ရင်မှာ ပိုက်ပါလို့ @ ခင်ခင်ထူး

 


မိဆောင်းက တောသူ ဆိုပေမယ့် လည်ပါတယ်တော့။ လည်မှာပေါ့။ မိဆောင်းတို့ရွာက မန္တလေး - မတ္တရာ ရထားလမ်းဘေးမှာ ရှိတယ်။ တစ်နေ့ သုံးခေါက်နှုန်း ပြေးဆွဲနေတဲ့ ရထားကြီးပေါ်မှာ နေ့တိုင်း မိဆောင်း ဈေးလိုက် ဝယ်နေကျကိုး၊ မနက်ရထားနဲ့ မန္တလေးကို ဈေးလိုက်ဝယ်၊ နေ့လယ်ရထားနဲ့ ပြန်လာ။ ညနေ ရွာထဲ ဈေးလည်ရောင်းနဲ့၊ အမေနဲ့ မောင်လေးကို မိဆောင်း လုပ်ကျွေးနေတာ။

မိဆောင်း လေးတန်းအောင်တော့ အဖေဆုံးသွားလို့ ကျောင်းဆက် မတက်ရတာ။ မိဆောင်းက စာ တော်တယ်တော့။ အတွက်အချက်လည်း သွက်တယ်။

ကြည့်လေ။

မန္တလေးက ဝယ်လာတဲ့ ကုန်စိမ်းကုန်ခြောက်တွေကို ရထားကြီးပေါ်မှာ တင်ရောင်းလိုက်သေးတယ်။ လိုချင်သလောက်သာ ဝယ်။ မိဆောင်းက ဖျတ်ခနဲ ဖျတ်ခနဲ ချိန်ပေးလိုက်၊ ထုပ်ပိုးပေးလိုက် အမြတ် တွက်ကြည့်လိုက်နဲ့ အလုပ်ကို ဖြစ်လို့။

မိဆောင်းတို့ရွာက လယ်စိုက်ကြတော့ ရွယ်တူ မိန်းကလေးတွေဆိုရင် ကောက်စိုက်၊ အမှိုက်ကောက် လိုက်ကြပေမယ့် မိဆောင်းကတော့ ဈေးပဲ ရောင်းတယ်။ မိဆောင်းတို့မှာ တစ်ဧက မရှိတရှိ လယ်ကွက်လေး တစ်ကွက်တော့ ရှိပါရဲ့။ အဲသည် လယ်ကွက်လောက်တော့ အမေနဲ့ မိဆောင်း လုပ်နိုင်ပါတယ်။ အမေ့ရဲ့မောင်ကလည်း နည်းနည်းပါးပါးတော့ ဝိုင်းပေးပါတယ်။ ဘာပဲဖြစ်ဖြစ် မိဆောင်းတို့ သားအမိ သုံးယောက်တော့ ချောင်ချောင် လည်လည် ရှိတာ အမှန်ပဲ။

ရွာကျောင်းမှာ တက်နေတဲ့ မိဆောင်းရဲ့မောင်လေး ညိုကြီး အတွက် လိုအပ်သမျှ စာအုပ်၊ ခဲတံ အားလုံး မိဆောင်း ဝယ်ပေးနိုင်တယ်။ မိဆောင်း ကိုယ်တိုင် စာတတ်ပေတတ်ကြီး မဖြစ်ပေမယ့် မောင်လေးကိုတော့ ဘွဲ့ရတဲ့အထိ ကျောင်းထားပေးဖို့ ရည်ရွယ်ထားတယ်။ မိဆောင်းတို့ ရွာကို စာလာသင်ပေးတဲ့ မန္တလေးက ဆရာမလေးကို မိဆောင်း သိပ်ချစ်တာ၊ ဆရာမလေးက ရုပ်ချော သဘောကောင်းရုံတင် မကဘူး၊ တစ်ရွာလုံးနဲ့လည်း ခင်ခင်မင်မင် ရှိတယ်။ ဆရာမလေး ကျောင်းလာတဲ့ အချိန်နဲ့ မိဆောင်း ဈေးသွားတဲ့အချိန် နေ့တိုင်း လမ်းမှာ ဆုံတွေ့နေကျပါ။

“ မဆောင်း ၊ ညိုကြီး ညည စာကျက်ရဲ့လား ”

“ ဟုတ်ကဲ့ ၊ ကျက်ပါတယ် ဆရာမ ၊ ကျွန်မက အလီတွေ သင်ပေးတာ ”

