သီတို့ ရွာ @ ကြည်အေး


    ဆောင်းရာသီဦး တစ်ညနေမှာ သီရဲ့ ဖိတ်ခေါ်ရာကို ကျွန်မရောက်ခဲ့ပါတယ်။ ပင်လယ်ကမ်းခြေ တောမြို့လေးအစွန်မှ သူ့ကွန်းခိုအိမ်ဆီသို့ မီးရထား တစ်နာရီခန့် စီးပြီး ရောက်ပါသည်။ သီက ဘူတာရုံမှ လာကြိုသည်။ တနင်္ဂနွေနေ့မို့ သူ့ကို အင်္ကျ ီကွက်ကျား ဝတ်လို့သာမက ဘောင်းဘီကျပ်ပါ ဆင်မြန်းလို့ တွေ့ရသည်။ သီက ကျွန်မနှင့်အတူတူ မီးရထားစီးလာသူ တစ်ဦးကို သိကျွမ်းသေးသည်မို့ ခပ်မြန်မြန်နှုတ်ဆက်ပြီး ကျွန်မတို့ ထွက်လာသည်။ သီရဲ့ မောရစ်မိုင်နာ ကားစိမ်းပြာကလေးကို ဖုန်လူးလူးနှင့် တွေ့ပါသည်။ ဘူတာရုံမြို့ကလေးမှာ တစ်မြို့လုံးမရမက ရှာဖွေရေတွက်မှ လမ်းလေးသွယ်သာ ရှိရှာသော မြို့ကလေးပင်။ မညီညာသော ပင်လယ်စပ်ကျောက်မြေပေါ် တည်သည်မို့ ဇောက်ထိုးဆင်းသွားသောလမ်းနှင့် ကွေ့ဝိုက်ထောင်တတ်သော လမ်းကျဉ်းကလေးတို့ကို သီက ဂီယာအမျိုးမျိုးထိုး၍မောင်းကာ ကျွန်မကို ခေါ်လာသည်။ မြို့ကလေး၏ ဈေးပိုင်းလို့ဆိုရမည့် နုံချာချာဆိုင်လေး ငါးဆိုင်ရှိရာအကွက်ကိုလည်း ဖြတ်ခဲ့၏။ ပြာလဲ့သော ပန်းပွင့်နုပ်နုပ်ကလေးမျာ းပွင့်သည့် ခြံစည်းရိုး စိမ်းစိမ်း မြင့်မြင့်ကာသော ဘုရားကျောင်းကိုလည်း ဖြတ်ခဲ့၏။ ချော်ပါသောကြောင့် ပြာလဲ့သောအုတ်နံရံကို သတိပြုခဲ့မိသည်။ တစ်ခဏအတွင်းမှာပင် ကျွန်မတို့သည် မြို့ပြင်သို့ရောက်ကာ မညီညာသော ကွင်းပြင်ကို ဖြတ်လျက်ရှိလေသည်။

    
    " နေသာရင် သိပ်ကောင်းမှာ၊ ဒီနားတစ်ဝိုက်ကို အနှံ့လျှောက်ပြနိုင်မှာ၊ ပြီးတော့ ပင်လယ်ထဲလည်း သွားနိုင်တာပေါ့ " ဟု သီက စကားစပါသည်။


    " ဒီလောက်မိုးကို ကျွန်မတို့ဆီမှာ မိုးလို့ မခေါ်ပါဘူး " ဟု ကျွန်မက ရယ်မော၍ ပြောပါသည်။ ပြောရပေမည့် ကောင်းကင်မှာ ညှိုအုံ့ပြာမှိုင်းကာ မိုးသည်းကြီးရွာမည်လို့ ထင်ပါသည်။ စိတ်အနည်းငယ်ရှုပ်မိသည်။ သို့သော် လေခတ်သည်နှင့် မိုးတိမ်များလွင့်စင်ကာ နေရောင်တွေကို တလက်လက်မြင်ရပါသည်။


    ကွင်းသည်လည်း အပြာရောင်မှ အစိမ်းရောင်သို့ ကူးဆဲ၊ အဝေး၌ ပြာနှမ်းသော ပင်လယ်သည် ကျောက်စိမ်းသား၊ မြသားပမာ လဲ့ကြည်နေသည်ကို ဘွားခနဲ မြင်လိုက်ပါ၏။


    " ဟော ..... ဟိုမှာ ပင်လယ် မဟုတ်လား "


    " နောက်တော့ ပင်လယ်ကို ရောက်မယ်လေ၊ ခု ကိုယ်နေတဲ့ ရွာသူရွာသားတွေရဲ့ အကြောင်းကို သိရအောင် တစ်အိမ် နှစ်အိမ် ဝင်ဦးစို့ " ဟု သီက ပြောပါသည်။


    သီရဲ့ရွာမှာ တစ်အိမ်နှင့် တစ်အိမ် အနည်းဆုံး တစ်မိုင်ခန့် ဝေးသည်မို့ အိမ်နီးချင်းချင်း စကားပြောချင်လျှင် ဖုန်းနှင့်ပြောရပါမည်တဲ့။ ပြီးတော့ ဖြုန်းခနဲ ကျွန်မတို့သည် ဝါသနာချင်းတူညီသော ဓာတ်ပြားအကြောင်းကို ပြောလျက်ရှိကြသည်။


    ထိုစကားကို ဟောသလို စမိသည် ထင်သည်။


    " ခုလို လေထန်ရင် သစ်ပင်တွေဟာ ကိုင်းညွတ်ပြီး လူတွေကို ငုံ့စကားပြောချင်တယ်လို့ ထင်တယ် " ဟု သီက ဆိုသည်။


    " သူတို့ရဲ့ လက်ချောင်း ခြေချောင်းတွေဟာ သွယ်ပျောင်းလို့ "


    " သစ်ရွက်တွေကလည်း ညိုးညံလို့ "


