နှင်း၏ နိဂုံး @ ခင်မြဇင်

 


( ၁ )


 ဆောင်းသည် အရာအားလုံးကို မြူထု နှင်းထုဖြင့် လွှမ်းဖုံးပစ်ကာ အမြင်အားကို မကြည်မလင် မပြတ်မသား ရှိစေသည်။

 ဆောင်း၏ အေးစက်သော လက်များဖြင့် ပွေ့ဖက်ခံရသောအခါ မြေသားပထဝီသည် တင်းမာလျက်။ သစ်ပင် သစ်ခက်တို့တွင် နှင်းရည် နှင်းစက်တို့ တွဲခိုလျက်။ နေရောင်မှာ ပြောင်လက်သော မြက်ခင်းပေါ်က နှင်းစက်တို့သည် ဝင်း၏ မျက်ဝန်းများထဲမှ မငိုဖြစ်သော မျက်ရည်စက်များထက်ပင် အဆပေါင်းကုဋေကုဋာ များပေလိမ့်မည်။

 မြက်ခင်းပေါ်တွင်တော့ စက်ဘီးရာများ ထင်ကျန်ခဲ့လေသည်။ မြေကိုကပ်၍ ပွင့်နေသော ဆူးလေပွင့်ဝါဝါတို့ ကြွေကာ ဝမ်းနည်းဖွယ်ရာ မြေမှာ နစ်မြုပ်ကြသည်။ ရွှေရောင်နှင့် မရမ်းရောင်တို့မှာ နှင်းငွေ့ဖြင့် သွယ်တန်းထားသော နတ်သမီး ပိုးဇာဖျင်ပမာ ငွေပင့်ကူမျှင်မှာ ကပ်ငြိကြသည်။

 ဝင်းသည် ထိုပန်းကလေးတွေလိုပင် မာန်မာန နည်းပါးသော မိန်းကလေးတစ်ဦး ဖြစ်သည်။ စိတ်ဓာတ်အင်အား လျော့နည်း၍ သစ်ကပ်ပန်းပင်တွေလိုပင် တွယ်မှီရာ ရှာချင်သည်။

 ခြံဝင်းများကို ကျော်လွန်လျှင်တော့ ပေတစ်ရာ လမ်းမကြီးပေါ်သို့ ရောက်သည်။ လေကလည်း စက်ဘီးပေါ်မှ သူ့မျက်နှာကို အတားအဆီးမရှိ ဖြတ်သန်းသည်။ မှိုင်းညို့ညို့ ရေညှိများ ထူထပ်သော ကုက္ကိုပင်အိုကြီးများပေါ်မှာတော့ သေးကွေးသော သစ်ခွပန်းပြာတို့ကို တွေ့ရသည်။ သူ၏ စက်ဘီးကလေးသည် မြို့အထွက် တောအုပ်ကလေးထဲမှာ ပျောက်သွားပြီး၊ ရထားလမ်း၏ ဟိုမှာဘက်တွင် ပေါ်လာပြန်သည်။

 မကြာမီ မီးရထားသံလမ်းသည် တုန်ခါပြီး အရုပ်ကလေးပမာ တောအုပ်ကိုပတ်၍ ဖြတ်သန်းလာသော တွဲရှည်များကို မြင်ရသည်။ တဂျုန်းဂျုန်း အသံနှင့်အတူ မီးခိုးငွေ့များ ပန်းထုတ်လျက် မောကြီးပန်းကြီး ခုတ်မောင်းလာသော ခေါင်းတွဲက ကြောက်မက်ဖွယ်ရာ နီးကပ်စွာ ဖြတ်မောင်းသွားသည်။ ကျောက်မီးသွေးမှုန့် အစအနများသည် ပါးပြင်ပေါ်သို့ တင်ကျန်ရစ်ခဲ့သည်။ တွဲများပေါ်မှ နီးကပ်လာသော မျက်နှာများ မှုန်ဝါးသွားသည်။ ထို့နောက် ဆူညံပြင်းထန်သော အသံသည် တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားပြီး သံလမ်းကို တုန်ခါကျန်ရစ်စေသည်။

 ဟိုတုန်းကလည်း ရထားတစ်စင်း ဖြတ်သန်းသွားတိုင်း ငေးမောကြည့်မိမြဲပင်။ ကလေးဆန်စွာ ငေးမောမိတိုင်း -

 “ ဟေ့…ဒီလောက်ငေးနေတာ၊ မင်းတို့ အမျိုးတွေ ပါလို့လား ”