“ ဟုတ်လား ၊ မဆောင်းက သိပ်တော်တာပဲ။ ကျောင်းမှာ လာလုပ်အား ပေးပါဦး ”

အဲသလို ဆရာမလေးက ပြောလိုက်ရင် မိဆောင်း သိပ်သဘောကျတာ။ တစ်ခါတလေ မောင်လေးကို စာချပေးရင်း ကိုယ့်ကိုယ်ကိုယ် ဆရာမ တစ်ယောက်လို စိတ်ကူးယဉ် ကြည့်ရတာလည်း အမောသား။

ညိုကြီးကိုတင် မကပါဘူး။ ရွာထဲက ကလေးတွေကို ညတိုင်း စာချပေးတာ။ ညတိုင်း ဆိုပေမယ့်လည်း မိဆောင်းမှာ ဖယောင်းတိုင်ဖိုး မရှိရင်တော့ မိဆောင်းရဲ့ ညကျောင်းလေး ပိတ်ထားရတာပေါ့။ မိဆောင်းတို့ ရွာမှာသာ မြို့ကြီးတွေလို လျှပ်စစ်မီးတွေရှိရင် ကောင်းမှာပဲလို့ တွေးမိပေမယ့် မိဆောင်း ဈေးဝယ် သွားတိုင်း မီးမလာလို့ ညည်းညူတတ်တဲ့ မန္တလေးက လူတွေရဲ့ အသံကို ကြား ကြားနေရတော့ ။

“ အင်း - မရှိတော့ မညည်းရတော့ဘူး ”

လို့ ထင်မိပြန်ရော။ ဘာပဲဖြစ်ဖြစ် မိဆောင်းဘဝလေးကို မိဆောင်း ပျော်ရွှင်မိပါတယ်။



“ အမေ ဘာဖြစ်လို့ လဲ ၊ နေမကောင်းဘူးလား ”

သည်နေ့ မိဆောင်း မန္တလေးက ပြန်လာတော့ ခါတိုင်းလို မဟုတ်ဘဲ အိပ်ရာထဲ ခွေနေတဲ့ အမေ့ကို တွေ့ရတယ်။

“ အေး - မိဆောင်း ဒီမှာ ကြည့်စမ်း ၊ ငါ့ ရင်ဘတ်တွေ နာနေလို့ ”

အမေက သူ့ ချွေးခံအင်္ကျီလေးကို လှန်ပြီး မိဆောင်းကို ပြတယ်။ မိဆောင်း စမ်းကြည့်လိုက်တော့ အမေ့ရဲ့ ညာဘက်ရင်မှာ အကျိတ်ကြီးကို တွေ့ရတယ်။ အကျိတ်ဘေးက အရေပြားလေးတွေလည်း ခပ်ရှုံ့ရှုံ့ ဖြစ်နေတယ်။

“ ဟင် - အမေ အကျိတ်ကြီးပါလားတော့ ”

“ အေး - ဟုတ်တယ် ၊ အဲဒီ အကျိတ်က နာနေလို့ ”

“ အမေ ညကျရင် ဆရာလေးကို သွား ပြကြည့်ရအောင်လေ ”

မိဆောင်းတို့ ရွာမှာ တိရစ္ဆာန်ဆေးကုနေတဲ့ ဆရာလေး ရှိတယ်။ မိဆောင်းတို့မှာ လူကုတဲ့ ဆရာဝန် မရှိတော့ ရွာက လူတွေ ဘာပဲဖြစ်ဖြစ် အဲဒီ ဆရာလေးကိုပဲ ပြကြည့်ရတယ်။

“ အို - နေပါစေ အေ ၊ ဒီလိုပါပဲ ၊ တစ်ခါတစ်ရံမှပါ ၊ ပြီးတော့ ပျောက်သွားတာပါပဲ ”

အမေက သည်လိုညာပြောတော့ မိဆောင်းလည်း ခပ်ပေါ့ပေါ့ နေလိုက်မိတယ်။ ရက်တစ်ပတ်လောက် ကြာတော့ အမေ့ ရင်ဘတ်က အနာကြီးလို ကွဲအက်လာတယ်။ အမေလည်း အော်နေရတယ် မိဆောင်းလည်း ဈေးမသွားနိုင်တော့ဘူး၊ အမေ့ ရင်ဘတ်ကို မန်းဆေး ကြိတ် လိမ်းပေးလိုက်၊ ထမင်း ချက်လိုက်နဲ့ အလုပ်များနေတော့တာပေါ့။

“ မဆောင်း ၊ ဒေါ်ဒေါ် နေမကောင်းလို့ ဆို ”

