ကျွန်မတို့ဖဲဝိုင်းမှာ လူတွေ စိတ်ဓာတ် ပျက်ပြားနေကြတာ ကြာပြီ။ ကိုလှရွှေတို့ လင်မယားက မှန်မှန် မလာတော့ပြီ။ ကျွန်မတို့လင်မယား၊ ကိုခင်ဦး ဂျိုစီလင်မယား၊ ကိုအောင် မြင့်မြင့်တို့လင်မယားက ခြောက်အိမ် အမြဲပြည့်နေတော့ သိပ်မပူပင်ပါ။ ပြီးတော့ တခါတရံ လာတတ်သော စနေ၊ တနင်္ဂနွေ မိတ်ဆွေများလည်း ရှိတတ်သည်။ ပြီးတော့ ကျွန်မတို့ ခြောက်ယောက်က ဖဲမဖြတ်နိုင်သောသူများ ဖြစ်သည်။ ရှုံးပါများလျှင် “ဖဲဖြတ်မယ်၊ ဖဲဖြတ်မယ်” လို့ ဆိုကြပြီး ပြောသလို ဘယ်တော့မှမလုပ်။ စနေ၊ တနင်္ဂနွေမှာ ဆုံကြမြဲ။ ကိုခင်ဦးနှင့် ဂျိုစီက သူတို့အိမ်မှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထမင်း လက်သုပ်၊ နန်းကြီးသုပ် လုပ်ပြီး ဖိတ်မြဲ။ သူတို့နှစ်ယောက်က အမြဲနိုင်လေ့ ရှိတယ် ဆိုကြသည်။ တခါတလေ ရှုံးလျှင် ဖဲဝိုင်းသိမ်း ပစ်တတ်သည်။ သူတို့ကို လူချစ်မများပါ။ ဒါပေမဲ့လည်း ကိုခင်ဦးက အိမ်ကလူ ကိုညီညီနဲ့ အချစ်ဆုံးကျောင်းနေဘက် ဖဲရိုက်ဖက်မို့ ကျွန်မနှင့် အိမ်က လူတို့ သူတို့အိမ်မှာ စား၊ အိပ်၊ ဖဲရိုက်၊ အတူရုပ်ရှင်ကြည့်၊ ပွဲထိုင်သွားကြ၊ အင်မတန် ရင်းနှီးချစ်ခင်ကြသူများလို့ လူတွေ ထင်ကြသည်။
ဖဲဝိုင်းစည်ပင်နေရာက လူတွေစိတ် ဓာတ်ပျက်ပြားလာသည်မှာ ကိုလှရွှေက စ တယ်ဆိုရမည်။ ကိုလှရွှေက အရာရှိဝိုင်းမှာ တဦးတည်းသော ကုန်သည်ဖြစ်ပြီး စေတနာကောင်း ငွေကုန်ခံပြီး မိတ်ဆွေသင်္ဂဟကိုသည်းခံပေါင်းသူ၊ ဒါပေမဲ့ မဟုတ်တာမြင်ရင် ခပ်အေးအေးနဲ့ စုံစမ်းတတ်၊ အပြစ်ဆိုတတ်သူ၊ သူ့မိန်းမက ပညာတတ် အရာရှိဖြစ်ပြီး ဖဲသိပ်ရိုက်ချင်လှတယ် မဟုတ်ပါ။ ဖဲဝိုင်းအပြင်မှာ နေလို့ရလျှင် ချက်ချင်း ထွက်တတ်သူ။ ကိုအောင်နှင့် မြင့်မြင့်တို့က ဖဲဝါသနာ သိပ်ပါပြီး ရှုံးတိုင်း ဖဲဖြတ်မယ်ဆိုသူများ ဖြစ်သည်။ ပြီးတော့ သူတို့သည် ဘုရားတရား ကြည်ညိုပြီး လောင်းကစားခြင်းကို မလုပ်ချင်ဘဲ လုပ်နေသူများပင်။ ဖဲ တနေ့တော့ ဖြတ်ရမည်။
တနေ့ ကိုလှရွှေက ဖဲဝိုင်းအပြီး ရှုံးငွေ၊ နိုင်ငွေများကို စစ်တော့ ငွေတရာ၊ နှစ်ရာ ပျောက်နေတာကို ထောက်ပြပါသည်။
