တိမ်သေ @ ခင်ခင်ထူး

ခင်ခင်ထူး - တိမ်သေ


သူ့အခြေအနေသည် အနည်းငယ် ငြိမ်သက်စပြုလာပြီ။ ပြီးခဲ့သည့် အပတ်တုန်းက သူ အတော်ကလေး တုန်လှုပ် ချောက်ချားနေခဲ့၏။ မြင်သမျှ ကြားသမျှ အရာအားလုံးသည် သူ့အတွက် ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာများသာ ဖြစ်ခဲ့သည်။ ယုတ်စွအဆုံး ရေတစ်ခွက်သောက်ရန်ပင် သူမဝံ့ရဲခဲ့။ ခွက်ကို ပါးစပ်နားတေ့လိုက်သော သူ့လက်ချောင်းများကို သူမကြည့်ရဲ၍ ဖြစ်သည်။ အသွေးအသား ကင်းမဲ့နေသလို ဖြူခြောက်ပိန်လှီလှသော သူ၏လက်ချောင်းများက သူ့ကို သေမိန့်ပေးနေသည်ဟု သူထင်ခဲ့မိသည်။

သူသည် ညတိုင်း အိပ်မပျော်ဘဲ ငိုကြွေး၍သာ နေခဲ့ရသည်။ နေ့ခင်းဘက်တော့ သူ့ကို လာ၍ မေးမြန်းကြသူများနှင့် စကားစမြည်ပြောရင်း သူ့ကိုယ်သူ မေ့ပျောက်ဖို့ ကြိုးစားခဲ့မိသေး၏။ သို့သော် သူ့ကို လာမေးသူအားလုံး၏ မျက်လုံးများက သူ၏ရောဂါဝေဒနာကို ပြန်လည်၍ သတိပေးခဲ့သည်။

သူ့တွင် အေအိုင်ဒီအက်စ် ဗိုင်းရပ်စ်ပိုး ရှိနေပြီဟု မည်သူကမျှ မပြောခဲ့ပါ။ ထိုရောဂါပိုး ရှိနေခြင်းကို သူကိုယ်တိုင်ပင် သိရှိခဲ့ခြင်း ဖြစ်ပါသည်။ ထိုနေ့က မှန်တစ်ချပ်ကို သူ အနီးကပ် ကြည့်ရှုခဲ့မိ၏။ သူ၏မျက်နှာသည် သူမဟုတ်တော့။ မျက်တွင်းဟောက်ပက်၊ နှုတ်ခမ်းအစုံက ဖြူရော်ပြီး စူထွက်နေသည်။ သူ၏ ပါးရေ နားရေများ အရိုးမှာ ကပ်လျက်။ သူ၏ ရုပ်လက္ခဏာများက ရောဂါအမည်ကို လိမ်ညာ၍ မရတော့။

သူ ကြားခဲ့ ဖတ်ခဲ့ဖူးသော ထိုရောဂါဆိုးကြီး သူ့ထံ ရောက်လာလိမ့်မည်ဟု သူ ဘယ်မျှော်လင့်ထားခဲ့ပါ့မလဲ။ သို့သော် သူ့ကိုယ်သူ သံသယတော့ ရှိနေခဲ့သည်။ သူ ယခုလို ဖျားနာခဲ့သည်ကို ရိုးရိုးတန်းတန်း ဖျားနာခြင်းဟုသာ သူထင်မိသည်။ သူ စတင်ဖျားနာခဲ့သည်မှာ အအေးပတ်၍ ချောင်းဆိုးခြင်းက စခဲ့သည် မဟုတ်ပါလား။ ဆရာဝန်ကလည်း သူ့ကို သက်ညှာစွာပင် အဆုတ်ရောဂါဟု ပြောခဲ့သည်။ သည့်အတွက် သူ ရှာခဲ့ ဖွေခဲ့သမျှ ငွေကြေးမြောက်မြားစွာကို ပုံအော၍ ဆေးကုခဲ့ခြင်းဖြစ်သည်။ ဆေးအလုံးပေါင်း မြောက်မြားစွာကို သူသောက်သုံးခဲ့ပြီးပြီ။ သူ့ရောဂါဝေဒနာက မသက်သာခဲ့။ အိပ်ရာထဲ ဗုန်းဗုန်းလဲနေခြင်းလည်းမဟုတ်။ တစ်ချိန်လုံး သူ့ကိုယ်သူ သံသယဖြင့် အကဲခတ်နေခဲ့သည်။ ထိုနေ့က သူ့သံသယများ အပြီးကျေပျက်သွားခဲ့လေပြီ။ အေအိုင်ဒီအက်စ်ရောဂါ သူ့တွင် ရှိနေပြီ။

မှန်ချပ်ကို နံရံဖြင့် ပစ်ပေါက်၍ ခွဲပစ်လိုက်သည်။ နောက်တစ်ကြိမ်သူ မှန်ကြည့်မိမည်စိုးသောကြောင့် ဖြစ်သည်။ ထို့နောက် အိပ်ရာထဲတွင် လူးလှိမ့်ကာ သည်းထန်စွာ သူ ငိုကြွေးလိုက်၏။ သူ့အနီးသို့အပြေးအလွှား ရောက်ရှိလာခဲ့သူမှာ သူ့အမေပင် ဖြစ်သည်။

