![]() |
| (တာရာမဂ္ဂဇင်းပါ မူရင်းသရုပ်ဖော်ပုံ ၊ ပန်းချီ - အုန်းလွင်၊ Special Thanks to "Tin Min Htet") |
သူသွားတော့မယ်လေ.....။
တင်မေ့ကိုတောင်မှ တင်မေမှန်း မသိတဲ့သူ သွားပါတော့မယ်၊ ဒါဟာ တင်မေပါ။ တခါတုန်းက မိုက်မိုက်ရူးရူးကလေး တင်မေရယ်လေ။ သူကတော့ ဘာမှမသိတဲ့ မိုက်ကမ်းခြင်းနဲ့ သွားတော့မယ်။ ကြည့်စမ်း တိုက်ပုံအင်္ကျီတောင် ဝတ်ပြီးပြီ။ အိအိ ဘိုကလေးများ အဲဒီလို အရင်ကစတိုင်မပျက် သပ်လိုက်ပါဦး ဇော်ရယ်... အော်... ကုတင်ပေါ်ပြန်ထိုင်ပြီး စီးကရက်သောက်ရပြန်ပါပြီ။
တင်မေသည် စားပွဲပေါ် လက်ဖဝါးနှစ်ခုကိုထပ်၍ချကာ လက်ဖမိုးပေါ်မေးတင်ပြီး ရီဝေသော မျက်လုံးများနှင့် ငေးနေမိလေသည်။ ဘယ်သူမှ မကြားနိုင်သော စိတ်တွင်းက စကားပြောနေမိလေသည်။ ရှေးက ကိုဇော်ဖေကို တခါတုန်းက ကြွမ်းခဲ့ဖူးသည့် မျက်လုံး၊ မျက်ခုံး နှာတန် ပါးစပ်ကအစ အသေးစိတ်ပြီးမှတ်မိနေ၏။ သူဘာမှ သိပ်ပြီး မပြောင်းလဲ။ နားထင်ဆံစကလေးများ ဖြူနေတာနှင့် မကောင်းမှုကို မွေ့လျော်တာ ကြာရှည်ခဲ့၍ ဘာကိုမှ မမှုမထီသည့် ပြက်ရယ်အပြုံးက မျက်နှာပိုင်းထင်ပေါ်နေတာပဲ ပိုလာပါ၏။ မဖမ်းမိနိုင်အောင် ပြောင်းပါစေဦး တင်မေတယောက်ကဖြင့် နောက်ထပ် နှစ်ပေါင်းနှစ်ဆယ် အကြာမှာလည်း မှတ်မိနေပါဦးမည်။
ကိုဇော်ဖေကမူ စီးကရက်ကိုသာ... ဂရုထားပြီး သောက်နေရာက တင်မေ ငေးကြည့်နေတာကို သတိပြုမိသွားပြီ။ ဆပ်ကနဲ ကိုယ်ကို တွန့်လိုက်လေ၏။ မဝေခွဲနိုင်သလို အံ့သြသလို အမူအရာ ပေါ်လာပြီး "ဟုတ်ပြီ မင်းသည်လိုနေတော့ ဘယ်သူနဲ့ တူသလိုလို ရှိပါ့လိမ့်..." ဟု ကမန်းကတန်း စိတ်ထက်သန်စွာ ပြောလိုက်လေရာ၊ တင်မေသည် အကြီးအကျယ် လန့်ဖြန့်သွားပြီး ကိုယ်ကိုမတ်ကာ အနေအထား ပြောင်းလိုက်မိလေ၏။
"အို... ဘာဖြစ်လို့ လုပ်လိုက်ရတာလဲ" ဟု စိတ်ရှုပ်သွားကာ...
"မင်းနဲ့ ငါနဲ့ တွေ့ဖူးသလားဟင်... တခါတုန်း တွေ့ခဲ့ဖူးတယ် ထင်တယ်"
တင်မေသည် မျက်နှာတဖက်လှည့်ပြီး "တွေ့ခဲ့ဖူးသားပဲ၊ မမှတ်မိဘူးလား" ဟု လေးသံကလေးနှင့် ခပ်သဲ့သဲ့ ပြောလိုက်လေသည်။
"ဟုတ်ပါတယ်... တွေ့ဖူးပါတယ် ဘယ်မှာပါလိမ့်. ပြောပြစမ်းပါဦးကွယ်"
တင်မေသည် ဟားတိုက်ပြီး ရယ်လိုက်ရကောင်းမလား။ ပေါက်ကွဲပြီး ငိုလိုက်ရကောင်းမလားဟု ခဏမျှတန့်နေမိလေသည်။ တတ်နိုင်လျှင်တော့ နှစ်ခုစလုံး မလုပ်မိအောင် ချုပ်တီးမည် ဖြစ်လေ၏။ ကိုယ့်ကို မမှတ်မိသည့် ချစ်သူ့မျက်နှာကိုလည်း စစ်ဆေးသည့် အပြုံးဖြင့် စိုက်ကြည့်လိုက်ဖို့ စိတ်မရှိ။ ကိုဇော်ဖေ၏ ဘယ်မိန်းမကိုမှ မလေးစားသည့် ပြက်ရယ်ပြုံးကိုလည်း ဒေါသထွက်ဖို့ စိတ်မကူး။
တမိနစ်ပဲရရ ရသမျှ အချိန်ကလေးတွင် စားပွဲပေါ် လက်ဖဝါးနှစ်ခုထပ်၍ ချကာ လက်ဖမိုးပေါ်မေးတင်ပြီး ငေးနေချစ်စိတ်သာ ရှိလေသည်။
"ပြောစမ်းပါကွ သိရအောင်" ဟု သူက မေးပြန်၏။ တင်မေက ရုတ်တရက် ရှိုက်၍ ခြေကိုသာဆောင့်လိုက်မိလေ၏။ ကိုဇော်ဖေက မချိမခံသာဖြစ်သလို စီးကရက်ကို လွှတ်ပစ်ကာ ဗြုံးကနဲထလာပြီး တင်မေကို ကြုံးမ ပွေ့ယူလိုက်၏။ မေးဖျားကို ပင့်၍ မော့စေပြီး စူးစိုက်ကြည့်ကာ "မပြောဘူးလား ပြောမလား" ဟု ညှစ်ပြီးမေး၏။
"အို... အို... လွှတ်ပါဇော်"
"ဇော် ဟုတ်လား။ ငါ့မယားတောင် ဇော်လို့ တခါမှ မခေါ်ဖူးဘူး။ မင်းနဲ့ငါနဲ့ တွေ့ခဲ့ဖူးတာ အမှန်ပဲ။ ကဲ ဆိုစမ်း ဘယ်မှာလဲ"
တင်မေသည် ကြမ်းတမ်းသည့် လက်မောင်းများကြားတွင် ငြိမ်၍သွားကာ သူ့ရှပ်အင်္ကျီ ကြယ်သီးကြိုးမှ ရွှေစကြာကလေးကို လှုပ်ကစားကာ နေလေ၏။ ရှည်ဝေးလှသည့် အရပ်ဟောင်းကို ပြန်ရောက်နေ၏။ ကိုဇော်ဖေက အဖြေကို စောင့်နေရာက သက်ပြင်းချပြီး တင်မေ့ကိုယ်ကလေးကို သတိပေးသလိုလှုပ်လိုက်လေရာ...
"အဝီစိမှာ..."