 စက်ဘီးပေါ်မှ တစ်စုံတစ်ယောက်က နောက်ပြောင်သွားတတ်ပါသည်။ ထိုစဉ် ဝင်းမှာ စက်ဘီး မရှိခဲ့ပါ။ ရထားလမ်းနှင့် ခပ်လှမ်းလှမ်းမှ တံတားဖြူကလေးပေါ်မှာ ထိုင်ကာ ကားကြုံစောင့်လေ့ရှိသည်။ ထိုနေရာက လမ်းဆုံ ဖြစ်ပါသည်။ သူတို့မြို့ကလေးမှ ရှားရှားပါးပါး တိုက်တာ အဆောက်အအုံများကိုလည်း ထိုနေရာကလေးမှ ဆီး၍ မြင်နိုင်သည်။ ဝင်းသည် ထိုနေရာကလေးကို ချစ်ပါသည်။ ခုနှစ်မိုင်ဝေးသော မြို့ကြီးကိုသွားဖို့ ကားကြုံ တစ်စီးတလေ မလာမီ ချောင်းရေစီးသံကလေးများကို ငေးမော နားထောင်လေ့ ရှိတတ်ပါသည်။

 ချောင်းရေစီးသံများပင် ပျောက်ဆုံး ကုန်လွန်ခဲ့သော အကြောင်းများကို ပြောချင်မှ ပြောတတ်ကြပါတော့မည်။ ဆက်ရက်ကလေး နှစ်ကောင်ကို အတူတကွ မြင်လျှင် ပျော်ရွှင်တတ်သော ခပ်နုံနုံ မိန်းကလေးတစ်ယောက်ကိုလည်း သတိပြုမိချင်မှ ပြုမိပါတော့မည်။ ခုတော့ ထိုမိန်းကလေးသည် နောက်တွင် ဝေးကျန်ပြာရီသွားသော တောအုပ်ကလေးကို လွန်သည်နှင့် ရထားတစ်စီးတလေနှင့်မျှ မဆုံအောင် စက်ဘီးကို အပြင်း နှင်လေ့ရှိပါသည်။ ဆုံမိအောင် ဆုံသည့် နေ့များ၌လည်း ဥပေက္ခာ မျက်နှာထားနှင့် ထိုတံတားကလေးကို စောင်းငဲ့၍ပင် မကြည့်ပါ။ ရံဖန်ရံခါမှာတော့ တေးတစ်ပုဒ်ကို လေချွန် သွားတတ်ပါသည်။ နှုတ်ခမ်းများတွင် ခပ်ယဲ့ယဲ့အပြုံး တွဲခိုလျက်။ ခုတော့ ဆောင်းရာသီလည်း ကုန်လုပါပြီ။ ဝင်းမှာ စက်ဘီးတစ်စီးလည်း ရှိခဲ့ပါပြီ။


( ၂ )


 ဟိုတုန်းကတော့ ဝင်းသည် ရုံးသို့ အစောဆုံး ရောက်တတ်သူ ဖြစ်ခဲ့ပါသည်။ ရုံးခန်းတံခါးများကိုလည်း အစောဆုံး ဖွင့်လေ့ရှိပါသည်။

 ဝင်းတို့ ရုံးခန်းပြတင်းများမှာ တရားရေး ဦးစီးဌာန ပြတင်းများနှင့် မျက်နှာချင်းဆိုင် ဖြစ်ပါသည်။

 ဟိုတုန်းကတော့ သည်ပြတင်းတစ်ခုမှာ ဘေးတိုက်ထိုင်လျက် စားပွဲမှာ ခေါင်းစိုက်ကာ အလုပ်များဟန်တူသော လူတစ်ယောက် ရှိခဲ့ဖူးပါသည်။ ဝင်း ပြတင်းဖွင့်သံ ကြားသည်နှင့် ထိုသူက အလန့်တကြား လှည့်ကြည့်တတ်ပါသည်။ ထို့နောက် မျက်မှန်းတန်းမိနေသော ဝင်းကို ကြင်နာစွာ ပြုံးပြလေသည်။

 ဟိုတုန်းကတော့ ဝင်းမှာ ချစ်သူ မရှိခဲ့ဖူးပါ။ ယောက်ျားသားတစ်ယောက်၏ အပြုံးများကိုလည်း ခွဲခြား နားလည်နိုင်စွမ်း မရှိခဲ့ပါ။ ဝင်း အသက်မှာ ၁၇ နှစ်သာ ရှိခဲ့ပါသေးသည်။ ဆယ်တန်းအောင်သည်နှင့် အလုပ်စလုပ်ခဲ့ရသော လက်နှိပ်စက်စာရေးမလေး တစ်ယောက်ရယ်ပါ။

