သည်ကလေးမလေးကို မကျေးလို့ ခေါ်ကြတယ်။ လူပုံက ခပ်ညှက်ညှက် သေးသေးကလေး။ ပိန်လိုက်တာကလည်း အရိုးစုကလေး ထောင်ထားသလား မှတ်ရတယ်။ မြင်လိုက်ရရင် လေဘေးအင်္ကျီ ဖိုးရိုးဖားရားကြီးနဲ့ မလိုက်အောင် ဘဲမြီးကလေးလို ထွက်နေတဲ့ ဆံပင်စုစည်းကလေးက မကျေးရဲ့ ကိုယ်ပိုင်ရုပ်ပုံလွှာပဲ။ ဘယ်တော့ ကြည့်လိုက်ကြည့်လိုက် ဒါမျိုးနဲ့ချည်းပဲ။ သူ့စတိုင် ထင်ပါရဲ့။ ထဘီကွင်းကျယ်ကျယ်ကို တိုတိုကျစ်ကျစ်ပါအောင် ဝတ်ထားတတ်တယ်။ ဖိနပ်မြီးတိုကလေး တရှပ်ရှပ် စီးတတ်တာကလည်း မကျေးရဲ့ဟန်ပါပဲ။ ဆံပင် နီခြောက်ခြောက်ကလေးတွေ လွင့်ပျံနေတတ်တဲ့ ဆံပင်ပါးပါးနဲ့ အမြဲတမ်း ပြုံးနေတတ်တာကလည်း ချစ်စရာကောင်းတယ် ပြောပါတော့။ ဖိုသီဖတ်သီနိုင်တာ၊ ရှပ်ရှပ်ပျာပျာနဲ့ သွားတတ်လာတတ်တာကတော့ မျိုးရိုးလိုက်တယ်လို့တောင် ပြောရမလိုပါပဲ။ သူ့အမေကလည်း ဒါမျိုးပဲ။
တစ်ခါက မကျေး အသက်ကို ကျွန်မ မေးကြည့်တော့ ဆယ့်နှစ်နှစ်ရှိပြီလို့ ပြောတာပဲ။ ဒါပေမဲ့ လူကောင်ကလေးက အဟန့်သေးတော့ တကယ့်ကို ကျေးငှက်ကလေးတစ်ကောင်နဲ့တောင် တူနေတယ်။ ပါးပါးလျားလျားရှိတဲ့ သူ့ခန္ဓာကိုယ်နဲ့ အလိုက်တလျောမရှိပေမယ့် မကျေးကတော့ သူ့ခေါင်းပေါ်က ပဲပြုတ်တောင်းကြီးကို ဟန်ချက်ကောင်းကောင်းနဲ့ ထိန်းတတ်နေပါပြီ။ တစ်ခါတလေ ပဲပြုတ်တောင်းကြီးကို လက်လွှတ်ပြီး ပိုက်ဆံများတောင် ရေနေတတ်သေး။ ချိန်ခွင်ကို ကိုင်တွယ်ပုံကအစ ပဲကလေးနှစ်စေ့ သုံးစေ့ကို ဧရာမ ရက်ရောမှုကြီးလို အဆစ်သဘောမျိုး ထည့်ပေးပုံအဆုံး တကယ့်ဝါရင့်ပဲသည် မိန်းမကြီးတစ်ယောက်လို လုပ်တတ် ကိုင်တတ် ရှိလိုက်တာမှ။ ဒါကိုကြည့်ရင် မကျေးရဲ့ အတွေ့အကြုံကို မှန်းလို့ ရနိုင်ပါတယ်။
မကျေးတို့ သားအမိ သားအဖတွေက မန္တလေးရဲ့ နေရာသစ်တစ်ခုဖြစ်တဲ့ ကန်တော်ကြီး အနောက်ဘက်ခြမ်းက အသစ်ဆောက်ထားတဲ့ တိုက်တန်းတွေရဲ့ ကျောဘက်မှာ ကိုယ်ပိုင်တဲကလေးတွေနဲ့ နေကြတယ်။ ငါးကန်စောင်းကို မေးတင်ဆောက်ထားတဲ့ တဲကလေးတွေဆိုတော့ ကောင်းကောင်းမွန်မွန် ခိုင်ခိုင်ခံ့ခံ့တော့ မဟုတ်ဘူး။ နေဖြစ်ရုံ နေနေကြတာ။ တဲကလေး အတော်များများက မပြင်တာကြာလို့ အတော့်ကို ဟောင်းနေကြပါပြီ။ ကန်စပ်က ဗေဒါဒိုက်တွေ၊ မြက်ရိုင်းချုံပုတ်တွေ၊ ရေကန်စွန်းရုံတွေက တဲနောက်ဖေးနဲ့ တစ်ဆက်တစ်စပ်တည်း ရောထွေးနေတယ်။ တဲကလေးတွေကို ကြည့်လိုက်ရင် အနားက လေးထပ်တိုက် မြင့်မြင့်ကြီးတွေရဲ့ အရိပ်အောက်မှာ ခပ်ကုပ်ကုပ်ကလေး ဝပ်စင်းနေကြတာမျိုးပေါ့။ သူဌေးပိုင် ငါးကန်ထဲက ရေဂယက်တွေကြား တစ်ခါတစ်ရံ ပွက်ထလာတတ်တဲ့ ငါးကြင်းမျက်ဆံနီကြီးတွေကလည်း သူတို့နဲ့ဘယ်လိုမှကို မဆိုင်တာပါ။ ကန်စပ်မှာ တစ်ပင်တည်း ထီးထီးရှိနေတဲ့ သစ်ခြောက်ပင် ဖြူလျော်လျော်ကြီးကတောင် မကျေးတို့နဲ့ ဘာမှ မပတ်သက်သလိုမျိုး ခပ်တင်းတင်းရယ်။ ခြောက်သယောင်းနေတဲ့ သစ်ခြောက်ပင် ကိုင်းဖျားကိုင်းနားတွေက သူတို့ တဲကလေးတွေကို မလှုပ်မခြောက် ငုံ့ကြည့်နေတာမျိုးပါ။
မနက်စောစော ငါးနာရီလောက်ဆိုရင် မကျေးရဲ့ အသံစာစာက တိုက်တန်းတွေကြားမှာ စူးစူးရှရှကလေး ထွက်လာတတ်တယ်။ တချို့က သူအော်လိုက်မှ ခေါ်ဝယ်တာရှိသလို၊ တချို့ကလည်း ညဦးကတည်းက ကြိုမှာထားကြတာလည်း ရှိရဲ့၊
“ဟောသည်က ပဲသည်၊ ငချိပ်ပေါင်းသည် ….”