ကိုဇော်ဖေသည် ပွေ့ထားသည်ကို မြန်ဆန်စွာ လွှတ်ချလိုက်လေသည်။
ရုတ်တရက်မို့လည်း တကြောင်း... ငယ်ငယ်ကလို အင်အားမရှိတော့သည်ကလည်း တကြောင်းနှင့်မို့ တင်မေမှာ နောက်ပြန် ယိမ်းယိုင်သွား၏။ တတောင်ဆစ်နှင့် စားပွဲကို ပြင်းထန်စွာ ခိုက်မိသွား၏။ ကိုယ်ကိုမနည်းဟန်ပြီး ကုလားထိုင်ပေါ် ပြန်ထိုင်ရသည်။ ကျဉ်၍သွားသော တတောင်ဆစ်ရိုးကို လက်နှင့်ဆုပ်ပြီး မောပန်းစွာ မော့ကြည့်နေမိပြန်သည်။ အရင်တုန်းက ဇော်ပဲနော်... ရက်စက်တုန်းပဲ။
ကိုဇော်ဖေကား အော်၍ ရယ်လျက်ရှိလေသည်။
"ဟားဟား ဒါဖြင့် တို့သေပြီးရင် အဝီစိမှာ ပြန်တွေ့ကြဦးစို့လား ဟင်"
"အို... သည်ဘဝမှာ ရှင်ပြန်မလာတော့ဘူးလား"ဟု လွမ်းဟန်ပြုကာ သရော်လိုက်မိလေသည်။
"ခက်တာက... ကိုယ့်ချစ်သူက ပိန်လဲပိန် အိုလဲ အိုနေပြီကွ... ဒါပေမယ့် ခွဲမသွားဘူးလို့တော့ မပြောနိုင်ပါဘူးလေ၊ ပြီးတော့... ပြန်တွေ့ဦးမယ်ဆိုလဲ အချိန်တွေအများကြီးကျန်သေးတယ်။ တော်တော်နဲ့ မသေသေးပါဘူးနော်၊ သြော်... မင်းအသက် ဘယ်လောက် ရှိပလဲဟင် ၁၆နှစ်လား ၁၈နှစ်လား"
လှောင်သေးတယ်ဇော်ရယ်၊ သို့ပေမည့် တင်မေကတော့ သူလှောင်တာ ရက်စက်တာ ကြမ်းတမ်းတာ တွေကို တေပေပြီးတွေ့ခဲ့ရဖူးပြီ ဖြစ်၍ ရင်တွင်းမှာ ဘာမှမဖြစ်တော့ပါ။ တင်မေသည် အင်မတန်လည်သည့်ဟန်မျိုးကို အခုရနေပြီးဖြစ်ရာ၊ သူ့ကိုယ်သူမသိဘဲ၊ ကိုယ်အထက်ပိုင်းကို တွန့်ကနဲ လှုပ်ကာ ခေါင်းတချက် ညိမ့်၍ မျက်စေ့တဖက် မှတ်လိုက်မိပြီး ပြုံးတဝက် မဲ့တဝက်နှုတ်ခမ်းနှင့်...
"အို... ရှင်နဲ့တွေ့တဲ့ အခါတိုင်းဟာ ၁၅နှစ်ပဲ.."
တင်မေသည် မိမိအမူအရာကိုပြန်သတိရပြီး ထိတ်လန့်သွားမိလေသည်။ ဒါဟာ အပေါစားမဆန်ဘူးလား။ စင်စစ်တော့လည်း ငွေနှင့်လာသော ယောကျ်ားဟူသမျှကို သည်လိုအမူအယာမျိုး သည်လိုအပြောမျိုးနှင့် ဧည့်ခံရမည့်သူအဖို့ အပေါစား ဆန်ရမှာက ဓမ္မတာပင် ဖြစ်ပေသည်။ သို့သော် ကိုဇော်ဖေ တယောက်ကိုမူ ဘယ်ဘဝက နေပြီးပဲ ဖြစ်ဖြစ်... တင်မေသည် သစ္စာရှိသောချစ်သူကောင်းတယောက် အဖြစ်နှင့် လက်ခံချင်လေ၏။ ထူးတော့လဲ မထူးပါဘူးလေ၊ ခု ရွှေပေးမရသည့် ဣန္ဒြေကလေးနှင့် ချိုချိုကလေးပြုံးပြီး ကြိုမယ်ဆိုလျှင်လည်း... ဒါဟာ တင်မေလို့ သိမှာမှ မဟုတ်ဘဲဟု တင်မေသက်ပြင်းချလေ၏။
ကိုဇော်ဖေကမူ... တင်မေဖြေပုံကို သဘောကျကာ အော်ရယ်လျက်ရှိပြန်၏။
ကြည့်လေ... ရယ်နေလိုက်တာ... ခေါင်းကိုနောက်ပစ်ပြီး ပေါ့ဆဆ ရယ်ပစ်လို့ပါကော။ ဟိုတုန်းက... ဟိုတုန်းကဟန်ကလေးတွေ... နီရဲနောက်ကျိသော မျက်လုံးများတွင်းက မျက်ရည်များပင် ကျလာပါပြီ။ အသားကလဲ ပွစိစိနှင့်အဆီပြန်လို့။ သို့ပေမဲ့ စက်ဆုပ်စရာကြီးလို့ပဲ ခုတောင် မထင်နိုင်ပါလားကွယ်...။
"သြ ၁၅နှစ် ဆိုတာကို သဘောကျနေသကိုး..."
တင်မေသည် မျက်တောင်တွန့်ပြီး သူရယ်နေသည်ကိုသာ ကြည့်နေမိလေ၏။ မိမိပြောလိုက်တုန်းကတော့ သူခုကောက်ယူသည့် အဓိပ္ပာယ်မျိုးနှင့် မဟုတ်ချေ။ တိုက်ဆိုင်ချင်၍သာ တိုက်ဆိုင်သွားပေသည်။ လွန်ခဲ့သည့် အနှစ် နှစ်ဆယ်ခန့်တင်မေ ၁၅နှစ်သမီးက တွေ့ခဲ့သည်များကို သူတကယ်ပင်မေ့လေပြီ။
တင်မေ ပြောလိုက်သည်မှာ မှန်ကန်သော သစ္စာစကားပေတည်း။ တင်မေ့ဇာတ်လမ်းမှာ ဒီတော့ ၁၅နှစ် သမီးကစလေသည်။ ဒီတော့ ၁၅နှစ်ဆိုသည့် အရွယ်ကို ဘယ်မှာမေ့နိုင်ပါ့မလဲ... ကိုဇော်ဖေကို ယခု ၃၅နှစ် အရွယ်မှာ တွေ့ပြန်လဲ ၁၅နှစ်သမီးအရွယ်က စိတ်များနှင့်တွေ့ရသည်။ သူ့ကို အစွဲကြီးစွဲနေသည့် မိုက်မဲသော စိတ်များသည် ခုလည်း မိုက်မဲလျက်ပင် ရှိကာ နောင်လည်း ဆက်၍ မိုက်မဲဖို့ အသင့်ရှိလေသည်။ ခုနေများ ကိုဇော်ဖေက တင်မေကို ပြန်မှတ်မိပြီး...
တင်မေသည်ဇရာဖိစီး၍ အမယ်အိုဖြစ်သည့်တိုင်အောင်ပင် မိုက်မဲချင်လှပါသည်။
သည်တော့ ဘယ်ခါမှာမဆို ကိုဇော်ဖေတယောက်အပေါ်မှာဖြင့် တင်မေသည် အမြဲတမ်း ၁၅နှစ်ပဲရှိပေမည်။
ကိုဇော်ဖေသည် ရုတ်တရက် တင်မေကိုရော၊ ထိုအခန်းကျဉ်းကလေး ကိုပါ ငြီးငွေ့သွားသလို အပြင်းအတန် သမ်းလိုက်ပြီး အိတ်ထဲက တဆယ်တန်ငွေစက္ကူလေးရွက်ကို ထုတ်၍ စားပွဲပေါ် ပစ်တင်လိုက်လေ၏။ တင်မေလည်း ရင်ထဲတွင် လှိုက်လှဲ ဝမ်းနည်းသွားပြီး မျက်လုံးများ ရီဝေလာပြန်၏။ မသိလိုက် မသိပါ...
