(၁)
ကျွန်တော်တို့ အိမ်ရှေ့လမ်းသည် လမ်းတိုကလေးဖြစ်၍ ထိုလမ်းတို၏ တောင်ဘက်တွင် နှစ်ကွက်တွဲ ခေါ်ကြသည့် ခြံကျယ်ကြီးတစ်ခြံ ရှိသည်။ ရပ်ကွက်က ထိုခြံကို အဝေရာတောဟူ၍ လည်းကောင်း၊ ပေလေးဆယ် ခြောက်ဆယ်မြေကွက် နှစ်ကွက်စာရှိ၍ နှစ်ကွက်တွဲဟူ၍ လည်းကောင်း ခေါ်ကြသည်။ မြောက်ဘက်လမ်းတိုနှင့် တောင်ဘက်လမ်းရှည် နှစ်လမ်းကို ထိပ်ချင်းတိုက်ကျယ် ပြန့်သော ထိုခြံကြီးက လူသူလေးပါး နေထိုင်ခဲ့သည်မရှိဘဲ ရပ်ကွက်အတွင်း၌ ပုဆစ်တုပ် ထိုင်နေသည့်နှယ် ရှိ၏။
ခြံ၏အရှေ့ဘက်တွင် ရုံးတစ်ရုံးရှိသည်။ အနောက်ဘက်မှာတော့ လူနေအိမ်တွေ ရှိသည်။ ထိုရုံနှင့် လူနေအိမ်တွေက ဝါးထရံကွက် စည်းခြားထားသဖြင့် သပ်သပ်ရပ်ရပ် ရှိသော်ငြား တောင်ဘက်နှင့် မြောက်ဘက်မှာတော့ ကျွဲစည်း နွားတား မရှိ။ တစ်ခါက စည်းရိုးဟောင်း ရှိတန်ရာသော်လည်း၊ ခုတော့ ရှေးမြို့ဟောင်း ရွာ၏ မြို့ရိုးပြိုသကဲ့သို့ ရေးတေးတေးသာ ရှိတော့သည်။
ခြံ၏ မြောက်ဘက်ကျကျ (ကျွန်တော်တို့လမ်းနှင့်နီးနီး) တွင် ဟောင်းမြင်းလှပြီဖြစ်သော အိမ်တစ်လုံးရှိ၏။ အိမ်၏ အလုံးအထည် မယွင်းသေးသော်လည်း ပုစဉ်းပျံ ဘယ်တိုင်ဖျား နားရပါ့မယ် ဆိုသကဲ့သို့ ပုစဉ်းနားလျှင်ပင် ပြီးတော့လေမလား ထင်ရသည့် အိမ်ကလေးဖြစ်သည်။ ဆောက်ကာစတုန်းကတော့ သစ်ကောင်းဝါးကောင်း အိမ်ကောင်းရာကောင်းကလေး ဖြစ်ပုံရသည်။ ရေနံရည်ဝအောင် သုတ်ထားသဖြင့် ပိုးပုရွက်တို့ မကျူးကျော်နိုင်ကြဘဲ အဝေရာတောကြီးအတွင်း ထီးထီးကြီး ရှိနေနိုင်ခြင်းဖြစ်၏။
ခြံကြီးတစ်ခြံလုံး ပိတ်ပိတ်သည်းသည်း ပေါက်နေကြသော အဝေရာပင်များကြောင့် အဝေရာတော ခေါ်ကြသကဲ့သို့ ထိုအိမ်ကိုလည်း အဝေရာအိမ်ဟု ခေါ်ကြပါ၏။ အိမ်ကကြီး လှတာတော့မဟုတ်။ ကပ်မိုးထရံကာ ဖြစ်၍ ထူးခြားသည့်အချက်မှာ တောင်လှည့်လား၊ မြောက်လှည့်လား မြေကြီးလက်ပုတ် မပြောနိုင် ကြခြင်း ဖြစ်သည်။
ကျုပ်တို့တွေ့ဖူးသလောက်တော့ တောင်ဘက်နဲ့ မြောက်ဘက်မှာတော ဈေးဆိုင်တွေလို မတ်တတ် မြေစိုက် ကဲလားကြီးတွေလို တံခါးတွေဗျ။ တောင်ဘက်မှာ နှစ်ချပ်၊ မြောက်ဘက်မှာ နှစ်ချပ်ရှိသည်။ ကဲလား တံခါးလေးချပ်ကို ဝါးလုံးလေးလုံးနဲ့ ထောက်လိုက်ရင် ဟာလာဟင်းလင်း ပွင့်သွားတာမျိုး။
