( ၁ )
ကိုသိန်းအောင်သည် သေတ္တာကို ဖွင့်လိုက်၏ ။ ကြိုင်လှိုင်သော ရနံ့သည် အပြေးကလေး ထွက်လာသည် ။ အပေါ်ယံတွင် ဖုံးထားသည့် မှိုင်းကိုင်စက္ကူကို ဖယ်လိုက်သည့်အခါ သူ၏ ပန်းချီကားချပ်များသည် အထပ်လိုက် ပေါ်လာ၏။ ကိုသိန်းအောင် ရေးဆွဲခဲ့သမျှ ပန်းချီကားတို့မှ ကောင်းနိုးရာရာများကို ရွေးကာ သေတ္တာထဲတွင် စုသိမ်းထားသည်။ သည်ပန်းချီကားချပ်များသည် သူ၏ ဒိုင်ယာရီမှတ်တမ်း သဖွယ်ပင် ဖြတ်တော့သည်။ သူ၏ ပန်းချီများကို ပြန်၍ ကြည့်တိုင်း ကြည်တိုင်း သူ ဘယ်အချိန်က ဘယ်ကို ရောက်၍ ဘာလုပ်ခဲ့ သည်ကို ပြန်၍ သတိရမိသည်။
ပန်းချီကားများကို ခပ်မြန်မြန်ပင် တစ်ခုပြီး တစ်ခု ကြည့်သည်။ သူ၏ စုတ်ချက်များသည် အလွန် အေးဆေးငြိမ်းချမ်း၍ အသက်ပါ၏။ အများအားဖြင့် ကဗျာဆန်ကာ အင်မတန် လှလေသည်။ “ ကြော့ဆည်းဆာ ” “ ပွင့်သစ်စ နှစ်ဦး ” နှင့် “ ည၏ ပုလဲတစ်လုံး” တို့သည် သူ၏ မာနပင် ဖြစ်တော့သည်။
ဝတ္ထုစာအုပ်ကို မပြီးခင် အဆုံးဘက်သို့ လှန်ကြည့်ပြီး ရှေ့က စာရွက်ကို မြန်မြန် ဖတ်သည့် လူလို သူ့မှာ စိတ်ဇောတစ်ခု ထွေသည်။ ဤ ပန်းချီကားချပ်များသည် ကောင်းပင် ကောင်းမွန် ငြားသော်လည်း နှင်းဆီသည် အလွန် လှပလျက်နှင့် ယမင်းပျိုကလေးနှင့် တွေ့သည့် အခါမူ သူ ဆင်သစရာ ပစ္စည်းတစ်ခုသာ ဖြစ်ရသကဲ့သို့ ရှိတော့သည်။ ကိုသိန်းအောင်ထံတွင် အသက်လို မြတ်နိုးယုယထားသည့် ပန်းချီကားချပ်များ ရှိသေးသည်။ ထိုအရာများနှင့် စာလျှင် ယခု ပန်းချီကားချပ်များသည် အငြိမ့်စင် စလျှင် ထွက်သည့် လက်ထောက် ကချေသည်ပမာသာ ဖြစ်ပေ၏။
ထိုကြောင့် ကြည့်နေဆဲ ပန်းချီကားချပ်များကို အားလုံး မကုန်မီပင် ထပ်၍ ဘေးသို့ ဖယ်လိုက်၏။ သေတ္တာ အောက်ဆုံးမှ ဖဲကြိုးပြာနှင့် သပ်သပ်ရပ်ရပ် စည်းနှောင်ထားသည့် ကားချပ်များကို ထုတ်ယူ၏။ ပန်းချီကားချပ် အထပ်သည် ပထမ ကဲ့သို့ မတူချေ။ အလွန်ဆုံး လေး , ငါးချပ်ပင် ရှိပေမည်။
ပထမဆုံး ပေါ်ထွက်လာသော ကားချပ်မှာ “ သူ ” ဖြစ်လေသည်။ လွန်ခဲ့သော အနှစ် နှစ်ဆယ်လောက်က “ လှ ” ကို ရေးဆွဲခဲ့သည်။ အလွန် အဆင်ပြေစွာ စပ်ထားသော ရောင်စုံ ကားချပ်။ ထိုကားချပ်ကို ကြည့်ရင်း ကြည့်ရင်း ရေးဆွဲစဉ်က နုပျို ပျော်ရွှင်သည့် စိတ်များ ပြန်လည် ပေါ်လာသည်။
