လေထန်ကုန်း_အခန်း (၂၅)_ကျော်လှိုင်ဦး

 

အခန်း [ ၂၅ ]

'ဒီအဖြစ်အပျက်တွေဟာ ပြီးခဲ့တဲ့ ဆောင်းတွင်းက အဖြစ်အပျက်တွေပါပဲရှင်၊ တနှစ်တောင် ကျော်ဦးမယ် မဟုတ်ပါဘူး၊ ခုလို ပြန်ပြောလိုက်ရတော့လဲ လွန်ခဲ့တဲ့ ဆောင်းတွင်းဟာ တနှစ်တောင် ကြာဦးမယ် မထင်ဘူး၊ ရှင် ဒီကို ရောက်လာတာကိုကပဲ ဘာကြာသေးလို့လဲ၊ တကယ်တော့ ရှင်လို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီနေရာမျိုးမှာ လာနေနိုင်တာကိုက အံ့ဩစရာပါပဲ၊ ကက်သရင်းကို တွေ့ဖူးတဲ့လူတိုင်းဟာ ကက်သရင်းကို မချစ်ပဲ မနေနိုင်ကြဘူးရှင့်၊ ဟော...ရှင်က ပြုံးတယ်၊ ခု ကျွန်မ ကက်သရင်းအကြောင်း ပြောတာကိုပဲ ရှင် စိတ်ပါလက်ပါ စိတ်ဝင်စားနေတယ် မဟုတ်လား၊ နောက်ပြီး ဘာကြောင့်ကော ရှင်က မီးဖိုနားမှာ ကက်သရင်းပုံကို အချိတ်ခိုင်းရတာလဲ၊ ဘာကြောင့် ကော....”

မစ္စက်ဒင်းသည် ကက်သရင်းတို့အကြောင်း ပြောရာမှ ကျွန်ုပ်ဘက်သို့ လှည့်လာသဖြင့် ကျွန်ုပ်လည်း သူ့စကားကို ဖြတ်ပြီး ပြောလိုက်ရပါလေတော့သည်။

“ကဲ...အဲဒါ ထားစမ်းပါဦးဗျာ၊ ကျွန်တော် ကက်သရင်းကို သဘောကျပါတယ်ဆိုယင်လဲ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သူက ကျွန်တော့်ကို ချစ်မှာလား၊ ကျွန်တော်ကလဲ ဒါတွေ စဉ်းစားနေလို့ မဖြစ်ပါဘူး၊ အချိန်တန်ယင် ကျွန်တော့်အိမ် ကျွန်တော် ပြန်ရမှာပဲဟာ၊ ခင်ဗျား ပြောလက်စ စကားပဲ ဆက်စမ်းပါဗျာ၊ မစ္စတာ အက်ဂါလင်တန်က တားမြစ်ထားတော့ကော ကက်သရင်းက လိုက်နာရဲ့လားဗျ” ဟု ဆိုသဖြင့် မစ္စက် အယ်လင်ဒင်းသည် သူပြောလက်စ အဖြစ်အပျက်များကို ဤသို့ ဆက်လက် ပြောပါလေတော့သည်။

ကက်သရင်းအဖို့ သူ့အဖေကို အဓိကထား မြတ်နိုးသူ ဖြစ်သည့်အားလျော်စွာ အဖေဖြစ်သူ၏ စကားကို နားထောင် ရှာပါလေသည်။ သခင်လင်တန်ကလည်း သမီးကို ပြောဆိုဆုံးမရာတွင် ဒေါနှင့် မောနှင့် ပြောဆိုသည် မဟုတ်ပေ။ မိမိ မရှိသည့်အခါတွင် လူ့လောက အလယ်၌ တယောက်တည်း ကျန်ရစ်ရှာမည့် သမီး အတွက် သူ ပေးနိုင်သော အမွေပစ္စည်းအဖြစ် ဆုံးမစကားကို ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ပြောဆိုခဲ့ခြင်း ဖြစ်သည့်အလျောက် သမီးသည် ဖအေ့ စကားကို နားထောင်ပါလေ၏။

ထို့နောက် ရက်အတန်ကြာသောအခါ သခင်သည် ကျွန်မအား …

“ကျုပ်တူကလေး လာထင်လဲ လည်စေချင်တယ်ဗျာ၊ သို့မဟုတ်တောင် စာရေးစေချင်တယ် အယ်လင်၊ ကဲ.. ဒီတော့ ခင်ဗျား ကျုပ်ကို မှန်မှန်ကန်ကန် ပြောစမ်းပါ။ ခင်ဗျား ကျုပ်တူကလေးကို ဘယ်လိုထင်သလဲဗျ၊ လူကောင်းတယောက် ဖြစ်နိုင်သလားဗျာ၊ တိုးတက်ဖို့ အခြေအနေကော ရှိသလား” ဟု ပြောလာပါလေသည်။

