“အရာရာကို ပြောင်းလဲယူလို့ ရနိုင်ပါတယ်” @ ဒေါက်တာဖြိုးသီဟ

 



🔳 ဘဝမှာ အခြေခံအားဖြင့် ဒီ Mindset နှစ်ခုတော့ ရှိဖို့ လိုပါလိမ့်မယ်။


• ငါဟာ အပြုလုပ်ခံသားကောင် (Victim) တစ်ယောက် မဟုတ်ဘူး။

• ဘယ်အရာမှ အသေမဟုတ်ဘူး။ ပြောင်းလဲနိုင်တယ်။ ဆုတ်ယုတ်သွားနိုင်သလို၊ တိုးတက်လာအောင်လည်း လုပ်လို့ရတယ်။


🔳 ဟိုတစ်ရက်က ရေးတဲ့ Growth mindset ဆိုတာ အဲဒါပဲ။ ဒီဆောင်းပါးမှာတော့ Growth mindset ရဲ့ အရေးကြီးပုံကို ကဏ္ဍ ၆ ခု ခွဲပြီး ရေးချင်ပါတယ်။


📌 ၁။ လေ့လာသင်ယူမှု (Learning)


အင်္ဂလိပ်စာ လေ့လာတဲ့အခါ အကြီးမားဆုံး အတားအဆီးက ဘာများဖြစ်မလဲ။ ပိုက်ဆံလည်း မဟုတ်ဘူး။ သင်ပေးမဲ့သူ မရှိတာလည်း မဟုတ်ဘူး။ မှားမှာကို ကြောက်တာ၊ ရေးရ၊ ပြောရမှာကို ရှက်တာပဲ။


အဲဒါကို အသေးစိတ် လိုက်စဉ်းစားကြည့်ရင် ဘာသွားတွေ့ရမလဲ ဆိုတော့ -


• ငါက ဘာသာစကားနဲ့ ပတ်သက်ရင် ပါရမီမပါဘူး

• ဘယ်လိုသင်သင် တတ်မှာမဟုတ်ဘူး

• ကျက်ထားတဲ့ Vocab တွေလည်း မမှတ်မိတော့ သေချာပါတယ်၊ ငါ့မှာ Talent ပါမလာဘူး


ဆိုလိုတာက Language skill နဲ့ ပတ်သက်ရင် Fixed mindset ရှိနေတာပဲ။ တကယ်က လုံလောက်တဲ့ ကြိုးစားမှု မလုပ်ရသေးတာ။ ဒီလိုတွေ ကောက်ချက်မချခင် အရင်ပဲ ပြန်စဉ်းစားကြည့်ပါဦး။ တစ်နေ့ ဘယ်နှနာရီလောက် လေ့လာဖြစ်နေလဲ။ ဘယ်နှရက်၊ ဘယ်နှလဆက်တိုက် လုပ်ကြည့်ပြီးပြီမို့ အဲဒီလို ပြောနိုင်တာလဲ။


အမှန်တော့ Fixed mindset ကြောင့်သာ ကိုယ့်ကိုယ်ကိုယ် ပြန်တားဆီးမိသလို ဖြစ်နေတာပါ။ ပါရမီ မပါတာ မဟုတ်ပါဘူး။ ဒါကြောင့် သတိထားမိသလောက် ပြောရရင် အင်္ဂလိပ်စာ ကျွမ်းကျင်သွားသူတွေဟာ ဂျပန်စာ၊ တရုတ်စာ၊ ကိုရီးယားစာ၊ ပြင်သစ်စာ ထပ်သင်လည်း ရကြတယ်။ အင်္ဂလိပ်စာမှာ ပါရမီ မပါလို့ ဆိုပြီး လက်လျှော့နေတဲ့သူက ဂျပန်စာ ပြောင်းသင်လည်း မရဘူး။ ကိုရီးယားစကား သွားသင်လည်း ဒီလိုပဲ ဖြစ်နေဖို့ များတယ်။ (အလုပ်လုပ်ရင်း တတ်သွားတာမျိုးထက် သေချာစနစ်တကျ သင်ယူတာကို ဆိုလိုတာပါ) ဘာလို့ဆိုတော့ Mindset က အဓိက ပြဿနာ ဖြစ်နေတာကိုး။