“ယူကြဦးမလား … ပဲပြုတ်၊ ငချိပ်ပေါင်း … ပူပူနွေးနွေး …”
သည်အသံက ကျွန်မအပါအဝင် တိုက်ခန်းက လူတွေအားလုံးကို အိပ်ရာထဖို့ ကပျာကသီ ပုတ်နှိုးလိုက်တဲ့ အသံပါပဲ။ မကျေးအသံ ကြားတာနဲ့ ကျွန်မလည်း အိပ်ရာထဲ ဆက်ပြီး ဇိမ်မယူနိုင်တော့ပါဘူး။ ချက်ချင်းလိုလို လူးလဲ ထရတော့တာပါ။ အသံပျောက်တာနဲ့ လူပါပျောက်သွားတတ်တော့ ချက်ချင်းခေါ်နိုင်မှ သေချာတာကလား။ ဘာပဲဖြစ်ဖြစ် မကျေးက ကျွန်မအတွက်တော့ နှိုးစက်နာရီ တစ်လုံးလိုပါပဲ။ သူတို့မှာ နာရီမရှိပေမယ့် သေချာတယ် ပြောပါတော့။
မနက်ခင်း ရှစ်နာရီ ပတ်ဝန်းကျင်လောက် ပဲပြုတ်ရောင်းရာက ပြန်လာရင် ကျွန်မတို့ နေတဲ့ တိုက်ခန်းပေါ်ကို မကျေး တက်လာတတ်တယ်။ ဘာရယ်မဟုတ်ပါဘူး။ ဘယ်သူ ဘာခိုင်းမလဲဆိုပြီး တက်လာတာပါ။ ချွေးစေးကလေးတွေနဲ့ စိုထိုင်းနေတဲ့ နားသယ်စပ်ပေါ်က ဆံပင်တွေကို လက်နဲ့သပ်တင်ရင်း တစ်ခါတစ်ခါ ကျွန်မရဲ့ ဗာဟီရတွေကို ကူလုပ်ပေးနေတတ်တာလည်း ရှိတယ်။ ကျွန်မတို့ အခန်းက အပေါ်ဆုံးထပ် အလယ်တည့်တည့်မှာဆိုတော့ မကျေးတို့ နေတဲ့ တဲကလေးနဲ့ တည့်တည့်လို ဖြစ်နေတာပေါ့လေ။ မနက်လင်းလို့ ပြတင်းတံခါး ဖွင့်လိုက်ပြီး ငုံ့ကြည့်လိုက်တာနဲ့ မျက်နှာချင်း ဆုံနေကြရတာပါ။ သည်တော့လည်း ကျွန်မနဲ့ မကျေးက အပေါ်အောက် အိမ်နီးချင်း၊ ဒါမှမဟုတ် ထောင်လိုက် အိမ်နီးချင်းဆိုပါတော့။ အစတုန်းကတော့ အခန်းလေးဆယ်စီရှိတဲ့ တိုက်တန်းတွေပေါ်က ကျွန်မကို မကျေးက သတိထားမိပုံ မရပါဘူး။ တစ်ရက် ကျွန်မကို ကျောင်းဝတ်စုံကလေးနဲ့ တွေ့လိုက်ရတဲ့နေကျမှ မကျေးက အံ့သြတဲ့မျက်နှာလေးနဲ့ ကျွန်မကို နှုတ်ဆက်တယ်။
"ဪ … ဆရာမက ကျောင်းဆရာမလား” တဲ့။
ကျွန်မက ပြုံးပြလိုက်တော့ ကျောင်းခြင်းတောင်းကို ကူဆွဲရင်းလိုက်ပို့ ရာက ကျွန်မနဲ့ မကျေး ခင်မင်သွားရတာပါ။ ကျွန်မ ကျောင်းသွားချိန်မှာ မကျေး အားနေတတ်တယ်။ ကျောင်းပြန်ချိန်ကျတော့လည်း မကျေးက တာရိုးထိပ် လာစောင့်နေတာပါပဲ။ သည်တော့ သူနဲ့ကျွန်မ ခဏခဏ ဆုံရသလို ဖြစ်နေတာပါ။ ကျွန်မရဲ့ စက်ဘီးကို တာရိုးပေါ်က အဆင်းမှာ ထိန်းကိုင်ပေးရင်း အရည်လဲ့နေတတ်တဲ့ သူ့မျက်ဝန်းက အရောင်တွေကို ကျွန်မ ဖတ်လို့ရပါတယ်။ ကျောင်းနေအရွယ် ကလေးတွေဟာ ဆရာမတစ်ယောက်ဆိုရင် လေးစားချစ်ခင်ရကောင်းမှန်း သိကြတာ ကျွန်မ သိတာပေါ့။ ဆရာ ဆရာမတွေကလည်း ကျောင်းနေအရွယ် ကလေးတွေကို ကိုယ့်တပည့်ကလေးတွေလို အောက်မေ့ကြရတာပဲ မဟုတ်လား။ သည်တိုက်တန်းတွေမှာရှိတဲ့ အခန်းလေးဆယ်ထဲကမှ ကျွန်မကို မကျေးပိုခင်တာကလည်း ကျွန်မက ကျောင်းဆရာမကလေးမို့ လို့ လားလို့ ကျွန်မ တွေးနေမိသေးတယ်။ နောက်တော့ ကျွန်မတွေးတာ မှန်နေတာပါပဲ။
အဲသည်နောက် မကျေးဟာ ကျွန်မဆီ တက်တက်လာပြီး သူနိုင်သမျှ အိမ်အလုပ်တွေကို ကူလုပ်ပေးတော့တာပါ။ တံမြက်စည်း ကူလှဲတာ၊ အမှိုက်သွန်ပေးတာ၊ အိုးခွက်ပန်းကန်တွေ ဆေးကြောပေးတာမျိုးကအစ၊ ဟိုနားသည်နား ဈေးပြေးဝယ်ပေးတာ အဆုံးပေါ့။ ကြုံရာကျရာ အကုန်လုပ်ပေးတော့တာပါ။ မကျေး မလာရင်တောင် ကျွန်မက မျှော်နေတတ်ပြီ။လာရင်လည်း ဆံပင်ဖိုးရိုးဖားရားနဲ့ပါပဲ။ ဥသျှစ်သီးလောက်ရှိမယ့် မျက်နှာကလေးကတော့ ပြုံးလို့ ၊
“ဈေးရောင်းစားရတာ မလွယ်ပါဘူး ဆရာမရယ်၊ စားတော်ပဲဈေးက တစ်ပြည်ကို ခြောက်ရာကျော်သွားပြီ။ ကောက်ညှင်းငချိပ်က ဈေးထဲမှာ တစ်ပြည် နှစ်ရာ့ငါးဆယ်၊ ဝယ်ဈေးကသာ တက်တာပါ ဆရာမရယ်။ ရောင်းဈေးကျတော့ သိပ်တက်လို့ ဖြစ်တာမဟုတ်ဘူး။ ဘယ့်နှယ်လုပ်မှာတုန်း ဆရာမရဲ့၊ လူတွေက ကျွန်မတို့ ဆီကနေ အစိတ်သား သုံးဆယ်သား ဝယ်စားကြတာ မဟုတ်ဘူး။ အစိတ်ဖိုး သုံးဆယ်ဖိုး ဝယ်စားကြတာ။ ကျွန်မကလည်း ရောင်းနေကျ လက်ဆက လျှော့မရဘူး။ ခါတိုင်းလောက် အမြတ်မကျန်တာပေါ့ ဆရာမရယ်”
