ဆောင်းနှောင်းရွက်ကျင် @ ခင်မြဇင်





၁ ။


ဆောင်းနှောင်း သစ်ရွက်တို့သည်  ဝါရွှေသော အရောင်သို့ ပြောင်းကြလေသည်။ ထို့နောက် လေအဝှေ့မှာ ရင့်ရော်သော သစ်ရွက်တို့ မြေပေါ် သို့ ကြွေဆင်းကြသည်။ အမေနှင်းမှာ အဘခိုင် ဆုံးပြီးကတည်းက အထီးတည်းပင် ရှိခဲ့သည်။ ဆောင်းနှောင်း လေရူးကလေး ဝှေ့၍ ချမ်းအေးလာပြီဆိုလျှင် အမေနှင်းရင်မှာ ကျဉ်ခနဲ စစ်ခနဲ ကိုက်ခဲ လာရမြဲ ဖြစ်သည်။

ကိုခိုင်မင်းသာ ရှိခဲ့လျှင် မြေပေါ်မှာ ကြွေကျသော သစ်ရွက်တို့ကို လှည်းကျင်းကာ၊ ဗာဒံပင်အိုများ၏ ခြေရင်း၌ အမှိုက်တို့ကို စုပုံ မီးရှို့ ဖြစ်ကြပေလိမ့်မည်။ မီးဖိုကလေး၏ အနွေးဓာတ်ဘေးမှာ ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြမည်။ သူတို့မှာတော့ ပြောစရာတွေ မရေမတွက် နိုင်အောင် ရှိခဲ့ကြသည်။ ဆောင်း၏ နှင်းငွေ့နှင်းရည်ဖြင့် စိုစွတ်သော ရော်ရွက်တို့ကြောင့် မီးခိုးအူလျှင် အမေနှင်း ချောင်း တဟွတ်ဟွတ် ဆိုးတော့သည်။

“ မနှင်း နှယ် ညည်း ညှော်လှသယ် ”

သစ်ရွက်မှိုက်များကို တံမြက်စည်းရိုးဖြင့် မီးတောက်ညီအောင် ထိုးဆွကာ သူ့အဘွားအိုထံသို့ မီးခိုးများ မလာစေရန် ကာကွယ်သည်။ အမေနှင်းကတော့ မှုန်ရီမှုန်ဝါး မျက်လုံးများဖြင့် မီးတောက် နီကြင်ကြင်ထဲမှ ခြောက်သွေ့ မွဲရော်ကာ လွင့်ကြွေ လိမ်ကောက် သွားသော အရွက်များကို ငေးနေသည်။

“ ကိုခိုင်မင်း ရဲ့ တော့်တူကလေးများလည်း ပေါ်မလာ ပြန်ဘူး ”

“ အေးကွယ်၊ လုပ်ခင်း ကိုင်ခင်း အတန် ဟန်ကြ ထင်ရဲ့ ”

အဘခိုင် ပြောလည်း ပြောစရာပင်။ အဘခိုင် တူကလေး မောင်ပန်းလှ ( ခုတော့ အသက် လေးဆယ်ကျော်လို့ ငါးဆယ်တွင်းမှာပါ ) က ကျပ်တည်း ကျဉ်းမြောင်းမှ၊ လုပ်ခင်း ကိုင်ခင်း အဆင်မပြေပါမှ လူအို လူမင်းတွေကို သတိရတတ်သည်။

“ အမေနှင်းရဲ့ ကျွန်တော့် မြေကလေး အပေါင်ဆုံးတော့မှာမို့ ရွေးပေးစမ်းပါဦး၊ ကျွန်တော့် သမီးလေး အလှူသွားစရာရှိလို့ ကြိုးတစ်ကုံးလောက် ငှားပါဦး ” ဆိုကာ ပေါက်ချ လာတတ်သည်။ အမေနှင်းကတော့ ဆွေမျိုးသားချင်း နည်းပါးသူ ပီပီ သည်တူကလေးကို ခင်တွယ်သည်။ မြေးကလေးများ အလည်လာလျှင်လည်း ပေါက်ပေါက်ဆုပ်၊ မုန့်သြဇာ ချကျွေးရသည်မှာ အမော။ အင်း ... ခုတော့ ဖိုးခိုင်မင်း မရှိမှ သူတို့ ချူချာလို့ ဖြူခါ ပြာခါ လဲကျပေါ့။ 

