(၁)
လွန်ခဲ့သော အနှစ် တရားငါးဆယ်ခန့်က ဒလမှာ ဘယ်တော့မှ မတည့်သော ညီအစ်မနှစ်ယောက် ရှိသည်။ အကြီးဖြစ်သူမှာ အရုပ်လည်းမလှ ဉာဏ်လည်း အချည်းနှီး။ သည်အထဲက မိန်းမတကာနှင့် ပြိုင်ချင်၍ မပြိုင်ရလျှင် ညီအစ်မချင်း ပြိုင်ချင်သောစိတ်ရှိသည်။ သူ့မှာ အားကိုးပြုစရာဆို၍ ဖအေရွာသူကြီးက ခွဲပေးခဲ့သည့် လယ်ဧက တထောင်ခန့်ရှိကာ ဒါကို အမှီပြု၍ မာနတလူလူ တက်ကာ ကျေနပ်နေတတ်သည်။ အငယ်ဖြစ်သူမှာ ရုပ်အဆင်း ထယ်ဝါသည်။ စိတ်နေလည်း ကြီးမြင့်သည်။ ဒလမှနေ၍ ရွံ့ရောင်ဝါသည့် တစ်နေ့တစ်နေ့ တက်ကာကျကာနေသော ရန်ကုန်မြစ်ကျယ်ကို ကျော်ဖြတ်ကာ မြို့တော်သို့ မျှော်လေ့ရှိသည်။ သူ၌လည်း အဖေ့အမွေ လယ်ဧက တထောင် ရှိပြန်သည်။
သို့သော် သူသည် သူ့အဖြစ်ကို ကျေနပ်သည်မရှိ။ တောရွာသူမှန်ပေမဲ့ ရွံ့ပေမည်စိုးသဖြင့် မိုးတွင်းတောင် ပိန်းတန်းဖိနပ်နှင့် ဆင်းရကား ဒလသားလူပျိုသိုးတို့သည် ဘယ်သူ့ကို ပိုစုံမက်အပ်သည်ကို စဉ်းစား၍ မရချေ။ သို့သော် အစ်မက စဉ်းစား၍ ရသဖြင့် ဒလသားနှင့်ပင် အိမ်ထောင်ကျသည်။ ညီမက ရန်ကုန်ကလာသော မြေတိုင်းစာရေးများကို ဆိုလျှင် နည်းနည်း ပြုံးယောင်ပြသည်။ အသက် သုံးဆယ်ကျော်လုမှ ရန်ကုန်က ကျောင်းဆရာတယောက်နှင့် အိမ်ထောင်ကျသည်။ ပြီးတော့ လင်ကို ပစ်ထွက်သွားပြီး ဘို(အင်္ဂလိပ်)နှင့် ရသလိုလို ဒလသားတို့ ကြားသေးသည်။ ဒလကိုတော့ လုံး၀ ပြန်မလာချေ။ အင်္ဂလန်တောင် ပါသေးသလား မဆိုနိုင်။
(၂)
ဒလ၌ အစ်မဖြစ်သူက မွေးသော သားသမီးရှစ်ယောက်အနက် ကိုလွန်းဖေသည် မအေနှင့်အတူဆုံးပင်။ သားဦးလည်းဖြစ်သဖြင့် မအေနှင့် မခွဲရက်အောင် ခင်သည်။ မအေကို သူပင် ဝတ်ကြီးဝတ်ငယ် ပြုသည်။ သူသည် ရွာကို ခင်သူတည်း။ မအေက လွှဲသော လမ်းအလုပ်ကို သူ ဦးစီးရင်း ကျောက်နီလက်စွပ် ဝတ်ရင်း ရှစ်လွှာပုဆိုးကို ဆီးရင်း သူ အိမ်ထောင်ပြုမည့်နှစ်တွင် လယ်ဧက ခုနှစ်ရာကျော်မှာ ချစ်တီးလက်သို့ ရောက်နှင့်လေ၏။
‘သြော် ဥစ္စာကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာ… တဲ့ ဇာတာစန်းလက် တက်ခဲ့အခါ အကျိုးပေးလိမ့်မယ် အမေ ဘာမှမပူနဲ့’ စသည်ဖြင့် အိုမင်းပြီးဖြစ်သော အမေကို အားပေးတတ်သည်။
သို့သော် သူ၌ အပူရှိသည်။ သူကြိုက်သော မိန်းမကို စိန်နားကပ်နှင့် တင်တောင်းမှ ရနိုင်မည်ဆိုသဖြင့် နည်းလမ်းဟူသမျှ ကြံဆလေသည်။ ဆန်သဗ္ဗန်နှင့် ဟိုဘက်ကမ်း တခေါက်လိုက်ကာ ရွှေတောင်တန်း၌ နေသည်ဆိုသော ဆွေမျိုးများကိုရှာသည်။ တစ်နေ့သ၌ ရှာလို့တွေသော်လည်း မယားဘိုကတော်ကို စိတ်နာသော ကျောင်းဆရာကိုသာ တွေ့ရကား ဘာမှ မ စ ချင်ဟန်လည်းမရှိ။ မ စ နိုင်ပုံလည်း မပေါ်ချေ။ ကိုယ့်မှာ ပါလာသည့် ငှက်ပျောခိုင်နှင့် အုန်းသီးများသာ ပေးဆုံးခဲ့ရ၏။ အဲ တဝမ်းကွဲမောင်နှမ သုံးယောက်ကိုတော့ တွေ့ခဲ့ရ၏ ဆိုပါတော့။ တောရွာသားပေမို့ ဆွေမျိုးကို ခင်ချင်သော သတ္တိရှိသဖြင့် ဝမ်းသာအယ်လဲ ရှိခဲ့ရ၏။ သူတို့က ခပ်စိမ်းစိမ်းရှိသည်ကိုပင်အပြစ်မမြင်နိုင်။ ဟင် ငါ့နှမတွေ ညီတွေ ရန်ကုန်မြို့မှာမွေးပြီး အင်္ဂလိပ်ကျောင်း တက်သဟေ့ ဟု မစားရဘဲ ၀ သော သတင်းကိုပါးစပ်အပြည့်ဆောင်ကာ ပြန်ခဲ့ရသည်။
