![]() |
| (သွေးသောက်မဂ္ဂဇင်းပါ မူရင်းသရုပ်ဖော်ပုံ ၊ Special Thanks to "Tin Min Htet") |
ညနေ ငါးနာရီထိုးလျှင် ချစ်သူလာမယ် ။ ငါးနာရီထက် ဘယ်နည်းနှင့်မှ ပို၍ စောပြီးမပြန်နိုင်သည်ကို သိသည်။ လေးနာရီထိုးကတည်းက စောင့်ရှာသည် ။ ကြို၍စောင့်သော တစ်နာရီသည် ပင်ပန်းခြင်းစင်စစ်ဖြစ်လေ၏ ။ ဘယ်တော့မှ မကုန်နိုင်တော့သည့် တစ်ဒင်္ဂလို့လည်း ဆိုချင်သည်။ လျှပ်တစ်ပက်မျှကြာသော သံသရာလို့လည်း ခေါ်ချင်သည် ။
စောင့်ဆဲတွင် ဂနာမငြိမ်ဖြစ်စမြဲပင် ။ အိပ်ရာပေါ် လှဲလိုက်၏ ။ ပြီးတော့ ဟိုဘက်သည်ဘက် မသိဘဲ ယောင်ယမ်း၍လှိမ့်သည် ။ အိပ်ရာပေါ်က ထထိုင်ပြီး ဖြုတ်ခနဲ စားပွဲဘေးတွင် မတ်တပ်ရပ်လျှက်ရှိပြန်သည် ။ စိတ်က အရှေ့ကပြေးနေလေရာ လူက အတွင်လိုက်လုပ်သော်လည်း လုပ်မိသမျှ ပြန်ပြီးမမှတ်မိနိုင်ရှိရ၏ ။ လက်ချောင်များသည် မလှတော့ဘဲ ကျိုးကြဲမသေမချာဖြစ်ကာ ပစ္စည်းပစ္စယကလေးများကို လှုပ်ဆွဲနေလေသည်။ ထို့နောက် လေတစ်ချက်ချွန်သည်။
ချစ်သူ၌ ယုံကြည်သူမို့ ပူလောင်ခြင်းတော့ မရှိချေ။
ကုလားထိုင်၌ထိုင်ကာ ဘာကိုပဲလုပ်တော့မလိုလိုနှင့် စင်စစ်တော့ ဘာမှလည်း လုပ်မည်မဟုတ် ။ မလုပ်ဘဲ ပြတင်းပေါက်သို့ မျက်နှာမူသည် ။ ပင့်တင်ထားသော ဇာခြင်ထောင်မှ ကြိုးများဖိုးရိုဖားရားကျသည် ။ အရူးမအင်္ကျီလို မသေမသပ်ခုတင်ခြေရင်း တိုင်နှစ်တိုင်ကို သွယ်တန်းထားသည့်ကြိုး၌ မျက်နှာသုတ်ပုဝါ အစိမ်းနုပြောင်တစ်ထည်။ အပြာစင်းသော အဖြူတစ်ထည် အစွန်းအစချင်း ထပ်လျက်ရှိသည်။ ကြည့်ရင်း အဝတ်နှင့်လုပ်သောအရုပ်နှင့်တူသည်ဟု ထင်၏ ။ ကြာကြာတော့ မထင်နိုင်ချေ။ အကြောင်းကား ငါးနာရီထိုးလျှင် ချစ်သူလာမည့်အကြောင်းကား စိတ်တွင်ပို၍ ထင်လင်းနေပေ၏ ။
သို့သော် ခြင်ထောင်ဟိုဘက်၌ ပြတင်းကို တစ်ဝက်ကာသည့် ကန့်လန့်ကာ အဖြူသည် ခပ်ကြမ်းကြမ်းလွင့်ပါးနေပြန်သည် ။ ကိုယ့်ဘက်ကို လွင့်ပါးကာ လက်ဆန့်တန်းခေါ်သလိုပင် ။ ထိုအခါ မိုးသက်လေအေးက သူ့ခေါ်တာမဟုတ်ဘဲနှင့် ဝုတ်ခနဲအပြေးဝင်လာ၏ ။ လေးထောင့် သံဆန်ကာကွက် အပြည့်ကာထားလေရာ လေသည်သာ အစိုင်အခဲဖြစ်ပြီး ပုံသဏ္ဍာန်တစ်ခုခုကို တစ်ခဏဖြစ်စေ ဆောင်နေနိုင်လျှင် လေးထောင့်ကွက်ကလေးများ ကြွေကြကြမည် ဖြစ်သည် ။
ကြည့်စမ်း ။ ထူထဲလေးလံသော ပြတင်းတစ်ဖက်တစ်ချက် ခန်းဆီးရှည်ကြီးပင် ဆင်အရေခွံလို လွန့်လေပြီ ။
