကလေး ခံစားမှုချင်း မတူဘူး။ ကိုယ့်ကိုယ်ကိုယ် လေးစားမှုချင်း မတူဘူး။ အသက်ကြီးလာတဲ့အခါ လောကကို မြင်တဲ့အမြင်ချင်းလည်း မတူကြဘူး။
“ငယ်ရွယ်စဉ်မှာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေက ကိုယ့်ကို ဆက်ဆံတဲ့ပုံစံ” သည် Self-esteem ရဲ့ Foundation ဖြစ်ပါတယ်။
နေမကောင်းတဲ့အခါ ပြုစုပေးမဲ့လူ ရှိတယ်၊ လိုအပ်တဲ့အခါ အကူအညီ တောင်းလို့ရတဲ့သူ ရှိတယ်၊ ကိုယ့်ကို ဂရုစိုက်တဲ့သူ ရှိတယ်ဆိုပြီး ယုံကြည်ထားနိုင်ခြင်းဟာ ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ရာမှာလည်း ခွန်အားရှိစေပါတယ်။
💟 ၂။ အသိအမှတ်ပြု ခံရမှု
ကလေးကို ရုပ်ဝတ္ထုတွေပဲ ပံ့ပိုးပေးပြီး အချိန်မပေးတာ၊ နားထောင်မပေးတာတွေက ကလေးရဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုရာ ရောက်တယ်။ သူက အိမ်မှာ invisible ဖြစ်နေတယ်။ အဲဒီလိုနဲ့ သူရှိမှန်းသိအောင် ဆိုးပြတာ၊ ဒါမှမဟုတ် ကျောင်းမှာ တခြားကလေးတွေကို အနိုင်ကျင့်ပြီး Self-esteem ကို တည်ဆောက်တာတွေ ဖြစ်လာတယ်။
အရွယ်ရလာတဲ့အခါမှာလည်း ဒီလိုပဲ။ ကျွန်တော်တို့ဟာ အသိအမှတ်ပြု ခံချင်ကြတယ်။ ကိုယ့်ရဲ့ အမြင်ကို နားထောင်ပေးတာ၊ လက်ခံတာ၊ ကိုယ့်ရဲ့ ကြိုးစားမှုကို ချီးကျူးတာ လိုချင်ကြတယ်။ အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ နေရရင် ပျော်ရွှင်ကြတယ်။ ကျေနပ်ကြတယ်။
💟 ၃။ နားလည်ခံရမှု
ကိုယ့်ကို နားလည်ပေးတဲ့သူ တစ်ယောက်လောက်များ ဘဝမှာ ရှိသလား။ နားလည်ပေးခံရတဲ့ အခိုက်အတန့် တစ်ခုလောက်ရော ကိုယ့်မှာ ရှိသလား။ ပြန်စဉ်းစားကြည့်ပါ။ နေလို့သိပ်ကောင်းတာနော်။ ကိုယ့်ကို ဘယ်သူကမှ နားလည်မပေးနိုင်တဲ့ အခြေအနေမျိုးမှာ အဲဒီလို ကြုံလိုက်ရတာဆို ရင်ထဲ ပိုတောင်မှ လှိုက်ခနဲ ခံစားရသေးတယ်။
အဲဒီမှာမှ Introvert လို့ ခေါ်တဲ့ အတွင်းစွဲသမားတွေ (အုံ့ပုံးတွေ) ဆို ပိုလိုအပ်ကြတယ်။ သူတို့က သူတို့ခံစားချက်ကို လွယ်လင့်တကူ ထုတ်ဖော်မပြောတတ်တဲ့သူတွေ မဟုတ်လား။ အဲဒီအခါ ထုတ်ပြောမှ နားလည်နိုင်တဲ့သူထက် မပြောဘဲနဲ့လည်း နားလည်ပေးနိုင်တဲ့သူဆို သိပ်ခင်တွယ်တတ်ကြပါတယ်။