တစ်ခါတစ်ခါ ဘာတစ်ခွန်းမှ မမေးရဘဲနဲ့ ကျွန်မကို စိတ်လိုလက်ရ ပြောနေတတ်တဲ့ မကျေးရဲ့လေသံက ကလေးတစ်ယောက်ရဲ့ လေသံမျိုး မဟုတ်ဘူး။ သူ့ရှေ့မှာရှိနေတဲ့ ကျွန်မကို အားကိုးတကြီး ရှင်းပြနေတာမျိုးလည်း မဟုတ်ဘူး။ သူနဲ့ရွယ်တူတန်းတူတစ်ယောက်ကို ပေါ့ပေါ့ပါးပါး အလာပသလ္လာပစကား ပြောနေပုံမျိုးပါ။ ကျွန်မကလည်း သူ အဲသလို ပြောတတ်တာကို အလေးအနက် ထားရကောင်းမှန်း အစက မသိခဲ့တာ အမှန်ပါပဲ။ နောက်တော့မှ သူ့စကားတွေဟာ သူ့ဘဝထဲက လာတာပါလားလို့ သတိထားမိသွားတာပါ။
မကျေးအလုပ်က မနက် ပဲရောင်းထွက်ရုံတင် မကပါဘူး။ ညနေတိုင် ပဲကြွေး လည်တောင်းရသေးသတဲ့။ ပဲပြုတ်သည်တွေက များတော့ ညနေထိစောင့်နိုင်တဲ့ ပဲသည် ရောင်းရတာပဲတဲ့။ မကျေးရဲ့ Sales Promotion ထင်ပါရဲ့။
“လူတွေက မနက်တော့ ဟုတ်တိပတ်တိ ယူစားလိုက်ကြတာ ဆရာမရဲ့။ ညနေ အလုပ်ပြန် ပိုက်ဆံပါလာမှ ကျွန်မကို ပဲဖိုးပေးတာလေ။ ရရင်ပြီးတာပဲ၊ ကျွန်မကတော့ သွားတောင်းရတာပေါ့လေ”
သူမို့ မမောနိုင် မပမ်းနိုင် မနက်က ရောင်းခဲ့တဲ့ အိမ်ပေါက်စေ့ကို ညနေတစ်ခေါက် ထပ်သွားနိုင်လေခြင်းလို့ ကျွန်မ စဉ်းစားမိသေးတယ်။ သည်ကြားထဲက ကျွန်မ အလုပ်တွေကိုလည်း ကူမိအောင် လာကူသေးတာပါ။ မကျေးဟာ အရွယ်နဲ့မလိုက် သွက်လက် ချက်ချာသူကလေးဆိုတော့ ကျွန်မကလည်း သဘောကျမိတယ်။ လူပုံသွက်ရုံတင်မကပါဘူး။ မကျေးက မျက်စိရေလည်း အင်မတန်တတ်တာပါ။ တစ်ခါက ကျွန်မတို့ ဇနီးမောင်နှံအပျင်းပြေ ရောင်စုံစက္ကူကလေးတွေ ဒီဇိုင်းကပ်ပြီး အလှဆင်ဖို့ မြေအိုးကလေးတွေ ကပ်ကျော်ဈေးက ဝယ်လာတော့ ဆိုင်က အိုးတွေ မကွဲအောင်ကောက်ရိုးတွေ ခံထည့်ပေးလိုက်တယ်။ ဒါကိုမြင်တော့ မကျေးက မြေအိုးတွေ ကူသယ်ပေးရင်း –
“ဆရာမ၊ ကောက်ရိုးတွေ ဘာလုပ်ဦးမှာတုံး၊ မလုပ်လို့ ရှိရင် ကျွန်မတို့ အိမ်က ကြက်တွေဖို့ ဥကျင်းလုပ်ချင်လို့ ” တဲ့။
ကျွန်မဆိုရင်တောင် သည်လိုစိတ်ကူးမျိုး ဖျတ်ခနဲ ပေါ်မိမှာ မဟုတ်ပါဘူး။ ကျွန်မက “ယူသွားလေ” ဆိုတော့ မကျေးက ချက်ချင်းပဲ ကောက်ရိုးတွေ တစ်မျှင်တစ်စမကျန် ပွေ့ယူသွားလေရဲ့၊ တစ်ခါတလေ ကျွန်မ မအားလို့ ဈေးမသွားနိုင်ရင် မနီးမဝေးက ဈေးကလေးဆီ မကျေးကို လွှတ်ရတယ်။ စာရွက်ပိုင်းကလေးပေါ် ဈေးစာရင်းကလေး ရေးပေးလိုက်။ မကျေးက ဘာတစ်ခုမှ မကျန်ခဲ့စေရဘူး။ တစ်ခါတလေ သူက လိုတာထက်တောင် ပိုလိုက်သေး။
“ဆရာမက ငါးခူ မှာလိုက်တာနော်၊ အစိတ်သား နှစ်ရာတဲ့။ အကောင်က သေးသေးကလေးတွေ။ ဒါနဲ့ ကျွန်မ ဇလားဗီးယားငါး ဝယ်လာခဲ့တယ်၊ လတ်လိုက်တာမှ ဗန်းထဲ ဖျတ်ဖျတ်လူးလို့။ အသားလည်းတစ်တယ် ဆရာမရဲ့။ ကြော်ထားလည်း ကောင်းတယ်၊ ချက်စားလည်း ချိုလိုက်တာမှ”
အဲသလို မကျေးပါ။ ဈေးသွားပေးလို့ သူ့ကို မုန့်ဖိုးပေးရင် မအေကို ပြန်ပေးတတ်တာလည်း ကျွန်မသိထားတော့ သူ့ကို ပေးရတာ ဝမ်းသာရတယ်။ ကျောင်းသွားရ၊ အိမ်မှုကိစ္စတွေ လုပ်ရ၊ တခြားလူမှုရေးတွေနဲ့ လုံးချာရိုက်နေတဲ့ ကျွန်မအတွက်တော့ မကျေးက ကူဖော်လောင်ဖက်ကလေးလည်းဟုတ်၊ ကျွန်မရဲ့ အဖော်ကောင်းကလေးလည်းဟုတ်၊ လက်ဆွဲပုံးကလေး ဆိုပါတော့။ အနေကြာလာတော့လည်း မကျေးကို ကျွန်မ သံယောဇဉ်ဖြစ်မိတာလည်း ပါတာပေါ့။ ထူးဆန်းတာက သည် ပလူမွေးပလူတောင် ကလေးတစ်ယောက်ရဲ့ နှုတ်က ထွက်ကျလာတတ်တဲ့ စကားလုံးတွေကတော့ ကျွန်မအတွက် စာထဲ ပေထဲ မတွေ့ဖူးတဲ့ အတွေးအမြင်တွေ များလားလို့တောင် တွေးမိနေတတ်တယ်။ တစ်ခါတလေလည်း ပြောချင်ရာ တောင်စဉ်ရေမရ ပြောနေတတ်တယ်။ ရွာထဲ ရပ်ထဲက ကြားလာတဲ့ သတင်း လတ်လတ်ဆတ်ဆတ်တွေလည်း ပါရဲ့။
“မကျေး … သည်နေ့ တယ်စောပါလား။ ပဲပြုတ်ရောင်း မသွားဘူးလား"
တစ်မနက်တော့ ကျွန်မတောင် ပြတင်းတံခါးတွေ မဖွင့်ရသေးဘူး။ စောစောစီးစီးပဲ မကျေး ပေါက်ချလာတယ်။ အင်္ကျီ ဖိုသီဖတ်သီ၊ ဆံပင်ဘဲမြီးစုစည်းနဲ့ စပ်ဖြီးဖြီး မကျေးပုံစံက နတ်သမီးပုံပြင်တွေထဲက လူရွှင်တော်ကလေးနဲ့တောင် တူနေသေးတော့တယ်။
“အဟီး… အရုပ်ပြင်းလို့ ဆရာမရေ "