နာရီကို မကြည့်ချင်တော့ပေ ။ သံသရာသည် ငါးမိနစ်ကာလပါတကားရယ်လို့ သိရတာ အောက်သက်သက်နှင့် စိတ်အတော်ဆိုးချင်စရာတည်း ။
ကျီးပျိုတစ်ကောင် ပြတင်းရွက်ဘောင်စွန်း၌ လာနား၏ ။ ဟိုကြည့်သည်ကြည့်နှင့် ကြောက်သလိုလိုနေသည့်ကြားက သာမည်ပြင်၏ ။ ကဲလေ … သာပါဦးရယ်လို့ မမြင်ချင်ယောင်ဆောင်လိုက်ပြန်တော့ ကျီးကလည်း မသိချင်ယောင်ဆောင်ကာ သာလေသည်။
သို့သော် ပြောချင်တယ် ကျီးရယ်၊ မင်းမသာသော်လည်း သူလာမှတော့ အမှန်ပါပဲ ။
ထိုခဏ၌ မျက်မှောင်အနည်းငယ်တွန့်သေး၏ ။ သူလာမယ့်အချိန်မှာ တခြားဧည့်သည်ခေါ်လာချင်တာလား ကျီး။
ကျိုးပျိုက မသိသားဆိုးဝါးစွာပင် ဟန်ကျပန်ကျသာပါသေး၏ ။ ကိုယ်ကတော့ ဂရုမစိုက်တော့ချေ။ ပြတင်းဘက်ကို ငေးမောပြန်လေသည်။ ပြတင်းဟိုဘက်ရှိ မမြင်ရသော လဟာပြင်။ လဟာပြင်ပြီးလျှင် ဝါမှောင်သော တိုက်ထိပ်တစ်စွန်းတစ်စနှင့် စိမ်းခြောက်သော ယင်းလိပ်လျော့တိလျော့ရဲကို တွေ့သည်။ ထိုနှစ်ခုကြားမှာ အညိုဆေးပျက်ပြယ်သော သွပ်မိုးတံစက်မြိတ်ကို အစအဆုံးမြင်ရသည်။
အရုပ်ဆိုးလှလေခြင်း။
ဟိုးနောက်ဆုံးရှိ ကောင်းကင်ကား ဖြူပေ၏ ။ ထူထပ်၏ ။ ကိုယ်နှင့် နီးစပ်လေသည် ။ သင်္ကန်းမွဲပြာပြာနှင့် တရုတ်ဘုန်းကြီးတစ်ပါး ဈာန်ပြန်သွားချင်လည်း သွားမည်။ တကယ်မြင်သည်မှာတော့ မိုးတိမ်တိုက်များ ဆင်သည်လာသည်ကိုတည်း ။
ကဲ … ချစ်သူအရောက်နှေးတော့မည်။ မိုးကဖြင့် သည်းမည့်မိုးဖြစ်သည်လို့ ချက်ချင်းပြောင်းလဲ အုံပွေသော ရာသီက ပြောပြသည်။ တားမနိုင်ဆီးမရဖြိုင်သွန်ကျတော့မည်လေ။ ကျပါစေ … ။ မျက်ရည်ဆိုသည်မှာ တားဆီးကောင်းသည်မဟုတ် ။ ကိုယ့်ဘာသာပဲ စိတ်ရှုပ်ရသည် ။
မိုးရေထဲတိုးလာမည့်သူကို ကျေးဇူးတင်ခြင်းနှင့်ပင် စောင့်ဦးမည်။ သို့သော် သိပ်အေးမှာ စိုမှာပဲ ။ ရေအစက်စက်နှင့် သီရီမှာကို မတွေ့ချင်ဘူး ။ မိုးရွာတာနှင့် မလာတော့ပြီဆိုလျှင်တော့ ဝမ်းနည်းပြန်ဦးမည်တဲ့။ အားငယ်တတ်၊ အပျက်သာထင်တတ်သူမို့ လာမှာမဟုတ်ပါဘူးဟု ဖြေဖျောက်နှင့်သည်။ စိတ်အေးသွားသည်မှန်သော်လည်း ယောင်ချောက်ကာ တစ်ကိုယ်တည်း ငိုင်လာပြန်လေသည်။
တစ်ကယ်တော့ မိုးတိတ်ရင် သူလာမှာပဲ ။
တံစက်မြိတ်ပေါ်၌ လှုပ်ရှားခြင်းကို ပထမသတိပြုသည်။ ထို့နောက် ခိုတွေ မိုးခိုနားကြသည်ကို သိမြင်သည်။ သူတို့သည် စွတ်စိုသော အတောင်များကို ခါနေကြလေသည်။ အားလုံးညိုပြာပြာအရောင်နှင့် အဖြူပြောက်ကလေး သုံးလေးပြောက်သာ အားရှိစရာမြင်ရသည်။ အမြီးချင်းတေ့ကာ၊ ခေါင်းချင်းတိုက်ကာ၊ ခြေချင်းယှက်ကာ ဖြစ်ကတတ်ဆန်း လှုပ်လှုပ်ရွရွနေကြ၏ ။ မိုးသံကြားက မြင်ရ၏။
