မရေးဖြစ်တဲ့ဝတ္ထု @ ရဲရင့်လုံ၊ ဆေး-မန်း၊



၁။


မြောက်ဘက်အရပ်က သစ်သားတံတားကြီးဆီ ကိုယ့်အကြည့်တွေ မကြာမကြာ ပို့လွှတ်နေမိသည်။

ကိုယ့်စိတ်သည် မလန်းရွှင်။ ဘယ်အရာကို အလိုမကျ ဖြစ်နေမှန်းကိုလည်း ကိုယ်တိုင်မသိ။ နေရထိုင်ရ ခက်လှသည်။ ဝိုးတဝါးမြင်ရသော တံတားကြီးကို ကြည့်ငေးရင်း ဒီနေ့အတွက် ဘယ်နှကြိမ်မြောက်မှန်းမသိသော သက်ပြင်းမောကို ချမိပြန်သည်။ ကိုယ်စိတ်စောနေသည်လား ဒါမှမဟုတ် စိတ်မောနေသည်လား။ နှစ်ခုလုံးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။


၂။


သူ့တွင် ညိုတစ်ဝက် ဖြူတချို့ မုတ်ဆိတ်ကျင်စွယ်တို့ ရှိသည်။ သူ့မျက်နှာသည် အမြဲလိုလို အဆီပြန်နေတတ်သည်။ သူက အသားညိုမောင်းသူ။ ပိန်လွန်းသဖြင့် ခွက်ဝင်နေသော ပါးနှစ်ဖက်ကြောင့် ပါးရိုးတို့က အထင်းသား ပေါ်နေကြ၏။ ကိုင်းတစ်ဖက် မရှိတော့သဖြင့် သားရေကွင်းတစ်ကွင်းနှင့် တွဲချည်ထားသော မျက်မှန် ထူထူအောက်က ကျဉ်းမြောင်းသည့် သူ့မျက်လုံးတို့သည် အစဉ်သဖြင့် ငေးငေး ရီရီ ရှိနေတတ်ကြသည်။ သူ့ဦးခေါင်း၌ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံးတွင် သိုးမွေးပွ ဦးထုပ်ကြီးတစ်လုံးကို တွေ့ရလေ့ရှိ၏။ သူသည် အခြားသော ချင်းတိုင်းရင်းသား အဘိုးကြီးများနည်းတူ မထူးခြားသော ထာဒိုချင်း အဘိုး အိုတစ်ဦးဖြစ်သည်။ ကိုယ်က သူ့ကို ‘ကပူး ́ဟု ခေါ်သည်။ 

လူကို သတိမထားမိခင်မှာ သူ့လက်ရေးလေးတွေကို ကိုယ် ဦးစွာ သတိပြုမိခဲ့သည်။ သူသည် ထူးခြားသေ ာလူနာတစ်ဦး ဖြစ်၏။ ကိုယ့်ဆေးခန်းကလေးဆီ သူ ပထမဆုံးအကြိမ် ရောက်လာသည့် အခိုက်အတန့်ကို ကိုယ်ကောင်းစွာ မှတ်မိနေသေးသည်။


၃။


- ရင်ကျပ်တယ်။ ချောင်းဆိုးတယ်။

- ညာဘက်ကျောပြင် နည်းနည်အောင့်တယ်။

-ဖျားတော့ မဖျားဘူး။

သူ ဆေးခန်းစပြသည့်နေ့က ဘာမပြော ညာမပြောနှင့် ကိုယ့်လက်ထဲကို ဗလာစာရွက် အပိုင်းအစတစ်ခု ထည့်ပေးသည်။ ရုတ်တရက်မို့ ကိုယ်လည်း အူကြောင်ကြောင် ဖြစ်သွားခဲ့သေးသည်။ ရွက်ပိုင်းလေးထဲက စာကြောင်းများကို ဖတ်ကြည့်လိုက်တော့မှ သူ ခံစားရသမျှကို ကိုယ်တိုင်မှတ်တမ်းတင် ထားသော ဝေဒနာမှတ်စုတို တစ်ခုဖြစ်ကြောင်း ကိုယ် သိလိုက်ရ၏။ သူသည် ဆရာဝန်တစ်ဦးအတွက် ထူးခြားသော လူနာတစ်ဦးဖြစ်သည်။ 