    ကျွန်မက ငေးမောစွာပင်


    " ကျွန်မတို့ဆီမှာ စိန်ပန်းပင်ဆိုတာ ရှိတယ်၊ အရွက်ကလေးတွေ စီလို့ ၊ သီရောက်တုန်းက သတိထားခဲ့မိမလား မသိဘူး၊ ရန်ကုန် ယူနီဘာစီတီဝင်းထဲမှာ နွေဆိုရင် လှိုင်နေတာပဲ၊ ရဲနေအောင်ပွင့်တယ်၊ ကျွန်မကတော့ မိုးဦးမှာ ရွက်စိမ်းတွေ ဖြာတုန်းလေက ပင့်လိုက် ကစားလိုက်ရင် ရွက်ဖြာစိပ်စိပ်ကလေးတွေ အပြေးကလေးလှုပ်ရှားတော့ ပီယာနိုခလုပ်လေးများကို တီးလိုက်သလိုပဲ မြင်ရတယ်၊ လေရဲ့မမြင်သာတဲ့ လက်ချောင်းသွယ်သွယ် အရာအထောင်နဲ့ပေါ့ "


    " ကျွန်မလက်တွေလည်း ဒီနီးပါးတော့ သွက်ပါလိမ့်မယ် " ဟု သီက ငြူစူဟန်လုပ်ပြပြီး နှစ်ယောက်သား ရယ်မောကြ၏။


    " ဟုတ်တယ် ......သီ ပီယာနိုတီးတာ ကောင်းကောင်း နားမထောင်ဖူးသေးဘူး "


    " ငယ်ငယ်ကတော့ ပီယာနိုတီးသူ ဖြစ်ချင်တာပဲ၊ ခုထိလည်း ဖြစ်ချင်တုန်းပဲ၊ ကိုယ့်မှာသာ ကလေးရှိရင် ပီယာနိုတီးသူ လုပ်ခိုင်းမှာပဲ၊ သူက မလုပ်ချင်ရင် ဒုက္ခပဲလို့လည်း တွေးတယ်၊ ဒါကြောင့် ကလေးမရအောင်ဘဲ နေတော့တယ် "


    " ကျွန်မငယ်ငယ်ကတော့ အဆိုတော်ဖြစ်ချင်တာပဲ၊ ခုထိလည်း ဖြစ်ချင်တုန်းပဲ၊ ကျွန်မ ကလေး ၆ ယောက်ထဲက ၁ ယောက်ဟာ ဂီတ ပညာသည်ဖြစ်ပါစေလို့ ဆုတောင်းရုံပဲ တောင်းဝံ့တယ် "


    ကျွန်မတို့သည် ခဏတိတ်ဆိတ်ပြီး ကျွန်မကပင် စတင်၍ သတိရပါသည်။


    " သီ.....မနုဟင် မောင်နှမရဲ့ ဒီလာထွက်ဓာတ်ပြား ကြားရပြီးပြီးလား၊ ကျွန်မကတော့ နှစ်ပြားတောင် ဝယ်ထားတယ်၊ ရူးတယ်ထင်ချင်လည်း ထင်တော့၊ တစ်ချပ်ကိုဖွင့်၊ တစ်ချပ်ကို သိမ်းဖို့ "


    " ဘီသိုဗင်ရဲ့ ဆိုနာတာ ကိုးနဲ့ငါး မဟုတ်လား "


    "ဟုတ်တယ်၊ ကျွန်မကတော့ အဲဒီသာယာလှတဲ့ ဂီတတစ်မြုံကိုကြုံရင် သီတို့ ခရစ်ယာန်တွေ ဘုရားသခင်ကို ကျေးဇူးတင်တာ နားလည်မိတယ်၊ ဂီတပေးတဲ့ ပျော်ရွှင်မှုကို ကိုယ်နဲ့ မတန်တဆ ရလေတော့ ဘုရားသခင်ရဲ့ ဆုလဘ်ပဲလို့သာ ဆိုချင်တာ။ အံ့သြစရာ မဟုတ်ဘူးလေ၊ ကျွန်မကတော့ လူ့ဘဝကို ကျေးဇူးတင်ရတယ် ခေါ်မလား၊ ဘဝတဏှာ ကြီးမားလှချည်လားလို့ ကြောက်ကောင်းကြောက်ရမလား မသိပါဘူး "


    " ဟုတ်တယ်.....လင်ကိုချစ်တယ်၊ သားသမီးကို ချစ်တယ်ဆိုတာက တစ်ခဏ ကြုံကြိုက်လာတဲ့ ဘဝကို တွယ်တာရုံပဲ၊ ဘဝတဏှာဆိုတာကတော့ လုံးတီးပဲကျန်ဦး၊ အယုတ်ဆုံးဆိုတဲ့ ဘဝက မထွက်ချင်တဲ့ တွယ်တာမှုကိုး ..."


    " မျှော်လင့်ချက်ဆိုတဲ့ ပန်းချီကားလိုပေါ့ "


    သီက ပြန်၍ကောက်ရပါသည်။


    " ဘေသိုဗင်ရဲ့ ပီယာနိုနဲ့တယော တွဲတီးဖို့ စပ်ခဲ့တဲ့ ဆိုနာတာ ၁၀ ပုဒ်ထဲမှာ အဲဒီ ငါးနဲ့ ကိုးဟာ အထင်ရှားဆုံးပဲ၊ ကိုယ်တို့ ငယ်ငယ်က အဲဒါတီးတဲ့ အဆင့်တောင် ရောက်ခဲ့ပါရဲ့၊ ကိုးက ခက်တယ်၊ သိမ်မွေ့နက်နဲတယ်၊ ငှက်ကလေး လည်ချောင်းက ထွက်တဲ့ အသံကလေးတွေပါတယ်၊ ငါဒကတော့ နွေဦးရဲ့ အလှကို ပျော်စရာကောင်းအောင် ပြထားတာပါပဲ "