လက်ဖဝါးနှစ်ခုကို ယှက်၍ စားပွဲပေါ်ချကာ လက်ဖမိုးပေါ်မေးတင်ပြီး ငေနေမိပြန်၏။
"ဟော"ဟု ကိုဇော်ဖေကဆိုလေ၏။
"အဟုတ်ပါ... မင်းကိုတခါတုန်းက သိဖူးပါတယ်။ အဝီစိမှာတော့ မဟုတ်ပါဘူးကွယ်။ နတ်ပြည်မှာလို့ငါထင်တယ်"
ကိုဇော်ဖေသည် တင်မေ့နဖူးလေးကို မတို့မထိနမ်းကာပေါ့ပါးစွာ ထွက်သွားလေသည်။
သူညကလာပြီး မနက်ကျတော့ သွားပြီလေ၊ လှေကားက ပြေးဆင်းသွားသည့် ခြေသံများသည် ဆူညံ့ရာက အဝေးရောက်တော့ ပျောက်သွား၏။ အခြား ယောက်ျားတွေနှင့်ဘာမှမကွာခြား။ တင်မေသည် အပြေးထပြီး ပြတင်းကမျှော်ကြည့်လိုစိတ်လည်း မပေါ်တော့။ သည့်ထက်မက အနောက်ကလည်း အတင်းလိုက်ပြီးဖမ်းတောင်မှ ကိုဇော်ဖေသည် သူ့စိတ်ကမလိုတော့ဘူးဆိုသည့်အခါမှာ လှည့်ကြည့်ဖို့ စိတ်ကူးတော့မည် မဟုတ်ချေ။ တင်မေကတော့ သိခဲ့လှပါပြီ။
ထို့ပြင် လာပြီးပြန်သွားသည့် အဖြစ်မျိုးကတော့ တင်မေ့အဖို့ ရိုးလှပေပြီ။
ယခုလိုတော့ ဘယ်တုန်းက တွေငိုင်ပြီးကျန်ရစ်ခဲ့ဖူးပါသလဲ၊ အမှန်မှာ တွေငိုင်ရုံတင်မကပဲ ဇော်... ဇော်... အို.ဇော်... ဟု မောတတပမ်းကြီး ပင်တသပြီးနေရစ်ပါသေး၏။ လက်ဖမိုးပေါ်မှာ ပူနွေးသော အရည်များ ရွှဲနေ၏။ စားပွဲခုံပေါ်သို့ပင် ကျရောက်စိုစွတ်နေပါသည်ကော။ မထင်ပဲနှင့် ကိုယ့်ကိုယ်ကိုယ်ငိုနေမှန်း သိရ၍လန့်ဖြန့်မိသေး၏။
စင်စစ်တော့လည်း တင်မေလိုအသားအရေချောက်ခမ်းပြီး အသက်ကြီးရင့်သည့် ပြည့်တန်ဆာမကြီးတယောက် ငိုနေသည်ကိုမြင်လျှင် ဘယ်သူသည် ချစ်သူစွန့်ပစ်၍ ၁၅နှစ်အရွယ် အပျိုပေါက်စကလေးတယောက် ငိုနေသည်ဟု ထင်ပါလိမ့်မလဲ။ ဤသို့ တင်မေသည် အမြီးအမောက်မတဲ့တွေးကာရှိသည်။ ဒီဟာမကြီး ဝါရင့်လွန်းလို့ ဧည့်မရွှင်တော့တာနဲ့ ငိုနေတယ်လို့ တင်မှာပေါ့...
သို့သော်လည်း ကိုဇော်ဖေနှင့် ပတ်သက်ပြီဆိုလျှင် တင်မေသည် သူ့ကိုယ်သူအရာရာပါစားပေးထားသည် ဖြစ်ရကား မျက်ရည်ကို သုတ်ပစ်ဖို့ပင် မကြိုးစား... "ဇော်ရယ် ဇော်ရယ်"ဟုပင် တတပြီးငိုရှိုက်လိုက်ရချေသေး၏။
ကဲ သူသွားပြီလေ တင်မေကိုမှ တင်မေမှန်းမသိဘဲ တခါတည်း ထွက်သွားပြီး မသိသားဆိုးဝါးလှချေလားဇော်ရယ်။ တင်မေကိုမှ မမှတ်မိနိုင်လောက်အောင် ဦးနှောက်ထဲမှာ အရက်ခိုး အရက်ငွေ့တွေ ဆို့ပိတ်နေပြီးလားကွယ်။ တွေ့ရတဲ့ မိန်းမတွေ ထောင်သောင်းမကများလွန်းလို့ တင်မေတယောက်ကိုကော ထူးပြီးမမှတ်မိနိုင်တာလေလားကွယ်...
အမှန်ဆိုရလျှင်မူ ညကတုန်းကဖြင့် သူများမှတ်မိသွားတော့မှာလား၊ မှတ်မိသွားတော့မှာလားဟု တထိတ်ထိတ် ပူကာ ဣန္ဒြေချည်း ပျက်နေမိလေသည်။ တင်မေမှာ ဘာမှ မချုပ်တည်းနိုင်ချေ။ သတိထားနေရက်လည်း ယောင်ကာ ဇော် ဇော်နှင့် တဇော်တည်း ဇော်မိ၏။ ဦးလေးဇော်လို့များ တခွန်းထွက်သွားလိုက်လျှင်တော့ လုံးလုံးပေါ်ရချေရဲ့။ ဘုရားသိကြားမလို့ တင်မေ့ကို တွေ့ခဲ့တာ အဝီစိမှာလား နတ်ပြည်မှာလားတောင် သိမသွားချေ...ဟာ...ဟာ...
ကိုဇော်ဖေသည် တညလုံးမင်းဘာဖြစ်နေတာလဲဟု မေးကာနေ၏။ သူ့စိတ်ထဲတွင် ထူးပါတယ်ဟုတော့လည်း ထင်ချင်ထင်ပေမည်။ တင်မေကတော့ သူ့မှာပါလာသည့် ပုလင်းကိုသာဖွင့်ပြီး တခွက်ပြီးတခွက်သာ ချော့ပြီးတိုက်နေရ၏။ ကိုဇော်ဖေသည် အရင်တုန်းကလိုပင် သောင်းကြမ်းမူးရူးပြီး ပစ္စလက္ခတ် အိပ်ပျော်သွားသည့်အခါမူကား တင်မေသည်အခန်းထောင့် စားပွဲပေါ်လက်ဖဝါးနှစ်ဖက်ထပ်ပြီးတင်ကာ လက်ဖမိုးပေါ်မေးတင်ပြီး သူ့ကိုငေးနေမိသည်မှာမို့ လင်းလုမှစားပွဲပေါ်ခေါင်းချပြီး မှေးကနဲ ငိုက်ရသည်။ သိပ်မကြာပါဘူး၊ ဇော်လာပြီး နှိုးတာပဲမဟုတ်လား...