“ ဪ - ဆရာမလေး ပါလား ၊ လာပါရှင့် ”

ဆရာမလေး ထိုင်ဖို့ သင်ဖြူးဖျာကို ကတိုက်ကရိုက် ခင်းပေးလိုက်တယ်။ အမေက အိပ်ရာထဲ လှဲနေရာက ဆရာမလေး ရဲ့အသံကြားလို့ ထ,လာတယ် ။

“ ဘာဖြစ်တာလဲ ဒေါ်ဒေါ် ၊ မဆောင်း ဈေးလာတာ မတွေ့လို့ ညိုကြီးကို မေးကြည့်တော့မှ ဒေါ်ဒေါ် နေမကောင်းမှန်း သိတာ ”

အမေက ပါးစပ်က မပြောဘဲ အင်္ကျီကို လှန်ပြလိုက်တယ်။

“ အို အနာကြီး ဖြစ်နေတာပါလား။ ဘာတွေ လိမ်းထားတာလဲ။ ကျွန်မ ကိုင် ကြည့်မယ်နော် ”

ဆရာမလေးက အမေ့ရင်ဘတ်ကို နှိပ်ကြည့်ရင်း မျက်နှာ ပျက်သွားတယ်။

“ ဒီလို ပေါ့ပေါ့နေလို့ မဖြစ်ဘူး ဒေါ်ဒေါ် ၊ ဆေးရုံ ကို သွားပြပါ ”

“ အို - ကျွန်မက ဒီမန်းဆေးနဲ့ တည့်ပါတယ် ဆရာမရယ်။ ဆေးရုံကို သွား မပြချင်ပါဘူး ”

“ မကြောက်ပါနဲ့ ဒေါ်ဒေါ်ရယ်၊ ဆေးရုံ မပြရင် အမြစ်တွယ်ပြီး ဒုက္ခရောက်သွားနိုင်တယ်။ ခုတောင် ခွဲထုတ်ရမယ် ထင်တယ် ”

ဆရာမလေးက ခွဲထုတ်ရမယ်လို့ ပြောတော့ အမေ မျက်လုံး ပြူးသွားတယ်။ မိဆောင်းတို့ ရွာက လူတွေဟာ ဆေးရုံ သိပ်ကြောက်ကြတာ ၊ ခွဲစိတ်ခံဖို့ ဆိုတာ ဝေလာ ဝေးရော။

မိဆောင်းဆို ဟိုတစ်နေ့က အနောက်ရွာကို ဈေးသွား ရောင်းရင်း လယ်ထဲမှာ ငုတ်ထိုးမိတာ ဆေးထိုးရမှာ ကြောက်လို့ ကိုယ့်ဘာသာ သွေးဆေးတွေ သိပ်လိုက်တာ ပျောက်ရောပဲ။

ဆရာမလေးက ပြန်သွားတဲ့ အထိ ဆေးရုံကို သွားပြဖို့ တတွတ်တွတ် မှာသွားတယ် ။



ဆရာမလေးရဲ့ တိုက်တွန်းချက်နဲ့ ဘဒွေးက ဦးဆောင်ပြီး မိဆောင်းတို့ မန္တလေးဆေးရုံကြီးကို လာခဲ့ကြတယ်။ အမေ့ကို ဆေးရုံ တင်ရမယ်ဆိုလို့ ဆေးရုံတင်လိုက်ကြတယ်။ မိဆောင်းပဲ ပင်ပန်းတာပါပဲ။ နေ့ရော ညရော ဆေးရုံမှာပဲ နေရတယ်။

အမေ့ ရောဂါက ရင်သားကင်ဆာ တဲ့။

ဆရာဝန်ကြီးက စမ်းသပ်ပြီးတော့ အမေ့ကို ခွဲရမယ်တဲ့။ အမေ ငိုလိုက်ပုံများ ပြောမပြောချင်တော့ဘူး။ ဆေးရုံက ဆရာမ အနီလေးတွေ ငေါက်လိုက်မှပဲ တိတ်သွားတော့တယ်။ ဒါတောင် ကြောက်ကြောက်နဲ့ ကျိတ် ရှိုက်နေသေးတာ။