“ လှ ” သည် အလွန် ထူးခြားစွာ နုနယ် လှပသည့် အပျိုကလေးတစ်ယောက်၏ ပုံ ဖြစ်လေသည်။ အပျိုမလေးသည် တစ်ပတ်လျှို နောက်တွဲ ဆံထုံးကို စပ်မြင့်မြင့် ထုံးထားသည်။ ကွေ့ဝိုက် ကျနေသော ဆံမြိတ်သည် ပခုံးပေါ် မှာ လျော့ရဲရဲ တင်နေ၏။
ဆံထုံးနှင့် ဆံမြိတ် ဆက်စပ်သည့် နေရာကို ဆောင်တော့ဖူး အဆုပ်ကလေး တစ်ဆုပ်က ကွယ်ထားသည်။ မျက်နှာကလေးမှာ ရိုးသား အပြစ်ကင်းသော စိတ်ရင်းကို ဖော်ပြ၏။ မျက်ခုံးကလေး ကော့ကော့၊ မျက်လုံးကလေး အေးဆေး၊ ဖူးရာက အာစ ပြုသည့် ပန်းငုံကလေးလို မပွင့်တပွင့် နှုတ်ခမ်းကလေးသည် ပြုံးတော့ မလိုလိုနှင့် ရှက်ကိုး ရှက်ကန်း အမူအရာကို ပြသည်။ ရုတ်တရက် ကြည့်လျှင်လည်း လှ၊ တစိမ့်စိမ့်ကြည့်လျှင်လည်း လှသည့် အလှမျိုးပင်။ အပြုအပြင် ကင်းမဲ့သည့် နဂိုအလှကို ပန်းချီဆရာက လက်ရာမြောက်စွာ ဖော်ပြ ဝင့်ကြွား ထားပေ၏။ သည် ပန်းချီကားချပ်ကို ကြည့်၍ ပန်းချီဆရာသည် မည်မျှ ဒုက္ခခံ၍ အနုစိတ်၍ ရေးဆွဲသည်ကို သိနိုင်ပေ၏။
ထိုစဉ်က အပျိုလေးသည် ပုံတူ ရေးဆွဲခံရန် ပြတင်းဘေးမှာ ထိုင်နေသည်။ ကိုသိန်းအောင်သည် တစိမ့်စိမ့် ကြည့်နေရာမှ သတိရ၍ နာမည်ကို မေးလေရာ ‘ လှတဲ့ ရှင့် ’ ဟူသော အဖြေကို ရသည်။ ကိုသိန်းအောင်၏ နှလုံးများ ငြိမ့်ခနဲ ဖြစ်သွားကာ ‘ ဩော် လှ တဲ့ လား ၊ လူ နဲ့ နာမည်နဲ့ လိုက်အောင် မှည့်တတ်လိုက်တာ ’ ဟု ပြောမိလေ၏။ ထိုအခါ အပျိုမလေးသည် ပြုံးတော့မလို ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ ထို အမူအရာကို ကိုသိန်းအောင်သည် ပုံထဲတွင် အရအမိ ဆွဲထည့်ခဲ့ပြီးလျှင် ပန်းချီကားချပ်ကိုလည်း “ လှ ” ဟု အမည်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
ဤ ပန်းချီကားကို ပြန်၍ ကြည့်တိုင်း ထိုအချိန်ကို ပြန်လည် မျှော်မိသည်။ ထိုစဉ်က သူ့ စိတ်သည် ရုပ်ပုံကို လိုလို ရုပ်ပုံရှင်ကို လိုလို စွဲမက်မိခဲ့သည်။ ဂီတ၏ ညှို့ချက်ကို ခံစားရသည့် သူလို အာရုံ ထွေပြားစွာ တစ်မျိုးတစ်မည် ခံစားရသည် တို့ကို သတိရမိသည်။ ထိုကဲ့သို့ စိတ်ကို ထိခိုက် လှုပ်ရှားမှုကလေးများ အတွက်ကြောင့်ပင် “ လှ ” သည် ထူးခြားစွာ အသက်ပါသည့် ရုပ်ပုံလွှာ ဖြစ်လာသည် ထင်သည်။