 ဦးကြည်လင်သည် နာမည်နှင့်လိုက်အောင် မျက်နှာထား ကြည်လင်သူ၊ ပျော်ရွှင်တတ်သူ ဖြစ်ပါ၏။ တရားရေးဝန်ထမ်း ဖြစ်သဖြင့် လည်းကောင်း၊ ပြောင်းရွှေ့လာသည်မှာ မကြာသေး၍လည်းကောင်း၊ လူလွတ်တစ်ယောက် ဖြစ်သဖြင့် လည်းကောင်း ထိုမြို့နယ် ထိုရုံးများမှာတော့ စူပါစတား ဖြစ်ခဲ့သည်။ တိုက်ပုံအနက်နှင့် ချည်ချောပုဆိုးကို ဝတ်ကာ၊ ဥပဒေ စာအုပ်အချို့ကို ပိုက်ပြီး ဝတ္ထုတွေထဲမှာ တွေ့လေ့ရှိသည့် ယောက်ျားပီသသော ဇာတ်ဆောင်တစ်ဦး ဟန်မျိုးဖြင့် ရုံးခန်းရှေ့မှ ဖြတ်လျှောက်သွားလေ့ ရှိပါသည်။ ဝင်းတို့ရုံးမှ အပျိုမမများကလည်း ထိုသူကို စိတ်ဝင်စားလေ့ ရှိပါသည်။ နေကြာစေ့ စားရင်း၊ လက်ဖက်သုပ်ဝါးရင်း ဦးကြည်လင် အကြောင်း အချင်းချင်း ပြောလေ့ရှိကြပါသည်။ သည်တုန်းက ဝင်း နားထောင်လေ့ မရှိခဲ့ပါ။

 ဦးကြည်လင် ငှားနေသော ဝါးထရံကာ နှစ်ထပ်အိမ်ကလေးမှာ ဝင်းတို့ မြို့ငယ်ကလေးတွင် ရှိခဲ့ခြင်း၊ ဝင်းတို့အိမ်နှင့် နှစ်လမ်းကျော်ကျော်သာ ဝေးကွာခြင်းများမှာလည်း မလွှဲမရှောင်သာ မျက်မှန်းတန်းမိစရာ ဖြစ်ခဲ့ပါ၏။

 သို့ဖြင့် ရထားဥဩသံ ကြားလျှင် တမေ့တမော ငေးမောတတ်သော ကားစောင့်သူ မိန်းကလေးတစ်ယောက်နှင့် ခုနှစ်မိုင်ခရီးကို စက်ဘီးတစ်စီးဖြင့် ရုံးတက်လေ့ရှိသော လူလတ်ပိုင်း အရွယ်ရောက်စ အရာရှိငယ် တစ်ယောက်တို့၏ ဘဝတစ်ကွေ့ မှတ်တိုင်ကလေးတစ်ခုကို တံတားဖြူဖြူဘေးမှာ စိုက်ထူမိခဲ့ကြပါ၏။ ချောင်းရေစီးသံက ပြန်ပြောင်း ပြောပြနိုင်စွမ်း ရှိသည်ထားဦး၊ ဝင်းကတော့ ကြားလိုသော ဆန္ဒ မရှိတော့ပါ။ နေလာ နှင်းပျောက်သကဲ့သို့ ပျောက်ဆုံးစေချင်ခဲ့ပါပြီ။ 

 မထင်မှတ်သော တစ်နေ့မှာ စတင်ခဲ့ပါသည်။

 “ ဟေ့ မဝင်းရီ၊ လိုက်ခဲ့ပါလား၊ ဘတ်စ်ကား မျှော်မနေနဲ့၊ ခင်ဗျား ဘတ်စ်ကား ပျက်နေပြီ ”

 ဝင်း အမည်ပေးထားသည့် “ လိပ်ဘတ်စ်ကား ” မှာ ရံဖန်ရံခါ သည်လိုပင် ပျက်လေ့ရှိပါသည်။ မိန်းကလေးဖြစ်သဖြင့် ကားကြုံတိုင်းလည်း မလိုက်ရဲပါ။ ပြီးတော့ ခံ့ညားတည်ကြည်သော ဟန်ပန်က သူ့ကို ရိုကျိုးစေခဲ့ပါသည်။ သူ့စိတ်တွေ ထွေပြားစေခဲ့သည်။ မလိုက်လျှင် သူ့ကို စော်ကားသလို ဖြစ်လေမလား၊ လိုက်သွားပြန်လျှင်လည်း….။

 ချောင်းရေပြင်မှာ နေရောင် လက်နေပါသည်။ ဝင်းသည် ရှက်ရွံအားနာစွာ မော့ကြည့်မိသည်။ သူက လှမ်းပြုံးလိုက်သည်။ ကယ်ရီယာခုံပေါ်မှာ ပါသွားသည်။ အသက်ပြင်းပြင်း မရှူရဲပါ။

 “ ဒုက္ခပါပဲ၊ ဝင်းကြောင့် မောနေတော့မှာပဲနော် ”

 ညည်းညူ ပြောမိသည်။ သူက ပြုံးလျက်-

 “ ဝန်ထမ်း အချင်းချင်းပဲဗျာ၊ ကူညီရမှာပေါ့ ”