သည်ရပ်ကွက်ကို ပန်းသုန်းပင် ပန္နက်စိုက်ကြပြီဆိုကတည်းက ရောက်နှင့်နေသော ကောက်ညှင်းပေါင်းသည်ကြီး ဒေါ်ရွှေက ပြောပြသဖြင့်သာ အနုမာနအားဖြင့် ဆု၍ သိကြရသည် ဖြစ်ရာ ကျွန်တော့် မျက်စိထဲတွင် ဆင်တင်းကုပ်ကိုသာ မြင်နေမိလေ၏။
ကျွန်တော်တို့မိသားစု မြို့သစ်ကို ရောက်လာစကတည်းက သည်ခြံကြီးမှာ လူသူလေးပါး နေထိုင် ကြတာမျိုး မရှိခဲ့။ အိမ်ကလေးသည်လည်း လေးဖက်ချ အလုံပိတ် ငုတ်တုတ်အိပ်သကဲ့သို့ ရှိ၏။ အဝေရာပင်ကြီးတွေက ကြီးသည်ထက် ကြီးလာကြသည်။ တစ်နှစ်တစ်ခါ အစေ့ကျကြရာက ဖြစ်ရသော နောက်ပွားပင်တွေကလည်း သိပ်သည်းသည်ထက် သိပ်သည်း၊ မြင့်သည်ထက်မြင့် ရင့်သည်ထက် ရင့်ကြရာက အပင်ချင်း နေရောင်လုကြသည့်နှယ် ကောင်းကင် တိမ်ညွန့်ကိုပင် မီလုမီခင်။ တစ်နေရာတည်း၌ သစ်ပင်တွေက ညွန့်ညွန့်ကြီး သန်ကြလှ၍ အိမ်ကလေးသည် ဟောင်းရာမှဆွေး၊ ဆွေးရာမှ မြေ့၊ မြေ့ရာမှ ကြွေတော့မလို ရွရွကလေး တည်နေသည်ဖြစ်ရာ တစ်ခါက အားကြီးခဲ့ဖူးသော အကြောင်းသည် ပျောက်လုလုဖြစ်နေသည်။
"နေပါဦး ပွဲစားကြီးရဲ့၊ သည်နှစ်ကွက်တွဲကြီးက ဘယ်သူပိုင်တာတုန်း ဘယ်သူမှလည်း ဝင်တာထွက်တာ မတွေ့ရပါလား"
ကျွန်တော်တို့အိမ်ကို အကြောင်းဟိတ်ပေါင်းစုံဖြင့် ရောက်လာကြကုန်သော လူသူတော်ကောင်း များစွာတို့အနက် အိမ်မြေပွဲစား ဦးသာဂရလည်း တစ်ဦးပါသည်ဖြစ်၍ တစ်ရက်မှာတော့ မှတ်မှတ်ရရ မေးဖြစ်ပါသည်။
ဦးသာဂရသည်လည်း လူပုဂ္ဂိုလ်အားဖြင့် လွန်စွာ အထနှေးလှသူ မင်းသကျ (မင်းသားကျ) ဆိုသော်ငြား မြို့သစ်မြေပုံနှင့် ပတ်သက်လျှင် သုံးခွက်တစ်ခွက်တင် အနှစ်ကျအောင် သောက်ဖူးသူဖြစ်၏။ အများတကာ အိမ်မြေပွဲစားတွေလို လက်ကိုင်ဖုန်း ခါးချိတ်မရှိ၊ တရုတ်ဆိုင်ကယ်မရှိ၊ မြေပုံမိတ္တူမဆောင်၊ မှင်ဂိုက် မကောင်းလှသူ ဆိုသော်လည်း မြို့သစ် ရွှေကြိုးသတ်နယ်အကွင်း မြေအရောင်အဆင်းနှင့်တကွ သိသူဖြစ်သည်။ သို့သော် သည်နှစ်ကွက်တွဲခြံနှင့် အိမ်အကြောင်းကိုတော့ အလီမရသော ကျောင်းသားကဲ့သို့ ဝိုးဝိုးဝါးဝါး ရှိလေ၏။
