ချင်မင်းဆက်၊ ကျိန်းလုံဘုရင်၏ လက်ထက် ဆယ့်ရှစ်ရာစုနှစ်
အလယ်လောက်တွင် ရေးခဲ့သည့် ခန်းဆောင်နီအိပ်မက် ဝတ္ထုကြီးသည် တရုတ်ဂန္ထဝင်တွင် ထင်ရှားသည့်
ဝတ္ထုကြီး တစ်ပုဒ်ဖြစ်ပြီး လွန်ခဲ့သည့် အနှစ် နှစ်ရာ တစ်လျှောက်လုံး လူကြိုက်များခဲ့သည့်
ဝတ္ထုကြီး ဖြစ်လေသည်။
ကျိန်းလုံမင်းလက်ထက် (၁၇၃၆-၉၅) တွင် ထိုဝတ္ထုကြီး
ပေါ်ပေါက်ခဲ့ခြင်းသည် မတော်တဆ ပေါ်ပေါက်ခဲ့ခြင်း မဟုတ်ချေ။ ထိုဝတ္ထုကြီးသည် တရုတ် မြေရှင်ပဒေသရာဇ်
ခေတ်အတွင်းရှိ လူတန်းစား တိုက်ပွဲများနှင့် လူတန်းစား ပဋိပက္ခများ၏ ရလဒ် ဖြစ်လေသည်။
ချင်မင်းဆက် ( ၁၆၄၄- ၁၉၁၁) သည် တရုတ်ပြည်တွင်
နောက်ဆုံး ပဒေသရာဇ်မင်းဆက် ဖြစ်လေသည်။ ထိုကာလသည် တရုတ်ပြည်၏ သမိုင်းတွင် အတော်အတန်
ငြိမ်သည့်ကာလ ဖြစ်သည့်တိုင် ပဒေသရာဇ်စနစ်သည် ပြိုလဲပျက်စီးလျက်ရှိပြီး ထိုစနစ်အတွင်းရှိ
ပဋိပက္ခများသည်လည်း ပြင်းထန်လျက် ရှိလေသည်။
ထိုမင်းဆက်ခေတ်၌ နိုင်ငံတော် ယန္တရားသည် အဓိကအားဖြင့်
မင်မင်းဆက် (၁၃၆၈-၁၆၄၄) တွင် ရှိခဲ့သည့် မြေရှင်ပဒေသရာဇ် သက်ဦးဆံပိုင်စနစ် ပုံသဏ္ဌာန်အတိုင်းပင်
ဖြစ်ပြီး၊ နိုင်ငံရေးအာဏာသည် ပဒေသရာဇ် မြေရှင်လူတန်းစား၏ လက်ထဲတွင် ရောက်ရှိလျက် ရှိလေသည်။
တစ်နည်းပြောရလျှင် ထိုခေတ်၏ အာဏာသည် မင်မင်းဆက် သက်ဦး ဆံပိုင်စနစ်၏ နိုင်ငံရေးအာဏာကို
ဆက်လက်တိုးချဲ့ထားသည့် အာဏာဖြစ်လေသည်။
ချင်မင်းဆက်ခေတ်အစ၌ လူမှုစီးပွားရေး အခြေအနေသည်
ရှည်ကြာသည့် စစ်ပွဲများကြောင့် ဖရိုဖရဲဖြစ်လျက် ရှိလေသည်။ သို့ရာတွင် ဆယ့်ရှစ်ရာစုမှစ၍
အုပ်စိုးသူ လူတန်းစားသည် ကုန်ထုတ်လုပ်ရေးကို အားသွန် ကြိုးပမ်းခဲ့သဖြင့် တိုင်းပြည်တွင်
အခြေနေ ကောင်းမွန် တိုးတက်လာခဲ့လေသည်။ ကန်ချီမင်းလက်ထက် (၁၆၉၂-၁၇၂၂) နောက်ပိုင်း၌ လယ်ယာစိုက်ပျိုးရေးသည်
ယခင် အခြေအနေသို့ ပြန်ရောက်လာခဲ့ရုံမျှမက ယခင်ကထက်ပင် တိုးတက်လာခဲ့သည်။ ထိုမင်း လက်ထက်နောက်ပိုင်း
ယုန်ချိန်မင်း (၁၇၂၃-၃၅) နှင့် ကျိန်လုံမင်းလက်ထက်တို့တွင် စိုက်ပျိုးရေးမျှသာမက သတ္တု