 ရုံးရှေ့ရောက်တော့ ပြောလိုက်သေးသည်။

 “ အားမနာပါနဲ့ဗျာ၊ နောက်လည်း ကြုံရင် ဖယ်ရီ ငှားနိုင်ပါတယ် ” တဲ့။ ထိုနေ့က ဝင်းမျက်နှာ နီနေပါလိမ့်မည်။ ရုံးက မမများ ထူးခြားစွာ နောက်ကျသော ဝင်းကို မမြင်မရှိ၊ မြင်လိုက်မိကြပါသည်။ ဝင်းကို နောက်ပြောင်ကြပါသည်။ ဝင်းမှာ ရင်တခုန်ုခုန်နှင့် တုန်လှုပ်လျက်က လက်နှိပ်စက် စာလုံးတွေ အများကြီး မှားရိုက်ပစ်မိပါသည်။ သူ့ထက် ပညာအားဖြင့် လည်းကောင်း၊ အဆင့်အတန်းအားဖြင့်လည်းကောင်း အများကြီးသာသော မမများက ဦးကြည်လင်နှင့် ပတ်သက်ပြီး သူ့အပေါ် မလိုတမာ ရှိကြမည်ကိုလည်း တွေးမိပါသည်။ သည်အတွေးက ဘာရယ်ကြောင့် မသိ၊ ပျော်ရွှင်စေပါသည်။


( ၃ )


နောက်တော့ တံတားလေးပေါ်မှ ချောင်းရေစီးသံများကို အတူ နားထောင်ဖြစ်ခဲ့ကြပါသည်။ တောင့်တင်း ကျယ်ပြန့်သော ကျောပြင်ကို မှီကာ သူ တစ်သက်တာ ပိုင်ဆိုင်ရတော့မည့် မွန်ရည်သိမ်မွေ့သော၊ ပျော်ရွှင်ကြည်လင်သော လူတစ်ယောက်အကြောင်းကို တွေးနေမိတတ်ပါသည်။

 “ အိပ်ငိုက်နေပြီလား ကလေးရဲ့ ”

ကြင်နာစွာ လှည့်ကာ မေးလျှင်၊ ထိုအပြုံးများကို သိမ်းဆည်းပွေ့ဖက် ထားလိုက်ချင်ပါသည်။ ခုတော့ လူတွေ အတော်များများကလည်း ပြောလာကြပါပြီ။ “ ဝင်းတို့ ဘယ်တော့လဲ ” တဲ့။ ဝင်းက “ မသိဘူး၊ မသိဘူး ” ဟု ရှက်စနိုးဖြင့် ဖြေလျှင် ဝင်း၏ ထူပုံ အ ပုံကို ဝိုင်းရယ်လာလေ့ ရှိကြပါသည်။ ဝင်း၏ ဦးစီးမှူး မမကလည်း ဝင်းကို ခေါ်မေးပါသည်။ သည်လောက် တွဲသွားတွဲလာ လုပ်နေကြမှတော့ လူသိရှင်ကြား လက်ထပ်ကြဖို့ သင့်ပြီ ဖြစ်ကြောင်းနှင့် ဦးကြည်လင်က လက်ထပ်ခွင့် တောင်းပြီလားဟု မေးပါသည်။ မမ မျက်နှာက နူးညံ့ချိုသာပါသည်။ အမေးကလည်း ညင်ညင်သာသာလေးပါ။ သို့သော် ဝင်းအဖြေက “ မသိဘူး ” တစ်လုံးတည်းပါ။ မမက “ ကလေးလည်း မဟုတ်ဘူး ဝင်းရယ်၊ ခက်တယ် ” ဟု ညည်းသည်။ သည်တော့ လက်နှိပ်စက်မှာ မျက်နှာအပ်၍ ဝင်း ငိုရပါသည်။ ဝင်း ငိုရခြင်းမှာ သူတို့အချစ်ကို မယုံသင်္ကာနှင့် မလိုတမာ စောင့်ကြည့်သူများအတွက် ရှက်ဒေါသနှင့် ငိုရခြင်းပါ။ တစ်နေ့တော့ မေးဖြစ်ပါသည်။

 ခပ်ပြုံးပြုံးနှင့် အလေးအနက် မထားသလို လုပ်ရင်း -

 “ ရုံးက လူတွေက ပြောလိုက်ကြတာ အစ်ကိုရယ်၊ ဝင်းနဲ့ အစ်ကို့ကို လက်ထပ်ဖို့ သင့်ပြီတဲ့၊ အိုးက မပူ စလောင်းက ပူနေလိုက်ကြတာ ”

 “ ဝင်းက ဘာပြန်ပြောလိုက်သလဲ ”

 ဝင်းက ရှက်စနိုးနှင့် မျက်နှာကို ကွယ်ရင်း-

 “ မသိဘူးလို့ ”

 “ ကောင်းကွာ၊ ဒါဆို ဝင်းကို အထင်သေးတော့မှာပဲ ”

 “ ဟင့်အင်း၊ ဝင်း ဘာပြောရမလဲ ”

 “ နောက်တစ်ခါမေးရင် ခန်းဝင်ပစ္စည်း မစုံသေးလို့ပါလို့ ပြန်ပြောလိုက် ”