ကိုလွန်းဖေသည် သူကြိုက်သော မိန်းမကိုတော့ ရနိုင်အောင် သွက်လက်ပေသည်။ ဖြစ်ပုံမှာ နှမလတ်၏ စိန်နားကပ်ကို ဟန်ပြမည်ဟု ငှားကာ မိန်းမတောင်းခြင်းတည်း။ သို့သော စိန်နားကပ်မက်သဖြင့် လင်ယူသောမိန်းမက မင်္ဂလာဆောင်သည့်နေ့မှစ၍ စိန်ဇာရံ နားကပ် ကလေး မှုန်ပျပျကို နားမှမချလေရာ နှမ နား၌ တနည်းအားဖြင့် မပြောင်တော့ဘဲ တနည်းအားဖြင့်သာ ပြောင်လေသတည်း။
သည့်အတွက် နှမ မမြစိန်သည် တသက်လုံး မကျေနိုင်။ မှန်ကြည့်တိုင်း နားမှ မင်ကွက်သော ဥဿဖရားနားတောင်းကို ညှိုးမိသည်။ သူသည် ပျောက်ဆုံးသွားသော အဒေါ်နှင့် နည်းနည်း ဆင်ချင်တယ် ပြောရမလားမသိ။ စိတ်နေမြင့်သည်။ အစွဲအလမ်းကြီးသည်။ သေသည်အထိ အစ်ကိုနှင့် ယောင်းမကို မခေါ်တော့။ မပြောတော့။ သေတော့လည်း ရန်ကုန်မှာ သွားသေသည်။ သူလည်း ရန်ကုန်သားနှင့်ရသည်။ သို့သော် သူရသော ရန်ကုန်သားမှာ ဗဟန်း၌ ပန်းခြံ စိုက်စားသူ ဖြစ်လေ၏။ မမြစိန်ကို မနှစ်လိုသူများက ဘုရားကျွန်မျိုးထဲ ပါပြီလို့ပြောသည်။ ရွှေတိဂုံဘုရားစောင်းတန်းမှာ ပန်းတကြော်ကြော် အော်လို့ ရောင်းဟန်ပင် မြင်သည် ဆိုကြသည်။ သို့သော် တကယ်မှာ သူတို့သည် ခြံမြေကိုရောင်း၍ ပိုက်ဆံဖြစ် ပိုက်ဆံက ဘာမှမဖြစ်တော့ဘဲ ကုန်သည့်တစ်နေ့၌ ရွှေတိဂုံဘုရား၏ များစွာသော ခြင်္သေ့ရုပ်တရုပ်၏ တင်ပါးနားမှာ လူလည်းနေလို့ရသော မစိန်ညွှန့်ဆေးပေါ့လိပ် ပိုလိုစီးကရက် သကြားလုံး ဆားငန်သီး ကြစုသီး စသည်တို့ကို ရောင်းသော ဆိုင်ကလေးဖွင့်ခြင်းတည်း။ မမြစိန်၏လင်သည်ကမူ ရိုင်းသောသူမဟုတ်။ သူသည် ရန်ကုန်သား စစ်စစ်လည်းမဟုတ်။ အညာသွေးများစွာပါလေရာ ကပ်စေးနှဲတတ်သော်လည်း ဆွေမှန်းမျိုးမှန်း သိတတ်သည်။ ထိုကြောင့် ဒလမှ ဝင်ထွက်သွားလာသော ဆွေမျိုးများကို ဘုရားဖူးလာရင် သူ့ဆိုင်မှာတွေ့လေ့ရှိသည်။ မမြစိန်၏ယောင်္ကျားသည် စီးပွားရေး၌ လာဘ်မြင်သည်လို့လည်း ဆိုရမည်ထင်၏။ မကြာခင်ပင် သူသည် လက်ဖက်ရည်ဆိုင် ဖွင့်ကာ ဘုရားဖူးခရီးသွားများကို စောင့်ရောင်းလေ၏။ သို့သော်လည်း သူ့မယားမှာ သမီးတယောက် မွေးပြီးကတည်းက ကျန်းမာသည်ရယ်လို့မရှိဘဲ ဆရာမပြတ် ဆေးမလပ်အောင် နေရလေရာ စုမိဆောင်းမိ မရှိချေ။
(၃)