မကျေးက ပြောပြောဆိုဆိုနဲ့ပဲ ကျွန်မလက်ထဲက တံမြက်စည်းကို ဆွဲယူပြီး လှဲတော့တာပါ။ ကျွန်မကတော့ သူပြောတာကို ဖျတ်ခနဲ နားမလည်လိုက်ပါဘူး။ ဘာများ ပြောလိုက်တာပါလိမ့်ပေါ့လေ။
“ဘယ်လို … မကျေး”
“အရုပ်ပြင်းတော့ … အရင်းပြုတ်တာပေါ့ ဆရာမရဲ့၊ အမေ ညက အကြောတွေ မတရားတက်လို့တဲ့။ ဆေးခန်းပြေးရသေးတာ။ တော်သေးတာပေါ့၊ ကျွန်မ တစ်ရင်းပဲ ပြုတ်လို့ ။ အမေ့အရင်း မပြုတ်လို့ တော်သေး။ စောစောစီးစီး မပြောကောင်းဘူးလား၊ ပြောကောင်းသလားတောင် မသိပါဘူး ဆရာမရယ်၊ ဖတ် …ဖတ် ”
မကျေးက တံမြက်စည်းရိုးကို ဒူးနှစ်လုံးကြားညှပ်ပြီး ဘုရားစင်ဘက်လှည့် လက်အုပ်ချီနေလိုက်သေးရဲ့၊ ကျွန်မကတော့ မကျေးကို ဘာမှ ပြန်ပြောမနေတော့ပါဘူး။ ဒါမျိုးက ခဏခဏ ကြားရတော့ ရိုးနေသလိုတောင် ဖြစ်နေပြီကိုး။ မကျေးအဖေက ထင်းလည် ပေါက်တယ်လို့ ပြောတယ်။ လက်ဖက်ရည်ဆိုင်တွေမှာ ပေါက်ရတာ များသတဲ့။ အစ်ကိုကြီးက အိမ်ထောင်ပျက် ကလေးနှစ်ယောက်နဲ့ အိမ်မှာ ကပ်နေတာပါ။ အစ်ကိုလတ်နဲ့ အစ်မက ကြုံရာကျဘမ်း လုပ်တယ်။ မကျေးအောက်က ကလေးက နှစ်ယောက်။ တပြုံတမကြီးရှိတဲ့ စားအိုးကို မကျေးပါ ဝိုင်းထိန်းနေရတော့တာပါ။ ကျွန်မလည်း ကျောင်းသွားဖို့ ကိစ္စ လုံးပမ်းရသေးတာဆိုတော့မကျေးနဲ့ သည့်ထက်ပိုပြီး စကားလက်ဆုံ မကျမိတော့ပါဘူး။ ဒါပေမဲ့ မကျေးရဲ့ ပဲသည် ငချိပ်ပေါင်းသည်ဆိုတဲ့ အသံကလေး မကြားရတော့ ကျွန်မ စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်မအတွက် အိပ်ရာထဖို့ နှိုးစက်နာရီကလေး သံပတ်ပြတ်သွားသလိုတောင် ခံစားလိုက်မိပါသေးရဲ့။ ရက်တစ်ပတ်လောက်နေတော့ ကျွန်မ အိပ်ရာကမထသေးခင်မှာပဲ မကျေးအော်သံ ကြားရပြန်တယ်။
“ဟောသည်က ပဲပြုတ် ငချိပ်ပေါင်း ပူပူနွေးနွေး …”
အသံစာစာကလေးက တိုက်တန်းတွေကြားကနေ စူးစူးအက်အက်ကလေး ပေါ်လာပြန်ပါပကောလား။ ကျွန်မ နှိုးစက်ကလေး ဘယ်သူများ ပြင်ပေးလိုက်တာပါလိမ့်။ ပဲရောင်းကအပြန် မကျေးတက်လာတော့ ကျွန်မက တခုတ်တရ မေးကြည့်မိတယ်။
“မကျေး … ဒီနေ့ ပဲရောင်းထွက်တယ်ပေါ့”
ကျွန်မ ဘာကိုမေးချင်တာလဲဆိုတာကို မကျေး သဘောပေါက်ပုံရတယ်။ ရှုပ်ပွနေတဲ့ သူ့ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်းက ကျွန်မကို ပြုံးကြည့်လိုက်သေးတာပါ။ စကားလုံးတွေ ရွေးချယ်နေတာမျိုး။
“ဟိုလေ … လာလာ ဆရာမ ကျွန်မပြမယ်။ ဟိုး… ငါးကန်ထိပ်က အိမ်မည်းမည်းကြီးလေ၊ တွေ့လား ဆရာမ”
ပြတင်းပေါက်နားအထိ ကျွန်မလက်ကို ဆွဲခေါ်သွားတဲ့ပြီး ငါးကန်ရဲ့ တစ်ဘက်ကမ်း ခပ်ဝေးဝေးက ရေနံချေးသုတ် ပျဉ်ထောင်အိမ်ဟောင်းကြီးကို လက်ညှိုးထိုးပြတယ်။ ကျွန်မ မေးခွန်းက တခြား၊ မကျေးပြနေတာကတခြား။ သူ ဘာကိုဆိုလိုတာပါလိမ့်။ ရေကန်တစ်ဘက်က အိမ်တန်းတွေကြားမှာ ပျဉ်ထောင်အိမ်ကြီးက တော့်တော့်ကို မြင်သာပါတယ်။
“အင်း … အင်း … အဲသည်အိမ်ကြီးက ဘာဖြစ်သလဲ”
“အိမ်ကြီးက ဘာမှမဖြစ်ပါဘူးဆရာမရဲ့၊ ကျွန်မက ဖြစ်တာပါ”
မကျေးက မျက်နှာကလေး ပြုံးထားရင်းက သူ့ရင်ဘတ်ကိုလည်း သူ့လက် သေးသေးကလေးတွေနဲ့ ပုတ်ပြနေသေးရဲ့၊ ကျွန်မမှာ သူနဲ့နေရတဲ့အချိန်ကလေးတိုင်းမှာ တစ်မျိုးတော့ ပျော်စရာကောင်းတယ်လို့ ထင်နေမိတယ်။ ကျွန်မတို့ ဘဝ ကျွန်မတို့ အသိုင်းအဝိုင်းထဲက စိတ်တင်းကျပ်မှုမျိုးတွေ မကျေးတို့ မှာ မရှိဘူး။ သူတို့ ဘဝက ရှိရင်စားမယ်၊ မရှိရင် မစားဘူးဆိုတာကလွဲရင် ဘာစိတ်အနှောင်အဖွဲ့မှ မခံရတာကတော့ ကျွန်မတို့ ထက်သာပါတယ်။
“အဲသည်အိမ်က ငွေထုတ်ပေးတယ် ဆရာမရဲ့၊ ကျွန်မရဲ့ ပဲပြုတ် ဖောက်သည်အိမ်ပါ။ ဟိုတုန်းကတော့ ကျွန်မတို့ ငွေသွားယူရင် မပေးဘူး။ မယုံလို့လေ။ နောက်တော့ ကျွန်မက ပဲပြုတ်ကလေး၊ ငချိပ်ပေါင်းကလေး ပိုပက်ထည့်ပေးပြီး တဖြည်းဖြည်းရင်း သွင်းယူရတာလေ။ အခုတော့ သူတို့က ငွေတိုးနဲ့ ပိုက်ဆံတစ်ထောင် ထုတ်ပေးလိုက်လို့ ကျွန်မ ပဲပြုတ်တောင်း ခေါင်းပေါ်ပြန်တင်နိုင်တာ ဆရာမရေ …"