တူးဖော်ခြင်း၊ အထည်ရက်လုပ်ခြင်း၊ ကြွေထည်လုပ်ငန်း၊ ပုံနှိပ်အတတ်ပညာနှင့် အခြား လုပ်ငန်းများတွင်လည်း
တိုးတက်လာခဲ့လေသည်။ အထည်ရက်လုပ်ခြင်း လုပ်ငန်းမှာ ဆယ့်ခြောက်ရာစုနှစ်ကထက်ပင် တိုးတက်
ထွန်းကားလာခဲ့သည်။ ထိုခေတ်စာတွင်း၌ ကုန်သွယ်ရေးနှင့် နိုင်ငံခြား ကုန်သွယ်မှုတို့သည်လည်း
တိုးတက်လာခဲ့သည်။ ကုန်သွယ်မှုနှင့် လက်မှုလုပ်ငန်းပေါ်တွင် အခြေခံသည့်သန္ဓေတည်စ အရင်းရှင်စနစ်သည်
ချင်မင်းဆက်အစတွင် ကန့်သတ် ချုပ်ချယ်ခြင်း ခံခဲ့ရသော်လည်း ထိုကာလများတွင် ပြန်လည်ရှင်သန်လာခဲ့လေသည်။
ပဒေသရာဇ် လူတန်းစားနှင့် ၎င်းတို့ ဘက်တော်သား
ရာဇဝင်ဆရာတို့က ကန်ချီမင်း၊ ယုန်ချိန်မင်းနှင့် ကျိန်းလုံမင်းတို့၏ ခေတ်များကို “ရွှေခေတ်ကြီး''
အဖြစ် ဖော်ပြခဲ့ကြသည်။ သို့ရာတွင် ထိုစီးပွားရေး တိုးတက်မှုများသည် လုပ်သားပြည်သူတို့၏
ဘဝကို တိုးတက်အောင် မလုပ်နိုင်ခဲ့ချေ။ ချင်မင်းဆက်ခေတ် ဘုရင်များသည် လုပ်သားပြည်သူတို့ကို
သွေးစုပ် ခြယ်လှယ်၍ ဓနဥစ္စာတို့ကို သုံးဖြုန်းကာ ကာမဂုဏ်စည်းစိမ်တွင် ယစ်မူးခဲ့ကြသည်။
မှူးမတ်ကြီးများ၊ မြေရှင်ကြီးများ၊ ကုန်သည်ကြီးများနှင့် ကျေးလက်လူကုံထံများသည် လုပ်သား
ပြည်သူတို့၏ အသွေးအသားတို့ကို စုပ်ယူခဲ့ကြကာ လုပ်သား ပြည်သူများမှာ ဆင်းရဲငတ်ပြတ်နေခဲ့ကြသည်။
ချင်မင်းဆက် နန်းတက်ခါစက လယ်သမားများမှာ လယ်မြေကို ပိုင်ခဲ့ကြသေးသော်လည်း နောက်ပိုင်းတွင်မူ
သူတို့လယ်မြေများသည် မှူးမတ်များ၊ မြေပိုင်ရှင်ကြီးများ လက်ထဲသို့ ရောက်သွားကြကာ သူတို့ကိုယ်တိုင်သည်
မြေမဲ့ယာမဲ့များ ဖြစ်လာခဲ့ကြသည်။ ချင်မင်းဆက်ဘုရင်များ၏ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေး
သွေးစုပ်ခြယ်လှယ်မှုကြောင့် ပဒေသရာဇ် လူ့အဖွဲ့အစည်းအတွင်းမှ အဓိက ပဋိပတ္တိဖြစ်သော မြေရှင်လူတန်းစားနှင့်
လယ်သမား လူတန်းစားတို့၏ ပဋိပက္ခသည် ပြင်းထန်လာခဲ့သည်။ သို့ဖြင့် နောက်ဆုံးတွင် မြေခွန်