“ လှ ” ကို ဘေးသို့ ချလိုက်သည့်အခါ “ မောင့်လွမ်း ” ကို တွေ့မြင်ရ၏။ ထိုကားချပ် သည် “ လှ ” ၏ ဇာတ်လမ်းကို ဆက်ပြသည်။ ပုံသဏ္ဌာန်မှာ လသာသာတွင် ချစ်သူကို စောင့်စား နေသည့် အပျိုမကလေး ဖြစ်၏။ ထိုစဉ်က လှနှင့် ကိုသိန်းအောင်တို့သည် အချစ်ချင်း လဲလှယ် ခဲ့ကြပြီး လသာသည့် ညများတွင် သူ့ မောင် လာမည်ကို စောင့်စား နေသည့် လှပင် ဖြစ်၏။ သူ ၏ မျက်နှာကလေးသည် အစိမ်းကလေးမို့ ကြောက်ရွံ့မိသော်လည်း အချစ်ကို မလွန်ဆန်နိုင်သဖြင့် တထိတ်ထိတ် စောင့်နေဟန်ကို ပြသည်။ မောင် လာချိန်တန်လျက်နှင့် မလာသဖြင့် မောင့်ကို လွမ်းနေလေသည်။
“ မောင့်လွမ်း ” ပြီးလျှင် “ ချစ်သမျှကို ” ကားချပ်သည် ဝင့်ဝါ၍ ထင်ပေါ်လာ၏။ ထိုကားချပ်သည် အလွန် လေးနက်တည်ငြိမ်စွာ တစ်ရောင်တည်း ခြယ်မှုန်းထားသဖြင့် ထိုအချိန်ကလေးမှာ အချစ်တစ်ခုတည်းသာ ဖုံးလွှမ်းထားသည်ကို ထင်ရှားစွာ သိရ၏။ အပျိုမကလေးသည် မော့၍ နေကာ သူ့ မျက်နှာကို လုလင်ပျိုက အပေါ်မှ စီးကာ ငုံ့ကြည့် နေဟန် ရှိလေ၏။ သူတို့၏ မျက်နှာနှစ်ခုမှာ ဘေးတိုက် ပုံသဏ္ဌာန် ဖြစ်၍ ဆည်းဆာအလှကို နောက်ကျောခံ ထား၏။ မှတ်မိသေးသည်။ ထိုစဉ်တုန်းက လှ ၏ နှုတ်ခမ်းကလေးများသည် တဆတ်ဆတ် တုန်နေသည် ။ မျက်တောင်ကလေးများကလည်း စင်းလျက်နေသည်။ ကိုသိန်းအောင်သည် သူ၏ နဖူးပြင်ပေါ်မှာ ဖွာရရာကြဲနေသော ဆံနွယ်ကလေးများကို ယုယစွာ သိမ်းဆည်းကာ သပ်ပေး နေလေ၏။
ကိုင်း ... ဘာ လိုသေးသနည်း။ လှ ကို ချစ်ခဲ့သော ကိုသိန်းအောင်သည် သူ၏ အချစ်ကိုလည်း ရခဲ့ပြီ၊ သူ့ကိုလည်း ရခဲ့ပြီ။ သူတို့သည် လက်ချင်းတွဲ၍ ဘဝခရီးစဉ်အတိုင်း လျှောက်ကြရပေပြီ။ ကိုသိန်းအောင်၏ ဇာတ်လမ်း ပန်းချီကားများသည် ရှေ့ဆက်ရန် ရှိပါတော့မည်လော။
“ မိခင်မေတ္တာ ” သည် ထိုမေးခွန်းကို ဖြေ၏။ သည်တစ်ခု ကျန်ပါသေးကော။
“ မိခင်မေတ္တာ ” သည် ကိုသိန်းအောင်တို့ မောင်နှံ၏ ရင်နှစ်သားငယ် ရသည့် ဘဝကို ပြ၍ ဇာတ်လမ်းကို ဆက်ပြန်သည်။ သားကလေးသည် မျက်နှာကို လက်ဝါးလေးနှင့် မလုံတလုံအုပ်ကာ တူတူပုန်းနေသည်။ မိခင်၏ မျက်နှာမှာ မေတ္တာ၏ အရောင်ဖြင့် လင်းထိန် နေလေသည်။
“ မိခင်မေတ္တာ ” ပြီးသည့်အခါ ဘာမျှ မရှိတော့ချေ။ ကိုသိန်းအောင်၏ ဘဝကို ပြသော ပန်းချီကားချပ်များသည် ကုန်ကျွမ်းခဲ့လေပြီ ။ ကိုသိန်းအောင်၏ အတိတ်ဘဝသည် မှတ်တမ်း အဖြစ်ဖြင့် ပန်းချီကားချပ်ထဲတွင် ကျန် ခဲ့သည်။