    " သိပ်ချစ်ဖို့ ကောင်းတာပဲ သီရဲ့၊ အဲဒီ ဆိုနာတာ ငါးမှာ ရှဲဖိုးဆိုတဲ့ သွက်သွက် မြူးမြူးတီးရတဲ့ တတိယအပိုဒ်ကျတော့ တယောဆရာက ပီယာနိုကို စည်းတစ်စည်း နောက်ကျပြီးတီးတာ ......ပြေးသူက ပြေး၊ လိုက်သူက လိုက်........ခြေညီတော့ ပန်းထွက်က တစ်လှမ်းနောက်ကျနေတာ......ပန်းဝင်ကျတော့လည်း တစ်လှမ်း နောက်ကျနေသလို၊ ရဟူဒီနဲ့ ဟက်ဇီးဘားဆိုတဲ့ မောင်နှမက ပညာချင်းပြိုင်တာထက် မေတ္တာရှေ့ထားပြီး တစ်ယောက်ကိုတစ်ယောက် စ နေ သလိုပါပဲ "


    သို့သော် ပင်လယ်၏ တေးကို တကယ်ကြားခဲ့ပြီးမို့ သီက သတိရကာ စကာားစ ဖြတ်ပါသည်။


    " ဟောဒီအိမ်ကို ခဏဝင်ရအောင်၊ ဒါ ကိုယ့်ရွာပဲ၊ ကိုယ့်ရွာဦးက အိမ်ပေါ့ "


    လေပါ၍ ထန်လာပါသည်။ ကားပြင်သို့ရောက်လျှင် အလွန်အေးမြသည်ကိုလည်း သတိထားမိသည်။ ကားထဲ၌ ကျန်ခဲ့သော ကုတ်အင်္ကျကို ပြန်မယူလိုတော့ဘဲ အောင့်ခံမည် စိတ်ကူးနှင့် ထူထဲသောဆွယ်တာကို အားကိုးကာ ကျဉ်းမြောင်းသော ခြံတံခါးဝမှ ဝင်ခဲ့၏။ ခြံမှာ ရှုပ်ရှုပ်ပင်။ ပန်းတစ်ပွင့်တလေကို လည်း မမြင်ရ။


    အိမ်ထဲမှ ထွက်လာသော ဦးကြီးရွယ်နှင့် ဒေါ်ကြီးရွယ်လင်မယားက ပျူပျူငှာငှာနှုတ်ဆက်ကာ အိမ်တွင်းသို့ အတင်းခေါ်ပါသည်။


    " အပြင်မှာ အေးလှတယ်၊ အိမ်ထဲဝင် ........အိမ်ထဲဝင် " ဟု အတင်းဆိုပါသည်။


    သို့နှင့် ကျွန်မက ခြံထဲမှာ ကြည့်စရာမရှိဘဲ.....လှည့်ပတ်ကြည့်ဆဲ၊ ကြီးဒေါ်က


    " သြော် ယောကျ်ားကလည်း ဟိုကလေးမ အေးလှရော့မယ်၊ ခေါ်ခဲ့ပါ၊ ဘာပင်တွေများ ပြနေပါလိမ့် " ဟုဆိုသည်။


    ကျွန်မက ချမ်းလို့တုန်နေသော်လည်း


    " မအေးလှပါဘူး၊ ဝင်ခဲ့ပါ့မယ်၊ ခဏပါ " ဟုတ် ပြောရပါသည်။


    အိမ်တွင်းသို့ဝင်လျှင် ဘယ်တော့မှ ပြတင်းဖွင့်ပုံမရသော ဧည့်ခန်းမှာ နွေးလွန်းပြီး မီးဖို၌ ထင်းတုံးကြီးများစိုက်ကာ မီးခိုးအနည်းငယ်အူသည်ကို ကြုံရပါသည်။ မီးဖိုဘေး၌ ကြီးဒေါ်က ဝိုင်အနီတစ်ပုလင်းကို နွှေးပါသည်။ ပြီးတော့ တစ်ပုလင်းကုန်လု နီးပါးပင် ဝေငှသောက်ကြရပါသည် ။


    သီက ကျွန်မ၏ မျက်နှာကို ပြုံး၍ကြည့်ပြီး ကြီးဒေါ်နှင့် ဦးကြီးကို ငှက်ကလေးများအကြောင်း မေးလေသည်။


    ကြီးဒေါ်က အလိုအလျှောက် ခြံတွင်းသို့ရောက်လာပြီး ယဉ်နေသောအစာ လာစားတတ်ကြသည့် တစ်ချက်တစ်ချက် အရဲစွန့်၍ အိမ်တွင်းသို့ဝင်တတ်သော ငှက်ကလေးများအကြောင်း ပြောသည်။


    " ဟိုဘက်ခြံက မိန်းကလေးကတော့ အတော်ရက်စက်တယ်ဆိုရမယ်၊ ငှက်လာတာ ညစ်ပတ်တယ်ဆိုပြီး အသိုက်တွေ ဖျက်ပစ်တယ် သီရဲ့ " ဟု ကြီးဒေါ်က ဆိုဆဲ ဘကြီးက ခုနပင်လာနားသည့်ငှက်ကလေးများကို လေချွန်၍ ခေါ်ပါသည်။ အိမ်ဝင်ပေါက်မှာ အစာဖြန့်ကြဲ၍ မျှားပါသည်။ ငှက်ကလေးများကမူ ဧည့်သည်ကျွန်မတို့ရှိလို့ထင့်၊ သွေးဆောင်၍မရပါ။ ဝူးခနဲ ပျံပြေးကြပါသည်။


    အင်မတန် လူနေကျဲသော ရွာမှာမို့ထင့်။ ကျွန်မတို့ နှစ်ယောက်လာလည်သည်ကို ဘကြီး၊ ကြီးတော်လင်မယားသည် ဝမ်းသာမဆုံးရှိဟန်ပြကာ စကားပြောမဆုံးရှိကြပါသည်။