ကင်းလွတ်ရေးနှင့် လယ်လုပ်ခွင့်ရရေးအတွက် လယ်သမားလူတန်းစား၏ ပြန်လှန်ခုခံသော တိုက်ပွဲများ
ပေါ်ပေါက်လာခဲ့လေသည်။
ချင်မင်းဆက် ခေတ်အစ၌ ဒီမိုကရေစီ သဘောကို ရှေ့ဆောင်ရှေ့ရွက်ပြုသည့်
တွေးခေါ်ရှင်များ ပေါ်ပေါက်လာခဲ့ရာ ယင်းတို့မှာ တိုးက်သောသဘောကို ဆောင်သည်ဟု ဆိုနိုင်လေသည်
ပြင်းထန်စွာ နှိပ်ကွပ်ခဲ့ကြသည်။ ကန်ချီ၊ ယုန်ချိန်နှင့် ကျိန်းလုံမင်းတို့ လက်ထက်အပါအဝင်
ချင်မင်းဆက်ခေတ် တစ်လျှောက်လုံး၌ အုပ်စိုးသူများသည် စာပေကို နှိပ်ကွပ်ခြင်း၊ တိုးတက်သော
အတွေးအခေါ်ရှိသည့် ပဒေသရာဇ် ပညာဝတ်များကို ဖိနှိပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့လေသည်။
တစ်ပြိုင်နက်တည်းမှာပင် ဘုရင့် ပိဋကတ်တိုက်တော်အတွက် စာစာရင်းများကို ပြုစု စုဆောင်းရန်
ဟူသော အကြောင်းပြချက်ဖြင့် ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သည့် ရှေးဟောင်း ဂန္ထဝင်စာပေများကို
ဖျက်ဆီး သုတ်သင်ခဲ့လေသည်။ လူထုများကို အမြင် ရှုပ်ထွေးစေရန်အတွက် ယခင်က ကျင်းပမြဲဖြစ်သည့်
မင်မင်းဆက်ခေတ် စာပြန်ပွဲ စနစ်ကို ဆက်လက် ကျင့်သုံးခဲ့လေသည်။
ထို့ပြင် အုပ်စိုးသူ လူတန်းစားအတွင်း၌ ပင်လျှင်
ပဋိပက္ခများ ပြင်းထန်လာခဲ့သည်။ သို့ဖြင့် ကျိန်းလုံမင်း၏ ခေတ်သည် ချင်မင်းဆက် ပြိုလဲပျက်စီးရေးအတွက်
တစ်ဆစ်ချိုး ပြောင်းလိုက်သည့် ကာလကြီး ဖြစ်လေသည်။ အကျပ်အတည်းများဖြင့် ပြည့်နှက်လျက်ရှိသော
ပဒေသရာဇ်စနစ်သည် ၎င်း၏ နောက်ဆုံးအဆင့်တွင် ရောက်နေလေပြီ။ တရုတ်ပဒေသရာဇ် လူ့အဖွဲ့အစည်းဟူသော
ပိတ်ကားကြီးသည် စုတ်ပြတ်ကာ ပျက်စီးရတော့မည့်အခြေသို့ ရောက်နေပြီ။
ဤသည်မှာ “ခန်းဆောင်နီအိပ်မက်’ ဝတ္ထုကြီးကို ရေးခဲ့သည့် စာရေးဆရာ ဆောင်ဇူချင်း
မှီတင်းနေထိုင်ခဲ့ရာ ခေတ်ကာလ ဖြစ်လေသည်။ ဆောင်ဇူချင်း၏ အဆက်အနွယ်များသည် မူလက ဟန်
(တရုတ်) အနွယ်များ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် မန်ချူးမင်းများထံတွင် ဒိုင်းကိုင်