အမေနှင်း ဗာဒံပင်အိုကြီး နှစ်ပင်အောက်မှာ ရွက်ခြောက်တွေကို ဒန့်ကျွဲတံမြက်စည်းဖြင့် တဖြည်းဖြည်း လှည်းထုတ်ရင်း အတွေးတွေ စီနေသည်။ သူ့ဘေးမှာတော့ ကြောင်ကလေး နတ်မှောင်က တညောင်ညောင် အော်နေသည်။

“ ဪ သူ့ ခမျာ ဆာ ရှာပေါ့လေ။ ငါ့ မလည်း တမေ့ တမော ”

အမေနှင်းက အမှိုက်လှည်းခြင်းကို လက်စ သိမ်းကာ ကြောင်နက်ကလေးကို ယုယစွာ ပွေ့သည်။ လေရူးတစ်ချက် ဝှေ့ လိုက်ရာ သစ်ရွက်တို့ ရုတ်ရုတ်သဲသဲ လွင့်သည်။

“ ရော် ကမြင်းမ လေ နှယ် ” 

လေ ကို ကျိန်ဆဲသည်။ ကြောင်ကလေး နက်မှောင်မှာ သူ မွေးမထားဘဲ သံယောဇဉ် တွယ်နေရသောကြောင့် ဖြစ်သည်။ ဖိုးခိုင်မင်း ရှိစဉ်ကတော့ သူသည် သတ္တဝါတွေ သည်းညည်းခံ ခဲသည်။ ခွေး မွေးဖို့ ဝါသနာပါသော ဖိုးခိုင်မင်းက သင်္ဘောခွေး၊ ချင်းခွေး၊ အင်းခွေး စုံအောင် ယူလာလေ သမျှ ...  ။

“ ပြန်ပေး လိုက်စမ်းပါတော်၊ ဘယ့်နှယ် အိမ်ခေါ်လာ ပြန်ပြီ ”

တဆူဆူ တပူပူ လုပ်တတ်သည်။ ခုတော့ မောင်ပန်းလှတို့ လင်မယား အစာဝဝ ကျွေးမထားလို့ မျက်ခမ်းကလေး ပေမှေးနှင့် မွေးရာပါ ဒုက္ခိတ ကြောင်ပိန်လေး တစ်ကောင် သူ့အိမ်ပေါ်သို့ မခေါ်မပင့်ချေဘဲ ရောက်လာခဲ့သည်။ ငါးကလေး၊ သားကလေးပင် ကိုယ့်တစ်ကိုယ် မစားရက်လို့ ချွေတာသာ ရှိမည် နက်မှောင်ကလေးတော့ ကျွေးရသည်ပင်။

နက်မှောင်ပေမှေးက ခေါင်းကလေးထောင်ပြီး အမေအို လက်ထဲက ဆင်းပြေးလေသည်။ ထို့နောက် အမေနှင်း၏ အိုးမည်း ခွက်မည်းကလေးများ ဗုံစီသလို စီထားရာ မီးဖိုချောင်ကလေးထဲမှ ပိုးဟပ်များကို လိုက်ဖမ်းပြီး စားသည်။

“ ဟဲ့ကောင် အနှံ့ စပ်ကရာ စားလို့ နင် ပိန်နေသာဟဲ့ ”

အမေနှင်းက ကြုံးဝါးရင်း သူ့ကြောင်ကလေး လည်ပင်းမှ ချူသံကလေးကို ခေါင်းတညိတ်ညိတ် နားထောင်ကာ -

“ ပူစီ ... မီမီ ... မီမီ ... လာလာ ”

ငါးကျပ်တင် ပေါက်စကလေး တစ်ကောင် ဖြတ်ကာ ကျွေးသည်။ မီးဖိုထောင့်မှ သစ်သား ငရုတ်ဆုံကြီးကို သယ်ကာ သူ့အတွက် ငါးကျပ်တင် တစ်ကောင်ကို အရိုးသင်ပြီး ထောင်းသည်။ တစ်ဖက်က ထောင်းရင်း လက်တစ်ဖက်က ကျပ်ခိုးစင် နိမ့်နိမ့်ပေါ်မှ ကြက်သွန်တောင်းကို လှမ်းဆွဲသည်။ ကြက်သွန်များက ပြန့်ကျဲ မှောက်ကျကုန်သည်။

ကြက်သွန်တွေက အတက် အစို့တွေ ထွက်ပြီ။ မနှစ်က မောင်ပန်းလှတို့ လင်မယား ကြက်သွန်ခင်း စိုက်လို့ တစ်တောင်း ပေး ထားတာပေါ့။ ကြက်သွန် အူပွတစ်လုံးကို ဓားခပ်တုံးတုံးဖြင့် အခွံသင်သည်။ ကြက်သွန် သင်နေစဉ် နက်မှောင် မောင်မင်းကြီးသားက နှုတ်ခမ်းပါးနား သပ်ကာ ကျောဆန့် လာရာက အမေနှင်း ဆုံထဲမှ ငါးဖတ် တစ်စကို နှိုက်ဖို့ ကြိုးစားသည်။ အမေနှင်းက ဓားအမြီးဖျားကလေးနှင့် မရိုက်ရက် ရိုက်ရက် ရွယ်ရင်း