ဝိုင်းစက်သည်လည်း မဟုတ်သော လေးထောင့်ကျကျ သူ့လက်ရေးက စနစ်တကျ ညီညာနေပြီး ဆွဲဆောင်မှုတစ်ခုခု ရှိနေသည်ဟု ကိုယ်ခံစားရသည်။ အဲဒီနောက်ပိုင်း သူ ဆေးခန်းလာပြသည့်အကြိမ်တိုင်း သူကိုယ်တိုင် ရေးမှတ်လာခဲ့သည့် ဗလာ စာရွက်အပိုင်းအစလေးတွေ အမြဲလိုလို ယူလာတတ်သည်။

သူ့ဝေဒနာ မှတ်စုတွေထဲမှာ “ခြေထောက်ကျဉ်တယ်” "တစ်ခါတလေ ခေါင်းနည်းနည်းမူးတယ်၊ "ခေါင်းနည်းနည်းကိုက်တယ်”၊ “ကျောကုန်းအောင့်တာ သက်သာတယ်၊ နည်းနည်းတော့ အောင့်သေးတယ်” စသဖြင့် တစ်ကြိမ်နှင့် တစ်ကြိမ် မတူကွဲပြားစွာ တွေ့ရသည်။ သူ့ကို ကိုယ်ပေးဖူးသည်။

"ကပူး လက်ရေးက တကယ်လှတယ်။ အရင်က ရုံးဝန်ထမ်းများ လုပ်ခဲ့ဖူးသလား”

“အရင်က ပါစတာ (သင်းအုပ်ဆရာ) လုပ်ခဲ့တယ်။ နှစ်တွေ အကြာကြီးပဲ လုပ်ခဲ့တယ်။ အနားယူလိုက်တာကြာပြီ"

သူက သူ့ပုံစံအတိုင်း အက်ရှတိုးလျသော လေသံဖြင့် ပြန်ဖြေသည်။ တိုးတိုးဖွဖွ စကားသံထဲမှာ သူလုပ်ခဲ့သည့် အလုပ်တစ်ခုအပေါ် ကျေနပ် ဂုဏ်ယူလိုစိတ်ကလေးကို လှစ်ခနဲ မြင်လိုက်ရသလို ရှိ၏။ ယဲ့သော၊ နွမ်းသော သူ့အပြုံးထဲမှာ အေးမြသော အကြည်ဓာတ်တစ်မျိုး ပျော်ဝင်နေသည်ဟုပင် ကိုယ်တွေး ထင်မိသည်။


၄။


သူစီးနေကျ သူ့စက်ဘီးလေးသည် သခင်ဖြစ်သည့် သူနှင့် အလွန် လိုက်ဖက်ညီသည်ဟု ကိုယ်ထင်သည်။ ပေါင်တွေ၊ တန်းတွေမှာ သံချေးအထပ်ထပ်နှင့် ယောက်ျားစီး ဟီးရိုးစက်ဘီးအိုကလေးကို ဆေးခန်းရှေ့ ပိတောက်ပင်တွင် မှီထားလေ့ရှိသည်။ သူ့စက်ဘီးမှာ ဒေါက်မရှိသလို ချိန်းဖုံးလည်းမပါ။ ခြေနင်းတုံးတွေကလည်း မစုံလင်။ သူ ဆေးခန်းလာလျှင် သူ့စက်ဘီးမြည်သံ တဂျောင်းဂျောင်းကို ဦးစွာ ကြားရတတ်သည်။ ဘဲလ်ကလွဲလျှင် ကျန်တာ အကုန်မြည်သော စက်ဘီးအိုကလေးကို သူက သံယောဇဉ်ကြီးပုံရ၏။

"ပါစတာလုပ်တုန်းက ရတဲ့လစာထဲကနေ နည်းနည်း ချင်းစုပြီး ဝယ်ထားတာ”