ကျိုင်းကိုင်များအဖြစ် အမှုထမ်းခဲ့ကြလေသည်။ ဆောင်ဇူချင်း၏ ဘိုးဘေး အဆက်အနွယ် အချို့သည်
ချင်မင်းများနှင့်အတူ မဟာတံတိုင်းကြီး၏ တောင်ဘက်နယ်သို့ ရောက်လာခဲ့ကာ အဘေး၊ အဘိုး၊
အဖေနှင့် ဦးလေးတို့သည် ရွှေနန်းတော် အိမ်တော်ဝင်များ ဖြစ်ခဲ့ကြပြီး ကျန်းနင်းပြည်နယ်
(ယခု နန်ကင်း) ရက်ကန်းဝန်အဖြစ် အမှုထမ်းခဲ့ကြလေသည်။ သူ့အဘေးမသည် ကန်ချိဘုရင်ကို ပြုစုစောင့်ရှောက်ခဲ့ရသည့်
အထိန်းတော် ဖြစ်ခဲ့လေသည်။ ထိုနောက်တွင် အထိန်းတော်၏သား (ဆောင်ဇူချင်း၏ အဘိုး) သည် ကန်ချီဘုရင်နှင့်
စာသင်ဖက် ဖြစ်ခဲ့လေသည်။ ဤသည်ကိုကြည့်လျှင် စာရေးဆရာ ဆောင်ဇူချင်း၏ အဆက်အနွယ်များသည်
ချင်မင်းဆက် ဘုရင်များ၊ အထူးသဖြင့် ကန်ချီမင်းနှင့် မည်သို့မည်ပုံ အဆက်အသွယ် ရှိကြောင်းကို
ကောင်းစွာ သိနိုင်လေသည်။
ကန်ချီမင်း နန်းကျ၍ ယုန်ချိန်မင်း နန်းတက်ခါနီးတွင်
နန်းမွေဆက်ခံရေးနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ကြသည်တွင် ရွှေနန်းတော် အိမ်တော်ဝန်များ၊
နောက်လိုက်အမှုထမ်းများ ကြားတွင်လည်း သဘောကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့လေသည်။ ယုန်ချိန်မင်းတက်၍
ငါးနှစ်မြောက်သည့် နှစ်တွင် (၁၇၂၇) ကန်ချီမင်း၏ ငယ်ကျွန်များဖြစ်သည့် ဆောင်ဇူချင်း၏
အဆက်အနွယ်များသည် ဘုရင့်ဘဏ္ဍာတော်တို့ကို အလွဲသုံးစား လုပ်သည်ဟုဆိုကာ အဆောင်အယောင်နှင့်
တကွ စည်းစိမ်ဥစ္စာတို့ကို ရုပ်သိမ်းကာ အရာမှ နုတ်ပယ်ခြင်း ခံခဲ့ကြရသည်။ ထိုနောက်တွင်
သူတို့မိသားစုသည် ပေကျင်းသို့ ပြောင်းရွှေ့ခဲ့ကြပြီး ပေကျင်းမြို့တော် အနောက်ဖျားတွင်
နေထိုင်ခဲ့လေသည်။ ထိုအချိန်က ဆောင်ဇူချင်းတို့ မိသားစုမှာ လွန်စွာ ဆင်းရဲလေရာ ထမင်းကိုမျှ
နပ်မှန်အောင် မစားနိုင်ကြဘဲ ဆန်ပြုတ်ကို သောက်နေကြရလေသည်။ ထိုသို့ ဆင်းရဲနွမ်းပါးစွာ
နေရစဉ်တွင် ဆောင်ဇူချင်းသည် “ခန်းဆောင်နီ အိပ်မက်" ဝတ္ထုကြီးကို ရေးခဲ့ခြင်းဖြစ်သည်။
ထိုနောက်တွင် သူချစ်သည့်သား ဆုံးသည့်အတွက် ဆောင်ဇူချင်းလည်း စိတ္တဇဖြင့် အိပ်ရာတွင်