“ ဟင်းနော် ... ဟင်းနော် ၊ မင်းကြီးဘုရားက မျိုလို့ စားလို့ မဝနိုင်ပေဘူးနှော ... ”

ကြောင်က ညောင်ခနဲ မြည်သည်။ အမေနှင်း ခြေဖမိုးကို ပွတ်သပ်ကာ တအီအီ လုပ်သည်။ သည်လို ချွဲ ပြလိုက်တော့ တင်းထားသော မာန်ကလေး လျှောကျ သွားကာ -

“ ဟဲ့ ငါ့ သား ဝပြီလား ဟဲ့ ၊ ငနက်ကြီး ရဲ့ ”

ငါးအမြီးကို ဖဲ့ကာ ကျွေး လေသည်။



၂ ။


နေခြည် တဝင်းဝင်း လင်းလာလျှင် အရှေ့ဘက် တောအုပ်၌ သစ်ပင်တို့၏ အနားစွန်းဝယ် နေခြည်၏ ရောင်လျှံဖြင့် တဝင်းဝင်း တလျှံလျှံ တောက်ပလာသည်။ အမေနှင်း၏ အိမ်ခန်းထဲသို့ နွေးသော နေခြည်ပေါက်များ ပြောက်ကျိ ပြောက်ကျား ခုန်ဝင်လာသည်။ မနက်ခင်း၏ လင်းကျင်း သန့်ရှင်းမှု နှင့်အတူ ဆိပ်ဖလူးပင်နှင့် ကရမက်ပန်းချုံမှ ပန်းနံ့တို့ သန့်ခနဲ ဝင်လာသည်။ မေတ္တာပို့၊ ပုတီးစိပ်ပြီး မနက်ခင်း ဝမ်းမီးကို ထမင်းရည် ဖြည့်တင်း ပြီးသော အမေနှင်းသည် ပြတင်းတံခါးများကို လိုက်လံဖွင့်လေသည်။ အမေနှင်း၏ နှလုံးသားတွင်လည်း ပေါ့ပါးလျက် ဟောင်းမြင်းသော ကြိမ်ခြင်း ဝိုင်းဝိုင်းကလေးကို ဆွဲကာ ဈေးသွားဖို့ ပြင်သည်။

“ မမယ်သင်တို့ မထားမြင့်တို့ ၊ ဟဲ့ ဈေးလိုက်ကြဦးမလား”

အိမ်ရှေ့ ဝင်းခြံ အနီးမှာ ထူထပ်စွာ ပွင့်နေသော ကရမက်နွယ်ပင်မှ အခက်တို့ကို လှမ်းချိုးကာ အိမ်နီးချင်းများကို ခေါ်ငင်နေသည်။

“ သွားနှင့် အရီးရေ ၊ သွားနှင့် ”

အရီးမှာ မသွားနိုင်သေးပါ။ ပန်းရနံ့များက အေးသော ဆောင်းလေထဲတွင် သင်းကြိုင်ပျံ့မွှေးနေသည်။ ပန်းအခက်အခက် အဆုပ်ဆုပ်နှင့် ပန်းချုံကြီးမှာ နှင်းပွင့်ဖြူတွေ သီးနေသည့်နှယ်။ ခိုင်မာသော နွယ်များက ဆီးချုံကို ယှက်ဖြန့် အုပ်မိုးကာ ပန်းထီး ဖြန့်ကြက် သလို နွယ်တွေ တခွေခွေ။ ပန်းခိုင် အသွယ်သွယ် နွယ်ကျနေသည်။ သည်ပန်း ရနံ့ကား အမေနှင်း ယနေ့တိုင် မြတ်နိုးစွာ လိမ်းကျံဆဲ ဖြစ်သော ကရမက် သနပ်ခါး၏ ရနံ့မျိုး ဖြစ်သည်။ ရင်ထဲ လှိုက်အောင် တသင်းသင်း ရှိုက်ငင် မွှေးသည်။