သူက သူ့စက်ဘီးကလေးအကြောင်း ကိုယ့်ကို အဲဒီလို ပြောပြခဲ့ဖူးသည်။ တစ်ခါတစ်ရံ သူ့သားသမီးတွေ သူ့ကို ဆေးခန်းလိုက်ပို့ ပေးတတ်ကြသည်။ သူ့သားသမီးများသည် ငွေရေးကြေးရေး ပြေလည်ကြပုံမရ။ တစ်ခါက သူ့ကိုဆေးခန်း လိုက်ပို့ပေးသော သူ့သား အကြီးဆုံးသည် ဆေးလိပ်မီး ပေါက်ဗရပွနှင့် စွပ်ကျယ်အင်္ကျီ၊ ဘောလုံးဘောင်းဘီတိုနှင့်။ တစ်ခါတလေ လိုက်ပို့တတ်သော သူ့သမီးမှာ ကလေးတွေ တစ်ပြုံတစ်မ ပါလာတတ်၏။ ပုစုခရုကလေးများ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် အဝတ်အစား ပါလေ့ မရှိ။ သူက သူ့သားသမီးခြောက်ဦးကို သင်းအုပ်ဆရာဘဝဖြင့် ကောင်းစွာ စောင့်ရှောက်နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာ ပြောပြတတ်သည်။ သူ့ သားသမီး အားလုံးသည် အိမ်ထောင်ကိုယ်စီနှင့် ရွာထဲမှာပင် အိမ်ခွဲနေထိုင်ကြသည်။ တစ်နေ့တော့ သူယူလာသော စာရွက်အပိုင်းအစလေးကိုဖတ်ပြီး ကိုယ်စိတ်မကောင်း ဖြစ်ရသည်။ အလိုလို ဝမ်းနည်းတယ်၊ လေဖြတ်တော့မလားလို့ ကြောက်တယ်၊ စိုးရိမ်တယ် ́ဟု ရေးထားသော စာကြောင်းတိုလေးတွေ ဖတ်အပြီးမှာ ကိုယ်ဝမ်းနည်းသလိုလို ဖြစ်သွား၏။ တကယ်တော့ သူ့မှာ ရောဂါမည်မည်ရရ မရှိ။ သူ့မှာ သွေးတိုးရောဂါမရှိ။ အီးစီဂျီအဖြေသည် ပုံမှန်။ သူ့တွင် နှလုံးရောဂါ လက္ခဏာ မတွေ့ရ။ သွေးစစ်ဆေးမှု အဖြေတွေကလည်း ကောင်းသည်။ သူခံစားနေရသော ဝေဒနာသည် အသက်အရွယ်ကြီးရင့်ပြီး ထီးတည်း ရှင်သန်နေထိုင်ရခြင်းကြောင့် တဖြည်းဖြည်း အမြစ်တွယ် စွဲကပ်လာသည့် အထီးကျန် ဝေဒနာသာ ဖြစ်ပါလိမ့်မည်။

တစ်ခါတလေ သင်းအုပ်ဆရာတာဝန် ထမ်းဆောင်ရင်း ကြုံတွေ့ခဲ့ရသည့် အမှတ်ရဖွယ် ရှေးဟောင်းနှောင်းဖြစ်များကို သူက စိတ်လိုလက်ရ ပြောပြတတ်သေးသည်။ ထိုသို့ပြောပြချိန်တွင် ငေးရီလေ့ရှိသော သူ့မျက်လုံးတို့သည် အံ့အားသင့်ဖွယ် စိုလက် တောက်ပလာတတ်၏။

ကိုယ်ကလည်း သူပြောပြသမျှကို ညည်းညူဟန် မပြဘဲ အချိန်ပေး နားထောင်ဖြစ်သည်။ မပြောပလောက်သော အသိအမှတ်ပြုခြင်းတစ်ခုက သူ့ဝေဒနာကို အခိုက်အတန့်မျှဖြစ်စေ လျော့ပါးသက်သာ စေလိမ့်မည်ဟု ကိုယ် မျှော်လင့်သည်။


၅။


ကိုယ်က ဆရာဝန် စာရေးသူ။ ကိုယ် စာရေးခဲ့သည့် သက်တမ်းအတွင်းမှာ သရုပ်မှန်ဝတ္ထုများစွာ ရေးဖွဲ့ခဲ့ ဖူးသည်။