နောက်ဆုံးမှာမူ ကိုဇော်ဖေသည်မိမိကို သည်အသက်အရွယ်အထိ သည်ဘဝထဲကနေပြီး အစွဲကြီးစွဲနေသေးသည့် ချစ်သူထဲကလား ငွေလေးဆယ်ပေးလျှင် တညပျော်ရသည့် ပြည့်တန်ဆာထံကလားဟူ၍မှ ခွဲခြားပြီးမသိသည့် မိုက်ကန်းခြင်းနှင့် ထွက်သွားချေပြီ။ တကယ်တော့ ဤသို့လျှင် တင်မေ့ကို တင်မေမှန်းမသိဘဲ... လာပြီးပြန်သွားရုံသာရှိသည့် ကိစ္စမှာ အင်မတန်ဝမ်းသာစရာ.. အို... ဆို့ထက် အသက်ပျောက်သွားလောက်အောင်ကို ဝမ်းသာပစ်ချင်စရာပဲ ဖြစ်တော့လေသည်။
တခါတုန်းကလည်း ( တင်မေပြန်ပြီး မှတ်မိပါသေး၏။ ) ခုလိုပင် တင်မေသည် လက်ဖဝါးများကိုယှက်၍ စားပွဲပေါ်ချကာ မေးတင်ပြီး ငေးနေမိခဲ့ဖူးလေသည်။ အင်း... နည်းနည်းပဲ ကွာသည်ကတော့ ထိုအခါက တင်မေသည် ၁၅နှစ်အရွယ် မြူမထင်သည့် အပျိုပေါက်ကလေးသာ ရှိသေးခြင်းဖြစ်တော့လေသည်။
စားပွဲပေါ်တွင် အရက်ပုလင်းနှင့်ဖန်ခွက်ရှိသည် ထင်ပါရဲ့...
စားပွဲတဖက် တင်မေနှင့် မျက်နှာချင်းဆိုင်တွင် ကိုဇော်ဖေထိုင်လျက် ရှိလေသည်။ သူ့ဆံပင်များသည် အမြဲ ထိုးထိုးထောင်ထောင်ရှိကာ မျက်လုံးများလည်း ရီဝေနောက်ကျိလျက်ရှိ၏။ ကော်လာလည်ပင်းသည်လည်း ပွင့်ဟနေ၏။ အတော့်ကို ဝင်သွားပြီဖြစ်၍ ခြေပစ်လက်ပသ်ဖြစ်နေပေ၏။ လက်များမှာ တုန်တုန်ရီရီနှင့် ပုလင်းနှင့်ဖန်ခွက်ကို ဘယ်ဟာမှမြဲအောင် မကိုင်နိုင်ချေ။ အရက်ငှဲ့ထည့်သည့်အခါ ဖန်ခွက်ထဲ ဖြောင့်ဖြောင့်တန်းတန်းမကျဘဲ စားပွဲပေါ်သို့ ဖိတ်ဖိတ်နေ၏။ ဖန်ခွက်ကိုယူပြီး သောက်ပြန်တော့လည်း ရှေ့သွားနှင့် ဖန်ခွက်နှုတ်ခမ်းက ဆောင့်မိသေး၏။ အင်္ကျီရင်ဘတ်က ပေပေရေရေ...။
ဒါကတော့ တင်မေအစွဲကြီး စွဲသည့် ကိုဇော်ဖေ့စတိုင်။
တင်မေသည် သူ သောက်နိုင်သမျှ သောက်နေစဉ်မှာ စကားတလုံးမျှ မပြောဘဲ ငေးပြီးမျက်တောင်မခတ်ဘဲ ကြည်နေမြဲ ဖြစ်လေ၏။ တင်မေ့ မျက်စိထဲတွင်မူ သူ့အမူအရာများသည် အင်မတန်ဟန်ပါ၏။ ဘာကိုမှ ဂရုမစိုက်ပုံကလေးကလည်း သူရဲကောင်းဆန်သလိုလို။ နောက်ဆုံး၌ ကိုဇော်ဖေသည် စားပွဲပေါ်ထိုးပြီး ကျသွားတတ်သည်။ တင်မေ့ခေါင်းကိုလည်း လက်ကိုးယိုးကားယားဖြင့် လာရိုက်မိတတ်သည်။ သူ့မယား မခင်သန်းက နောက်ဖေးမီးဖိုချောင်ကနေပြီး ဆဲဆိုကာနေတတ်သည်။ ... တင်မေသည် သူ့ကိုယ်ကြီးကို မနိုင့်တနိုင်နှင့် ထူမကာတွဲပြီး အိပ်ရာပေါ်အရောက်ပို့ရမြဲ ဖြစ်လေသည်။ တခါတလေ သူ့ခေါင်းကြီးကို ခေါင်းအုံးပေါ်ချ၍ မရဘဲ တင်မေ့ရင်ခွင်ပေါ်မှာ မှိန်းပြီးကြာလျှင် အိပ်ပျော်သွားတတ်၏။ သည်တော့မှ တင်မေထလာနိုင်တော့သည်။
တင်မေ့အင်္ကျီများသည် မကြာခဏ အရက်များပေရေကုန်၏။ အရက်အနံ့အသက်များလည်း ကိုယ်မှာကပ်လာ၏။ တင်မေကတော့ ချိုချဉ်မွှေးမြသည့် ရနံ့တမျိုးကလေးဟုယူဆ၏။ တင်မေမှာ ရင်တနွေးနွေးနှင့် ငိုချင်လို ခံစားပြီး ကျန်ရစ်တတ်လေသည်။
သည်လိုဖြစ်ရသည်မှာ ကိုဇော်ဖေတို့ပြောင်းလာပြီး ခင်မင်လာကြသည့်အချိန်ကတည်းကပင် ဖြစ်လေ၏။ တနှစ်ကျော်ကြာသွားပေပြီ။ တင်မေသည် ကိုဇော်ဖေ့အိမ်ကို ချဉ်းကူးကာနေလေသည်။ နှုတ်ခမ်းမှာ "ဦးလေးဇော်... ဦးလေးဇော်"နှင့် ခေါ်၍မပြတ်။ တင်မေမှာ ရင်ထဲတွင် တနွေးနွေးနှင့် နှာခေါင်းတွင် ချိုချဉ်မွှေးမြသည့် ရနံ့ကလေး တရစ် ဝဲဝဲဖြစ်နေခြင်းမှာ တဖြည်းဖြည်း ပြင်းထန်လာ၏။
ကိုဇော်ဖေကတော့ တင်မေ့ကို ခလေးကလေး ထင်နေ၏။ တင်မေ ထွားကြိုင်းဖွံ့ဖြိုးလာတာကိုလည်း သတိမထား။ တင်မေ့မျက်လုံး ငေးငေးများကိုလည်း အဓိပ္ပာယ်မရှာ။ အရက်သောက်တာ မိန်းမလိုက်တာကို အမြဲ ဆူပူဆဲဆိုသည့် မယားအစား ပြုစုအလိုလိုက်သည့် တူမကလေးလို ချစ်ခင်သည်။ ကိုဇော်ဖေ၏လောကတွင် တင်မေတယောက်သာ သူ့ဖက်သားရှိ၏။ ထို့ကြောင့်တင်မေကို ဖြူစင်စွာချစ်၏။ ဒါကိုသိသည့် လူတစ်ယောက်ကတော့ တင်မေကံကောင်းနေသေးသည်ဟု ဆိုမည်ဖြစ်လေ၏။
တင်မေကတော့ မိမိကံကို မိမိဖန်တီးချင်ပြီ။
သောက်တာက ကိုဇော်ဖေဖြစ်သော်လည်း စင်စစ်ရူးမူးတာက တင်မေပင်ဖြစ်တော့လေ၏။ ရင်တွင်းမှာ မချိမဆန့်ဖြစ်လွန်းတော့ နည်းလမ်းကိုရှာ၏။
ဥပမာဆိုပါတော့...
