“အကောင်းမြင်စိတ်နှင့် ကျန်းမာရေး” @ ဒေါက်တာဖြိုးသီဟ




🔳 ဒီအဆက်အစပ်ကို မရှင်းပြခင် အကောင်း မြင်စိတ် ဆိုတာကို အရင်ဆုံး အဓိပ္ပါယ် ဖွင့်ချင်ပါတယ်။


ချမ်းသာအောင်၊ ပြည့်စုံအောင် မကြိုးစားချင်တဲ့အခါ “သေရင်လည်း ထားခဲ့ရတာပဲ” ဆိုပြီး အနိစ္စကို အကာအကွယ် ယူလိုက်သလိုမျိုး အကောင်းမြင်စိတ်ကိုလည်း အဲဒီလို မြင်တတ်ကြလို့ပါ။


🔳 ပြဿနာတစ်ခုခု ကြုံတဲ့အခါ “ပိုကောင်းဖို့ ဖြစ်လာတာပါ” “ကံပါလာရင် ရှောင်လွှဲလို့ မရဘူး” ဆိုတဲ့ အတွေးမျိုးတွေကို အကောင်းမြင်စိတ်လို့ ခေါ်တာ မဟုတ်ပါဘူး။


အဲဒီလိုပဲ၊ မိုးတွင်း အပြင်ထွက်မှာကို မိုးမရွာလောက်ပါဘူး ဆိုပြီး ထီးမယူခဲ့တာသည်လည်း အကောင်းမြင်စိတ် မဟုတ်သလို၊ အနာဂတ်နဲ့ ပတ်သက်လို့ “သူ့ဟာသူ ဖြစ်လာလိမ့်မယ်၊ ကံစီမံရာပေါ့” ဆိုတာမျိုး ပုံအပ်ထားတာဟာလည်း အကောင်းမြင်တာ မဟုတ်ဘူး။


လက်လျှော့တာ၊ အရှုံးပေးတာ၊ ငုံ့ခံတာ၊ ပေါ့ဆတာ၊ ပျင်းရိတာတွေသာ ဖြစ်ပါတယ်။


🔳 အကောင်းမြင်စိတ် ရှိမရှိကို သုတေသီတွေက အများအားဖြင့် နည်းလမ်းနှစ်မျိုးနဲ့ တိုင်းတာကြပါတယ်။


ပထမနည်းက သူ့အနာဂတ်နဲ့ ပတ်သက်လို့ ဘယ်လိုရှုမြင်ထားသလဲ ဆိုတာပါ။ Dispositional Optimism လို့ ခေါ်ပါတယ်။


အနာဂတ်မှာ ကောင်းတာတွေ ဖြစ်လာလိမ့်မယ်၊ ငွေကြေး၊ မိသားစု၊ ပညာရေး၊ အလုပ်အကိုင် စသဖြင့် အဆင်ပြေလိမ့်မယ်၊ ကြိုးစားသလောက် အရာထင်လိမ့်မယ်၊ ဒီလိုအကောင်းဘက်က မျှော်လင့်ထားသူတွေ ရှိသလို၊ ပြောင်းပြန်အနေနဲ့ အနာဂတ် ဝေဝါးနေသူတွေလည်း ရှိပါမယ်။ လူရဲ့ ပင်ကိုယ်စရိုက်နဲ့ သက်ဆိုင်ပြီး ရှင်သန်နေရတဲ့ ဘဝအခြေအနေပေါ်လည်း မူတည်မယ်လို့ ထင်ပါတယ်။


အခုလက်ရှိ မြန်မာပြည် အခြေအနေနဲ့ဆို ပင်ကိုယ်က အကောင်းမြင်တတ်တဲ့သူတောင် အနာဂတ်နဲ့ ပတ်သက်လို့တော့ စိုးရိမ်နေဖို့ များပါတယ်။


🔳 နောက်တစ်နည်းကတော့ Explanatory Style ဖြစ်ပါတယ်။ ဆိုးရွားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတဲ့အခါ အဲဒါကို ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုကောက်ချက်ချသလဲ ဆိုတာပါ။