ကိုသိန်းအောင်သည် သူ့ ပန်းချီကားများကို စိတ်ပါလက်ပါ ကြည့်နေရာမှ ပြီးသွားသည့်အခါ ရင်ထဲတွင် ဟာ၍ မဆတ်တငံ့ဖြစ် ကျန်ရစ်ခဲ့လေသည်။ သည် ပန်းချီကားချပ်ကလေးများကို ကြည့်တိုင်း စိတ်မချမ်းသာမှု၊ ပျင်းရိမှုတို့သည် လုံးဝ ပျောက်ပျက်ကာ သူ၏ နှလုံးသည် ရွှင်ပြုံး လာမြဲ ဖြစ်ပေ၏။ သည် ပန်းချီကားချပ်များ ကြောင့် သူ၏ ဘဝသည် သာယာ စိုပြေခဲ့ရသည်။ ကိုသိန်းအောင်သည် ပစ္စည်း ကုံလုံ ခဲ့ပေပြီ။ အမည် ကျော်ကြား ခဲ့ပြီ၊ စိတ်အေးချမ်းသာ ခဲ့ပေပြီ။
( ၂ )
သည့်နောက် ပန်းချီကားများကို ဆက်၍ ရေးဆွဲခဲ့သည်မှာ ယခုတိုင် ဖြစ်လေ၏။ ကိုသိန်းအောင်သည် အသက်ကြီးလာသည်နှင့်အမျှ ဝါရင့်၍ လာခဲ့သော်လည်း သူ၏ အတိတ်ပြ ပန်းချီကား လေးချပ်ကဲ့သို့ အဓိပ္ပာယ် ကြွယ်ဝသော ကားမျိုးကို တစ်ချပ်မျှ ထပ်၍ မဆွဲနိုင် ခဲ့ချေ ။ ထိုသို့ ဖြစ်လေလေ အတိတ်ပြ ပန်းချီကားကလေးများကို မြတ်နိုးလေလေ ဖြစ်ကာ ဧည့်ခန်းတွင် ချိတ်ဆွဲဖို့ရာ လူမြင်မှာ စိုးသည့် သဝန်တိုမှုပင် ဖြစ်ရရှာသည့် တိုင်အောင် သံယောဇဉ် တွယ်မိသည်။
ကဗျာ ဖြစ်ဖြစ်၊ ဝတ္ထု ဖြစ်ဖြစ်၊ ပန်းချီ ဖြစ်ဖြစ် စပ်မည့် ရေးမည့် ဆွဲမည့် သူ၏ စိတ်တွင် ထိခိုက် လှုပ်ရှားမှုကလေး ရှိနေစဉ်မှာ ဖြစ်ပေါ် ဖန်တီးပါမှ ထူးခြား ကောင်းမွန်နိုင်သည်ဟု ကိုသိန်းအောင် ယုံကြည်၏။ ယခုမူ လိုသမျှလည်း ပြည့်ဝခဲ့ပြီ ဖြစ်သဖြင့် မည်သို့မျှ စိတ်လှုပ်ရှားစရာလည်း မရှိတော့ချေ။ သို့သော် ပန်းချီကားကောင်း တစ်ချပ်ကိုဖြင့် မသေခင် ခြယ်မှုန်း သွားချင် ပေသေးသည်။
ကိုသိန်းအောင်သည် မခံချိ မခံသာ ဖြစ်မိသည်။ အဘယ်ကြောင့်များ ဇာတ်လမ်းပြ ပန်းချီမျိုးကို မီအောင် မဆွဲနိုင်ပါလိမ့်။ ခု ဆိုလျှင် ယခင်ထက်တောင် ပန်းချီအရာမှာ ပိုပြီး လိမ္မာ လာသေးသည်၊ ပုပ္ပါးသွားစဉ်က ဆွဲခဲ့သည့် ကားတွေ၊ ပြင်ဦးလွင် သွားစဉ်က ဆွဲခဲ့သည့် ကားတွေ၊ ကောင်းတော့ ကောင်းပါ၏။ တစ်ခုမျှ မကြိုက်။