လဲလေသည်။ ဆေးဝါး ကောင်းစွာ ကုသရန် မတတ်နိုင်သဖြင့် ကျိန်းလုံမင်း နန်းသက် နှစ်ဆယ့်
ရှစ်နှစ်မြောက် နှစ် ( ၁၈၆၃ ခုနှစ်) တွင် ဆောင်ဇူချင်းသည် ဝတ္ထုကြီးကို အဆုံးမသတ်နိုင်ဘဲ
ကွယ်လွန်ခဲ့လေသည်။
ချုပ်ငြိမ်းလုဆဲ ပဒေသရာဇ်စနစ်အတွင်းမှ ပဋိပက္ခများနှင့်
အုပ်စိုးသူ လူတန်းစားအတွင်းရှိ တိုက်ပွဲများကြောင့် မိမိတို့ ဆွေစဉ်မျိုးဆက် ကြားညှပ်ခံခဲ့ရပုံတို့သည်
စာရေးဆရာ ဆောင်ဇူချင်းအား ထိုခေတ်က လူမှု အခြေအနေများကို ကြည့်တတ်မြင်တတ်အောင် မျက်စိဖွင့်
ပေးခဲ့လေသည်။ ဆောင်ဇူချင်းသည် ထိုလူမှု အခြေအနေများကို ဤဝတ္ထုကြီးထဲတွင် ဖော်ပြခဲ့လေသည်။
“ခန်းဆောင်နီအိပ်မက်”ဝတ္ထုကြီးသည် နိုင်ငံရေးနှင့် ပတ်သက်သော ရာဇဝင်ဝတ္ထုကြီး
ဖြစ်လေသည်။ အပေါ်ယံအားဖြင့် ကြည့်လျှင် “ခန်းဆောင်နီအိပ်မက်’ ဝတ္ထုကြီးသည် ပေါက်ယုဆိုသော လူငယ်ကလေးတစ်ယောက်နှင့်
ထိုက်ယုဆိုသော မိန်းမပျိုလေးတစ်ယောက်၏ အချစ်ဇာတ်လမ်း ဖြစ်သည်။ သို့ရာတွင် အချစ်ဇာတ်လမ်းကို
ရေးသွားစဉ်မှာပင် စာရေးဆရာ ဆောင်ဇူချင်းသည် ပဒေသရာဇ်စနစ်၏ မကောင်းမှုများနှင့် အုပ်စိုးသူ
ပဒေသရာဇ် လူတန်းစား၏ ပြစ်မှုများကို ဖော်ထုတ်ပြသခဲ့သည်။
ဤဝတ္ထုကြီးထဲတွင်ပါသည့် ကျီဆွေမျိုးစု၊ ဂျီဆွေမျိုးစု၊
ဝမ်ဆွေမျိုးစုနှင့် ဆွေ့ဆွေမျိုးစု စသည့် ဆွေမျိုးစုကြီး လေးခုသည် ပဒေသရာဇ်စနစ်၏ ကျောထောက်နောက်ခံ
အုတ်မြစ်ကြီးများ ဖြစ်ကြလေသည်။ ထိုဆွေမျိုးစုကြီးများသည် အထက်တွင် ဘုရင့်နန်းတော်ကြီးနှင့်
အဆက်အသွယ်ရှိပြီး အောက်တွင် အမှုထမ်း အရာထမ်းများနှင့် အဆက်အသွယ်လုပ်ကာ ပဒေသရာဇ် သက်ဦးဆံပိုင်
နိုင်ငံတော်ကြီးကို ပံ့ပိုးကူညီလျက် ရှိကြလေသည်။ ထိုဆွေမျိုးစုကြီးလေးခု၏ ကြီးစိုးခြယ်လှယ်မှုသည်
ပဒေသရာဇ်စနစ်၏ ကြီးစိုးခြယ်လှယ်မှုဖြစ်ပြီး ထိုဆွေမျိုးစုကြီးလေးခု၏ ပျက်ဆီးကျဆုံးမှုသည်
ပဒေသရာဇ်စနစ်၏ ပျက်စီးကျဆုံးမှုပင် ဖြစ်လေသည်။ ထိုဆွေမျိုးစုကြီးလေးခုသည် လုပ်သားပြည်သူများကို
