မျက်နှာပေါ်သို့
ရုတ်တရက် ဖြာကျလာသည့် မီးအလင်းရောင်ကြောင့် ခန္ဓာကိုယ်က ဆတ်ခနဲ တွန့်သွား၏။ ခပ်စူးစူးမီးရောင်ကို
လက်ဖြင့် အသာကာထားစဉ် မျက်ခုံးတို့မှာ ရှုံ့တွမိလျက်သား။
ထုံကျင်နေသည့်
ဦးခေါင်းကလည်း အချိန်ကိုက်ပင် တဆစ်ဆစ် ကိုက်ခဲလာပြန်ရာ ခပ်တိုးတိုး ညည်းမိမလို ဖြစ်သွား၏။
ကိုယ်ခန္ဓာကို ပက်လက်အနေအထားမှ ဘေးတစောင်းသို့ ပြောင်းလိုက်ရင်း မီးရောင်ကို ကျောပေးပစ်လိုက်သည်။
“ဆရာကြီး...အဆင်မှ
ပြေရဲ့လားလို့” လက်ထဲမှ ဓာတ်မီးအလင်းကို ပိတ်ပစ်လိုက်ရင်း မေးလာသည့် အဖေ့အသံက ထေ့တေ့တေ့။
အဖေ့ အသံကြောင့် မှေးစင်းစ မျက်လုံးများ ဖျတ်ခနဲ ပြန်ပွင့်သွာသော်လည်း လှဲလျက်အနေအထားမှ
ထ မရ။
“အဖေကလဲ....”
“အဖေကလဲ
လုပ်မနေနဲ့။ မင်းလုပ်ပုံကို မင်းပြန်ကြည့်ဦး။ မနေ့ည ပြန်ရောက်ကတည်းက ငါ ပြောချင်နေတာ။
မင်းကိုယ်မင်း ၂၀ ကျော်လေးများ မှတ်နေလား။ ဟမ်...။ ၃၀ ကျော်ကိုမှ ၄၀ ပြည့်ဖို့ ဘယ်လောက်မှ
လိုတော့တာ မဟုတ်ဘူး။ အရည်လေး တမြမြ မလုပ်ချင်နဲ့ကွ။ သွေးတိုးက မျိုးရိုးနဲ့ ရှိနေတာ။
ပြန်လာတော့လည်း ၁၀ နာရီကျော်နေပြီ။ခေတ်အခါက
ကောင်းတာ မဟုတ်ဘူး။ ကြည့်နေကြည့်စားတတ်ရတယ်ကွ။ မင်းကသာ ရှေ့ကနေ ငေါက်ခနဲ ထွက်သွား..။
အိမ်မှာ ကျန်ခဲ့ရတဲ့ ငါ့မှာ ဘယ်လောက်ပူရသလဲ။ စဉ်းစားကြည့်..။ သည်အချိုးမျိုးနဲ့ မင်းအမေသာရှိရင်
မလွယ်ဘူး...”
အဖေ့၏
အရုဏ်ကျင်း ဩဝါဒရှည်ကြောင့် ကျွန်တော့် မျက်လုံးများ ပြူးကျယ်သွားရသည်။ ကျွန်တော် မနေ့ညက
အိမ်ပြန်နောက်ကျ၏။ လခထုတ်သည့် ရက်သတ္တပတ်မို့ လက်အတွင်း ငွေရွှင်တတ်သူတို့ ပြုတတ်လေသည့်အတိုင်း
လုပ်ငန်းခွင်မှ ရောင်းရင်းများနှင့်အတူ (၁၉) လမ်းသို့ ထွက်ခဲ့မိခြင်းကြောင့်ပင်။
နောက်မကျလောက်ပါဟု
တွက်ဆ ထားသော်လည်း တကယ်တမ်း အိမ်ပြန်ရောက်သည့် အချိန်က ည (၁၀) နာရီခွဲ ဝန်းကျင်။
“ဒီနေ့
အလုပ်သွားရဦးမှာ မဟုတ်လား။ ခုမှ (၅) နာရီပဲ ရှိသေးတယ်။ ပြန်အိပ်ဦး...။ ငါ နိုးမယ်”
စိတ်ကျေနပ်သည်အထိ
ခရားရေလွှတ် ပြောဆိုပြီးသောအခါ အခန်းထဲမှ အဖေ ထွက်သွား၏။ ကျန်ရစ်သူ ကျွန်တော်ကတော့
မျက်စိကြောင်လျက်သားဖြင့် ဆက်အိပ်ရနိုးနိုး၊ ထထိုင်ရနိုးနိုးနှင့်။ အိပ်ရာထက်တွင် ဘယ်မှ
ညာသို့ အကြိမ်ပေါင်းမည်မျှ လူးလှိမ့်နေမိသည်ကို သတိမထားမိလိုက်ခင်မှာပင် ပဲပြုတ်သည်၏
အသံကို ပီပီသသ ကြားလိုက်ရ၏။ အမှောင်ဖျော့၍ အလင်းဖြန့်စပြုပြီ။ မနေ့ညက အရှိန်ကြောင့်
လူက လန်းလန်းဆန်းဆန်း မရှိရသည့်အထဲ ရာသီဥတုက အုံ့ဆိုင်းနေပြန်သည်။ ရှောင်တခင် ခွင့်ယူ၍
အိမ်မှာပင် နှပ်ပစ်လိုက်ရ ကောင်းမည်လား။ သို့သော် တစ်နေ့ကုန်သည်အထိ အဖေ၏ လက်ချာရှည်စာ
မိနိုင်သည်ကို တွတ်ဆလိုက်မိသဖြင့် အလုပ်ပြေးမည့် စိတ်ကူးကို အကောင်အထည် မဖော်ဖြစ်တော့။
နားထင်ကို ခပ်ဆဆ နှိပ်ထားရင်း အိပ်ရာမှ လူးလဲထကာ အလုပ်သွားရန် ကျွန်တော် ပြင်ဆင်လိုက်၏။
“အဖေ...
