သိင်္ဂါရ ဆောင်းရက်များ @ ပန်းငုဝါဝါ



 

ဘယ်အရပ်တွေဆီမှာများ အေးနေလေသလဲ ရန်ကုန်ဆောင်းကတော့ ဆောင်း မပီပြင်ခဲ့သည်မှာပင် ကြာမြင့်ခဲ့ပြီ။ ကုတ်အင်္ကျီကြိုက်ပြီး လိမ္မော်ဝါတွေ သိပ်ကြိုက်သည့် ကျွန်မက ဆောင်းကိုတော့ ကြံဖန်ကာ ချစ်ရသည်။ အဖေရှိခဲ့ဖူးသည့် ခပ်ငယ်ငယ်တုန်းဆီက ဆောင်းရက်များကတော့ အေးခဲ့ဖူးသည်ကို အမှတ်တရ ရှိမိသည်။ 

အမြဲလို စည်ကားလေ့ရှိသည့် လှည်းတန်း၏ ဆောင်းညများမှာ ညီအစ်မနှစ်ယောက် အဖေ့ကို အလယ်ကထားပြီး အဖေ့ လက်ကို တစ်ဖက်တစ်ချက်ကဆွဲကာ စကားတွတ်ထိုးရင်း သွားခဲ့ရသည်ကလည်း ပျော်စရာကောင်းလှပါသည်။ အဖေ့စိတ်ကြိုက် စာအုပ်ဆိုင်များဘက် လှည့်ပတ်ပြီးလျှင်တော့ ကျွန်မတို့ ညီအစ်မစိတ်ကြိုက် မုန့်ဆိုင်များနှင့် အဝတ်အစားကစလို့ အသုံးအဆောင် ပစ္စည်းဆိုင်များရှိရာ လမ်းမများဘက် ခြေဦးလှည့်လို့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လှည့်ပတ်လျှောက်ကြည့် တတ်ကြသည်။ ခေါင်းစွပ်ဦးထုပ်များ ကားပေါ်တင်ပြီး ရောင်းသည့်ဆိုင်မှာ သားအဖသုံးယောက် စိတ်ကြိုက်ဝင်မွှေရင်း "ငါ့သမီးတွေ အသက်ကြီးလာတဲ့ အထိ ဝတ်လို့ရအောင် ဟေ့" ဆိုကာ စနောက်ရယ်မောရင်း အဖေ ဝယ်ပေးခဲ့သည့် ခေါင်းစွပ်ဦးထုပ်ကလေး တွေသည်ပင် ဒီအချိန်ထိတိုင်အောင် ရှိနေပါသေးသည်။ အပူအပင် နည်းပါးသေးသည့် ကလေးဘဝ၏ ဆောင်းရက်များသည် ချစ်စရာကောင်းခဲ့သလို ပျော်ရွှင်ငြိမ်းမြဖွယ်ရာလည်း ကောင်းလှပါသည်။


..........................................


ကုန်လွန်ခဲ့သည့် ကာလများဆီက ကျွန်မတို့ နေထိုင်ရာ ရပ်ကွက်လေးသည် မိုးမျှော် တိုက်ခန်းများ မရှိသေးဘဲ ဝင်းခြံကလေးများနှင့် ပျဉ်ထောင်အိမ်ကလေးများသာ နေရာယူထားကြသလို လမ်းကလေးသည်လည်း သစ်ရိပ်၊ ဝါးရိပ်များဖြင့် စိမ်းလန်းလှလေသည်မို့ ထိုစဉ်က ဆောင်းရက်များသည် အတော့်ကို အေးခဲ့ဖူးသည်။ ဆောင်းနံနက်များဆို အဖေနှင့် အမေက ခြံထဲတွင် မီးဖိုပြီး မီးလှုံလေ့ရှိသည်။ ထင်းခြောက်များကို မီးမြှိုက်ရာက ထွက်လာသည့် ညှော်နံ့ရလာပြီဆိုလျှင်တော့ ကျွန်မတို့ မောင်နှမတစ်တွေသည်လည်း တိုင်ပင်စရာ မလိုအောင်ပင် အလိုလို နိုးလာကြရင်း မီးလှုံရာနား အပြေးရောက်ကြလေပြီ။ 