“သား ဘာဖြစ်လို့လဲဟင်”

သူ အမေ့ကို ဘာမှပြန်မဖြေဘဲ မေးခွန်းတစ်ခုကိုသာ ဗလုံးဗထွေး သူမေးချလိုက်၏။

"အမေ အမေ ကျွန်တော့်မှာ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေပြီမှုတ်လား”

"အို"

သူ့အမေသည် လျှို့ဝှက်ထားသော အရာတစ်ခု ရုတ်တရက် ပေါက်ကွဲလွင့်စဉ်သွားသလို အံ့သြထိတ်လန့်သွားလေသည်။

“မဟုတ်တာ သားကလည်း၊ သားရောဂါက အဆုတ်ရောဂါပါ”

သူ နာကျင်စွာ ပြုံးလိုက်သည်။ သူ့အမေက သူ့အတွက် ညာနေပြီ။ ဟိုတစ်ချိန်တုန်းက သူသည် ထိုရောဂါအကြောင်းကို အမေ့အား အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ဖူးသည်။ အရပ်ထဲတွင် လူပြောများလာသော ထိုရောဂါအကြောင်းကို အမေက သူ့သား ဘွဲ့ရ ပညာတတ်ကြီးအား မေးခဲ့ဖူးသည်လေ။ အခု သူ ဒီရောဂါ စွဲကပ်နေပြီဆိုတာ အမေနားမလည်ဘဲ ရှိပါ့မလား။ သူ ငိုကြွေးခြင်းကို ရပ်တန့်ပစ်လိုက်သည်။ အမေ့ကို သူဝေဒနာတွေ မပေးသင့်။ သူ ကြိုးစားအားတင်းပြုံးကာ အိပ်ဆေးတစ်လုံး တောင်းသောက်လိုက်သည်။

သူ အိပ်မပျော်ခင် အိပ်မက်မဟုတ်သော သူ့ပုံရိပ်တွေ ပေါ်လာ သည်။ ပထမဆုံး သူ့အာရုံတွင် ပေါ်လာသည်က သူ့ချစ်သူ ငြိမ်းငြိမ်းစု။

ပထမဆုံး သူ့အာရုံတွင် ပေါ်လာသည်က သူ့ချစ်သူ ငြိမ်းငြိမ်းစု၊ ငြိမ်းငြိမ်းစုသည် သူ့ဘဝတွင် သူလက်ထပ်ဖို့ရန်အတွက် တစ်ကြိမ်တည်းသာ ဆုံးဖြတ်ချက်ချခဲ့ဖူးသော မိန်းကလေးဖြစ်သည်။ မန္တလေးနှင့် မနီးမဝေးမှ မြို့ကလေးသို့သူ အလုပ်တစ်ခုသွားလုပ်စဉ်က ငြိမ်းငြိမ်းစုနှင့်သူ ဆုံတွေ့ခဲ့သည်။ ငြိမ်းငြိမ်းစုသည် ယဉ်ကျေးသိမ်မွေ့သူကလေး ဖြစ်သည်။ သူတွေ့ဖူးခဲ့သမျှ မိန်းကလေးများထဲတွင် ငြိမ်းငြိမ်းစုသည် အရိုးသားအဖြူစင်ဆုံးဖြစ်သည်။ ခေတ်ပညာမတတ်သော်လည်း ထိုမြို့လေးတွင် အသင့်အတင့် ချောင်လည်သူမို့ငြိမ်းငြိမ်းစုသည် ထင်ပေါ်ကျော်ကြားခဲ့သည်။ ငြိမ်းငြိမ်းစုကို ဝိုင်းဝန်း ပိုးပန်းကြသူများကြားထဲမှ သူသည် ငြိမ်းငြိမ်းစု၏ အချစ်ကို ရခဲ့သူဖြစ်သည်။

ငြိမ်းငြိမ်းစုကို အနီးကပ် ပေါင်းသင်းကြည့်ပြီးမှ လက်ထပ်ဖို့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာမိန်းကလေး ပီသသော ငြိမ်းငြိမ်းစုကို သူ့ဘဝ အတွက် ရွေးချယ်လိုက်သည်။

“အစ်ကို ငြိမ်းတို့ဘယ်တော့လက်ထပ်မှာလဲဟင်”

“ငြိမ်းကလည်းကွာ ကိုယ့်ကို မယုံလို့လား။ ကိုယ် အခု အလုပ်တွေ ကြိုးစားလုပ်နေတာ ငြိမ်းအတွက်ပါ။ ကိုယ်တို့ဘဝ တည်ဆောက်ဖို့ စလို့ရပြီဆိုတာနဲ့ငြိမ်းကို လက်ထပ်မယ်”