ကျွန်မ အိမ်ကလူနှင့် ကျွန်မက အမြဲလိုလို ရှုံးသူများဖြစ်တော့ ဒီကိစ္စမှာ အပြစ်ဆိုစရာမရှိပါ။ ပါသမျှ ကုန်သွားပါပြီ။ ကိုလှရွှေက နည်းနည်းရှုံးပြီး သူ့မိန်းမ ခင်ခင်ကြီးက များများရှုံးပါသည်။ ကိုအောင်နှင့် မြင့်မြင့်က နည်းနည်းစီ ရှုံးကြသည်။ ဒီတော့ ရှုံးသမျှ ငွေသည် နိုင်သူ ကိုခင်ဦးနှင့် ဂျိုစီတို့ဆီမှာ ရှိရမည်။ သူတို့နိုင်သမျှ ပြလိုက်တော့ တရာကျော် ပျောက်နေသည်။
တခါလည်း ဖဲကစားရင်း ဖဲတချပ် လွင့်ကျပြီး ဘယ်သူ့ဖဲမှလည်း မဟုတ်ပါ။ အားလုံး ယဉ်ကျေးစွာ တိတ်ဆိတ်နေကြသည်။ အဲဒီ ဖဲအပိုက ဘယ်ကထွက်သလဲလို့ ကိုလှရွှေကတောင် မမေးပါ။ သူက အနည်းငယ် ရယ်ပြီး ကျွန်မအိမ်ကလူ ကိုညီညီကို “ခင်ဗျား ဖဲကြီးက ဗြဲရမ်းကြီး၊ လူတိုင်း မြင်ရတယ်” လို့သာ ပြောပါသည်။
လင်သည် ကိုညီညီကို ကျွန်မ စိတ်ပျက် နေတာကြပြီ။ သည်အကြောင်းကို ပြောရရင် ဝတ္ထုရှည်ကြီးတပုဒ်တောင် ရေးလို့ရမည်။ သူသည် ဉာဏ်ကောင်းပြီး အလုပ်ကြိုးစားပြီး ရာထူးတက်နေသော်လည်း ခင်ပွန်းအဖြစ် လူသာမန်အဖြစ်နဲ့တောင် အသုံးကျတာ ဘာမှမရှိဘူးလို့ ကျွန်မ စိတ်ဆိုးတိုင်း စဉ်းစား တတ်သည်။ ခုတလောတော့ စိတ်မဆိုးလည်း ဒီအတိုင်း စဉ်းစားနေတတ်သည်။ ဒါပေမဲ့ ‘သူ့စိတ်များမှ နှံ့ရဲ့လား” လို့ ဆင်ခြင်မိရင်တော့ ချောက်ချားကြောက်လန့်ဖွယ်ရာများကို ထင်မြင်လာတတ်ပါသည်။
ထို စနေတနေ့မှာ ဧည့်သည်များ ရောက်လာတော့ ကိုခင်ဦး၊ ကိုညီညီနှင့် ဧည့်သည် ယောက်ျားလေးယောက် ဖဲဝိုင်းဖွဲ့ကြသည်။ ကိုလှရွှေ လင်မယားက အိမ်ပြန်ကြသည်။ ကိုအောင်နှင့် မြင့်မြင့်တို့ ရုပ်ရှင်ထွက်သွားကြပြီး သန်းခေါင်ကျော် ပြန်လာပြီးမှ ဖဲရိုက်ကြမည်။ ဧည့်သည်နှစ်ယောက် ပြန်သွားမယ်ဆိုတာကိုး။ ဂျိုစီနှင့် ကျွန်မက ကိုခင်ဦး၊ ဂျိုစီတို့ အိပ်ခန်းထဲဝင်ပြီး သူတို့အိပ်ရာမှာ အိပ်ဖို့ စီစဉ်ရပါသည်။ သူတို့မှာ ကလေးနှစ်ယောက် ရှိတော့ အိပ်ခန်းပို မရှိပါ။
အပြင်က ဖဲရိုက်သံသည် နည်းနည်း ဆူညံတတ်တော့ ကျွန်မ အိပ်မပျော်ပါ။ သူများအိပ်ရာမှာ အိပ်ရတာမို့လည်း ဖြစ်နိုင် ပါသည်။