ကိုခိုင်မင်း ရှိစဉ်ကပေါ့။ သည် ကရမက်ပင်ကလေးကို တယုတယ ရှာကြံ တောင်းလာပြီး အိမ်ရှေ့ ဝင်းခြံနားမှာ ပျိုးပေးသည်။ ပန်းပင်ပေါက်ကလေး သွားတောင်းရင်း ဘုန်းကြီး လူထွက် ကိုစံခ အိမ်က ခွေးကြီး ကိုက်လွှတ်လိုက်သမို့လား။ သင်း ခြေထောက်မှာ ခွေး စွယ်ရာကြီး နက်ရှိုင်းလျက် သွေးခြင်းခြင်း နီရဲလျက်။ သို့ပေတဲ့ သင်းက အပြုံး မပျက်။ 

“ နည်းနည်းလေးသာပ၊ အစွယ်နဲ့ ခြစ်သာပါ။ ကျားစွယ် သွေး လိမ်းရင် ပျောက် မှာ ပဲ ”

အမေနှင်း မတော့ ဘုန်းကြီး ဦးရေဝတ ရေမန်းလည်း တိုက်ရ၊ အညှော် မဝင်အောင် အုပ်ဆေး လိမ်းပေးရ နှင့် ပူပင်ခဲ့ရသည်။

“ ရှင်နှင်းရ ဒီ အပင်မျိုးက တစ်ရုံကြီး ပွားမှာပ။ မင်း မြေးတွေ တဝကြီး ပန်ပေရော့ ”

အင်း သင်းရော ငါရော ရယ်လိုက်ကြရတာလေ။ ဂျပန် သ,တ်တာက တစ်ယောက်၊ ကုန်ဝယ်ရင်း လှေမှောက်တာက အငယ်ကောင်၊ စစ်တွင်းက ငါ့ သား နှစ်ယောက်လုံး ဆုံးခဲ့ပါရော့လား။ သည်ကတည်းက ငါ့ မှာ ကလေးသားမြေး မရှိ။ သင်းမို့ ပြောရက်ပေသည်။

“ ဘွားလေး ပန်း တစ်မတ်ဖိုး ပေးပါ ဘွားလေး ”

တံချူကလေးကို လက်တစ်ဖက်က ကိုင်ရင်း ပန်းများနှင့် ပီတိ ဖြစ်နေသော အဘွား၏ ပါးခွက်ခွက်ကြီး ချိုင့်ဝင် သွားအောင် ပြုံးလိုက်ပုံကို ကလေးမငယ်က နားမလည်သလို တွင်တွင် ခေါ်နေသည် ။

“ ဟဲ့ အို ကြည်ကြည်တင်လေး ပါလား။ အေး အေး အဘွား ခူးလိုက်ဦးမယ် ”

အဘွားက ကလေးမအတွက် ပန်းများကို ခူးပေးရင်း မျက်ရည် စို့ ချင်လာသည်။

“ အင်း သင်းကတော့ ငါ့ တစ်သက်စာ စားရော့ စိုက်ပေးသွားတာပဲ ”

ပန်းရနံ့က သင်းပျံ့နေသည်။ ဆယ့်နှစ်နှစ် သမီးကလေးကတော့ အမေနှင်း၏ တုန်ချည့် တုန်ချည့် လှုပ်ရှားကာ တံချူဖြင့် တစမ်းစမ်း ပန်းခူးနေသော လက်များကို အားမလို အားမရ မော့ ကြည့်နေသည်။


၃ ။


နေမွန်းတည့်လှပြီ။ သည်ကနေ့တော့ ဆွမ်းမီဖို့ မလွယ်တော့။ ဆွမ်းခံ ပြန်ချိန်လည်း တန်ပါပြီ။ ပန်းရောင်းပြီး ဈေးဝယ် ပြန်ခဲ့သော အမေနှင်း၏ ခြင်းအိုကလေးထဲတွင် အကောင်းဆုံး အစားအစာများ ပါ ပါသည်။ နက်မှောင် အတွက် ငါးစိုငါးစိမ်း ကလေးများ ရယ်ပါ ။

ကြက်တွေက စည်းရိုး မလုံသော သူ့ခြံထဲသို့ တိုးဝင်ကာ မြေစမ်း ခရမ်းပျိုး စိုက်ထားသော သစ္စာပန်းပင်ကလေးများကို ဆိတ်ဆွ ကြသည်။ နှီးရေပုံးစုတ်ထဲမှာ ပျိုးထားသော ဒန်းကြီး ပင်ပေါက်ကလေးများနှင့် သလဲပင်ပေါက်ကလေးများကိုလည်း ဆိတ်ဖဲ့ စားကြသည်။

အမေနှင်းမှာ လက်ထဲက ခြင်းကလေးကို အိမ်အောက် ကွပ်ပျစ်မှာ တင်ကာ ခေါင်းပေါ်မှ ပဝါကိုပင် မဖြုတ်နိုင်သေးဘဲ