တစ်ည။ စက္ကူဘူးခွံတစ်ခုထဲမှာ ကိုယ်လွှင့်မပစ်ရက်ဘဲ သိမ်းဆည်းထားမိသော စာရွက်အပိုင်းအစလေးတွေကို တစ်ခုချင်း ပြန်ဖတ်ကြည့်မိသည်။ ငေးငေးရီရီ မျက်လုံးများ၊ တိုးတိုးဖွဖွစကားသံများ၊ ရှက်ရွံ့အားငယ်ဟန်ယဲ့သောအပြုံး။ သူ့အင်္ကျီ အိတ်ကပ်အတွင်းမှ ဆေးခန်းပြခအဖြစ် သူထုတ်ပေးသည့် ငွေစက္ကူနွမ်းနွမ်းများ။ တဂျောင်းဂျောင်းမြည်နေသော ဟီးရိုးစက်ဘီးအိုတစ်စီး။ အားလုံးသည် ရုပ်ရှင်ပြကွက်တွေလို ကိုယ့် အတွေးအိမ်ထဲမှာ တစ်ကွက်ချင်း ပေါ်လာကြသည်။ သူသည် ကိုယ့်စိတ်နှလုံးတွင် အချိန်ကာလအတန်ကြာ နက်ရှိုင်းစွာ ရောက်ရှိနေသော သက်ရှိဇာတ်ကောင်တစ်ကောင်ဖြစ်မှန်း ကိုယ်သိလိုက်ရသည်။ ကိုယ့်အတွေးထဲမှာ ရုတ်ခြည်းဆိုသလို လက်ခနဲ ဖြစ်သွား၏။ ဟုတ်သည်။ သူ့ အကြောင်း ဝတ္ထုရေးဖို့ ကိုယ် ဆုံးဖြတ်လိုက်သည်။ ဖခင်မေတ္တာဖွဲ့ ဝတ္ထုတို တစ်ပုဒ်ရေးဖွဲ့ကြည့်ဖို့ ကိုယ်စိတ်ကူးသည်။ စိတ်ကူးသည့်အတိုင်း သူဆေးခန်းလာပြချိန်မှာ သူ့အကြောင်း ဝတ္ထုရေးခွင့်ပြုဖို့ ကိုယ် မေတ္တာရပ်ခံလိုက်၏။ သူကလည်း ချက်ချင်းပင် ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့သည်။

ဇာတ်ကောင်စရိုက် ပုံကြမ်းချရေးကြည့်ခြင်းသည် ကိုယ့်ကို အခက်မတွေ့စေခဲ့။ ညတစ်ရေးနိုး ထထိုင်ပြီး ရေးလျှင်ပင် သူ့ဇာတ်ရုပ်ကို ပီပီပြင်ပြင် ရေးဖွဲ့နိုင်လိမ့်မည် ဆိုသည်ကို ကိုယ်ရဲရဲဝံ့ဝံ့ ယုံကြည်သည်။ ကွန်ပျူတာ စကရင်ပေါ်မှ ကိုယ်ရေးထားသည့် သူ့အကြောင်းကို အကြိမ်ကြိမ်ပြန်ဖတ်ရင်း ကိုယ် ကျေနပ်စွာ ပြုံးမိသည်။ သူသည် ကိုယ့်ပတ်ဝန်းကျင်တွင် အမှန်တကယ်ရှိနေသော သက်ရှိ ဇာတ်ကောင်တစ်ဦး။ စာရေးသူတစ်ဦးအတွက် ဝတ္ထုအများစုကို သူ ရှင်သန်ကျင်လည်ရာ ပတ်ဝန်းကျင် နယ်ပယ်ထဲကနေ အများဆုံး ရှာဖွေတွေ့ရှိတတ်သည် မဟုတ်ပါလား။