"ကျုပ်က ဟောဟိုနားက မြေဖြူလို့ မြေပုဏ္ဏား၊ ဟောသည်နားက မြေနီလို့ မင်းမြေ၊ အဲဟိုနားက မြေမည်းလို့ မြေကျွန် စသည်ဖြင့် ပကတိမြေလည်း သိတယ်။ ကေသပံသုသလောက မြေလည်းသိတယ်။ လခြမ်းမြေ၊ အိုးကင်းမှောက်မြေ၊ စည်မျက်နှာမြေ၊ နဂါးကျစ်မြေစသည်ဖြင့် မြေမျက်နှာပြင်ကအစ သိပါရဲ့၏။ နို့ပေမယ့် ဟောသည်အိမ်နဲ့မြေကို မသိဘူးဗျာ။ ငယ်စာရင်း မကောက်နိုင်ဘူး ဖြစ်နေတယ်။
ပွဲစားကြီး ဦးသာဂရက အိမ်လွတ်ခြံလွတ်တွေ ရပ်ကွက်တကာ လိုက်ကြည့်တတ်သူဖြစ်၍ တစ်ရက် ကျွန်တော်တို့ လမ်းတွင်ရောက်သခိုက် ကျွန်တော် မေးကြည့်ခြင်းဖြစ်သည်။ ခင်ကာစက မေးထုးကြာပစ် နှုတ်ဆက်ကြရုံသာဖြစ်၍ နောက်တော့လည်း ထီးကောက်ကြီး ပခုံးချိတ်ရင်း ကျွန်တော်တို့အိမ်ကို ရောက်လာလေ့ ရှိသည်။ စာရေးဆရာတို့ကာ အလုပ်မည်မည်ရရ မရှိကြရှာသော လူအားများဟု မြင်ပုံရသဖြင့်လည်း ရောက်လာသည့်အခါတိုင်း မြစ်ကမ်းပါးခြေ၌ ကျောက်ချသော နှစ်ပင်တိုင်ရှေးလှေကြီးကဲ့သို့ ရှိလေသည်။
(၂)
တလောက မြေဈေး၊ အိမ်ဈေးတွေ လှုပ်လာသည့်အခါ ကျွန်တော်တို့ လမ်းတိုကလေးထဲမှာ ပွဲစားတို့ စီးလာကြသော တရုတ်ဆိုင်ကယ်တို့ ဒရိန်းပြကြသည့်နှယ် အုတ်အာသောင်းလာ ရှိလာကြသည်။ ပိုင်ရှင်မသိဘဲ အဝေရာတောကို ဝင်တိုးကြသည်။ ဂီလာနအိမ်ကလေးကို မျက်လုံးဖြဲ၊ နှုတ်ခမ်းဖြဲ သမားကြည့် ကြည့်ကြကုန်သည်။ မြောက်ကဝင်၍ တောင်ကထွက်ကြ၏။ တောင်ကဝင်၍ မြောက်ကထွက်ကြ၏။ ပါလာကြသမျှသော လက်ကိုင်ဖုန်းများဖြင့် အဋ္ဌတိဒိသာ အရပ်ရှစ်မျက်နှာသို့ ဆက်ကြသည်။
အဝေရာတောကို စန္ဒကူးတောနှယ် တပ်မက်သော မျက်လုံးများဖြင့် အနုလုံပဋိလုံ အဖန်ဖန် စောဒနာ ကြသည် လည်းရှိ၏။ ပြိုလုလု အဝေရာအိမ်ကိုလည်း သစ်ထီးသစ်မ၊ သစ်ဘီလူး သစ်နပုန်း ရုန်းရုန်းရင်းရင်း ကိုင်တွယ် ကြည့်ရှု အစစ်အဆေးပြု၍ ကာလတန်ကြေး မှန်းကြလေ၏။
သည့်နောက်တော့ ပြန်လည် ငြိမ်သက်သွားပြန်သည်ဖြစ်၍ အဝေရာတောနှင့် အဝေရာအိမ်သည်လည်း လေသလိပ်၊ သည်းခြေသုံးပါးပေါက်သော တူလာသရောနာ ရောဂါသည်ကဲ့သို့ တစ်ဖန်ရှိပြန်လေသည်။