ပြတင်းပေါက်မှ လဝန်းသာနေသည်ကို ကြည့်ပြီး အဲဒီကမ္ဘာအပြင်မှာ လမင်းနားမှာ သွားနေရရင် ကောင်းမှာပဲလို့ ကလေးလို တွေးရာက စိတ်မပျော်စရာတွေ ထပ်တွေးပြီး မျက်စိကြောင်နေသည်။ ငါ့မှာ ကလေး တယောက်မှမှ မရှိတာ ဘာပူစရာရှိသလဲ။ မန္တလေးဆေးရုံ ပြောင်းပြေးဖို့ တောင်းရ ကောင်းမလား။ စုထားတဲ့ ပိုက်ဆံနဲ့ အင်္ဂလန် စာသင်ထွက်ရကောင်းမလား ခုလက်ရှိဘဝကို မကျေနပ်နိုင်တာ အမှန်ပဲ။ အချိန်ဖြုန်းနေတာ အမှန်ပဲ။
မေမေ၊ ဖေဖေကတော့ “သူတို့ပေးစားတာ မယူလို့ ဒုက္ခရောက်တာ မဆန်းပါဘူး” လို့ ပြောလိမ့်မယ်။ ဦးလေးချစ်က “ငါ သတိပေးသားပဲ နောင်တ ဘယ်တော့မှ မရပါဘူး” လို့ ပြောလိမ့်မယ်။ ကိုယ့်ကို ကြိုက်နေတဲ့ ကောင်လေးကလည်း “မချစ်ဘဲနဲ့ ဘာလို့ ယူတာလဲ။ နှစ်နှစ်ခံရင် ကံကောင်းပေါ့” လို့ ဆိုတယ်။
ကျောင်းနေဘက် ကိုယ့်ချစ်ဦး ဗြုန်းခနဲ သေဆုံးသွားပြီး ဘယ်သူယူယူ မထူးပါဘူးလို့ စိတ်ဒုံးဒုံးချခဲ့တာ ဘယ်သူမှ နားလည်နိုင်မယ် မဟုတ်ပါဘူး။
ကျွန်မ တွေ့ကရာတွေ တွေးပြီး အိပ်မရ ဖြစ်နေတုန်း ဂျိုစီနိုးလာပြီး အိပ်ခန်းထဲ ဝင်လာတဲ့ လင်သည် ကိုခင်ဦးကို ထပြီး ဖက်ယက်နမ်းရှုံ့လုပ်တော့ ကျွန်မလည်း နဂိုကလိုပဲ ငြိမ်နေပြီး အိပ်ပျော်ဟန် ဆောင်နေရပါသည်။
“ကိုကို နိုင်လား၊ နိုင်လား” လို့ ဂျိုစီက မေးတော့ . . ။
“နိုင်တယ် ဟိုကောင် ညီညီက ထုံးစံအတိုင်း ဖဲကပက်လက် အကုန်မြင်နေရတာ” ဆိုပြီး ဂျိုစီကို ငွေစက္ကူတထပ် ပေးပါတယ်။ ဂျိုစီက ခစ်ခနဲ ခပ်အုပ်အုပ်ရယ်လိုက်ပါသေးသည်။
မနက်မိုးလင်း ဖဲဝိုင်းပြီးတော့ ကျွန်မ အိမ်ပြန်ချင်တာ ဘယ်သူမှ တားမရပါ။ ကိုညီညီက ဒီမှာပဲ ခဏအိပ်ပြီး တနင်္ဂနွေ တနေ့လုံး၊ တညလုံး ဖဲရိုက်ချင်သေးတယ်။ တနည်းနည်းနှင့် လူစုလိုက်လျှင် ခြောက်အိမ်တော့ ပြည့်မှာပဲ။ ဂျိုစီက ကစားဖို့အသင့်၊ ကျွန်မကတော့ အိမ်ပြန်ချင်သည်။
ကျွန်မက ရယ်ရယ်ပြုံးပြုံး မရှိတော့ ဂျိုစီက “သူငယ်ချင်းကလည်းကွယ် ဂျိုစီကတော့ ချစ်လိုက်ရတာ၊ သူက မျက်နှာထားကြီး နဲ့ ဘာဖြစ်လို့လဲ”
ကိုညီညီက ကျွန်မကို မျက်စောင်းထိုးပြီး “ဘာဖြစ်လို့ ဒီလောက် အိမ်ပြန်ချင်နေတာလဲ၊ ညက အိပ်ရတယ် မဟုတ်လား” တဲ့။
“အိမ်မပြန်ဘဲ ဖဲရိုက်ရအောင် ပိုက်ဆံ ကုန်နေပြီ မဟုတ်လား၊ ထုံးစံအတိုင်း” လို့ ကျွန်မကပြောတော့ . . .
“ခင်ဦးဆီက ချေးရင် ရတာပဲ”
“ဪ ဒုက္ခပါပဲ”လို့ ကျွန်မကညည်းလိုက်ပြီး . .