ဝတ္ထုတစ်ပုဒ်ရေးဖွဲ့ရာတွင် နေ့စဉ်ဘဝအဖြစ်အပျက်များအတိုင်း တိတိကျကျ ရေးဖွဲ့ဖို့ မလိုအပ်သည်ကို ကိုယ်ယုံကြည်လက်ခံသည်။ နေ့စဉ်တွေ့ကြုံ ဖြတ်သန်းနေရသော လူမှုဘဝဖြစ်ရပ်များသည် ရိုးရှင်းပြီး ငြီးငွေ့ဖွယ် ဖြစ်ကောင်း ဖြစ်နေလိမ့်မည်။ ဒိဋ္ဌဓမ္မဖြစ်ရပ်များအပေါ် အခြေခံပြီး လက်တွေ့ဘ၀နှင့် မကင်းကွာလှသော ဇာတ်လမ်း၊ အဖြစ်အပျက်များကို စိတ်ကူးဉာဏ်ကွန့်မြူးကာ အားထုတ်ရေးဖွဲ့မှသာ ဝတ္ထုကောင်းတစ်ပုဒ် ထွက်ပေါ်လာစရာ အကြောင်းရှိပေလိမ့်မည်။ ဆရာမောင်သာရက “ရေးတတ်ရင် ဝတ္ထုဖြစ်တယ်” ဟု ဆိုခဲ့သည် မဟုတ်ပါလား။ 

ရိုးရှင်းသော အဖြစ်အပျက်များနှင့်ပင် ကိုယ့်ဝတ္ထုကို စတင်လိုက်သည်။ “ကျွန်တော်” ဟု သုံးနှုန်းထားသည့် ဇာတ်ကောင် (ထိုကျွန်တော်သည် စာရေးဆရာမဟုတ်) ၏ ချောက်တိကျောက်ချက် ဆေးခန်းကလေးတွင် လာရောက်ပြသသူ ထာဒိုချင်း အဘိုးအိုတစ်ဦး။ သူ့အင်္ကျီအိတ်ကပ်ထဲမှာ ထည့်ယူလာတတ်သော ဗလာစာရွက် အပိုင်းအစများ။ အဘိုးအိုနှင့် ငယ်ပေါင်းကြီးဖော်လို တွဲဖက်ညီသော ဟီးရိုးတံဆိပ် စက်ဘီးအိုတစ်စီး။ အဝတ်အစား ခပ်နွမ်းနွမ်းများကို ဝတ်ဆင်ကာ ဆေးခန်းလိုက် ပို့တတ်သည့် အဘိုးအို၏ သားသမီးများ။

အရေးကြီးသည်က ဇာတ်သိမ်းခန်း။ အဖြစ်အပျက်တစ်ခုချင်း ချိတ်ဆက် ရေးသားပြီး ဇာတ်လမ်း၏ အထွတ်အထိပ် နေရာဆီ တဖြည်းဖြည်း ဆွဲခေါ်လာပြီးမှ ထင်မှတ်မထားသော လှည့်ကွက်တစ်ခုဖြင့် ဇာတ်သိမ်းပစ်လိုက်ဖို့ ကိုယ် စိတ်ကူးသည်။ ဝတ္ထုတိုမှော်ဆရာ အိုဟင်နရီ၏ ဇာတ်လမ်းအဆုံးမှာ သုံးလေ့ရှိသော လှည့်ကွက်များကို ကိုယ်သိပ်ကြိုက်သည်။ သူ့ဝတ္ထုတိုများ၏ ဇာတ်သိမ်းခန်းတွင် စာဖတ်ပရိသတ်က ဟာခနဲ၊ "ဟင်"ခနဲဖြစ်ကာ ကျန်ခဲ့လေ့ရှိ၏။ ကိုယ့်ဝတ္ထု၏ ဇာတ်သိမ်းခန်းသည် ကိုယ်စိတ်ဝင်တစား သိမ်းဆည်းထားခဲ့သော စက္ကူအပိုင်းအစများနှင့်လည်း ပတ်သက်ဆက်နွှယ်မှ ရှိရမည်။ ကိုယ့်လက်ချောင်းများသည် ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ သွက်သွက်လက်လက် ပြေးလွှားသွားကြသည်။