အမေ ကျိတ် ရှိုက်နေသလို မိဆောင်းလည်း ကျိတ် မောနေရတယ်။ အမေ့ကို ခွဲစိတ်မယ် ဆိုရင် ငွေလိုမယ်လေ။ အဲသည်ငွေကို မိဆောင်း ဘယ်မှာ ရှာရပါ့မလဲ။ တစ်ကွက်တည်းသော လယ်ကို ပေါင်လိုက်ဖို့ပဲ ရှိတယ်လေ။လူမသေ ငွေမရှားတဲ့။ အမေ နေကောင်းလို့ရှိရင် သည်လယ်ကွက် ရွေးနိုင်ဖို့ မိဆောင်း ရှာရတော့မှာပေါ့။ ရွာကို ပြန်ပြီး မိဆောင်းတို့ လယ်ကို ပေါင်လိုက်တယ်။

ဆေးရုံပေါ်မှာ အမေ့လို ခွဲစိတ်ရမယ့် ရောဂါသည်တွေ အများကြီးပါ။ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အမေ့ကို အားပေးရင်း မိဆောင်း အားငယ်လိုက်တာ။

အမေ့ကို ခွဲစိတ်တဲ့နေ့က ဆရာမလေး ရောက်လာလို့ မိဆောင်း ဝမ်းသာမိတယ်။ ဆရာမလေးက မိဆောင်းကို အားပေးရင်း အမေ ခွဲစိတ်ခန်းက ထွက်လာတဲ့အထိ စောင့်ပေး ကူညီတယ်။ ခွဲစိတ်တယ်လို့သာ ဆိုတာပါ။ တကယ်တမ်းကျတော့ အမေ့ရဲ့ ညာဘက် ရင်သား တစ်ခုလုံး ဖြုတ်ထုတ် ပစ်လိုက်တာပါပဲ။

အမေ့ကို ခွဲစိတ်ပြီး ဓာတ်ရောင်ခြည် ကင်ရဦးမှာတဲ့။ မိဆောင်းတော့ ဘာမှ နားမလည်ပါဘူး။ မိဆောင်း နားလည်တာက မိဆောင်းတို့ မောင်နှမ စို့ခဲ့ကြတဲ့ အမေ့ရဲ့နို့တစ်ဘက် မရှိတော့ဘူး ဆိုတာပါပဲ။

အမေ့အတွက် မိဆောင်း ငွေ ထပ်ရှာရဦးမယ်လေ။ ဓာတ်ရောင်ခြည် ကင်တာ ဘယ်လောက် ကုန်ကျမယ် မိဆောင်း မသိပါဘူး။ သည်တော့ ရွာကို မိဆောင်း ခဏပြန်ခဲ့တယ်။ လယ်ကလေး ပေါင်နှံကြေး ထပ်တောင်းဖို့ပေါ့။

“ ညည်းတို့ လယ်က အပြတ်ရောင်းတောင် ဒီလောက် မပေးနိုင်ဘူး။ ဒါပေမဲ့ တစ်ရွာတည်းသားချင်း ကူညီတဲ့အနေနဲ့ ညည်းတောင်းတဲ့ ငွေနဲ့ ငါ့ကို အပြတ်သာ ရောင်းလိုက်တော့ ”

ဒေါ်သိန်းခင်ရဲ့စကားက မိဆောင်း ရင်ဝကို ဆီးတွန်းလိုက်သလိုပါပဲ။ မိဆောင်းတို့ လယ်က တစ်နှစ်ကို နှစ်သီးစား လယ်ပါတော့။ အဲသလောက်ထက် မကတဲ့ ဈေးရတောင် မိဆောင်း မရောင်းပေါင်၊ သည်လယ်ကလေးက အဖေ့ရဲ့ အမွေ။ အမေသိရင် မိဆောင်း သေအောင် အရိုက်ခံရမှာ။ မောင်လေး အရွယ်ရောက်တဲ့အထိ မလှူနိုင်ခဲ့ရင် သည်လယ်ကို ရောင်းပြီး လှူ ဖြစ်အောင်ကို လှူမယ်လို့ ပြောထားတာ။

မိဆောင်း ဘဒွေးနဲ့ တိုင်ပင်ရတယ်။ ဘဒွေးတို့ကလည်း ချောင်လည်ရှာတာ မဟုတ်ဘူး။ မိသားစု များရတဲ့အထဲ ကိုယ်ပိုင်လယ် မရှိတော့ ဘဒွေးကိုယ်တိုင်က သူများအိမ်မှာ လူငှား နေရတာ။

“ ဒီလိုလုပ်ဟာ မိဆောင်းတို့ လယ်ရှင် ကိုထွန်းမောင်ကို ပြောင်းပြီး ပေါင်ရအောင်လား၊ ဒီမိန်းမကြီးက သိပ်စီးတာဟ၊ ကိုထွန်းမောင်ကတော့ သဘော ကောင်းပါတယ် ”