ဒီမှာ ချိတ်ထားတဲ့ ချာလီထီးရော...”
တံစက်မြိတ်အောက်မှ
ဝါးလုံးတန်းကို လက်ညှိုးထိုးရင်း ကျွန်တော် မေးလိုက်သည်။ သို့သော် အဖေ ချက်ခြင်း အဖြေမပေး။
လက်ညှိုးညွှန်ရာသို့ မျက်ခုံးတွန့်များဖြင့် စိုက်ကြည့်ရင်း စဉ်းစားခန်း ဖွင့်နေသည်မှာ
ပေါက်ကွဲတော့မည့် ဗုံးတစ်လုံးကို ချိန်ချိန်ဆဆ ကိုင်တွယ်နေသော စစ်သည်တော် တစ်ဦးအလား။
ပင့်သက်တစ်ချက် ဖြေးလေးစွာ ကြိုက်ပြီးလျှင် အဖြေပေးရန်အတွက် အဖေ အဆင်သင့် ဖြစ်သွားပြီ။
“နှစ်အိမ်ကျော်က
ဟို ကျောင်းဆရာမ ဟောင်းကြီးလေ။ နာမည်က ဘာ...။ အင်း.. ထားလိုက်ပါတော့။ သူ့မြေးမလေးကွာ။
တစ်နေ့က မိုးတောထဲ ထီးမပါဘဲ လမ်းထိပ်မှာ ဈေးဝယ်သွားတာတွေ့တာနဲ့ ငါ ပေးလိုက်တာ”
“ငှားလိုက်တာလား...”
ဘောက်ဆတ်ဆတ်
မေးဆဲ “အပြီးပေးလိုက်တာ” ဟူသော အဖေ့ စကားကြောင့် ကျွန်တော် ဆွံ့အသွားရသည်။ ထို ချာလီထီးက
မိခင်များနေ့တွင် အမှတ်တရ ဖြစ်ပါစေတော့ဟု ရည်စူးလျက် ကျွန်တော် ကိုယ်တိုင် အမေ့အား
လက်ဆောင်ပေးခဲ့သော ထီးကလေး။ အမေ့ တစ်လက်ကိုင် ထီးကလေးမို့ လက်ကိုင်ဆီမှ ဆေးသားတို့
အနည်းငယ် ပွန်းပျက်နေသည်မှအပ တောင့်တင်းခိုင်ခံ့ဆဲ။ ထွက်ခွာနှင့်သူ အမေ့အမှတ်တရအဖြစ်
သိမ်းဆည်းထားလိုသော ကျွန်တော့် ဆန္ဒမှာ အဖေ၏ လက်လွယ်မှုကြောင့် ပျက်သုဉ်းရလေပြီ။ စိတ်ပျက်
အားလျော့ခြင်းဖြင့် လူက ငိုချင်လာသလိုလို။
ယတိပြတ်ပေးပြီးသော
ထီးကို ပြန်လည် တောင်းယူရန်ဆိုသည်ကလည်း သင့်တော်သည့် ကိစ္စမဟုတ်။ အဖေနှင့်တော့ ခက်ပါသည်။
ထိုသို့လျှင် စေတနာကောင်းလျက် လက်လွတ်စပယ် လုပ်တတ်လေသော အဖေ့ စရိုက်ကြောင့် ကျွန်တော်နှင့်အဖေတို့
မကြာခဏ ပြဿနာဖြစ်ရသည်။ အမေ ရှိစဉ်တုန်းကလည်း လင်မယားတို့ တကျက်ကျက် ရန်ဖြစ်ခဲ့ရမြဲ။
အစိုးရဝန်ထမ်းဖြစ်သည့်
အဖေ့တွင် တပည့်တပန်းများစွာ ရှိ၏။ အောက်ခြေ ဝန်ထမ်းအများစုသည် ရာထူးကြီးသော်လည်း စရိုက်မှန်သည့်
အဖေ့အား အခြား အရာရှိများထက် ပို၍ အားကိုး ခင်တွယ်ကြသည်။
ပွင့်ပွင့်လင်းလင်း
တောင်းဆို ရင်ဖွင့်ရဲကြ၏။ တပည့် အတော်များများက မပြည့်စုံကြသူများမို့ ပုဏ္ဏားတိုင်
အဖေ့ခမျာ မကြာခဏ ဆိုသလို အကူအညီ ပေးရတတ်လေ့ရှိသည်။ သူတို့၏ သာရေးနာရေး ကိစ္စများအတွက်
လိုအပ်သော ငွေကြေးမှသည် လင်မယားတို့ အကြားမှ လူမှုရေး ပြသနာများအထိ အဖေ ဝင်ပါရတတ်မြဲ။
အထူးသဖြင့် ထမင်းချိုင့် ကိစ္စ။ တစ်ကိုယ်စာ မဟုတ်ဘဲ မပြေလည်သော တပည့်တပန်းများကို ကျွေးမွေးချင်ဇောနှင့်
ဟင်းပို ထည့်ခိုင်းလေ့ရှိသဖြင့် အမေနှင့် အမြဲလိုလို စကားများရလေ့ရှိ၏။
“ရှင့်ဟာက
မလွန်လွန်းဘူးလား ကိုကျော်ရယ်။ တစ်ခါတလေဆိုရင် ကျွန်မ မပြောပါဘူး။ ခုဟာက အမြဲလိုလို
ဟင်းပိုထည့်ပေးနေရတာ။ ကျွန်မကလည်း ချင့်ချိန်ရသေးတယ်ရှင့်။ ဥစ္စာဖြို စားဖိုကတဲ့ရှင်ရဲ့။