“လူကတော့ လူပျော့ကလေးပါ၊ ကျန်းမာရေးကလဲ မကောင်းရှာဘူး၊ ဒါပေမယ့် သူ့အဖေနဲ့ မတူတာတော့ အမှန်ပဲ၊ အင်း...ကံမကောင်း အကြောင်းမလှလို့ မစ္စကက်သရင်းနဲ့ သူ လက်ထပ်ဖြစ်မယ် ဆိုယင်တောင် မစ္စကက်သရင်းကသာ အလွန်အကျွံ အလိုမလိုက်ယင် သူ မစ္စကက်သရင်းကို လွန်ဆန်ရဲမှာ မဟုတ်ဘူး၊ သခင် သူ့ကို လေ့လာဖို့ အချိန်တွေ ရှိပါသေးတယ်”

ထိုအခါ သခင်အက်ဂါသည် သက်ပြင်းကို မှုတ်ထုတ်လိုက်ပါသည်။ ထို့နောက် ပြတင်းပေါက်ဘက် လျှောက်သွားပြီး ဂျင်မာတန်ဘက်ရှိ ဘုရားဝတ်ကျောင်းဆီကို ငေးကြည့်ပါလေ၏။ အပြင်ဘက်မှာ မြူတွေ ဆိုင်းနေပါ၏။ ဖေဖော်ဝါရီ နေရောင်သည် ခပ်ဖျော့ဖျော့ ဖြာကျနပါသည်။ ဂျင်မာတန် ဘုရားဝတ်ကျောင်းဘက်က ထင်းရှူးပင် နှစ်ပင်ကို ကောင်းကောင်း မြင်ရလေသည်။ ထိုနေရာ၌ ကွယ်လွန်သူတို့၏ သင်္ချိုင်း ဂူများ ရှိလေသည်။

'ကျုပ်တော့လေ ဖြစ်လာမယ့် အရေးအခင်းအတွက် အမြဲ ဆုတောင်းနေရတယ်၊ ခုတော့ ကျုပ် စိုးရိမ်လာပြီ၊ လပိုင်းလောက် အတွင်းမှာပဲ အဖြစ်အပျက်တွေကို ရင်ဆိုင်ရမလားဆိုပြီးလဲ ပူပန်မိတယ်။ ဒီမယ်အယ်လင်၊ ကျုပ်ဟာ ကျုပ်သမီးနဲ့ အတူနေရတာ စိတ်ချမ်းသာတယ်၊ တဆောင်းလုံး တနွေလုံး သမီးကလေး ကျုပ်အပါးမှာ ပျော်ပျော် ရွှင်ရွှင် ရှိနေယင် ကျုပ်လဲ ပျော်တာပဲ၊ ဒါပေမယ် တခါတခါတော့လဲ ကျုပ် သူ့ အမေ ဘေးမှာ တယောက်တည်း သွားနေရတာကိုပဲ ကျေနပ်တယ်၊ ကျုပ်သေယင် ကျုပ် သူ့အမေဘေးမှာပဲ သွားနေမယ်လို့ စိတ်ကူးထားတယ်။ ဒါပေမယ့် ကျုပ်သမီးအတွက် ကျုပ် စိတ်မချဘူး၊ ကျုပ် ကေသီကို ဘယ်လိုလုပ်ပြီး ခွဲသွားရမှာလဲ အယ်လင်၊ ကျုပ် မရှိတဲ့ နောက်မှာ လင်တန်သာ ကျုပ်သမီးကို ကျုပ် ဆုံးရှုံးသွားရတဲ့အတွက် ပူဆွေးရတာကို နှစ်သိမ့်မှု ပေးနိုင်မယ်ဆိုယင် သူဟာ ဟိကလစ်သား ဖြစ်နေတာကိုလဲ ကျုပ် ထည့်မတွက်ပါဘူး၊ ကျုပ်သမီးကို သူယူသွားလဲ ကျုပ် မပူပါဘူး။ ကုန်ကုန်ပြောမယ်၊ ဘယ်လို အောင်ပွဲကြီးမျိုးပဲ ခံခံ ကျုပ် မမှုဘူး၊ ဒါပေမယ် လင်တန်ကလေးဟာ သူ့အဖေကို ကြောက်ရလို့ ကျုပ်သမီးကို ယူရတာဆိုယင်တော့ ကျုပ် စိတ်ကောင်းရမှာ မဟုတ်ဘူးပေါ့၊ ကျုပ်သမီးကို ဘာအဟန့်အတားမှ မလုပ်ချင်ပါဘူး၊ ဒါပေမယ် ကျုပ်မရှိတဲ့အချိန်မှာ ကျုပ် သမီးကလေး စိတ်ဓာတ်တွေ ပျက်ပြားသွားမှာပဲ ကျုပ် စိုးရိမ်တယ်၊ အင်း...ကျုပ် မသေခင် သမီးကလေး အလျင်သေသွားယင်လဲ အကောင်းသား' မစ္စတာ အက်ဂါသည် ဇနီး ဖြစ်သူ၏ သင်္ချိုင်းဂူကို ငေးကြည့်ယင်း တကိုယ်တည်း ညည်းတွားသလို ပြောနေပါလေ၏။

