🔳 ဘဝအောင်မြင်ရေးမှာဖြစ်ဖြစ် ကျန်းမာရေးမှာဖြစ်ဖြစ် ကိုယ်ပိုင်စည်းကမ်း (Self-discipline) ဟာ သိပ်အရေးကြီးပါတယ်။ လုပ်သင့်တာ၊ လုပ်ရမှာကို လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရမယ်။ မလုပ်သင့်တာကို မလုပ်မိအောင် ထိန်းချုပ်နိုင်ရမယ်။ ဒါသည် Self-discipline ပဲ။
အဲဒါကို အားကောင်းလာအောင် လုပ်ချင်တယ်ဆိုရင် သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ အာရုံကြောဇီဝဗေဒဆိုင်ရာ (Neurobiology) အချက်အလက်တွေကို အရင်သိထားဖို့ လိုတယ်။
🔳 Self-control နဲ့ ပတ်သက်လာရင် နာမည်ကြီးတဲ့ သုတေသနတစ်ခုကတော့ Marshmallow Test ဖြစ်ပါတယ်။ ကလေးတွေကို မာ့ရှ်မဲလိုးလို့ ခေါ်တဲ့ အဖြူရောင်မုန့်ချိုတစ်ခုကို ကျွေးတယ်။ ၁၅ မိနစ် အောင့်နိုင်ရင် ၂ ခု စားရမယ်။ မအောင့်နိုင်ရင် ၁ ခုပဲ စားရမယ်။ ဘယ်ကလေးက စားချင်စိတ်ကို ချုပ်တည်းနိုင်သလဲ မှတ်တမ်းတင်ထားတယ်။
နောက် ၁၀ နှစ်လောက်နေတော့ အဲဒီကလေးတွေ ဘာဖြစ်နေလဲ လိုက်ကြည့်တဲ့အခါ စားချင်စိတ်ကို ချုပ်တည်းနိုင်ခဲ့တဲ့ ကလေးတွေက အဘက်ဘက်မှာ ပိုပြီး အောင်မြင်ကြတာကို တွေ့ရတယ်။
သို့သော် တချို့သော သုတေသီတွေကတော့ ဒါကို လိုရာဆွဲယူထားတယ်၊ ကောက်ချက်ချတာ စောလွန်းတယ်လို့ ပြောကြတယ်။ တခြားသော အစိတ်အပိုင်းတွေပါ ထည့်သွင်းစဉ်းစားသင့်တယ်ပေါ့လေ။ ဥပမာ ငွေကြေးပြည့်စုံလို့ (စားနေကျမို့လို့) ချက်ချင်းမစားဘဲ စောင့်နိုင်ခဲ့တဲ့ ကလေးက ဘဝမှာလည်း မိသားစုက အဆင်ပြေနေတော့ ပိုလွယ်လွယ်အောင်မြင်နေတာမျိုး ဖြစ်နိုင်တာပဲ။ ဒါ Self-discipline ရှိမရှိနဲ့ ဘာမှ မဆိုင်ဘူးကိုး။
🔳 အဲဒီထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ ၂၀၀၉ ခုနှစ်မှာ အာရုံကြော သိပ္ပံပညာရှင်တွေ ဖြစ်ကြတဲ့ တော့ဒ်ဟဲနဲ့ ကောလင်း ကမ်မာရာတို့ လုပ်ခဲ့တဲ့ သုတေသနပဲ။ ကလေးတွေကို နှစ်အကြာကြီးနေမှ ပြန်လိုက်ကြည့်တာမျိုး မဟုတ်တော့ဘဲ ချက်ချင်းလက်ငင်းမှာကို သုတေသနထဲ ပါဝင်သူတွေရဲ့ ဦးနှောက်မှာ ဘယ်လိုပြောင်းလဲသွားလဲ ဆိုတာ လေ့လာခဲ့တာ ဖြစ်ပါတယ်။
သဘောတရားချင်းကတော့ တူတူပါပဲ။ ငွေကြေးပမာဏတစ်ခု ချီးမြှင့်မယ်။ ချက်ချင်းယူရင် နည်းနည်းပဲရမယ်။ နောက်ရက်ထိ စောင့်နိုင်ရင် ပိုရမယ်။
🔳 ပိုရတာက ကောင်းတယ်ဆိုတာ လူတိုင်းသိတယ်။ သို့သော် ခုချက်ချင်း လိုချင်တာကကျ စိတ်ဆန္ဒဖြစ်တယ်။ (ဒါတွေ စားရင် မကျန်းမာဘူး ဆိုတာသိတယ်။ ဒါပေမဲ့ စားချင်တယ်။ ဆိုရှယ်မီဒီယာ အသုံးများရင် အချိန်ကုန်တယ် ဆိုတာသိတယ်။ ဒါပေမဲ့ သုံးချင်တယ်။ ဒီလိုပြောလိုက်ရင် ပြဿနာတွေ ကြီးကုန်မယ် ဆိုတာသိတယ်။ ဒါပေမဲ့ ပြောချင်တယ်။ ဆိုလိုတာက နေ့စဉ်နေ့တိုင်းမှာ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကြား ရွေးချယ်မှုတွေ လုပ်နေကြရတယ် ဆိုတာပါပဲ။)
မကြာခဏ ရေးခဲ့သလို၊ လူ့ဦးနှောက်မှာ စဉ်းစားတွေးခေါ်တဲ့အပိုင်း ရှိသလို၊ စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ အပိုင်းတွေလည်း ရှိတယ်။ လွယ်အောင်ပြောရရင် Logical brain နဲ့ Emotional brain.