ဝေသန္တရာလက်သစ် ရှင့်ကို ဒေဝီအဖြစ်နဲ့တော့ ဟောဒီဟာမက ပါရမီ အမြဲ ဖြည့်မပေးနိုင်ဘူးနော်”
စာသံပေသံဖြင့်
အမေ စကားနာထိုးသည့် အခါများတွင် အဖေ အပြုံးမပျက်။ ထို့အတူ အဖေ့ထမင်းချိုင့်ကလည်း ဟင်းပိုလျှော့မသွားတတ်။
အမေ
မရှိတော့သည့် နောက်ပိုင်းမှပင် အဖေ၏ ချိုင့်ဆွဲဇာတ်လမ်းမှာ တစ်ခန်းရပ်သွားခဲ့လေသည်။
မတူညီသောပုံစံဖြင့်
အမေ့နေရာကို ဆက်ခံရသူက ကျွန်တော် ဖြစ်လာခဲ့သည်။ အသုံးမပြုဖြစ်သည့် ပစ္စည်းများကို
“နောင်တစ်ချိန်တွင် အသုံးတည့်နိုင်သည်” ဆိုသော အတွေးဖြင့် သိမ်းထားတတ်လေ့ရှိသော
ကျွန်တော့် အကျင့်ကို အဖေ မျက်စိစပါးမွှေးစူး၏။
“လက်ထဲ
အရှုပ်ခံသိမ်းထားပြီး ဘာလုပ်မှာလဲ။ အဲဒီအစား အသုံးတည့်သူကို ပေးလိုက်တာကမှ ကုသိုလ်ရအုံးမယ်”
မျက်စောင်းခဲကာ
အဖေ ပြောလေ့ရှိသော်လည်း ကျွန်တော်ကတော့ တုဏှိဘာဝ။ အခုလည်း ချာလီထီးကို အကြောင်းပြုလျက်
သားအဖ နှစ်ယောက် စကားများရပြန်ပြီ။
“မင်း
ခေါက်ထီးကရော...”
“တစ်နေ့ကပဲ
ကိုင်းတစ်ကိုင်းကျိုးသွားလို့ အဖေရဲ့။ ပြင်မယ်ဆိုပြီး မပြင်ဖြစ်သေးတာ”
ဗလုံးဗထွေး
ပြောပြီး ထွက်ခဲ့သည့်အခါ “ကော်ဖီသောက်သွားဦးလေကွာ” ဆိုသော အဖေ့အသံက အနောက်တွင်
ကျန်ခဲ့ပြီ။ အလုပ်သို့ ရောက်ခါမှပဲ မနက်စာအတွက် တစ်ခုခု ဝယ်၍ စားရပေတော့မည်။
“မင်းညီ...
မင်းမှာထားတဲ့ မြဝတီဘက်က ပဲငံပြာရည်ပုံးတွေတော့ မနေ့ညကပဲ ဂိုဒေါင်ကို ရောက်တယ်။ ပုံးတချို့က
မိုးစိုပြီး ပါကင် ပျက်သွားလို့တဲ့။ အဲဒါ သေချာ ပြန်စစ်လိုက်ဦး”
မန်နေဂျာ၏
စကားကြောင့် ထိုင်းမှိုင်းနေသည့် စိတ်မှာ ပို၍ ညစ်ညူးသွားရသည်။ အိမ်ကအထွက် အဖေနှင့်
မပြေလည်ခဲ့၍လား မသိ။ အလုပ်လုပ်ရသည်က လမိုင်းမကပ်လှ။ အခုလည်း ပြဿနာတစ်ခုက ပေါ်လာပြန်သည်။
ပစ္စည်းများက ဝယ်သူလက်သို့ ပြန်လည် ပေးပို့ရမည့် စားသောက်ကုန်များ။ ထို့ကြောင့် ပါကင်ပျက်၍မရ။
ထိုကိစ္စကို တာဝန်ယူရန်အတွက် မြဝတီမှ ရန်ကုန်သို့ သယ်ဆောင်လာပေးသည့် အေးဂျင့်နှင့်
အကြိတ်အနယ် ဆွေးနွေးလိုက်ရ၏။ ထို့နောက် သီလဝါဆိပ်ကမ်းတွင် သောင်တင်နေသည့် ပစ္စည်းများအတွက်
ဌာနဆိုင်ရာ အကြီးအကဲများနှင့် ညှိုနှိုင်းရသည့် အစည်းအဝေးသို့ မန်နေဂျာနှင့်အတူ ကျွန်တော်
တက်ရောက်ရပြန်သည်။ ဝမ်းဗိုက်ဆီက မြည်သံစွဲ၍ အချက်ပြသည့်အခါ မွန်းလွဲနေပြီ။ နေ့လယ်စာကို
တက်သုတ်ရိုက် စားသောက်ပြီး နောက်လထဲ ဝင်စရာရှိသည့် ပစ္စည်းများအတွက် စာရင်းအင်းဌာနနှင့်
အရောင်းဌာနတို့က လုပ်ဖော်ကိုင်ဖက်များနှင့် အချေအတင် ဆက်လက် ဆွေးနွေးရပြန်၏။
ကိစ္စများအားလုံး
လက်စသပ်ပြီးသောအခါ အမှောင်ထုက ပတ်ဝန်းကျင်ကို ဝါးမြိုစ ပြုနေပြီ။
“မနက်ဖြန်မှပဲ
ဆက်ပြောကြတာပေါ့။ နောက်တစ်ပတ်ထဲ စင်ကာပူကို ပစ္စည်းအမှာတင်နိုင်ဖို့ အရေးကြီးတယ်။ လုပ်ကို
လုပ်နိုင်ရမယ်ကွာ...။ ဖိုက်တင်း... ငါ့ကောင်တွေ”
ကားဂိတ်ဆီသို့