“အစ်ကိုပြောတာတွေ ငြိမ်းနားမလည်ဘူး။ ငြိမ်းနားလည်တာ အစ်ကို ခေတ်ပညာတတ်တယ်၊ အလုပ်အကိုင်လည်းရှိတယ်၊ ဘာလိုသေးလဲ။ ပြီးတော့ အစ်ကိုက မြို့ကြီးသားတစ်ယောက်မဟုတ်လား။ ငြိမ်းကို ညာပြီးပစ်သွားရင် ရှက်တာနဲ့သေမှာပဲ”

ပကတိရိုးသားစွာ စိုးရိမ်နေရှာသော ငြိမ်းကို သူ ပို၍ပင် ချစ်ခဲ့ရပါသည်။ ထိုအချစ်ကပင် သူတို့အား အခြေအနေတစ်ခုသို့ ဆွဲခေါ်သွားခဲ့သည်။ ငြိမ်းငြိမ်းစုမှာ ကိုယ်ဝန်ရှိသွားပြီ။

“ဘယ်လိုလုပ်ကြမလဲ အစ်ကို၊ ငြိမ်းကြောက်တယ်။ ငြိမ်းကို လက်ထပ်ပါတော့ နော် … နော် … အစ်ကို”

ငြိမ်းငြိမ်းစုကို သူလက်ထပ်ဖို့မဖြစ်နိုင်သေး။ သူ့တွင် ကြီးမားသော ရည်ရွယ်ချက်ရှိသည်။ သူတို့မိသားစုဘဝက ဆင်းရဲခြင်းကို အခြေခံခဲ့ကြရသည်။ ရုန်းကန်ခဲ့ကြရသည်။ သူ၏ သီးခြားဘဝကိုတော့ ဆင်းရဲခြင်းဖြင့် မစလိုပါ။ သူ အလုပ်တွေ ကြိုးစားလုပ်နေခြင်းသည် သူ့ဘဝအစတွင် ချမ်းသာနေဖို့ဖြစ်သည်။

“ငြိမ်းရယ် ကိုယ့်အလုပ်တွေကလည်း တစ်ပိုင်းတစ်စနဲ့ရှိသေးတယ်ကွယ်။ ငြိမ်းလည်း အသိသားနဲ့၊ ကိုယ်တို့ လက်ထပ်ပြီးပြီးချင်းလည်း ကလေးမယူသေးဘူးလို့ ကိုယ်ပြောဖူးတယ်နော်။ ကိုယ့်ကို နောက်ထပ် ခြောက်လလောက်တော့ အချိန်ပေးပါလား ငြိမ်းရာ နော်။ ငြိမ်းမယုံရင်လေ ငြိမ်းမေမေကို ကိုယ်ဖွင့်ပြီး ပြောခဲ့ပါ့မယ်”

သူ တကယ်ပဲ ကလေးမယူချင်သေး။ ငြိမ်းနှင့် သူ့ဘဝကို အရှိန်ယူပြီးမှ မိသားစုဘဝကို သူလိုချင်သည်။ ဒါကလည်း သူတို့ယောက်ျားလေး တော်တော်များများ၏ တစ်ကိုယ်ကောင်းဆန်မှုလည်း ဖြစ်သည်။

“ဟင် ဒါ … ဒါဆို ငြိမ်းရဲ့ကိုယ်ဝန်ကို …”

ငြိမ်း၏ကိုယ်ဝန်အတွက် သူ ငွေတစ်သောင်း ပေးခဲ့သည်။ ရှိုက်ကြီးတငင် ငိုကြွေးနေသော ငြိမ်း၏ချစ်ခြင်းမေတ္တာကို သူ ဗိုလ်ကျ အနိုင်ကျင့်ခဲ့ခြင်းလည်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုမြို့မှ အလုပ်ကိုသိမ်း နေချိန်လည်း ဖြစ်နေခဲ့သည်။ သူ မန္တလေးသို့ ပြန်ခဲ့မိခြင်းအတွက် သူမှားသည်ဟု သိသော်လည်း သူ့အတ္တတွေက မတရားသည့်ဘက်သို့သာ တွန်းပို့ခဲ့လေသည်။ ငြိမ်းငြိမ်းစု ကိုယ်ဝန်ပျက်ကျသွားခဲ့၏။ နောက်တော့သူ အလုပ်တွေ ပိုကြိုးစားဖြစ်ခဲ့သည်။ သူရသမျှထဲမှ ငွေကြေးတချို့နှင့် အထည်ပစ္စည်းလေးများကိုလည်း ငြိမ်းထံ ပို့ဖြစ်ခဲ့သေး၏။