အင်မတန် အေးသည့် ကျောင်းဆရာ(ယခုကျောင်းအုပ်ကြီး)သည် လင်သည်ကို ပစ်သော မိန်းမ၏ ကလေး သုံးယောက်အနက် အငယ်ဆုံးလည်းဖြစ် တယောက်တည်းသော သမီးလည်းဖြစ် စနေသမီးလည်းဖြစ်သော တင်တင်သည် ဖအေလို အေးလည်းမအေး ကျောင်းဆရာလည်းမဖြစ်။ သူ့အဖေက တားသည့်ကြားက ဆရာဝန်အတက်ကိုသင်သည်။ တင်တင်သည် မအေလို ထည်ဝါသောရုပ်ရည်နှင့် စိတ်နေမြင့်ခြင်းရှိသည်။ မအေ့ထက် အနည်းငယ် ပို မိုက်ချင်ချင် ရှိသည်မို့ အပျိုဘဝမှာ ရည်းစား သုံးလေးဆက် ဆက်မိပြီး တယောက်နှင့်မှမရ။ သို့သော် တင်တင်၌ ဆွေမျိုးမိဘကို ငဲ့သောသတ္တိပါလာသည်။ ထိုကြောင့် တကယ်တမ်းကျတော့ ဖအေကိုငဲ့ကာ သူ စိတ်မတူသော သူကို မယူဖြစ်။
အသက်အစိတ်ပြည့်လု၍ “ဒေါက်တာဒေါ်တင်တင် အယ်လ်အမ်ပီ” ဟူသောဆိုင်းဘုတ်ကို အိမ်မှာ ချိတ်မိသော် ဖအေပေးစားသော ကောလိပ်ကျောင်းမှ အင်္ဂလိပ်နည်းပြဆရာကလေးနှင့်ယူသည်။ ဒေါ်တင်တင်သည် သမီးလိုချင်သည်ဟု တမြည်တည်းမြည်ဆဲ သမီးတယောက်ရသည်။ သူ့သမီးအားဖြင့် သူ့ဘဝမှာ မကျေနပ်ဟူသမျှကို ချေပစ်မည်လို့ ကြုံးဝါးသည်။ ဖအေကသာ မသိသော်လည်း ဒေါ်တင်တင်သည် ပျော်ရွှင်သောကလေးဘဝကို ရခဲ့သည်ဟုမရှိ။ စည်ကမ်းကြီးသော ဖအေက သင်ကြားသည်များကိုလည်း သံသယအတိနှင့် အားနာစွာ လက်ခံသည်။ ဖအေက တသက်လုံး အပြစ်ဆိုလာသော မအေကို မြင်ဖူးချင်သည်။ မအေကို ကာကွယ်ချင်သည်။ သူငယ်ချင်းကြားမှာ မအေအကြောင်း စကား မစဝံ့သည်များကို နစ်နာစိတ်ပေါ်ပြန်တော့ ကိုယ်ဘဝကိုယ် စိတ်နာပြန်၏။ နောက်ဆုံးတွင် သာယာသော အိမ်ထောင်ဘဝကိုသာ မျှော်သည်။
သူရသောလူမှာ သူ အထင်ကြီးလေ့ မရှိသော ကျောင်းဆရာပင် ဖြစ်ပေသည်။ တစ်နေ့၌ သတင်းစာဆရာ ဖြစ်လာလေရာ ကျေနပ်ခြင်း တကွက်ပေါ်ခဲ့၏။ သူ လိုချင်သော သူ့မျှော်မှန်းရာတို့ တည်စေအံ့သော သမီးအလှကလေးကိုမွေးသည်။ ဖအေက ယောင်္ကျားလေးလိုချင်သည်လို့ တ တတ နေသော်လည်း သည်သမီးကို ဘယ်သူမှ ဘယ်လိုမှ ပိုမချစ်အောင် ချစ်သည်။ မွေးစ တစ်လ သမီးအတွက် နောင် ဖတ်စရာ စာအုပ်ကြီးစာအုပ်ငယ်ကို အတွဲလိုက်ဝယ်ဆဲ။ ဒေါ်တင်တင်သည် သမီးကို ဘိလပ်ပြန် အမေရိကန်ဆရာဝန်မကြီးဖြစ်အောင် ဘယ်လိုလုပ်ရမပါ့ ဟု အစီအစဉ်ရေးဆွဲနေလေ၏။
ထိုကြောင့် ကလေးကို ချစ်၍မဝရင်း နမ်း၍အားမရရင်းက မိဘကျေးဇူးဆိုတာတွေကို စဉ်းစားမိ၏။ ကလေးအတွက် ရက်လကြာရှည် မအိပ်မနေ စောင့်ရှောက်ရဖန်များသော် မအေ့နို့တဗူးကျေးဇူးကို မြတ်စွာဘုရားတောင် ကျေအောင်မဆပ်နိုင်ဟန်ကို တွေးမိပြန်၏။ ထိုကြောင့် မမှတ်မိသော မအေဘက်က ဆွေသံမျိုးသံကို နားထောင်၍ ရွှေတိဂုံဘုရားတခါ အရောက်မှာ တဝမ်းကွဲအစ်မနှင့် လမ်းဖောက်မိသည်။ သို့သော် ဒေါ်တင်တင်သည် ရှက်စနိုး ရှိသည် ဖြစ်၍ ဆွေမျိုးနီးစပ်သာရှိလေဟန် ခပ်ထန်ထန်နေကာ အလုပ်မအားသည်နှင့် ကြိုးကြားကြိုးကြား ဘုရားဖူးရောက်တိုင်း ဝင်၍ သကြားနှင့်နို့ဆီ ဒရောသောပါး ထည့်သဖြင့် ချိုရဲအီလယ်သော လက်ဖက်ရည်ကိုမှာ၍ တချက်မျှ အာဆွတ်ပြီး ပိုက်ဆံ မရမက ပေးလေ့ရှိသည်။
(၄)