လျှောက်ခဲ့ရင်း အစည်းအဝေး ခန်းမအတွင်းက မန်နေဂျာ၏ စကားကို ပြန်ကြားယောင်မိသောအခါ ကျွန်တော်
ပြုံးမိသည်။ ပြောသည့်အတိုင်း လွယ်ကူနေလျှင် အဘယ်မျှ ကောင်းလိမ့်မည်နည်း။ အမှောင်နုနုအောက်တွင်
အထီးတည်း ရှိနေသော ဘတ်စ်ကားဂိတ်သို့ ရောက်တော့ ခရီးသည်များက ကျိုးတိုးကျဲတဲ။
ဘတ်စ်ကားကလည်း
အဆက်ကျဲစ ပြုနေပြီ။ ရုတ်တရက် မိုးပေါက်လေးများ ကျဆင်းလာစဉ် ဘတ်စ်ကားတစ်စီးက ဒုံးပျံ၏
လျင်မြန်မှုမျိုးဖြင့် ကားဂိတ်ဆီသို့ အချိန်ကိုက် ပြေးဝင်လာလေသည်။ ကားဂိတ် အမိုးအောက်က
ကျွန်တော်နှင့် ဘဝတူအချို့ လှုပ်လှုပ်ရွရွ ဖြစ်သွား၏။ ကျွန်တော် တုံ့ဆိုင်းမနေတော့။
ခရီးသည်များဖြင့် ကျပ်ညပ်နေပြီးသော ဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်လိုက်၏။ ဘတ်စ်ကားပေါ်က
လှမ်းကြည့်လျှင် လူသူကင်းမဲ့နေပြီဖြစ်သော အင်းလျားကန်ဘောင်သည် မိုးစက်မှုန်တို့ အောက်တွင်
ရုပ်ငြိမ်ပြကွက်လို ရွှဲစိုစိမ်းလွင့်လျက်။ ညမီးတိုင်များရှိ မီးအုပ်ဆောင်း၏ အလင်းအောက်တွင်
ရေမှုန်မွှားလေးများသည်လည်း လေအဝင့်ကြောင့် ဖွားခနဲ လွင့်စင်လျက်။ မြင်နေရသည့် မြင်ကွင်းက
ကြည်နူးစရာ။ သို့သော် ခါးပိုက်နှိုက်၏ ရန်ကို သတိရလိုက်သဖြင့် ကြည်နူးရိပ် မြင်ကွင်းကို
အချိန်ကြာကြာ မငေးဖြစ်လိုက်။ ကျောပိုးအိတ်ကို ရင်ဘတ်အတွင်းထည့်ကာ ခပ်တင်းတင်း ကိုင်ထားရင်း
အဆင်းအတက် ပြုသူတို့၏ အတိုးအဝှေ့ကို ရှောင်ကွင်းနေလိုက်၏။ ဆင်းရမည့် မှတ်တိုင်သို့ရောက်လျှင်
ကျွန်တော် သွက်လက်စွာပင် ဆင်းခဲ့၏။ ထို့နောက် ခေါက်ထီးကို ခပ်ဆဆ ဆွဲဖွင့်လိုက်ရာ “ဂလက်” ဟူသော
အသံနှင့်အတူ ကိုင်းကျိုးနေသည့် ဘက်က ကွေးလျက် ပွင့်သွားလေ၏။ တစ်ဖက်ပြန့် တစ်ပိုင်းကွေးနေသည့်
ခေါက်ထီးကို သတိဖြင့် ကိုင်ကာ ကျွန်တော် လျှောက်ခဲ့လိုက်၏။ မိုးက ဖြေဖြေးနှင့် မှန်မှန်သာ
ရွာချနေခြင်း ဖြစ်သော်လည်း ရပ်ကွက်၏ ကွန်ကရစ် လမ်းလေးသည် ရေထုအောက်တွင် ပြားပြားဝပ်နေပြီ။
ငယ်ပေါင်းကြီးဖော် လမ်းပေါ် ရဲရဲပင် လျှောက်ရင်း “လေ”ပင့်တိုက်လိုက်သည့်
အခါတိုင်း လန်တက်ချင်နေသော မလုံ့တလုံ ခေါက်ထီးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရသည်။
ဦးတိတ်စိန်၏
လက်ဖက်ရည်ဆိုင်ရှေ့အဖြတ် ဝေ့ခနဲ ရလိုက်သော အုန်းနို့ဆန်ပြုတ် အနံ့ကြောင့် အဖေ့ကို သတိရသွား၏။
အုန်းနို့ဆန်ပြုတ်ပူပူက အဖေ့အသည်းစွဲ။ အသက်ရလာသည့် သည်နောက်ပိုင်းမှ သွေးတိုးမည်ကို
စိုးသောကြောင့် မသောက်ဖြစ်တော့ခြင်း ဖြစ်သည်။
တစ်ပွဲဝယ်၍
သားအဖ(၂)ယောက် ခွဲသောက်ရလျှင် အနေတော်ပင်။
“ဦး....အုန်းနို့ဆန်ပြုတ်တစ်ပွဲ
ပါဆယ်ထည့်ပေးပါ”
“အုန်းနို့ဆန်ပြုတ်
တစ်ပွဲ ပါဆယ်ပေးဟေ့... အေး..မင်းလာတာနဲ့ အတော်ပဲ မင်းညီရေ။ မင်း အဖေဆီက ငှားထားတဲ့
စာအုပ် တစ်ခါတည်း ပြန်ထည့်ပေးလိုက်မယ်။ မျက်လုံးတွေကလည်း အရင်လို မကောင်းတော့ ခပ်ဖြည်းဖြည်းပဲ