“ဘာဖြစ်လို့ သူ အလျင်သေရမှာလဲ ရှင်၊ တကယ်လို့ သခင် ကွယ်လွန်သွားတောင် ကျွန်မဟာ ကေသီ့အပါးမှာ အသက်ထက်ဆုံး နေသွားမှာပါ၊ ကေသီကလေးဟာ လိမ္မာပါတယ်။ သူဟာ တဇွတ်ထိုး မိုက်မိုက်မှားမှား လုပ်လိမ့်မယ်လို့ ကျွန်မတော့ တွေးပြီး မစိုးရိမ်ဘူး၊ ဘာပဲဖြစ်ဖြစ် စိတ်ကောင်းရှိတဲ့လူတွေဟာ အဖြစ်ဆိုးနဲ့ ကြုံရခဲတတ်ပါဘယ်ရှင်"

သို့ဖြင့် နွေဦးပေါက်လာသော အချိန်တွင် သခင်အက်ဂါသည် သူ့သမီးနှင့်အတူ ခြံထဲသို့ ဆင်း၍ လမ်းလျှောက်စ ပြန်ပြုလာသော်လည်း သူ့ ကျန်းမာရေး အခြေအနေကား အားတက်ဖွယ် မရှိလှပါ။ ကတ်သရင်းကမူ သူ့အဖေ ပါးပြင်ကလေးတွေ သွေးရောင်လွှမ်းပြီ။ မျက်လုံးကလေးများ တောက်ပလာတတ်သည်ကိုပင် သူ့အဖေ နားလန်ထစ ပြုပြီ ဖြစ်သည်။ ပြန်လည် ကျန်းမာလာပြီဟု ယူဆထားပါ၏။

ကတ်သရင်း၏ ဆယ့်ခုနှစ်နှစ်မြောက် မွေးနေ့သည် မစ္စတာ အက်ဂါအဖို့ ဇနီးသည် ကွယ်လွန်သော နှစ်ပတ်လည်နေ့ ဖြစ်သော်လည်း သူ့ဇနီး၏ သင်္ချိုင်းဂူသို့ မသွားဖြစ်ပါ။ ထိုညက မိုးလည်း ရွာနေပါသည်။ ထို့ကြောင့် ကျွန်မကပင် …

'ကနေ့ညတော့ အပြင် မသွားပါနဲ့တော့ သခင်' ဟု ပြောလိုက်ပါသည်။

သူကလည်း ..

'အင်း၊ ဒီနှစ်တော့ နောက်မှပဲ သွားရတော့မှာပဲ' ဟု ပြောပါ၏။

မစ္စာ အက်ဂါလင်တန်သည် သူ့တူကလေးထံသို့ တွေ့လိုသဖြင့် လာရောက် လည်ပတ်ပါရန် စာရေးပြန်ပါလေသည်။ သို့သော် လင်တန်ကလေး မရောက်လာပါ။ သူ့အဖေကလည်း သူ့ကို ကျွန်မတို့ အိမ်ကြီးသို့ လာခွင့် ပြုလိမ့်မည် မထင်ပါ။