မကျေးကို ကြည့်ရင်း ကျွန်မ အတော့်ကို စိတ်မကောင်း ဖြစ်သွားမိတယ်။ သူများကို အတိုးအညွန်ပေးဖို့ သူကစပြီး ရင်းလိုက်ရတာကိုပဲ မကျေးက ဂုဏ်ယူနေတဲ့ပုံပါ။ ကျွန်မကသာ ဖြစ်နေတာပါ။ မကျေးကတော့ ဘယ်လိုမှတောင် ခံစားရပုံ မပေါ်ပါဘူး။ ရင့်ကျက်နေလိုက်ပုံများတော့။
“နေပါဦး… ငွေတိုးက ဘယ်လိုဆပ်ရတာလဲ”
“ဪ … တစ်နေ့ကို ငါးဆယ် သွင်းသွင်းသွားရတာ အရက်နှစ်ဆယ်သွင်းပြီးရင် အရင်းကျေရော။ နောက်ထပ်လေးရက်က အတိုးတွက် ဆပ်ရတယ်။ စုစုပေါင်း နှစ်ဆယ်နဲ့ လေးရက်ဆိုရင် ပြီးပြီ။ လိုချင်သေးရင်နောက်ထပ် ယူရုံပဲ။ ငွေတိုးက ကိုက်တယ်ဆရာမရဲ့၊ ပြီးပြီးပျောက်ပျောက်လေ၊ ပေးရတာကလည်း မသိသာဘူး”
မကျေး အပြောအရဆိုရင် အတိုးက နှစ်ရာပေါ့။ ကျွန်မကတော့ မကျေးရဲ့ ငွေတိုးက ကိုက်တယ်ဆိုတဲ့ စကားကလေးအပေါ်မှာ မကျေမလည် ဖြစ်ကျန်ရစ်ခဲ့တယ်။ မကျေးရဲ့ တွက်နည်းကို တဖြည်းဖြည်းနဲ့မှ ကျွန်မ သဘောပေါက်လာမိတယ်။ မကျေးက ဈေးတွက် တွက်တတ် နေပါရောလား။ စီးပွားရေးစာအုပ်တွေမှာ ဖတ်ရတဲ့ “သူမနာ ကိုယ်မသာ”(Win/ Win Strategy) ဆိုတာမျိုး ထင်ပါရဲ့။
“အံမယ်လေး၊ ကြောက်ပါပြီတော့၊ နောက် မကစားတော့ပါဘူး အမေရဲ့။ အံမယ်လေး နာတယ်တော့။ အမေ့ ကြောက်ပါပြီ အီး .. အီး”
ညနေစာ စားပြီးလို့မှ ပန်းကန်ခွက်ယောက်တွေတောင် မသိမ်းရသေးဘူး။ အောက်ဘက် တဲကလေးတွေဆီက ရိုက်နှက်ငိုသံတွေကြောင့် ကျွန်မအောက်ကို ငုံ့ကြည့်လိုက်တော့ ကျွန်မရဲ့ မကျေး ဖြစ်နေတာကိုး။ သူ့အမေက ဒူးနှစ်လုံးကြားထဲသွင်းပြီး ရိုက်နေတာကို မြင်နေရတယ်။ စောစောကလေးကမှ ကျွန်မတို့ ဆီကနေ ဆင်းသွားတာပဲ၊ ဘာများဖြစ်တာပါလိမ့်။ ကျွန်မလည်း မနေသာတော့ဘဲ အောက်ကို ဆင်းသွားမိတယ်။ ကျွန်မ အောက်ကိုရောက်တော့ မကျေး သူ့အမေရဲ့ ဒူးနှစ်လုံးကြားက လွတ်နေပါပြီ။ မအေက လက်ထဲ တုတ်တစ်ချောင်းကိုင်ထားတုန်း။
“ဘာဖြစ်လို့ လဲ အဒေါ်ရဲ့”
ကျွန်မက ပါးစပ်ကမေးရင်း မကျေးကို သူ့အမေတုတ်ချက်က ဝေးလောက်တဲ့နေရာကို ဆွဲထုတ်လိုက်တယ်။ မကျေးရဲ့ ဘဲမြီးကော့ဆံပင်စုစည်းကလေးကို သူ့အမေက ဆွဲဆောင့်ထားပုံ ပေါ်တယ်။ ပြေကျလို့။
ဆံပင်ခြောက်ခြောက်တွေက မစုမသိမ်းနဲ့ မျက်ရည်တွေနဲ့ရောလို့။
“ဆရာမရယ် … ပြောမပြောချင်ပါဘူး။ မကျေးက မိုက်လုံးကြီး လွန်းလို့ပါ။ နေ့လယ်က ဟိုဘက်တဲတွေသွားပြီး ပိုလိုကားထပ်တာလေ၊ ငွေတစ်ရာ ရှုံးသတဲ့။ ဖြစ်ရပုံများ ဆရာမရယ်။ ဟီး ... ကျွန်မတို့မှာ ငွေတစ်ရာမပြောနဲ့ ကလေးမုန့်ဖိုးတောင် မနည်းကြီး။ ဟီး ..”
မကျေးအမေက မြေကြီးပေါ် ငုတ်တုတ်ထိုင်ချရင်း ငိုတော့တာပါပဲ။ မကျေးကတော့ မျက်ရည်စီးကြောင်းတွေကြားက မလုံမလဲ မျက်ဝန်းတွေနဲ့ ကျွန်မကို လှမ်းကြည့်တယ်။ ကျွန်မ သူ့ကို အပြစ်ပဲတင်ရမလား၊ နှစ်သိမ့် လိုက်ရမှာလား။ ဘာဆက်လုပ်ရမှန်း မသိအောင်ပါပဲ။ သည်အရွယ်ကလေးနဲ့ ငွေတစ်ရာရှုံးအောင် ပိုလိုကားထပ်ကစားတယ် ဆိုတဲ့ မကျေးကိုလည်း အတော် အံ့သြသွားမိတယ်။ စိတ်မကောင်းတဲ့ကြားက ရယ်လည်းရယ်ချင်မိပါသေးရဲ့။ ငွေတစ်ရာရှုံးအောင် ပိုလိုကားချပ်ထပ်သတဲ့လား။ ဖြစ်ရလေ။
“ဘယ်မှာလဲ ကျန်တဲ့ပိုက်ဆံ၊ ယူခဲ့"
မကျေးအမေက ထဘီစနဲ့ မျက်ရည်တွေသုတ်ရင်း မေးတော့ မကျေးက တဲကလေးထဲဝင်ပြီး ပိုက်ဆံတွေ ယူပေးတယ်။ မျက်လုံးတွေကတော့ မအေ့လက်ထဲက တုတ်ကို လှမ်းကြည့်နေတာပါ။
“ဟိုအိမ်ကို ငါးဆယ်ပေးပြီးပြီလား”
"ပေးခဲ့ပြီ”
ပိုလိုကားကို တစ်ရာရှုံးအောင် ကစားပေမယ့် သူပေးစရာရှိတာတွေကိုတော့ မှတ်မှတ်ရရ ပေးဖော်ရတဲ့ မကျေးကို အပြစ်မတင်တော့ဘဲ ကျွန်မ အပေါ်ပြန်တက်ခဲ့တယ်။ ပိုလိုကားချပ် ထပ်တယ်ဆိုတာ ကျွန်မတို့ ငယ်ငယ်ကတည်းက ကစားနည်းပါ။ ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ကားချပ်ကြေးပါပဲ။ ရှုံးရင် ကားချပ်တွေ ပေးလိုက်ရတာပဲ ရှိတာပါ။ ငွေနဲ့ကြေးနဲ့ဆိုတာမျိုး ရှိရင်တောင် နည်းတယ်။ အခန်းကိုရောက်တော့ ကျွန်မအပြန်သတင်းကို စောင့်နေတဲ့ ကျွန်မရဲ့ခင်ပွန်းက လှမ်းမေးတယ်၊