တညနေတွင် ကိုဇော်ဖေနှင့် တင်မေတို့မှာ မြို့ပြင်လမ်းလျှောက်ခင်း၏နဘေး မြက်ခင်းမှာရောက်နေကြလေ၏။ သူကမြက်ခင်းပေါ်တွင်မှောက်ကာ မြက်ပင်ကလေးများကို နှုတ်လျက်ရှိ၏။ မူးပြီးထိုးမလဲသည့်တိုင်အောင် အမြဲတမ်းတော့ ခပ်ထွေထွေရှိရကား တင်မေစွဲသည့် သင်းရနံ့ကလေးကတော့ တပျံ့ပျံ့ နေလေ၏။ ထွေထွေကလေး ဆိုပြန်တော့လည်း သူ့ဟန်ပန်က တမျိုးချစ်စရာ တင်မေမှာမူ လက်ဖမိုးပေါ်မေးတင်၍ ငေးသည့် မျက်နှာထားမျိုးဖြင့် သူ့ကိုသာ တစိုက်မတ်မတ် ငေးကြည့်ကာနေလေ၏။ ကြက်သီးထနေ၏။ ချမ်းစိမ့်ပြီးနေလေ၏။ ပြီးတော့ ငိုချင်လာ၏။
တင်မေက သူ့နဖူးပေါ် ကျနေသော ဆံပင်ကို တင်ပေးရင်းက နဖူးကိုနောက်သို့ လန်ကျသွားအောင် နှိပ်လိုက်ပြီး မျက်နှာကိုမော့စေလေ၏။ ထို့နောက်မရိုးသားသဖြင့် တုန်လှုပ်နေသောအသံဖြင့်...
"ဦးလေးဇော်"
"ဘာလဲ"
"ဦးလေးဇော်"
"ဘာလဲဟ"
"ဦးလေးဇော်"
သည်တခါမှာတော့ တင်မေသည် ငိုသံပါလာပြီ တင်မေ့မျက်နှာသည်လည်း သူ့မျက်နှာပေါ်ကျလာတော့မလို နီးကပ်လာလေရာ ကိုဇော်ဖေသည် "သြ ကြပ်လိုက်ပါဘိ"ဟု ညည်းကာ လူးလဲထလေသည်။
"ဘာဖြစ်နေတာလဲ တင်မေ"
တင်မေသည်ခေါင်းကိုသာ ခါနိုင်လေ၏။ သူက ရိပ်မိပုံလည်းမရ။ တင်မေသည် သူ့ကိုမကြည့်တော့ဘဲ မျက်နှာလွှဲနေလေ၏။ တင်မေ့မျက်နှာကလည်း သွေးလျှမ်းပြီး နီရဲနေ၏။ သူမသိအောင်လည်း တိတ်တဆိတ်ရှိုက်လျက် ရှိလေ၏။ ကိုဇော်ဖေကမူ ကောင်မလေးအရူးထတာပါပဲဟူသော အနေဖြင့် ဂရုမစိုက်ဘဲ ရှိလေသည်။
"ဦးလေးဇော်"
"လာပြန်ပြီ"
"ဦးလေးဇော်လို့ မခေါ်ချင်ဘူး"
"ဦးလေးပေလို့ ခေါ်ဟာ"ဟု သူက စိတ်ပေါက်ပေါက်နဲ့ပြော၏။
သူတို့နှစ်ယောက်သည် တိတ်ဆိတ်နေပြန်လေ၏။
"ဦးလေးဇော်"
ကိုဇော်ဖေက သက်ပြင်းချလေ၏။
"မခင်သန်းကို တင်မေမုန်းတယ်"
"ဟားဟာ ဘာဖြစ်လို့လဲဟင်"
"သူက အားအားရှိ ဆူပူနေတာပဲ၊ သူဆူတာ ဘာဖြစ်လို့ ခံနေရတာလဲဟင်၊ ပြီးတော့ ဦးလေးဇော့်ကို ပျော်အောင်မထားဘူး၊ ဘာမှလည်း ဂရုမစိုက်ဘူး... တင်မေသာမရှိရင် ဦးလေးဇော်သိပ်မူးတဲ့အခါ ဘယ့်နှယ်လုပ်မလဲ"
တင်မေသည်မြန်ဆန်စွာပြောလေ၏။ ကိုဇော်ဖေကမူ ဘာမျှမပြော။ တွေးနေဟန်ရှိလေ၏။ တင်မေကတော့ မိမိစိတ်များ လေနေသည်ထင်၏။ အမှန်ပင်လေနေ၏။ ထို့ကြောင့်မှောင်၍ အိမ်ပြန်ရန်ထကြသည့်အခါတွင် တင်မေသည် "ဇော်ရယ်"ဟု မကြားတကြား သက်ပြင်းကလေးမှုတ်ထုတ် လိုက်မိလေ၏။ ကိုဇော်ဖေက အံ့သြသလိုဖြစ်သွားပြီး သူ့နားသူမယုံနိုင်သလို ဘာမျှမပြောဘဲ နေလေ၏။
"ဇော်"ဟု လမ်းယှဉ်လျှောက်ရာက ရဲတင်းမိုက်မဲစွာ ခေါ်လိုက်မိလေ၏။
"ဇော်... ဟုတ်လား"
တင်မေသည် မျက်နှာကို တဖက်လှည့်ပစ်ပြီး "ဟောသည်လမ်းဟာ ဘယ်တော့မှ မဆုံးရင်ကောင်းမှာပဲ ဇော်"ဟု လွမ်းလွမ်းဆွေးဆွေး ညည်းညူလိုက်လေရာ...
"ဘာဖြစ်လို့လဲကွယ်"
"အိမ်ပြန်မရောက်အောင်လို့ပေါ့"
သည်အခါမှာမူ သူသည်မျက်နှာအနည်းငယ်နီလာပြီထင်၏။ တင်မေက ဝမ်းသာ၏။ ရှက်စိတ်ဆို၍ နည်းနည်းမှလည်းမရှိပါ။ မိုက်ချင်နေ၏။ ဘေးအန္တရာယ်ကို တောင့်တနေ၏။ တင်မေသည် သူ့အနား တိုးကာ ခါးကို သိုင်းဖက်လိုက်လေ၏။ အရောဝင်နေကျမို့ မထူးဆန်းသည့် အပြုအမူ။ သို့ပေမည့်။
ကိုဇော်ဖေက ချောက်ချားနေသော အသံဖြင့်...