"အိမ်တို့၊ မြေတို့မှာလည်း ကမ္မဇိဒ္ဓိ ရှိတာကိုး။ စာရေးဆရာကြီးရဲ့၊ ကမ္မဇကံကြောင့်ဖြစ်သော ဣဒ္ဓိတန်ခိုး ဆိုတာကောခင်ဗျ။ ကမ္မဇနဲ့ ဣဒ္ဓိပေါင်းတော့ ကမ္မဇိဒ္ဓိဖြစ်တယ်။ ကြားဖူးတယ် မဟုတ်လား"
"ကမ္မဇလေတော့ ကြားဖူးပါတယ် ပွဲစားကြီးရဲ့"
"စာရေးဆရာနှယ် ကမ္မဇလေက သားဖွားအံ့မူးမူး မိခင်များ သားဖွားနိုင်အောင် တွန်းကန်ပေးတဲ့ လေဟာ ကောဗျ။ သည်အိမ်နဲ့ သည်ခြံကတော့ စာရေးဆရာပြောသလို ကမ္မဇလေတွန်းတာတောင် ခေါင်းပြုမည့် ပုံမပေါ်ဘူးဗျို့ ကမ္မဇိဒ္ဓိတော့ ဝေးကရော"
ပွဲစားတကာသို့ လန်ကျလောက်အောင် ငြိမ်သက်ခဲ့သော အဝေရာအိမ်နှင့် အဝေရာခြံကြီး လှုပ်လာသည့် နေ့သည် ဝါခေါင်လ၏ ရက်တစ်ရက်တွင်ဖြစ်လေသည်။ ပိတ်ဆည်းသောင်းသည်း မျက်မည်း တောကြီး နှယ်ဖြစ်နေသော အဝေရာတောကိုဖြတ်၍ အဝေရာအိမ်တွင်နေထိုင်ကြမည့် လင်မယား တစ်စုံ ရောက်လာ ၍ဖြစ်သည်။ ပိုင်ရှင်မည်သူမည်ဝါ မသိရသော်လည်း သူ့ခြံတွင်း၌ ပွဲစားတကာတို့ တောဆင် ဝါးတောနင်း သလို နင်းနေကြတာကို ကြားသွားပုံရပါ၏။
သံသေတ္တာတစ်လုံး၊ စားအိုးစားခွက် တစ်ဂျုံအိတ်စာ လက်တွန်းလှည်းတစ်စီးနှင့် ရောက်လာကြသူ တောစောင့်နတ် လင်မယားလည်း အိမ်ကလေး၏ ကဲလားတံခါးတွေကို အဝေရာလေးကိုင်းဖြင့် ထောင်ကာ မြွေခြောက်ခြင်း၊ ကင်းခြောက်ခြင်း ဦးစွာ လုပ်ကြရသည်။ အိမ်ငါးပေပတ်လည်လောက်ကို ရှင်းကြရ၏။ ဘုရားစင်ရိုက် လုပ်ကြရ၏။ လက်တွန်းလှည်းက အဝေရာတောထဲ တွန်းမရသဖြင့် မြောက်ဘက်လမ်းပေါ်တွင် ထားရသည်။ ကျွန်တော့်အိမ်နှင့် နီးသဖြင့် မနက်ဘက် လှည်းထွက်တိုင်း ကျွန်တော်နှင့် ဆုံသည်။ လှည်းက အာတာပူစီလှည်း။ အရောင်းဆိုးထားသည့် သကြားကို အပူပေးကာ မွတ်မွတ်လှည့်ခြင်းဖြင့် အမျှင်အမျှင်ထသော မုန့်တစ်မျိုးသည် ကမ္ဘာလောကမှ မျိုးတုန်းသွားပြီ ထင်ခဲ့ရာမှ ပြန်ပေါ်လာသဖြင့် ကျေးဇူးတင် ရသေးသည်။
"နေပါဦး ကိုအာတာပူစီရဲ့ ခင်ဗျားတို့ကို ခြံရှင်သူဌေးက ထားတာလား"