ထိုအချိန်များဆို အဖေက ပဲပြုတ်နိုင်းချင်းနှင့် ထမင်းကြော်ကို ကိုယ်တိုင် ကြော်ကျွေး လေ့ရှိသည်။ တချို့နေ့များဆိုလျှင်တော့ မန္တလေးပဲကြော်၊ မြေပဲကပ်ကြော်၊ ဘယာကြော်နှင့် ဘူးသီးကြော် အစရှိသည့် အကြော်စုံပူပူ နွေးနွေးတို့ကို ဆီချေးဝနေသည့် ကြိမ်တောင်းကြီးထဲ ထည့်ရွက်ပြီး မပြေးရုံတစ်မည် အော်ရောင်းလေ့ရှိတတ်သည့် အဒေါ်ကြီးဆီက မနက်အစော စောင့်ဖမ်းကာ ဝယ်ပြီး အဖေကိုယ်တိုင် ထောင်းထားသည့် ငရုတ်သီး ဆားထောင်းဖြင့် တွဲဖက်ပြီး စားရလေ့ရှိသည်။ ထိုအကြောင်းများကို အဖေ ပြန်ပြောပြလေ့ရှိသည့် အခါများဆို ကျွန်မတို့မှာ ကိုယ့်အတွေးဖြင့်ကိုယ် စိတ်ကူးပုံဖော်ရင်း တသောသော ရယ်မောကြရသေးသည်။ ရေနွေးပူပူကို တဖူးဖူးမြည်အောင် မှုတ်သောက်ရင်း ငရုတ်သီးဆားထောင်းဖြင့် နယ်ထားသည့် ထမင်းကို ကိုယ်နှစ်သက်ရာ အကြော်ဖြင့် စားရသည်မှာလည်း အရသာရှိလှသည်။

စားသောက်ပြီးစီးလျှင်တော့ အဖေက သူ့လက်စွဲတော် ရေဒီယိုလေးကို ဖွင့်ကာ ဘီဘီစီ၊ ဗီအိုအေ အစရှိသည့် လိုင်းပေါင်းစုံကို တဂျစ်ဂျစ် တရှဲရှဲ မြည်နေသည့် အသံစုံကြားက ရအောင်ရှာပြီး နံနက်ခင်း သတင်းအစုံကို ဖမ်းယူနားထောင်တော့သည်။ ကျွန်မတို့ကလည်း အဖေ ဖွင့်ထားသည့် ရေဒီယိုထဲမှာ လာနေသည့် အနောက်အရပ်ဆီက အသံလှိုင်းများ၊ သတင်းများကို စိတ်ဝင်တစား လိုက်ပါ နားထောင်လေ့ရှိကြသည်။ 


..........................................


ထိုကာလများဆီကဆိုလျှင်တော့ အဖြူအမည်းနှင့် ဆေးရောင်စုံ ရုပ်မြင်သံကြားစက်များ အိမ်တိုင်းလိုလိုတွင် မရှိသေးသော်ငြား ရေဒီယို ကက်ဆက်များကတော့ ရှိပါသေးသည်။ ရုပ်မြင်သံကြားစက် မရှိသေးသည့် အိမ်က ရုပ်မြင်သံကြားစက်ရှိရာ အိမ်သို့ သွားရောက် ငေးမောခဲ့ရသည့် အချိန်များပင်။ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်နှင့် မြဝတီ ရုပ်မြင်သံကြား စသည့် ရုပ်သံလိုင်းနှစ်လိုင်းသာ ထုတ်လွှင့်သေးသည်မို့ ထိုနှစ်လိုင်းက လာသမျှ ဇာတ်ကားများကိုသာ စောင့်ကြည့်ခဲ့ရသလို ညနေ ၄ နာရီထိုးလျှင် စလွှင့်တတ်သည့် သီချင်းအစီအစဉ်များကိုသာ စောင့်ကြည့်ခဲ့ပြီး ပျော်ရွှင်ခဲ့ရသည့် နှစ်ကာလများပါပင်။ 

ရုပ်မြင်သံကြား အစီအစဉ်များသည် တနင်္ဂနွေနေ့လယ်တွင်သာ ခေတ်ဟောင်း မြန်မာ့ရုပ်ရှင် ဇာတ်လမ်းကို ထုတ်လွှင့်ပေးပြီး ကျန်ရက်များတွင်တော့ မနက်ခင်းပိုင်း တစ်ချိန်နှင့် ညနေ ၄ နာရီမှ ညခင်းပိုင်း ဇာတ်လမ်းတွဲလာသည့် အချိန်သာ ပြသလေသည်မို့ ကျွန်မတို့၏ အခြားတစ်ဖက်က စိတ်အပန်းဖြေရာသည် ရေဒီယို ကက်ဆက်များပင် ဖြစ်လေသည်။ ကက်ဆက်တိပ်ခွေများကို ဖွင့်ပြီး သီချင်းနှင့် အသံသွင်းဇာတ်လမ်းများကို နားထောင်ခွင့်ရသလို မြန်မာ့အသံရေဒီယိုက ထုတ်လွှင့် တင်ဆက်သည့် 'ဇာတ်လမ်းပမာ နားဆင်စရာ' သည် ကျွန်မတို့ ကလေးတွေအတွက်တော့ အသည်းစွဲ ဖြစ်ရပြီး လူကြီးမိဘများအတွက်မူ သတင်း အစီအစဉ်နှင့် ခေတ်ဟောင်း တေးသီချင်းများက အကြိုက်ဖြစ်ရလေသည်။ 