သို့သော် ကံကြမ္မာကို ဇွတ်လွှဲချရမည့် နောက်ထပ်အမှားတစ်ခုကို သူ ကျူးလွန်ခဲ့မိသည်။ မန္တလေးတွင် အလုပ်ပြောင်းလုပ်ရင်းဖြင့် သက်သက်ခိုင်နှင့်သူ ရင်းနှီးခဲ့လေသည်။ သတိထားနေသည့်ကြားမှ သက်သက်ခိုင်နှင့်သူ သမီးရည်းစား ဖြစ်သွားခဲ့သည်။ သက်သက်ခိုင်ကိုတော့ သူ လက်ထပ်ဖို့ မရည်ရွယ်ပါ။ တစ်ချိန်ချိန်မှာ ခွာထုတ်ပစ်ဖို့သူ့ခေါင်းထဲတွင် အမြဲရှိနေခဲ့၏။ သို့သော် သူနှင့် သက်သက်ခိုင်၏သတင်းသည် လျင်မြန်စွာ ငြိမ်းထံသို့ ရောက်သွားခဲ့လေသည်။ သူသည် သက်သက်ခိုင်ကို ဗြောင်ပင် ဖွင့်ပြော၍ အဆက်ဖြတ်ပစ်လိုက်ရ၏။ ထိုစဉ်က သက်သက်ခိုင်၏ မျက်ရည်များကိုတော့ သူ မသနားမိခဲ့ပါ။

ထိုအချိန်မှစ၍ သူ့အတွက် ဆက်လက်ကံဆိုးခြင်း၏ အစများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ ငြိမ်းထံသို့တောင်းပန်စာရှည်ကြီးတစ်စောင် ရေး၍ ပို့လိုက်သောနေ့က ဖြစ်သည်။ သူ့အမေသည် သူ့ကို တစ်သက်တာအတွက် နာကျင်သွားစေသော စကားများကို ဆိုခဲ့သောနေ့လည်းဖြစ်သည်။ ထိုနေ့က သူ အိမ်ပြန်ညဉ့်နက်ခဲ့လေသည်။

ထိုနေ့က သူ အိမ်ပြန်ညဉ့်နက်ခဲ့လေသည်။

“သား မင်း ဟိုတစ်ခါ အလုပ်သွားလုပ်တဲ့မြို့က မိန်းကလေးတစ်ယောက် လာတယ်ကွယ့်”
.
အမေ၏အသံမှာ မုန်တိုင်းမလာခင် ရှေ့ပြေးတိုက်ခတ်လာသော လေပြေညှင်းနှင့် တူသည်။ ပျော့ပျောင်းသွဲ့နွဲ့နေသည်။

“ဘယ်သူလဲအမေ”

“ငြိမ်းငြိမ်းစု တဲ့”

အမေ့အသံက မာကျောတုန်ခါသွားသလို အမေ့နှုတ်ခမ်းများက တင်းတင်းစေ့သွားသည်။ မျက်နှာတပြင်လုံး နီရဲနေသော အမေ့မျက်ဝန်းများကို သူ အသေအချာမကြည့်ရဲခဲ့။

“မင်း လူယုတ်မာတစ်ယောက်ပဲ သား“

“ခင်ဗျာ”

“ငြိမ်းငြိမ်းစုက မင်းနဲ့သူ့အကြောင်းတွေအားလုံး ငါ့ကိုပြောပြသွားတယ်။ ဘာလို့လဲတော့ မသိဘူး။ အဲသည်မိန်းကလေးကို အမေယုံကြည်နေတယ်”

သူပြောမည့်စကားများကိုလည်း အမေ ယုံမှာမဟုတ်ကြောင်း သူနားလည်လိုက်၏။

“မင်း မလုပ်သင့်တာလုပ်ခဲ့တယ်။ ငါကတော့ ငါ့သား ခေတ်ပညာတတ်ကြီး၊ အရက်မသောက် ဖဲမရိုက်နဲ့ အလုပ်ကို ကြိုးကုပ်တဲ့ လူတော်လူကောင်းလေးဟဲ့လို့ စိတ်ထဲရော အရပ်ထဲမှာပါ ချီးကျူးစကားတွေ ဆိုလိုက်ရတာ”

“အမေ ကျွန်တော် ငြိမ်းကို လက်ထပ်မှာပါ။ အမေ့ကိုတောင် လာမယ့်ဒီဇင်ဘာမှာ ဖွင့်ပြောပြီး ငြိမ်းမိဘတွေဆီ သွားတောင်းပေးဖို့ ပူဆာတော့မလို့ဗျ။ ကျွန်တော် ပိုက်ဆံတွေလည်း စုထားပြီးပြီ သိလား”

အမေက သူ့စကားတွေကို ဂရုမထားဘဲ မျက်မှောင်ကို ကြုတ်သည်။ သူ့ကို တစ်ချက်စိုက်ကြည့်ရင်း –

“မင်း နောက်ကျသွားပြီ”

“ခင်ဗျာ”

“ဟုတ်တယ်။ မင်းနောက်ကျသွားပြီ။ ငြိမ်းငြိမ်းစုဟာ သူ့မိဘတွေ သဘောတူတဲ့သူနဲ့ အိမ်ထောင်ပြုတော့မှာတဲ့။ ဪ – နေဦး၊ အမေ မေ့နေလို့"

သူ စားပွဲခင်းကို ကြောင်ကြည့်နေဆဲမှာပဲ အမေက အထုပ်တစ်ထုပ်ယူလာသည်။

“ဟောသည်မှာ ငြိမ်းငြိမ်းစု မင်းကို ပေးသွားတာ”