"မဟုတ်ပေါင်ဗျာ။ သူဌေးလက်ခွဲက ထားတာပါ။ မရှိလို့သာ လာနေရတယ်။ ဘယ်အချိန် မြွေဝင်လာမလဲ ကြည့်နေရတာပါ။ လက်စနဲ့ဆရာကြီးရယ် ဆရာကြီးကို ကျွန်တော့်မိန်းမ အပ်ခဲ့ပါရစေ။ အထဲမှာရှိပါတယ်"
"အထဲမှာ ဘာလုပ်နေတာလဲ"
"သန်းဥစမ်းနေလေရဲ့"
အာတာပူစီသည် သူ့မယားမနက်တိုင်း အပ်သဖြင့်လည်း ကျွန်တော့်မှာ ကြားထဲက မိန်းမစိုး ဖြစ်နေရသည်။ အာတာပူစီသည် လင်မယားလည်း သိပ်တော့မကြာလိုက်ပါ။ ဘယ်လိုက ဘယ်လိုဖြစ်သည်မသိ အဝေရာတောက စွန့်ခွာကြလေ၏။ ကိုအာတာပူစီ မယား အပ်မသွားလို့ တော်သေးရဲ့ အောက်မေ့ရတော့သည်။
(၃)
ကိုအာတာပူစီမယား ပြောင်းသွားပြီး တစ်လကျော်ကျော်လောက်မှာ ကုလားမိသားစု တစ်စု ထော်လာဂျီတစ်စီးနှင့် ပြောင်းလာကြပြန်လေသည်။ ထမီလ်နာဒူးပြည်နယ် တစ်ပြည်နယ်လုံး ပြောင်းရွှေ့လာကြသလို ကြီးစွာသော အသံကိုပြု၍ ရောက်လာကြသူများမှာ ပင်မင်း မိသားစုဟု နောင်အခါ သိလာရသည်။ ဆင်တင်းကုပ်နှင့်တူသော တဲကလေးထဲမှာ မြွေပါးကင်းပါး ကြောက်စရာမရှိ၊ ကုလားကြီး လင်မယားနှင့် ကလေး ဒါဇင်ဝက်တို့ အချင်းချင်းအော်ကြ၊ ပြောကြသံတွေကြောင့် မြွေနားပင်းတို့ပင် ပြေးလောက်ပြီ။
အဝေရာပင်အချို့ကို အဝတ်လှမ်းတန်းပြု၍ တစ်နေ့တစ်နေ့ လှမ်းထားသော အဝတ်များကလည်း လေသိမ်းတိုင်းလှ ကိန္နရီကသည့်နှယ် ရှိကြလေ၏။ ဇီရာ၊ ကရဝေး၊ ဖာလာ၊ မာလာကျိကျူစသော ဟင်းခတ် အမွှေးအကြိုင်တို့ဖြင့် အဝေရာတောကို ညှော်တိုက်ကြသည်လည်း ရှိ၏။ တစ်ခါတစ်ရံ လင်မယားနှစ်ယောက် လျှော်ဖွပ်ရင်း ထသတ်ကြလေရာ ကလေးဒါဇင်ဝက်က နှဲကြီးခရာ တစ်ယောက်လျှင် နှစ်လက်စီ တာဝန်ယူ မှုတ်ကြသကဲ့သို့ ချောက်ချားဖွယ်ကောင်းလှသော တောအော်သံကို ပြုကြသည်လည်း လွန်ရော ကျွံရော နှစ်ရက်ခြားတစ်ခါဖြစ်သည်။
မူရင်း နေထိုင်ကြသူ ဌာနေကုလား လင်မယားထံသို့ အခါအားလျော်စွာ စုရုံလာကြသော အာဂန္တုကုလားများ ရောက်လာသည့်အခါ အဝေရာသီးခြောက်များပင် တဖျောဖျော ကြွေကြသည်အထိ တောကြီးခါလေသည်။
တစ်ရက်မှာတော့ ကျွန်တော်တို့အိမ်ကို မုန့်တွေလာပို့သည်။
"အရာကြီး တို့သည်မှာရှိတာ ဝမ်းသာတယ်။ လူသံသူသံ ကြားရတာပေါ့"