မြင်သာအောင် ဥပမာပေးလိုက်ပေမဲ့ တခြားပညာရပ်တွေမှာလည်း ချိန်ထိုးစဉ်းစားကြည့်လို့ ရပါတယ်။ ဒါကို မပြောင်းလဲနိုင်သရွေ့ လေ့လာသင်ယူရာမှာ လက်လျှော့လွယ်တဲ့သူ ဖြစ်နေမှာပဲ။ Skill တွေလည်း ပါတာပေါ့။ အကသင်တာ၊ ဂစ်တာတီးသင်တာ၊ Crochet ထိုးတာ၊ ဟင်းချက်တာ အကုန်လုံးဟာ လေ့ကျင့်ရင် ရတာချည်းပဲ။ မြန်တာနဲ့ နှေးတာပဲ ကွာမယ်။ မသင်ဘဲ တတ်တဲ့သူ မရှိသလို၊ စနစ်တကျ လေ့ကျင့်ပါလျက်နဲ့ မကျွမ်းကျင်လာတဲ့သူရယ်လို့လည်း မရှိပါဘူး။


📌 ၂။ ဘဝအောင်မြင်မှု (Success)


“မင်းလုပ်နိုင်တယ်ထင်ထင်၊ မလုပ်နိုင်ဘူးထင်ထင်၊ မင်းမှန်ပါတယ်” ဆိုတဲ့ ဟင်နရီဖို့ဒ်ရဲ့ စကားအတိုင်း ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုသလောက်ပဲ တိုးတက်ခွင့် ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပေးတဲ့နေရာမှာပဲ နေကြရတာ ဖြစ်ပါတယ်။


• ငါက အသုံးကိုမကျဘူး

• ငါ့မိဘတုန်းကလည်း ဆင်းရဲတော့ ငါလည်း ဒီလောက်ပဲပေါ့

• အဲဒီလိုဘဝမျိုး ငါကတော့ ဘယ်တော့မှ ရမှာမဟုတ်ဘူး


Fixed mindset ရှိသူတွေဟာ ဒီလိုအတွေးတွေ တွေးတတ်ကြတယ်။ အဲဒီအခါ ကိုယ့်ရှေ့ ရှိနေတဲ့ အခွင့်အလမ်းတွေကို ကိုယ်မမြင်တော့တာ၊ ဒါမှမဟုတ် သူများလာယူသွားသည်အထိ ထိုင်ကြည့်နေမိတာတွေ ဖြစ်လာတော့တာပဲ။


📌 ၃။ ကိုယ်ရည်ကိုယ်သွေး (Personality)


ပြောင်းလဲနိုင်တဲ့ အရာတွေထဲမှာ Personality လည်း ပါပါတယ်။ ခက်ထန်တဲ့သူက နူးညံ့လာလို့ ရသလို၊ စိတ်ပျော့တဲ့သူကလည်း ပြတ်သားတဲ့သူ ဖြစ်လာလို့ ရပါတယ်။ ပတ်ဝန်းကျင်၊ ခေတ်ကာလ၊ ဒါတွေပေါ် မူတည်ပြီး မသိမသာ ပြောင်းလဲသွားတာတွေ ရှိသလို၊ ကိုယ့်ဟာကိုယ်လည်း ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲယူလို့ ရပါတယ်။


📌 ၄။ စိတ်သန့်ရှင်းရေး (Mental hygiene)