ခိုများသည် ကိုယ့်လိုစဉ်းစားနေကြမည်မထင်။ သူတို့သည် ဘယ်ချစ်သူကိုမှလည်း စောင့်နေသည်မဟုတ်။ မိုးတိတ်လျှင် ပျံလိုရာကို ပျံသွားကြမည်။ ဖြန့်လွှာခြုံရုံလာသော ဆည်းဆာပြာ၌ ငိုက်မျည်းကာ ညည်းသံပြုကြရုံသာ ရှိသည်။ ဒါတောင် အစီအစဉ်မရှိ ၊ ကြုံသလို လုပ်သွားမည့်ခိုများပင် ။
မိုးသည် သည်းပါလေ၏ ။ သည်းပါလေ၏ ။ သည်းပါလေ၏ ။ စိတ်ပင်မကူးလိုက်ရဘဲ ( သို့မဟုတ် စိတ်ကူးကို ဖမ်းမမိလိုက်ဘဲ ) အခန်းထောင့်ဘီရိုသို့ရောက်ကာ လက်များသည် နွားနို့တစ်ခွက် ဖျော်လေပြီ ။
သတ္တိကောင်းလာပြီး နာရီကိုကြည့်သော် တကယ်တော့ကံခေသူမို့ စောင့်စကနှင့် စပြီးရေတွက်လျှင် ခုနစ်မိနစ်ကုန်သွားပြီဆိုတာ သိရလေသည်။
ထိုခဏ၌ မိုးဖြုန်းခနဲတိတ်၏ ။ အသံဗလံများ သေဆုံးကုန်ကာ ရေဒီယိုမှ သီချင်းဆိုနေသော ဒိုင်နာရှော၏ အသံကြားရသည်။ ဝေးကွာလှသော ဘယ်အရပ်ကလဲဆိုတာ ဖြုတ်ခနဲစဉ်းစားနေ၏ ။ ထို့နောက် ဒိုင်နာရှော၏ အော်လန်းဆိုင်ကို တစ်ဝက်တစ်ပျက်ညည်းသည်။
ဝမ်းနည်းခြင်းကြွလာပြီး ချက်ချင်းပျောက်သွားပြန်သည်။ မျက်ရည်အောင် မအိုင်လိုက်ရခင် ကိုခိုတို့ ထပျံကုန်သည် ။ ခေါင်းမာပျင်းရိသော တစ်ကောင်နှစ်ကောင်သာ တွေဝေနေရစ်ကြသည် ။
စောစောကသာသည့် ကျီးလားမသိ၊ ကျီးတစ်ကောင် ပြတင်းပေါက်၏ လေးထောင့်သဏ္ဍာန်ကို ဖြတ်ပြေးသည်။ လေရစ်ဝေ့၍လိုက်သည် ။ မိုးတစ်ပေါက် နည်းနည်းစဉ်ပြန်သည်။ ထိတ်လန့်သွားပြန်သည်။ သို့သော် ဒါနှင့်ပြီးသွားသည် ။
မော်တော်ကားဟွန်းသံကြားသည်။ ကလေးများ လမ်းပေါ်ဆင်းဆော့ကြသံ၊ ရယ်မောသံကိုကြားသည်။ ကလေးမိခင်တို့၏ စိတ်မချသောနှလုံးခုန်သံလို သိပ်မြန်မှာပဲဟု စဉ်းစားသည်။
လေသည် နွေးလာသည်။ အရာရာသည် ကြည်လင်လာသည်။ ရာသီလင်းလာသည်။ ပြတင်းမှ ကန့်လန့်ကာများဣန္ဒြေရကုန်သည်။ မျက်နှာသုတ်ပဝါများမှ အမွေးများပွနေသည်။ ကြောင်ကလေးပူစီနှင့် ပြိုင်မည့်ဟန်ရှိသည် ။
ကိုယ့်လက်ချောင်းများ၌ လက်သည်းများပြောင်လက်နေသည်။ မာန်သွေးကြွသည်။ လှသည်။ အမြဲပြုပြင်ခဲ့သည်။ နောက်ဆုံး၌ကား ချစ်သူ၏ကိုယ့်စိတ်လိုစောသော ခြေသံကို အဝေးမှ သဲ့သဲ့ပင်ဖြစ်သော်လည်း အရာအထောင်ကြား၌လည်း ခွဲခြားမှတ်မိသည့် သတိဖြင့် ကြားကာ နားဆက်၍ထောင်လေ၏ ။ ။
ကြည်အေး
(သွေးသောက်မဂ္ဂဇင်း ၊ အောက်တိုဘာ ၊ ၁၉၅၃ )


Comments
Post a Comment