"တင်မေ နင်မငယ်တော့ဘူး"
"သိသားပဲ"ဟုပေါ့ဆစွာ ခေါင်းကိုမော့ပြီး ပြောလိုက်မိသေး၏။
ခဏကြာသော် ကိုဇော်ဖေ၏လက်မောင်းသည် တင်မေ့ပခုံးပေါ်လာတင်လေ၏။ သူတို့နှစ်ယောက်သည် တင်းကြပ်စွာ ဖက်ရင်း... မှောင်တည်းတွင်အိမ်ပြန်ရောက်ကြလေ၏။ သူ့စိတ်ထဲ ဘာရှိမည်တော့ ခုထိ တင်မေမသိ။ တင်မေကတော့ပျော်သည်။
တင်မေသည် ခုကစပြီး ပျော်ရတော့မည်ထင်လေသည်။ သို့သော်နောက်တနေ့တွင် ကိုဇော်ဖေသည်ဘာကိုမှ မမှတ်မိတော့သလို နေလေ၏။ ညကအဖြစ်ကို မူးပြီးမက်သည့် ကတောက်ကတက် အိပ်မက်ဟုပင် ထင်နေသလားမသိ။
တင်မေသည် သူသောက်သမျှကိုသာ စားပွဲပေါ်လက်ဖဝါးနှစ်ခု ယှက်ချပြီးမေးတင်ကာ ကြည့်ရုံသာ တက်နိုင်လေတော့သည်။
တင်မေ့အသည်းထဲက ဇော်သည်ငါးရက်မျှ ပျောက်သွားလိုက်သေးသည်။ ကိုယ့်ဇော်ကိုဖြင့် တင်မေက အတွင်းသိ၊ အစင်းသိဖြစ်လေရာ ငါးရက်လုံးပင် စိတ်တိုနေရပေသည်။ ဇော်ကလူပေလူတေတယောက်ဖြစ်လေရာ၊ သည်လိုပဲပျောက်သွားတတ်သည်။ အရက်သမား တစုနှင့်မလင်းအောင်သောက်လိုက်၊ ရီတီတီကြားဖြတ်ကာလကလေးများတွင် ဟော်တယ်မယ်တွေနှင့် တဖက်ငါးရာလူးလှိမ့်နေတတ်၏။ ဒါကိုတင်မေအတတ်သိ၏။
တင်မေကမူကား ဇော်ပြန်လာမချင်း၊ စိတ်ထဲက ဘာဖြစ်မှန်းမသိ ဒေါသဖြစ်သလို၊ စိတ်ညစ်သလိုနှင့် လှုပ်ရှားထကြွသော ဝေဒနာကို ခံစားနေရလေ၏။ ဇော်၏ မိန်းမ မခင်သန်းကမူ လာလျှင်ဆူပူလိုက်မည်။ ကြိမ်းမောင်းလိုက်မည်ဟု ဟန်ပြင်ထား၏။ အဆူအပူများကို ကြောက်၍လည်း ဇော်ကထွက်ပြေးတတ်၏။
တင်မေကမူ ဆူးတောင်များရှိသော လိပ်ပြာကို လိုက်လံကာ ဖမ်းချင်နေ၏။ ( တင်မေ၏ စိတ်ကူးတိုင်းပြည်ထဲတွင်ကား ပန်းလိပ်ပြာကလေးမှာ ဆူးကလေးတွေနှင့်။ ဖယ်လိုက်လျှင် လက်ကို လာ၍ ရှတတ်၏။ စူးတတ်၏။ ဒါပေမည့် စူးတာရှတာကလေးကိုပဲ လိုချင်သလား၊ မလိုချင်သလား မခွဲတတ်။ စိတ်ထဲကမူ လာ၍စူးလျင် "အမယ်လေး" ဟု အော်ပစ်လိုက်ချင်၏။ အော်လိုက်ရမှ စိတ်ကပြေသွား၏။)
တနေ့လုံး ပြတင်းမှ မှီကာဇော်ကိုစောင့်သည်။
မခင်သန်းမှာ မီးဖိုချောင်မှ ကျိန်ဆဲရေရွတ်လျက် ရှိ၏။ သို့သော် အရိပ်အယောင်မှ ပေါ်မလာ။ လေက တိုက်ဝှေ့တိုင်း ရွေ့လျား၍နေသော သစ်ပင်ရိပ်များကို တင်မေက ကျိန်ဆဲနေ၏။ ပြာသောကောင်းကင်မှာ ကြေးမုံလိုဝင်းလက်နေသည်။ သစ်ကိုင်း သစ်ခက်တို့မှာ အောက်သို့သာ ငိုက်ယွန်းနေကြသည်။ မြေပြင်ပေါ်တွင် လာ၍ထင်ကြသော အကွက်တို့မှာ လေကသုတ်ဝှေ့လိုက်တိုင်းပြား၍ပြား၍ သွားကြလေ၏။ ပုံသဏ္ဌာန်တို့သည် တွန့်ယှက်ကာ ဝါးသွားကြ၏။ နောက်ပြန်၍ ငြိမ်လာ၏။ နောက်ပြန်၍ ဝါးသွားပြန်၏။
တင်မေ့မှာ စိတ်မှန်းလို့ မတည်မကျ။ ဇော်... ဇော်... ပြန်လာပါတော့ကွယ်... သို့သော်လေတချက်အဝှေ့တွင် မြေပြင်မှ အရိပ်ကွက် အရိပ်ပြောက်တို့သည် လွင့်ပါး၍ လှုပ်ရှားသွားကြပြန်လေ၏။ ပုံသစ်တခုသို့ ကူးပြောင်းသွားကြပြန်လေ၏။ သည်လိုနှင့် ဒေါသထွက်ရပြန်ပါ၏။
ကနေ့ကလည်း ဇော်အိမ်ပြန်မလာ။ တင်မေသည် အစောကြီးအိပ်ယာဝင်သည်။ တရေးနိုးသောအခါ တဖက်ခန်းမှ ဇော်၏အသံကြာရ၏။ အရက်သံမှာ ပြတ်သားစွာပေါ်လာ၏။ မိန်းမကဆူ၏။ တခါတခါ ကျယ်လောက်လာ၏။ ဇော်ကမူ တိတ်ချက်ကောင်းနေ၏။
နောက်တနေ့တွင်ကား ဇော်ကို ယခင်ကလမ်းလျှောက်လေ့ရှိသော မြို့အပြင် မြက်ခင်းကလေးတွင် တွေ့ကြပြန်လေ၏။
ခါတိုင်းကဲ့သို့ပင် တင်မေက သူ့ကိုကြည့်ကာ မခိုးမခန့်ရယ်၏။
"ဘာလဲ ဒီကောင်မလေး..."ဟုဆိုကာ ခေါင်းကိုပုတ်လိုက်၏။ တင်မေက ကျင်လည်ဖြတ်လတ်စွာ ကွေ့ရှောင်လိုက်သဖြင့် လွတ်သွား၏။ နောက်တကြိမ်မူအဖျားခတ်၍ ထိပွတ်မိလေရာ၊ ဆံပင်တွေမှာ ဖွာရာကြဲသွား၏။
တင်မေစွဲသည့် သင်းရနံ့ကလေးက မွှေးအပျံ့ပျံ့ထွက်လာ၏။ မျက်လုံးမှာရီဝေနေ၏။ ခါတိုင်းလည်း ရီဝေနေကြ မှုန်ဝေ့ဝေ့ဖြစ်နေကြ။ သို့သော် သည်တကြိမ်မူ တင်မေက ပို၍ မူးယစ်နေ၏။ မျက်တောင်မှာ စင်းကျနေ၏။ အကြည့်မှာ ရီဝေနေ၏။
နှုတ်ကမူ "ဇော်...ဇော်"ဟု တေးကာရန်ယူသလို ရွတ်နေလေ၏။
"ဘာလဲ... ဒီကောင်မလေးဘာဖြစ်နေလဲ"
ဒါပဲ ကိုဇော်ဖေက ပြောသည်။
နှစ်ယောက်သားဆက်၍သာ လျှောက်သွားကြ၏။ အရိပ်များသည် ရှည်သည်ထက် ရှည်လျားလာကြသည်။ နောက်မှောင်ရိပ်များသည် တခုနှင့်တခုကူးဆက်ကာ ဆက်သွားကြလေသည်။ ကျေးငှက်ကလေးများ တွတ်တွတ်ထိုးသံသည် ဆူညံ၍လာ၏။ ခေါင်းပေါ်မှ အရွက်များပြွတ်ကာ မိုးလာကြ၏။
"မှောင်လာပြီကွ"ဟု ကိုဇော်ဖေကဆို၏။
"မှောင်.... မှောင်..."