ဖတ်နိုင်တော့တယ် ငါ့ကောင်ရေ”
အော်ဒါမှာပေးပြီးသော
ဦးတိတ်စိန်က ကောင်တာနောက်ဆီမှ အခန်းလေးထဲသို့ ဝင်သွား၏။ ဦးတိတ်စိန်သည် အဖေ့၏ ဓမ္မရေးရာ
ဆွေးနွေးဖက်ဖြစ်သလို စာပေရေးရာနှင့် ပတ်သတ်၍လည်း ငြင်းဖော်ငြင်းဖက်။ သူတို့ နှစ်ဦးဆုံလျှင်
လက်ပံပင် ဆက်ရက်ကျသည်ကမှ တော်သေးသည်ဟု ဆိုရမည်။
“ရော့...မင်းညီရေ”
လက်ထဲသို့
ရောက်လာသည့် ဒဂုန်ခင်ခင်လေး၏ “နှစ်ပေါင်း (၆၀)” ဆိုသော စာအုပ်ကို ကျွန်တော် မမှိတ်မသုန်
စိုက်ကြည့်နေမိသည်။ အဟောင်းစာအုပ် ရောင်းသည့် ပုဂ္ဂိုလ်များထံမှ ကျွန်တော် ကိုယ်တိုင်
ခဲရာခဲဆစ် ရှာဖွေ ဝယ်ယူထားရသောစာအုပ်။ ပကြိမ်ထုတ်ပင် ဖြစ်သော်လည်း ကျကျနန သိမ်းထားလျက်
သေသေသပ်သပ် ကိုင်တွယ်သူလက်မှ ရရှိခဲ့သည့် စာအုပ်။ အသစ်နီးပါးအတိုင်း ရရှိခဲ့သည့် ထိုစာအုပ်မှာ
ဦးတိတ်စိန်၏ လက်အတွင်း အနှောင့်များ ပြုတ်လျက် စာရွက်များက ကော့လန်နေသည်။
ပင်ကို
အသွေးအမွေးဖြင့် ကြည့်ကောင်းခဲ့သည့် စာအုပ်အဖုံးပေါ်တွင်လည်း ဆီစိုကွက်ကြီး တစ်ကွက်က
စွန်းပေလျက်။ နှုတ်ခမ်းများကို တင်းတင်းစေ့ထားခြင်းဖြင့် ကျွန်တော် ဣန္ဒြေဆည်နေလိုက်ရ၏။
“ဟုတ်...ဦး။
ဟို..အင်း..ကျွန်တော် ဆန်ပြုတ် မယူတော့ဘူးနော်”
ကျွန်တော့်
အပြောကြောင့် ဦးတိတ်စိန်ခမျာ ကြောင်အမ်းအမ်း ဖြစ်သွားရှာ၏။ ရိုင်းပျနေမည်လား ကျွန်တော်
မချင့်ချိန်ဖြစ်တော့။ စာအုပ်ကို ကျောပိုးအိတ် အတွင်းသို့ ဆောင့်ထည့်ပစ်မိ၏။ ထို့နောက်
ဦးတိတ်စိန်ရှေ့မှ ကျွန်တော် ချာခနဲ လှည့်ထွက်ခဲ့သည်။ ဆိုင်ထဲမှ ထွက်ခဲ့သော ကျွန်တော့်
ခြေလှမ်းတို့မှာ ဒေါသရှိန်ဖြင့် သွက်နေ၏။ အံကို ခပ်တင်းတင်း ကြိတ်ထားမိသဖြင့် မေးရိုးများပင်
ထုံကျင်လာလိုလို။ စည်းချက် မမှန်တော့သည့် အသက်ရှုသံကိုပင် ပြန်လည် ကြားနေရလေသည်။
“ဟာ..ပြန်ရောက်ပြီလား။
ငါလည်း အခုပဲ မျက်စောင်းထိုးအိမ် ဦးလှဦးဆီက ပြန်လာတာ။ သူ့ခမျာ အစာတောင် သိပ်မြိုချလို့
မရတော့ဘူးကွာ။ လည်ချောင်း ကင်ဆာ ဆိုတော့လဲ...”
တံစက်မြိတ်အောက်၌
မိုးကာအင်္ကျီကို ချွတ်နေသည့် အဖေက ဝင်းတံခါးနားမှ ကျွန်တော့်အား လှမ်းပြောနေသည်။ မမေးပါဘဲနှင့်
အချက်အလက်ဖြင့် ဇာတ်စုံ ခင်းပြနေသည့် အဖေ့အသံက ကျွန်တော်နှင့် နီးတစ်ခါ ဝေးတစ်လှည့်။
အဖေ့အား ကျွန်တော် စကားမပြန်ဖြစ်။ ပွင့်ကျသွားသည့် ဝင်းတံခါးကိုသာ ပြန်ဆွဲပိတ်ရင်း
စာအုပ်ကိစ္စကို အဘယ်သို့ အစဆွဲထုတ်ရပါမည်နည်းဟု တွေးနေမိသည်။ နှစ်ချပ်တေ့၍ အကျအန စေ့ပိတ်နေကျ
ဝင်းတံခါးရွက်များက သည်နေ့မှပင် လေးလံနေသယောင်ယောင်။
“အဖေ...ဒီမှာ
အဖေ ဦးတိတ်စိန်ကြီးကို ငှားလိုက်တဲ့ သားရဲ့ စာအုပ်။ ဖြစ်လာတဲ့ ပုံကိုလည်း ကြည့်ပါအုံး။
ငှားလိုက်တဲ့ လူကလည်း လက်လွတ်စပယ်.. ငှားတဲ့ သူကလည်း လပေါ်သရေနဲ့။ စိတ်ပျက်တယ်....”