ကြားဖူးကြမှာပေါ့။ ပြောလည်း ပြောဖူးကြမှာပါ။


• ငါက ဒေါသကြီးတယ်၊ မရဘူး

• ငါက အစွဲအလမ်းကြီးတယ်

• လူဆိုမှတော့ မနာလိုစိတ်က ရှိကြတာချည်းပဲ


ဒီအခါ အဲဒီစိတ်အညစ်အကြေးတွေ လျော့နည်းသွားအောင် ဘာအားထုတ်မှုမှ မလုပ်တော့ဘူး။ မှန်တယ်။ လုံးဝမရှိတော့အောင် လုပ်ဖို့ကတော့ ခက်ပါတယ်။ (ဒါတောင် မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး) ဘယ်လိုပဲဖြစ်ဖြစ် သေချာတာက လျော့သွားအောင် လုပ်လို့ရတယ် ဆိုတာပဲ။ သတိ၊ ဝီရိယ၊ မှတ်သားနာယူမှု၊ မိမိကိုယ်မိမိ ဝေဖန်ဆန်းစစ်မှု၊ ဒါတွေကိုသာ မှန်မှန်လုပ်သွားမယ်ဆို ဖြစ်နိုင်ပါတယ်။


တရားဓမ္မမှာလည်း ပါရမီပါတာ၊ မပါတာ မရှိပါဘူး။ ကြိုးစားအားထုတ်မှုကသာ ပိုအဓိကကျတာပါ။


📌 ၅။ စိတ်ဒဏ်ရာ (Mental trauma)


စိတ်ဒဏ်ရာနဲ့ ပတ်သက်ရင် နှစ်လမ်းသွား အရေးကြီးတယ်။


စိတ်ဒဏ်ရာရှိသူကို နားလည်မှု ပေးရမယ်။ စိတ်ဒဏ်ရာရှိသူ ကိုယ်တိုင်ကလည်း ငါ ထရော်မာရှိနေလို့ ဆိုပြီးပဲ အမြဲအကြောင်းပြနေမဲ့အစား အဲဒါကို ကုစားနိုင်အောင် တတ်နိုင်သမျှ အားထုတ်ရမယ်။


နားလည်မပေးနိုင်ရင်၊ နားလည်ပေးတဲ့သူ မရှိရင် ကုစားရတာ ခက်တယ်။ မကုစားဘူးဆိုရင်လည်း ကြာရှည်နားလည်မှု ပေးနိုင်ဖို့ရာ ခက်သွားမယ်။ နှစ်လမ်းသွားဆိုတာ အဲဒါပါ။


ဟုတ်ပြီ။ အဲဒီလို ကုစားဖို့ဆိုတဲ့နေရာမှာလည်း Growth mindset က အရေးကြီးလာပြန်တယ်။


ဒီဒဏ်ရာတွေ ရှိခဲ့လို့ ဒီလိုဖြစ်နေတာ ဆိုပြီး သားကောင်လိုပဲ တစ်သက်လုံး နေသွားမလား။ အရှင်းမပျောက်တောင်မှ ရသလောက်တော့ ကုစားမလား။ ဒါက အဆုံးအဖြတ် ပေးသွားမှာပဲ ဖြစ်ပါတယ်။


ကျွန်တော်ထင်တယ်။ စိတ်ဒဏ်ရာနဲ့ ကင်းတဲ့သူဆိုတာ လောကမှာ အတော်ရှားပါလိမ့်မယ်။ ဒါတွေကို ဘယ်လိုရှုမြင်သလဲ၊ ရင်ဆိုင်သလဲ၊ ကိုင်တွယ်သလဲ ဆိုတာပဲ ကွဲပြားနေကြတာပါ။


စိတ်ဒဏ်ရာရှိသူကို ဘေးကနေ ကူညီပေးတဲ့အခါမှာလည်း သူ့ကို သနားစရာ သတ္တဝါလို မြင်နေတာထက် ဒီဒဏ်ရာကနေ သူလွန်မြောက်နိုင်တယ် ဆိုတဲ့အသိ (တစ်နည်းအားဖြင့် Growth mindset) ရှိနေဖို့ လိုပါတယ်။ Victim လို ဆက်ဆံပေးနေတာက ကူညီရာ မရောက်ပါဘူး။ ဒုက္ခပိုရောက်စေတာသာ ဖြစ်ပါတယ်။