အထုပ်ကို သူ အလျင်အမြန်ဖွင့်ကြည့်လိုက်သည်။ ငွေတွေ …။ ငြိမ်းငြိမ်းစုကို သူပေးခဲ့တဲ့ငွေတွေ။ ပြီးတော့ သူ အမြတ်တနိုး လက်ဆောင်ပေးခဲ့သော ရွှေလက်စွပ်တစ်ကွင်းနှင့် စာရွက်တချို့၊

စာရွက်များမှာ ငြိမ်းငြိမ်းစုထံ သူရေးခဲ့ဖူးသော စာများနှင့် စာအုပ်အသေးလေးတစ်အုပ်၊ စာများကိုတော့ သူဖတ်ကြည့်ဖို့မလိုပါ။ စာအုပ်ကလေးကို သူဖတ်လိုက်ရတော့ အတော်ပင် အံ့သြသွားရသည်။ ငြိမ်းငြိမ်းစုထံ သူပေးပို့ခဲ့သော ငွေနှင့်ပစ္စည်းများကို ရက်စွဲထိုးကာ မှတ်သားထားသည့်စာအုပ်ကလေးဖြစ်သည်။ ယခု ထိုငွေနှင့် ထိုပစ္စည်းများအားလုံး သူ့ရှေ့တွင် ပြန်ရောက်နေပြီ။ သူ့နှုတ်မှ တစ်ခုခုကို တအားအော်ပစ်မည် ပြင်လိုက်စဉ် အမေက –

“မင်းသိပ်မှားတယ်သား။ မိန်းကလေးရဲ့ကိုယ်ဝန်ကို မင်း ဘာလို့ တာဝန်မယူခဲ့တာလဲဟင်။ မင်း ယောက်ျားမဟုတ်ဘူးလား”

“ကျွန် … ကျွန်တော် သူ့ကို လက်ထပ်မှာပဲအမေ”

“မဆိုင်ဘူး။ မင်း လက်ထပ်ထပ်၊ မထပ်ထပ် မိန်းကလေး တစ်ယောက်ကို သည်လိုမလုပ်ရဘူး။ မိန်းမဆိုတာ မိခင်လောင်းတွေပါ။မိခင်တစ်ယောက်ဟာ သူ့ရဲ့ ရင်သွေးကို သူ့အသက်နဲ့ရင်းပြီး ဖောက်ထုတ်ပစ်ရက်ပါ့မလား။ မင်းစဉ်းစားကြည့်စမ်း။ ဟင် မင်းအသုံးမကျဘူး။သူ့ခမျာ မင်းကိုချစ်ရှာလို့၊ မင်းကို ယုံလွန်းလို့ မင်းစကားအတိုင်း လုပ်ခဲ့ရတယ်။ မင်းကတော့ … တောက် … ငါလေ နင့်ကို သတ်မိလိမ့်မယ်သိလား”

အမေက သူ့ပခုံးကို ဆောင့်ဆွဲပြီး ခါယမ်းသည်။ ပြီးတော့ ပြန်လွှတ်ပစ်လိုက်သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး။ ငြိမ်းဆီကို ကျွန်တော်လိုက်သွားမယ်။ အိုဗျာ .. ခုပဲသွားမယ်”

သူ ထိုင်ခုံပေါ်မှ အထတွင်တော့ အမေက သူ့ပါးကို ရိုက်ချလိုက်၏။

“နင်ဟာ လူမိုက်။ အို လူမိုက်ဆိုတာမှ အဆင့်အတန်းတစ်ခု ရှိချင်ရှိဦးမယ်။ နင် … နင် .. လူယုတ်မာ“

အမေ့ကိုကြည့်ရင်း သူ စတင်ငိုကြွေးမိတော့၏။

“ဒုတိယအကြိမ် သွားယုတ်မာဖို့မကြိုးစားနဲ့တော့။ မိန်းကလေးဟာ မာနရှိတယ်။ နင့်ပစ္စည်းတွေ စာရွက်လက်တစ်ဝါးမကျန် ပြန်ပို့သွားတာကြည့်။ နင် လိုက်သွားလို့ သူ့ခြေထောက်ဖက် တောင်းပန်ဦး သစ္စာမရှိတဲ့နင့်ကို ပြန်ကြည့်မယ် မထင်နဲ့၊ သူ့ဘဝနဲ့သူ နေပါစေတော့။ အေး နင့်ရဲ့ ယုတ်မာမှုအတွက်ကတော့ နင်ကိုယ်တိုင် တစ်နေ ခံစားရမှ သိလိမ့်မယ်။ ဝဋ်ဆိုတာ တစ်ဘဝမကူးပါဘူး”

“အမေ“

“အမေ”

သူ အလန့်တကြားဖြင့် အိပ်ရာမှ လူးလဲထလိုက်သည်။ သို့သော် သူစိတ်ထင်တိုင်း ခန္ဓာကိုယ်က သွက်သွက်လက်လက် ပါမလာခဲ့။ သူ့အသံ တွေကရော လည်ချောင်းရဲ့အပြင်ကို ရုန်းထွက်သွားလေသလား။ သူမသိ။ စိတ်ချောက်ချားစွာဖြင့် အိပ်ရာဘေးမှ ရေခွက်ကို လှမ်းယူကာ သောက်ဖို့သူ ကြိုးစားသေး၏။ သို့သော် ရေလည်း မသောက်ချင်ပါ။