ကားကောင်း တစ်ချပ်တော့ ဖြစ်အောင် ဆွဲလိုက်ချင်သေးသည်။ မိမိလို နာမည်ကြီး ပန်းချီဆရာ တစ်ယောက်သည် ငယ်စဉ်က ဆွဲခဲ့သည့် ကားချပ်မျိုးကိုမှ မီအောင် ပြန်၍ မဆွဲနိုင်လျှင် လူ ရယ်စရာပင် ဖြစ်တော့မည်။ သို့သော် ငယ်စဉ်က၊ လူပျိုလူရွယ်တုန်းက၊ အချစ်စိတ်တွေ မွှန်နေချိန်က အချိန်သည် ယခု လူအိုဘဝကို ရှေးရှုနေသော အချိန်နှင့် မတူတော့ချေ။ ငယ်စဉ်ကလို ပျော်ရွှင် နုပျိုသည့် စိတ်ကို ယခု ပြန်၍ မမီတော့ချေ။ သို့ဖြစ်လေရာ ငယ်စဉ်က ဆွဲခဲ့သည့် ကားများကို အဘယ်မှာ ယခု ပြန်၍ မီနိုင်ပါမည်နည်း။
ကိုသိန်းအောင်သည် သူ့ကိုယ်သူ မည်သို့ပင် ဆင်ခြေပေးသော်လည်း ရင်တွင်းမှ ဗလောင် ဆူ၍သာ လာ၏။ တစ်ချိန်ထက် တစ်ချိန် ပို၍ စိတ်ပျက်လာ၏။
ရာသီဥတုကြီးကိုကလည်း စိတ်ပျက်စရာ၊ နေ မပွင့်တပွင့်နှင့် သွေ့ခြောက်သည့် နေ့လယ်ခင်း၊ အိမ်ရှေ့မှာလည်း ပန်းပင်တွေ စိုက်နေကြသည်။ ငှက်တွေကလည်း တေးဆိုဖို့ရာကို မေ့နေကြပြီ ထင်သည်။ မမေ့၍ဆိုလျှင်လည်း ငြီးငွေ့စရာ သည်လို အခြေအနေနှ င့် ဖီလာကန့်လန့် ဖြစ်နေမှာပေါ့။
လေကိုလည်း မစမ်းမိ။ သစ်ပင်တွေ အားလုံး တုတ်တုတ်မျှ မလှုပ်အောင် ငြိမ်နေသည်။ ဂီတသံ လုံးဝ မပါသော ကားဟွန်းသံတွေကိုဖြင့် တစ်ချက် တစ်ချက် ကြားရပါ၏။ ဘယ်မှာ ပသာဒ ကြည်နူးခြင်း ဖြစ်နိုင်ပါမည်နည်း။ ပသာဒ ကြည်နူးမှု မရှိက ပန်းချီကောင်းကို သူမဆွဲတတ်နိုင်။ ဤကဲ့သို့ ပျင်းရိစရာ အချိန်မျိုးသာ တစ်သက်လုံး မင်းမူ သွားမည် ဆိုပါက လူ့ဘဝကြီးသည် နေချင်စရာပင် ရှိတော့မည် မဟုတ်။
ဤသို့ ကိုသိန်းအောင်သည် ငိုင်၍ မှိန်း၍ တွေးနေရာ အသံတစ်ခုကြောင့် လန့်သွားလေ၏။ ရင်ထဲတွင် အဘော်အတန်ပင် တုန်လှုပ်သွားကာ သရဲ ခြောက်ခံရသလို ပြူးကြောင်ကြောင်နှင့် အသံလာရာသို့ ကြည့်လိုက်၏။
“ ဟင် ကိုသိန်း၊ ညနေကျရင် ဘုရားသွားမလားလို့ မေးနေတာ မကြားဘူးလား ” ဟု ဇနီးသည်က ပြောသည်။
သူမသည် ငယ်စဉ်က လှခဲ့ဖူးပါသည်ဟု သက်သေပြနိုင်ရုံ ကျန်သော မျက်နှာ အချိုးအစားသာ ကျန်တော့၏။ မနှစ်က တစ်နှစ်လုံး မမာသဖြင့် လဲနေရာ ယခုမှ နာလန်ထူစ ဖြစ်သည့်အလျောက် အလွန် ပိန်ချုံး၍ အရိုးငေါငေါသာ ဖြစ်နေတော့သည်။ မျက်လုံးတို့သည်လည်း မကြည်တော့ပြီ။ နှုတ်ခမ်းတို့သည်လည်း တွန့်လိမ်ကာ ရှုံ့ဝင်လျက် ရှိ၏။ မျက်ခုံးမွှေး တစ်ပင် နှစ်ပင် ဆံပင်မှာ ကျိုးတိုးကျဲတဲနှင့် အသက်လည်း လေးဆယ်ကျော် ဖြစ်လေရာ ဇရာပိုင်းသို့ ဝင်စပြုသည့် သဏ္ဌာန်သာ ထင်ပေါ် နေလေတော့သည်။