“မကျေး … ဘာဖြစ်လို့ အရိုက်ခံရတာလဲဟ”
"ပိုလိုကားထပ်တာ ငွေတစ်ရာရှုံးလို့ တဲ့လေ၊ ပဲရောင်းတဲ့ငွေထဲက နေမှာပေါ့။ မကျေးကလည်း မကျေးပါပဲ။ ပိုလိုကားထပ်တယ်ဆိုတာ ကျွန်မတို့ ငယ်ငယ်က ကစားတဲ့အတိုင်းပဲလား၊ အခုတစ်မျိုးလားတောင်မသိပါဘူး”
ကျွန်မ ပြောလိုက်တော့ သူက ရယ်တယ်။ သူလည်း ပိုလိုကားချပ်တွေ ထပ်ခဲ့ဖူးပုံပေါ်ရဲ့၊ ပြတင်းဝကို ခပ်ငေးငေးကြည့်ရင်းက ကျွန်မကိုပြောနေတယ်။
“အခုခေတ်ကတော့ မင်းသား မင်းသမီးပုံတွေ ထပ်ကြတာနေမှာပေါ့။ မင်းသမီးချင်းတူရင် မင်းသားချင်းတူရင် နိုင်တာမျိုးထင်ပါရဲ့၊ တို့တုန်းက ပိုလိုကားထပ်တယ်ဆိုတာ စီးကရက်ဘူးခွံချင်း တူရာတူရာ ထပ်ကြတာကို ခေါ်တာ။ လန်ဒန်၊ ဂိုးဖလိပ်၊ ဘလက်ကတ်၊ ကပ္ပီတန်၊ ထရစ်ပယ်ကွိုင်း၊ ကာစတန် စသဖြင့် စီးကရက်ဘူးခွံမျိုးစုံကို အချပ်ကလေးတွေဖြစ်အောင် ကပ်ကျေးနဲ့ ညှပ်ပြီး သားရေပင်နဲ့ စည်းထားကြတာ။ စီးကရက်ဘူး တံဆိပ်ချင်းတူရင် တူအောင်ထပ်နိုင်တဲ့လူက နိုင်တာပဲ။ အခုလည်း မင်းသား မင်းသမီးပုံ ထပ်တာပေမယ့် ပိုလိုကားထပ်တယ်ခေါ်ကြတုန်းထင်ပါရဲ့”
“နေပါဦး၊ အဲဒါကို ပိုလိုလို့ ဘာလို့ ခေါ်ကြတာလဲ”
“စီးကရက်တံဆိပ်တစ်မျိုးက မြင်းစီးရင်း ကျေးသားရိုက်တာမျိုးပုံနဲ့ ထွက်ဖူးတယ်။ အင်္ဂလိပ်လိုက ပိုလိုကစားတယ်ခေါ်တာကိုး။ ဒါကြောင့် ရှေးမြန်မာတွေက စီးကရက်လို့ ခေါ်ဖို့ ခက်တော့ ပိုလိုခေါ်ကြတာ။ နတ်ကိုစီးကရက်ဆက်တာတောင် ပိုလိုဆက်တယ် ပြောကြတာပဲလေ”
နောက်ရက်တွေမှာတော့ မကျေး ဈေးရောင်းသံ မကြားရပြန်ပါဘူး။ ဒါပေမဲ့ ကျွန်မဆီကိုတော့ ပုံမှန်အတိုင်းပဲ လာတယ်။ တံမြက်စည်း ကူလှဲ၊ အမှိုက်ပစ်၊ ပန်းကန်ခွက်ယောက်တွေ ကူဆေး လုပ်ပေးမြဲပါပဲ။ ကျွန်မက မကျေးကို ဈေးမရောင်းပြန်ဘူးလားလို့ တမင်မမေးဘဲ နေလိုက်တယ်။ နောက်မှ မကျေးကို မုန့်ဖိုးပေးရင်းနဲ့ ကျွန်မ မေးမိတယ်။
“မကျေး၊ ဆရာမပေးတဲ့မုန့်ဖိုးတွေလည်း ပိုလိုကား ကစားပစ်တာပဲမှုတ်လား”
“မကစားပါဘူးဆရာမ။ ကျွန်မ မုန်ဝယ်စားတာပါ” တဲ့။
တစ်ရက်တော့ ကျွန်မ ကျောင်းကထုတ်လာတဲ့ စုကြေးငွေကလေးထဲက ငွေတစ်ထောင် မကျေးကို ဈေးရောင်းဖို့ ထုတ်ပေးလိုက်တယ်။ ပေးချင်နေတာ ကြာပြီဆိုပေမယ့် စုကြေးရမှ ကျွန်မလည်း ပေးနိုင်တာမှုတ်လား။
“မကျေး … ဆရာမက အတိုးပေးတာ မဟုတ်ဘူးနော်၊ သမီး ဈေးရောင်းပြန်လာရင် ဟောသည် စုဘူးကလေးထဲကို ငွေငါးဆယ် လာလာထည့်။ တစ်ထောင်ပြည့်တဲ့အချိန် ရပ်လိုက်ပေါ့ ဟုတ်လား”
ကျွန်မ ပေးလိုက်တဲ့ ငါးရာတန်နှစ်ရွက်ကိုယူပြီး မကျေးတစ်ယောက် ဝမ်းသာအားရနဲ့ ခုန်ပေါက် ပြေးဆင်းသွားတယ်။ နောက်တစ်နေ့ မနက်မှာတော့ မကျေးရဲ့အသံ စူးစူးမြမြကလေးက တိုက်တန်းတွေကြားထဲ ထိုးဖောက်ဝင်လာပြန်တယ်။ ညနေတိုင်ကျရင် မကျေးဟာ ငွေငါးဆယ် လက်ကဆုပ်ပြီး ကျွန်မ အခန်းထောင့်က မြေအိုးစုဘူးကလေးထဲ လာလာ ထည့်တယ်။ ဘယ်နှရက်ရှိသွားပြီဆိုတာ ကျွန်မကတော့ မတွက်မိပါဘူး။ ရက်မပျက်တော့ ထည့်နေတာ တွေ့တာပဲ။
“ရှစ်ရက်ရှိသွားပြီ ဆရာမ။ ဟိုအိမ်ကြီးကငွေလည်း ကျေကာနီးပါပြီ” တဲ့။
ဟိုအိမ်ကြီးကို ငွေပေးစရာ ကျန်နေသေးတာ ကျွန်မ သတိမထားမိပါဘူး။ မကျေးကတော့ တစ်ဘက်ကိုလည်း ပုံမှန် ဆပ်နေရတယ် ထင်ပါရဲ့။ အိမ်ကြီးကိုလည်း ဆပ် ၊မြေစုဘူးထဲလည်းထည့်ဆိုတော့ သည်ရက်တွေထဲ ကသီလင်တ ဖြစ်နေပုံပေါ်တယ်။
“ဟိုအိမ်ကြီးကိုရော၊ ဆရာမဆီရော ပေးနေရတာလား မကျေး”
“ဟုတ်တယ် ဆရာမ။ ခါတိုင်း အမြတ်ငွေကို အမေ့ပေးရတာလေ။ အခု အမေက ငါ့ကို အရင်းသာပေးတဲ့။ အမြတ်ထဲက အကြွေးကျေအောင်ဆပ်တဲ့”
“ဪ…”
ဖယောင်းပုဆိုး ကြမ်းခင်းကို အဝတ်ရေစိုနဲ့ ပွတ်တိုက်နေတဲ့ မကျေးကို ကြည့်ရင်း ကျွန်မ သက်ပြင်းဖွဖွ ချလိုက်မိတယ်။ အမြတ်ငွေ့နဲ့ အကြွေးဆပ်သတဲ့လား။ ဒါဆို အမြတ်ငွေဟာ အကြွေးဆပ်ဖို့ ဖြစ်နေတာပေါ့။ ကျွန်မမှာ မကျေးပြောတာတွေကို စဉ်းစားတွေးတောရင်း ကျန်ရစ်ခဲ့တယ်။ မနက်ခင်း ဈေးရောင်း၊ ညနေကြွေးတောင်း၊ အမြတ်ကလေးကိုဖဲ့ဆပ်။ မကျေးဟာ အစာမဝဘဲ အိပ်တန်းဝင်ရတော့မယ် ငှက်တစ်ကောင်လိုပါပဲလား။