 “ အမယ်…မပြောရဲပါဘူး၊ အစ်ကို့ဘာသာ လာပြောပါ့လား၊ ကြည့်စမ်း ကားပေါ်က လူတွေကလည်း ဝင်းတို့ကို ကြည့်သွားလိုက်တာ မမြင်ဖူးတာကျနေတာပဲ ”

 “ ပြောလိုက် ဝင်း….ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးဗျို့လို့ ”

 “ ကြားသွားတော့မှာပဲနော်၊ ဒုက္ခပါပဲ ”

 “ သိပ်မထုနဲ့ဗျ၊ ကျွန်တော်က လက်ကိုင် သိပ်နိုင်တာ မဟုတ်ဘူး၊ ချောင်းထဲ ထိုးကျသွားမှာ ”

ချောင်းရေပြင်ကတော့ ညနေခင်း တိမ်တိုက်များ၏အကြောင်း တေးကဗျာ ကောင်းကောင်း ဖွဲ့နွဲ့တတ်ပါသည်။ ရေပြင်ပေါ်တွင် ရှပ်တိုက်ပြေးသွားသော လေညင်းကလေးကလည်း နွေးထွေးချိုသာသော ရယ်မောသံများစွာကို လှိုင်းကြက်ခွပ်ကလေးများ အဖြစ် ပြောင်းလဲပစ်တတ်ခဲ့ပါသည်။


( ၄ )


 ဦးကြည်လင်၏ မျက်နှာမှာ မကြည်မလင် ရှိခဲ့ပါပြီ။ ချိုသာသော အပြုံးများကိုလည်း ဝင်း မတွေ့ရတော့ပါ။ ကြင်နာသော အသံများမှာ မပြောင်းလဲသော်လည်း စကားသံများ ပြတ်တောင်းတောင်း ရှိလာခဲ့ပါသည်။ ဝင်း နားမလည်ပါ။

 “ ကိုယ် ရုံးကိစ္စနဲ့ ရန်ကုန်ဆင်းရမယ်၊ ဝင်း ဘာမှာမလဲ ”

 ဝင်းသည် ပိန်ချုံ့ ချုံးကျသော ချစ်သူ့မျက်နှာကို ကြင်နာစွာ ကြည့်မိပါသည်။ ရုံးခန်းထဲမှာ မဟုတ်လျှင် ဝင်းမှာ မေးခွန်းများစွာ ရှိပါသည်။ သို့သော် ဝင်းက ကြိုးစားပြုံးရင်း ခေါင်းယမ်းပြပါသည်။ ဝင်း မျက်လုံးများထဲမှာတော့ မြန်မြန်လာခဲ့ဖို့ အမှာစကားတွေ၊ မေးခွန်းတွေ များစွာ ရှိနေပါလိမ့်မည်။

 လမ်းဆုံမှာ ပြန်၍ ကားစောင့်ရပြန်ပါသည်။ အဆန်ရထားတစ်စင်းတလေ ဝင်လာလေတိုင်း မျက်နှာများစွာကို မော့ကြည့် ငေးမောရပြန်ပါသည်။ ခုတော့ ဝင်း၏ အရင်းနှီးဆုံး နှလုံးသားထဲတွင် ထာဝစဉ် သိမ်းဆည်းထားအပ်သော မျက်နှာကို ဝင်း ရှာဖွေတတ်ခဲ့ပါပြီ။ မသိသော မျက်နှာများစွာကို သယ်ဆောင်ဖြတ်သန်းသွားသော ရထားတွဲရှည်များသည် သက်ပြင်းပူများ ချကာ ညှိုးငယ်သော မျက်နှာကလေးကို သံလမ်းဘေးမှာ ကျန်ရစ်စေခဲ့ပါပြီ။ “ အစ်ကိုဟာ ဝင်းကို ညာလေသလားနော် ” သံသယ ဦးစွာ ဝင်ပါသည်။ “ ညည်းလူက ညည်းကို အတည်ယူမှာ ဟုတ်ရဲ့လားအေ ” အမေ့မေးခွန်းများက သူ့ကို တုန်လှုပ်ချောက်ချားစေခဲ့ပါသည်။


( ၅ )


ဦးစီးမမက ဝင်းကိုခေါ်၍ တိုးတိတ်ညင်သာ ပြောပါသည်။ ရုံးခန်းထဲမှာ ကြောက်ရွံ့ထိတ်လန့်ဖွယ် တိတ်ဆိတ်မှုက လွှမ်းမိုးထားပါသည်။ ဝင်းရှေ့သို့ နံရံပေါ်မှ အိမ်မြှောင်တစ်ကောင် ပြုတ်ကျလာပါသည်။ ဝင်း လက်ကို မရုပ်မိပါ။

 “ ဦးကြည်လင်ရဲ့ ဇနီးက မမရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ပဲ ဝင်း၊ မမ ရန်ကုန်ပြန်မှ ဆက်စပ်မိခဲ့ကြတယ်၊ သူ့ခမျာ ဒါတွေကို သိပုံ မရသေးဘူး ”