ကိုသိန်းအောင်သည် ပိန်ချည့်၍ နှစ်ကုံးတစ်ကော့ကလေး ဖြစ်နေသည့် ဇနီးသည်ကို အထူးအဆန်းသဖွယ် စိုက်၍ ကြည့်လေ၏။ ဇနီးသည်၏ မျက်နှာမှ အရေတွန့် ကြောင်းကလေးများကို မြင်လေ၏။ ဆံစကလေးတွေ ဖြူနေသည်ကို မြင်လေ၏။ လည်ပင်းမှာ ထောင်နေသော အကြောကြီးများကို မြင်လေ၏။ ဩော် လှသည်ဆိုတာလည်း တစ်ခဏသာ ခံသော အရာပါတကား။
ကိုသိန်းအောင်သည် ပန်းချီကား “ လှ ” နှင့် ယှဉ်ကြည့်မိ၏။ ယခင် “ လှ ” နှင့် ယခု “ လှ ” သည် မတူတော့ချေ။ တစ်ယောက်တည်း ဖြစ်ပါသည်ဟု ပြောလျှင်တောင် လူတိုင်း ယုံကောင်းမှ ယုံမည်။ မိန်းမများသည် ယောက်ျားများထက် ရုပ်ပို၍ ကျလွယ်သည် ဆိုသည်မှာ မှန်လှသည်။ ဇနီးသည် “ လှ ” ၏ အလှများသည် စက္ကူပေါ်မှာသာ ရှိတော့သည်။ နောက်ဆိုလျှင် သည့်ထက် ကြာလေလေ၊ သည့်ထက် အိုလေလေပင် ဖြစ်တော့မည်။ ဧရာ ဖိစီးလျက် ရှိသော ဇနီးသည်သည် နောက်များ မကြာမီ ဗျာဓိမင်း၏ အကျဉ်းသား ဖြစ်လာလိမ့်မည်။ ဗျာဓိပြီးလျှင် မရဏ။ ထိုအခါ၌ “ လှ ” ဆိုသူသည် နာမည်မျှသာ လောကတွင် တွင်ရစ်ပြီး သူ့ ကိုယ်စား မြေပုံ မို့မို့ သာ ကျန်တော့သည်။
ကိုသိန်းအောင်သည် ဝမ်းနည်းသလိုလို၊ တရားကျသလိုလို ဖြစ်လာလေ၏။ လောကကြီးကို ပျင်းလာ၏။ ငြီးငွေ့လာ၏။ ဇနီးသည်က ပြုံးလိုက်သည်ကို အမှတ်မထင် မြင်လိုက်ရပြီး ပြုံးလိုက်သည့်အတွက်ပင် မျက်နှာမှာ အရစ်ရစ် အကြောင်းကြောင်းများ ပို၍ ထလာသည်ကို တွေ့ရလေသည်။ ကိုသိန်းအောင်သည် အပျက်တရားကို မြင်လာ၏။ ပန်းချီဆရာ ပီသစွာ အအေးအချမ်း အသာအယာကိုသာ မြင်ခဲ့ရာ ပထမဆုံးအကြိမ် အပျက်တရားကို သုံးသပ်မိ၏။ အို ခဲ့ပြီ။ သို့သော် လှ၏ မေတ္တာမူကား ကြိုင်လှိုင်မြဲ ရှိလေသည်။ မိခင်ကောင်း၏ မေတ္တာ၊ မယားကောင်း၏ မေတ္တာတို့ကိုမူကား ပိုင်ဆိုင်မြဲ ရှိလေမည်။ နှင်းဆီသည် ဘယ်လို နွမ်းသော်လည်း အနံ့ မပျက်။
မည်သို့ပင် ဆိုစေ ကိုသိန်းအောင်၏ အတိတ်ပြ ပန်းချီကားများ၏ စံကို မီသော “ ကြွေလုနှင်းဆီ ” အမည်ရ မိန်းမအိုတစ်ယောက်၏ ပုံလွှာ ဇာတ်လမ်းဆက် ပန်းချီကား တစ်ချပ်သည် ဖြစ်ပေါ် လာပြန်လေ၏။
◾ကြည်အေး
📖 တာရာ မဂ္ဂဇင်း
အတွဲ ၁ ၊ အမှတ် ၆
သြဂုတ် ၊ ၁၉၄၇


Comments
Post a Comment