သို့သော် သူ့အဖေ၏ ညွှန်ကြား လမ်းပြပေးသည့်အတိုင်း ပြန်စာတစောင်ကိုကား ရေးလာပါလေသည်။ စာထဲတွင် သူ့အဖေက သရက်ကရော့ အိမ်ကြီးသို့ သွားခွင့် မပြုသည့်အကြောင်း၊ သူ့ဦးကြီးက သူ့အပေါ် ဂရုတစိုက် သတိရဖော်ရသဖြင့် သူ ဝမ်းသာသည့်အကြောင်း၊ ထို့ကြောင့် လမ်းလျှောက်ထွက်သည့် အခါတွင် သူနှင့်တွေ့ရန်၊ သူ့နှင့် ကေသီတို့ မတွေ့ရသည်မှာ ကြာ၍ စိတ်ဆင်းရဲလှသဖြင့် လမ်းလျှောက်ထွက်သည့်အခါ ကေသီကိုပါ ခေါ်လာစေလိုကြောင်း တို့လည်း ပါလေသည်။

ထိုအပိုင်းသို့ ရောက်လာသောအခါတွင် လင်တန်၏ စာအရေးအသားသည် ရိုးရှင်းလာပါသည်။ သူ၏ ကိုယ်တိုင် အရေးအသား ဖြစ်ပုံရပါ၏။ ဤအပိုင်းကို ရေးရာတွင် ဟိကလစ် ဝင်စွက်ဖက်ပုံ မရပါ။ သူ့စာမှာ ဤသို့ ဖြစ်ပါသည်။

ကျွန်တော် ကေသီ့ကို ကျွန်တော်တို့အိမ် လာဖို့ ပြောတာ မဟုတ်ပါဘူး ဦးကြီး၊ ဒါပေမယ့် အဖေကလဲ ကျွန်တော့်ကို ဦးကြီးတို့အိမ် မသွားဖို့ တားထားပြီး ဦးကြီးကလဲ ဦးကြီးသမီးကို ကျွန်တော်တို့အိမ် မလာဖို့ တားထားတာနဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ မတွေ့ကြရတော့ဘူးလား ဦးကြီး။ ဒီတော့ ကေသီနဲ့အတူ ဦးကြီး မြင်းစီးပြီး ထွက်ခဲ့ပါလား ခင်ဗျာ။ ဦးကြီး ရှေ့မှာပဲ ကျွန်တော်တို့ မောင်နှမ စကားပြောပါရစေ။ ကျွန်တော်တို့ နှစ်ယောက် တကွဲတပြားစီ ဖြစ်မနေသင့်ပါဘူး ဦးကြီးခင်ဗျား။ ဦးကြီး ကျွန်တော့်ကို စိတ်မဆိုးစေပါဘူး။

ချစ်လှစွာသော ဦးကြီးခင်ဗျား။ ဦးကြီးတို့ အိမ်ကြီးကလွဲယင် ဘယ်နေရာမှာပဲ တွေ့ရတွေ့ရ၊ ကျွန်တော်တို့ တွေ့ကြရအောင် မနက်ဖြန် စာပြန်စေချင်ပါတယ် ခင်ဗျား။ ဦးကြီး ကျွန်တော့်ကို တွေ့ယင် ကျွန်တော်ဟာ ကျွန်တော့် အဖေလို မဟုတ်ဘူးဆိုတာ ဦးကြီး သဘောပေါက်မှာပါ။ ကျွန်တော့် အဖေကလဲ ပြောပါတယ်။ ကျွန်တော်ဟာ သူ့သားအရင်းထက် ဦးကြီးရဲ့တူ ဖြစ်နေတယ်လို့ ပြောပါတယ်။

ကျွန်တော်ဟာ ကေသီ စိတ်ဆင်းရဲအောင် လုပ်မိပေမယ့် ကေသီဟာ ကျန်တော့်ကို ခွင့်လွှတ်မြဲပါ ဦးကြီး။ ဒီတော့ ဦးကြီးကလဲ ဦးကြီးသမီးကို ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်လေ ခု နေကောင်းလာပါပြီ။ ဒါပေမယ့် ကေသီနဲ့ မတွေ့ရပဲ တယောက်တည်း နေနေရတော့ မပျော်ဘူး။ စိတ်ကလဲ မကြည်ဘူး။ ဒီတော့ ကျွန်တော် ဘယ်မှာ လန်းလန်းဆန်းဆန်း ရှိပါ့မလဲ။