“ ရွှေ ... ရွေး... ”

ကြက် ခြောက်ရပါသည်။ လူအိုတော့ ကြက်က မလေးပါ။ ကြက် သားအမိ သားအဖ တစ်သိုက်သည် လည်တညိတ်ညိတ် ခေါင်းတခါခါ နှင့် ကလွတ်ကလွတ် မြည်ကာ အစာရှာ နေကြဆဲ ဖြစ်ပါသည်။ အမေနှင်းက ခဲလုံးသေးသေးလေးများနှင့် ပေါက်မှ ခြေဦးတည့်ရာ ပြေးကြသည်။ ခြေနာနေသော ကြက်ပေါက်စကလေး တစ်ကောင်မှာ အမေနှင့် အဖေကို မမီဘဲ တကျည်ကျည် အော်ကာ ကျန်ခဲ့သည်။ နက်မှောင်က မီးဖိုချောင် ပြာပုံမှာ ကွေးရာက ပြေးထွက်လာပြီး ကြက်ကလေးနောက်က လိုက်သည်။ ကြက်ကလေးက စူးစူးဝါး အော်သည်။ နက်မှောင် မာန်ဖီနေစဉ် အမေနှင်းက နက်မှောင်ကို ပွေ့ချီ လိုက်ရသည်။

“ အင်း သင်းကလေးလည်း ငါ့လိုပဲ ထော့နင်းထော့နင်းနဲ့ သေမင်းနဲ့ တွေ့ဖို့ ကျန်ခဲ့ သလိုပဲ။ သွားပါစေ သားရယ် ”


၄ ။


“ မောင်ပန်းလှတို့ လင်မယားကတော့ ဒီအိမ်ကြီးကို ရောင်းပြီး သူတို့နဲ့ လာနေဖို့ ခေါ်ပါတယ်။ ကျုပ်မှာက မရောင်းရက်လို့သာ အငှားထားဖို့ ကြံရသာ။ လူလေးတို့ မိန်းကလေးတို့ ကြည့်ကြပါ၊ လသာဆောင်နဲ့ အတွင်းခန်းတွေကလည်း အကျယ်ကြီးပါပဲ။ အပေါ်ထပ်၊ အောက်ထပ် ကိုယ်လုံးပေါ် မှန်ကြီးလည်း နှစ်စုံတောင် ရှိပါတယ်။ အင်း ... ဖိုးခိုင်မင်း ရှိစဉ်ကတည်းက ဒီ မှန်ကြီးတွေ ဘုန်းကြီးကျောင်း လှူကြမလို့ မလှူဖြစ်သေးလို့ဘဲ။ ဘုရားစင်က ဘုရားကလည်း ဒက္ခိဏ သာခါရုပ်ပွားတော်ပါ၊ တစ်မြို့လုံး မီးကြီး နှစ်ခါ လောင်သာတောင် ကွင်းခဲ့ပါတယ်။ ကျုပ်လည်း တစ်ကိုယ်ရေ တစ်ကာယ သမား၊ အေးအေး နေတယ်။ လူကလေးတို့၊ မိန်းကလေးတို့လည်း ဒီကလေး သုံးယောက် မဟုတ်လား။ အခန်းတွေက အကျယ်ကြီးပါ။ စိတ်ချမ်းသာ သလိုသာ နေကြပေရော့။ ကျုပ်ကတော့ မီးဖိုနားက အဖီကလေးထဲမှာ နေမယ်။ လောလောဆယ်တော့ တစ်မီးဖိုတည်း အတူ ချက်ကြတာပေါ့ ”

မြို့သိမ်မြို့ငယ်ကလေးသို့ ရာထူးတိုးပြီး ပြောင်းရွှေ့လာရသည့် အရာရှိငယ်ကလေးသည် ကြုံလှီသော အဘွားအိုနှင့် မလိုက်အောင် ကြီးမားခံ့ထည်သော ဝါးကပ်မိုး ၊ ထရံ ကာ ၊ ပျဉ်ခင်း ၊ အဖီသွပ်တန်းချ အိမ်ကြီးကို အားရ ကျေနပ်စွာ ကြည့်သည်။ ဇနီးသည်ကလေး ကတော့ အိမ်ပေါ်မှာ တဒုန်း ဒုန်း ပြေးလွှား ဆော့ကစား နေကြသည့် ကလေးများကို ထိန်းရင်း

“ အမေရယ် ရှစ်ဆယ် ဆိုတာတော့ လျှော့ပါ။ သမီးတို့လည်း သူ့တစ်ယောက် လုပ်စာနဲ့ ဒီကလေးတွေနဲ့ စားရတာ ဆိုတော့ ”