ကိုဇော်ဖေကဘာမျှ မပြောနိုင်။ ငေးကြောင်ကြောင်နှင့်သာ တင်မေ့ကို စိုက်ကြည့်နေရ၏။ တင်မေကတော့ နဲနဲမှမဖြုံ ဘယ်သူ့ကိုမှမကြောက်။ အံ့သြသည့် အကြည့်ကို တင်း၍နေနိုင်၏။
"မှောင်... မှောင်လေ"
ထပ်၍ပင်ပြောလိုက်သေး၏။
ပန်းရနံ့ကလေးတွေမှာ မှောင်သောသစ်ရိပ်အကြားမှ... ဖြတ်သန်းကာဝင်လာ၏။ ဘာပန်းတွေ ဘာရွက်တွေ၊ ဘာပင်တွေဟု မခွဲခြားနိုင်တော့၊ မြင်မြင်သမျှ စိမ်းမှောင်မှောင်သာ ဖြစ်နေ၏။ ဟိုက တွဲလွဲ ဒီကတွဲလွဲဆိုင်းနေတာ ညွှတ်ကိုင်းကာကျနေတာတွေ၊ ပိန်းပိန်းတွေ၊ အပြောက်အပြောက်သာဘဲ စိတ်ထဲကသိနေ၏။ ဘာမှ မထင်ရှားတော့။
သို့သော် တင်မေ့အဖို့ ထင်ရှားနေတာမှာ သင်းတပျံ့ပျံ့ရနံ့ကလေး။ အရက်ငွေ့။
တင်မေကသာ စကားတွေပြောနေ၏။ သူကအင်းလိုက်၏။ တင်မေကပြောရင်း စိတ်ပါလာ၏။ ငယ်ငယ်က တယောက်ထဲနေခဲ့ရတာတွေ၊ အမေတညလုံးပြန်မလာ၍ မှောင်ကြီးမဲကြီးထဲ စောင့်နေရတာတွေ။
"အဲဒီတုန်းကလေ သိပ်ကြောက်တာပဲသိလား။ သိပ်ကိုကြောက်တာပဲ မီးကလည်းမရှိဘူး၊ ဘာမှ မမြင်ရဘူး၊ ကြယ်ရောင်ကလေးသာရှိတယ်၊ ဒါပေမယ့် မလင်းသလိုပါပဲ၊ တယောက်ထဲဆိုတော့ တမျိုးပဲလေ။ သိပ်ကိုကြောက်တာပဲ၊ ဘာမှ မမြင်ရပြန်တော့ သရဲတို့ တစ္ဆေတို့ကို စိတ်ကူးကြောက်ရတယ်။ တယောက်ထဲနေရတာ စိတ်ကူးဖြစ်တယ်နော် ဇော်ရေ..."
ကိုဇော်ဖေကား အင်းလိုက်၍သာ နေနေ၏။ တင်မေက ဆက်ပြော၏။
"သိပ်စိတ်ကူးလို့ကောင်းတာပဲ၊ ထင်ရာ မြင်ရာ လျှောက်တွေးတော့တာပဲ၊ နောက် စိတ်ကူးရင်းနဲ့ ကြောက်တယ်ဆိုတာ ဘာမှန်းမသိတော့ဘူး၊ သိပ်လဲ ရယ်စရာကောင်းတယ်။ စိတ်ကူးထဲမှာ ကြယ်ကလေးတွေဟာ စပယ်ပွင့်ကလေးတွေဖြစ်နေကြတယ်။ နောက်စကြာလို လယ်ပြီး လကြီးဖြစ်သွားပြန်ရော၊ လကြီးကကြီးလာပြီး မျက်နှာပေါ်မိုးလာတော့ ငွေရောင်ကလဲ တလက်လက်နဲ့ မျက်နှာကတော့ ကြောက်စရာမကောင်းဘူးရှင့်။ ပြုံးနေတာပဲ။ အဲဒီကစပြီး တယောက်ထဲနေရတာ မကြောက်တော့ဘူး။ ဇော်ကော ဘယ်နှယ်လဲ..."
ဇော်ကား ခေါင်းကိုသာတွငတွင်ခါနေလေ၏။
"နင့်ဟာကလည်း အရက်မူးတဲ့လူ လျှောက်ပြေးတာကျနေတာပဲ၊ ပေါက်ကရ ရောက်တတ်ရာရာပဲကိုး"
မြို့အပြင် ချောင်းကလေးတခုနားသို့ ရောက်သွား၏။ တခါမှ သည်ချောင်းကလေးမျိုး ရှိသည်ဟု မကြားဘူး။ ရေမှာ ရေညှိတို့ဖြင့်သာပြွမ်းလေ၏။ မှော်ပင်ပိန်းပင်တို့ကား ဒရစပ်ပေါက်နေကြ၏။ အပေါ်မှာ ဇလပ်ပင်များက အုပ်၍နေကြ၏။ အကိုင်းများက ညွတ်ကွေးကာ ရေသို့ထိလုဘနမ်း ဖြစ်နေလေ၏။ တချို့ ပျော့ပျောင်းသောနွယ်ချောင်းတို့သည် ရေထဲတွင် တဝက်နစ်မြုပ်လျက်ရှိ၏။ ငှက်ကလေးများ၏ တကျီကျီအော်သံမှာ စူးရှ၍လာ၏။ မြူငွေ့တို့ကလည်း သန်းလာလေသည်။
"နင်မငယ်တော့ဘူး"ဟု ကိုဇော်ဖေက တချက်ဆိုလိုက်၏။
တင်မေကား ကြားလိုက်သည်ဟုပင် မထင်သည့်အလား "ရေစပြကလေး သွားရအောင်"ဟုဆိုကာ ကိုဇော်ဖေ့လက်ကို အတင်းဆွဲခေါ်နေလေ၏။
"ရေထဲကျသွားလိမ့်မယ်"
"မကျပါဘူး ဇော်ရယ်"
ကိုဇော်ဖေက လက်လျော့လိုက်၏။ တင်မေသည် ရေစပ်နားသို့ အရောက်သွား၏။ ဇလပ်ကိုင်းများကို လက်နှင့်ဖယ်ရှားပစ်ရ၏။ တင်မေက သမင်မကလေးလို မြူးတူးဖြတ်လတ်စွာ ခုန်ပျံ့၍သွား၏။ တနေရာတွင် ခြေတဖက်ရေထဲနစ်သွား၏။
"အမယ်လေး"ဟု ငယ်သံပါအောင် အော်လိုက်သည်။
ကိုဇော်ဖေက ပြေးကာသွား၍ပွေ့ရ၏။
"ဘာဖြစ်တာလဲကွ"
"ဇော်ရယ်"ဟုဆိုကာ တင်မေက ကိုဇော်ဖေ့ကို ဖက်ထား၏။ ကိုဇော်ဖေကလည်း ပြန်ဖက်ထား၏။
"အိမ်ပြန်မယ်"ဟု တင်မေက အထူးအဆန်းဆို၏။
သည်တခါမူ ဇော်ကမပြန်ချင်။ တင်မေကမူ အမူးပြေလေပြီ။
"ဒီကောင်မလေး သိပ်ခက်တာပဲ"ဟု ဆိုကာ တင်မေ့ကို တိုး၍ ဖက်ထား၏။
"လိမ္မာစမ်းပါကွယ်"
"ဘာ လိမ္မာရမှာလဲ ပြောစမ်းပါဦး"
"မင်းကိုမင်း ကလေးလေးထင်နေသလား"
"ကလေးမဟုတ်တော့ ဘာဖြစ်သေးလဲ..."
ကိုဇော်ဖေကရယ်မောကာနေလေ၏။
သူတို့သည် သစ်ပင်အောက်မြက်ခင်းသို့လျှောက်သွားကြ၏။ တင်မေ့ စိတ်မှာမခံရပ်နိုင်အောင် ဖြစ်လာ၏။ တင်မေက စိတ်ထဲက အလိုမကျတိုင်း မြက်များကိုသာ ဆွဲနှုတ်နေလေ၏။ ကိုဇော်ဖေကမူ သူ့ကိုဖက်ထား၏။ သို့သော် တင်မေ၏ အဖက်က ပို၍ကြမ်း၏။
"ဖက်ပါဦးဇော်ရယ်"
တင်မေအစွဲကြီးစွဲခဲ့သော ဇော်၏ သင်းပျံ့ပျံ့ ရနံ့ကလေးမှာ သင်းမြ၍လာ၏။ အဝေးမှ ချောင်းရိုးတလျှောက်ဝေ့လာသော စိမ်းဆတ်ဆတ်ရနံ့များထက်လှပ၏။ ချစ်စရာလည်းကောင်းလှ၏။
ဇော်၏ပါးစပ်ကမူ "ခက်တာပဲ"ဟု ငြီးတွားနေ၏။
"ဘာခက်တာလဲ ပြောစမ်းပါဦး။ ပြောလေ ပြောလေ..."