ပြောမယ်ဆို Fixed mindset ကိုက စိတ်ဒဏ်ရာတစ်မျိုးပါပဲ။ ဗီဇအရ ပါလာတယ် ဆိုတာထက် ငယ်ဘ၀ အတွေ့အကြုံတွေနဲ့ ဆိုင်တာကိုး။ ကိုယ့်ကို အနီးကပ်အုပ်ထိန်းသူတွေ ကိုယ်တိုင်က ဒီလိုစိတ်နေစိတ်ထား ရှိတယ်။ ကိုယ့်ကိုလည်း အဲဒီလိုစကားတွေ ပြောတယ်။ ရိုက်ထည့်တယ်။ Negative label တွေ တပ်တယ်။ ဒီလိုနဲ့ ကိုယ့်ဆီလည်း အဲဒီ mindset က ရောက်လာတာ။


ဒါကို သတိမထားမိဘဲ ဒီအတိုင်းပဲ ဆက်နေနေရင်တော့ ဘဝရဲ့ အစိတ်အပိုင်းအားလုံးမှာပါ ထိခိုက်ကုန်ပါလိမ့်မယ်။


📌 ၆။ ဆက်ဆံရေး (Relationship)


အပေါ်က တစ်ခုနဲ့ အတော်လေး ဆက်စပ်ပါတယ်။ ဥပမာ ငယ်ဘ၀ အတွေ့အကြုံတွေအရ ငါက အချစ်မခံထိုက်ဘူး၊ လူတွေရဲ့ ချစ်ခင်မှုကို ရဖို့ ငါ့ဘက်ကပဲ အမြဲအားထုတ်ရမယ်၊ ဒီလိုဒဏ်ရာတွေ ပါလာတယ်။ ဒါကို ကုစားနိုင်တယ်၊ ပြောင်းလဲနိုင်တယ်လို့လည်း မထင်ဘူး။


အဲဒါဆို ကိုယ်ဟာ People-pleaser တစ်ယောက် ဖြစ်လာတော့မှာပဲ။ လူတကာအကြိုက် လိုက်မယ်။ ပြောမယ်။ နေမယ်။ ထိုင်မယ်။ ကိုယ့်ကွန်မန့် စာအပြန်မခံရတာလေးကအစ ငါရေးတာ ဘာများမှားသွားလို့လဲ ဆိုတဲ့ အတွေးတွေ ဝင်နေရမယ်။ Healthy boundary တစ်ခု ဘယ်တော့မှ ထားနိုင်မှာ မဟုတ်ဘူး။ Relationship တစ်ခုဟာ Deep ဖြစ်လာလေ၊ ကိုယ့်အနေနဲ့ ကိုင်တွယ်ရ ခက်လေ ဖြစ်လာမယ်။


ဆိုတော့ ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားမှ၊ ဒီဒဏ်ရာတွေကြောင့် ဖြစ်လာတဲ့ ကိုယ့်ရဲ့ Personality ကို ပြင်မှ ရပါလိမ့်မယ်။ မဟုတ်ရင် အိမ်ထောင်ရေးတွေ၊ မိသားစုတွေ မပြောနဲ့၊ အလုပ်မှာတောင် ကိုယ့်ကိုယ်ကိုယ် ပျော်အောင် ထားနိုင်မှာ မဟုတ်ပါဘူး။


🔳 ဒါကြောင့်မို့ ပြောတာပါ။ “အရာရာဟာ Fixed မဟုတ်ဘူး၊ စိတ်ဆန္ဒသာ ရှိမယ်၊ လုံလောက်တဲ့ အားထုတ်မှုလည်း လုပ်မယ်ဆိုရင် ပြောင်းလဲယူလို့ ရနိုင်တယ် ဆိုတဲ့အသိ” စွဲစွဲမြဲမြဲ ရှိထားဖို့ သိပ်အရေးကြီးပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၁၀.၁၂.၂၀၂၃


Photo credit - Pixabay

Comments