ချွဲသံကလေးဖြင့် တောင်းပန်သည်။ စိတ်ထဲမှာတော့ တစ်ရာမက တန်သည်ဟု လက်ခံ ယုံကြည်ပြီး ဖြစ်သည်။

အမေနှင်း ပါးပြင်မှာ တင်းသွားသည်။ နေခြည်ဝင်းဝင်းက သူ့ နားပေါက်ကျယ်ကြီးများမှ တွဲကျနေသော တစ်ဖက်ပိတ် နားတောင်းအစုံကို ရွှေရည် ဝင်းစေသည်။ သို့သော် သူ့ မှာ ရင်ထဲက မချိလှ။ ဟိုစဉ်က လင်စုံ မယားဖက်၊ တပည့်တွေ တပန်းတွေ တစ်လှေကြီးနှင့် စားသောက် ဝိုင်းဖွဲ့ရာ အိမ်ကြီးပေါ်မှာ သူစိမ်း ပြင်ပြင်တွေ တင်ရဦးမည်။ ဈေး စကား ပြောနေရသေးသည် ဆိုတော့ ရင်ထဲမှာ အနင့်သား။ သို့သော် သူ့မှာ ပန်းကလေး ရောင်းလိုက် ၊ ရာသီပေါ် အသီးအနှံကလေး ဖလှယ်လိုက်နှင့် လူပေး သူပေး စား နေရသည့် ဘဝ၊ ရှိခဲ့သမျှလည်း လှူတာရော ၊ ဆေးဖိုးဝါးခရော ၊ အလိမ်ခံရတာရော ကုန်သလောက် ရှိခဲ့ပြီမို့ ရွှေနားတောင်း တဝင်းဝင်း နှင့် မငြင်းသာတော့ ။ လေသံ ပျော့ကလေး နှင့် -

“ အင်း ... သာဆိုလည်း ခုနှစ်ဆယ်တော့ ထားပေါ့ သမီးတို့ရယ်၊ အမေ့ မလည်း လှူရေးတန်းရေး နဲ့ ”

“ ဟုတ်ပါတယ်ကွာ ၊ မင်း ကလည်း ပေးလိုက်ပါ ”

“ ကဲ ညနေကျ တစ်ခါတည်း ပြောင်းလာမယ်နော အမေ  ”

အမေနှင်းက ခေါင်းကို လေးလေး ညိတ်သည်။ ကလေးတစ်ယောက်က ပြတင်းပေါက်မှ နေပြီး ဆိပ်ဖလူးကိုင်းကို လှမ်း ဆွဲသည်။

သူ့ အဖေက “ ဟေ့ကောင် သေတော့မှာပဲ ” အော်ကာ ပြေးသွားသည်။ အမေနှင်းက ဘုရား တ , သည်။


၅ ။


ရွက်ခြောက်ရွက်အိုတို့ကို လှည်းကြ ကျင်းကြသံများ ကြားနေရသည်။ သစ်ရွက်များ အသံက တဂျွမ်းဂျွမ်း မြည်သည် ။ ကလေး အဖေက တံမြက်စည်း လှည်းရင်း သီချင်းတစ်ပုဒ် ဆိုသည် ။ သားများက လိုက်ဆိုကြသည်။ ထို သီချင်းသံကို အမေနှင်း နားမလည်ပါ။

ထို့နောက် ညှော်နံ့ စူးစူးရှရှ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ကြက်သွန်ဖြူ ဆီသတ်သော ညှော်နံ့ ဖြစ်သည်။ အမေနှင်းက ချောင်းတဟွတ်ဟွတ် ဆိုးသည်။ ခြင်ထောင်ကလေးထဲသို့ ကပျာကယာ ဝင်သည်။

“ ဟဲ့ကြောင် ကြောင်စုတ် ၊ ငါ့ ငါးကြော်တွေ ခိုးစားပြန်ပြီ ”