ဧည့်ခန်းထဲသို့
ရောက်သည်နှင့် အဖေ့အား ကျွန်တော် ရန်လိုစကား ဆိုမိတော့သည်။ ငိုမဲ့မဲ့ဖြင့် တုန်ယင်နေသည့်
ကျွန်တော့်အား အဖေသည် အပမှီခံနေရသူတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ဆွံ့အငေးမောလျက်။
“အေးကွာ...အတော်ဆိုးတဲ့လူ..”
“အဖေ
နောက်ဆို သားကို မပြောဘဲ သားရဲ့ ဘယ်ပစ္စည်းတွေကိုမှ လာမထိနဲ့။ အဖေ့ ပစ္စည်းတွေလည်း
သား မကိုင်ဘူး။ သားပစ္စည်း တွေနဲ့ အဖေ ကင်းကင်းနေ။ ဒါပဲ...”
စကားလုံး၏
ထိချက်က မည်မျှ ပြင်းထန် သွားသည် မသိ။ ကျွန်တော်နှင့်အဖေတို့ အကြား ခေတ္တမျှ တိတ်ဆိတ်သွား၏။
စက္ကန့်အနည်းငယ်ကြာပြီးမှ “အေးပါ.. သားရယ်” ဟု ခပ်လေးလေး ပြောလာသည့် အဖေ့မျက်နှာမှာ
ဆုပ်ချေခံလိုက်ရသော ပွင့်ချပ် တစ်ရွက်ကဲ့သို့ နွမ်းရိလျက်။
ပြောချင်သည့်စကားများ
ပြောခွင့်ရလိုက်သဖြင့် ကျွန်တော့် ရင်ဘတ်အတွင်းမှ အစိုင်အခဲတို့ ပေါ့သွားရသလိုလို။
သို့သော် ထိုညက ကျွန်တော် တော်တော်နှင့် အိပ်၍မပျော်။
အဖေ့ကို
မတော်တရော် ပြောဆိုခဲ့မိသည့် အတွက်လား၊ စာအုပ်ကို နှမြော၍ပဲလား။ ကျွန်တော် သေချာမသိ။
ညလယ်ရောက်၍ အပေါ့သွားချင်သဖြင့် အိမ်သာဆီသို့အသွား၊ အဖေ့အခန်းမှ မီးများ လင်းဖြာနေဆဲ
ဖြစ်သည်ကို ကျွန်တော် တွေ့ ရလေသည်။ အဖေလည်း အိပ်မရဘူးထင်သည်။ သည်လိုဆိုတော့လည်း ကျွန်တော်
စိတ်မကောင်း။ ကျွန်တော့် အပြောဆိုးများအတွက် မနက်ကျမှ အခြေအနေကို ကြည့်၍ အဖေ့အား တောင်းပန်
ချော့မော့ရပေမည်။ အတွေးတို့ဖြင့် လူးလှိမ့်ရင်း အာရုဏ်တက်ခါနီးမှ ကျွန်တော် မှေးခနဲ
အိပ်ပျော်သွား၏။
အိမ်ရှေ့မှ
ဖြတ်မောင်းသွားသည့် ထော်လာဂျီသံ စူးစူးကြောင့် ကျွန်တော် လန့်နိုးသွား၏။ အသံဆိုး၏ ပိုင်ရှင်ကို
အသံတိုးတိုး ထွက်ကျသည် အထိ ကျွန်တော် ကျိန်ဆဲမိသည်။ ထို့နောက် ပြတင်းတံခါးကို ဖွင့်မိလျှင်
အားကောင်းစပြုပြီ ဖြစ်သည့် နေပူရှိန်က ကျွန်တော်၏ မျက်လုံးများထဲ ဖြာခနဲ။
“အေး....သေပြီဟ”
အလုပ်နောက်ကျနေပြီ
ဆိုသော အသိဖြင့် ကျွန်တော် ဆောက်တည်ရာမဲ့ တုန်လှုပ် သွားရသည်။ မန်နေဂျာ၏ ရှုတည်တည်
မျက်နှာထားကို မြင်ယောင်ရင်း ဇောချွေးတို့လည်း ပြန်သွား၏။ အလုပ်နောက်ကျမည်ကို စိုး၍
လာရောက် နှိုးတတ်လေသည့် အဖေကလည်း သည်မနက်မှ ရောက်မလာခဲ့။ အဖေ့အပေါ်တွင် အကင်းသေစပြုသည့်
ကျွန်တော့် မကျေနပ်ချက်က တစ်ဖန် အသစ်ဖြစ်ရပြန်သည်။
စာအုပ်ကိစ္စအတွက်
ကျွန်တော် တင်းခံပစ်မည်။ အဖေနှင့် တော်ရုံ မျက်နှာချင်းမဆိုင်ဖြစ်ရန်လည်း ကျွန်တော်
ရှောင်ပစ်ဦးမည်။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ခပ်သွက်သွက်လုပ်ရင်း ကိုယ်ပိုင် အတွေးများဖြင့်