တော်သေးတယ် ၊ ဘကြီးထွန်းမောင်က ပြောင်းပြီး အပေါင်ခံလို့ ၊ နောက်ထပ် ငွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အမေ့ဆီကို မိဆောင်း ပြန်ခဲ့တယ်။



အမေက မိဆောင်းကို စိတ်ဆိုးနေတာ။ သူ့ကို ပစ်ပြီး ရွာပြန်လို့ပေါ့လေ။ မိဆောင်း ဘာတွေ လုပ်နေရတယ်ဆိုတာ အမေ မသိရှာဘဲကိုး ။

“ အမေကလည်း၊ ကျုပ် ဖျားနေလို့ပါတော့ ”

အဲသလို မိဆောင်းက လိမ် ပြောလိုက်တော့ အမေ စိတ်ပူပြီး

“ ခုတော့ သက်သာသွားပြီလား ”

ဆိုပြီး မိဆောင်း နဖူးကို လက်နဲ့ စမ်းတယ်။ မိဆောင်း မျက်ရည်တွေတောင် စို့တက်လာမိတယ်။

“ သက်သာပါတယ် အမေ ၊ အမေရော ဘယ်လို နေလဲဟင် ”

“ နာတော့ နာတာပေါ့ အေ ၊ ငါ့ သားလေးရော မခေါ်ခဲ့ဘူးလား ”

“ စာမေးပွဲ နီးနေလို့ ကျောင်းပျက်မှာ စိုးလို့ အမေ ရဲ့ ”

“ အေး - အေး ၊ ငါ့ သားက စာ သိပ် ကြိုးစားတာအေ့ ”

သားအမိချင်းတောင် အမေက သူ့သားအကြောင်း ကြွားနေသေးတယ်။ အမေက ကွယ်ရာမှာ မိဆောင်း အကြောင်းလည်း ကြွားတာပါပဲလေ။ မိဆောင်း ဈေးရောင်းလည်တဲ့ အကြောင်း၊ ညည ကလေးတွေကို စာပြပေးတဲ့အကြောင်း၊ အင်း …ဘာလိုလိုနဲ့ မိဆောင်းလည်း ဈေးရောင်း ပျက်တာ တစ်လ နီးပါး ရှိနေပြီ ။

အမေ့ ခြေထောက်ကလေးတွေကို ဆုပ်နယ်ပေးရင်း ပိန်ကျသွားတဲ့ အမေ့မျက်နှာကို ကြည့်ပြီး မိဆောင်း ငိုချင်လာတယ်။ အမေများ သေသွားခဲ့ရင် ဆိုတဲ့ အတွေးနဲ့ အတူ မိဆောင်းရဲ့ မျက်ရည်တစ်စက်က အမေ့ ပေါ် ကျသွားတော့တယ်။ အမေက မျက်လုံး ဖွင့်ကြည့်ပြီး

“ မိဆောင်း ညည်း ဘာလို့ ငိုနေတာတုံး ၊ ငါ သေမှာ မို့လား ”

အမေက စိတ်တိုတိုနဲ့ အော်တော့ မိဆောင်း မျက်ရည်တွေ ကဗျာကယာ သုတ်ရင်း

“ အို အမေကလည်း နိမိတ်မရှိ ပြောရော့မယ်။ ကျုပ်က အမေ နာနေမှာကို တွေးပြီး သနားလို့ ပါတော့ ”

အမေ့ ရင်ဘတ်ကို မကြည့်မိအောင် မျက်နှာလွဲ နေလိုက်ရတယ်။

“ အစ်မ ငါ့ ဖို့ စာအုပ် ဝယ်ပေးဦး ၊ ရေးစရာ မရှိတော့ဘူး ”

ညိုကြီး အသံကို နားထဲ ကြားလာမိပြန်တယ်။ ခါတိုင်းဆိုရင် မပူဆာခင်က ဝယ်ပေးချင်နေတဲ့ မိဆောင်း စိတ်မကောင်း ဖြစ်ရတယ်။ ခုတော့ မိဆောင်းမှာ နားကပ်လေးတောင် မရှိတော့ဘူး။ ဈေးရင်း ငွေလည်း ပြုတ်ပြီ။ မိဆောင်း ဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါဘူး။

“ မိဆောင်းရယ်၊ ငါ့ တင်ပါးတွေလည်း နာလှပြီ။ ဆေးတွေလည်း မသောက်ချင်တော့ဘူး၊ ပျို့အန်ထွက်ကုန်ပြီ။ တော်ပြီအေ၊ ငါ ရွာပြန်မယ်။ ရွာ ကျမှ ဆရာလေးနဲ့ ဆေးထိုးတော့မယ် ”