စောင်းကျနေသော ခေါင်းအုံးနှစ်လုံးကို သေသေချာချာ ပြန်ထပ်ကာ ကိုယ်ကို ပြန်လှဲချလိုက်သည်။ ပြီးတော့ သူ အိပ်ပျော်သွားစဉ်က မည်သည့်အိပ်မက်မျိုး မက်ခဲ့သည်ကို ပြန်စဉ်းစားကြည့်မိသည်။ သူ ကောင်းကောင်း စဉ်းစား၍မရ။ သူ့ခေါင်းထဲတွင် သူ သွားလာကျင်လည်ခဲ့သော မြို့များ၊ အသိမိတ်ဆွေများ၊ ပြီးတော့ မိန်းကလေးများ။

ငြိမ်းငြိမ်းစုနှင့် ဝေးကွာရပြီးနောက် သူ စီးပွားရေးကိုသာ ဇောက်ချ လုပ်ခဲ့၏။ သူမရောက်သော စီးပွားရေးနယ်ပယ် မရှိသလောက်ပင် သူအလုပ်လုပ်ခဲ့၏။ ငွေကြေး အတော်အတန် စုဆောင်းမိလျှင် အမေနှင့်ပဲ အခြေတကျ နေထိုင်လုပ်ကိုင်တော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့၏။ သို့သော် သူ့အတ္တ၊ သူ့လောဘနှင့် သူ့လိုအင်ဆန္ဒများကို သူ အတောမသတ်နိုင်ခဲ့။ နောက်ဆုံး သူ ကျန်းမာရေးမကောင်းမှပင် အမေ့ထံသို့သူပြန်ရောက်ခဲ့၏။ အမေကတော့ မိခင်တို့၏ ချစ်ခြင်းမေတ္တာအပြည့်အဝဖြင့် သူ့ကို ကြိုဆိုရှာသည်။ သူ့ကို ဂရုတစိုက် ပြုစုခဲ့သည်။ သို့သော် သူ့အပြစ်ကိုတော့အမေက ခွင့်လွှတ်သေးဟန်မတူ။

သူ သက်တောင့်သက်သာဖြစ်နေသော နေ့တစ်နေ့က သူ့ကို အမေစကားတစ်ခွန်းပြောခဲ့၏။

“သားကို အမေပြောဖို့ တစ်ခုကျန်နေသေးတယ်။ သား စိတ်မကောင်းလည်းမဖြစ်နဲ့နော်”

သူ အမေ့ကို မော့ကြည့်လိုက်တော့ အမေ့မျက်နှာတွင် သွေးရောင်လွမ်းနေလေသည်။

“ငြိမ်းငြိမ်းစု သေပြီကွဲ့”

“ခင်ဗျာ”

သူ များစွာ အံ့သြထိတ်လန့်သွားခဲ့သည်။ သူနှင့် ငြိမ်းငြိမ်းစုတို့ ဝေးကွာခဲ့ကြသည့် ငါ…နှစ်တာကာလအတွင်း ငြိမ်းငြိမ်းစုအကြောင်းကို ပထမဆုံး ကြားလိုက်ရခြင်း ဖြစ်သည်။

“ငြိမ်းငြိမ်းစု သေပြီ၊ ဟုတ်လားအမေ”

“အေးက သူဆုံးတာတောင် သုံးနှစ်လောက် ရှိရော့မယ်။ သားက အိမ်မကပ်တော့ အမေလည်း မပြောဖြစ်ခဲ့ဘူး။ ပြီးတော့ သားလည်း ကြားမယ်ထင်လို့ပါ”

သူ ဘာစကားမှ ပြန်မပြောနိုင်ခဲ့ပါ။ သူ့လိပ်ပြာကို သူရှက်ရွံ့စွာ ငြိမ်းငြိမ်းစုနှင့် ပတ်သက်သမျှ သူ တစ်စုံတစ်ခုမျှ မစုံစမ်းခဲ့မိပါ။ အခုတော့ ငြိမ်းငြိမ်းစု သေပြီတဲ့။ သုံးနှစ်လောက်တောင် ရှိပြီတဲ့။

“ငြိမ်းငြိမ်းစုသေတာ ကိုယ်ဝန်ပျက်ကျလို့လို့ ပြောတာပဲ။ ဒုတိယကိုယ်ဝန်နေမှာပေါ့။ အမေတို့မိန်းမတွေမှာ ကိုယ့်ရင်သွေးကို အသက်နဲ့စက်ပြီး လွယ်ကြရတာကွယ့်။ ကိုယ်ဝန်ဆောင်မိန်းမများ သင်္ချိုင်းကုန်းကို တစ်နေ့ မျက်စောင်းသုံးကြိမ် ထိုးနေရသလိုပဲလို့ ပြောတတ်ကြတယ်။ မတော်တဆ ဘာမှမဖြစ်အောင် အတော်ဂရုစိုက်ကြရတာ။ ကိုးလလွယ်ပြီး ဆယ်လမှ ဖွားကြရတယ်။ ဒါကြောင့် သားသမီးတွေကို လူဖြစ်အောင် မွေးကြရတဲ့ မိခင်တစ်ယောက်ရဲ့ကျေးဇူးတရားဟာ အင်မတန် ကြီးမားလှတယ်။ မြတ်စွာဘုရားတောင်မှ ကျေးဇူးဆပ်လို့မကုန်အောင် ကြီးမားခဲ့တာပဲ သား”