• ငွေပိုရအောင် တစ်ရက်စောင့်လိုက်ကွာ ဆိုတာက Logical brain က ပေးတဲ့ မက်ဆေ့။
• ခုချက်ချင်း ယူလိုက်ကွာ ဆိုတာက Emotional brain က ပေးတဲ့ မက်ဆေ့။
• ကျန်းမာရေးနဲ့ မသင့်တော်ဘူး၊ မစားနဲ့ ဆိုတာက Logical brain က ပေးတဲ့ မက်ဆေ့။
• စားလိုက်စမ်းပါ၊ ဒီလောက်စားကောင်းတာကိုး ဆိုတာက Emotional brain က ပေးတဲ့ မက်ဆေ့။
အဲဒီနှစ်ခုကြား အားပြိုင်မှုလုပ်ပြီး ရွေးချယ်နေကြရတာ ဖြစ်ပါတယ်။
🔳 ဒီသုတေသနကနေ တွေ့ရှိလိုက်ရတာကတော့ ရေရှည်ကို ကြည့်ပြီး ရွေးချယ်လိုက်တဲ့သူတွေမှာ Prefrontal cortex (Logical Brain) ရဲ့ အစိတ်အပိုင်းနှစ်ခုက ပိုအလုပ်လုပ်နေတာပါပဲ။ (နာမည်တွေ အတိအကျ မရေးတော့တာ မှတ်ရခက်မှာစိုးလို့ပါ)
အဲဒီနေရာတွေ အားကောင်း မကောင်းပေါ် မူတည်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်တဲ့သူနဲ့ နိမ့်တဲ့သူရယ်လို့ ကွာခြားလာကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လိုက်ကြည့်ကြည့်ပါ။ အသေးစားကလေးတောင် မထိန်းချုပ်နိုင်တဲ့သူက ကြီးကြီးမားမားကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ မလွယ်တော့ဘူး။ အစားကျူးတဲ့သူဟာ အအိပ်လည်း မက်တယ်။ ဒေါသကိုလည်း ထိန်းနိုင်ဖို့ရာ ခက်တယ်။
🔳 တစ်ခုမရရင် နောက်တစ်ခု မရဘူး။ တစ်ခုရရင်လည်း ဦးနှောက်က အလေ့အကျင့် ရသွားတဲ့အတွက် နောက်တစ်ခုမှာ ထိန်းချုပ်နိုင်ဖို့ ပိုလွယ်သွားတယ်။
ဒီတော့ Self-discipline ဆိုတဲ့အရာက စာတွေ့နဲ့တော့ မဖြစ်နိုင်ဘူး။ ကိုယ်တိုင် ထိန်းချုပ်ဖူးတယ်ဆိုမှပဲ ရနိုင်တဲ့အရာမျိုး ဖြစ်ပါတယ်။ Self-discipline အားကောင်းအောင် ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ စာတွေပဲ ဖတ်နေလို့တော့ ဦးနှောက်က အလေ့အကျင့် ရမလာတဲ့အတွက် ထူးလာမှာ မဟုတ်ဘူး။ နောက်တစ်ကြိမ် တပ်မက်စရာ ဆွဲဆောင်မှုတစ်ခုခု တွေ့တာနဲ့ Emotional Brain ရဲ့ ခိုင်းစေရာအတိုင်း လုပ်မိတော့မှာပဲ။
🔳 ဦးနှောက်ဟာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အားလုံးထဲမှာ အရှုပ်ထွေးဆုံးနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်ပါတယ်။ သူ့မှာ ဘီလီယံ ရာနဲ့ချီတဲ့ နျူရွန် (Neurons) တွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးက မွေးကတည်းက တစ်ခုနဲ့တစ်ခု ချိတ်ဆက်အလုပ်လုပ်နေကြတာ မဟုတ်ဘူး။ မွေးဖွားလာပြီးတဲ့နောက်မှာ သင်ယူမှုတွေ၊ လေ့လာမှုတွေပေါ် မူတည်ပြီးမှ ချိတ်ဆက်လုပ်ဆောင်မှုတွေ ဖြစ်လာကြတာ။ ဒါကြောင့် မွေးပြီးစ ၅ နှစ်ဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံးလို့ ပြောကြတာပေါ့။