မီးဖိုထဲမှ ကြုံးဝါးသံ၊ ရိုက်နှက်သံ၊ ကြောင်တစ်ကောင်၏ နာနာကြည်းကြည်း အော်သံများ ထွက်ပေါ်လာသည်။ အမေနှင်း စိတ်မှာ ထောင်းခနဲ ဖြစ်သွားကာ “ အုပ်ဆိုင်းမှ မထားတာ  ခိုးစားတာတောင် နည်းသေး ” ဟု တွေးလိုက်သည်။ နက်မှောင်က ထုပ်တန်းမှ ဝုန်းခနဲ ခုန်ဆင်း လာပြီး အမေနှင်း ခြင်ထောင်ဘေးမှာ တညောင်ညောင် မြည်သည်။ အမေနှင်းက နက်မှောင် အမြီးကို ဆွဲကာ ခြင်ထောင်ထဲသို့ သွင်းသည်။ ခြင်ထောင် ဖွင့်စဉ် လေအပင့်မှာ သစ်ရွက်ညှော်နံ့က ကြက်သွန် ဖြူ ညှော်နံ့ နှင့် အတူ လုံးခနဲ ခဲခနဲ တူးတူးခါးခါးကြီး ဝင်လာသည်။ ကြောင်က တအင်အင် ညည်း ကာ အဘွား ကိုယ်ငွေ့ လှုံသည် ။

အမေနှင်းက နက်မှောင်ကို စမ်း ကာ -

“ သား သား ကို နှိပ်စက်ကြ ပြန်ပလား ”

ကြောင်က နားမလည်သော်လည်း တအင်အင် မြည်ကာ တိုင်တန်းနေသည်။ အမေနှင်းက နက်မှောင် ကျောပြင်ကို ပွတ်သပ်ရင်း မီးလောင်၍ အမွေးစား သွားသော အနာရွတ်ကို စမ်းသပ်ကာ -

“ သင်းတို့ ငရဲ လားမယ့် ဟာတွေပါ သားရယ်။ အကုသိုလ် များလိုက်ကြတာ ”

ပြီးခဲ့သည့် တစ်ရက် နှစ်ရက်က နက်မှောင် မီးဖိုဘေးမှာ ခွေနေစဉ် အလတ်ကောင်က မီးစနှင့် ကောက် ထိုးသဖြင့် သည်ဒဏ်ရာ ရခဲ့သည်။ အမေနှင်း မျက်ရည် ကျရသည်။ အမေနှင်း ကိုယ်တိုင် အားကိုးရာမဲ့မှတော့ သူ့ကြောင်မှာလည်း သည်လို ဖြစ်ရမပေါ့ ။ တရားနှင့် ဖြေသည်။

“ အိမ်ကြီး ရောင်းပြီး မောင်ပန်းလှတို့ လင်မယားဆီ သွားနေလည်း သင်းတို့က ပိုက်ဆံကလေး လက်ထဲရှိတုန်း ကြည်ဖြူ ကြမှာပဲ။ အင်း ... ဒီ အိမ်ကြီး ငှားတာတောင် သင်းတို့ မတိုင်ပင် ကောင်းလားလို့ တဖျစ်ဖျစ်။ ငါ က ခုလို ပြောရင် ငါ့ ကိုပဲ ဝိုင်း အပြစ်တင်ကြမှာ။ သူ့မယား မိရွှေကလည်း စွာစွာနဲ့။ ဪ ကိုခိုင်မင်းရေ၊ ရှင် မရှိလို့ သာ နှော ကျေးဇူးရှင်ကြီး ရဲ့ ”

မျက်ရည် မကျတော့သော်လည်း တမ်းတမိသည်။ နက်မှောင်က တညောင်ညောင် တကျည်ကျည် လုပ်လာပြန်သည်။ လူအိုနံ့ ၊ ဆေးလိပ်နံ့နှင့် မွန်းပိတ်နေသော ခြင်ထောင်အိုကြီးထဲမှာ နေလိုဟန် မရှိပါ ။ အမေနှင်း လက်ကို ကိုက်သည်။

“ သင်းကလည်းလေ ... ”

အမေနှင်းက ခြင်ထောင်ကို ဖွင့်ကာ ကြောင်ကို ထုတ်သည်။ မီးခိုးများက အပေါ်ဆင့် ဝါးကပ်ထဲမှ လုံးခနဲ ဝင်လာသည်။

“ ရော် အိမ်ကို မီးတင်ရှို့တော့မယ် ထင်ရဲ့” 

ညှော်နံ့ကို ဂရုမပြုနိုင်ဘဲ ထ , ထိုင်သည်။ ချောင်း တဟွတ်ဟွတ် ဆိုးသည် ။ သစ်ရွက်တို့ တဖျစ်ဖျစ် မြည်သံ ကြားရသည် ။

“ အဖေကြီးတို့ ပြီးရင် လာကြတော့ ၊ ထမင်းစားမယ် ”

“ ခဏနေဦး ဟေ့ အမှိုက် မကုန်သေးလို့ ”

ခါတိုင်းတော့ အမှိုက်ရှင်းသည့် အလုပ်ကို အမေနှင်း ကိုယ်တိုင် လုပ်ခဲ့သည်။ ခုတော့ အမြင်မတော်လို့ ထင့် ၊ ကလေး အဖေ အခွန်ဦးစီးမှူးလေး က -