သူ မျက်ရည်မကျမိသော်လည်း ရင်ထဲမှာတော့ အတော်ကလေး ပူလောင်နေခဲ့သည်။ ငြိမ်းငြိမ်းစု သေရတာ သူ့ပယောဂ မကင်းနိုင်ဟု သူထင်သည်။

“တစ်ခု ဖြေသာတာက ငြိမ်းငြိမ်းစု ပထမကိုယ်ဝန် ဖျက်ချတုန်းက သေမသွားတာကိုပဲ”

အမေ့မျက်နှာမှာ အမှောင်ရိပ်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ အမေ့မျက်နှာရိပ်ကြောင့် သူ့အပေါ်အမေ မကျေနပ်နိုင်သေးတာကို သူသိခဲ့ရခြင်း ဖြစ်သည်။ အမေ့လို မြင့်မြတ်သော မိခင်တစ်ယောက်၏ သားအဖြစ်နှင့် သူမထိုက်တန်လေစွ။ အမေ့ကို သူ လက်အုပ်ချီပြီး ကန်တော့လိုက်သည်။ အမေ့မေတ္တာ၊ အမေ့ကျေးဇူးတရားများကို သူ ရင်ဖြင့်ညွတ်နူးမိခဲ့သည်။ အမေ့မျက်နှာမှာ ညိုမှောင်နေရာမှ ဝင်းလက်လာသည်။ သူ့လက်အစုံကို ထွေးပွေ့ရင်း –

“သာဓု သာဓု … သာဓုပါသားရယ်။ အမေ့ကို လက်အုပ်ချီကန်တော့တဲ့ငါ့သား ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းပါစေ။ ဝဋ်ကြွေး ဝဋ်တုံ့တွေရှိက ပြေပါစေကွယ်”

အမေ့မျက်ဝန်းမှ မျက်ရည်စီးကြောင်းနှစ်သွယ်ကို သူ ငေးကြည့်နေ ဖြစ်ခဲ့သည်။ သူကတော့ ရင်ဖြင့် ငိုကြွေးခဲ့ရ၏။

ထို့နောက် သူ့ခေါင်းရင်းမှ စာကြည့်စားပွဲအံဆွဲကို ဖွင့်ဖြစ်ခဲ့သည်။ အံဆွဲတွင်းမှ စက္ကူဘူးလေးကို သူ ဆွဲထုတ်လိုက်သည်။

အံဆွဲတွင်းမှ စက္ကူဘူးကလေးကို သူဆွဲထုတ်လိုက်သည်။ စက္ကူဘူးကလေးထဲတွင် ငြိမ်းငြိမ်းစု ဝတ်ဆင်ခဲ့သော လက်စွပ်ကလေး …။

ထိုလက်စွပ်ကလေးကို သူ့လက်ချောင်း ပိန်လှီလှီမှာ ဝတ်ဆင်လိုက်သည်။ ထိုလက်စွပ်ကလေး ဝတ်ဆင်လိုက်သည့်နေ့မှစ၍ သူ့အခြေအနေတွေ ငြိမ်သက်သွားခဲ့ခြင်းလည်း ဖြစ်သည်။ သူ၏အပြစ်ဒဏ်များကို သူရဲရဲဝံ့ဝံ့ ခံစားသွားရန် လက်စွပ်ကလေးက သတိပေးနေခဲ့သည်။ တစ်ပတ်တစ်ခါ ဆေးလာထိုးနေသော ဆရာဝန်ကိုလည်း သူ ပိတ်လိုက်သည်။ အိပ်ရာထက်မှာ ငြိမ်သက်စွာ လဲလျောင်းရင်း တရားမှတ်သည်။ သူပြုလုပ်ခဲ့ဖူးသော ဒါနကုသိုလ်တရားများကို ရည်မှန်း၍ စိတ်ကို ကြိုးစားဖြေသည်။