ဒေါ်တင်တင်၏သမီးအလှ ခင်မမသည် အသက်နှစ်ဆယ့်နှစ်နှစ်၌ ဖအေမျှော်လင့်သလို ပညာတတ်မိန်းကလေးလည်းမဖြစ်။ မအေဖြစ်စေချင်သည့် ဆရာဝန်လည်းမဖြစ်။ ခင်မမသည် စိတ်ညစ်ညူးနေကာ အတည်အကျ တစ်နေရာမှာ မနေချင်သလို ဖြစ်လေ၏။ သူသည် အင်းလျားဆောင်၌ ခြောက်နှစ်ကြာမျှ နေခဲ့ပြီး အိမ်ပြန်ခဲ့သော် ဥပစာဒုတိယပိုင်းကိုပင် မအောင်သေး။ ဖအေက ကြီးကြပ်ဖတ်စေခဲ့သော စာအုပ်ကြီးငယ်တို့ကိုလည်း လွှင့်သာပစ်ချင်နေသည်။ သူ လုပ်ချင်သည်မှာ ဖောင်တိန်ပင်နှင့် နှုတ်ခမ်းထူ၍နီနီရဲရဲကြီး ဆိုးထားဟန် မိန်းမရုပ်ကို ဆွဲခြင်းသာတည်း။
မျက်စိကမူ အလှကိုမြင်သည်။ ဆန်းသည်မှာ ကြည့်လိုက်လျှင်လှသည် မလှဘူးကို အရင်မြင်၏။ ပြီးတော့ မြင်နေသည့်အရာများသည် အပြားလိုက်ရောသွားကာ လက်နှင့်ကိုင်ကြည့်လို့ ထိမိမည် ထင်ရသည်။ တခါတရံတော့လည်း သူသည် အလုံးအဝိုင်းများကို မျဉ်းကြောင်းသဏ္ဌာန်မြင်သည်။ လက်နှင့်ယောင်ယမ်းကာ ထပ်ဆွဲမိသည်။ ဒါကတော့ ခုမှသာပြောရသည်။ ခုမှဖြစ်သည်မဟုတ်။ မှတ်မိသမျှ ငယ်ရွယ်စဉ်ကပင် ဖြစ်ခဲ့လေသည်။
နောက်တခုမှာလည်း နံနက် ထ၌လည်းကောင်း ညနေဆည်းဆာ၌ လည်းကောင်း နက်ရှိုင်းသော မိုး၌ တခါတရံ ငြိမ်သက်၍ တခါတရံ လှုပ်ရှားသော တိမ်ကိုကြည့်ငေးလို့ အချိန်ကုန်ချင်သည်။ နေကပေးသည့် အရောင်ခုနှစ်ရောင်သည် ဘေးတိုက်ဖြစ်စေ ကွက်ကျော်ဖြစ်စေ ခုတမျိုး စပ်၍ နောက်တမျိုးစပ်ကာ ပါးစပ်မှ ဖွင့်မပြောသာသော မျက်စိ၌သာထင်ရစ်သော အသွေး နုရင့်စုံစီကို ရောနှော ကူးယှက်ဟန်ကို ကြည့်ရင် ငိုချင်သေး၏။
ကောလိပ်မှထွက်ခွာသည့်နှစ်မှာတော့ သူသည် မကျန်းမမာပင်ဖြစ်ချင်သည်။ ထိုနှစ်၌ သူသည် မယ်ရွေးပွဲကိုလည်း ဝင်ခဲ့သေးသည်။ သူ့အဖို့ လှပသော အရိုးအဆစ် ကြွက်သားပြေပြစ်ဟန်သည် မြတ်နိုးဖွယ်ရာတည်း။ ထိုကြောင့်ပင် မှန်ရှေ့၌ရပ်ကာ ကိုယ်လုံးတီးကို တစေ့ငုငု ကြည့်ရှုခဲ့လေပြီ။ ခင်မမသည် ကျေနပ်ဖွယ်ဆုကို ရသေး၏။ သို့သော် ဝိုင်းဝန်းလာသောပရိသတ်ကို ရှဲခဲ့ပြီး ရှမ်းပြည်နယ်ရှိဦးလေးအိမ်မှာ အကျင့်တဘာသာ စီ နေသော ဝမ်းကွဲမောင်နှမတွေနှင့် သွားနေ၏။
ရှမ်းပြည်နယ်မှာ သူ ဖျားနာခြင်း စ သည် ထင်သည်။ တောရွာကလေးများ၌ သီချင်းကို ပေါက်ပန်းဈေးဆိုသော တေးသည်ကလေးများ၏ ပါးအို့နီကို သူ ချစ်၏။
မြေမှာ အလေ့ကျပေါက်သော ပန်းပွင့်ကိုလည်း လူအချင်းချင်းလို စကားနှင့် နှုက်ဆက်မိ၏။ ပန်းများ၏ ဝှေ့ယမ်းနွဲ့ဟန် ခေါင်းငဲ့ဟန် နေခြည် နှင့် မိုးကို တုံ့ပြန်ဟန်အားဖြင့် ပန်းများ၏ ဘာသာစကားကို သူ နားလည်သည် ထင်လေသည်။