    " သီ့မိတ်တွေကြီးရဲ့ စာအုပ်ထွက်လာတာ ဖတ်ပြီးပြီးလား " ဟု ကြီးဒေါ်က မေးသည်။


    " ဖတ်ပြီးပါပြီ၊ သူတို့ စာအုပ်အကြောင်းပြောဖို့တော့ မတွေ့ရသေးဘူး " ကျွန်မဘက်သို့လှည့်၍ " သီ့မိတ်ဆွေကြီးဆိုတာ ကြည်လည်းတွေ့ဦးမှာပေါ့၊ မနက်ဖြန်မြို့ အတူတူပြန်ဖို့ ချိန်းထားတယ်၊ ဟောဒီဘကြီးနဲ့ ကျောင်းနေဖက်ပေါ့ " ဟု ပြောပြသည်။ ပြီးတော့ ကျွန်မ မဖတ်ရသေးသော စာအုပ်ကိုရေးသည် ကျွန်မ မတွေ့ဖူးသေးသည့် သူ့အကြောင်း ဆွေးနွေးကြပါသည်။ ကျွန်မ မပျင်းရိအောင် ရှင်းလင်းချက်ကလေးများလည်း ဘေးလှည့်ပြီး ထုတ်ကြသည်မို့ ယဉ်ကျေးဖွယ်ရာမှုကို ကျေးဇူးတင်ရပါ၏။


    ခဏကြာလျှင်တော့ ဝိုင်အရက်နီကလေးနှင့် နွေးပြီး နေထိုင်လို့ကောင်းလာစဉ်မှာ သီက ခရီးဆက်ဖို့ ထိုင်ရာက ထပါသည်။


    ကားပေါ် ပြန်ရောက်၍ ပင်လယ်ဘက်သို့ ဆင်းလက်လာလျှင် သီက ပြော၏။


    " သူတို့ လင်မယားနှစ်ယောက်မှာ သားသမီးလည်း မရှိဘူး၊ ကြည် မြင်တယ် မဟုတ်လား၊ ဘယ်လောက်ဧည့်သည်ကို လိုလားနေတယ်ဆိုတာ၊ သူတို့ နှစ်ယောက်ဟာ အနှစ်ဆုံးဆယ်ကျော် အတူတူနေလာကြပြီး ခုတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်လျက်ခင်လျက်နဲ့ပဲ အပျင်းကြီးပျင်းနေကြတာပေါ့ "


    " အဘိုးကြီးက ဗဟုသုတကြွယ်တယ် " ဟု ကျွန်မက ပြောဆဲ " အဘွားကြီးကလည်း သိပ်ပြီးနှံ့စပ်လှပြီ မဆိုနိုင်ပေမဲ့ မယားတစ်ယောက်အနေနဲ့ ကျေနပ်စရာပဲ၊ အဘိုးကြီးလုပ်ချင်တာကို အလိုလိုက်ရုံမက ကြိုးစားပြီး အတူဝင်လုပ်ကြတာပဲ၊ ခုတော့ ငှက်ကလေးတွေ အကြောင်းပဲ ပြောနေတာ တစ်နှစ်လောက်ရှိပြီလေ " သီက အနည်းငယ်တွေဝေနေပါသည်။ ကျွန်မကတော့ အိမ်ရှိသားသမီး ၆ယောက်ကို သတိရလျှက်ရှိသည်။ ထိုနောက် ကျွန်မတို့သည် ရွာကလေး၏ တစ်ခုတည်းသော ဓာတ်ဆီဆိုင်၌ ရပ်နားကြပါသည်။ နေရောင်ခြည်သည် ပြိုးပြက်လာပါသည်။ သီက နှစ်လိုဖွယ် အပြုံးနှင့်


    " နေရောင်ခြည်ကို မြို့က ယူခဲ့သလား " ဟု ကျွန်မကို မေး၏။ ခရီးဆက်မိလျှင်


    " ကြည်.....ဗာဂျီးနီးယား ဝုဖ် ( Virginia Woolf ) ဆင်းသေသွားတဲ့ မြစ်ဆီသွားရအောင် " ဟု ပြောသည်။ ကျွန်မက ခပ်ပေါ့ပေါ့ပင် ကားပေါ်က မဆင်းချင်လှသော်လည်း ခေါင်းညိတ်လိုက်ရာ မြစ်ကမ်းစပ်၌ ရပ်မိကြလျက်သား ရှိလေသည်။ မြစ်ရေကို ကြည့်ရင်း တွေးမောမိပါသည်။


    ဤမြစ်ရေသည် လရောင်ဖြာ၍ ကြယ်ပွင့်များငြိတွယ်သည့် တောင်ထွတ်ဖျားမှ လျှောကျစီးဆင်းခဲ့သည် ထင်၏။ ထို့ကြောင့်ပင် သူ့တေးသံလန်းရွှင်လျှင် ကျေးငှက်တို့ သွက်လက်သည်ဖြစ်ရမည်။ သူ့အရောင်သည် ကောင်းကင်ညှို့မှိုင်းနှင့်လိုက်၍ ပြားနှမ်းလျှင် သစ်ပင်ကိုင်းခက်တို့ ညွတ်ယှက်ဖြာကျ ညည်းတွားကြသည် ဖြစ်ရမည်။ သူဖွာရရာကြဲရွင်၍ နေခြည်တွင် လက်လျှင်မူကား လောက၌ ထူးဆန်းအံ့သြဖွယ်တို့ ဖြစ်ထွန်းကြသည် ဖြစ်ရမည်ပင်။


    ထို စိမ်းရွှင်သွက်ကြည်သော မြစ်ရေစပ်၌ သီနှင့် ကျွန်မတို့ ရပ်လျက် အတန်ကြာ နေခဲ့ပါသည်။ လေသည် မြစ်ရေစပ်၌ အမြဲတမ်း ထန်းလျက်နေသည်ထင့်။ ရေတစ်ပိုင်းကုန်းတစ်ပိုင်း ပေါက်လျက်ရှိသော မြက်ပင် ရှည်တို့သည် ယိမ်းနွဲ့ပျောင်းညွတ်လျက် နေပါသည်။ ဂယက်ဝိုင်းများနှင့်အတူ ထောင့်များ၊ ပြောင်းများပါသော ဂယက်များ စိတ်စိတ်ထလာပါသည်။ ဂယက်များ သည်တင်နေသည်လေလား အရပ်တစ်ပါးသို့ မျောကြလေသလား......။


    " သူနဲ့ ကိုယ်နဲ့ ဒီအတိုင်းပဲလာပြီး ရပ်လေ့ရှိကြတယ် " ဟု သီက ဖြုန်းခနဲ စကားစပါသည်။


    " သူနဲ့ အင်မတန်ခင်ခဲ့တယ် ဆိုရမှာပေါ့၊ ရွယ်တူတော့ မဟုတ်ပါဘူး၊ သူက ကိုယ့်အစ်မကြီးအရွယ်၊ ဒါမှမဟုတ် အဒေါ်ငယ် အရွယ်ပဲ " " သီနဲ့ ကျွန်မလိုပေါ့ " ဟု ကျွန်မက ထောက်ဆဲ။


    " ဟုတ်တယ်.......အင်း " ဟု သီက ကြက်သီးထဟန် ပြပါသည်။ က သူ့အမူအယာကို နားလည်သလိုလို ထင်ရပါသည်။


    သီ့မိတ်ဆွေသည် ယခု ကျွန်မတို့လာရပ်စဉ်က နေရာင်ခြည်သည် သူ့ရဲ့ကွေ့လိမ်သော ဆံရွှေညိုထဲ တိုးဝင်နွေးထွေးခဲ့မည် ထင်သည်။ သူ့ရဲ့အရစ်အကြောင်းထင်စ မျက်နှာပြင်ကို ထွန်းလင်းစေခဲ့ဦးမည်။ ကြာပွင့်ရဲ့ ကျက်သရေကို သူ့မျက်နှာက ဆောင်လေမည်လားဟု ကျွန်မ ယစ်မူးတွေးတောမိပါ၏။ " သူ့စာအုပ်တွေကို တော်တော်ဖတ်ဖူးလား " ဟု သီက မေးပြန်ပါသည်။ ကျွန်မက ရှက်ကြောက်စိတ် အနည်းငယ်ဖြင့် " သိပ်တော့ မစုံလင်လှဘူး၊ 'ပိုးဖလံသေဆုံးခြင်း ' အစရှိတဲ့ ဆောင်းပါးတွေတော့ ဖတ်ဖူးပါတယ် " တကယ်တော့ ကျွန်မ ကောင်းစွာ မမှတ်မိပါ။ ကြာမြင့်စွာက ဖတ်ခဲ့ရပြီး ဂရုတစိုက်မရှိခဲ့သည့် အတွက်ဟု ထင်ပါသည်။ စာဖတ်ရာမှာ စနစ်မရှိသည့် အတွက်လို့လည်း လျှောက်လဲချင်သေးသည်။ ကြီးပြင်းခြင်းမြန်သူမို့ အရင်က မကြိုက်ခဲ့ဖူးသည်ကို အခု ဘယ်စိတ်ထားမည်လဲမသိဟု ကိုယ့်ဘာသာ မရှက်မကြောက်ပင် ကျိန်၍ချီးမွမ်းစိတ်နှင့် နေပြန်ပါသည်။


    သီက ကျွန်မ၏ နီလာသော မျက်နှာကို မကြည့်ဘဲနေပါသည်။


    " အဲလေ စိတ်ဝင်စားပုံတော့ ဘယ်တူမလဲ၊ ကိုယ်က သူနဲ့ တစ်ရွာတည်းနေတယ်၊ သူ့အကြောင်းကို အများနည်းတူသိတယ်၊ အဲဒီအပြင် မိတ်ဆွေရင်းအနေနဲ့ သူများထက်မက သိတာ၊ ရိပ်မိတာ၊ မှန်းဆတာတွေ ရှိတယ်ပေါ့ "


    သီနဲ့အတူ ဒီမှာရပ်နေခဲ့ဖူးသူသည် အနီးဆုံးအိမ်နီးချင်းကို တွေ့လိုလျှင် တစ်မိုင်ခွဲသွားမှတွေ့ရသော ပင်လယ်ကမ်းခြေရှိသည့် ရွာငယ်ကလေး၏ ကွင်းအနိမ့်အမြင့်များမှ အော်ဟစ် ညည်းညှူမြဲရှိသော လေကို တိုး၍ လေလွင့်သွားလာခဲ့သည်လားမသိ။ ထိုအခါ ကျောက်ဆောင်ချွန်တတ် ထိုးထွက်သော ပင်လယ်စပ်၌ သူ၏ ရုပ်ပွားကို တွေ့ခဲ့သည်လော၊ စိတ်ပွားကို တွေ့ခဲ့သည်လော။ လူ့ဘဝ၍ မောဟလျော့ပါးခဲ့သည် ဆိုသည်ပင် မေ့ပျောက်ခြင်းလျော့ပါးသည်တည်း။ ထိုအခါမှာ ပျော်ရွှင်ခြင်းဆိုတာ ဘယ်မှာ ရှာနိုင်တော့မည်လဲ၊ သူ့ရဲ့ ဘုရားသခင်သည် ကျွန်မတို့ရဲ့ ရက်စက်မှကြေကွဲသော ဗုဒ္ဒွတရားပမာမှ ဖြေငြိမ်းနိုင်ရာကို ပြခဲ့နိုင်လေရဲ့လား၊ တေးသံဖြင့် ပြွန်းသော ကြယ်ပေါင်းရံခသည့် သုခကောင်းကင်ဘုံကိုသာ အရိပ်အယောင်မျှ ညွန်လေသလား....။


    သူသည် တိမ်တိုက်တို့ဖြင့် လိုက်ပါကာ ကမ္ဘာအနှံ့လှည့်ပတ်၍ သူ ရှာလိုရာကို ရှာလိုစိတ်တော့ ပေါ်မည်ပင်။ ဒါကို အချို့သောသူသာ စိတ်ဝင်စားနားလည်နိုင်ပါလိမ့်မည်။ သီ နားလည်လိမ့်မည်။ ကျွန်မ နားလည်သည် ထင်ပါသည်။ သူ့ကိုချစ်သော လင်သည်ကလည်း တားရမယ် မဟုတ်၊ သူ့အသိုင်းအဝိုင်းကလည်း တားရမယ်မဟုတ်။ သူ ရှာလိုရာကို၊ ရှာချင်စိတ်ကို ကန်တော့ပြီး ဆုမွန်ကောင်းတောင်းကြမည်ပင်။ အကြောင်းမူကား သူတို့သည်လည်း ကျားရှေ့မှောက်သို့ တစ်နေ့ရောက်အောင် သွားချင်သွားမည့်သူများမို့ပေတည်း။