သူ စုဆောင်းထားသမျှ ငွေအားလုံးကို တစ်ပြားမကျန် အလှူအတန်း ပေးပစ်ဖို့အမေ့ကို အပ်ခဲ့သည်။ အခုတော့ သူရှာသမျှ ဖွေသမျှငွေတွေက သူ့ဘဝကို မကယ်တင်နိုင်တော့။ သူ့ခေါင်းရင်းတွင် သူ ရဟန်းခံခဲ့စဉ်က ရိုက်ထားသော ဓာတ်ပုံကြီးကို ထောင်ထားလိုက်သည်။ လူတစ်ယောက်တွင် ကုသိုလ်၊ အကုသိုလ်တရား နှစ်ပါးစလုံး ဒွန်တွဲနေခြင်းကို သူမြင်မိသည်။ သို့သော် အကုသိုလ်တရားများက ပို၍များနေကြောင်းလည်း သူသိသည်။ တစ်ခါတစ်ရံ ဝေဒနာ တအားခံစားလာရလျှင် သူ အိပ်ဆေးတွေ သောက်ချင်လာသည်။ သို့သော် အမေက သူ ကို ပေးမတိုက်ခဲ့ပါ။

သူ၏အနားသို့နေ့စဉ်လာနေသော သူ၏ ညီအစ်ကိုမောင်နှမများလည်း အလာကျဲသွားကြသည်။ သူ့ကို စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းသော လူသားတစ်ယောက်လို့မှတ်ထင်သွားကြလေသလား။ အမေတစ်ယောက်သာလျှင် သူ့အနီးတွင် ရှိနေတတ်သည်။ တစ်ခါတစ်ရံ သူ့မှာ တုန်လှုပ်ချောက်ချားလိုက်၊ တစ်ခါတစ်ရံ ငြိမ်သက်သွားလိုက်ဖြင့် ရက်ပေါင်းများစွာကို သူကြိုးစားပမ်းစား ကျော်ဖြတ်နေရသည်။

ဝမ်းတွေ တအားသွားသောနေ့ကတော့ သူ့စိတ်ကို လုံးဝ လျော့ချပစ်လိုက်သည်။ သူ့လက်ကိုပင် သူ မ,မနိုင်တော့။ စိတ်ကို ပြန်တင်းကာ လက်ကို ထောင်ကြည့်သည်။ အထက်သို့ရောက်မလာဘဲ အောက်သို့သာ လျှောကျသွားခဲ့သည်။ သူညာဘက်လက်တွင် ဝတ်ဆင်ထားသော လက်စွပ်ကလေးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ လက်စွပ်ကို ပြူးကြောင်ငေးစိုက်ကြည့်ရင်း အမေ့ကို လှမ်းခေါ်လိုက်သည်။

“အမေ”

အို – သူ့အသံတွေ မထွက်တော့ပါလား။ မျက်နှာကြက်မှ လေးပေဖန်ချောင်းမီးရောင်အောက်တွင် လက်စွပ်ကလေးက အရောင်တဝင်းဝင်းနှင့်၊ သူ့လက်စွပ်ကလေးကို သူ့လက်မှာ ပြန်စွပ် ထားချင်သည်။ သည်လက်စွပ်ကလေးမရှိလျှင် သူ့စိတ်တွေ ငြိမ်သက်ဖို့မဖြစ်နိုင်တော့။

ထိုစဉ် သူ့အခန်းတွင်းသို့ ကြွက်တစ်ကောင် ဖြတ်ပြေးသွား၏။ ကြွက်က လက်စွပ်ကလေးကို ပွတ်တိုက်သွားသည်။ လက်စွပ်ကလေးက နေရာရွေ့ကာ သူနှင့် ပို၍ နီးကပ်လာသည်။ သူ လှမ်းယူဖို့ ကြိုးစား ကြည့်သည်။ သူ့လက်တွေကို အတတ်နိုင်ဆုံး ဖျစ်ညှစ်ကာ လက်လှမ်း လိုက်၏။ မရ။ ကိုယ်ခန္ဓာကို ရုန်းကန်ကြည့်၏။ မရ။ ကြွက်က သူရှိရာ ဘက်သို့ပြန်ပြေးလာပြန်သည်။ ထို့နောက် လက်စွပ်ကို စားစရာအမှတ်နှင့် ငုံ့နမ်းနေသည်။ သူ့ပါးစပ်မှ တရှူးရှူး အော်ပစ်ချင်လာသည်။ သူ့လည်ချောင်းတွေ မခံမရပ်နိုင်အောင် နာကျင်လာတာပဲ အဖတ်တင်သည်။ သူ အော်လို့မရ။ မရ။ မရ။ ကြွက်က လက်စွပ်ကို လာနမ်းလိုက် ပြန်ထွက်ပြေးလိုက်။

“အမေ ... အမေ“

အမေ အိပ်ပျော်နေသလား။ ဒါမှမဟုတ် သူ့အသံကပဲ အပြင်ကို ထွက်မလာလေသလား။ သူ ဘာကိုမျှ ကွဲကွဲပြားပြားမသိ။ သူ သူသေတော့မှာလား။ သူ သေရမှာကို မကြောက်တော့ပါ။ လောလောဆယ် သူကြောက် နေမိသည်မှာ လက်စွပ်ကလေးကို သူပြန်မရမှာကိုပဲဖြစ်သည်။

သူ့မျက်လုံးတွေက ကြမ်းပြင်ပေါ်မှ လက်စွပ်ကို မျက်တောင် မခတ်တမ်း စိုက်ကြည့်နေလေသည်။

တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ် (၉)
၁၉၉၇ခုနှစ်

Comments