 ဝင်းသည် မမ၏ စကားများကို လုံးစေ့ပတ်စေ့ နားမလည်၊ မကြားမိပါ၊ မကြားချင်ပါ၊ မကြားရက်ပါ၊ မကြားဝံ့ပါ။ တော်ပါတော့ဟု ဟစ်အော်လိုက်ချင်ပါသည်။ အသံ မထွက်ပါ။

 “ သူတို့မှာ သားလေးနှစ်ယောက်လည်း ရှိသတဲ့၊ အိမ်ထောင်ရေးကလည်း တစ်မြို့စီ နေရတာက လွဲလို့ သာသာယာယာပါပဲတဲ့ ”

 ဝင်း နားထဲမှာ မမြင်နိုင်သော စွမ်းအားရှင် အသံထုကြီးက ထုနှက်ဖိစီးနေပါသည်။ မရှက်နိုင်တော့ပါ။ မျက်ရည်ပူများ စီးကျလာပါပြီ။ သို့သော် ဝင်း မယုံနိုင်သေးပါ။

 ဦးကြည်လင်က ချောင်းရေပြင်ကို စိုက်ကြည့်နေပါသည်။ စီးကရက်ဆေးလိပ်တိုကို ချောင်းထဲသို့ ပစ်ပေါက်လိုက်ပါသည်။ သက်ပြင်းကို ရှည်လျားစွာချသံ ကြားရပါသည်။ သူ့မျက်နှာကို မကြည့်ရဲပါ။ မကြည့်ရက်ပါ။ တုန်ယင်သောလက်များက ဝင်း မျက်ရည်စများကို ကြင်နာစွာ သုတ်ပေးပါသည်။ သူက ပြုံးဖို့ကြိုးစားပါသည်။ အပြုံးမှာ အားမရှိပါ။

 “ ဝင်း ကိုယ့်အရင် လူတစ်ယောက်ယောက်ကို မချစ်ခဲ့ဖူးဘူးလားဟင် ”

 သူ့အမေးမှာ ဝင်း မေးခွန်း၏ အဖြေ မဟုတ်ပါ။ သို့သော် ဝင်းက ရှိုက်သံဖြင့် ဖြေပါသည်။

 “ ဟင့်အင်း ”

 “ တကယ်လား ”

 “ ဝင်း စိတ်ညစ်လာပြီနော်၊ ဟောဒီချောင်းထဲကို ခုန်ချပစ်လိုက်မှာပဲ ”

 “ အမယ်လေး မလုပ်ပါနဲ့ဗျာ၊ ချောင်းရေက တိမ်တိမ်ကလေး ”

 သူ့ရယ်သံက ခြောက်ကပ်ကပ်၊ ဝင်း မရယ်ပါ။ ကားတစ်စီး ဖြတ်သွားတော့ မျက်ရည်များ စိုနေသည့် မျက်နှာကို မမြင်အောင် တစ်ဖက်သို့ ချာခနဲလှည့်ထားမိသည်။ ကားပေါ်က လူတွေက ခပ်လှမ်းလှမ်း ရောက်သည်အထိ နောက်ပြောင် အော်ဟစ်သွားကြသည်။

 “ ကဲ ကိုယ် ပြောမယ်၊ ဝင်း မငိုဘဲ နားထောင် ”

 ဝင်းက မျက်စောင်းချီပါသည်။ ဝင်း ငိုချင်လို့ ငိုရတာ မှတ်လို့၊ သူက တည်ငြိမ်အောင် မျက်နှာထားပြင်ပြီး -

 “ ဝင်းအရင် မိန်းကလေးတစ်ယောက်ကို ချစ်ခဲ့မိတာ အပြစ်လားကွာ၊ ဝင်းကရော အပြစ်ရှိတယ်လို့ ယူဆသလား ”

 သည်တစ်ခါတော့ ဝင်း ဖြေတတ်ပါပြီ။

 “ ချစ်ရုံချစ်ခဲ့တာ ဆိုရင်တော့ အပြစ်မဟုတ်ဘူးပေါ့ အစ်ကိုရယ်၊ ခုတော့… ”

 ဝင်း ဆက်မပြောရက်တော့ပါ။ ဦးကြည်လင်က ဝင်းကို ပွေ့ထူလိုက်သည်။

 “ ဘယ်လိုပဲဖြစ်ဖြစ် ဝင်းရယ်၊ ဝင်းကို ကိုယ် လက်ထပ်မှာပါ၊ ကိုယ်လေ….ဝင်းကို တကယ့်ကို ချစ်ခဲ့တာပါကွာ ”