    " အဲဒီအချိန်မှာတော့ သူ့ကို တားဖို့ ဆွဲထားဖို့က နောက်ကျနေပြီ၊ ( ဘယ်သူကတော့ တကယ်တမ်းဆို ဆွဲထားချင်မှာလဲ ) သူ့ခင်ပွန်းသည်ကတော့ မတတ်နိုင်တော့ဘူးဆိုတာ သိပေမဲ့လည်း လောကထုံးစံအရ ဆရာဝန်ကို ခေါ်ရတော့တာပါပဲ "


    သူဟာ ဆရာဝန်ကို အံ့သြစိတ်နဲ့ ကြည့်ခဲ့လေသလာား။ သူ့ဘာသာ သူတော့သိလေသည်။ သည်အချိန်ကို မာရ်နတ်နှင့် တွေ့တယ်ခေါ်ရမလားဟု သူစဉ်းစားခဲ့သည် ထင်သည်။ ဖော့စ်လို သူ ယစ်မူးသည်မဟုတ်သဖြင့် မာရ်နတ် သူ့ကို လာဝယ်သည်တော့ ဟုတ်မည် မထင်ချေ။ ဘုရားသခင်ရဲ့ ဒေါသလေလား၊ သနားမေတ္တာလေလားတော့ သူ မဝေခွဲနိုင်။ တကယ်တာ့လည်း လှုပ်ရှားသော စိတ်များသည် အတူတူသာတည်း။ ဒေါသတိုတာလည်း သည်ပုံပင်၊ သနားမေတ္တာဆိုလည်း သည်ပုံပင်။ သူသည် လူတို့၏သတိဟူသော အနှောင်အတည်းမှလွတ်ကာ ထိုကြီးမားသော အထုအထည်ကို ရင်ဆိုင်စဉ် အင်မတန် သေးနုပ်လှသည့် လူတို့ရဲ့ အမှုတစ်ရပ်ဖြစ်သော ဆရာဝန်ဆေးပညာဆိုတာက သူ့ကို ဘယ်လို အကျိုးပြုနိုင်မှာလဲ။


    ပင်ပန်းလိမ့်မယ်ဆိုတာတော့ သိ၏။ သို့သော် အစွမ်းကုန်လျှော့လိုက်၏။ သို့လျှင် အစွမ်းကုန်အောင် ကြမ်းသောတိုက်ပွဲဖြစ်ပေါ်လေ၏။ သူ့ကို လင်သည်နှင့် ဆရာဝန်က ဝိုင်း၍ချုပ်ရသည်ကိုလည်း သိ၏။ လူအပေါင်းကတော့ တွန့်လိမ်လူးလွန့် ကျန်ရစ်သောရုပ်ကိုသာ မြင်ကြားရမည်။ ဝေဖန်ကြမည်။ သူကတော့ ပင်လယ်စပ်က ချောက်ကမ်းပါးစွန်းသို့ ပြေးတတ်ခဲ့ခြင်း ဖြစ်လေ၏။ အမြင့်သို့ ရောက်လေ တွန်းလှဲမတတ် တွေ့သည်။ သူသည် ကျလျှင်လည်း ကျပစေဟူသောစိတ်ဖြင့် လေမှာလွင့်ကာ သူ့ပါးပြင်များ၊ နားရွက်များကို ယုယသိုင်းခြုံကြလေသည်။ လက်နှစ်ဖက်ကို ပိုက်ဖက်ပြီး ဘုရားသခင်ကို ရဲဝံ့စွာရင်ဆိုင်ကာ မျက်နှာစေ့စေ့ကြည့်လိုက်ခြင်းဖြင့် ရပ်၏။


    မိုးကြိုးကို သူ ကြုံရမည်ဆိုလည်း ကြုံရလို၏။ ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဝင်းလက်လိုက်သော လျှပ်အလင်းရောင်၌ မြင်ရသော သဏ္ဌာန်ကို သူမှတ်သားမိမည်မှာ သေချာသောကြောင့် ပေတည်း။ ဒါသာ အရေးကြီးသည်။


    ချောက်ကမ်းပါးသို့မကျပဲ အိမ်သို့ သူ ပြန်လာလျှင်တော့ သတ္တိမွေးသော မျက်နှာထားရှိသည့် လင်သည်ကိုလည်းကောင်း၊ ဆေးထုံးတံဆေးကြောပြီးသော ဆရာဝန်ကိုလည်းကောင်း သူ တွေ့ရလေသည်။ သူသည် မောပန်းလျလျ ပြုံးမြဲပင်။ လင်သည်နှင့်ဆရာဝန်ကို သူကပင် နှစ်သိမ့်လိုသည်။ သူ့ကို နှစ်ယောက်လုံးက နားစေလိုတာ သူသိပါသည်။ သို့သော် အထူးသဖြင့် သည်အချိန်မှာ သူမနားနိုင်။ သူသည် တုန်တခိုက်ခိုက်ဖြင့် ထ၍ စာကြ ည့်ခန်းသို့ ဝင်ခဲ့၏။ တံခါးကန့်လန့်ရှိသမျှကို အကုန်ချ၏။ ပြတင်းပေါက်၌ ခိုရပ်ပြီး ပင်လယ်ဆီ တစ်ချက်ကြည့်သေး၏။ ထို့နောက် ထူးဆန်းအံ့သြကြေကွဲဖွယ်ရာများ စတင်လေသည်။ အကြောင်းမူကား သူ့ဝေဒနာနှင့် ရင်းနှီး၍ရသော စာပေကို လူ့လောကအား သူဖွင့်အန်ရေးချသော ကြောင့် ဖြစ်လေသည်။ " သူ့မှာ သားသမီးရှိရင် သူ့ဖြစ်ပုံဟာ တစ်မျိုးတစ်ဖုံ လာမလား မသိဘူး " ဟု သီက တွေးထင်လေသည်။ " နည်းနည်းလေးသာ ကွဲလွဲနိုင်ပါလိမ့်မယ်" ဟု ကျွန်မက ပြော၏။ ဘာကြောင့်လဲဆိုတော့ ချစ်သူဆိုတာရော၊ သားသမီးဆိုတာရော၊ ညီအစ်ကို မောင်နှမဆိုတာရောဟာ သံသရာရဲ့ လူ့ဘဝတစ်ချီမှာ မတော်တဆကြုံတွေ့ကြခြင်းပဲလို့ ထင်ပါတယ်။