အဲ့ဒီလိုနဲ့ အသက်တဖြည်းဖြည်း ကြီးလာတဲ့အခါကျ တချို့ မသုံးဖြစ်တဲ့ နျူရွန်တွေက သေကုန်တယ်။ မကြာခဏ ချိတ်ဆက်မှု ရှိတဲ့ နျူရွန်တွေကျတော့ ပိုအားကောင်းလာတယ်။ ဘယ်လောက် သင်ယူမှု လုပ်သလဲ၊ ဘာတွေ တွေ့ကြုံရသလဲ၊ ဦးနှောက်ကို ထိခိုက်စေတဲ့ အပြုအမူ ဘာတွေ လုပ်မိသလဲ စသဖြင့် မူတည်ပြီး ဦးနှောက်ဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ ဒီလိုဖြစ်စဉ်ကို Neuroplasticity လို့ ခေါ်ပါတယ်။
🔳 အရှင်းဆုံးပြောရရင် ဦးနှောက်ဟာ ပြောင်းလဲလို့၊ ပြုပြင်လို့၊ လေ့ကျင့်ပေးလို့ ရပါတယ်။ ပုံသေ (Fixed) မဟုတ်ဘူး။ အသက်ဘယ်လောက်ဆို ရပ်သွားပြီ ဆိုတာမျိုးလည်း မရှိဘူး။
ခန္ဓာကိုယ်ကြွက်သားတွေလိုပဲ၊ သုံးပါများတဲ့ အစိတ်အပိုင်းက ပိုသန်မာလာပါတယ်။ ဦးနှောက်မှာလည်း -
• စဉ်းစားတွေးခေါ်တဲ့အပိုင်းကို အားကောင်းလာချင်သလား။
စဉ်းစားတဲ့အလုပ် များများလုပ်။
• ဘာသာစကားနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေ အားကောင်းလာချင်သလား။
ဘာသာစကားကို များများသင်။
• ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်စေတဲ့ အပိုင်းတွေ အားကောင်းလာချင်သလား။
ကိုယ့်ကိုယ်ကိုယ် များများထိန်းချုပ်။
🔳 ပိုပိုသုံးလေ၊ ပိုပိုထက်လေ။ ပိုပိုထက်လေ၊ ပိုပိုပြီး လုပ်နိုင်လာလေ။ အကောင်းကျော့ သံသရာ လည်နေလိမ့်မယ်။
ပြောင်းပြန်စဉ်းစားမယ် ဆိုရင်တော့၊ မသုံးဘဲ ထားလေ၊ အားနည်းလေ။ အားနည်းလေ၊ လုပ်ရတာခက်လေနဲ့ အဆိုးကျော့ သံသရာ လည်သွားပါမယ်။
ဒါကြောင့် ကိုယ့်ဦးနှောက်အကြောင်း ကိုယ်သိထားဖို့ဟာ သိပ်အရေးကြီးပါတယ်။
🔳 အခက်အခဲတွေကို ဖြတ်ကျော်နိုင်စွမ်းရှိတယ် ယုံကြည်ထားဖို့မှာလည်း အတူတူပဲ။ တစ်ယောက်ယောက်က You can do it. မင်းလုပ်နိုင်ပါတယ် ဆိုပြီး အားပေးရုံနဲ့ အဲဒီယုံကြည်မှုက ရမလာဘူး။ ကိုယ်တိုင် ဖြတ်ကျော်ဖူးတော့မှသာ ယုံကြည်စိတ် ဖြစ်လာပြီး နောက်ထပ်အခက်အခဲတွေကို မကြောက်ရွံ့တော့တာ ဖြစ်ပါတယ်။
နစ်ရှေးပြောခဲ့တဲ့ “What doesn’t kill you makes you stronger” မင်းကို သေအောင် မသတ်နိုင်တဲ့ အရာတွေဟာ ပိုသန်မာလာစေလိမ့်မယ် ဆိုတာ အဲဒါပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၂၁.၁၁.၂၀၂၃
Ref: The Power of Discipline - Daniel Walter


Comments
Post a Comment