သူတို့သည် မွေးကတည်းက သစ်ပင်ကြီးတစ်ပင်လို အုပ်မိုးစောင့် ရှောက်လာခဲ့သည့် အဘိုးအို၏ ကျေးဇူးတရားကို စိုးစဉ်းမျှ သိမြင်ပုံမရကြတော့။ ပြီးခဲ့သည့်အကြိမ်ကပင် အဘိုးအို၏ သမီးဖြစ်သူက အပါးက အလုပ်မရှိတော့..ခဏခဏ ရောဂါတည်နေတော့တာပဲ” ဟု ကျွန်တော့်ရှေ့တွင်ပင် ငြိုငြင် စကားဆိုခဲ့သေး၏။ အဘိုးအို၏ သားကြီးဖြစ်သူကလည်း အလုပ်မအားလပ်သည့်ကြားက ဖခင်ဖြစ်သူကို မကြာမကြာ ဆေးခန်းပို့နေရကြောင်း၊ ဆေးခန်းပြခကိုလည်း သူကပင် အများဆုံး စိုက်ထုတ်ပေးရသည့်အကြောင်း၊ တကယ်ဆိုလျှင် အခြားသော သားသမီးများသည်လည်း အလှည့်ကျ ငွေကြေးထည့်ဝင်သင့်ကြောင်း စသဖြင့် ကျွန်တော့်ကို ခိုတစ်ကောင်လို ညည်းပြခဲ့သေး၏။ ဒီနေ့မှာတော့ သနားဖွယ်ကောင်းသော အဘိုးအိုသည် သမီးဖြစ်သူကို အဖော်ပြုလျက် ကျွန်တော့်ဆေးခန်းဆီ ရောက်လာခဲ့လေသည်။ 

နှပ်ချေး ဗရပွနှင့် ကလေးငယ်ကို ခါးထစ်ခွင်ပြီး ချီပိုးထားသည့် သမီးဖြစ် သူ၏ မျက်နှာသည် တစ်ခုခုကို အလိုမကျသည့်ဟန်ဖြင့် သုန်မှုန်နေရုံမျှမက တင်းမာ ခက်ထန်နေသယောင် ထင်ရသည်။

“အပါးကလည်း မအားပါဘူးဆိုမှ ဆေးခန်း လိုက်ပို့ခိုင်းနေသေးတယ်”

လူနာစမ်းသပ် ခုတင်ပေါ်တွင် ထိုင်နေသော အဘိုးအိုသည် သမီးဖြစ်သူ၏ ဆူဆူ အောင့်အောင့်စကားကို ကြားလိုက်သည်လား ကျွန်တော် မသိ။ ကျွန်တော်သည် မျက်နှာပူပူနှင့်ပင် အဘိုးအိုကို သွေးပေါင်ချိန်ပေးရ၏။ အဘိုးအိုသည် ထုံးစံအတိုင်း ကျွန်တော့်လက်ထဲကို ဗလာစာရွက် ခေါက်ကလေး လှမ်းပေးလိုက်သည်။ အဘိုးအို၏ တောင်းပန်တိုးလျှိုးဟန် မျက်ဝန်းများက ကျွန်တော့်ကို တစ်ခုခု ပြောပြလိုဟန်ရှိသည်။

-ဆရာပါး ကျေးဖူးပြုပြီး နေကောင်းသွားပြီ။ နောက်ထပ်ဆေးခန်းပြစရာ မလိုတော့ဘူးလို့ ကျွန်တော့်ကို ပြောပေးပါ။ ကျွန်တော့်ရင်ထဲ ဘယ်လိုဖြစ်သွားသည်မသိ။ ရိုးရှင်းသော စာတစ်ကြောင်းသည် ကျွန်တော့်နှလုံးသားကို ရုတ်တရက် ပုတ်နှိုးလိုက်လေသည်။ ကျွန်တော် အဘိုးအိုကို မော့ကြည့်မိ၏။ အဘိုးအို၏ မျက်နှာသည်....။


သွက်လက်စွာ လှုပ်ရှားနေကြသော ကိုယ့်လက်များသည် ရုတ်တရက် အကြောသေသွားသလို ငြိမ်သက်ရပ် တန့်သွားကြ၏။ တွေဝေခြင်းက ကိုယ့်အတွေးထဲမှာ နေရာအပြည့် ယူထားသည်။ ဝတ္ထုကို ရှေ့ဆက်ရေး၍ ရတော့မည်မဟုတ်မှန်း ကိုယ် သိနေ သည်။ ပြီးလုပြီးခင် အနေအထားရောက်မှ ရပ်တန့်လိုက်ရမှာကို ကိုယ် နှမြောမိသည်။ မတတ်နိုင်။ ဆက်ရေး၍ မရမှတော့ ရပ်တန့်လိုက်ရုံသာ ရှိသည်ပဲလေ။ ဝတ္ထုကို အဆုံးမသတ်နိုင်ခဲ့သော ကိုယ်သည် ထိုညက စောစီးစွာ အိပ်ရာဝင်ခဲ့သည်။