 ဝင်း နားအစုံကို မမြင်နိုင်သော အသံထုကြီးက ထုနှက်ဖိစီးနေပါပြီ။ ကြည်လင်သော ကောင်းကင်တွင် မည်းမှောင်ပြည့်သိပ်သော တိမ်ညို တိမ်လိပ်များ ရုတ်တရက် ဖုံးလွှမ်းသွားသလို ဝင်း နှလုံးသားဝယ် မစင်ကြယ် မသန့်ရှင်းနိုင်သော အရိပ်မည်းကြီးတစ်ခု လွှမ်းဖုံးသွားပြီး စိုးရွံ့စွာ ခံစားနေရပါပြီ။ ရေစီးသံကို ဝင်း မကြားနိုင်တော့ပါ။ နှစ်သိမ့်သံကို ဝင်း မကြားလိုတော့ပါ။


( ၆ )


 အတိုဆုံး ပြန်ပြောရလျှင် ဝင်း မရူးရုံတမည် ခံစားခဲ့ရသည်ဟု ဆိုရပါမည်။ ညများစွာကို မအိပ်စက်။ နှင်းတောထဲမှာ ဝင်း ထိုင်ခဲ့သည်။ ငေးကြောင်ကာ ရူးသွပ်နေသော မျက်လုံးများဖြင့် အိမ်သူအိမ်သားတွေကို ကြည့်ခဲ့သည်။

 အမေသည် ဝင်းကို ကြင်နာစွာ ဆက်ဆံခဲ့ပါသည်။ တစ်ခါကတော့ အမေသည် ဦးကြည်လင်လို တူတူတန်တန် လူတစ်ယောက်အပေါ်မှာ မလိုတမာ မရှိခဲ့ပါ။ သမီးငယ်အတွက်လည်း ကျိတ်ပြီး ဝမ်းသာ ဂုဏ်ယူခဲ့မိဖူးပါသည်။ သို့သော် ဝင်း၏ အပူနှင့် ရူးသွပ်မှုမှာ အမေ့ထံ ကူးစက်ခဲ့ပါသည်။ ဦးကြည်လင်ကို ကျိန်ဆဲခဲ့သည်။

 “ ငါ့သမီးကလေး ခံစားရသလို သင်း မခံစားရပါစေနဲ့ ”

 “ ငါ့ သမီးကလေး နာမည်ပျက်ရသလို သင်း သားသမီးတွေ အရှက်မရပါစေနဲ့ ”

 အမေက အသံထွက်၍ပင် ကျိန်တွယ်တတ်ပါသည်။ ဝင်း ဆံပင်များကို ပွတ်သပ်ကာ -

 “ ငိုလိုက်စမ်းပါ သမီးလေးရယ်၊ အားရအာင် ငိုလိုက်၊ ပြီးတော့ မေ့ပစ်လိုက် ”

 ဝင်း မမေ့နိုင်ပါ။ နာကျင်လောင်မြိုက်သော နှလုံးသားထဲမှပင် သူ့အသံ၊ သူ့အကြည့်၊ သူ့အပြုံးများကို မုန်းတီးပစ်နိုင်စွမ်း မရှိပါ။ အမေကတော့ မကင်းမရှင်း မဟုတ်ခဲ့လျှင် သံယောဇဉ် တိခနဲ ဖြတ်နိုင်ရမည်ဆိုသည်။

 အမေသည် ဦးကြည်လင်ထံမှ ရောက်လာသော စာများစွာကို မီးတင်ရှို့ပစ်သည်။ ဦးကြည်လင် လူဟု ထင်သူများကို ရန်တွေ့ဆဲရေးခဲ့သည်။ ဝင်း အမေ့ကို ကြောက်လာသည်။ ထို့နောက်တော့ နှလုံးသား၏ လောင်မြိုက်ဖိစီးမှုကြောင့် ဝင်း ဗုန်းဗုန်းလဲတော့သည်။ ဆေးရုံမှာ တစ်လခွဲကြာ တက်ခဲ့ရသည်။

 သူ့အထောက်တော်များမှတစ်ဆင့် သတင်းနှင့် စားစရာများ ရောက်လာခဲ့ပါသေးသည်။ ဝင်း မည်သူ့ကိုမျှ မတွေ့လိုတော့ပါ။ မည်သည့် သတင်းစကားကိုမျှ မကြားလိုတော့ပါ။ သူကတော့ ဝင်း၏ အဆုံးအဖြတ်ကို နာခံမည်ဆိုသည်။ ပြီးတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဝင်းကို လက်ထပ်ရန် အသင့်ပါပဲ တဲ့။

 ပတ်ဝန်းကျင်ကတော့ ဝင်း ရိုးရိုးသားသား မကျန်းမာခြင်းကို သံသယကြီးစွာဖြင့် သတင်းဖြန့်လိုက်ကြပါသည်။

 “ ဝင်းဝင်းတစ်ယောက် ကလေး ဖျက်ချလိုက်ရသတဲ့ ”

ဝင်းရယ်၊ အမေရယ်၊ ဆေးရုံ ဝန်ထမ်းတွေရယ် အားလုံး သိကြပါသည်။ ပြန်ကြားစကတော့ ဝင်း ငိုခဲ့သည်။ အမေ့ကိုဖတ်ပြီး နာကြည်းသည်းထန်စွာ ငိုခဲ့သည်။ အမေကတော့ -