ကျွန်မ အခန်းထောင့်က မြေအိုးစုဘူးကလေးထဲကို မကျေး ငွေဘယ်လောက်ဝင်သွားပြီလဲ ကျွန်မ မသိပါဘူး။ ဒါပေမဲ့ မကျေးရဲ့ ဈေးရောင်းသံက မကြားရပြန်ဘူး။ တစ်ခါတလေ တိုက်တန်းတွေကြား ဖန်ခုန်တမ်း ကစားနေတဲ့ မကျေးကို တွေ့လားတွေ့ရဲ့၊ တစ်ခါတစ်ရံကျတော့ ငါးကန်စပ်က ရေကန်စွန်းရွက်တွေ ခူးလားခူးနေရဲ့။ တစ်ခါတော့ ဆန်ကာကုံးကြီးကိုင်ပြီး ငါးကန်ထဲ ပေါင်လည်လောက် မြှုပ်တဲ့အထိ ဆင်းချည်တက်ချည် လုပ်နေတဲ့ မကျေးကို မြင်တော့ ဘာလုပ်တာလဲလို့ကျွန်မ မေးကြည့်မိတယ်။
“ငါးသေကလေးတွေ ပေါလောမျောနေတာကို ဖမ်းတာလေ ဆရာမရဲ့။ ငါးသေတွေကိုတော့ ကျွန်မတို့ ဖမ်းလို့ ရပါတယ်”
ငါးမွေးကန်ထဲက တဖျပ်ဖျပ် လူးထလာတတ်တဲ့ ငါးအရှင်တွေကိုတော့ မကျေးတို့ မဖမ်းဝံ့ကြပါဘူး။ သည်လို စည်းမလုံတဲ့ ဘဲကလေးတွေက ငါးခိုးဖမ်းသတဲ့ဆိုတဲ့ သတင်းအစအနကလေးတွေ အန်ကျလာရင် ငါးကန်စောင်းမှာ မေးတင်ထားတဲ့ မကျေးတို့ တဲကလေးတွေ သက်ဆိုးရှည်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ညနေတိုင်ကျရင်တော့ မကျေးဟာ မြေစုဘူးကလေးဆီ လာမြဲလာနေတာပါ။ ကျွန်မက မကျေးကို ဈေးမရောင်းဘူးလားလို့ မမေးချင်တာနဲ့ပဲ သည်အတိုင်း နေခဲ့တယ်။
”လူတွေက မကောင်းဘူးနော် ဆရာမ”
“ဘယ်လို...”
ထူးထူးဆန်းဆန်း မှတ်ချက်ချလိုက်တဲ့ မကျေးရဲ့စကားကြောင့် ကျွန်မ မျက်ခုံးပင့်လိုက်မိတယ်။
“ဟုတ်တယ် ဆရာမရဲ့၊ အကြွေးယူပြီး ပေးချင်ကြတာ မဟုတ်ဘူး။ ကျွန်မ ပဲရောင်းရတာကိုပဲ ကြည့်လေ၊ အကြွေးယူစားပြီး တောင်းမရတော့ ရှိတဲ့အရင်းကလေး သူတို့ ဖဲ့ကျွေးရတာနဲ့ပဲ ပဲ့ပဲ့ကုန်တော့တာပါပဲ”
ဒါဆို မကျေး ပဲပြုတ် မရောင်းနိုင်တာ အကြွေးကျလို့ ဆိုတဲ့သဘောပေါ့။ သူပဲ အမျိုးမျိုးလေ။ အရင်းဖဲ့ကျွေးရတာ ပဲ့ကုန်တာပါပဲ ဆိုတဲ့စကားကို သူသုံးလိုက်တာကို ကျွန်မ အံ့သြနေမိတာပါ။
“ဈေးသည်ဆိုတာ အကြွေးမရောင်းရဘူးတဲ့။ ဆရာမတို့ အဖေက ပြောဖူးတယ်။ အကြွေးရတဲ့ ဆိုင်ဆိုရင် လူတွေက လက်ငင်း မဝယ်ချင်ကြတော့ဘူးတဲ့။ အကြွေးနဲ့ရောင်းတဲ့ဆိုင်ကို အကြွေးကသတ်တာပဲတဲ့။ အကြွေးမရောင်းနဲ့ပေါ့ မကျေးရဲ့”
ဈေးရောင်းဈေးဝယ် နားမလည်တဲ့ ကျွန်မက ဆရာမလေသုံးပြီး ပြောတော့ မကျေးက တစ်ချက်တော့ တွေသွားသေးတယ်။ ဘယ်လိုရှင်းပြမှ နားလည်မှာပါလိမ့်ဆိုတဲ့ မျက်နှာလေးနဲ့ပါ။ ပြီးတော့မှ အေးအေးသက်သာ လေကလေးနဲ့ပြောတယ်။
“ဆရာမ အဖေက ပဲမရောင်းဘူးလို့ပါ ဆရာမရဲ့၊ အကြွေးမပေးပြန်ရင်လည်း ဖောက်သည် မမြဲမှာ စိုးရသေးတာလေ။ မနက်တိုင်း လမ်းတကာမှာ ကျွန်မတို့လို ပဲပြုတ်သည်တွေက အများကြီးရယ်။ သည်လို ဟောင်းပေးသစ်ယူ လုပ်ကြရတာပဲ။ ဒါပေမဲ့ အဟောင်းကို အပတ်ကျော်လိုက်ကြတော့ ကျွန်မတို့က နလံမထူတော့ဘူး။ အင်း.…. ကျွန်မတို့ ယူရတဲ့ ပိုက်ဆံကျတော့ တစ်နေ့လောက် မဆပ်ဖြစ်ရင် အိမ်မည်းကြီးက သူတို့ စီးပွားများ ချက်ချင်း ပျက်သွားတော့မယ့်အတိုင်းပဲ။ သည်တော့ မချန်ရဲဘူး။ ဆပ်ရတာပဲ ဆရာမရယ်။ ကြွေးတင်တာချင်း ကွာချက်တော့”
မကျေးပြောနေတဲ့ ဈေးကွက် အခြေအနေတွေကို နားထောင်ရင်း ကျွန်မခေါင်းတွေ ရှုပ်ထွေး နောက်ကျိလာတယ်။ သူပြောတာတွေ သူတွေးတာတွေဟာ ကျွန်မ ထိစပ်နေတဲ့ ဘဝပတ်ဝန်းကျင်မှာ ဘယ်တုန်းကမှမရှိတဲ့ အကြောင်းအရာတွေ မဟုတ်လား။ သည်အရွယ်နဲ့ သည်လိုအတွေးတွေ ကြွယ်ပိုးကြွယ်ဝ ဖြစ်နေတဲ့ မကျေးကိုလည်း ခပ်စိမ်းစိမ်းပဲ ကြည့်နေမိတယ်။
မနေ့ တစ်နေ့ကတော့ မကျေး အရိုက်ခံရသေးသတဲ့။ ကျွန်မ ကျောင်းသွားနေတုန်း ရိုက်တာဆိုတော့ မြင်တော့ မမြင်လိုက်ရပါဘူး။ မကျေးရဲ့မောင်လေးက ကျွန်မစက်ဘီးကို ဆီးကြိုရင်း သတင်းပေးတာပါ။ မကျေးကလည်း ရှက်လို့ ပဲလား၊ မလာချင်လို့ပဲလားတော့ မသိဘူး။ တိုက်ခန်းပေါ် တက်မလာဘူး။ ကျွန်မက ညနေခင်း တီဗွီချိန်ကျတော့ မနေနိုင်တော့ဘူး။ မကျေး တီဗွီကြော်ငြာတွေကြိုက်တာ ကျွန်မသိတာကိုး။