“ ဘယ်ဖြစ်မလဲ အမေရယ်။ ဆရာဝန်ကြီးက ဆင်းခွင့်မှ မပေးသေးတာ ”

“ အိုအေ - ညည်း မရှည်ပါနဲ့ ၊ ငါ ဒီဆေးရုံကြီးပေါ်မှာ မနေချင်တော့ဘူး ”

ညစဉ်ညတိုင်း ကျိတ်ကျိတ် ငိုနေရှာတဲ့ အမေ့ကို မိဆောင်း မကြည့်ရက်တော့ဘူး၊ သားအမိနှစ်ယောက် ဆေးရုံကနေ ဆင်းပြေးလာခဲ့ကြတယ်။

ရွာကို ရောက်တော့ အမေ စိတ်ပျော်တယ် ထင်ပါရဲ့။ ထမင်းတွေလည်း စားတယ်၊ ဟိုဘက်အိမ် သည်ဘက်အိမ်တောင် လည်လိုက်သေး။ သည်တော့လည်း မိဆောင်း စိတ်တွေ ရွှင်လန်းလာမိတယ်။

“ အမေ နေကောင်းရင် ညည်းနားကပ်လေး အစား ပြန်လုပ်ပေးမှာပါ ”

“ အမေကလည်းတော်၊ အမေ့ ရောဂါသာ သက်သာပါစေ၊ ကျုပ် ဈေးတောင်း နှစ်ဆ ရွက် ရောင်းလိုက်ရုံပါပဲ တော် ”

ဒါပေမဲ့ မိဆောင်းတို့ ကံခေပါတယ်။ အမေ့ ရင်ဘတ်က ပြန်နာလာလို့ ဆေးရုံကို ထပ်ပြရတယ်။ ဆရာဝန်ကြီးကဆို ဆူလိုက်တာ အရမ်းပါပဲ။ မိဆောင်းလေ အမေ့အတွက် နောက်ဆုံး လက်နက် သုံးရတော့တယ်။ အမေ ဆူချင်လည်း ဆူပေတော့။ လယ်ကွက်လေးကို အပြတ် ရောင်းပစ်လိုက်တယ်။

ဆရာဝန်ကြီးက စမ်းသပ်ပြီး အမေ့ကို အားပြန် ဖြည့်လိုက်ပါဦး ဆိုလို့ မိဆောင်းတို့ ရွာကို ပြန်ခဲ့ရတယ်။ ရွာကို ရောက်တော့ အမေ့ ဗိုက်ကြီး တဖြည်းဖြည်းနဲ့ ဖောင်းပြီး ရောင်လာတယ်။ စဉ်းအိုးကြီး တစ်လုံးလို ဝိုင်းပြီး ပြောင်ဝင်းနေတာပဲ။

မိဆောင်းလည်း အမေ့ကို ရွာက ဆရာလေးနဲ့ ဆေးထိုးတာပေါ့။ ဒါပေမဲ့ ဆရာလေးက ထိုး မပေးချင်တော့ဘူးတဲ့ ။ မိဆောင်းက -

“ ဒီမယ် ဆရာလေး၊ ဆေးဖိုးငွေတွေ အကြွေး မှတ်ထားတာကို ပြန်မဆပ်နိုင်ဘူး ထင်လို့လား ၊ ကျုပ် ဆရာလေးတို့ အိမ်မှာ ကျွန်ခံ ဆပ်ပါ့မယ်တော် ”

မိဆောင်းက ရန်ထောင်တော့ ဆရာလေးက ဘာမှ မပြောဘဲ ပြန်သွားတယ်။ မိဆောင်းလည်း သိပ် စိတ်တိုသွားတာပေါ့။ ဆရာလေးတင် မကပါဘူး၊ တောင်ပိုင်းက ကုန်စုံဆိုင်ရှင် ကြီးသန်းမေကလည်း မိဆောင်း ကြွေးယူရင် မပေးချင်တော့ဘူး။ ကိုယ့် ဆွေမျိုးတွေကရော ဘာထူးသေးလဲ။

မိဆောင်း ငွေချေးရင် မယုံတာ လိုလို ဘာလိုလိုနဲ့ မိဆောင်း မိန်းကလေးပေမယ့် အဲသည်လောက် ကြွေးတော့ မကြောက်ဘူး။ ပစ္စည်းဥစ္စာဆိုတာ လူက ရှာတာပါ။ မိဆောင်း လူပါတော့ လူပါ။ ဒေါင်းသန်မောင်းသန် မိဆောင်းပါ။ အခု အမေ နေကောင်းကြည့် အခု ငွေရအောင် မိဆောင်း ရှာနိုင်တယ်။