"ကျွန်တော်တို့ ပြောင်းတော့မှာ ပွဲစားက အိမ်အကြီးကြီးပြောတယ် တကယ်လာနေတော့ အိမ်က ကလေးတွေနဲ့ မဆန့်ဘူး"
"အိမ်ရှင်က ငှားတာ မဟုတ်ဘူးလား"
"ပွဲစားလေ သည်ကောင်ညစ်ပတ်တယ်။ ဘာကောင်းသလဲ"
တကယ်လည်း ဒိုဘီမိသားစုနှင့်ဝေးရပြီ။
(၄)
နှစ်လမရှိတရှိမှာ ရောက်လာကြသူတွေကတော့ ဆေးဆိုးပန်းရိုက်သမားတွေ၊ ဆေးပုံးတွေ၊ ဆေးခွက်တွေ၊ ဂျတ်စက္ကူတွေက အရင်ရောက်လာကြခြင်းဖြစ်ပြီး လူတွေက နောက်မှ ရောက်လာကြခြင်း ဖြစ်၏။ မိန်းမသားတွေက အဝေရာတောထဲမှာပဲ ချက်ကြ၊ ပြုတ်ကြပြီး ယောကျ်ားသားတွေက စွပ်ကျယ်တွေ တံဆိပ်ရိုက်ကြသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပုံတွေ ပိတ်စမှာ ရိုက်ကြသကဲ့သို့ ချီဂွေဗားရား ပုံတွေကိုလည်း ရိုက်ကြပါ၏။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ အရွယ်ရွယ် အစားစားကလည်း အဝေရာတောထဲမှာ နေ့ကြီးရက်ကြီးလို တလွင့်လွင့်ရှိကြသည်။
ကျွန်တော်ကတော့ ပျင်းလျှင် သူတို့အဖွဲ့ အလုပ်လုပ်သည့် နေရာကို ရောက်သွားတတ်သည်။ ကျွန်တော်တို့လမ်းဘက်တွင် ခြံစည်းရိုးမရှိတော့ ဝင်ချင်ထွက်ချင်တိုင်း ဝင်ရုံထွက်ရုံ။
"အလံတွေ တော်တော်ရိုက်ရတယ်နော်"
"ပြည်ထောင်စုနေ့နီးပြီလေ ဆရာရဲ့။ ဆရာကြီးတစ်လက် ယူသွားပါလား၊ အိမ်မှာ ထူရတာပေါ့။ ဟေ့… ဆရာ့ ကို တစ်လက်ပေးစမ်း"
အလံဆိုတော့လည်း မငြင်းသာ။ တစ်ယောက်က တစ်တောလုံးရဲအောင် လှမ်းထားသော အလံတွေထဲက တစ်လက်သွားဖြုတ်ပြီး ကျွန်တော့်ကို ပေးသည်။ ကျွန်တော့်အဖို့ ကျွန်တော့်အသက်နှင့်အမျှ အလံမရှိဘဲ နေခဲ့သူဖြစ်ရာ အလံတစ်လက်ကို ရလိုက်သဖြင့် ဝမ်းသာရသည်။ တံဆိပ်ရိုက်ပြီးသား ဂျပ်စက္ကူချပ်တွေကို အိမ်ကလေးထဲမှာ မိန်းမတွေ ထုပ်ပိုးနေကြသည်။ အချိုရည်တံဆိပ်၊ မန်ကျည်းဖျော်ရည် တံဆိပ်၊ ခေါက်ဆွဲခြောက်တံဆိပ်၊ ကြာဆံတံဆိပ်၊ လက်ဖက်ခြောက်တံဆိပ်၊ ကနုအမှာကိုလိုက်၍ အဝေရာတောသည် အလံတော်ဖြစ်လိုက်၊ အချိုရည်တောဖြစ်လိုက်၊ စွပ်ကျယ်တောဖြစ်လိုက် လှပင်လှသေးတော့။
သူ့ကိုလည်း တပေါင်းရယ်မှ တန်ခူးမြေ မနူးခင် မရှိကြပြန်တော့။
(၅)