မောင်းတင်ထားလိုက်၏။
“သား...မင်း
ညနေပြန်လာရင် သွေးကျဆေး ဝယ်လာခဲ့ပေးပါလား။”
အဖေ့
အသံက ခပ်တိုးတိုး။ ကျွန်တော် ကြည့်လိုက်တော့ အဖေ၏ နွမ်းလျနေသော မျက်နှာသည် ပြည့်အစ်
ရဲတွတ်လျက်။ ဧည့်ခန်းကို ကပျာကသီ ဖြတ်ကျော်လျက် ခြံပြင်သို့ အဟုန်ဖြင့် ပြေးထွက်တော့မည့်
ခြေလှမ်းများက မီးဖိုခန်းဆီသို့ လှည့်ရပြန်၏။
“သံပုရာရည်
ဖျော်ပေးခဲ့တယ် အဖေ။ မတည့်တာတွေလည်း စားမနေနဲ့ဦး”
အသံပြတ်ဖြင့်
ပြောဆိုပြီး အဖေ့ရှေ့မှ ကျွန်တော် ထွက်လာခဲ့လိုက်သည်။ အဖေသည် ဧည့်ခန်းအတွင်းရှိ စက်တီခုံပေါ်တွင်ထိုင်လျက်က
မအီမသာ မျက်နှာပေးနှင့် ကျန်ရစ်ခဲ့၏။ ဘာကြောင့်ရယ် မသိပါဘဲ အလုပ်ထဲ ကျွန်တော် အာရုံဝင်စား၍
မရ။ ဂိုဒေါင်အတွင်း ပစ္စည်းစာရင်း စစ်နေသည့် ကျွန်တော့်မှာ အလွဲလွဲ အချော်ချော်။ ပစ္စည်းအဝင်စာရင်းနှင့်
အထွက်စာရင်းများ မှတ်သားသည့် စာရွက်ပေါ်တွင် correction pen နှင့် ဖျက်ရာများ ဖွေးနေ၏။
အမှားမရှိရန်
အာရုံ စူးစိုက်နေရသော ကျွန်တော့်မှာ ကုန်သည်များဆီမှ နမူနာအဖြစ် ရရှိထားသည့် ဝိုင်ပုလင်းများ
သိုလှောင်ထားရှိရာ အခန်းထဲသို့ ရောက်ကာမှ မျက်လုံးများ ပြာဝေသွားရတော့သည်။
သတိထားနေသည့်
ကြားမှ ဝိုင်ပုလင်းများ စီထပ်ထားသည့် စင်ကို တံတောင်ဖြင့် ပွတ်တိုက်မိရာ အစွန်ဘက်ဆုံးရှိ
ဝိုင်ပုလင်းက ကြမ်းပြင်နှင့် မိတ်ဖွဲ့ သွားရလေသည်။ ဖွေးဖြူနေသည့် ကြမ်းခင်းပေါ်တွင်
ချင်းချင်းနီနေသည့် ဝိုင်ကွက်များကို ကျွန်တော် ငေးကြည့်ရင်း တွေဝေဆဲ အနီးရှိ ဂိုဒေါင်စောင့်
ကလေးက သုတ်သင်ရှင်းလင်းပေးတော့မှ သတိပြန်ဝင်လာခဲ့သည်။ မတော်တဆ ဖြစ်စဉ်အတွက် မန်နေဂျာဆီသို့
ခပ်ရွံ့ရွံ့ပင် သတင်းပို့ရလေသည်။ မန်နေဂျာနှင့် ဖုန်းပြောသည့်အခိုက် ဝိုင်ပုလင်း၏ တန်ဖိုးကို
မှန်းဆရင်း ကျွန်တော် မောဟိုက်နေမိသည်။
“Sample
တွေ မဟုတ်လား။ ငါ ကြည့် လုပ်လိုက်မယ်။ ဂရုစိုက်ဦး မင်းညီရေ”
မန်နေဂျာ၏
ဖြေသိမ့်စကား ကြားတော့မှ သက်ပြင်းချနိုင်တော့သည်။ သို့ရာတွင် နောက်ကျိနေသည့် စိတ်အလျဉ်က
သုန်မှုန်နေဆဲ။ အိမ်ပြန်လမ်းတစ်လျှောက် အလုပ်မှ အလွဲကို ထပ်ခါတလဲလဲ တွေးတောရင်း လူက
ငိုင်တွေလျက်။
အဖေ့အတွက်
သွေးကျဆေးကို မေ့နေခဲ့၍ လမ်းထိပ်သို့ ရောက်ပြီးကာမှ ဆေးဆိုင်သို့ ပြန်လှည့်ဝယ်ရပြန်သည်။
ညနေဘက်တွင်
ရွာချတတ်လေ့ရှိသော မိုးကလည်း သည်နေ့မှ ထူးထူးဆန်းဆန်းပင် ကင်းရှင်းနေ၏။ သို့သော် ကောင်းကင်
မျက်နှာကြက်ကတော့ ညို့မှိုင်းလျက်။ တသုန်သုန် တိုက်ခတ်နေသည့် လေပြေအတွင်း ရွက်ခြောက်များက
လွင့်လူးလျက်။ လမ်းထဲသို့ ဝင်ခဲ့သော ကျွန်တော့် ခြေလှမ်းတို့မှာ နှေးတိလေးကန်လျက်။
“အို..