မိဆောင်း ရင်ထဲ မခံချင် စိတ်တွေဟာ တစ်ကိုယ်လုံးကို စိမ့် တက်လာတယ်။ အံကို တင်းတင်းကြိတ်၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဘဒွေးတို့ အိမ်ဘက် ပြေးထွက်ခဲ့တယ်။



ဘဒွေး တို့ အိမ်ဘက် ရောက်တော့ မိဆောင်း အော် အော် ငိုပစ်လိုက်တယ်။

“ ဒီမှာ … ကျုပ်ကို အထင် မသေးကြပါနဲ့၊ အမေ နေကောင်းလာရင် ယူထားသမျှ ကြွေးတွေကို ကျုပ် အကုန် ဆပ်နိုင်ပါတယ်။ မိဆောင်းတဲ့ ၊ လူသာ အသေခံမယ် နာမည်ကို အသေမခံဘူးတော့ သိကြရဲ့လား ၊ အီး ..  အီး ”

မိဆောင်း အသံက တစ်ရွာလုံးကို ပွက်လောရိုက်သွားတယ်။ ဘဒွေးက ပြောင်းဖူးဖက်လိပ်ကြီး သောက်ရင်းနဲ့ မိဆောင်းကို လှည့်လှည့် ငေါက်တယ်။ မိဆောင်း ကလည်း မရပ်ဘူး။ အတင်း အော်အော် ငိုတယ်။

“ ကျုပ်မှာ ခြေနဲ့ လက်နဲ့ သိလား၊ ကျုပ်ကိုယ် ကျုပ် ခိုင်းစားလို့ ရတယ်။ ဘယ်သူ့ပစ္စည်း ကိုမှ အလကား မယူပါဘူး တော့ အီး ... အီး ”

ဘဒွေးက စိတ်တိုတို နဲ့ မိဆောင်းကို

“ ဟဲ့ မိဆောင်း၊ ဆရာလေးက စေတနာနဲ့ ဆေးထိုးမပေးတော့တာ၊ နင့် အမေ ရောဂါက ကုလို့ မရတော့ဘူး သိလား ”

အို … ဘုရား ဘုရား၊ အမေ့ ရောဂါက ကုလို့ မရတော့ဘူးတဲ့။ ဒါကြောင့် ဆရာဝန်ကြီးက ပြန်လွှတ်လိုက်တာကိုး။ ကျွေးချင်ရာ ကျွေးတော့လို့ ပြောခဲ့တာကိုး၊ စောစောက မိဆောင်းရဲ့ မခံချင် စိတ်တွေ၊ မာနတွေ ဘယ်ရောက်ကုန်မှန်း မသိတော့ပါဘူး၊ မိဆောင်းလည်း အိမ်ကို အားသွန် ပြေးခဲ့တယ်။

" အမေ အမေ ”

အိပ်ရာပေါ်မှာ ဗိုက်ကြီး အဖောင်းသားနဲ့ အိပ်နေတဲ့ အမေ့ကို မိဆောင်း လှုပ်လှုပ် ခေါ်လိုက်တော့ အမေ လန့်နိုးလာတယ်။

“ ဘာလဲ သမီး ၊ ဘာလဲ အမေ လန့်လိုက်တာကွယ် ”

အမေက မရှိတော့တဲ့ ရင်ဘတ်ကလေးကိုလက်နဲ့ ဖိထားရင်း မိဆောင်းကို မော့ကြည့်တယ်။ အမေ့ရဲ့ မျက်လုံးတွေကလည်း အရောင် မတောက်တော့ဘဲ မွဲပြာနေတယ်။ ဆေးရုံပေါ်တုန်းက မိဆောင်း ငိုတော့ အမေ က -

“ မိဆောင်း၊ ညည်း ဘာလို့ ငိုတာတုံး ငါ သေမှာမို့လား ”

ဆိုတဲ့ စကားကို ပြန် သတိရပြီး မိဆောင်း ပါးစပ်ကို လက်ဝါးနဲ့အုပ် မျက်ရည်ကို သုတ်ပြီး

“ ဘာမှ မဖြစ်ပါဘူး အမေ ၊ ဘာ စားဦးမှာလဲလို့ မေး မလို့ပါ ”