ဥပမာ တစ်ခုခု အမှားလုပ်မိတယ်ဆို ငါက အသုံးကိုမကျတဲ့သူပဲလို့ ပြောလေ့ရှိသလား၊ ဒါမှမဟုတ် ငါ မှားသွားတယ်၊ နောက်တစ်ခါ ဒါမျိုးမဖြစ်အောင် ဂရုစိုက်မယ်လို့ ပြောတတ်သလား။


ပထမတစ်ယောက်ကို အဆိုးမြင်စိတ်ရှိသူလို့ ခေါ်တယ်။ ဘာလို့ဆိုတော့ ဒီအမှားလေးတစ်ခုကို သူ့တစ်ဘဝစာအဖြစ် သိမ်းကျုံးမှတ်ယူလိုက်လို့။ အကန့်ခွဲမမြင်နိုင်လို့။


🔳 နောက်ဥပမာတစ်ခု။ စီးပွားရေး ထိခိုက်သွားတယ်။ အလုပ်ပြုတ်သွားတယ်။ သွားပြီ၊ ငါ့ဘဝတော့ ပြီးဆုံးသွားပြီ၊ ငါ ဒီကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဘူးလို့ တွေးသလား။ ဒါ ကမ္ဘာပျက်သွားတာမှ မဟုတ်တာ၊ အခိုက်အတန့်သဘောပဲ၊ ငါ ပြန်ကြိုးစားရင် ရနိုင်သေးတယ်လို့ တွေးသလား။


ပထမတစ်ယောက်သည် အဆိုးမြင်တတ်သူ ဖြစ်တယ်။ ဘာလို့ဆိုတော့ ဒီအခြေအနေကို 'ရာသက်ပန်' အဖြစ် မှတ်ယူထားလို့ပါပဲ။


🔳 ဒါကြောင့် အကောင်းမြင်စိတ် ဆိုတာ ဘာလဲလို့ မေးရင် -


• အနာဂတ်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက် ရှိနေတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိတာ

• ပြဿနာနဲ့ ကြုံတဲ့အခါ အကန့်ခွဲ စဉ်းစားနိုင်တာ၊ ပြဿနာကို အရှိအရှိအတိုင်း ယထာဘူတကျကျ မြင်နိုင်တာ၊ ကျော်ဖြတ်လို့ရတဲ့၊ ဖြေရှင်းလို့ရတဲ့ကိစ္စအဖြစ် မြင်ထားတာ


ဒါတွေကို ဆိုလိုတာ ဖြစ်ပါတယ်။


🔳 ခုခေတ်မှာ တော်တော်များများလည်း သိလာကြပါပြီ။ အကောင်းမြင်စိတ်ရှိခြင်းဟာ လူကို ကျန်းမာစေတယ်။ အသက်ရှည်စေတယ် စသဖြင့်ပေါ့။


ဘယ်ပုံဘယ်နည်းနဲ့ အဲဒီလို ဖြစ်စေတာလဲလို့ မေးရင် အကြောင်းရင်း ၅ ခု ရှိတယ်လို့ ဆိုပါတယ်။


❤️ ၁။ အကောင်းမြင်စိတ်ရှိသူဟာ မကောင်းတဲ့ကိစ္စတွေ ကြုံရတာနည်းတယ်။


တချို့ကတော့ Law of attraction ဆိုပြီး ပြောကြလိမ့်မယ်။ အကောင်းမြင်ရင် ကောင်းတာတွေ ပိုပိုဖြစ်လာမယ်။ အဆိုးမြင်ရင် ဆိုးတာတွေ ပိုပိုဖြစ်လာမယ်။ Universe က တူရာတူရာ Energy တွေ ပေါင်းစုပေးတယ်ပေါ့။


အဲဒီထက် ပိုပြီး လက်တွေ့ကျကျ ပြောရရင်တော့ ပြဿနာ ကြုံတဲ့အခါ အကောင်းမြင်စိတ် ရှိသူက သေချာဖြေရှင်းတယ်။ ဒီပြဿနာကို ဘယ်လိုမြင်သလဲ ဆိုတဲ့ Attitude ပေါ် မူတည်ပြီး နောက်ဆက်တွဲ ဖြေရှင်းပုံတွေ၊ ရလဒ်တွေက မတူတော့ဘူးကိုး။