 “ မငိုနဲ့ သမီး၊ သူတကာ ဝမ်းသာအောင် ညည်း ငိုမပြနဲ့ ”

 ထိုမှစ၍ ဝင်း မငိုတော့ပါ။

 “ ဝင်းမှာ ကလေးတစ်ယောက်သာ ရှိခဲ့ရင် ဦးကြည်လင်ကို အမိဖမ်းလိုက်မှာပေါ့ ”

 ရုံးက မမများကို ခပ်ရွဲ့ရွဲ့ ပြောတတ်လာပါသည်။ ခုတော့ ဝင်း၏ မသိနားမလည်ခြင်း ကြီးစွာဖြင့် ရိုးသားစွာ ချစ်ခဲ့ခြင်းအစား “ အမိဖမ်းခြင်း ” ဟူသော စကားလုံးများက နားခါးစေသော်လည်း အပြောလွယ်စေခဲ့ပါသည်။ ဝင်း မျက်ရည်တို့ ခန်းခဲ့ပါပြီ။


( ၇ )


ရထားတစ်စင်း ဖြတ်သန်းသွားပါပြီ။ တွဲပေါ်မှ ဝင်း မသိသော မျက်နှာများစွာလည်း အရိပ်ပမာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဝင်း မမှတ်မိတော့ပါ။ ရထား ဖြတ်သန်းသွားပြီးနောက် သံလမ်းသည် တုန်ခါ ကျန်ခဲ့ပါသည်။ ဝင်း စက်ဘီးသည်လည်း သံလမ်းကို ဖြတ်သန်းပြီး ဖြစ်ပါသည်။

 နှင်းကြွင်းကို သယ်သောလေက ဝင်းပါးပြင်ကို တိုက်ခတ်သွားပါသည်။ ဝင်း ဆံပင်များလည်း လေမှာ ဝဲပျံကြပါသည်။ မနက်ခင်း နေခြည်က ဝင်း၏ ကျောပြင်ပေါ်မှ စွတ်စိုအေးစက်သော ချွေးစက်တို့ကို နွေးစေပါသည်။ လမ်းဘေးတွင် ချစ်ကြည်စွာ နေစာလှုံနေသော ဆက်ရက်ကလေးနှစ်ကောင် ခုန်ဆွခုန်ဆွနှင့် ပျံတုံ နားတုံ ရှိကြပါသည်။ ဝင်း မမြင်ပါ။

 တံတားဖြူဖြူပေါ်မှ ဖြတ်သန်းလာသောအခါ နေခြည်ထဲမှာ ချောင်းရေပြင်သည် ရေမှုန်ရေငွေ့ဖြင့် တောက်ပနေပါသည်။ စီးဆင်းဆဲ ရေများကို ရေငွေ့ဖြင့် ပိတ်ဆီးထား၍ မမြင်နိုင်ပါ။ သို့သော် ရေအလျဉ်သည် စီးမြဲ စီးနေပါလိမ့်မည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၏ ခဏငယ်များစွာကို စက္ကန့်တိုတိုဖြင့် တေးဖွဲ့ဆိုသော ရေပွက် ရေစက် ရေဂယက် ရေအလျဉ်သည် တသွင်သွင် ဆီးတားမဲ့စွာ စီးဆင်းသွားမြဲ သွားခဲ့ပါပြီ။

ဝင်းသည် အပူအပင် ကင်းမဲ့သူလို လေချွန်လိုက်သည်။ လေအလျဉ်နှင့် အပြေးနှင်နေသော စက်ဘီးကလေးပေါ်မှ လေချွန်သံကလေးသည် ပေတစ်ရာလမ်းတစ်လျှောက် ရှပ်တိုက်ပြေးကာ နှင်းရည်နှင်းစက်တို့ တင်ကျန်သော ဆောင်းနှောင်း ရွက်ကျင်ကလေးများကို တုန်ခါစေသည်။ နှင်းတို့ စဲလုလု မနက်ခင်းဝယ် ဆောင်းတွင်းနေသည် ခပ်ကျဲကျဲ ပူလျက်။ ခုတော့ ဆောင်းလည်း ကုန်လုပါပြီ။ ဝင်းမှာလည်း စက်ဘီးတစ်စီး ရှိခဲ့ပါပြီ။


ခင်မြဇင်

ရှုမဝမဂ္ဂဇင်း၊ မတ်လ၊ ၁၉၈၃


Comments

Popular posts from this blog

ကြည်ကြည်ကို ဘယ်လိုပြောရပါ့ @ ပံသု-ဒီ

ခန်းဆောင်နီအိပ်မက် @ အခန်း - ၈

သိသောသူမည်ကား ကြားပါစေ . . . @ သိုးဆောင်း

ခန်းဆောင်နီအိပ်မက် @ အခန်း - ၁

ရွှေမျက်နှာ @ ကြည်အေး