သခင် အက်ဂါသည် သူ့တူကလေး၏ စာကိုဖတ်ပြီး သူ့တူကလေးအတွက် စိတ်မကောင်းလှသော်လည်း သူ့မှာ ကက်သရင်းနှင့်အတူ အပြင်သို့ မထွက်နိုင်သဖြင့် သူ့တူကလေး၏ ဆန္ဒကို မလိုက်လျောနိုင်ရှာပေ။ သို့သော် နွေရောက်လျှင် ကက်သရင်းတို့ မောင်နှမ တွေ့ခွင့်ရ နိုင်စရာရှိသည်ဟုကား ပြောပါသည်။ သည်ကြားမှာပင် သခင်အက်ဂါသည် သူ့တူကလေးထံသို့ ကြိုးကြားကြိုးကြား စာရေးပါလေသည်။ သူ့တူကလေးခမျာ လေထန်ကုန်းအိမ်ကြီး၌ အနေအထိုင် ကျဉ်းကျပ်ရသည့် အဖြစ်ကို သိသည့်အားလျော်စွာ သူ့တူကလေး စိတ်ချမ်းသာမှုကို ရစေမည့် စာမျိုးကိုလည်း ရေးပါ၏။ လင်တန်ကလေးကလည်း သူ့ဦးလေးထံသို့ မကြာမကြာ စာရေးလေ့ရှိပါသည်။ သူ့စာများတွင် သူ့အဖေ၏ ချုပ်ချယ်မှု၊ သူစိတ်ဆင်းရဲနေရသည့် အကြောင်းနှင့် ကက်သရင်း တွေ့ခွင့်ရရေးတို့ကိုသာ ထပ်တလဲလဲ ဖော်ပြလေ့ ရှိပါလေသည်။

ကေသီသည် ယခုရက်များအတွင်း သူ့အဖေ စိတ်ချမ်းသာအောင် နေရှာပါ၏။ ထို့ကြောင့်လည်း နောက်ပိုင်းရက်များ၌ ကေသီသည် ကျွန်မနှင့်အတူ အိမ်ကြီးအနီး ကွင်းထဲ၌ မြင်းစီးထွက်လေ့ ရှိသည်ကို သူ့အဖေက ဘာမျှ အပြစ်ပြောဆိုခြင်း မပြုပါလေ။ ဇွန်လလောက်တွင် သခင်အက်ဂါ၏ ကျန်းမာရေးမှာ တဖြည်းဖြည်း ယိုယွင်းလာပါလေသည်။ ယခုအခါတွင် လယ်မြေယာမြေများမှ နှစ်စဉ် အချိုးကျ ရရှိသော ဝင်ငွေသည် သမီးကလေးအတွက် လုံလောက်သည် မှန်သော်လည်း သခင်အက်ဂါသည် သူ့သမီး ရှေ့ရေးနှင့် သူပိုင် ပစ္စည်းများ အမွေဆက်ခံရေးအတွက် ပူပန်မိဟန် ရှိလေသည်။ သူ့သမီးကလေးကို သူ့တူနှင့် လက်ဆက်ပေးခြင်းဖြင့် သူ့လယ်။ သူ့ယာ၊ သူ့ခြံကြီးကို သမီးလည်း အမွေဆက်ခံခွင့်ရပြီး ဖြစ်နိုင်သည်ကို သူ သဘောပေါက်ပါသည်။ ထို့ကြောင့် သူ့သမီးကို သူ့တူနှင့် လက်ထပ်ပေးရန် စိတ်ကူးမိပုံ ရလေသည်။ သို့သော် သူ့တူကလေး၏ ကျန်းမာရေး အခြေအနေကိုကား သူ မသိရှာပေ။ သူသာမဟုတ် ကျွန်မတို့လည်း အသေအချာ သိရသည်ကား မဟုတ်ပေ။ ထိုရက်များတွင် လင်တန်ကလေးတို့ အိမ်ဘက်တွင် ဆရာဝန် အဝင်အထွက် လုပ်သည်ကိုလည်း မမြင်ရ၊ ဟိကလစ်ထံမှလည်း သူ့သားအကြောင်းကို ဘာမျှ မကြားရပေ။

သို့သော် လင်တန်ကလေးနှင့် ပတ်သက်၍ ကျွန်မ အထင်များသည် လွဲမှားလာပုံ ရပါသည်။ သူ့စာများတွင် သူ ကွင်းထဲသို့ လမ်းလျှောက်လေ့ရှိကြောင်း၊ မြင်းစီးထွက်လေ့ရှိကြောင်း ဖော်ပြလာပြန်ပါ၏။ လင်တန်ကလေး အခြေအနေနှင့် ပတ်သက်၍ သူ့အဖေ ကိုယ်တိုင်က အရေးခိုင်းသဖြင့် ရေးသားရခြင်း ဟုတ် မဟုတ်ကိုကား ကျွန်မ မခန့်မှန်း နိုင်ပါ။

Comments