ကျွန်မ မှတ်မိနေပါသေးသည်။ ဟိုအရင်အချိန်များက ကျွန်မတို့ နေထိုင်ရာ ရပ်ကွက်ကလေးများသည် တစ်ရက်လာ တစ်ရက်ပျက်စနစ်ဖြင့် လျှပ်စစ်မီး အလှည့်ကျ သုံးစွဲခဲ့ရသည်။ မီးမလာသည့်ရက်များဆို အဖေက စာရေးစားပွဲထိုင်လေ့မရှိဘဲ မိသားစုနှင့် အချိန်ကုန်လေ့ရှိတတ်သည်မို့ ထိုညများဆို ကျွန်မက သိပ်ပျော်လေသည်။ ညနေခင်း ခပ်စောစောအချိန်များတွင်တော့ ကျွန်မတို့ ကလေးတစ်သိုက် ဆော့ကစားနည်း ပေါင်းစုံဖြင့် ဆော့ကြသည်။ ညဦးပိုင်း ရောက်လျှင်တော့ ခြံထဲမှာ မိသားစုတွေ သိုင်းဝိုင်းကာ မီးလှုံရင်း စကားဖောင်ဖွဲ့ တတ်ကြသည်။ ရေဒီယိုက လွှင့်သည့် ဇာတ်လမ်းနှင့် သီချင်းများကို စုရုံး နားထောင်ကြသည်။ မြန်မာပိုင်း အစီအစဉ်များ ပြီးဆုံးလို့ ညဉ့်နက်ပိုင်း အင်္ဂလိပ်ပိုင်း အစီအစဉ်များ ထုတ်လွှင့်သည့်အချိန်ရောက်လျှင်တော့ အဖေ့ ကိုယ်ပိုင်အချိန်ပင်။ အမေနှင့် ကျွန်မတို့တစ်တွေကတော့ မီးဖိုနံဘေးနား စကားဖောင်ဖွဲ့ရင်းဖြင့် ရုပ်မြင်သံကြားက လာမည့် အစီအစဉ်ကိုကြည့်ဖို့ မီလိုမီငြား မီးပြန်လာမည့်အချိန်ကို မျှော်ကြတော့သည်။

တချို့ ညများဆိုလျှင်တော့ အဖေက သူကြိုက်နှစ်သက်ပြီး မကြာခဏ ဆိုညည်းလေ့ရှိသည့် သီချင်းများကို ဆိုပြရင်း ကျွန်မတို့ ညီအစ်မနှစ်ယောက်ကိုပါ နှုတ်ဖြင့် သင်ပေးရုံသာမက သီချင်းစာသားပါ စွဲနေစေရန်ဆိုကာ လက်ရေးဖြင့် ချရေးပြီး သင်ပေးတတ် သေးသည်။ စန္ဒရားချစ်ဆွေ၏  သီချင်းများ အဖေ ဆိုပြသည်ကို နားထောင်ရင်း နှစ်သက်ခဲ့ရသည်။ ချိုပြုံးဆိုထားသည့် 'တက္ကသိုလ်ကျောင်းက ငွေလမင်း' သည် ထိုညများအတွက်တော့ မပါမဖြစ် သီချင်းပင်။ 'မြောက်လေအပြန် ဟေမာန် ဆောင်းရာသီ ငွေရည်ငွေနှင်း ကလေးတွေ ဖျန်းပက်နေတော့သည်' ဆိုသည့် ဒေါ်မေလှမြိုင်ဆိုထားလေသည့် 'ဆောင်းအမီ' သီချင်းရောက်လျှင်တော့ အမေ မကြာခဏ ဆိုညည်းလေ့ရှိတတ်သဖြင့် နားရည်ဝနေသည့် ကျွန်မက အဖေ့ရှေ့မှာ "သမီးလည်း ရသားပေါ့" ဆိုကာ ဝင့်ကြွားရင်း ဆိုဖို့ ဟန်တပြင်ပြင် ဖြစ်ရသည်။ "အစ်ကိုတွေ အစ်မတွေရဲ့ အလယ် အမေက ကျွန်မကို ပိုကာ အထွေးဆုံးမို့ ချစ်တယ် ချစ်တယ်" ဆိုသည့် 'အမေ့အိမ်' သီချင်း တိုင်ပေးသည့်အခါများ ဆိုလျှင်တော့ နားစွန်နာဖျားကြားရင်း သီချင်းစာသား အမြီးအမောက်မတည့်ဘဲ လိုက်ပါအော်ဆိုတတ်သည့် တစ်ခြံတည်း အတူနေ ညီမဝမ်းကွဲလေးကြောင့် ကျွန်မတို့ တစ်တွေမှာ တသောသောရယ်မော ကြရမြဲပင်။ ထိုနေ့ရက်များသည် အခုအချိန်ပြန်တွေးလျှင် ရယ်ရွှင်စရာ ကောင်းလှသလို ချစ်စရာလည်း ကောင်းလှပါသည်။