နှိပ်စက်ညှဉ်းပန်းကြသည်။ သွေးစုပ်ကြသည်။ ကျီဆွေမျိုးစု စံအိမ်ကြီး၏ အပြင်၌ ထိုဆွေမျိုးစုများသည်
အရာရှိ၊ အရာခံများကို နည်းအမျိုးမျိုးဖြင့် လွှမ်းမိုးချုပ်ကိုင်ကာ ပြည်သူများကို နှိပ်စက်ကြသည်။
သူတို့ စံအိမ်ကြီးများအတွင်းတွင် ဆွေမျိုးစုများသည် အစေတော် မိန်းကလေးများကို ငွေဝယ်ကျန်သဖွယ်
သဘောထား ဆက်ဆံကာ နိုင်လိုမင်းထက် ပြုကြသည်။
မှူးကြီးမတ်ရာများ၊ မြေရှင်ပဒေသရာဇ်ကြီးများ၊
ရွှေနန်းတော်ရှိ ရိက္ခာတော်ဆက်များ၊ အတိုးကြီးမားများက လုပ်သားပြည်သူများအား မည်သို့မည်ပုံ
စီးပွားရေးအရ သွေးစုပ် ခြယ်လှယ်ပုံကိုလည်း ဤတ္ထုကြီးထဲတွင် အသေးစိတ်ဖော်ပြထားသည်။ ခမ်းနားကြီးကျယ်သော
သူတို့၏ စံအိမ်ကြီးများဖြင့် တလက်လက် တထိန်ထိန် တောက်ပသော သူတို့၏ စည်းစိမ်ဥစ္စာများသည်
လုပ်သားပြည်သူတို့၏ အသွေးနှင့် အရိုးပုံပေါ်တွင် တည်ဆောက်ထားသော အရာများသာ ဖြစ်ကြောင်းကိုလည်း
ထိုဝတ္ထုကြီးထဲတွင် ဖော်ပြထား ပေသည်။
သူတို့ ကျောထောက်နောက်ခံပြုရာ ပဒေသရာဇ် လူ့အဖွဲ့အစည်းကြီး
ကဲ့သို့ပင် ထိုမျိုးစုများသည် သူတို့၏ အတွင်း ပဋိပက္ခများ၊ အတွင်း ဝိရောဓိများကြောင့်
ပြိုကွဲသွားခဲ့ကြရသည်။ သူတို့ စံအိမ်ကြီးများ၏ တံတိုင်း အပြင်ဘက်တွင် မိုးခေါင်ခြင်း၊
ရေကြီးခြင်း၊ ကောက်ပဲသီးနှံ ပျက်စီးခြင်းကြောင့် ပြည်သူများသည် ငတ်ပြတ်လျက် နေကြသည်။
ထိုအခါတွင် သူတို့စံအိမ်ကြီးများ၏ တံတိုင်းအတွင်း၌မူ သူတို့၏ ကျေးကျွန်များသည် သူတို့သခင်များကို
ဖီဆန်ကြသည်။ ထိုအထဲမှ ဇာတ်လိုက်ဖြစ်သော ပေါက်ယုနှင့်ထိုက်ယုတို့သည် ပဒေသရာဇ်စနစ်၏ အယူအဆဟောင်းများ၊
ထုံးစံဓလေ့ ဟောင်းများကို ဆန့်ကျင်ကြသည်။
“ခန်းဆောင်နီအိပ်မက်”ဝတ္ထုကြီးသည် နိုင်ငံရေးအားဖြင့်သာ အနှစ်သာရ
ကြွယ်ဝသည်မဟုတ်၊ အနုပညာအားဖြင့်လည်း အားကောင်းလှသဖြင့် ဖတ်သူတို့ လက်ကမချနိုင်အောင်
ဆွဲဆောင်နိုင်သည်။ စာရေးဆရာ ဆောင်ဇူချင်းသည် လူ့လောကတွင် တကယ်တွေ့နိုင်သော ဇာတ်ဆောင်များကို