“မကျေးရေ … မလာတော့ဘူးလား၊ ကြော်ငြာတွေ လာနေပြီလေ”
မှောင်နဲ့မည်းမည်း မကျေးတို့ တဲကလေးဆီက ထူးသံမကြားရပါဘူး။ ခဏနေတော့မှ မအေက ဇွတ်ထိုးလွှတ်လိုက်လို့ တက်လာရတဲ့ပုံစံနဲ့ မကျေး တက်လာတယ်။ မျက်နှာကလေးက မချိုမချဉ်နဲ့။ ဆံပင်တွေက ပွယောင်းယောင်း။ လေဘေးအနွေးအင်္ကျီ ဖိုးရိုးဖားရားနဲ့၊ ရေမချိုး မိုးမချိုးဆိုတော့ငြီးစီစီအနံ့များလည်း ထလို့။
“မကျေး … ပိုလိုကား ကစားပြန်ပြီဆို။ ဆရာမကြားတယ်”
မကျေးက ကျွန်မကို မရဲတရဲ မော့ကြည့်ရင်း သက်ပြင်းတွေ ဘာတွေများ ချလိုက်လို့။ ခေါင်းကလေးငုံ့ ရင်း ကျွန်မကို မကြည့်ဘဲပြောတယ်။
“ဟုတ်တယ် ဆရာမ၊ ကျွန်မ ကစားမိပါတယ်။ ပိုလိုကားထပ်ရတာ ကျွန်မ သိပ်ပျော်တာပဲ။ အရုပ်ကားကလေးနှစ်ချပ် တူသွားရင် ကျွန်မရင်ထဲ ဘယ်လိုဝမ်းသာနည်း ဝမ်းသာမှန်းမသိဘူး။ ကျွန်မ မကစားရရင် မနေနိုင်ဘူး ဆရာမရဲ့”
ကျွန်မတောင် လန့်သွားတယ်။ သည်လို ဖြေလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး။ မှန်တာပြောတာကိုတော့ ကျွန်မ ဝမ်းသာမိပါတယ်။
“မနေနိုင်ဘူးဆိုပေမယ့် လမ်းဘေး ပဲတောင်းချပြီး ပိုလိုကားကစားတာဟာ မိန်းကလေး လုပ်ရမယ့်အလုပ် မဟုတ်ဘူးလေ၊ ဆင်ခြင်မှပေါ့။ ဒါနဲ့ နေစမ်းပါဦး။ ဘယ်သူတွေနဲ့ကစားတာလဲ”
“ပန်းရောင်းတဲ့ ကောင်မလေးတွေနဲ့ပါ။ ကျွန်မနဲ့ ရွယ်တူတွေလေ။ ဟိုဘက်တဲက …”
“ဘယ်လောက်ရှုံးလို့ လဲ။ အရိုက်ခံရတယ်ဆို”
“ရှုံးလို့ အရိုက်ခံရတာ မဟုတ်ပါဘူး။ နိုင်တာက နိုင်ပါတယ်၊ အမေက ကစားလို့ ရိုက်တာပါ”
ပကတိ ကလေးတစ်ယောက်လို ကြည်စင်နေတဲ့ မကျေးရဲ့မျက်နှာ မည်းညစ်ညစ်ကလေးကို ကျွန်မ ငေးကြည့်နေမိတယ်။ သူနဲ့အတူ ကစားတဲ့ ပန်းသည်ကောင်မလေးတွေကိုလည်း ပုံတူ ပိုလိုကားချပ်တွေလိုပဲ မျက်စိထဲ မြင်ယောင်လာမိတယ်။ မကျေးဟာ မိဘအခြေအနေကိုလည်း သိ၊ မိဘ မကြိုက်မှန်းလည်း သိရက်နဲ့ သူ ဘာဖြစ်လို့ ကစားရတာလဲ။ ပြီးတော့ ပိုလိုကားထပ်တာကို ကျွန်မ မကြိုက်မှန်းလည်း သူသိတယ်။ ဒါကိုပဲ မကျေးက ဘာဖြစ်လို့ သဲကြီးမဲကြီး ဖြစ်နေရတာလဲ။ ပျော်လို့ ကစားတာပါဆိုတာကကော တကယ်ဟုတ်ရဲ့လား။
”ပိုလိုကားထပ်ရတာ ပျော်လို့ ဆိုတာ ဟုတ်ရဲ့လား မကျေးရယ်။ ဆရာမကတော့ ပျော်လို့ ကစားတာလို့ မထင်ပါဘူး” ဆိုတော့ မကျေးရဲ့ မျက်နှာကလေးက တည်သွားတယ်။ ခေါင်းကလေးလည်း ငုံ့သွားတယ်။ ဆံပင်နီခြောက်ခြောက်တွေကလည်း တဖွားဖွားလွင့်လို့ ။ ခဏနေတော့ဟီးခနဲ တစ်ချက်ရယ်လိုက်သေးတယ်။
“ပျော်လို့ ရယ်လို့လည်း မဟုတ်ပါဘူး ဆရာမရယ်။ ကျွန်မနိုင်ရင် အမေ့ကို ပေးချင်လို့ပါ။ ပိုလိုကားထပ်ရတာ ပဲရောင်းရတာနဲ့ မတူဘူး ဆရာမရဲ့။ အကြွေးမကျဘူး။ နိုင်ရင်လည်း လက်ငင်း၊ ရှုံးရင်လည်း လက်ငင်းပဲ။ ပိုလိုကားချပ်ထပ်တာမှာတော့ အကြွေးမရှိဘူးရယ်”
မကျေးကိုကြည့်ပြီး ကျွန်မ အံ့သြလိုက်တာလေ။ မကျေးကတော့ ကျွန်မကို မကြည့်ပါဘူး။ တီဗွီဖန်သားပြင်ပေါ်က ကြော်ငြာတွေ တစ်ကွက်ပြီးတစ်ကွက် ပြောင်းသွားတာကို ငေးကြည့်နေလေရဲ့။ သူ့စိတ်ထဲမှာ ကြော်ငြာထဲက မင်းသား မင်းသမီးတွေကို ပိုလိုကားချပ်တွေလို့များ ထင်နေသလား မပြောတတ်ပါဘူး။ သူရိုက်တဲ့ ပိုလိုကားချပ်တွေကလည်း သည်မင်းသား သည်မင်းသမီးတွေကိုး။ ကြော်ငြာကတ်တွေကိုတောင် စိတ်ကူးနဲ့ ပိုလိုကား ထပ်နေသလား မသိပါဘူး။ တီဗွီကို ပြုံးကြည့်နေသေးတာ။ တီဗွီကြော်ငြာတွေကတော့ ဒွေးပေါ်လာလိုက်၊ အိန္ဒြာကျော်ဇင်ပေါ်လာလိုက်၊ ထက်ထက်မိုးဦး ပေါ်လာလိုက်၊ လွင်မိုး ပေါ်လာလိုက်၊ ခဏနေတော့ မကျေး မျက်နှာကလေး တည်သွားတယ်။ စိတ်ကူးနဲ့ ပိုလိုကားချပ် ထပ်တာတောင် မကျေးရှုံးတယ်နဲ့တူပါရဲ့။
ခင်ခင်ထူး
ရွှေအမြုတေမဂ္ဂဇင်း၊ ၂၀၀၂ခုနှစ်၊ မေလ


Comments
Post a Comment