၆။


မြောက်ဘက်အရပ်က သစ်သားတံတားကြီးဆီ ကိုယ့် အကြည့်တွေ မကြာမကြာ ပို့လွှတ်နေမိသည်။ ကိုယ့်စိတ်သည် မလန်းရွှင်။ ဘယ်အရာကို အလိုမကျ ဖြစ်နေမှန်းကိုလည်း ကိုယ်တိုင်မသိ။ နေရထိုင်ရခက်လှသည်။ 

ဝိုးတဝါးမြင်ရသော တံတားကြီးကို ကြည့်ပေးရင်း ဒီနေ့အတွက် ဘယ်နှကြိမ် မြောက်မှန်းမသိသော သက်ပြင်းမောကို ချမိပြန်သည်။ ကိုယ် စိတ်စောနေသည်လား ဒါမှမဟုတ် စိတ်မောနေသည်လား။ နှစ်ခုလုံးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ 

သူ ရောက်မလာတာကြာပြီ။ အရင်ကဆို သည်လို မဟုတ်။ အနည်းဆုံး တစ် ပတ်လျှင် တစ်ကြိမ်လောက်တော့ သူ ပုံမှန်ရောက်လာတတ်သည်။ အလုပ်ထဲမှာလည်း အာရုံစိုက်၍မရ။ မြောက်ဘက်အရပ်ဆီမှ ပေါ်လာနိုးနိုး တဂျောင်းဂျောင်း စက်ဘီးမြည်သံကိုသာ တစ်ရံမလပ် နားစွင့်နေမိ၏။ စူပါကပ်ဆိုင်ကယ် နောက်ခုံပေါ် မှာ ထိုင်ပြီး သူ့သားကြီးနှင့် အတူ သူ ရောက်လာလေမည်လား။ ကိုယ် မျှော်မိသည်။ 

ကိုယ် သူ့ကိုတွေ့ဖို့ အရေးတကြီး လိုအပ်နေသည်။ သူကမူ လုံးလုံး ပေါ်မလာခဲ့။ တစ်မြို့တစ်ရွာဆီ သူ ပြောင်းရွှေ့သွားပြီလား။ ဒါမှမဟုတ် ရုတ်တရက် သေဆုံးသွားခဲ့လေပြီလား။ မဖြစ်နိုင်ဟု ကိုယ်ထင်သည်။ သူ့မှာ ရုတ်တရက် ကောက်ကာငင်ကာ သေဆုံးသွားနိုင်သည့် ရောဂါ ကြီးကြီးမားမား မရှိ။ ရှေ့ဆက်၍မရသော ကိုယ့်ဝတ္ထုသည်လည်း နိဋ္ဌိတံသွားခဲ့ပြီ ထင်သည်။ နောက်ဆုံးမှာ လေးလံဖိစီးနေသော ကိုယ့်စိတ်ကို လျှော့ချပစ်လိုက်၏။

ထင်မှတ်မထားချိန်မှာ မှ သူ ရောက်လာခဲ့သည်။ လာမည့်လာတော့လည်း သူက သားကြီးရော သမီးဖြစ်သူကိုပါ အဖော်ခေါ်လာခဲ့၏။ ကိုယ်က သူ့ကို “ကပူး နည်းနည်းပိန်သွားတယ်နော်” နှုတ်ဆက်စကားဆိုတော့ သူ ယဲ့ယဲ့ပြုံးသည်။

“တွန်းဇန်မှာ ကျွန်တော့်တူလေး လက်ထပ်ပွဲရှိလို့ တောင်ပေါ်တက်သွားရတယ်။ မတွေ့တာကြာတဲ့ အမျိုးတွေက မပြန်ဖို့ ဝိုင်းတားကြလို့ ဆက်နေရင်း တစ်လကျော်လောက် ကြာသွားတယ် ဆရာပါး”