..........................................


အထပ်မြင့် တိုက်ခန်းများ နေရာဝင်ရောက် လာမှုကြောင့် ရှင်းလင်းဖြိုလှဲခံခဲ့ရသည့် သစ်ပင်များ၊ ဂေဟဗေဒစနစ် ယိုယွင်းပျက်စီးမှုနှင့် အဆင်အခြင်မဲ့စွာ ခုတ်လှဲခံခဲ့ ရခြင်းကြောင့် ပျက်သုဉ်းသွားခဲ့ရသည့် သစ်ပင်များနှင့် လူဦးရေ ထူထပ်ပူနွေးလာမှုတို့ကြောင့်ထင့် ရန်ကုန်ဆောင်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီး နွေပေါက်လာခဲ့တော့သည်။ ရံဖန်ရံခါတော့ မြို့ပြင်နေရာများနှင့် အအေးလှိုင်း ဖြတ်တတ်သည့် အချိန်များလောက်သာ ဆောင်းမြည်တော့လေသည်။ ကလေးဘဝ ကာလများမှာ မနက်စောစော နှင်းမြူတွေကြားထဲ ကျောင်းသွားခဲ့ရချိန်များ၊ မီးလှုံရင်း၊ စာကျက်ရင်း၊ မိသားစုတစ်တွေ သိုင်းဝိုင်းထိုင်ကာ စကားတွေဖောင်ဖွဲ့ရင်း ပျော်ရွှင်ခဲ့ဖူးသည့် ဆောင်းရက်များသည် အချိန်ကာလ၏ ပြောင်းလဲ တိုက်စားမှုနှင့်အတူ ဖျော့တော့လာသည်။ ရန်ကုန်ဆောင်းဟာ ဘယ်လိုပင် ဖောက်ပြားပြီး မအေးလည်း ကျွန်မက အေးသော ဆောင်းကို ချစ်သည့် သူမို့ ဆောင်းကိုတော့ ချစ်နေဦးမည်သာပင်။ ထို့အတူပင် အမှတ်တရတွေ ရှိခဲ့စေရန် အမြဲလို ဖန်တီးပေးခဲ့ဖူးသည့် အဖေ့ကိုလည်း ပျော်ရွှင်စရာကောင်းခဲ့သည့် ဆောင်းရက်များ၏ အမှတ်တရများနှင့် အတူ သတိတရရှိနေ၊ ချစ်နေဦးမည်မှာတော့ အသေအချာပါပင်။ 

ဆောင်းညနေတွေမှာ အငွေ့တလူလူ လွင့်ဝဲနေတတ်သည့် မီးခိုးတန်းများ၊ ထင်းခြောက်များကို မီးမြှိုက်ရာက ထွက်လာတတ်သည့် ညှော်နံ့များနှင့် ဘယ်အရပ်ဆီက ဘယ်လို လွင့်ဝဲလာမှန်းမသိသည့် မြက်ခြောက်နံ့တသင်းသင်းများ၊ ခေါင်းစွပ်ဦးထုပ် အညိုရောင်ဝတ်၍ မီးခိုးရောင်အနွေးထည် ထူထူကြီးဝတ်ကာ တဂျစ်ဂျစ် တရှဲရှဲ အသံစုံမြည်နေသည့် ရေဒီယိုတစ်လုံးနှင့် အလုပ်ရှုပ်နေတတ်သည့် အဖေ့ပုံရိပ် ဟန်ပန်များဖြင့် ချစ်စရာကောင်းခဲ့သည့် ထိုစဉ်က ဆောင်းနေ့ရက်များကို ပြန်တွေးမိတိုင်း ကျွန်မအတွက်တော့ နှစ်ကာလကြာ ညောင်းသည့်တိုင်အောင် ချစ်စရာ ကောင်းမြဲ ချစ်စရာကောင်းဆဲသာပင်။ 


ပန်းငုဝါဝါ

The Voice Sunday Vol.8 No.133

Comments