    " သားသမီးရှိခဲ့ရင် အင်အားကြီးတဲ့ မေတ္တာတစ်ရပ်ကိုတော့ သူ ကြုံဖူးမှာပေါ့၊ သူ့ကို ကောင်းကျိုးပေးမဲ့ ကိစ္စလည်း ဖြစ်ချင်ဖြစ်မှာပေါ့ "


    " ဒါတော့ ဟုတ်ပါတယ် " ဟု ကျွန်မက ဝန်ခံလိုက်ပါသည်။ သို့ပေမဲ့ သူ့လင် ယောကျ်ားက ရပ်ကြည့်ရုံသာ တတ်နိုင်တဲ့ အခါမျိုးမှာ သားသမီးကကော ဘာထပ် လုပ်နိုင်ဦးမှာလဲ၊ သူ့အဖို့ သူ့ကို သဘောပေါက်နိုင်ပါ့မလား၊ သတ္တိမွေးပြီး ရပ်ကြည့်နေနိုင်ပါ့မလားလို့..........သားသမီးတွေအတွက် ငဲ့ညှာပူပင်တဲ့ စိတ်ဒုက္ခသာ ပိုရုံရှိတော့မှာပေါ့။


    တစ်ခါတစ်ရံ သူ အင်မတန် မောလျှင်တော့ သားသမီးကို ထွေးပိုက်၍ အများနည်းတူ အေးချမ်းညင်သာသော ဘဝကို သူ တောင့်တရှာပေလိမ့်မည်။ သို့ပေမဲ့ သည်ဘဝအဖို့တော့ သူ့ကံကြမ္မာဖန်တီးပုံကို ပြောင်းလဲလို့ရတော့မည် မဟုတ်။ သူ့လိုပင် ရွှေပန်းနှင့် ငရဲပန်းကို တစ်လှည့်စီ ဆင်ပန်ရသည့် မိတ်ဖော်များကို သတိရ၏။ သူတို့အထဲမှာ ပန်းချီဆရာဗင်ဂို့ရှ်ကို သူ အသနားဆုံးပင်၊ ဗင်ဂို့ရှ်၌ မိမိကဲ့သို့ လူတို့အလယ် သို့ ပြန်ရောက်လာလျှင် ချစ်ခင်ကြင်နာသော၊ စောင့်စားရပ်တည်နေသော ချစ်သူ မရှိခဲ့။ လင်သည်ကို ကျေးဇူးတင်ပါသည်။ သူ စောင့်စားနေသည်ကို မြင်ရသောကြောင့်ပင်။ လူတို့အလယ်ရှိ မွေးကြိုင်ပြုံးချိုသော ပန်းပွင့်များ၊ စကားများသော ငှက်ကလေးများကို သူ ဆက်လက်ချစ်ခင်မြင်တွေ့စိတ်ကျန်တာ အမှန်ပင်။ သို့မဟုတ်က ဗင်ဂို့ရှ်လိုပင် သူသည် လူတို့အလယ်သို့ ပြန်ရောက်ချင် ပြန်ရောက်လာသည့် သတိပျက် ယွင်းပေတော့မည်။


    " သူ စိတ်ရောဂါကုဆေးရုံသို့ မသွားချင်ဘူးလား " ဟု ကျွန်မက မေးလျှင် သီက


    " သူဟာ ဟောဒီမြစ်စပ်ကို လာတတ်တယ်၊ ကျွန်မနဲ့ တစ်ခါ သည်နားမှာ ရပ်နေဖူးတယ်၊ ဒီမြစ်ကနေပြီး သူ ခရီးထွက်မယ်ဆိုတာ ပြောပြဖူးပါတယ်၊ သူ့ယောကျ်ားကတော့ ပူပန်တာအမှန်ပေါ့၊ ဒါပေမဲ့ တစ်နေ့သွားရမဲ့ခရီး၊ မငြင်းသာတဲ့ခရီးကို ကိုယ်ကြိုက်တဲ့နည်းနဲ့၊ သွားခွင့်ရှိတယ်လို့လည်း မဆိုနိုင်ဘူးလား "


    " ကျွန်မလည်း ဒီလိုထင်တာပဲ၊ ဒါကို ပိတ်ပင်တဲ့ဥပဒေကတော့ ယဉ်ကျေးမှုတစ်ရပ်သာဖြစ်ရမယ်လေ " သီကဆက်လက်ပြောပြပါသည်။ သူသည် တဖြည်းဖြည်းနှင့် လူတို့ရပ်ရွာမှ ထွက်ခွါသွားခြင်းများ နီးကပ်လာသည်။ သူ့ဘာသာသူ သတိထားပြီး ရုန်းကန်ငြင်းဆိုခြင်းလည်း ဖြစ်လာသည်။ အကြောင်းမူကား ဝေဒနာနှင့်လူနှင့်မမျှသောကြောင့် ဖြစ်ရမည်ပင်။