ခြောက်လလောက်ကြာတော့ အလုပ်သမား အဆိုင်းတစ်ဆိုင်း ပြောင်းလာကြသည်။ သံချောင်းတွေ၊ သံနန်းတွေ၊ သံချည်သံကွေး၊ ခုံတွေ၊ တွင်ခုံတွေပင် ပါသေးသည်။ သည်တစ်ခါ ရောက်လာကြသူများသည် အင်္ကျီပင် မဝတ်ကြသော လူကြမ်းများ ဖြစ်၏။ အိမ်ပြတင်းကပ် သံပန်းကွက်မှသည်သူဌေးခြံတံခါး ကနုတ်ကွေးသည်အထိ လုပ်နိုင်ကြသူတွေ ဖြစ်သည်။
ကွမ်းတွေ စားကြတာကလည်း စက်နှင့်ကြိတ်နေသလား မှတ်ရသည်။ ဆေးပေါ့လိပ် သောက်ကြတာကလည်း သစ်စက်ခေါင်းတိုင်သာ ကြည့်တော့။ တကယ်တမ်း တစ်လက နှစ်လကြာတော့ ရပ်ကွက် နားမခံသာ ကြတော့ပြီ။ လူနေရပ်ကွက်အတွင်း အမိန့်ရ စက်မှုန်ဇုန်ကြီး တည်ထားသလို မီးစက်သံ တချုန်းချုန်း၊ သံပြားထုသံ တဝုန်းဝုန်း၊ သံချောင်းထုသံ၊ တွင်ခုံကြိတ်သံတွေသာမက အတိုင်းအထွာ အဆဲအရေးတွေ များလာခဲ့သည်။
အဆိုးဆုံးက မီးစက်ကြီးဖြစ်၏။ ရှေးခေတ်သဘောၤတစ်စီးစီးက ဖြုတ်လာဟန်ရှိသော မီးစက်ကြီးမှာ အရောင်ပင် မပေါ်တော့။ စက်ခုတ်သံကတော့ တန်တစ်ရာကျ ဆန်စက်လည်သံလောက် ကျယ်သည်။ သည်စက်ကြီး နှိုးပြီဆိုလျှင် တောင်ဘက်လမ်း မြောက်ဘက်ကကို ရွှေ့ခိုင်းကြသည်။ မြောက်ဘက် လမ်းသူလမ်းသားတွေက တောင်ဘက်ရွှေ့ခိုင်းသည်။ ဤသို့ဖြင့် မီးစက်ကြီးခမျာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ရပ်တည်ရာမရနိုင်ဘဲ လူအုပ်ကြီးက ဝိုင်းရိုက်သည့် ခွေးပမာ အော်ရင်းဟစ်ရင်း ပတ်ပြေး နေရလေသည်။
ဘယ်နှယ့်တုန်း သံပန်းဆရာရဲ့။ ခင်ဗျားဝမ်းရေးနဲ့ ကျွန်တော့် ပရိယေသန ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါပကော။ ခင်ဗျားက ဆူပွက်နေမှ ကုန်ချောကျသလို ကျွန်တော့်အလုပ်က ငြိမ်သက်နေမှ ကုန်ချော ကျနေတာလေဗျာ"
သံပန်းစက်မှုလုပ်ငန်းရှင် ကိုသန်းဖေခမျာ တပူပူတဆူဆူ ချွေးတစ်လုံး သံတစ်လုံး လုပ်ကိုင်နေကြသည့် ကြားက ဝမ်းမလှရသည့်ကြား ရပ်ကွက်က တဆူဆူတအောင့်အောင့် ဆိုတော့ ပရိတ်သံ ကြားရသော မြေဖုတ်ပြိတ္တာ ပမာ စကြဝဠာအပြင်ထွက်ဖို့ ကြံရလေပြီ။
"ကျွန်တော်လည်း ပြောင်းတော့မှာပါ ဆရာကြီးရယ်။ ခြံငှားခ၊ အိမ်ငှားခက ဈေးတက်ယူ တော့မယ် ဆိုတော့ ကျွန်တော်လည်း မတတ်နိုင်တော့ဘူး"