“ ကျွန်တော်တို့ လှည်း ပါ့မယ်ဗျာ ” ဟု ဆိုသည် ။

အမေနှင်း ကိုယ်တိုင် အပူ ပြန်လိုက်၊ အချမ်းပေါ်လိုက်နှင့် ကိုယ်တွင်းဓာတ်တွေ ဖောက်ပြန် နေချိန် မို့ သင်းတို့ကို ခွင့်ပြုလိုက်ရသည်။

“ အင်း ... သင်းမိန်းမကလည်း ထမင်းစား အတင်းခေါ်၊ မီးတန်းလန်းနဲ့ ထသွားရင်တော့ အမှိုက်တွေကလည်း ကြွပ်ရွလို့ ဖိုးခိုင်မင်း ဆောက်သွားတဲ့ အိမ်ကြီးပေါ် မီးပွား ကျရင်တော့ ဘုရား ဘုရား ”

အမေနှင်းက တောင်ဝှေးကို အားပြုကာ လှေကားမှ ဆင်းသည်။ မပြုံးချင်ဘဲ ပါးချိုင့်ခွက်အောင် ပြုံး လိုက်ပြီး -

“ ဟဲ့ သားအဖ တစ်တွေ မပြီးကြသေးဘူးလား ”

သူ့ အမေးကို ကြားကြဟန် မတူ။ ကလေးများသည် မီးဖိုဘေးမှာ ဝိုင်းထိုင်ကာ မီးစများကို ထိုးဆွ ကစားနေကြသည်။ စိမ်းဝါပြာလဲ့ နီရွှေသော မီးတောက်ထဲမှာ ပျော်စရာ ကမ္ဘာကလေး တစ်ခု ရှိသည့်နှယ်။ မီးပွားမီးစများက လေရူး အဝှေ့ မှာ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်ကာ ဝဲပျံ ကြသည်။ ကလေး အဖေက ရေတွင်းမှာ ရေငင်နေသည်။

အမေနှင်းက မီးဖိုနားသို့ သွားကာ

“ ဟဲ့ ဟဲ့ မဆော့ကြနဲ့ ”

နက်မှောင်က သူ့ခြေထောက်တို့ကို ဝှေ့လျက် တညောင်ညောင် မြည်ပြန်သည်။

အမှတ်တမဲ့ မို့ လဲ မလို ဖြစ်သွားကာ -

“ ဟဲ့ ပလုတ်တုတ် ”

ယောင် လိုက်သည်။ ကလေးများက အမေနှင်းကို ကြည့်ကာ ရယ်လိုက်ကြသည်။ နီရဲသော မီးပွားကလေးများ တဖျပ်ဖျပ် လွန့်လူးပြီး ရွက်အို ဘဝ ကို အဆုံးသတ် သွားကြသည်။ ညနေ၏ နီရဲသော ကောင်းကင် တိမ်တိုက်များသည် နေရောင်ကို ပွေ့ပိုက်လျက် မည်းမှောင်သော အိမ်ကြီးပေါ်၌ လှပစွာ ကွန့်မြူး နေကြသည်။

ကလေးငယ် တစ်ယောက်က ဗာဒံပင်အိုပေါ်မှ ရွက်ခြောက် နီကြင်ကြင်ကို ကောက်ကာ မီးထဲသို့ ပစ်ထည့်လိုက်သည်။ နီရဲ ငြိမ်းသေစ မီးထဲတွင် ရွက်အိုကလေးသည် ခဏမျှ တည်ငြိမ် နေသေးသည်။ ပြီးတော့ တဖျစ်ဖျစ် မြည်ကာ တွန့်လိမ်လာသည်။ နောက်တော့ မည်းမှောင် လောင်ကျွမ်း သွားသည်။ လေရူးတစ်ချက် ဝှေ့လိုက်သောအခါ မီး အမှုန်အစကလေးများ မြေပေါ်သို့ လွင့်စဉ်သွားပြီး ပြာစကလေးများ အဖြစ် ဘဝ ပြောင်း ကြသည်။ 

အမေနှင်းက ငြိမ်းသေသွားသော မီးပွားမီးစကလေးများကို စိုက်ကြည့်နေစဉ် ကြောင်ကလေး နက်မှောင်က တအင်အင် မြည်လေသည်။  ။


◾ခင်မြဇင်

📖 ရှုမဝ မဂ္ဂဇင်း

      ဖေဖော်ဝါရီလ ၊ ၁၉၈၃ ခုနှစ်


Comments