“ဒီမှာ ကျွန်မ ဘတ်စကားစီးပြန်တတ်တယ်၊ ရှင် နေရစ်ခဲ့”
ကျွန်မသည် ကိုညီညီကို ရှင်နဲ့ကျွန်မနှင့် စိမ်းကားစွာ ပြောတတ်တာ ကြာပါပြီ။ ဒါကို ကိုညီညီက နာကြည်းသည်။
“ဟေ့ တို့ ကလေးတယောက်လောက် ယူရအောင်” လို့ အဖြေရှာထွက်သည့်ပမာ အကြံပေးတတ်သေးသည်။
“မလိုချင်ပါဘူး”
“ဘာဖြစ်လို့လဲ”
“ဒါတွေ ထိုင်ပြောဖို့ လူ့ဘဝမှာ ပြင်ဆင်စီမံဖို့ ရှင့်မှာ အချိန်ရှိလို့လား။ အလုပ်ချိန်ကလွဲလို့ ဖဲဝိုင်းမှာပဲ နေ့ရော ညရော အချိန်ကုန်နေတာ။ ရှင့်ကို ပြောစရာရှိရင် ကားပေါ်မှာ ပြောရတယ်။ ဒါတောင် နားမချမ်းသာစရာ နားမထောင်ချင်ဘူး လုပ်သေးတယ်။ ရှင့်မှာ မနက်ဖြန်အတွက် ဘာအတွက်မှ စီမံတာ ဘာမှမရှိဘူး” ကျွန်မတို့ သည်လိုပဲ ရန်ဖြစ်လေ့ ရှိပါသည်။
ကျွန်မက ဘတ်စကားစီးပြီး အိမ်ပြန်မယ်ဆိုတော့ သူကလည်း အိမ်ပြန်ဖို့ ပြင်ပါသည်။ သူက မိန်းမဖြစ်သူ ဘတ်စကားစီးရ တယ်ဆိုတာ မခံနိုင်တဲ့ အရာရှိကြီး မာနရှိသူ။
အိမ်ရောက်တော့ သူ တနေ့လုံးအိပ်၊ ညနေကျမှ ထပြီး ကိုခင်ဦးတို့အိမ် သွားရအောင်လို့ ဆိုပြန်ပါသည်။
“မနေ့က ညက ဖဲဝိုင်းမှာ ငွေပျောက် နေသေးလား” လို့ ကျွန်မက မေးတော့ သူက ဘာမှမပြောချင်ပါဘူး။
“ညက ကိုခင်ဦး အခန်းထဲ ဝင်လာပြီး ဂျိုစီကို တရာပေးသွားတယ်။ ဒီက အိပ်မပျော်ဘဲ နိုးနေတာ မသိဘူး။ ဒါကြောင့် ဖဲဝိုင်းမှာ ရှုံးတဲ့ငွေတွေ ရှာမတွေ့ဖြစ်နေတာ။ ဖဲဝိုင်းက ငွေဟာ ဖဲဝိုင်း မပြီးသေးခင် အပြင်မထွက်ရဘူး မှုတ်လား။ မွန်တီကာလိုမှ မဟုတ်တာ။ သူငယ်ချင်းမိတ်ဆွေတွေ အပျော်ကစားတဲ့ ဖဲဝိုင်းပဲ၊ သူတို့လုပ်ပုံက ရှက်စရာကြီး”
ကိုညီညီသည် အကြာကြီး ငြိမ်နေပါသည်။ သူ စဉ်းစားတွေးတော ဆင်ခြင်ချိန်ဆနေပါသည်။ အရေးကြီးသော ဆုံးဖြတ်ချက် ချရမည်။ ဒီလောက်တော့ သူသိသည်။ သူသည်စကားများများ ပြေလည်အောင် မပြောတတ်။ တိုတိုတုံးတိပြောလေ့ရှိပြီး သူ့အတွေးတခုကို ထပ်မံ စဉ်းစားပြင်ဆင်ခြင်း မရှိပါ။ ပြီးတော့ သူ့အချစ်ဆုံး သူငယ်ချင်း၏ မယားဖြစ်ပေသည့် ဂျိုစီသည် မုသာဝါဒ မပါဘဲ၊ ကိုယ်ကျိုးမပါဘဲ စကားမပြောတတ်သူ၊ ပိုက်ဆံမက်သူ၊ လောဘတက်သူဆိုတာ လူတိုင်းသိပြီး ကျွန်မက အနီးကပ်ဆုံး အသိဆုံးဖြစ်တယ်ဆိုတာ သူ မြင်နိုင်စွမ်း ရှိရဲ့လား။ ကျွန်မ မဆုံးဖြတ်တတ်ပါ။ ဂျို့ကို သူ သိပ်ခင်မင်နိုင်တာ ကျွန်မ အံ့သြနေတတ်သည်။
ကိုညီညီက ပြောသည်။ ခပ်တိုတိုပါပဲ။
“အဲဒါ ငါ မယုံဘူး၊ မဖြစ်နိုင်ဘူး”
သူသည် မယားကို စော်ကားသူ၊ သစ္စာမဲ့သူလို့ပဲ ကျွန်မ ဆုံးဖြတ်ချက် ချလိုက်ပြီး ငါ ဘာလုပ်ရမလဲဆိုသည့် မေးခွန်းရဲ့ အဖြေ ထွက်လာပါတော့သည်။ မာနကြီးစွာဖြင့် တိတ်ဆိတ်နေလိုက်ပါသည်။
ကြည်အေး
ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း


Comments
Post a Comment