ဘုရားသခင်”
ရုတ်တရက်
တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ကျွန်တော် မိုက်ခနဲ ဖြစ်သွားရသည်။ လူနာတင်ယာဉ်တစ်စီး၏
ဦးခေါင်းပိုင်းသည် ကျွန်တော်တို့၏ ခြံအတွင်းမှ လျှံထွက်လျက်။ အဖေ...။ မနက်က အိမ်မှ
ထွက်လာခဲ့စဉ်က တွေ့ခဲ့ရသည့် အဖေ့ ပုံရိပ်ကို မှန်းဆရင်း ကျွန်တော့်ရင်ဘတ်တစ်ခုလုံး
လှုပ်ခါသွားရသည်။ အဖေ့အတွက် စိုးရိမ်စိတ်များ ဖိတ်စဉ်လျှံကျရင်း နေအိမ်ဆီသို့ လှမ်းနေမိသည့်
ခြေလှမ်းတို့မှာ ယိုင်လဲလုနီးပါး။
“အဖေ”
ခြံဝမှ
လူနာတင်ယာဉ်ကို ဖြတ်ကျော်ကာ အဖေ့ကို အော်ခေါ်ရင်း အိမ်ထဲသို့ ပြေးဝင်လာခဲ့သော ကျွန်တော့်
ပုံစံမှာ စိတ်လွတ်သွားသူ တစ်ဦးအလား။
“အဖေရေ..အဖေ..."
စိုးရိမ်စိတ်ဖြင့်
တုန်ရီနေသော ကျွန်တော့် အသံမှာ မည်သူမှ ရှိမနေသည့် ဧည့်ခန်းအတွင်း ဟိန်းထွက်လျက်။
“ဟေ.....သား..
ဘာဖြစ်တာလဲ။ ဘာ.. ဘာ ဖြစ်လာလို့လဲ”
ကျွန်တော်၏
အသံကြောင့် အိမ်အနောက်ဘက်မှ ပြေးထွက်လာသည့် အဖေက ပုဆိုးခါးပုံစကို တင်းတင်း ဆုပ်ကိုင်ရင်း
စိုးရိမ်ထိတ်လန့်နေသော မျက်နှာပေးနှင့်။ အဖေ့ကို တွေ့လိုက်ရသည့်အခါမှ ရင်ဘတ်ထဲ တစ်ဆို့နေသော
ခံစားချက်က အနည်းငယ် ပါးလျသွားရသလိုလို။ အဖေ့ကို ယောင်နနဖြင့် ကြည့်နေရင်းမှ လူနာတင်ကားဆီသို့
လက်ညှိုးထိုးပြရင်း ကတုန်ကယင်ဖြင့် ကျွန်တော် မေးခွန်းထုတ်မိ၏။
“ဟို..
ဟိုမှာ..လူနာတင်ကားကြီးက ဘယ်..ဘယ်လိုဖြစ်ပြီး....,,
“ဪ....မင်းကလဲ...
ဘာများဖြစ်လာတာလဲ လို့.. အထိတ်တလန့်နဲ့ကွာ။ အဲဒါက...ဟိုလေ... နေ့လယ်တုန်းက ဦးလှဦး အသဲအသန်
ဖြစ်တာနဲ့ ဆေးခန်း လိုက်ပို့ထားတာကွာ။ ခုတော့ သူလည်း အိမ်ပြန်ရောက်နေပါပြီ။ ဒါပေမဲ့
အခြေအနေကို ကြည့်လုပ်ကြရအောင် ဆိုပြီး ကားက မပြန်သေးတာ။ လမ်းပေါ် ရပ်ထားရင်ကျ လမ်းပိတ်နေမှာ
စိုးတာနဲ့ ငါ အိမ်ထဲ ဝင်ထိုးခိုင်းထားလိုက်တာ”
ရှည်လျားစွာ
ရှင်းပြလိုက်ရ၍ထင်။ အဖေ့အသံက လိုဏ်သံပါနေ၏။ အဖေ့ ရှင်းလင်းချက် ဆုံးတော့မှ ကျွန်တော်
အရှက်ပြေ ဆိုရသည်။
“ဪ...အဖေကလဲ
မသိပါဘူး။ သားက အဖေများ တစ်ခုခု ဖြစ်လို့များလားလို့...အဟီး....”
“အေး..ဖြစ်တာတော့
ဖြစ်တယ်။ ဒါပေမဲ့ လူနာတင်ကား စီးရလောက်အောင်တော့ မဟုတ်ပါဘူးကွာ။ မနက်က မင်းဖျော်ပေးတဲ့
သံပုရာတွေ သောက်တာ များပြီး ငါ အခု ဝမ်းပျော့နေတယ်ဟ။ သည်နေ့ အိမ်သာချည်း ပြေးရတာ ၅
ခါလောက်ရှိပြီ..ပြီ..ဟ...ဟ...ဟ”
အဖေ့
စကား မဆုံးလိုက်။ မျက်နှာကို ရှုံ့မဲ့ရင်း အိမ်သာဆီသို့ အဖေ သုတ်ခြေ တင်လေတော့သည်။
အပြေးတပိုင်း ထွက်သွားသဖြင့် အဖေ၏ တင်ပါးရှုံ့ရှုံ့လေးက လိမ်ဖယ်လျက်။ အဖေ့ ကျောပြင်ကို
ငေးကြည့်ရင်း ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိ၏။ ထို့နောက် တစ်ဆက်တည်းလည်း တွေးနေမိသည်။
တစ်ပါးသူကို
ရက်ရောစွာ ကူညီတတ်သည့် အဖေ့ သန္ဓေကို လက်ခံကျွမ်းဝင်နိုင်ဖို့ ကျွန်တော်၏ နှလုံးသားကို
လေ့ကျင့်ပေးရဦးမည်။ ကြုံရဦးမည့် အဖေ့လုပ်ပုံ အလွဲလေးများကို သည်းခံနိုင်ရန် ကျွန်တော့်ဘက်က
ပြင်ဆင်ထားရပါဦးမည်။
ဧစေမောင်
Shwe Athit Digital Page မှ ကူးယူဖော်ပြပါသည်။


Comments
Post a Comment