အသေးစိတ် ရေးခြယ်ပြသွားသည်။ ထိုဇာတ်ဆောင်တို့၏ ပြောစကားများမှာလည်း တစ်ယောက်နှင့်တစ်ယောက်
မတူ ကွဲပြားခြားနားကြသည်။ ထို့ကြောင့် စာအုပ်ထဲမှ ဇာတ်ဆောင်များ ပြောသည့်စကားနှင့်
မတူဘဲ တကယ့် လူ့လောကတွင် သက်ရှိထင်ရှားရှိသူတို့ ပြောနေသည့် စကားများကဲ့သို့ သဘာဝကျသည်။
စာရေးဆရာကြီး လူရွှန်းက “ဤဝတ္ထုကြီးသည် တရုတ်စာပေသမိုင်းတွင် အတွေးအခေါ် အရလည်းကောင်း၊
ရေးနည်းရေးဟန် အရလည်းကောင်း လမ်းခွဲထွက်လိုက်သော ဝတ္ထုကြီးဖြစ်ပေသည်'ဟု ရေးခဲ့လေသည်။
“ခန်းဆောင်နီအိပ်မက်”ဝတ္ထုကြီး၏ ရည်ရွယ်ချက်သည် ပဒေသရာဇ်စနစ်အား
ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှ ဝေဖန်တိုက်ခိုက်ထားသည့် ဝတ္ထုကြီး ဖြစ်သည့်အတွက်
အယူအဆအားဖြင့် ကြည့်လျှင် ကောင်းသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ထိုသို့ ဆိုလိုက်ခြင်းကြောင့်
ဤဝတ္ထုထဲတွင် ပဒေသရာဇ်စနစ်၏ အငွေ့အသက်တို့ မပါတော့ပြီ၊ စာရေးဆရာ၏ အမြင်တွင်လည်း ပဒေသရာဇ်
အမြင်အတွေးတို့ မပါတော့ပြီဟု အဓိပ္ပာယ် မထွက်ချေ။ စင်စစ် စာရေးဆရာ ဆောင်ဇူချင်းသည်
လွန်ခဲ့သည့် အနှစ်နှစ်ရာလောက်တုန်းက ပျက်စီးသွားသော မှူးမတ်မိသားစုမှ ဆင်းသက်ခဲ့သူသာဖြစ်သည်
မဟုတ်လော။ ထိုဝတ္ထုကြီးသည်လည်း လွန်ခဲ့သော အနှစ်နှစ်ရာက ပဒေသရာဇ်စနစ်အောက်မှာ ရေးခဲ့သည်
မဟုတ်လော။ ဤဝတ္ထုထဲတွင် စာဖတ်သူတို့သည် စာရေးဆရာ ဆောင်ဇူချင်း၏ အဆိုးမြင်ဝါဒကို တွေ့နိုင်သည်။
အနိဋ္ဌာရုံဝါဒကို မြင်နိုင်သည်။ ဘာကိုမျှ မယုံကြည်သော နတ္ထိကဝါဒကို တွေ့နိုင်သည်။ ဘဝဟူသည်
အချီးနှီးသာ တကားဟူသော အမြင်ကို တွေ့နိုင်သည်၊ အချို့သော ပြဿနာများကို ကြည့်မြင်ရာတွင်
သူ၏ လူတန်းစားဗီဇဖြစ်သည့် ပဒေသရာဇ်အမြင်ကို တွေ့နိုင်သည်။
ဆောင်ဇူချင်းသည် ဤဝတ္ထုကြီးကို အပြီးမသတ်ခဲ့၊
အခန်းပေါင်း ရှစ်ဆယ်မျှသာ ရေးနိုင်ခဲ့သည်။ အမှန်အားဖြင့်မူ ရှစ်ဆမကပါ၊ ထို့ထက်ပိုပါသည်။
သို့ရာတွင် ကျန်သော အခန်းများမှာ ပျောက်ဆုံးသွားသဖြင့် ရှစ်ဆယ်ကိုသာ တွေ့ရတော့သည်။