    သူ့ဘာသာသူ သတိထားလေတော့ လင်သည်ကို အချိန်မီကြိုလို့ပြောနိုင်လာသည်။ နှစ်အများ လွန်ခဲ့သည့် တစ်ချိန်တစ်ခါကတော့ လင်သည်ခမျာသည် ပြုံးရွှင်ရုံမျှမက ဉာဏ်ပညာထက်မြက်သော၊ တစ်ပါးသောမိန်းကလေးများထက် စာပေအတတ်ပညာ တစ်ရပ်သာသော သူချစ်သည့်သတို့သမီးကို ယခုလို ဘေးအန္တရာယ်နှင့် ကြုံဟန်ကို မြင်ယောင်မိမယ် မဟုတ်ဟူ၍ စာနာသနားမိ၏။ သူ ယခုတလော တွေးမိသည်မှာ လင်သည်အကြောင်းသာ ဖြစ်လေသည်။ သူ့တစ်ယောက်အဖို့တော့ ပူပင်ခြင်းမရှိ။ ကံကြမ္မာကို သူ မြင်ပြီးသားဖြစ်သည်။ တုန်လှုပ်ခြင်းလည်းမရှိ။ သူတကာနှင့်မတူ၊ ဆိုးရွားသည်ဟုလည်း ယူကျုံးမရ မဖြစ်။ လောက၌ဖြစ်တတ်သော အရာလို့သာ ထင်၏။ ပြီးတော့ ထိုအချိန်အခါများသည် သူ မြတ်နိုးသောစာရေးမှုနှင့် ခွဲခွါလို့ရသည် မဟုတ်သောကြောင့် သူ ကျေနပ်သည်။ ဒါကိုတော့ လူအနည်းငယ်ခန့်ကသာ နားလည်လိမ့်မည်ထင်သည်။ သို့သော် သူမောပြီးဆိုတာတော့ အမှန်ပင်။ လင်သည်ကို သနားအားနာစွာဖြင့် ပြောရ၏။ ထိုင်းမှိုင်းလေးလံစွာ မေ့ပျောက်အိပ်ပျော်သော ဆေးကိုပေးမည့် ဆရာဝန်ကို ခေါ်စေရ၏။ ထို့နောက် သူသည် အခန်းတွင်းသို့ဝင်၍ တံခါးအလုံပိတ်ကာ စောင့်မြဲပင်.........။


    စာရေးမှုကိုတော့ အစဉ်ပြုမြဲပင်။ အချိန်များစွာ မကျန်ပြီ။ စာရေးနေလျှင် သူ့စိတ်သည် လူတို့နှင့် ပို၍ကင်းကွာကာ အန္တရာယ်နှင့် ပို၍ရင်ဆိုင်ရဖို့များတာ မှန်သည်။ သို့သော် စာရေးရမည်မှာ အသက်ရှူထုတ်ရမည်လိုပင်။ တခြားနည်းလမ်းအားဖြင့်သူ အသက်ရှင်နေထိုင်တတ်သည်မဟုတ်။ ဘာအန္တရာယ်ကိုမှတော့ ကြောက်၍ စာမရေးဘဲနေမည်မဟုတ်။ တစ်ဆောင်းဝင်စ သစ်ရွက်များကျချိန်၊ မြေပြင်ပေါ်၌ အနီအဝါ ခရမ်းပြာညို ရောင်စုံစို့ကာ သစ်ရွက်လူးလှိမ့်ပြေးဆဲ၊ လေထန်တတ်သော ပင်လယ်စပ်ရွာကလေး၌ ဆောင်းဦးလေသည် အော်ဟစ်ပြေးလွှားကာ ညအခါများမှာ ကျည်ကျည်ပါအောင် အူဆဲ၊ လေကာယပ်များမှာ ကွယ်ပုန်း၍ ပေါက်ရသည့်လူစိုက်သော သစ်ပင်ပန်းပင်ငယ်တို့ ပင်ပန်းဆဲတစ်နေ့မှာ သူသည် လင်သည်ကို ဆရာဝန်ခေါ်စေရပြန်သည်။


    သို့သော် လင်သည်နှင့် ဆရာဝန်တို့ပြန်ရောက်လာသော် သူသည်အလုံပိတ်ကာ အခန်းမှာ လွတ်ထွက်ပြီး သူနှစ်လိုရွေးချယ်ရာ မြစ်စပ်သို့ရောက်ခဲ့ပြီတည်း။ လူတို့ရပ်ရွာမှာ ရုပ်ခန္ဒွာပါ လွန်ကျွန်ပြီ။ သူ မျောပါသွားရာ မြစ်ရေအယဉ်သည် သူ့ထက် လျင်မြန်စွာ အရှေ့ကသွားသော လှိုင်းဂယက်တို့ကို ထိုသတင်းပင်လယ်သို့ ပါးလိုက်ကြပြီ။


    သည်မှာပင် အတန်ကြာလေပြီ။ သူ နစ်မြုပ်ရာမှာတော့ ဂယက်တို့သည် သိုင်းဝိုင်းထကာ လှုပ်ရှားကြပြီးပြန်တော့ လျော့ပြေငြိမ်သက်သွားသော မြစ်ရေပြင်၌ ခါတိုင်းလို လေသာနှောက်ယှက်သဖြင့် ဂယက်စိပ်စိပ်ထခြင်းသာ ကျန်တော့မည်။ သူ့ယောကျာ်းကတော့ ဒီအဖြစ်ကိုပဲ ကြည်ဖြူစိတ်ထားတယ် ထင်ပါရဲ့၊ ဒါဟာ သူ့ချစ်ဇနီးအတွက် အကောင်းဆုံးစခန်းပဲလို့ ဆိုရမယ်ပေါ့၊ ပူပင်တာတွေ ဘေးဖယ်လို့ ခေါင်းအေးစိတ်ရွှင်နဲ့ တွေးတတ်သူလို့ ဆိုရမှာပေါ့။


    " သူကို ကိုယ့်တို့ မနက်ဖြန် မြို့ ပြန်တော့ ကြည့်ပေါ့၊ သူ့မိန်းမ မသေခင်က ရေးတာဟူသမျှ သူက တည်းဖြတ်လေ့ရှိတယ်၊ ခုတော့ တစ်ယောက်တည်း ကျန်ခဲ့ပြီးလို့ နှစ်အတော်ကြာနောက်မှာ သူ့စာအုပ် ထွက်ပြီလေ၊ ဖတ်ချင်ရင် ပို့လိုက်မယ် " ဟု သီက ပြောပြီး ကျွန်မတို့သည် ပုံပြောသော မြစ်ကမ်းစပ်မှ ကားကလေးရှိရာသို့ ထွက်ခွါလာကြလေသည်။


ကြည်အေး

သွေးသောက် မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၁၉၆၂

Comments