နောက်ဆုံး၌ကား သူ့အနား၌ အသက်လေးငါးဆယ်အရွယ် မိန်းမကြီးတယောက် ရပ်နေသည်ဘဲ ထင်မြင်၏။ ကိုယ်က တနေရာကိုကြည့်လျှင် သူက ထင်ရှားစွာ အနားမှာပေါ်သည်။ လှည့်ကြည့်သော်အရိပ်ပင်မရှိပြီ။ ထိုမိန်းမကြီး၌ မျက်ရစ်ထင်ရှား၍ ညိုတိုတိုနေသော မျက်လုံးများရှိ၏။ အပေါ်ရှုးသွားသောရှေးဆံထုံးနှင့် မဟာနဖူးရှိသည်။ မဟာနဖူးမှာ နဖူးထောင့်နှစ်ဘက်၌ ဇာဂနာနှင့် နုတ်ထားသဖြင့် ဖြစ်လာသော မဟာနဖူးတည်း။ ထိုကြောင့် ထောင့်နှစ်ဘက်၌ ဆံယဉ်နုများမရှိဘဲ ခပ်ဖြူဖြူပြောင်ပြောင်နေသည်။ ဆတ်တွန့် ပန်းထိုးပဝါကိုလည်း စုံချသည်။ ပန်းထိုးပဝါမှာ စံပင်ပွင့်ဖြူနှင့်ရွက်စိမ်းကော့ကလေးများကိုပင် ထင်ရှားစွာ မြင်သည်။ မိန်းမကြီးက သူ့ကို စကားပြောချင်ဟန်မရှိ။
ရှမ်းပြည်နယ်မှ ပြန်လာပြီး ခင်မမသည် ကျောင်းသို့ ပြန်မသွာတော့ချေ။ အိပ်ရာထဲမှာလှဲပြီး စာဖတ်ပြန်လည်း စာထဲ၌ မိန်းမကြီးရုပ်ပုံကို မြင်သည်။ သူ့အခန်းထဲမှာ သည်မိန်းမကြီး လာနေသည်။ ပုန်းကွယ်နေသည်။ သူက မြင်ရသည်။ သည်လိုလဲ ထင်သည်။ တနေ့၌ သူသည် အိပ်ရာမှ ထ၍ခုန်မိ၏။
“ဟုတ်တယ်မေမေ၊ မမ သိပ်လျှမ်းတာဘဲ၊ ခုမှမြင်တယ်၊ သူ့မှာ ဒေါက်ဖိနပ် စီးထားတယ်၊ ခုံကအမြင့်ကြီးပဲ၊ ဖိနပ်က မမတို့ စီးတာမျိုးမဟုတ်ဘူး၊ တကယ့်ဘိုမတွေ စီးတဲ့ ခြေဖမိုးနည်းနည်းကလေး ပေါ်တဲ့ ရှုးဖိနပ်ပဲ၊ သားရေအနက်ပြောင်နဲ့”
“ဘယ်သူလဲသမီး” ဟု မအေက ထိတ်လန့်တကြားမေးသော်……
“မေမေပြောဖူးတဲ့ ဖွားဖွားဖြစ်မှာပေါ့ မေမေ့အစ်မဘိုကတော်ဆိုတာလေ ဟုတ်တယ် မေမေ…. မမ ငယ်ငယ်က သိမ်ကြီးဈေး အပေါ်ထပ်မှာ မြင်ဖူးတဲ့ သီပေါဘုရင့်ဆွေမျိုးဆိုတဲ့ အင်္ဂလန်ရောက်နေတဲ့ အမယ်ကြီးတွေနဲ့ သိပ်တူတာဘဲ။ ပိုက်ဆံအိတ်ကြီးကြီးကို ချိတ် ဒေါက်မြင့် ရှုးဖိနပ်ကြီးစီးပြီး ခေါင်းကတော့ ဆံထုံးနဲ့ ပြီး ပဝါစုံ ချလိုက်သေး”
ဒေါ်တင်တင် ဂရုစိုက်သဖြင့် ဆရာဝန့်သမီးကလေးသည် ပြန် ဝလာ လှလာ သော်လည်း စိတ်သည် ယခင်ကထက် ဂနာမငြိမ် ရှိလေသည်။ ထိုနှောင့်ယှက်သော မိန်းမကြီးက မပျောက်ပျက်။
ဖအေကမူ တီးတိုးသက်သာပြောသည်မှာ- “မင်းသမီးကို ယောင်္ကျားပေးစားမှပဲ ဖြစ်တော့မယ်”
ကံမကောင်းသဖြင့် ကြားမိသော ခင်မမ သည် ဖအေကို စိတ်နာကာ ရောက်တက်ရာရာကို လှည့်ပတ်သွားလာနေသည်။ သဘောၤဆိပ်၌ သူ့ကားကိုရပ်ကာ နာရီပေါင်းများစွာ ငေးမောနေသည်။ သူသည် လှုပ်ရှားနေ၍ ဘေးမှ လူနှင့် ပစ္စည်းပစ္စယ အားလုံးငြိမ်သက်နေသည်လို့ သူ ပြောင်းပြန်ထင်သည်။ စစ်စစ်တော့ ဟောသည် ဟောသည် လူသူနှင့် ဆူသံညံသံ ဗလံတို့၏ သညာသည် တသမတ်တည်း စူးစိုက်လုပ်ချင်ရာ၌ ငြိမ်နေသော မိမိ၏ သညာ သည်တော့ အလုပ်မအား ရက်ဖောက်ယောက်သည်တကားလို့ သူ သိ၏။ ထို သဘောၤဆိပ်တွင် ပုသိမ်သင်္ဘောပေါ်တက်သွားသော သူ့အပါးတွင် ရပ်နားနေကျ မိန်းမကြီးကို မြင်လိုက်ရသည်။ မိန်းမကြီးသည် သူ့ကို အမှတ်မထင် တချက် လှည့်ကြည့်သွားသေး၏။ မိမိကို အပြစ်တင်လိုဟန် ရှိသည်။ ဘာကြောင့်လဲမသိ။ ထိုခဏ၌ သူ သွားတော့မှာလား ပြန်မလာတော့ဘူးလား ရယ်လို့ ပူပန်ခြင်း ပြင်းစွာ ဖြစ်လေသည်။ ထူးဆန်းသော စိတ်လှုပ်ရှားမှုတွေ ဖြစ်လာသည်။ ထိုနောက် အိမ်သို့ ကိုယ့်အခန်းသို့ ပြန်ပြေးခဲ့၏။ သည်မှာ သူ ရှိသေးသလား မသိ။ အိမ်သို့ရောက်သော် အခန်းသည် ဟာလာဟင်းလင်း နေသည် ထင်သည်။ သို့သော် ပုသိမ်သဘောၤထွက်သေးမည်မဟုတ်။ ခုနှစ်နာရီထိုးပြီးမှ ထွက်မည်။ သည်လိုဘဲ သိမြင်သည်။ မိန်းမကြီးကို မီမှဖြစ်မည်။ သူက အပြစ်တင်ချင်သည်။ ဒီတခါမမီလျှင် ဘယ်တော့မှ ဖမ်းလို့ရတော့မယ်မဟုတ်။ ခင်မမကို ခွင့်လွှတ်တော့မည်လည်းမဟုတ်။ ထိုကြောင့် တသက်လုံး စိတ်ချမ်းသာခြင်းလည်း ရရှိတော့မယ်မဟုတ်။ ဒါကြောင့်ပင် ပန်းချီသင်ခန်းစာများကို ယူခဲ့သည်ထင်သည်။ မိန်းမကြီး သဘောၤဆိပ်မှဆင်းဟန်ကို အဖန်ဖန် ရေးဆွဲခဲ့လေသည်။
ဒါကြောင့်ပင် အဆုံးတနေ့မှာ သူ၏ပန်းချီကားများကို ပြခန်းများ၌ ဗြုန်းကနဲ အများအပြား ဆွဲချိတ်ခဲ့ရသည် ထင်သည်။ ယခုမှဘဲ စိတ်ငြိမ်သက်လေပြီ။ သို့သော် လှည့်ပတ်သွားလာမြဲပင်။
“ဖေဖေတို့ ဒီလောက် ချမ်းချမ်းသာသာ ထားလျက်နဲ့ သမီးရယ်” ဟု ဖအေကဆိုလျှင်-
“ချမ်းချမ်းသာသာထားခဲ့လို့ ဒီလောက် အကြာကြီး စိတ်မချမ်းသာတာပေါ့ အရင်ကတည်းက ညှင်းဆဲခဲ့ရင် အများကြီး စိတ်အေးချမ်းရမယ်” ဟု ခင်မမက ဖြေခဲ့၏။
ဖေဖေနှင့်မေမေ နားလည်လေသလား ခင်မမ မသိ။
(၅)
ယခုတော့ မိဘနှစ်ပါးနှင့် မက အစ်ကိုနှစ်ယောက်နှင့်ပါ စိတ်ဝမ်းကွဲသည်။ သူတို့အလိုရှိသော အဝတ်အစား ကောင်းစွာ ဝတ်၍ အလုပ်ခွင်သို့ မှန်မှန်သွားသော အထက်တန်းစား ပညာတတ်မိန်းမ ဘယ်နည်းနှင့်မှ မဖြစ်ပြီ။ သင့်တင့်လျောက်ပတ်သော အိမ်ထောင်ပြုခြင်းကိုလည်း ပြုတော့မည်မဟုတ်။ အကြောင်းမူကား သူ မချစ်ကြိုက်သေးသော်လည်း နှစ်လိုသူမှာ သူ့လိုပင် ကျောင်းတဝက်တပျက်သာနေဖူး၍ လှည့်ပတ်သွားလာခြင်းကို အတူလုပ်ချင်သည့် သတင်းထောက်တယောက်မျှသာဖြစ်လေ၏။
“ကိုစိုး” လို့ တလုံးတည်း သူ ခေါ်လေ၏။ ကိုစိုး၏ခေါင်းပုံသဏ္ဌာန်ကို သူ သဘောကျ၏။ ကိုစိုးဆံပင်ကြားသို့ လက်ချောင်းများဖွသွင်း စမ်းသပ်ပြီး ထိုလက်များမှတဆင့် ပိတ်ကားပေါ်သို့ ပြောင်းချလိုက်၏။ ပြီးတော့ မှုန်ပြေသော ရာသီဥတုက သွန်းကျလာသော အရောင်ကို ခြယ်သ၏။ ကိုစိုး၏ လက်များ ခြေများကိုလည်း အမူအရာ စုံစေ့အောင် ထား၍ ရေးဆွဲ၏။ ဘာကြောင့် တူရိယာပညာကို မသင်ခဲ့မိပါလိမ့်။ တယောထိုးတံကို ကိုင်ဟန် စန္ဒရားခလုတ်ပြင်၌ရွယ်ဟန်… သိပ်ကိုလှမှာဘဲ၊ သို့သော် ကိုစိုးက အသက်အန္တရယ်ဖြစ်စေသော လက်နက်ကရိယာကို ကိုင်ချင်ဟန် ရှိလေသည်။ ကိစ္စမရှိပါ။ အရေးကြီးသည်မှာ အတူသွားလာလှည့်ပတ်နေဖို့သာ ဖြစ်သည်။
ထိုကြောင့် နှစ်ယောက်အတူ သွားလာလှည့်ပတ်ဆဲ တရံခါ၌ သူတို့နှစ်ယောက်သည် ရွှေတိဂုံဘုရားရှိ ဆွေမျိုးတော်သော လက်ဖက်ရည်ဆိုင်သို့ရောက်သည်။ မတော်မဆရောက်သည်လည်းမဟုတ်။ တမင်လာခဲ့သည်လည်းမဟုတ်။ ခင်မမက ဆာသည်။ ကိုစိုးက သည်ဆိုင်မှာ ယခု ထမင်းရောင်းသည်ကိုသိသည်။ သည် မှောင်သော ထိုင်းသော ရေပုပ်သိုးသော နေရာမျိုးကို နှစ်ယောက်စလုံးပင် ရောက်ဖူးချင်သည်။ ထိုကြောင့် ညစ်ထပ်ထပ် မိန်းကလေးတယောက် ပန်းကန်ဆေးနေသည်ကို မြင်ရင်ပဲ ဘာမှ မတိုင်ပင်ဘဲ စွတ်ကနဲ ဝင်လာကြခြင်းတည်း။