အပေါ်မှာ ပေးခဲ့တဲ့ ဥပမာလို၊ အလုပ်ပြုတ်သွားတယ်ဆိုရင် အဆိုးမြင်စိတ်ရှိသူက ဒါကို ဖြေရှင်းမရတဲ့ ပြဿနာလို့ မှတ်ယူလိုက်တော့ စိတ်တွေ ဖိစီးမယ်။ အရက်သောက်မယ်။ လင်မယား ရန်ဖြစ်မယ်။ ကလေးတွေကို မာန်မဲမိမယ်။ အဲဒီလိုနဲ့ အလုပ်သစ်က ရမလာတဲ့အပြင် ကျန်းမာရေးနဲ့ မိသားစုပါ ထိခိုက်လာမယ်။ ပြဿနာတွေက တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ လေးခု ဖြစ်လာတော့တာပေါ့။


အကောင်းမြင်စိတ် ရှိသူကတော့ အလုပ်ပြုတ်ခြင်းကနေ တခြားပြဿနာတွေ ဆင့်ပွားမလာအောင် လုပ်နိုင်တယ်။ ဒီလိုနဲ့ ရှောင်ရှားလို့ရတဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်သွားမှာ ဖြစ်ပါတယ်။


❤️ ၂။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လူနေမှုပုံစံကို ပိုလုပ်ဖြစ်တယ်။ ကျန်းမာရေးကို ပိုဂရုစိုက်တယ်။ နေထိုင်မကောင်း ဖြစ်ရင်လည်း ဆေးကုသမှု ခံယူတယ်။


မြင်ဖူးမှာပေါ့။ ပြဿနာတစ်ခုခု ဖြစ်တဲ့အခါ ဘဝကို ရေစုန်မျှောပြီး အရက်တွေချည်း ဖိသောက်နေတဲ့သူတွေ၊ သောက်လက်စ ဆေးတွေ ဆက်မသောက်တော့တဲ့သူတွေ၊ ဆရာဝန်ဆီ ဆက်မပြတော့တဲ့သူတွေ။


❤️ ၃။ ကိုယ်ခံအားစနစ်ကို ပိုအားကောင်းစေတယ်။


ငါ ဘယ်လောက်လုပ်လုပ် ထူးမှာမဟုတ်ဘူး၊ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး ဆိုတဲ့ အဆိုးမြင်စိတ်က ဆေးကုသမှုတွေ၊ အမူအကျင့် ပြောင်းလဲတာတွေ မလုပ်ချင်တော့ရုံတင်ကမဘူး ကိုယ်ခံအားအတွက် အရေးကြီးတဲ့ T-cells တွေအပေါ်ပါ သက်ရောက်မှု ရှိပါတယ်။


❤️ ၄။ အကောင်းမြင်စိတ် ရှိသူဟာ လူမှုဆက်ဆံရေး ပိုကောင်းတယ်။  


လူတွေရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက် အရေးကြီးဆုံးအချက်တစ်ခုကို ပြောပါဆိုရင် Social connection ပဲ။ ဆက်ဆံရေးတွေ အဆင်ပြေနေတဲ့အခါ၊ လူမှုအသိုင်းအဝိုင်းထဲ ဝင်ဆံ့နေတဲ့အခါ ပျော်ရွှင်မှုက မြင့်တက်လာတယ်။ ဒါကြောင့် အိမ်ထောင်သည်တွေထက်စာရင် တစ်ကိုယ်တည်းသမားတွေက စိတ်ကျရောဂါ ခံစားရဖို့ ပိုများတယ်။ အဖိုးအဖွားတွေ အိမ်ထောင်ဖက် ဆုံးပါးသွားပြီး ပထမ ၆ လအတွင်း သူတို့ပါ လိုက်ပါဆုံးပါးနိုင်ခြေဟာ ပုံမှန်အခြေအနေထက် ပိုမြင့်တက်လာတယ်။ (ဒါက ဒီနိုင်ငံမှာလို သားသမီးတွေ၊ မြေးတွေ၊ မြစ်တွေ အတူနေကြလေ့ မရှိတာလည်း ပါမယ်ထင်ပါတယ်)