💟 ၄။ ယုံကြည်ရတဲ့ အဝန်းအဝိုင်း
ကိုယ့်ကို ယုံကြည်တဲ့သူ၊ ကိုယ်က ယုံကြည်ရတဲ့သူ မရှိခြင်း၊ သို့မဟုတ် အလွန်နည်းပါးခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေပါတယ်။
သစ္စာဖောက်ခံရတာ၊ နောက်ကျောမလုံတာ၊ ဘယ်တော့ ဘာထလုပ်မယ် မသိဘူးဆိုတဲ့ စိတ်နဲ့ ရင်တမမ နေနေရတာ စိတ်ဆင်းရဲစရာ အတော်ကောင်းတယ်။ အထူးသဖြင့် ခွဲခွာလို့မရတဲ့၊ ခွဲခွာရခက်တဲ့သူတွေက အဲဒီလိုဖြစ်နေရင် ပိုဆိုးတယ်။ သူငယ်ချင်းက မပေါင်းဘဲ နေလို့ရတယ်။ ရည်းစားက ဖြတ်လိုက်လို့ရတယ်။ အိမ်ထောင်ဖက်ကျ ကွာရခက်လာပြီ။ ပိုဆိုးတာက မိဘနဲ့သားသမီး။ သံယောဇဉ်တွေ၊ ကျေးဇူးတရားတွေ ချည်နှောင်ထားတဲ့အခါမှာ ဖြတ်တောက်ပစ်ဖို့ တကယ်ခက်တယ်။
တစ်ဖက်ကလည်း လုံးဝမယုံရဘူး။ အဖေက အရက်စွဲနေတာ၊ အမေက လောင်းကစားစွဲနေတာ၊ သားသမီးက မူးယစ်ဆေးစွဲနေတာ စသဖြင့်ပေါ့။ စွဲနေတဲ့အတွက် ဘာမဆို လုပ်ဖို့ ဝန်မလေးတော့ဘူး။ ကိုယ်တိုင်ကြုံဖူးတဲ့သူလည်း ရှိမယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲလည်း ကြည့်ဖူး၊ ဖတ်ဖူးကြပါလိမ့်မယ်။
နောက်ပြီး ကိုယ်တိုင်က စိတ်ဒဏ်ရာတွေနဲ့ ဘယ်သူ့ကိုမှ မယုံတတ်တော့တာ၊ သံသယများလွန်းတာတွေ ဖြစ်နေရင်လည်း မကောင်းဘူး။ လိုအပ်တဲ့ တိုင်ပင်ဆွေးနွေးမှု၊ ကုသမှုတွေ လုပ်ဖို့ လိုရင် လုပ်သင့်ပါတယ်။
🔳 ဒီစာကို ဖတ်ပြီးတဲ့အခါ ကိုယ့်ရဲ့ ငယ်ဘဝ၊ လက်ရှိရှင်သန်နေရတဲ့ ပတ်ဝန်းကျင်၊ ကိုယ့်စိတ်အခြေအနေ၊ အဲဒါတွေကို ချိန်ထိုးပြီး စဉ်းစားကြည့်ပါ။ ကိုယ့်လို မဟုတ်တဲ့သူတွေ (ကိုယ့်ထက် ပိုပျော်နေတဲ့သူ၊ မပျော်နေတဲ့သူ၊ ကိုယ့်ထက် Self-esteem ပိုကောင်းတဲ့သူ၊ မကောင်းတဲ့သူ၊ ကိုယ့်ထက် အကောင်းမြင်တတ်သူ၊ အဆိုးမြင်တတ်သူ စသဖြင့်) ရဲ့ ငယ်ဘဝနဲ့ လက်ရှိပတ်ဝန်းကျင်ကိုလည်း ရနိုင်သမျှ လိုက်တူးဆွကြည့်ပါ။
ဘယ်အရာမှ အကြောင်းမဲ့ ဖြစ်နေတာ မဟုတ်ဘူး ဆိုတာကို တွေ့ရပါလိမ့်မယ်။