မိန်းကလေးက ပထမ လန့်ဖျပ်သွားဟန်ရှိ၏။ ပြီးတော့ မပြုံးမရယ်မျက်နှာသေ ဖြူလျော်လျော်နှင့် “ဘာလိုချင်လဲ” ဟု ခပ်ပြတ်ပြတ် ခပ်တိုးတိုးမေးလေသည်။
“ထမင်းရမလား”
“ရပါတယ် ကြက်သားဟင်းနဲ့ ငါးမြင်းချဉ်ရည်ပဲ ရမယ်”
“ဘဲဥရှိလား ကြော်ပေးစမ်းပါ”
“ရှိတယ်”
သို့သော် မိန်းကလေးသည် အတွင်းဘက်သို့ ဝင်သွားပြီး ၁၅ မိနစ်ခန့်ကြာလို့မှ ပေါ်မလာချေ။
“မြန်မြန်လုပ်ပါဗျို့ ဆာလှပြီ” ဟု ကိုစိုးက ဒေါသသံနှင့် တခါအော်မရ နှစ်ခါအော်မှ ထွက်လာပြီး “ဘဲဥမလာသေးလို့ပါ သွားဝယ်ခိုင်းနေတယ်” ဟု ဖြေသေးသည်။
“ဖြစ်မှဖြစ်ရတယ်… ကဲ ရှိတာ ထည့်” ဆိုသော်- “ငါးမြင်းချဉ်ရည် ကုန်သွားပြီ ကြက်သားဟင်းဘဲရှိတယ်၊ အေးနေလို့ နွှေးလိုက်ဦးမယ်နော် နွှေးလိုက်ရမလား” ဟုမေးကာ ပျောက်ကွယ်သွားပြန်သည်။
ကိုစိုးက “ပြန်မလား” ဟုမေးသော် ခင်မမ ဖြေသည်မှာ-
“မပြန်ချင်ဘူး၊ သူ့ကို သေသေချာချာ ကြည့်ချင်တယ်”
နာရီဝက်ကျော်ကျော်ကြာမှ ထမင်းဟင်း ရ၏။ ဒါပေမည့် အားလုံး အေးစက်စက်ပင်။ ဘဲဥကြော်တခုပင် ဆီပူပူလောင်လောင်နှင့်ရှိသည်။ ပိုက်ဆံပေးသော် မိန်းကလေးသည် မှား၍ ပိုအမ်းသေး၏။ ပြန်ပေးသည်ကို နားမလည်လို့ နားလည်အောင် ပြောရသေး၏။ စီးကရက်တဗူး ဝယ်သည်ကိုလည်း ဗီရိုထဲမှ ဆွဲယူပြီး ပေးဖို့ရာကို ဘာမှ မလုပ်တတ်ဘဲ ဖြစ်နေသေး၏။
စိတ်မရှည်နိုင်ဘဲ ထွက်လာမှ “မယူတော့ဘူးလား ဗွီ ယူမလား ဘားမားစတိတ်လား” ဟု လှမ်းအော်မေးကာ ကျန်ရစ်သည်။
ကိုစိုးက “ကိုင်း.. ဒီလောက် ဖျင်းတဲ့ အ တဲ့ လူ သတ္တဝါလည်း ရှိသေးသကိုးနော်။ သနားတော့ သနားပါရဲ့။ ဦးနှောက်က တိရစ္ဆာန်သာသာဘဲ။ သူ့ကလေးလားမသိ ဟို ဘဲဥ သွားဝယ်တဲ့ကောင်လေးဆိုတာလည်း ပါးစပ်ကို တချက်မှ မပိတ်ဘူး။ ထမင်းစားတဲ့နား လားပြီး ငေးနေလိုက်တာ။ မမကို သိပ်အားနာသွားတာဘဲ၊ ဒီဆိုင်ထဲ ခေါ်လာမိတာ”
“ မမကိုကော ဘယ့်နှယ့် ထင်သလဲ”
ကိုစိုးက နားမလည်ချေ။
“မမရဲ့ဦးနှောက်ကော ဘယ့်နှယ့်နေသလဲလို့ပြောတာ”
“ ဖြစ်မှဖြစ်ရတယ်ကွာ။ မမရဲ့ ဦးနှောက်က အံ့သြစဖွယ် ဦးနှောက်ပဲ၊ စားရရင် ပုဇွန်ဆီထက်ဆိမ့်ဦးမယ်” ဆိုဆဲ….။
ခင်မမသည် အိမ်ကို အလျင်အမြန် ပြန်ချင်၏။ ခုနက မိန်းကလေး ရုပ်သဏ္ဌာန် သညာမှာ ထင်ဆဲ။ စကားတောင် များများ မပြောချင်။
ခင်မမ၏ “ညီအစ်မဝမ်းကွဲ” အမည်ရှိ မိန်းကလေးနှစ်ယောက်၏ပုံကားသည် စကားပြောစရာတွေ များစွာ ရှိလာစေပြန်၏။ ခင်မမ၏ ခေါင်းနှင့် ရွှေတိဂုံဘုရားစောင်းတန်း ထမင်းဆိုင်မှ ကလေးမ ခေါင်းပုံတို့ ဖြစ်လေ၏။