ကိုဇော်ဖေကားဘာမှ မပြောနိုင်။ တင်မေမှာ ကိုဇော်ဖေ၏မျက်နှာနားသို့ ကပ်ကပ်လာ၏။ နောက်မျက်လုံးနှစ်လုံးထိသွားကြ၏။ တင်မေက နဲနဲမှမျက်စိကို မပိတ်လိုက်ပဲ ကြည့်နေ၏။ မြင်သမျှကို ငေးကာ ကြည့်နေလေ၏။ ကြည့်ရင်း မျက်တောင်စင်းလာ၏။ ငေးလာ၏။
တင်မေက "ဟင့်အင်း ဟင့်အင်း"နှင့် ညည်းညူနေလေ၏။
ကိုဇော်ဖေကမူ ကလေးလေးဟုအောက်မေ့ကာ မူးရစ်ရစ်နှင့် ဖက်၍ထား၏။ တင်မေက လူးလှိမ့်၍ နေလေ၏။ ကိုဇော်ဖေက ငြိမ်သက်ကာတွေးနေ၏။ ကျေးငှက်ကလေးများသည် တကျီကျီအော်မြည်ကာ သူတို့ ကိုယ်ပေါ်မှ ဖြတ်သန်းပြေးသွားကြ၏။
နောက်ဆုံး၌ တင်မေက ကိုဇော်ဖေ့ကိုတွန်းပစ်ကာ "ပြန်မယ်"ဟုပြောပြီးထွက်သွား၏။ ကိုဇော်ဖေမှာ အံ့သြကာ ကျန်ရစ်၏။ ခေါ်၍လည်းလှည့်မကြည့်။ သည်တော့မှ နောင်တရကာလိုက်၏။ မမှီတော့။ တင်မေကား အနားကပ်ပင်မခံ။ ယခင်လမ်းလျှောက်နေကြ မြက်ခင်းကလေးသို့ ရောက်လာအခါ မှီလုမှခင်ရှိလာ၏။
"ကောင်မလေးနေဦး"
ဘာမှပြန်မပြော။
"ကောင်မလေး နေဦးဟ ငါပြောပါဦးမယ်"
လှည့်၍ပင်မကြည့်။
ကိုဇော်ဖေက ပြေးလိုက်သောအခါ တင်မေက ထွက်ပြေး၏။ ဒါနှင့် မြို့ထဲဝင်လာ၍မမှီတော့။
သည်ကတဲကတင်မေနှင့် ကွဲကြတော့သည်။ တင်မေမှာ အိမ်ထဲက အိမ်ပြင်မထွက်ဘဲနေ၏။ နေနိုင်အောင်လည်းနေ၏။ ကိုဇော်မှာ အစကတော့ သည်လိုနေလိမ့်မည်ဟု မယုံကြည်ချင်ဘဲ၊ စိတ်ကောက်တာပဲဟု အောက်မေ့၏။ သို့သော် သည်ကတည်းက တယောက်နှင့်တယောက် မဆုံကြတော့ပေ။ ခါတိုင်းကဲ့သို့ပင် ကိုဇော်ဖေသည် အိမ်မှ ၄၊ ၅ ရက်ပျောက်သွားပြန်၏။ အရက်နှင့်ဟော်တယ်မယ်ကြားတွင် အိပ်ပျော်ကာနေပြီးပြန်ရောက်လာ၏။ တင်မေ့ကို အစအနပင် မတွေ့ရတော့ပေ။
နှစ်တွေ၊ နှစ်တွေကြာခဲ့ပေပြီ။
ယခုမူ တင်မေမှန်းမသိတော့ဘဲ တွေ့ရပြီ။ သူပြန်သွားပြီ။ သူပြန်သွားပြီလေ။ ဘာတတ်နိုင်သေးသလဲ။ ဟိုတုန်းက တွေ့တုန်းကလဲ ဘာမှမတတ်နိုင်။ အခုလဲ မတတ်နိုင်။ ဘာများထူးသလဲ။
သူကတော့ သူ့ဘဝ အလေ့ကျအတိုင်း ပျော်ပါးသွားပြီလေ။ အရက်ချိုမြမြကလေး မြည်းကာ အနမ်းကလေးနှင့် တို့ကစားကာ နေ၏။ တခါတလေ ပါးချင်းအပ်ကာ စကား တတွတ်တွတ်ပြော၏။ အရက်ကို အနမ်းနှင့်မြည်းလိုက်ပါသေး၏။
တညလုံး ချစ်သူနှင့် တအိပ်ယာထဲအိပ်ရ၏။ သို့သော် သူကမသိ။ ချစ်သူဟူ၍ဝေးစွ။ တညသုံးလေးဆယ် ပေးရသည့် မိန်းမတွေ ထောင်သောင်းထဲက အစက်ကလေးတစက်မျှပင် ထင်ချင်မှ ထင်မည်။ သိပ်မျှော်လင့်မနေပါနဲ့လေ။ သေချာပါတယ်။ တစက်မှမထင်ပါဘူး။
ပိုက်ဆံပစ်ပေးပြီး အခန်းထဲကမှ ဆင်းသွားသော ခြေသံများကို ကြားယောင်ယောင်ဖြစ်လာရပြန်ပါ၏။ ခြေသံတို့ကား နှစ်ကာလကိုရေတွက်နေ၏။ နှစ်တွေကုန်လွန်ခဲ့ပေပြီ။ အဖြစ်အပျက်မျိုးစုံနှင့် ကြုံတွေ့ကာ နောက်ဆုံးသည်ဘဝသို့ ရောက်လာရ၏။ သူ့ကို ဘယ်တော့မှ တွေ့ရလိမ့်မယ်ဟုလည်း မမျှော်လင့်ခဲ့။ တွေ့လည်းမတွေ့ချင်။ တွေ့မယ့်တွေ့တော့လည်း တအိပ်ယာထဲမှာ တွေ့ကြရ၏။ တွေ့ပေမယ့် အတိတ်မရှိ။ သူက ကိုယ့်ကိုမသိ၊ ကိုယ်ကသာသိကာ မချိတရီဖြစ်နေရ၏။
ပြတင်းပေါက်မှ လေကလေးသုတ်ဖြူးကာ ဝင်လာ၏။
ကိုဇော်ဖေတင်ထားခဲ့သော ငွေစက္ကူများသည် စားပွဲပေါ်မှ လွင့်ကျသွား၏။ တင်မေသည် ချက်ချင်းလိုက်ကာကောက်၏။ လေတချက် ဝှေ့တိုက်လိုက်ပြန်ရာ အနားသို့ ရောက်ခါမှ ဝေးသွားသဖြင့် တဖန်လိုက်ကောက်ရပြန်၏။ ရပြီ။
နောက်ဆုံးတော့ရပေပြီ။
ငွေစက္ကူမှာ အရက်စွန်းထားသဖြင့်လားမသိ။ ဝါကာ တွန့်နေ၏။ ယခင်က သင်းပျံ့ပျံ့ရနံ့ကလေးမှာ ထွက်လာပြန်လေသည်။
"ဇော်"ဟု ပါးစပ်က အလိုအလျောက်ထွက်လာသည်။
သင်းပျံ့ပျံ့ရနံ့ကလေးမှာ လှိုင်၍လာပြန်၏။ တင်မေအစွဲကြီးစွဲခဲ့တဲ့ ရနံ့ကလေးများ။ ရနံ့ကလေးသာလျှင် ကျန်ရစ်နေလေ၏ ။ ။
ကြည်အေး
(တာရာမဂ္ဂဇင်း၊ အတွဲ ၄ အမှတ် ၂၀)


Comments
Post a Comment