သူ့အသံသည် အရင်က လိုတိုးတိုးလျလျ။ သူ့အတွက် သောက်ဆေးထုပ်တွေ ပေးပြီးချိန်မှာ သူ့သားနှင့် သမီးက ကိုယ့်ကို "မန်းထာ ဆရာပါး” ဆိုပြီး နှုတ်ဆက်ကြ၏။

ကိုယ် သိပ်သိလိုသော မေးခွန်းတစ်ခုရှိသည်။ သည်မေးခွန်းကို မေးဖို့ သုံးဆယ့်ခြောက်ရက်တိတိ ကိုယ်စောင့်ခဲ့ပြီးဖြစ်သည်။ ကိုယ်သည် သူတို့ကို ကွေ့ဝိုက်မနေဘဲ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်၏။

“ခင်ဗျားတို့ ကမူးကို သိပ်ချစ်ကြတာပဲလား”

သူ့သမီးက ပြုံးရယ်ပြီး “အဖေပဲဟာ ချစ်တာပေါ့ ဆရာပါးရဲ့” ဟု ပြန်ဖြေ၏။ သူ့လက်မောင်းတစ်ဖက်ကို တွဲကိုင်ထားသော သားကြီးကလည်း ပြန်ဖြေသည်။ “အနူးက သေတာကြာပြီ။ ကျွန်တော်တို့မှာ အပါးပဲ ကျန်တော့တာ။ အပါး နေမကောင်းဖြစ်ပြီဆို ကျွန်တော်တို့လည်း စိတ်ပူရတော့တာပဲ။ ပြီးတော့ အပါးက အသက်ကြီးနေပြီ။ အဲဒါကြောင့် နေ့တိုင်း အရိပ်တကြည့်ကြည့် လုပ်နေရတယ် ဆရာပါးရဲ့”

ကိုယ့်ရင်ထဲမှာ အမည်ဖော်မရသော လှိုင်းတစ်ခု ဖြတ်စီးသွား၏။ အဲဒီညနေက ကိုယ်သည် သူ့ကို ကြားမှာညှပ်စီးပြီး မြောက်ဘက်အရပ်ဆီ ထွက်ခွာသွားသော ဆိုင်ကယ်လေးကို မျက်စိတစ်ဆုံး ငေးကြည့်နေမိသည်။ ပြီးတော့ ကိုယ်ကျေနပ်စွာ ပြုံးလိုက်မိသည်ထင်၏။


၇။


အဖြေကို ကိုယ် သိခဲ့ပြီ။

သစ္စာသည်ကား အမှန်တရား။ ကိုယ်သည် သစ္စာမသိသူ၊ သစ္စာမရှိသူ ဖြစ်မှန်းမသိ ဖြစ်ခဲ့သည်။ ကိုယ်ရေးမည့် ဇာတ်လမ်းအပေါ်မှာရော ဇာတ်ကောင်တွေအပေါ်မှာပါ ရိုးသားမှု မရှိခဲ့သည့် ကိုယ့်အဖြစ်သည် ရှက်ဖွယ် ကောင်းလှသည်။ မလိုအပ်သော လက်ခုပ်သြဘာသံ တချို့အတွက် ကိုယ်သည် မျက်ကန်းတစ်ယောက်လို အမှန်တရားတစ်ခုကို မျက်ကွယ်ပြုဖို့ အားထုတ်ကြိုးပမ်းမိသည်။

သူ့အကြောင်း ရေးဖွဲ့ထားသည့် ဝတ္ထုကို ဆုံးခန်းတိုင်သည်အထိ မရေးဖြစ်ခဲ့ကြောင်း ပြောပြနေဖို့ မလိုအပ်တော့ဟု ကိုယ်ထင်သည်။ ကိုယ်သည် မရေးဖြစ်လိုက်သည့် ဝတ္ထုတစ်ပုဒ်အတွက် ပထမဆုံးအကြိမ် ဝမ်းမြောက်ခြင်း ဖြစ်မိလေသည်။ 


ရဲရင့်လုံ၊ ဆေး - မန်း၊

အမှတ် ၃၆၄၊ ဧပြီ ၂၀၂၀

ရွှေအမြုတေမဂ္ဂဇင်း

Comments