မိဆောင်းရဲ့ အညာစကားကို သိသလိုနဲ့ အမေ ပြုံးပြီး လက်ခါပြတယ်။ ပြီးတော့ မျက်စိ ပြန်မှိတ်သွားတယ်။ အမေက လက်ကလေးကိုတော့ ရင်ဘတ်ပေါ် တင်လျက်သား။

အမေရယ် - အမေ့ ရင်ဘတ်မှာ အကျိတ်ကလေး စ ထွက်ကတည်းက ကင်ဆာမှန်း သိခဲ့ရင် အကောင်းသား။ ခုတော့ ကင်ဆာက အမေ့ ကိုယ်တွင်းမှာ အမြစ် တွယ်နေပြီတဲ့။ အမေ့ အသည်းတွေ နှလုံးတွေကို  တွယ်ကုပ်ပြီး အမေ့ အသက်ကို ထုတ်ပစ်ကြတော့မယ်။ လည်ပါတယ် ဆိုတဲ့ တောသူမ မိဆောင်း အမေ့ရောဂါ အကြောင်းကိုတော့ မသိ နားမလည် ခဲ့ပါဘူး။

မိဆောင်း နေ့တိုင်း စီးနေတဲ့ ရထားကြီးပေါ်က လူတွေက သူတို့ရဲ့ စားဝတ်နေရေးအကြောင်း ရုန်းကန်လှုပ်ရှားမှုတွေ အကြောင်းသာ ပြောကြတာ ။

လူတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ ရောဂါလက္ခဏာတွေ အကြောင်း ပြောကြတာ မဟုတ်ဘူး။

မိဆောင်းတို့ ရွာက လူတွေက စပါးတွေ ပျိုးကြဲဖို့ ပျိုးနုတ် ကောက်စိုက်ဖို့ လောက်သာ သိတာ။

အမေ့ ရောဂါအကြောင်း သိတာ မဟုတ်ဘူး၊ ရွာက ဆရာလေးက နွားတွေရဲ့ ရောဂါကိုသာ ကုတတ်တာ။ အမေ့ရဲ့ ကင်ဆာရောဂါကို ကုတတ်တာ မဟုတ်ဘူး။

မိဆောင်းတို့ ပိုင် လယ်တစ်ကွက်က အဖေ့ရဲ့အမွေလို့ လက်ညှိုးထိုး ပြနိုင်ရုံသာ ရှိတာ။

အမေ့ ရောဂါကို လုံလောက်တဲ့ ဆေးဝါး ရှာပေးနိုင်တာ မဟုတ်ဘူး။

မိဆောင်း နားလည်မိတာ အဲသလောက်ပါပဲ အမေရယ်။ ဒီလောက်ပဲ သိတဲ့ မိဆောင်းမှာ အပြစ် ရှိသလား အမေရယ်။

အမေ့ကို ကြည့်ရင်းက အမေ ဆိုနေကျ သီချင်းလေးကို မိဆောင်း သတိရမိတယ်။

“ ဗောဓိရွှေကျောင်း ” တဲ့ ။

“ ရွှေစာကို အမေ ပိုက်ပါလို့ x x x လိုက်ပါရစေကွဲ့ မောင်လှရယ် ...  ” တဲ့။

အမေ ... အမေ ... ။ အမေ အဲဒီ သီချင်း ဆိုနေသလား ၊ အမေ့ နှုတ်ခမ်းတွေ တလှုပ်လှုပ်နဲ့ သီချင်း ဆိုနေတာလား။

“ အမေရယ် ၊ အမေ မရှိလည်း မောင်လေး ညိုကြီးကို ကျုပ် လှူဖြစ်အောင် လှူမှာပါတော့၊ မောင်လေး နောက်ကနေပြီး လိုက်ပါရစေလို့ ဆိုနေဦးမှာလား ”

မိဆောင်း မျက်စိထဲမှာ မောင်ရှင်‌လောင်း ပစ္စည်းတွေ ရွက်လို့၊ သင်္ကန်းပန်းတွေ ပွေ့ထားတဲ့ အလှူ့အစ်မကြီး အမေ့ကို မြင်ယောင်လာမိတယ်။

ဒါပေမဲ့ အမေ တကယ် ပိုက်ထားရတာက ကင်ဆာရောဂါကိုပါ။ သေခြင်းတရားက ဆင်းရဲတဲ့ လူတွေဆီကို အရင် လာတတ်ထင်ပါရဲ့ တော်။


◾ ခင်ခင်ထူး

📖 ပန်း‌ဝေသီ မဂ္ဂဇင်း ၁၉၉၆ ခုနှစ် ၊ မေလ


Comments