🔳 အမြဲရေးခဲ့သလိုပါပဲ။ ငယ်ဘဝကို ရွေးလို့ မရပါဘူး။ မိဘကို ရွေးလို့ မရပါဘူး။ အတိတ်ကိုလည်း ပြန်ပြင်လို့ မရပါဘူး။ လက်ထဲရှိနေတာ ပစ္စုပ္ပန်ပါ။ ကိုယ်ရွေးချယ်လို့ရတာကလည်း ကိုယ့်ရဲ့ တုံ့ပြန်ပုံတွေပါပဲ။
🔳 နောက်ပြီး ကိုယ့်အတွက် ပတ်ဝန်းကျင်ကို အခါခပ်သိမ်း ပြောင်းလဲလို့ မရနိုင်ပေမဲ့ ကိုယ်က သူများတွေအတွက် ဘယ်လိုပတ်ဝန်းကျင်မျိုး ဖြစ်ပေးမလဲ ဆိုတာကိုတော့ ပြောင်းလဲလို့ ရပါတယ်။
ဒါကြောင့် အများအတွက် စိတ်ပိုင်းဆိုင်ရာ လိုအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့သူ ဖြစ်အောင် လုပ်စေချင်ပါတယ်။
• ချစ်ခြင်းမေတ္တာပေးမယ်။ ဂရုစိုက်မယ်။
• အသိအမှတ်ပြုမယ်။ ဘာမဟုတ်တဲ့ သေးသေးလေးတွေကအစ မြင်အောင်ကြည့်ပေးမယ်။
• နားလည်ပေးမယ်။
• ယုံကြည်မှုပေးမယ်။
ဒီလိုဆို သွေးတစိမ့်စိမ့် ယိုထွက်နေတဲ့ စိတ်အနာတွေကိုတောင် ကျက်သွားစေနိုင်ပါတယ်။ အသက်ဆက်ရှင်ဖို့ အကြောင်းရင်းတွေကိုလည်း ရှာတွေ့သွားစေမယ်။ ကိုယ်ရှိနေတဲ့ ပတ်ဝန်းကျင်ကို ကိုယ်မရှိခင်ကထက် ပိုလှလာအောင် လုပ်နိုင်လာပါလိမ့်မယ်။
🔳 ကိုယ်က အချစ်မခံရတဲ့အခါ သူများကိုလည်း မချစ်တတ်တော့တဲ့သူတွေ ရှိသလို၊ အချစ်မခံရတဲ့ ဒုက္ခကို သေချာနားလည်ခဲ့တဲ့အတွက် ပိုချစ်ပြတတ်လာသူတွေလည်း ရှိပါတယ်။
မကောင်းတဲ့ မိဘနဲ့ ကြုံခဲ့ရလို့ ကိုယ့်သားသမီးအတွက် ကောင်းတဲ့မိဘဖြစ်အောင် ဘယ်လိုနေပေးရမလဲ မသိတော့တဲ့သူတွေ ရှိသလို၊ ကိုယ့်တုန်းကလို ကိုယ့်ကလေးတွေ မခံစားရအောင် သင်ခန်းစာယူတတ်တဲ့ မိဘတွေလည်း ရှိပါတယ်။
အဓိကက ကိုယ့်အပေါ်မှာပဲ မူတည်တာပါ။
🔳 ဒါကြောင့် ဘယ်လိုပဲ ဒဏ်ရာအနာတရတွေ ရှိခဲ့ရှိခဲ့၊ ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာဖို့ပဲ အမြဲရွေးချယ်ပါ၊ ဒဏ်ရာတွေကို လက်ဆင့်မကမ်းတဲ့သူ ဖြစ်လာဖို့ပဲ အမြဲဆုံးဖြတ်ပါလို့ တိုက်တွန်းချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၆.၁၁.၂၀၂၃
Photo credit - Pixabay


Comments
Post a Comment