“မျက်နှာကျပုံက ဆင်သလိုဘဲ၊ တယောက်ကတော့ ပန်းချီဆရာ့မျက်နှာဘဲ၊ ပညာဉာဏ်ရဲ့ ပြယုဂ်ပဲ။ တယောက်က ညစ်ထပ်ပါဗျား။ ပါးစပ်ကလဲ ဟောင်းလောင်း အောက်နှုတ်ခမ်းက တွဲလွဲ ထူပေ့ အ ပေ့ ဆိုတဲ့ရုပ်ပဲ။ ဒါပေမဲ့ ပန်းချီဆရာက ဒီဆန့်ကျင်ဘက်နှစ်ခုကို ဘာကြောင့် ညီအစ်မတော်တယ်လို့ ဆိုရသလဲ”
“သိပ္ပံပညာမှာလို ဆန့်ကျင်ဘက်နှစ်ခု ဆွဲငင်တာကို ဆိုချင်တာလား”
“စိတ်ပညာမှာလို အကောင်းနဲ့အဆိုး တွဲတာပြောချင်တယ်ထင်ပါရဲ့”
“အတွေးနှစ်ခုကို တပြိုင်နက်တဲ ဖော်တာလို့ပဲ ထင်တယ်”
ကိုစိုးကမူ “နာမည်ကို နားမလည်ပါဘူး” ဟုဆိုဆဲ၊ လူပရိသတ်၏ စကားကိုကြား၍ ရယ်မောသော ခင်မမက တည်ကြည်သွားပြီးလျှင် “ပုံတပုံပြောစရာရှိတယ်” ဟု ဆိုလေသည်။
ပုံပြောစရာ တကယ် ရှိပေသည်။ ခင်မမ သိသည်တည်း။ သူ ငယ်စဉ်က ဘုရားသို့ မေမေနှင့်လိုက်လာလျှင် သည်ဆိုင်မှာ ဝင်ပြီး မေမေက လက်ဖက်ရည်သောက် သူက သကြားလုံး စားမြဲတည်း။ သူ စားလေ့ရှိသည်မှာ တကယ့်ကို ငရုတ်သီးစိမ်းတောင့်နှင့်တူအောင်လုပ်သော အနီရောင် အစိမ်းရောင် သကြားတောင့်များ ဖြစ်လေသည်။ မေမေက ပိုက်ဆံ အတင်းပေးလေ့ရှိသည်။ ဒေါ်လေး မမြစိန်က အတင်းပြန်ပေးသည်။ တခါတရံ မေမေ့ကို ပေးလို့မရလျှင် မသိမသာ ခင်မမ လက်ထဲ လာထည့်တတ်သည်။ ထိုအခါ ခင်မမ သည် မေမေ မသိအောင် ကျိတ်ယူခဲ့ကာ အိမ်ပြန်လျှင် ဝယ်စားမြဲပင်။ သည်နေရာကို ပြန်မရောက်သည်မှာ အနှစ် နှစ်ဆယ် ပြည့်တော့မည်။ ခင်မမ ကတော့ သည်နေရာကို ဖြတ်သွားလျှင် လှမ်းကြည့်မြဲ။ ဒေါ်လေးမမြစိန်သေပြီလို့ ကြားလိုက်၏။ ဦးလေးကိုတော့ ပုလိပ်အဝတ်အစားကြီးနှင့် သိမ်ကြီးဈေးထောင့်မှာ တခါ တွေ့လိုက်၏။ သူက ဂါဝန်ဝတ် ကလေးမ ဘဝက အပျိုကြီးဖြစ်လာသည်ကို မှတ်မိနိုင်ခြင်းမရှိ။ သူကသာ ဆံပင်ဖြူရုံ ဖြူလာသော ရုပ်အနည်းငယ် ကြမ်းလာသော ဦးလေးကို မှတ်မိသည်။ အဲ…သူ့နာမည်က ကိုငြိမ်းဘဲ။ ဦးလေးကိုငြိမ်းပဲ။ နှုက်ဆက်မယ်လုပ်ပြီးမှ နှုက်မဆက်ခဲ့။ ဘုရားမှာ ထမင်း ဝင်စားစဉ်ကလည်း နှုက်ဆက်လိုက နှုက်ဆက်မည် စိတ်ကူးခဲ့သည်မှာ အမှန်တည်း။ အနည်းဆုံး ကိုစိုးကိုပြောပြမည် စိတ်ကူး၏။ ဘာကြောင့်လဲမသိ၊ ဘာမှမလုပ်ဖြစ်။ ယခုပြောပြမည်ရယ်လို့ ရည်ရွယ်ပြန်လည်း စကား ဘယ်လို စ ရမည်။
“ကဲ ပြောပါဦး” ဟု ကိုစိုးကမေးသော် ခင်မမသည် လျင်မြန်စွာဆုံးဖြတ်ကာ “တိုတိုလေးပါပဲ၊ တလုံးတည်းပြောရမယ်၊ အဲဒီကားရဲ့ ဒုတိယနာမည်ပေါ့” ဟု ပြောပြသည်။
“ကွာခြားခဲ့သည်….. ပေါ့”
“ထူးပြီး နားမလည်ပါဘူး” ဟု ကိုစိုး ဆိုဆဲ……
ခင်မမ တွေးသည်မှာ ပရိသတ်ကို နားလည်အောင် ငါ ပြောမပြနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ပြောပြချင်စိတ် မရှိလို့ပေါ့။ ဒါအမှန်ဆုံး စကားဘဲ၊ ငါ့တာဝန်က ပုံဆွဲပြရုံဘဲ၊ ငါ ဘာမှပြောမပြတဲ့အတွက် ပုံကားဟာ ပိုပြီး ခမ်းနားချင်သူအဖို့ ပိုပြီး ခမ်းနားနိုင်ပါတယ်။ ။
ကြည်အေး
( ရှုမ၀ အောက်တိုဘာ ၁၉၅၇ )


Comments
Post a Comment