အဲဒီလို လူမှုဆက်ဆံရေး ကောင်းဖို့မှာ အကောင်းမြင်စိတ်က လိုအပ်တယ်။ အမြဲအဆိုးမြင်နေတဲ့သူဟာ အပေါင်းအသင်း နည်းတယ်။ သူ့ဟာသူတောင် ပူလောင်နေရမှတော့ သူနဲ့ အတူရှိချင်တဲ့သူ ဆိုတာလည်း နည်းသွားတာပေါ့။


❤️ ၅။ အကောင်းမြင်စိတ်က မျှော်လင့်ချက်ကို ပိုအားကောင်းစေတယ်။


ငယ်ငယ်က ကျောင်းမှာ သင်ဖူးပါတယ်။ The Last Leaf ဆိုတဲ့ ဝတ္ထုတိုကလေး။ နေမကောင်းဖြစ်နေတဲ့ ကောင်မလေးက အရွက်တွေ တဖြုတ်ဖြုတ်ကြွေနေတာကို အခန်းပြတင်းပေါက်ကနေ မြင်နေရတယ်။ ဒီအရွက်တွေ ကုန်တဲ့နေ့တော့ သူသေမှာပဲ ဆိုပြီး မှတ်ယူထားတယ်။ လူနာကိုယ်တိုင်က မျှော်လင့်ချက် မဲ့နေတော့ ဆရာဝန်ကလည်း လက်လျှော့ထားတော့တာပေါ့။


အဲဒီလိုနဲ့ နောက်ဆုံးသစ်ရွက် ကြွေမဲ့ညမှာ သူတို့နဲ့ တစ်တိုက်တည်းနေတဲ့ ပန်းချီဆရာကြီးက နံရံပေါ်တက်ပြီး သစ်ရွက်ပုံကလေး ဆွဲထားလိုက်တယ်။ မနက်လည်း နိုးလာရော၊ သူ ထင်ထားသလို မဟုတ်ဘဲ သစ်ရွက်ကလေး ဝေဆာနေတာ မြင်လိုက်ရတော့ စိတ်အားတက်လာပြီး ရောဂါပြန်သက်သာလာတယ် ဆိုတဲ့ ဇာတ်လမ်း။


ပြောမယ်ဆို မျှော်လင့်ချက် (Hope) ပါပဲ။ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားစေတဲ့ အချက်တွေထဲမှာ မျှော်လင့်ချက် ကင်းမဲ့ခြင်းက ထိပ်ဆုံးက ပါသလို၊ ခက်ခဲတဲ့အချိန်တွေ၊ အမှောင်မိုက်ဆုံး ကာလတွေကို ဖြတ်ကျော်စေနိုင်တာ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်တဲ့ အရာတွေကို လုပ်နိုင်စေတာလည်း အဲဒီမျှော်လင့်ချက်ပဲ။


ဒီဝတ္ထုထဲကလိုတော့ ကိုယ့်အတွက် ဘယ်ပန်းချီဆရာကမှ နံရံပေါ်တက် သစ်ရွက်ပုံ ဆွဲပေးမှာ မဟုတ်ဘူး။ ကိုယ့်ဘဝရဲ့ မျှော်လင့်ချက်ကို ကိုယ်ကိုယ်တိုင်ပဲ ရှာဖွေဖမ်းဆုပ်ရမှာ ဖြစ်ပါတယ်။


🔳 တစ်ခါရေးဖူးသလို၊ ဘဝက အစစအရာရာ အဆင်ပြေနေရင်တော့ အကောင်းမြင်စိတ်က မလိုအပ်ပါဘူး။ ဒါပေမဲ့ ဘယ်သူ့ဘဝမှလည်း အဲဒီလို အမြဲဖြစ်နေမှာ မဟုတ်တော့ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတစ်ခုခုမှာ တစ်ချိန်မဟုတ်တစ်ချိန် ပြဿနာတွေ၊ အဆင်မပြေမှုတွေ၊ ဒုက္ခတွေနဲ့ ကြုံရပါလိမ့်မယ်။


အဲဒီအခါ ဘယ်လိုခံယူချက်မျိုး၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ရှိသလဲ ဆိုတဲ့အပေါ် မူတည်ပြီး နောက်ဆက်တွဲ ရလဒ်တွေ ကွဲပြားခြားနားသွားကြမှာ ဖြစ်ပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၁၂.၁၁.၂၀၂၃


Photo credit - Pixabay

Comments