"ဘယ်သူကလည်း ပိုင်ရှင်ကလား"
"ပိုင်ရှင်ကို မသိဘူး ဆရာကြီးရဲ့။ သူ့တပည့်ပွဲစားတွေနဲ့ တွေ့ရတာ"
သူတို့ ပြောင်းသွားကြတော့ ကိုသန်းဖေ မလွမ်း၊ စက်အိုကြီးကို လွမ်းမိသည်။
(၆)
ဤသို့ဖြင့် ဆင်တင်းကုပ်နှင့်တူသော ကဲလားလေးဖက်ချ အိမ်ကလေးထဲကို ဘဝပေါင်းစုံ လူပေါင်းစုံ ရောက်လာခဲ့ကြလေသည်။ စုတ်စုတ်ကန်းကန်း ပြန်ထွက်သွားကြရသည်။ ကျွန်တော် သိသလောက် ဘယ်သူမှ အဆင်ပြေရသည်မရှိ။ ပင်ပန်းဆင်းရဲကြခြင်းသာ အဖတ်တင်ကြသည်။ ပဲနှစ်ပြန်ကြော် သမားတွေလည်း ပြေးဖူးပြီ။ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်သမားလည်း ပြေးဖူးပြီ။ လက်ဘက်ခြောက်သမားတွေလည်း ပြေးဖူးပြီ။ သည်အိမ်ကိုငှားကာ ကျူရှင်ပြခဲ့သော ကျူရှင်ဆရာသည်ပင် အူမခြောက်ခင် ပြေးခဲ့ရသည်။ ထူးဆန်းတာက အဝေရာတောကြီး ပြုန်းသွားခြင်းဖြစ်၏။ တစ်ဦးလာ တစ်ခါခုတ်ဆိုတော့ တောလည်း မခံသာပြီ။
တစ်ရက်မှာတော့ ပျောက်ချက်သားကောင်းနေသော ပွဲစားကြီး ဦးသာဂရ ချွေးတွေသံတွေနှင့် ရောက်လာသည်။ ရေတစ်ခွက် မက်ရေစက်ရေ သောက်ပြီးမှ အသာထိုင်သည်။
"ဘယ်နှယ့်တုံး ပွဲစားကြီးရဲ့၊ အဝေရာအိမ် လူမမြဲပါလား၊ ငယ်စာရင်းကောက်လို့ မရသေးဘူးလား"
"ကျုပ်အထင်တော့ အိမ်က သစ်နပုန်းသား၊ သစ်ဘီလူးသားနဲ့ ဆောက်ထားတာ နေမှာပါဗျာ"
"ပိုင်ရှင်က ဘယ်သူတုံး ပွဲစားကြီးရဲ့"
"ပိုင်ရှင်ကလည်း ဘာထူးမှာတုံး စာရေးဆရာကြီးရဲ့ လူ့နပုန်း၊ လူ့ဘီလူးနေမှာပေါ့။ ဥပဒ္ဒဝခေါ်တယ် စာရေး ဆရာရဲ့။ ဥပမာ…ကပ်၍ …ဒ၀ ပူလောင်တာကို ပြောတာ။ ဥပါဒ်ပေါ့လေ။ ကြောက်စရာ ကောင်းသဗျနော်"
ပွဲစားကြီးပင် ငယ်စာရင်းကောက်နိုင်သေးပုံ မပေါ်။ ခပ်ဝေ့ဝေ့သာ ဖြေလေ၏။ တောလည်းပြုန်းပြီ။ အိမ်လည်း ဆွေးပြီ။ ပိုင်ရှင်ကတော့ လက်လွှတ်မည့်ပုံမရှိ။ သည်တစ်ခါ ဘယ်သူတွေ ရောက်လာကြဦးမှာလဲ။ ရပ်ကွက်ကတော့ ပိုင်ရှင်ကို သိချင်ကြသဖြင့် ရှားလော့ဟုမ်းကိုပင် ငှားချင်နေကြသည်။
နေဝင်းမြင့်
၂၀၀၉၊ အောက်တိုဘာ၊ ပေဖူးလွှာ


Comments
Post a Comment