ယခုဝတ္ထုထဲတွင်ပါသည့် နောက်အခန်း လေးဆယ်မှာ စာရေးဆရာ ကောက်ငိုက ဆက်၍ ရေးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ပေါက်ယုနှင့် ထိုက်ယုတို့ ဇာတ်သိမ်းကို အလွမ်းဖြင့် အဆုံးသတ်လိုက်လေသည်။
ဤအပိုင်းတွင်မူ ကောက်ငိုဆက်ရေးသည့် အခန်းလေးဆယ်သည် အနုပညာအရ လွန်စွာ အနုမြောက်သည်ဟူ၍
ဆိုနိုင်လေသည်။ မူလက ဤဝတ္ထုကြီး၏အမည်မှာ “ကျောက်တုံး၏ပုံဝတ္ထု’ ဟူ၍ ဖြစ်ပြီး ကောက်ငိုက အခန်းလေးဆယ် ထပ်ဖြည့်၍
ရေးပြီးသည့်အခါတွင် ‘ခန်းဆောင်နီအိပ်မက်” ဟူသော အမည်ဖြင့်
၁၇၉၁ ခုနှစ်တွင် ပထမဆုံးအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့လေသည်။
လွန်ခဲ့သည့် အနှစ်နှစ်ရာအတွင်း ဤဝတ္ထုကြီးနှင့်
ပတ်သက်၍ တရုတ်ပြည်တွင် အကြီးအကျယ် ဆွေးနွေး ငြင်းခုန်ခဲ့ကြသည်။ ၁၉၁၉ ခု၊ မေလ ၄ ရက်နေ့
အရေးတော်ပုံ မတိုင်မီတုန်းက “ခန်းဆောင်နီအိပ်မက်” ဝတ္ထုကြီးကို ဝေဖန်အကဲဖြတ်သူများအား “ခန်းဆောင်နီဋီကာဟောင်းဆရာများ' ဟု
ခေါ်ခဲ့ကြသည်။ ၁၉၁၉ ခု၊ မေလ ၄ ရက်နေ့ အရေးတော်ပုံ
နောက်ပိုင်းတွင်မူ ဒေါက်တာဟူရှီ စသူတို့ ခေါင်းဆောင်သည့် “ခန်းနီဆောင်ဋီကာသစ်ဆရာများ'
ဟူ၍ ပေါ်ထွက်ခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးသည့်
နောက်ပိုင်းတွင် ထိုဝတ္ထုကြီးကို ထပ်မံ အကဲဖြတ်ကြပြန်သည်။ ယင်းတို့မှာ မာ့က်ခဲဝါဒကို
လက်ကိုင်ပြုသည့် ဝေဖန်ရေးဆရာများ၏ ဂိုဏ်းဖြစ်သည်။ သူတို့ဂိုဏ်းက “ဋီကာဟောင်းဆရာ”နှင့် “ဋီကာသစ်ဆရာများ”တို့၏ အကဲဖြတ်ချက် နှစ်ခုစလုံးကို ပယ်သည်။
ဤဝတ္ထုကို အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ခဲ့ပါသည်။
ယခု ကျွန်ုပ်တို့ ဘာသာပြန်မှာ ၁၉၁၁ ခုနှစ်က ရှန်ဟဲတွင် ပုံနှိပ်ခဲ့သော ဖိုတိုစတက်ကော်ပီ
မူရင်းမှ ပြန်ဆိုခြင်းဖြစ်ပြီး နောက် အခန်းလေးဆယ်မှာမူ ၁၇၉၂ ခုက ထုတ်ဝေသော စာအုပ်ကို
အခြေခံ၍ ပြန်ဆိုခြင်းဖြစ်ပါသည်။
ထုတ်ဝေသူ


Comments
Post a Comment